News @ M-Media

Blog

  • စက်တင်ဘာ ၁၃ အားကစားသတင်းများ

    စက်တင်ဘာ ၁၃ အားကစားသတင်းများ

    စက်တင်ဘာ ၁၃၊ ၂၀၁၃
    M-Media

     

    ရိတ်ကိုနင် ဖရာရီအသင်းနှင့် စာချုပ်ချုပ်


    ဖရာရီအသင်း၏ ကားမောင်းသမားဟောင်းဖြစ်သူ ဖင်လန်ပြိုင်ကားမောင်းသမား ကီမီရိတ်ကိုနင်မှာ လာမည့်ပြိုင်ကားမောင်းရာသီတွင် ဖရာရီပြိုင်ကားအသင်းသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး ဖာနန်ဒိုအလွန်ဆိုနှင့်တွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ရိတ်ကိုနင်နှင့် ဖရာရီအသင်းတို့မှာ တနင်္ဂနွေနေ့က သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး ၂-နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဖရာရီအသင်းက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဖာနန်ဒိုအလွန်ဆိုနှင့် ကီမီရီတ်ကိုနင်တို့မှာ လာမည့်နှစ်ဖရာရီအသင်း၏ အဓိကကားမောင်းသမားများဖြစ်လာမည်ဖြစ်ပြီး ဖော်မြူလာဝမ်းပြိုင်ပွဲဝင်ပြိုင်ကားအသင်းများတွင် ဖရာရီအသင်းမှာ အတောင့်တင်းဆုံးဖြစ်လာမည်ဖြစ်သည်။
    skysports

     

    အန်ဇီအသင်း ၂-နှစ်အတွင်း ပြိုလဲလိမ့်မည်ဟု ကားလို့စ်ဆို

    အသင်းရှိ အဓိကစားသမားများကိုရောင်းထုတ်လိုက်သည့်အတွက် အသင်းမှာ ၂-နှစ်အတွင်းပြိုလဲတော့မည်ဟု ရုရှားကလပ် Anzhi Makhachkala အသင်း၏ လက်ထောက်နည်းပြဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားခဲ့သည်။ Anzhi အသင်းမှာ ငွေးကြေးအမြောက်အများသုံးစွဲမှုကြောင့် လူသိများခဲ့သော်လည်း နောက်ပိုင်းတွင် အသင်း၏ပေါ်လစီပြောင်းလဲခဲ့ပြီး ဆင်မျူယဲလ်အီတူး အပါအ၀င် အသင်းရှိအဓိကကစားသမားများကို ရောင်းချခဲ့သည်အထိ ဖြစ်ခဲ့ရသည်။
    ဘရာဇီးဂန္တ၀င်ကစားသမား ကားလို့စ်က ၎င်းနှင့် အသင်းနည်းပြ ဂူဟစ်ဒင့်တို့မရှိခြင်းက အသင်းအားဥရောပတွင် အရေးမပါသောအဆင့်သို့ရောက်ရှိသွားစေမည်ဟု ခံစားရကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ “တကယ်လို့ ကျွန်တော်နဲ့ ဂူဟစ်ဒင့်တို့မရှိရင် နည်းစနစ်တွေအားလုံး ပြိုလဲသွားလိမ့်မယ်လို့ ကျွန်တော်ပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အမြန်ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ပါဘူး။ တကယ်လို့ကျနော်သာ Anzhi မှာရှိနေခဲ့ရင် ဒါမျိုးဖြစ်မှာမဟုတ်ပါဘူး။ အသင်းမှာ လုံလောက်တဲ့အတွေ့အကြုံမရှိပါဘူး” ဟု ရုရှားအားကစားသတင်းစာတစ်စောင်ဖြစ်သည့် Sport Express သို့ ကားလို့စ်က ပြောကြားခဲ့သည်။
    goal

     

    အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် ပရီးမိးယားလိဂ်အသင်းများ ကူညီမည်

    အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် FA ကပြုလုပ်မည့်အစီအစဉ်များအား ကူညီရန် ပရီးမီးယားလိဂ် ကလပ်အသင်းများအားလုံးက ကတိပေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပက်သက်၍ ကလပ်အသင်းများ၏ ဥက္ကဌများနှင့် အက်ဖ်အေ ဥက္ကဌ ဂရက်ဒိုက်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် အက်ဖ်အေ၏အစီအစဉ်အား ကူညီပေးမည်ဟု ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ဝင်များနှင့် ကလပ်အသင်းများက သဘောတူညီခဲ့ကြသည်။ ပရီးမီးယားလိဂ်အဆင့်တွင် အင်္ဂလိပ်ကစားသမားအရည်အတွက်နည်ပါးလာခြင်းက နောက်ပိုင်းတွင် အင်္ဂလန်ဘောလုံးအသင်းအတွက် အန္တရာယ်ဖြစ်စေသော အကျိုးသက်ရောက်မှုများရှိလာနိုင်မည်ကို ဒိုက်က စိုးရိမ်နေသည်။
    “ပရီးမီးယားလိဂ်နဲ့ နိုင်ငံအသင်းတွေမှာ ပါဝင်ကစားနိုင်တဲ့ အရည်အသွေးမီတဲ့ကစားသမားတွေ သူတို့ရဲ့ အကယ်ဒမီတွေကနေထွက်လာဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ ပြင်းထန်တဲ့ဆန္ဒတွေရှိတယ်ဆိုတာ အဲဒီဆွေးနွေးပွဲက ထင်ရှားမြင်သာစေပါတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းက နိုင်ငံအသင်းအတွက်အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါကြောင့်မို့လို့ ဒိုက်ကစလုပ်တဲ့ အင်္ဂလန်ကစားသမားတွေကို ကူညီတဲ့အစီအစဉ်မှာ ပရီးမီးယားလိဂ်ကလပ်သင်းတွေ၊ ဘုတ်အဖွဲ့တွေနဲ့ အမှုဆောင်တွေအားလုံး လက်မှတ်ထိုးခဲ့ကြတာပါ” ဟု ပရီးမီးယားလိဂ်၏ ဥက္ကဌဖြစ်သူ အန်တိုနီ ဖရိုင်းက ပြောကြားခဲ့သည်။
    skysports

     

    ဂလင်းဂျွန်ဆင်၏ ဒဏ်ရာ အလျင်အမြန်တိုးတက်လာ

    လီဗာပူးလ်အသင်း၏ နောက်ခံလူဖြစ်သူ ဂလင်းဂျွန်ဆင်မှာ မန်ချက်စတာယူနိုက်အား ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး သီတင်းပတ် ၁၁-ပတ်ခန့်အနားယူရမည်ဟု သတင်းထွက်လာသော်လည်း ဒဏ်ရာအခြေအနေမှာ တိုးတက်လာသည်ဟုသိရသည်။
    အစပထမတွင်ထင်ထားသလောက် ဒဏ်ရာအခြေအနေမှာ ဆိုးရွားခြင်းမရှိဟု သူ၏ တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည့် ဂလင်းဂျွန်ဆင်က “အရင်က ထင်သလောက် ဒဏ်ရာအခြေအနေက မဆိုးပါဘူး။ မျှော်လင့်ထားတဲ့အချိန်ထက် ပိုစောပြီး ပြန်ကစားနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အမြန်နေကောင်းပါစေကြောင်း ဆုတောင်း မက်ဆေ့ခ်ျပို့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ထည့်သွင်းရေးသားထားသည်။
    လီဗာပူးလ်အသင်းမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲစလုံးတွင် ရာနှုန်းပြည့်အနိုင်ရရှိထားပြီး လာမည့်တနင်္လာနေ့တွင် ပွဲစဉ် ၄ အဖြစ် ဆွမ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    goal

     

    ဘာစီလိုနာရဲ့ ရွှေရောင်လွှမ်းတဲ့နေရက်တွေဟာ ကုန်ဆုံးသွားပါပြီဆိုတဲ့ အိုလီဗာခန်း

    စပိန်ထိပ်သီး ဘာစီလိုနာအသင်း၏ ယမန်နှစ်ချန်ပီယံလိဂ်ခြေစွမ်းက ၎င်းတို့၏အကောင်းဆုံး အချိန် ကျော်လွန်သွားကြောင်း ပြဆိုနေသည်ဟု ဂျာမနီအသင်းနှင့် ဘိုင်ယန်အသင်းတို့၏ ဂိုးသမားဟောင်းဖြစ်သူ အိုလီဗာခန်းက ပြောကြားလိုက်သည်။ ဘိုင်ယန်အသင်းသို့ရောက်ရှိသွားခဲ့သည့် နည်းပြဟောင်း ဂွာဒီယိုလာ၏လက်ထက်တွင် ဘာစီလိုနာအသင်းမှာ လာလီဂါဖလားသုံးခု၊ ချန်ပီယံလိဂ်နှစ်ခု၊ စပိန်ဘုရင့်ဖလား နှစ်ကြိမ်ရရှိခဲ့သည်။
    “ဘာစီလိုနာရဲ့အကောင်းဆုံးနေ့ရက်တွေဟာ ကျော်လွန်သွားခဲ့ပါပြီ။ ဥရောပမှာ ဂျာမန်ကလပ်တွေ ကြောက်ရမယ့် အသင်းမရှိတော့ပါဘူး။ ပုံစံမှန်နေတဲ့ ဘိုင်ယန်ရဲ့အောင်မြင်မှုက အပြောင်းအလဲတခုနဲ့ အတွေးအသစ်တွေကို စိန်ခေါ်နေပါပြီ။ ကစားသမားကောင်းတွေနဲ့ ဒီ(ဘိုင်ယန်)အသင်းဟာ စမ်းသပ်မှုတွေအတွက် အဖြေရှာတွေ့လိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု အိုလီဗာခန်းက ပြောကြားခဲ့သည်။
    goal

     

    ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ကျင်းပရန် လျှောက်ထားတော့မည်မဟုတ်ဟု မက်ဒရစ် မြို့တော်ဝန်ဆို

    စပိန်နိုင်ငံ မက်ဒရစ်မြို့၏ မြို့တော်ဝန်ဖြစ်သူ အန်နာဘိုတယ်လာက ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်အတွက် မက်ဒရစ်မြို့မှာ ၀င်ရောက်လျှောက်ထားလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။
    မက်ဒရစ်မြို့မှာ ၁၉၇၂၊ ၂၀၁၂၊ ၂၀၁၆ ခုနှစ်များတွင် အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်လျှောက်ထားခဲ့သော်လည်း ကျင်းပခွင့်မရရှိခဲ့ပေ။ “ဒီတစ်ခါအိုလံပစ်ပြိုင်ပွဲအတွက် လျှောက်ထားမှုဟာ လာမယ့်နှစ်တွေမှာ အဲဒီကနေရရှိမယ့် အကျိုးကျေးဇူးတွေအများကြီးကို ပေးပြီးပါပြီ။ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲအတွက် မက်ဒရစ်ဟာ လျှောက်ထားတော့မှာမဟုတ်ဘူးဆိုတာ ကျမ ယုံကြည်ပါတယ်” ဟု ဘိုတယ်လာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    channelnewsasia

     

    တောင်အာရှဖလားတွင် ဗိုလ်စွဲခဲ့သည့် အာဖဂန်အသင်းအား AFC ဥက္ကဌချီးကျူး

    နီပေါနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကျင်းပပြီးစီးခဲ့သည့် တောင်အာရှဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အာဖဂန်နစ္စတန်အသင်း၏ သမိုင်းဝင်အောင်ပွဲရယူနိုင်မှုအား အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဥက္ကဌ ရှိခ် ဆလ်မာန်ဘင် အီဗရာဟင် အလ် ခလီဖာ က ချီးကျူးပြောဆိုလိုက်သည်။
    လက်ရှိချန်ပီယံ အိန္ဒိယအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အံ့ဖွယ်အနိုင်ယူနိုင်ခဲ့သည့် အာဖဂန်အသင်းအား “ဒီလိုကြီးမားတဲ့အောင်မြင်မှုမျိုးရရှိခဲ့တဲ့အတွက် အာဖဂန်ဘောလုံးအသိုင်းအ၀ိုင်းနဲ့ အာဖဂန်ဘောလုံးပရိတ်သတ်တွေကို ဂုဏ်ပြုပါတယ်။ ဒီအောင်မြင်မှုက ကမ္ဘာ့တ၀ှမ်းမှာရှိကြတဲ့ အာဖဂန်ပြည်သူတွေကို အားတစ်ခုဖြစ်လာဖို့ သက်သေတစ်ခုလို့ ကျနော်ခံစားရပါတယ်” ဟု ရှိခ် ဆလ်မာန်က ပြောကြားခဲ့သည်။ ထို့ပြင် အာဖဂန်အသင်းမှာ လာမည့်နှစ်တွင် မော်ဒိုက်နိုင်ငံ၌ ကျင်းပမည့် AFC Challenge Cup ပြိုင်ပွဲဝင်အသင်းများအတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု သူကပြောဆိုခဲ့သည်။ တောင်အာရှဖလား ချန်ပီယံဖြစ်ခဲ့သည့် အာဖဂန်အသင်းမှာ ၂၀၁၅ ခုနှစ် သြစတေးလျနိုင်ငံ၌ ကျင်းပမည့် အေအက်ဖ်စီအာရှဖလားပြိုင်ပွဲအတွက် အလိုလျောက်ဝင်ခွင့်ရသွားခဲ့သည်။
    afc

     

    ယခုနှစ်အောင်မြင်မှုအပေါ် မိမိ၏ အနာဂတ် မူတည်ဟု ၀င်းဂါးဆို

    နာမည်ကျော် ကွင်းလယ်လူ မီဆုအိုဇေးလ်အား ကလပ်အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ၍ အသင်းအား တည်ဆောက်ထားသည့် ယခုနှစ် အာဆင်နယ် အသင်း၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုက မိမိ၏ အာဆင်နယ်နည်းပြ အနာဂတ်အား ဆုံးဖြတ်သွားလိမ့်မည်ဟု အာဆင်ဝင်းဂါးက ဖွင့်ဟခဲ့သည်။
    လာမည့်နှစ် ဇွန်လတွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အာဆင်ဝင်းဂါးက ၁၇-နှစ် ဖြစ်လာမည့်နည်းပြသက်တမ်းတိုးမြှင့်ရန် သူ၏ဆုံးဖြတ်ချက်မှာ ကြီးမားသောရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် အဆင်နယ်အသင်း လက်ခံနိုင်လောက်သော အောင်မြင်မှုရမရအပေါ် အခြေခံသည်ဟု ၀င်းဂါးက ထည့်သွင်းပြောဆိုခဲ့သည်။
    သက်တမ်းတိုး၊ မတိုး ကိစ္စနှင့်ပက်သက်ပြီး ၀င်းဂါးက “ကျွန်တော်တို့ အလျင်မလိုပါဘူး။ အခု စက်တင်ဘာလပဲ ရှိသေးပြီး ကျွန်တော့်စာချုပ်က ဇွန်လမှပြည့်မှာပါ။ အချိန်အများကြီးရှိနေပြီး အစီအစဉ်ဆွဲဖို့ မလိုပါဘူး။ ကျွန်တော် အကြိမ်တော်တော်များများ ပြောခဲ့ပြီးပါပြီ။ ကလပ်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးချင်ပါတယ်။ ပြီးတော့ အဆုံးမှာ ကျွန်တော် ဘယ်လောက်အကောင်းဆုံး လုပ်ပေးနိုင်ခဲ့သလဲဆိုတာ ထိုင်ပြီးတော့ စဉ်းစားမှာပါ။ ဒါမှသာ သက်တမ်းတိုးမလား၊ မတိုးဘူးလား ဆုံးဖြတ်ဖို့ ကျွန်တော့်အတွက် လုံလောက်မှာပါ” ဟု ယမန်နေ့က ပြောကြားခဲ့သည်။
    dailymail

