News @ M-Media

Blog

  • တရုတ်သမ္မတ ရှီကျင့်ဖျင်တွင် ဒီမိုကရေစီဗီဇ မပါလာဟု အမေရိကန်သမ္မတ ပြော

    တရုတ်သမ္မတ ရှီကျင့်ဖျင်တွင် ဒီမိုကရေစီဗီဇ မပါလာဟု အမေရိကန်သမ္မတ ပြော

    မတ် ၂၆၊ ၂၀၂၁
    M-Media

    -တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီမိုကရေစီဗီဇ နည်းနည်းတောင် ပါမလာဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပြီး တရုတ်က အမေရိကန်ကို ကျော်တက်တာကို သူ့လက်ထက်မှာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    သမ္မတဖြစ်ပြီး ၂ လအတွင်း ပထမဆုံးလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သူ့အစိုးရရဲ့ မူဝါဒကို ပြောကြားခဲ့ပါတယ်။

    သမ္မတ အိုဘာမားလက်ထက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ရှီကျင့်ဖျင်ကို အနီးကပ် လေ့လာစောင့်ကြည့်ခဲ့ပြီး ဒီမိုကရေစီကိုယုံကြည်လာအောင် ဆွဲဆောင်ခဲ့သေးတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

    တရုတ်ကို အင်အားသုံးပြီး ထိပ်တိုက်ရင်ဆိုင်တာမျိုး လုပ်မှာမဟုတ်ပေမယ့် နိုင်ငံတကာ ကုန်သွယ်ရေးအပါအဝင် နယ်ပယ်အသီးသီးမှာ မျှမျှတတ ယှဉ်ပြိုင်ရေး နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအောင် အခိုင်အမာ လုပ်ဆောင်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကမ္ဘာ့ဦးဆောင်နိုင်ငံ၊ အချမ်းသာဆုံးနိုင်ငံ၊ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာဖို့ တရုတ်က ရည်ရွယ်နေပါတယ်။ ကျွန်တော့်လက်ထက်မှာတော့ ဒါမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ အမေရိကန်ကလည်းက ဆက်လက်ကြီးထွားနေအုံးမှာပါ”

    ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ အာဏာရှင်ဝါဒကို စွဲကိုင်ထားသူတွေလို့လည်း ဘိုင်ဒန်က ပြောပါတယ်။

    “ရှီဟာ ပူတင်လိုပဲ အာဏာရှင်စနစ်က အနာဂတ်ကမ္ဘာကို လှုပ်ကိုင်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီက ရှုပ်ထွေးတဲ့ကမ္ဘာကို လည်ပတ်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်နေသူပါ။ ရှီရဲ့ကိုယ်ထဲမှာ ဒီမိုကရေစီဗီဇ နည်းနည်းမှ မပါပါဘူး။ ဒါပေမယ့် တော်တော်တော့ ဦးနှောက်ပြေးပါတယ်”

    ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေ အပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် ဒေသတွင်းမဟာမိတ်တွေနဲ့ပေါင်းကာ တရုတ်အစိုးရကို တာဝန်ခံခိုင်းမယ်လို့လည်းဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    မတ် ၂၆၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်စီးပွားရေးဟာ ၅.၉ ရာခိုင်နှုန်း ကျဆင်းမယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    “လတ်တလောဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ အလုပ်သမားသပိတ်တွေ၊ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ၊ သွားလာလှုပ်ရှားမှု ကျဆင်းသွားတာ၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အင်တာနက်အပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ စတဲ့ ဒဏ်တွေကို မြန်မာနိုင်ငံက အကြီးအကျယ် ခံစားနေရပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ညှင်းပမ်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ညှင်းပမ်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    မတ် ၂၆၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – စစ်ကောင်စီတပ်များ ပစ်ခတ်သတ်ဖြတ်ခဲ့သော အသက် ၁၈ နှစ်အရွယ် ဆေးကျောင်းသား မောင်ခန့်ငြားဟိန်း၏ ဈာပနတွင် မိခင်ဖြစ်သူက ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေစဉ်)

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်​နေတဲ့အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက တုန့်ပြန်တဲ့ ပုံစံနဲ့ ခြေလှမ်းဟာ လိုအပ်တာထက် အားနည်းနေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေဟာ ဆိုးရွားနေပြီး ပိတ်ဆို့နှိမ်နှင်းခံနေရသူတွေဖက်ကို နိုင်ငံတကာက ကူညီပံ့ပိုးမှု ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မလုပ်ပေးဘူးဆိုရင် ဒီထက်ပိုပြီး ဆိုးရွားသွားဖို့ ရှိနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက စည်းစည်းလုံးလုံးနဲ့ ထိထိရောက်ရောက် တုန့်ပြန်ရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တိုက်တွန်းဆော်ဩမှုကို အလေးထားဖို့ အရေးကြီးနေပါပြီ”

    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေအပေါ် ပြုလုပ်နေတဲ့ ပိတ်ဆို့မှုတွေဟာ သူတို့ရဲ့ တရားမဝင်လုပ်ငန်းတွေကနေ ရရှိနေတဲ့ အကျိုးအမြတ်အပေါ် ထိခိုက်မှုရှိမှာမဟုတ်ကြောင်း သောမတ်စ် အန်ဒရူးက ပြောကြားခဲ့ပြီး သံတမန်ရေးရာ ဝေဖန်ရှုတ်ချတာမျိုးအပါအဝင် ထိရောက်တဲ့ တုန့်ပြန်မှုမျိုးနဲ့ ပိတ်ဆို့မှုတွေကို အစားထိုးသင့်ပြီလို့လည်း အကြံပြုခဲ့ပါတယ်။

    မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ ပိုမိုဆိုးရွားကာ ပြည်သူလူထုရဲ့အသက်တွေ ပိုမိုဆုံးရှုံးလာနိုင်တယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိနေတယ်လို့ သူက သတိပေးပါတယ်။ ဒါ့အပြင် အရေးပေါ် ထိပ်သီးအစည်းအဝေး ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ ဒေသတွင်း ဩဇာကြီးတဲ့နိုင်ငံတွေ အရေးပေါ် ထိပ်သီးအစည်းအဝေး ကျင်းပတာအပါအဝင် သံတမန်နည်းလမ်းနဲ့ ဖြေရှင်းရေးကို အာရုံစိုက် မလုပ်ဆောင်ဘူးဆိုရင်တော့ စစ်ကောင်စီက သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ပိုမို ဆိုးရွားလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”

    Ref: UN News

  • တရုတ်ဒဏ်ခံနေရသည့် ထိုင်ဝမ်က တာဝေးဒုံးကျည် အမြောက်အများ စတင်ထုတ်လုပ်

    တရုတ်ဒဏ်ခံနေရသည့် ထိုင်ဝမ်က တာဝေးဒုံးကျည် အမြောက်အများ စတင်ထုတ်လုပ်

    မတ် ၂၅၊ ၂၀၂၁
    M-Media

    -တာဝေးပစ်ဒုံးကျည်တွေ အမြောက်အများ စတင်ထုတ်လုပ်နေပြီး နောက်ထပ်လည်း မော်ဒယ်သစ် ၃ မျိုးကို ဖန်တီးနေတယ်လို့ ထိုမ်ဝမ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ချူကိုချန်းက အခုလို ထုတ်ပြောလိုက်တာပါ။

    တရုတ်အစိုးရက ထိုင်ဝမ်ဟာ သူတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ထိုဝမ်ကတော့ သူတို့ဟာ သီးခြား ဒီမိုကရက်တစ်နိုင်ငံဖြစ်တယ်လို့ ကြေငြာထားတာပါ။

    ထိုင်ဝမ်ဟာ သူတို့ရဲ့ စစ်တပ်ကို အဆင့်မြှင့်တင်နေပြီး စစ်ပွဲဖြစ်လာခဲ့ရင် တရုတ်နိုင်ငံ အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မျိုး ရရှိအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

    “အခုဒုံးကျည်ဟာ တိကျပြီး ရွေ့လျားသယ်ဆောင်လို့ရတဲ့ တာဝေးပစ်ဒုံးကျည်မျိုးပါ” လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပြီး နိုင်ငံပိုင် သိပ္ပံနဲ့ နည်းပညာအသင်း National Chung-Shan Institute က ဖန်တီးထုတ်လုပ်တာလို့ ဆိုပါတယ်။

    အသင်းရဲ့ လက်ထောက်ဒါရိုက်တာ လန်ချင်ရှူက တာဝေးပစ် ဒုံးကျည်တစ်လုံးကို ထုတ်လုပ်နေပြီး နောက်ထပ် တားဝေးပစ်ဒုံးကျည် ၃ မျိုးကို ဖန်တီးနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖန်တီးမှု ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကိုတော့ ဒီအချိန်မှာ မပြောနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

    National Chung-Shan Institute ဟာ လက်နက်မျိုးစုံ ဖန်တီးထုတ်လုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး မကြာသေးခင်ကမှ နိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းမှာ ဒုံးကျည်စမ်းသပ်မှုကို လျှို့ဝှက် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မတ် ၂၅၊ ၂၀၂၁
    M-Media

    -နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် ထိန်းသိန်းထားတဲ့ မြန်မာနိုင်ငံသားတွေ ဒုတိယအသုတ်အဖြစ် ပြန်ပို့မယ့်အစီအစဥ်ကို ရွှေ့ဆိုင်းလိုက်ပြီး မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအ၀ေးပြီးမှသာ ပြန်စဥ်းစားမယ်လို့ မလေးရှားအစိုးရ အသိုင်းအ၀ိုင်းက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဖေဖော်၀ါရီလက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့မှုအတွက် မလေးရှားကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ေဖန်ခဲ့ပါတယ်။ ပြန်ပို့တဲ့အထဲမှာ အရင် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရသူတွေပါ၀င်ပြီး ပြန်ရောက်တဲ့အခါမှာ ထပ်မံဖိနှိပ်ခံရမှာကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ခဲ့ကြတာပါ။

    မလေးရှားဟာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို ဒုတိယအသုတ် ပြန်ပို့ဖို့ စီစဥ်ထားပေမယ့် မနေ့က အစိုးရအဖွဲ့ အစည်းအ၀ေးမှာ ဒီအစီအစဥ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကိစ္စကို သိရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ကိစ္စ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ အထူးအစည်းအ၀ေးကျင်းပပြီးနောက်ပိုင်းမှသာ လူတွေပြန်ပို့မယ့်ကိစ္စကို စဥ်းစားဖို့ မလေးရှားအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ဒီလအတွင်းမှာ နောက်ထပ် စစ်ရေယာဥ် ၃ စီး လွှတ်ပေးမယ်လို့ မလေးရှားကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

    မြန်မာကိစ္စအတွက် အာဆီယံ ထိပ်သီးအစည်းအ၀ေးကျင်းပကာ ဆွေးနွေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆော်သြခဲ့ပြီး မေလးရှား ၀န်ကြီးချုပ်ကလည်း ဒါကို ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters