News @ M-Media
Blog
  • စက်တင်ဘာ ၁၀ အားကစားသတင်းများ
    စက်တင်ဘာ၊ ၁၀
    M-Media
    မိုယက်စ်က မိမိအားမန်ယူ၌ ဆက်ရှိနေစေခဲ့သည်ဟု နာနီဆို
    Nani-Manchester-United_2984847
    မကြာသေးခင်က မန်ယူအသင်းနှင့် ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်သည့် ပေါ်တူဂီ ကွင်းလယ်လူ နာနီက အသင်း နည်းပြသစ် ဒေးဗစ်မိုယက်စ်မှာ ၎င်းအား မန်ယူအသင်းတွက် ဆက်ရှိနေစေရန် စည်းရုံးခဲ့သည်ဟု ပြောကြားလိုက်သည်။
    နာနီမှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ထွက်ခွာမည်ဟု သတင်း ထွက်လာခဲ့သေးသည်။
    ၎င်းနှင့်ပက်သက်သည့်မိုယက်စ်၏ ဆုံးဖြတ်ချက်ကို ကြားသိပြီးနောက် သူ့အားကမ်းလှမ်းလာသည့် အသင်းအားလုံးကို ပယ်ချခဲ့သည့် နာနီက “မန်ယူနဲ့ စာချုပ်သစ်အတွက် ကျနော်ကျေနပ် အားရမိပါတယ်။
    ဒီနွေရာသီဟာ လွယ်ကူတဲ့နွေရာသီတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မိုယက်စ်နဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အဲဒါ(သက်တမ်းတိုးတာ)ဟာ အကောင်းဆုံးအဖြေပဲလို့ ကျနော်ယုံကြည်ခဲ့ပါတယ်” ဟု Daily Mirror သတင်းစာသို့ပြောကြားခဲ့သည်။
    Ref:skysports
    ______________________________
    အိုဇေးလ်မှာ အာဆင်နယ်တွင်တောက်ပလာမည်ဟု ဖာဘရီဂတ်စ်ဆို
    အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်ခဲ့ပြီး လက်ရှိဘာစီလိုနာအသင်းတွင်ကစားနေသည့် ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ဂျာမန်ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ အာဆင်နယ်တွင် တောက်ပလာလိမ့်မည်ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။
    အိုဇေးလ်၏အပြောင်းရွှေ့နှင့်ပက်သက်ပြီး ဖာဘရီဂတ်စ်က “ကောင်းပါတယ်။ သူရဲ့ကစားပုံဟာ အာဆင်နယ်နဲ့ အံဝင်ခွင်ကျပါပဲ။ ပရီးမီးယားလိဂ်ဆိုတာ အဝေးဘောတွေကို အားပြုကစားတဲ့ လိဂ်တစ်ခုဖြစ်ပြီး သူဟာ အဲဒီလို ကောင်းကောင်းကစားတတ်သူပါ။
    ခင်ဗျားတောင် သေသွားပါလိမ့်မယ်။ ဒါ(သူ့ရဲ့ကစားပုံကို) ကို ရီးယဲလ်အသင်းမှာ ကျနော်တွေ့ပြီးပါပြီး သူဟာ ဂိုးသွင်းဖို့ဘောလုံးအပို့ကောင်းသူပါ။ ပရီးမီယားလိဂ်မှာ သူဟာပိုပြီး ဘောလုံးပေးပို့မှုတွေလုပ်နိုင်မှာပါ” ဟု Al Primer Toque သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    မန်ယူအသင်းမှာ ဟွေမင်ဆန်အား လိုချင်ခဲ့သည်ဟု အေးဂျင့်ဖြစ်သူပြော
    တောင်ကိုရီးယားတိုက်စစ်မှူး ဟွေမင်ဆန်၏ အေးဂျင့်ဖြစ်သူက ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းမှာ ဟွေမင်ဆန်အား ခေါ်ယူလိုခဲ့သော်လည်း ဟမ်းဘတ်အသင်းတွင်ကစားနေသည့် ဟွေမင်ဆန်မှာ မန်ယူ၏ ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီး ၎င်း၏တိုးတက်မှုအတွက်လေဗာကူဆင်အသင်းသို့ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “မန်ယူက ဆန်နီ(ဟွေမင်ဆန်) ကို ခေါ်ယူချင်ခဲ့ပါတယ်။ တော်တော်ကိုနှစ်နှစ်ကာကာရှိခဲ့ပြီး ဟမ်းဘတ်အသင်းနဲ့လည်းဆွေးနွေးပြီးခဲ့ပါပြီး။ မန်ယူရဲ့စိတ်ဝင်စားမှုက သူ့(ဟွေမင်ဆန်)ကို ဂုဏ်တက်စေပါတယ်။
    ဒါပေမယ့် လေဗာကူဆင်က ပိုကောင်းတဲ့ကမ်းလှမ်းမှုဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒါ(လေဗာကူဆင်ရဲ့ကမ်းလှမ်းမှု)ဟာ သူ့အတွက် အဆင်ပြေခဲ့ပါတယ်” ဟု ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    ပရိတ်သတ်တွေ ဖယ်လ်ကာအိုကိုမေ့အောင်လုပ်ဖို့ ကျနော်ဒီရောက်လာတာမဟုတ်ပါဘူး (ဒေးဗစ်ဗီလာ)
    David Villa
    အက်သလက်တီကိုမက်ဒရစ်အသင်း၏တိုက်စစ်မှူးသစ် ဒေးဗစ်ဗီလာက အက်သလက်တီကိုသို့ရောက်ရှိလာခြင်းမှာ အသင်းအား တိုးတက်စေရန်အတွက်ဖြစ်ပြီး အသင်းအား အကောင်းဆုံး အကူအညီပေးခဲ့သည့် တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအို နေရာအား အစားထိုးရန် ရောက်ရှိလာခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။
    ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ အက်သက်လက်တီကိုတွင် ၂ ရာသီအတွင်း ပွဲပေါင်း ၉၀ ကစားခဲ့ပြီး ၇၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
    ဘာစီလိုနာအသင်းမှ အက်သလက်တီကိုသို့ ယူရို ၂.၁ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သည့် ဗီလာက “ဖယ်လ်ကာအိုဟာ အက်သလက်တီကိုအသင်းပရိတ်သတ်တွေရင်ထဲမှာအမြဲတမ်းရှိနေမယ့် အချစ်ဆုံးကစားသမားတစ်ဦးလို့ ကျနော်ယူဆပါတယ်။
    ဒါပေမယ့် သူနဲ့ကျနော်ဟာ ကစားတဲ့ ပုံစံချင်းခြားနားပါတယ်။ ကျနော့်ရဲ့အလုပ်က အသင်းကို တိုးတက်အောင် လုပ်ဆောင်ဖို့ဖြစ်ပြီး ဘယ်ကစားသမားကိုမှ (ပရိတ်သတ်တွေ)မေ့သွားအောင်လုပ်ဖို့မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
    ______________________________
    ကာတာအား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ပေးခဲ့ခြင်းမှာ ဖီဖာ၏ မှားယွင်းမှုတစ်ခုဖြစ်သည်ဟု ဘလတ္တာဝန်ခံ
    1231634_587878647921276_1411169492_n
    ကာတာနိုင်ငံအား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ပေးခဲ့ခြင်းမှာ ဖီဖာ၏ မှားယွင်းမှုတစ်ဖြစ်သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဥက္ကဌဖြစ်သူ ဆပ်ဘလတ္တာက ပထမဦးဆုံးအကြိမ်ဝန်ခံလိုက်သည်။
    ထိုကမ္ဘာ့ဖလားပြိုင်ပွဲအား အပူချိန် ၅၀ ဒီဂရီထက်ပိုသည့် နွေရာသီတွင်ကျင်းပရန်စီစဉ်ထားပြီး ဆောင်းရာသီတွင်ပြောင်းလဲကျင်းပရန် ပြိုင်ပွဲစီစဉ်သူများအား ဖျောင်းဖြနိုင်မည်ဟု မျှော်လင့်မိကြောင်း ဘလတ္တတာက ထည့်သွင်းပြောကြားခဲ့သည်။
    ကမ္ဘာ့ဖလားအားဆောင်းရာသီတွင်ပြောင်းရွှေ့ကျင်းပရန်အကြံပြုချက်ကို ဖီဖာအမှုဆောင်ကော်မတီသို့ တင်သွင်းသွားမည်ဖြစ် လာမည်အောက်တိုဘာလတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
    Ref : skysports
    ______________________________
    ရိုးမားတိုက်စစ်မှူး ရော့စီ စီးရီးအေ၏ ၀င်ငွေအကောင်းဆုံးဖြစ်လာ
    ရိုးမားအသင်း၏တိုက်စစ်မှူးဖြစ်သူ ဒန်နီယဲလ် ဒီ ရော့စီမှာ စီးရီးအေ၏ ၀င်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်လာခဲ့သည်ဟု သိရသည်။
    အသက် ၃၀ အရွယ်ရှိ ရော့စီမှာ တစ်နှစ်လုပ်ခ ယူရို ၆.၅ သန်းဝင်ငွေဖြင့် ပထမနေရာတွင်ရပ်တည်နေပြီး၊ နာပိုလီတိုက်စ်စမှူး ဂွန်ဇာလိုဟီဂူအင်က ၅.၅ သန်းဖြင့် ဒုတိယနေရာ၌ ရှိနေသည်။
    Ref: Goal.com
    ______________________________
    ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူး ကားရိုးလ် အသင်းနှင့်ပထမဦးဆုံး လေ့ကျင်ခန်းတွင် ပြန်လည်ဒဏ်ရာရ
    ကားရိုးလ်မှာ ပြီးခဲ့သည့်နှစ်က လီဗာပူးလ်အသင်းမှ ၀က်စ်ဟမ်းအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ၀က်စ်ဟမ်းက ပေါင် ၁၅ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့သည်။
    မေလကလည် ခြေဖ၀ါးရိုးကျိုးသည့်ဒဏ်ရာရရှိခဲ့ကာ ယမန်နေ့ကမှ အသင်းနှင့်လေ့ကျင်ခန်းပြန်ဆင်းခဲ့သည့် ကားရိုးလ်၏ ဒဏ်ရာနှင့်ပက်သက်၍ “ယနေ့(တနင်္လာနေ့) အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ ကားရိုးလ် ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားတယ်ဆိုတာကို အသင်းက အတည်ပြုပါတယ်။ ယခင်ဒဏ်ရာရခဲ့တဲ့ခြေထောက်ဖြစ်ပေမယ့် နေရာဟောင်းမှာမဟုတ်ဘဲ နေရာသစ်မှာဖြစ်တာပါ။ ဒါ့ကြောင့် အထူးကုနဲ့ မပြရသေးခင် ရောဂါရဲ့အခြေအနေကို မပြောနိုင်သေးပါဘူး” ဟု ၀က်စ်ဟမ်းအသင်းက ကြေညာချက်ထုတ်ခဲ့သည်။
    Ref: www.mirror.co.uk
    ______________________________
    လူမျိုးရေးခွဲခြားမှုက ဘိုအာတင်းအား အီတလီမှ ထွက်ခွာစေ ခဲ့သည်ဟု ရှော်ကာ အသင်း ဒါရိုက်တာဆို
    Boateng
    အေစီမီလန်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်သူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ အသင်း ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ဂျာမန်သို့ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ရှော်လ်ကာအသင်း၏ ဒါရိုက်တာဖြစ်သူ ပီတာ ပီတားစ် ကပြောဆိုလိုက်သည်။
    နွေရာသီအပြောင်းအရွှေ့တွင် အေစီမီလန်မှ ရှော်လ်ကာအသင်းသို့ ယူရို ၁၀ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သည့် ဘိုအာတင်းမှာ ပြီးခဲ့သည့် ဂျွန်လက အေစီမီလန်အသင်းနှင့် ပရိုပက်ထရီယာအသင်းတို့ ကစားခဲ့သည့် ခြေစမ်းပွဲ တစ်ခုတွင် ပရိုပက်ထရီယာ ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကို ဆိုးရွာစွာ ခံခဲ့ရသောကြောင့် ပွဲကစားနေစဉ် ကွင်းအတွင်းမှ ထွက်ခွာခဲ့သည်အထိ ဖြစ်ခဲ့ရသည်။
    “လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေကြောင့် ဘိုအာတင်းဟာ အီတလီကနေ ထွက်ခွာချင်ခဲ့တာပါ။ အေစီမီလန် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ၀င်ရောက်ခွင့်ရရင် အသင်းကထွက်ခွာဖို့ ဘိုအာတင်းနဲ့ ဘာလူစကိုနီ(အေစီဥက္ကဌ) တို့ သဘောတူညီထားတာလည်း ရှိပါတယ်။” ဟု ဂျာမန်အားကစားစာစောင် SportBildPlus သို့ ပီတားစ်က ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    ၁၃ ခုမြောက် ဂန်းစလမ်းဖလားအဖြစ် ယူအက်စ်အိုးပင်း ချန်ပီယံဖလားကို ဒုတိယအကြိမ်မြောက် ကိုင်မြှောက်ခွင့်ရခဲ့တဲ့ နာဒယ်လ်
    Rafael Nadal
    ယခုနှစ် ဂရန်းစလမ်း ပြိုင်ပွဲများ၏ နောက်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုသားဗိုလ်လုပွဲစဉ်များကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Flushing Meadows တင်းနစ်ကွင်းတွင်ယမန်နေ့ညက ယှဉ်ပြိုက်ကစားခဲ့ပြီး စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်က ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။
    ကမ္ဘာ့အဆင့် ၂ ရာဖေးလ်နာဒယ်လ်မှာ ကမ္ဘာ့အဆင့် ၁ နိုဗက်ဂျိုကိုဗစ်အား အကြိတ်အနယ်ကစားကာ ၆-၂၊ ၃-၆၊ ၆-၄၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်က ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ယခု ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။