     

    စပါးတိုက်စစ်မှူး အဒီဘာယော အရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရမည်

    စပါးအသင်း၏ တိုက်စစ်မှူး အီမန်နျူရယ်အဒီဘာယောမှာ အသင်းသို့ ပြန်လည်ရောက်ရှိလာပါက အရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရမည်ဟု သိရသည်။ အဒီဘာယောမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ၎င်း၏နိုင်ငံ တိုဂိုသို့ရောက်ရှိနေပြီး လာမည့်သီတင်းပတ်တွင် အသင်းသို့ ပြန်လည် ရောက်ရှိလာဖွယ်ရှိသည်။ ယခင် အာဆင်နယ်နှင့် မန်စီးတီး ကစားသမားဟောင်းဖြစ်သူ အဒီဘာယောမှာ အသင်း၏ ရာသီအကြိုပွဲစဉ်များတွင် ပါဝင်ခွင့်မရခဲ့ဘဲ အသင်းသို့ရောက်ရှိလာသည့် တိုက်စစ်မှူး ဆိုလ်ဒါဆိုနှင့် ဒီဖိုးတို့၏နောက် တတိယနေရာတွင်သာ ရှိနေသည်။

    အဒီဘာယော အနေဖြင့် ကြံ့ခိုင်ပြီဟု ယုံကြည်ရမှာသာ အသင်းကြီးနှင့် လေ့ကျင့်ခန်းဆင်းရမည်ဟု စပါးနည်းပြ ဗီလာဘိုအားစ်က ပြောဆိုလိုက်ပြီး “အခုအချိန်မှာတော့ အဒီဟာ ကျနော်တို့နဲ့ရှိမနေပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် လာမယ့်တနင်္လာနေ့အထိ သူ့နိုင်ငံမှာနေဖို့ ခွင့်ပေးထားပါတယ်။ ဒါ့ကြောင့် (စနေနေ့တွင် ကစားမည့်)နော်ဝစ်ခ်ျနဲ့ပွဲမှာ ပါမှာမဟုတ်ပါဘူး။ ကျနော့်နေနဲ့ သင့်လျော်တာကိုပြောရရင် သူဟာ အရန်အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းရမှာပါ” ဟု ပြောကြားခဲ့သည်။ အဒီဘာယောမှာ စပါးအသင်းသို့ ပြီးခဲ့သည့်ရာသီက ရောက်ရှိခဲ့သော်လည်း အသင်း၏ ပထမကစားသမားအဖြစ် ပါဝင်ခွင့်မရပေ။
    mirror
    ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း အဆင့် ၁၇ သို့ကျဆင်း ဘယ်လ်ဂျီယံအသင်းမှာ အဆင့် ၆ သို့ တက်ရောက်လာ


    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ အင်္ဂလန်အသင်းမှာ အဆင့် ၁၇ သို့ ကျဆင်းခဲ့သည်ဟု သိရသည်။ လက်ရှိ အင်္ဂလန်အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ယခင်အဆင့် ၁၄ မှ ၁၇ သို့လျော့ကျခဲ့ခြင်းဖြစ်ပြီး ချီလီ၊ ရုရှား၊ ဆွစ်ဇလန်၊ အမေရိကန်၊ ဂရိနှင့် ခရိုအေးရှား စသည့် နိုင်ငံများ၏ အောက်သို့ ရောက်ရှိသွားခဲ့သည်။

    အာဂျင်တီးနားအသင်းမှာ ဂျာမနီအားကျော်ဖြတ်ကာ ဒုတိယနေရာသို့ရောက်ရှိခဲ့ပြီး စပိန်အသင်းက စုစုပေါင်းရမှတ် ၁၅၁၄ မှတ်ဖြင့်ထိပ်ဆုံး၌ ရှိနေသည်။ ပြင်သစ်အသင်းမှာ ၂ ဆင့်ကျသွားကာ အဆင့် ၂၅ သို့ရောက်ရှိသွားပြီး ဘယ်လ်ဂျီယံအသင်းက လေးဆင့်တက်လာကာ အဆင့် ၆ သို့ရောက်ရှိခဲ့သည်။ ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်ရှိသည့် ထိပ်ဆုံး ၁၀ သင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ စပိန် (၁၅၁၄ မှတ်)
    ၂။ အာဂျင်တီးနား (၁၂၆၃ မှတ်)
    ၃။ ဂျမနီ (၁၂၆၁ မှတ်)
    ၄။ အတလီ (၁၁၉၉ မှတ်)
    ၅။ ကိုလမ်ဘီယာ (၁၁၈၀ မှတ်)
    ၆။ ဘယ်လ်ဂျီယံ (၁၁၅၉ မှတ်)
    ၇။ ဥရုဂွေး (၁၁၂၆ မှတ်)
    ၈။ ဘရာဇီးလ် (၁၀၆၇ မှတ်)
    ၉။ နယ်သာလန် (၁၀၅၈ မှတ်)
    ၁၀။ ခရိုအေးရှား (၁၀၅၁ မှတ်)
    mirror

  • အလ်ရှာဘတ် စစ်သွေးကြွအဖွဲ့အား ဆိုမာလီ အစ္စလာမ့် ပညာရှင်များ ရှုတ်ချ

    စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၃

    M-Media

    Somali Fatwa Denounces Un-Islamic Shabab

    ဆိုမာလီနိုင်ငံမှ အစ္စလာမ့်ဓမ္မပညာရှင်များက ဆိုမာလီယာတွင် ကျက်စားနေသည့် အလ်ရှာဘတ်အဖွဲ့၏အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချလိုက်ပြီး ထိုအဖွဲ့အတွက် အစ္စလာမ်တွင်နေရာမရှိဟု ပြောဆိုလိုက်သည်။

    “ဆိုမာလီနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ဖြစ်လာတဲ့ ဂိုဏ်းတစ်ခုပါပဲ။ တရားလည်းမ၀င်သလို မှန်လည်းမမှန်ပါဘူး။ သူတို့ဖန်တီးချင်တဲ့ တစ်ခုတည်းသောအရာက တိုင်းပြည်အတွင်းမတည်ငြိမ်မှုတွေပါပဲ။ ဒါမှသူတို့ အသက်ဆက်နိုင်မှာပါ” ဟု အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ ရှိခ် ဟာဆန် ဂျာမိုင်က ဘီဘီစီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တွင် ကျင်းပပြလုပ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအား ကိုင်တွယ်အရေးယူရေး လေးရက်တာ အစည်းအဝေးအပြီးတွင်ပြောဆို ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးအပြီးတွင် အစ္စလာမ့်ဓမ္မ ပညာရှင်များက အလ်ရှာဘတ်မှာ အစ္စလာမ့်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်ကြောင်း ဖသ်ဝါ(ဓမ္မသတ်)ထုတ်ပြန်ခဲ့သည်။

    “အလ်ရှာဘတ်ရဲ့လုပ်ရပ်များမှာ အစ္စလာမ်၏လမ်းစဉ်နှင့် သွေဖည်နေပြီး ဆိုမာလီပြည်သူများအား မှားယွင်းသောလမ်းဆီသို့ ဦးတည်ခေါ်ဆောင်ခြင်းသာဖြစ်သည်။ ၎င်းတို့ဝါဒဖြန်နေသော အယူအဆများမှာ အစ္စလာမ် သာသနာတော်အတွက် အန္တရာယ်ဖြစ်စေသကဲ့သို့ ဆိုမာလီ လူ့အဖွဲ့အစည်းအတွက်လည်း အန္တရာယ်ဖြစ်စေသည်။” ဟု အဆိုပါ ဓမ္မသတ်တွင် ရေးသားဖေါ်ပြထားသည်။

    Ref: OnIslam

  • Mandalay: ဒုဋ္ဌ၀တီမြစ်ရေကြီး အမရပူရမြို့နယ် ကျေးရွာများကို မြစ်ရေ၀င်နေ

    စက်တင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    လင်းလင်း

    8.9.13-skt6
    ဓါတ်ပုံ- မြန်မာ့ခေတ် သတင်းဆိုဒ်မှ ကူးယူဖြော်ပပါသည်။

    မန္တလေး   ။         ။  မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ အနီးကျေးရွာများ၊ ဒုဋ္ဌ၀တီမြစ်ကမ်းဘေး ကျေးရွာများ အချို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေများဝင်ရောက် လျက်ရှိသည်။

    အမရပူရမြို့နယ်ရှိ ညောင်နီပင်၊ ရေကြည်ပေါက်၊ ဥယျာဉ်တော်၊ စားတော်၊ ဆင်ရွာမြင်းမူး၊ မြစ်တူး၊ စဥ့်ကိုင်မြို့နယ်ရှိ မြောက်ကိုင်းကျေးရွာ၊ စိတ္တရကျေးရွာများတွင် ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်ပြီး ရေ၀င်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ခက်ခဲစွာ သွားလာနေရကြောင်း သိသည်။

    “အခုလို ဒုဋ္ဌ၀တီမြစ်ရေတက်ချိန်မှာတော့ ဒေသခံတွေ သွားလာရ လွယ်ကူအောင် မြစ်ငယ်တံတား အဟောင်းကနေ ဖြတ်သန်း သွားလာ ခွင့်ပြုရင်ကောင်းမယ်။” လို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