    “သိပ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုဗိုလ်စွဲတာဟာ ကျနော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ ကျနော့်အဖွဲ့သားတွေ အားလုံးသိကြပါတယ်” နာဒယ်လ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ယခုပွဲတွင်ဗိုလ်စွဲခဲ့ခြင်းမှာ နာဒယ်လ်၏ ကစားသမားသက်တမ်း တစ်လျှောက်ရရှိခဲ့သည့် ၁၃ ခုမြောက် ဂရန်းစလမ်းဆုဖလားဖြစ်သည်။
    Ref:Sky Sports
    Photo: Getty Images
  • (၁၁)ကြိမ်မြောက် မျက်လုံးရိုင်း ပန်းချီ ပြပွဲ ကျင်းပ
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    ဆူးထက်
    14
    ရန်ကုန် ။ ။ (၁၁)ကြိမ်မြောက် မျက်လုံးရိုင်း ပန်းချီ ပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊ လောကနတ်ပန်းချီ ပြခန်း၌ စက်တင်ဘာ ၉-ရက်နေ့မှ ၁၄-ရက်နေ့အထိ နံနက် ၉-နာရီမှ ၅-နာရီအတွင်း ခင်းကျင်း ပြသထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    “ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့ ရှင်သန်နေထိုင်ရသော မျက်မှောက်ခေတ် ‘ရှင်သန်နေသော ဘ၀’ ဆိုသည်ကို ကျွန်တော်တို့ သိမြင်နားလည်ကြရမယ်။ ပန်းချီဆရာဟာ အဲဒီ့သိမြင်နားလည်မှုနဲ့ ခံစားမှုတို့နဲ့ ပန်းချီရေးတယ်။ မျက်လုံးရိုင်း ပန်းချီပြပွဲကို မျက်မှောက်ခေတ် အနုပညာ သို့မဟုတ် ခေတ်ပြိုင် အနုပညာပြပွဲ ( Contemporay Art Exhibition ) ဟု အမည်ပေးဖွင့်ဆိုထားတယ်။ ကျွန်တော်တို့ ပန်းချီပြပွဲမှာ အနုပညာ ပုံသဏ္ဍာန် အမျိုးမျိုး၊ နည်းဝါဒ အမျိုးမျိုးကို မြင်တွေ့ကြရမှာ ဖြစ်တယ်။ ‘ယနေ့ခေတ်နှင့် အပြိုင် ရှင်သန်ရသော ဘ၀’ ယနေ့ခေတ်၊ ယနေ့ လူသားဘ၀ ဆိုသည်ကို အဓိကထား ဖော်ထုတ် ဖန်တီးခြင်းဟာ (Contemporay Art) ရဲ့ အနက်အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးရိုင်း ပန်းချီပြပွဲဟာ ခေတ်ကို မျက်မှောက်ပြုသော၊ ခေတ်ပြိုင် အနုပညာများကိုသာ တတ်စွမ်းသမျှ ဖန်တီး တင်ဆက်သွားမှာ ဖြစ်ပါတယ်” ဟု မျက်လုံးရိုင်း ပန်းချီပြပွဲ စီစဉ်သူမှ မီဒီယာများသို့ ပြောကြားသည်။
    “၁၉၄၇ခုနှစ်၊ နိုဝင်ဘာလမှာ ပန်းချီပြပွဲကို စတင်တည်ထောင်ခဲ့ပါတယ်။ ထွက်ပေါက်များဆိုတဲ့ တိုင်ကီကို ကျွန်တော် လုပ်ထားတာပါ။ ဦးလေးတို့ ကြီးပြင်းခဲ့ရတဲ့ ဗိုလ်ချုပ်နေ၀င်း လက်ထက်တုန်းက တံခါးပိတ် ၀ါဒ ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ် ခေတ်ကာလ ကို ပုံဖော်ထားတာပါ။ ဟိုကလည်း ၀င်လို့မရ၊ ဒီကလည်း ထွက်လို့မရခဲ့တဲ့ အဲဒီကာလမှာ ထွက်ပေါက်တွေ ရှိတယ်ဆိုတဲ့ ခံစားချက်ကို ပုံဖော်ထားတာပါ။ ” ၀ါရင့်ပန်းချီ ပြပွဲကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သော ဦးဆန်းမင်းက M-Media သို့ပြောသည်။
    မျက်လုံးရိုင်း ပန်းချီပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ လက်ပံတန်း၊ ကျောက်ပန်းတောင်း စသည့် ပန်းချီဆရာ (၁၆) ဦး၏ ပန်းချီ ကားပေါင်း (၈၀)အား ချိတ်ဆွဲ ပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။
    ဓါတ်ပုံများကို FB တွင် ကြည့်ရှု့လိုလျှင် http://goo.gl/RoqABX
  • ဓါတ်ဆီ/ဒီဇယ်တွေကို ဘယ်လိုထိထိရောက်ရောက် ဖြည့်သုံးမလဲ?