    မြစ်ရေ၀င်ရောက်မှုကြောင့် ဒုက္ခရောက်နေရသည့် ကျေးရွာများအား မန္တလေးမြို့မှ သွားရောက်ကူညီကြမည်ဟု သိရသဖြင့် ဆက်သွယ်စုံစမ်းရာ “ပုလိပ်ရဲ့ တဘက်မှာ ရွာတွေရှိတယ်။ မြစ်ငယ်နဲ့ ပုလိပ် ကြားထဲက ရွာ ၈-ရွာလောက်မှာ ၂-ရက်လောက်က ရေ၀င်တယ်။ ၃-ရွာလောက်က အရေးပေါ် နေရာရွှေ့ပြောင်းဖို့ လိုအပ်နေတယ်။ ဒါကြောင့် နေရာရွေှ့ပြောင်းရေးအတွက် ကူညီပေးတာ၊ တချို့ကို ထမင်းထုတ်ကမ်းတာမျိုး လုပ်ပေးနေတာတွေလည်း ရှိတယ်။ ကျွန်တော်က အခု တစ်ခြားကို သွားလိုက်ရလို့ အဲ့ဒီဘက် မလိုက်သွားဖြစ်ဘူး။ သွားတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ပေးပါ့မယ်”လို့ ဒုက္ခရောက်နေသူများအား ကူညီမှုများ လုပ်ဆောင်ပေးနေသူ မန္တလေးမြို့ခံ တစ်ဦးက M-Media ကို ပြောပြပါသည်။

    ဒုဋ္ဌ၀တီမြစ်ရေသည် နှစ်စဉ် ရေတက်လေ့ရှိပြီး မိုးသည်းထန်တဲ့ နှစ်များတွင် ပိုမို၍ လျှံတက်လေ့ရှိတာကြောင့် ယခုကဲ့သို့ အခြေအနေမျိုးသည် မြစ်တလျှောက် ကျေးရွာများမှ နှစ်စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။

  • တူရကီ လူမျိုးများကြား ဟလာလ် ဟိုတယ်များ လူကြိုက်များ နှစ်သက်မှုရ

    စက်တင်ဘာ၊ ၁၃
    M-Media
    Halal-Hotels
    တူရကီနိုင်ငံရှိ ဟလာလ် ဟိုတယ်များသည် လာရောက်လည်ပတ်သူ အာရဗ်များထက် တူရကီနိုင်ငံသားတို့အကြား ပိုမို၍ နှစ်ခြိုက် စိတ်ဝင်စားခြင်းခံခဲ့ရသည် ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ကျွမ်းကျင်သူများက ဆိုကြောင်း တူရကီ သတင်းစာ Hurriyet Daily News က တင်ပြခဲ့သည်။

    “ အာရဗ် ခရီးသွားများသည် ရှေးရိုးစွဲနိုင်ငံများတွင် နေထိုင်ကြီးပြင်းလာသူများဖြစ်သောကြောင့် ၄င်းတို့မှ အပြောင်းအလဲဖြစ်စေရန် လိုလားကြ၍ဖြစ်သည် ” ဟုဆိုပြီး အာရဗ် ခရီးသွားများသည် တူရကီနိုင်ငံသို့လာရောက်သောအခါ ပုံမှန်ဟိုတယ်များတွင် အဘယ်ကြောင့် တည်းခိုရခြင်းကို တူရကီ အပန်းဖြေ ဟိုတယ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက သတင်းဌာနသို့ရှင်းလင်းပြောပြသည်။

    ဟလာလ် ဟိုတယ်များတွင် လာရောက်တည်းခိုသူများအတွက် အမျိုးသား၊ အမျိုးသမီး သီးသန့် ခွဲခြားထားသော ကမ်းခြေများ၊ ရေကူးကန်များဖြင့် ၀န်ဆောင်မှုပေးထားသည်။ ၄င်းဟိုတယ်များသည် ဟလာလ်အစားအစာ နှင့် အရက်မပါသည့် သောက်သုံးဖွယ်ရာများကိုသာ ရောင်းချပြီး၊  အားလပ်ရက်ကို ဟလာလ် နည်းကျ အပန်းဖြေနိုင်အောင် စီစဉ်ထားခြင်းဖြစ်သည် ဟု လန်ဒန်အခြေစိုက် Crescent Tours ခရီးသွားလာမှုလုပ်ငန်းက သူတို့၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားခဲ့သည်။

    “ ဟလာလ်နည်းကျအားလပ်ရက်အစီအစဉ်သည် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းအတွင်း လုပ်ဆောင်ချက်အသစ် တစ်ခုဖြစ်ပြီး၊ အာလပ်ရက်အား အစ္စလာမ် ထုံးတမ်းစဉ်လာများနှင့်အညီ ကုန်လွန်စေရန် ရည်ရွယ်ထားခဲ့သည် ” ဟု ဟလာလ်ခရီးသွားလုပ်ငန်း အထူးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီက ဆိုသည်။

    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ၄င်း ဟလာလ်အားလပ်ရက် အစီအမံသည် အစ္စလာမ် ဘာသာဝင်အမျိုးသမီးများအတွက် ဦးစားပေး စီစဉ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