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်
    petol
    ၁။ ညမိုးချုပ် (ဒါမှမဟုတ်) မနက်စောစာ ဆီဖြည့်ပါ
    မနက်စောစော ဆီဖြည့်ရင် ဆီဆိုင်ရဲ့မြေအောက်ဆီခန်းဟာ အေးနေပါတယ်။ ကြမ်းပြင်အေးလေ ဆီကပိုသိပ်သည်းလေ ဖြစ်ပါတယ်။ အပူချိန် တစ်ရာခိုင်နှုန်းလောက် ပြောင်းသွားတာနဲ့ တစ်လီတာချင်းရဲ့ ပမာဏမတူတော့ပါဘူး။
    ၂။ ဆီတိုင်ကီ တစ်ဝက်ကုန်တာနဲ့ ဆီပြန်ဖြည့်ပါ
    ဆီတိုင်ကီမှာ တစ်ဝက်လောက် ကျန်တာနဲ့ ပြန်ဖြည့်ခြင်းဟာ ဆီအငွေ့ပျံခြင်းကို သက်သာစေပါတယ်။ တိုင်ကီထဲမှာ ဆီပိုရှိရင် လေနည်းနည်းပဲ ရှိနိုင်လို့ဖြစ်ပါတယ်။ ဆီတွေဟာ ကျွန်တော်တို့ထင်တာထက် ပိုမြန်မြန် အငွေ့ပြန်ပါတယ်။
    ၃။ ဆီဖြည့် မမြန်ပါစေနဲ့
    ဆီဖြည့်ပန့်တွေမှာ အနှေး၊ ပုံမှန်နဲ့ အမြန်ဆိုပြီး ၃ မျိုးဖြည့်လို့ရပါတယ်။ အမြန်နဲ့ ဆီဖြည့်တဲ့ အခါမှာ ဆီတွေနဲ့အတူ အငွေ့တွေပါ ပါလာတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အနှေးနဲ့ ဆီဖြည့်ပြီး ဆီများများပိုယူလိုက်ပါ။
    ၄။ ဆီဆိုင် ဆီချနေတဲ့အချိန် ဆီမဖြည့်ပါနဲ့
    ဆီဆိုင်ကို ဆီကားတွေနဲ့ ဆီချနေတဲ့အချိန်မှာ ဆီဆိုင်ရဲ့ကန်အောက်မှာ အနည်ထိုင်နေတဲ့ အညစ်အကြေးတွေဟာ အနည်ထလာပြီး သင့်ကားထဲဝင်လာမှာပါ။ ဒါဆိုရင်တော့ ဆီအရနည်းတဲ့အပြင် အင်ဂျင်ပါ နာပြီပေါ့။
    ၅။ လေပေါင်ချိန် မှန်အောင် ထိန်းထားပါ
    ဘီးလေပေါင်ချိန်ကို ၂ ပတ် တစ်ခါလောက် စစ်သင့်ပါတယ်။ လေပေါင်ချိန်မှန်ရင် ကားမောင်းတဲ့အခါ ပွန်းပြီးဆွဲရတာ သက်သာစေပြီး မိုင်များများပိုသွားနိုင်ပါတယ်။ ဒရိုင်ဘာခုံကို လှန်လိုက်ရင် လေပေါင်ချိန်ကိုပြတဲ့ မီတာတစ်ခု ပါတတ်ပါတယ်။
    ၆။ ဆားဗစ်ပုံမှန်လုပ်ပါ
    ကားဆားဗစ်လုပ်တိုင်း ၃ ခုကို အမြဲလဲပါ။ ဆီ၊ ဆီစကာ (Oil filter) နဲ့ လေစကာ (Air filter)
    ၇။ Spark Plug တွေကိုလဲပါ
    ၅ နှစ်တိုင်း Spark plug တစ်ခုလဲပါ။ အပေါစားမဟုတ်ပဲ အရည်အသွေးကောင်းတဲ့ အော်ရဂျင်နယ်နဲ့လဲပါ။ ဆီလောင်ကျွမ်းမှုကို ကောင်းစေပြီး ဆီစားသက်သာစေတဲ့အပြင် Air-Con ကောင်းကောင်း အလုပ်လုပ်စေပါတယ်။
    ၈။ မလိုတဲ့ ပစ္စည်းတွေ ကားထဲထည့်မထားပါနဲ့
    ကားပေါ်မှာ ရှိတဲ့ပစ္စည်းတိုင်းအတွက် ဆီပိုကုန်တာမို့ မလိုတာတွေ ကားထဲကနေ ထုတ်ထားဖို့လည်း အရေးကြီးပါတယ်။
    အခုပဲ အသုံးချပြီး ဟုတ် မဟုတ် ကော်မန့်တွေ ပေးကြပါဦး။
    ကိုးကား – GK