    “ ကိုယ်ခန္ဓာအား အမြဲတစေ လုံခြုံအောင် အ၀တ်အစားများဖြင့် ကာကွယ်ထားရသော အမျိုးသမီးများသည် ရေကူးဝတ်စုံ (၀ါ) ဘီကနီအား သီးသန့်ရေကူးကန်များတွင် ရေကူးချိန် သို့မဟုတ် သီးခြားကမ်းခြေများ၌ ၀တ်ဆင်နိုင်လိမ့်မည်။ ထို့အတူ  သူတို့အား အချို့ယောက်ျားတို့၏ အမူအကျင့်များမှ အနှောင့်အယှက်ကင်းဝေးစေရန် သူတို့မှ ဟလာလ် ဟိုတယ်များအား ရွေးချယ်ရခြင်း ဖြစ်သည် ” ဟု အပန်းဖြေဟိုတယ်၏ မန်နေဂျာချုပ် အိုမား ဆိုလ်မက်ဇ် (Ömer Solmaz) က Hurriyet Daily News သို့ ပြောကြားခဲ့သည်။

    မွတ်စ်လင်မ် ခရီးသွားများ

    လူဦးရေတိုးတက်လာခြင်း နှင့် ချမ်းသာကြွယ်ဝလာခြင်း တို့ကြောင့် မွတ်စ်လင်မ်များ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသများမှ ရေနံသူဌေးတို့သည် ယခင်ကနှင့် မတူအောင် ပိုမို၍ ခရီးသွားလာမှုကို ပြုလုပ်နေကြပြီး၊ ခရီးသွားဦးရေမှာ အရှိန်နှင့် တိုးပွားလာလျက်ရှိသည် ဟု AFP ကဆိုသည်။

    ကမ္ဘာ့ခရီးသွားလာမှုအဖွဲ့အစည်းမှ ယခုနှစ်ထုတ်ပြန်ခဲ့သောသတင်းတွင် ဤတစ်နှစ်တည်း၌ ပင်လယ်ကွေ့ဒေသမှ အပန်းဖြေခရီးအတွက် ခရီးသွားလာသူများ၏ သုံးစွဲငွေမှာ ဒေါ်လာ ၁၂ ဘီလီယံနီးပါး  ရှိနေသည်ဟု ဖော်ပြသည်။

    ကမ္ဘာ့မှတ်တမ်းအရ မွတ်စ်လင်မ်ခရီးသွားတို့အသုံးပြုသော အပန်းဖြေစရိတ်သည် တိုးတက်မှုအလွန်လျင်မြန်လာကြောင်း၊  ၂၀၂၀ ခုနှစ်တွင် နှစ်စဉ် အသုံးစရိတ် ဒေါ်လာ ၁၉၂ ဘီလီယံအထိ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၁၁ ခုနှစ်ကရရှိခဲ့သော တွက်ချက်မှုမှာ ဒေါ်လာ ၁၂၆ ဘီလီယံသာ ရှိခဲ့ကြောင်းကို ခရီးသွား လုပ်ငန်း ကုမ္ပဏီနှစ်ခု၏လေ့လာချက်တွင် တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

    ဟလာလ်ခရီးစဥ်ဝန်ဆောင်မှုများသည် ထိုခရီးသွားရောက်သူ လူဦးရေ အနေအထားအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာပေါ်တွင် မွတ်စ်လင်မ်လူဦးရေ ၁.၆ ဘီလီယံနီးပါး  ရှိလာပြီဖြစ်သဖြင့် မွတ်စ်လင်မ်များကို အဓိကထားသော ၄င်း ခရီးသွားလုပ်ငန်း ဈေးကွက်မှာ အလွန်ကြီးမားနေပြီဖြစ်သည်။

    Ref: alarabiya.net

  • Bago:ပေါင်းတည်တွင် မွတ်စလင်မ် အယောင်ဆောင် ဗလီ ဦးထုတ်ဆောင်းထားသူ တဦးမှ ဗုဒ္ဓဘာသာဝင်များကို ဆဲဆိုမှုဖြစ်ပွားခဲ့၊

    စက်တင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    ဇာဏီ
    ပေါင်းတည် စွယ်တော်ပင့်ပွဲလုပ်မည်နေရာတွင် ဗလီဦးထောင်ဆောင်းထားသော မွတ်စလင်မ်အယောင်ဆောင် တစ်ဦးမှ  ဗုဒ္ဓဘာသာဝင်များကို ဆဲဆိုမှုဖြစ်ပွားခဲ့၊ မွတ်စလင်မ်များ သတိဖြင့် သွားလာနေထိုင်ကြရန် ပေါင်းတည် ဘာသာရေးခေါင်းဆောင်များ သတိပေး ညွှန်ကြား

    Paungde, Bago Region
    ပေါင်းတည် ။           ။         ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ယခုရက်ပိုင်းများအတွင်း အစ္စလာမ်သာသနာဝင်များအနေနှင့် သွားလာပြောဆို နေထိုင်မှုများတွင် သတိပြုဆင်ခြင်နေကြရန် ဘာသာရေးခေါင်းဆောင်များမှ ညွှန်ကြားထားကြောင်း သတင်းရရှိပါတယ်။