  • မွတ်စလင်များအပေါ် တဖက်စောင်းနင်း မီဒီယာ ဘက်လိုက်မှုများအား ပိတ်ပင်သည့် ဥပေဒေမူကြမ်း တစ်ရပ်ကို ဖိလစ်ပိုင် လွှတ်တော်အမတ် တစ်ဦးထုတ်ပြန်
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    Pangalian Balindong
    လူနည်းစု မွတ်စလင်များပေါ်တဖက်စောင်းနင်း မီဒီယာများ၏ ဘက်လိုက်မှုများအား ရှုတ်ချကာ ရာဇ၀တ်မှုဖြင့် သံသယ ရှိသူများအား ၎င်းတို့၏ ဘာသာတရားများဖြင့် ဆက်နွယ်၍ မီဒီယာများမှ ဖော်ပြမှုများကို တားမြစ်ရန် ဥပဒေမူကြမ်းတစ်ခုကို ဖိလစ်ပိုင်အမတ်တစ်ဦးက အဆိုပြုခဲ့သည်ဟု သိရသည်။ ထိုဥပဒေမူကြမ်းအား ထုတ်ပြန်ခဲ့သူမှာ ဖိလစ်ဖိုင်နိုင်ငံ Lanao del Sur ပြည်နယ် ဒုတိယခရိုင် ကိုယ်စားပြု အမတ်ဖြစ်သူ ရှေ့နေ Pangalian Balindong ဖြစ်ပြီး “ရာဇ၀တ်မှုနဲ့ သံသယဖြစ်သူတွေကို သူတို့ရဲ့ ဘာသာ တရားတွေ ဒါမှမဟုတ် သူတို့ရဲ့လူမျိုး၊ ဓလေ့ ထုံးစံတွေနဲ့ မီဒီယာတွေမှာ ယှဉ်တွဲဖေါ်ပြတာ လက်တွေ့မှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။
    သူတို့ဟာ မွတ်စလင် အကြမ်းဖက်သမား ဒါမှမဟုတ် မွတ်စလင်မ် ဓါးမြတွေဆိုပြီးဖော်ပြကြပါတယ်။ ဒါတွေဟာ တော်တော့်ကို တဖက်စောင်း နင်းနိုင် လွန်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု ဖိလစ်ပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် Inquirer.net သို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
    House Bill 1447 ဟုအမည်ရသည့် အဆိုပါ ဥပဒေမူကြမ်းကို ပြုစုခဲ့ပြီး ဥပဒေပြင်ပမှ လုပ်ရပ်များအားပြုလုပ်သူများအား ဖေါ်ပြရာတွင် “မွတ်စလင်” “ခရစ်ယာန်” စသဖြင့် ရေးသားမှုများအား တားမြစ်ရန် ပါဝင်သည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    Ref : onislam
  • အယ်လ်ဘေးနီးယား နိုင်ငံ နှင့် အစ္စလာမ်သာသနာ
    စက်တင်ဘာ ၁၀ ၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ- ဂျူလိုင်ရဲရင့်
    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ
    Flag_of_Albania
    (ပုံ- အယ်လ်ဘေးနီးယား နိုင်ငံတော်အလံ)