    လွန်ခဲ့သော ရက်အနည်းအတွင်းက ပေါင်းတည်မြို့တွင် အစ္စလာမ်သာသနာဝင် မဟုတ်သူ တစ်ယောက်မှ အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုချိန် ၀တ်ဆင်သည့် ဦးထုတ်အား ၀တ်ဆင်၍ ဘာသာခြားတို့အား ဆဲဆိုခဲ့သဖြင့် ပြဿနာတစ်ရပ်ဖြစ်ပေါ်စေရန် ဖန်တီးခဲ့သော်လည်း ထိုသူအား ထိန်းသိမ်းလိုက်နိုင်၍ မည်သည့်ပြဿနာမျှ ဖြစ်ပွားသွားခဲ့ခြင်း မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

    အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပေါင်းတည်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ “အခုလာမယ့် ၁၇-ရက်နေ့ကျရင် ပေါင်းတည်မှာ ဘုရား စွယ်တော်ပင့်မယ့် ပွဲရှိတယ်။ အဲလို ရှိနေတာကို လွန်ခဲ့တဲ့ ၄-ရက်လောက်ဖြစ်သွားတာက ဗလီဦးထုတ်ဆောင်းထားတဲ့ လူတစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေကို အော်ဆဲတယ်။ စွယ်တော်ပွဲလုပ်မယ့်နေရာမှာ။ အဲဒီတုန်းကတော့ ပွဲမရှိသေး။ အဲလိုဆဲတော့ အနား ဗုဒ္ဓဘာသာဝင်တွေက စိတ်ဆိုးပြီး သူ့ကို ၀ိုင်းချုပ်ကြတဲ့အချိန်မှာ ရဲတွေလည်း ရောက်လာတယ်။ သေချာစစ်တော့မှ သူက ဗုဒ္ဓဘာသာဖြစ်နေတယ်။ သူ့ကို အခု ဘယ်လို အရေးယူမှု ပြုလုပ်လဲတော့ မသိဘူးဗျ။ အခုတော့ ပေါင်းတည်ဗလီမှာလည်း စာကပ်ပြီး ညွှန်ကြားထားတယ်။ ဒီစွယ်တော်ပွဲတော်ကာလအတွင်း မွတ်စလင်မ်များ အနေနဲ့ ပွဲတော်တ၀ိုက်သွားလာမှုများတွင် သတိဖြင့် ၀တ်စားဆင်ယင် သွားလာနေထိုင်ကြဖို့ ညွှန်ကြားလိုက်တယ်။”

    ပေါင်းတည်မှာ ဗလီသွားချိန်မဟုတ်ရင် ဗလီသွားတဲ့လမ်းလေးကို ပိတ်ထားတယ်။ ဟိုးတစ်ရက်ကလည်း ညဥ့်တော်တော်နက်မှ လူတစ်ယောက်က ဖြတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြဿနာမဖြစ်အောင် သတိထားနေရပါတယ်။

    ပေါင်းတည်မှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်သူတွေရှိနေသလို အကြမ်းဖက်မှုတွေ မဖြစ်ပေါ်လာစေဖို့လည်း ဘာသာပေါင်းစုံ အဖွဲ့ပေါင်းစုံက ၀ိုင်းဝန်းလုပ်ဆောင်နေကြပါတယ်။”လို့ ပေါင်းတည်မြို့ခံမှ M-Media ကို ပြောပြခဲ့ပါတယ်။

    ၂၀၁၂-ခု ဇွန်လ နောက်ပိုင်းမှစ၍ ယခုအချိန်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသည် ဘာသာရေးအကြောင်းပြသည့် အကြမ်းဖက်မှုများဖြစ်ခဲ့တာတွေ ကြောင့် ပေါင်းတည်မြို့ပေါ်တွင်လည်း အလားတူ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်လာစေရန် ထိန်းသိမ်းသည့်အနေဖြင့် ထိုကဲ့သို့ ညွှန်ကြား လိုက်သည်ဖြစ်ကြောင်း သိရပါတယ်။
    ၂၀၁၃ ခုနှစ် မတ်လ အတွင်း၌ မိထ္ထီလာမြို့မှ အစပြုဖြစ်ပေါ်ခဲ့သော မွတ်စလင်မ်များကို အကြမ်းဖက်မှုများ ပေါင်းတည်မြို့ကို ကူးစက်အောင် လုပ်ဆောင်ခဲ့ကြသေးသည်။ ပေါင်းတည်မြို့ခံနှင့် စစ်တပ်၊ ရဲများမှာ ဝိုင်းဝန်းပြီးထိန်းသိမ်းလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုများ မဖြစ်ပွားခဲ့ခြင်းဖြစ်ပေသည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်ရန် လုပ်ဆောင်မှုကြောင့် လူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းကို မတ်လ ၂၈ ရက်နေ့ DVB မှာ ဖော်ပြခဲ့တဲ့ သတင်းအရ သိရှိရပါတယ်။