    ၂၀၁၁ ခုနှစ် လူဦးရေ စစ်တမ်းအရ အယ်လ်ဘေးနီးယားနိုင်ငံ၏ ၅၈.၇၉ % မှာ အစ္စလာမ်သာသနာဝင်များ ဖြစ်ပြီး၊ နိုင်ငံ၏ အကြီးမားဆုံး ဘာသာရေးဖြစ်သည်။ အယ်လ်ဘေးနီးယား မွတ်စ်လင်မ် အများစုမှာ လောကီဆန်သည့် စွန္နီများဖြစ်ကာ ဘခ်တာရှီ ရှီအဟ်အနည်းစု ပါဝင်သည်။ ခရစ်ယာန်ဘာသာသည် လူဦးရေပမာဏ၏ ၁၆.၉၉ % ရှိပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ဘာသာရေးဖြစ်သည်။ ကျန်ရှိပမာဏမှာ အခြားဘာသာရေး အုပ်စုများ နှင့် ဘာသာမဲ့များ ဖြစ်၏။ အော်တိုမန်အင်ပါယာအောက်၌ရောက်ရှိစဉ်က အယ်လ်ဘေးနီးယား နိုင်ငံသားအများစုသည် အစ္စလာမ်သို့ ကူးပြောင်းလာခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဘာသာရေး အစဉ်အလာ အားလုံးကို ယိမ်းယိုင်စေသည့် ဘုရားမဲ့ဝါဒသည် ဆယ်စုနှစ်များစွာ ခေတ်ထလာခဲ့ပြီး ၁၉၉၁ ခုနှစ်၌ အဆုံးသတ်သွားခဲ့သည်။
    Pew Research Center မှ ပြုစုလိုက်သည့် လတ်တစ်လော လူဦးရေစာရင်းအရ အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ် ပမာဏမှာ ၇၉.၉ % ဟု သိရသည်။ သို့သော် Gallup poll ၏စာရင်းအရမူ မွတ်စ်လင်မ်သည် ၄၃ %၊ အရှေ့တိုင်း အော်သိုဒေါ့စ်မှာ ၁၉ %၊ ကက်သလစ်က ၁၅ % နှင့် ဘာသာမဲ့သည် ၂၃ % ဟု ဆိုသည်။ ၂၀၁၁ ခုနှစ် လူဦးရေစာရင်း တရားဝင်ကြေငြာချက်၌ ၅၆.၇၀ % မှာ စွန္နီမွတ်စ်လင်မ်၊ ၂.၀၉ % မှာ ဘခ်တာရှီ ရှီအဟ်မွတ်စ်လင်မ်၊ ၁၀.၀၃ % မှာ ကက်သလစ်၊ ၆.၇၅ % မှာ အော်သိုဒေါ့စ်၊ ၀.၁၄ % မှာ ဧမာနွေလ၊ ၀.၀၇ % မှာ အခြားခရစ်ယာန်အုပ်စုများ၊ ၅.၄၉ % မှာ ရောထွေး ယုံကြည်သူများ၊ ၂.၅၀ % မှာ ဘုရားမဲ့ဝါဒီ နှင့် ၁၃.၇၉ % မှာ မိမိ၏ ယုံကြည်ကိုးကွယ်မှုကို မဖော်ပြသူများ ဖြစ်ကြသည်။
    သမိုင်းကြောင်း
    အော်တိုမန်ခေတ်ကာလ
    Baitul Awwal Mosque_ Tirana_ Albania
    (ဓာတ်ပုံ – တီရာနာရှိ ရှေးအကျဆုံးဗလီများအနက်မှ Et’hem Bey ၀တ်ကျောင်းတော်)
    ၁၄ ရာစုတွင် အယ်လ်ဘေးနီးယားသို့ အော်တိုမန်လွှမ်းမိုးမှုဖြင့် အစ္စလာမ် ၀င်ရောက်လာပြီး ခရစ်ယာန်ဝါဒနှင့် အပြိုင် ဖြစ်ခဲ့သည်။ ရိုမန်ကက် သလစ်ချာ့ခ်ျ နှင့် တောင်တန်းဒေသသားတို့၏ ခုခံမှုကြောင့် နိုင်ငံမြောက်ပိုင်းတွင် အစ္စလာမ် ပြန့်ပွားမှု နှေးကွေးသည်။ သို့သော် အလယ်ပိုင်းနှင့်တောင်ပိုင်းတွင်မူ ၁၇ ရာစုနှစ်အကုန်၌ အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ်ခေါင်းဆောင်တို့၏ တိုးတက်မှုနှင့်အတူ အစ္စလာမ်အား ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။ အော်တိုမန်အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍ၌ အရေးပါအရာရောက်လှသော  pashas နှင့် beys အမည်ရှိ အယ်လ်ဘေးနီးယန်းမွတ်စ်လင်မ်မျိုးနွယ်နှစ်စုကြောင့် အယ်လ်ဘေးနီးယန်းအများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းအားကောင်းခဲ့ကြသည်။
    အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ်တို့ထံ အဓိကအားဖြင့် အုပ်စုကြီးနှစ်စု ကွဲပြားသည်။ စွန္နီအစ္စလာမ် အုပ်စု နှင့် ၁၈-၁၉ ရာစု အော်တိုမန်ခေတ်ကာလ အတွင်း အယ်လ်ဘေးနီးယားသို့ဝင်ရောက်လာသော ဒရ်ဝေးဇ် လမ်းကြောင်းမှ ဆင်းသက်သည့် ဘခ်တာရှီဆွူဖီ အုပ်စုတို့ဖြစ်ကြသည်။ ဘခ်တာရှီ အုပ်စုဝင်များမှာ လမ်းချော်သူများ အဖြစ် ပုံမှန်မွတ်စ်လင်မ်တို့မှ သတ်မှတ်ကြသည်။ စွန္နီအစ္စလာမ်တို့မှာ နိုင်ငံမြောက်ပိုင်းနှင့်ဗဟိုဒေသများ၌ သမိုင်းနှင့်ချီ၍ အခြေခိုင်ခဲ့ပြီး၊ ဘခ်တာရှီတို့ကို တောင်ပိုင်းရှိ Tosk ဒေသများတွင် အဓိကအားဖြင့် တွေ့ကြရ၏။
    အော်တိုမန်အုပ်ချုပ်မှု ကာလအတွင်း ဘခ်တာရှီဝါဒအားဖြင့် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်သူ တဖြည်းဖြည်း တိုးပွားလာသည်။ အော်တိုမန် အင်ပါယာ၏ ကုန်သွယ်ရေး၊ ဗျူရိုကရေစီ အုပ်ချုပ်ရေး နှင့် စစ်တပ်ထံမှ အကျိုးအမြတ်များ ခံစားနိုင်၍ဖြစ်သည်။ အော်တိုမန်အုပ်စိုးမှုခေတ်၌ အကျော်ကြား အထင်ရှားဆုံး အယ်လ်ဘေးနီးယား နယ်သားများမှာ – ဒါဝုဒ် ပါးရှား၊ ဟမ်ဇဟ် ကက်စထရွိုက်တီ၊ အိလ်ဂျာ့င်္ဇ ဟော့စ်ဟာ၊ နဇီးမ် ဖရာကူလာ၊ ကော်ပရူလူ မဟာမက် ပါးရှား၊ အလီ ပါးရှား၊ အက်ဒ်ဟမ် ပါးရှား၊ ဟက်စ်ဟီ ရှီဟ်ရတီ၊ ဂူစီယာမှ အလီပါးရှား၊ ဘေရွတ်မှ အီဗ်ရာဟီမ်ပါးရှား၊ ကော်ပရူလူ ဖဇီးလ် အဟ်မဒ်၊ အီဂျစ်မှ မုဟမ္မဒ် အလီ၊ ကာရာ မုဟမ္မဒ် ဘူရှာတီ နှင့် အဟ်မဒ် ကာ့တ် ပါးရှားတို့ဖြစ်ကြသည်။
    လွတ်လပ်ရေး
    Fier_Qender
    (ဓါတ်ပုံအညွန်း –Fier မြို့ရှိ ဗလီဝတ်ကျောင်းတော် တခု)
    အယ်လ်ဘေးနီးယားနိုင်ငံသည် အော်တိုမန်အင်ပါယာလက်အောက်မှ ၁၉၁၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀ ရာစုအတွင်း အမျိုးသားရေး တစ်ခေတ်ဆန်း ၀ါဒ နှင့် ဘာသာရေး ဗဟုသုတ ကင်းမဲ့မှုဖြစ်ပေါ်လာပြီး ဒီမိုကရက်တစ်မှသည် ပဒေသရာဇ်စံနစ်၊ ၄င်းနောက် ကွန်မြူနစ် စံနစ်သို့ပြောင်းလဲသွားကာ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့မှာ စံနစ်တကျ ရိုက်ချိုးခံရသည်။ ယင်းမူဝါဒများအရ အစ္စလာမ်သည်လည်း အခြားဘာသာ တရားများ နည်းတူ ဆိုးဝါးသည့် အပြောင်းအလဲများ ဖြစ်သွားရသည်။
    ၁၉၂၃ ခုနှစ် အစိုးရ စီမံကိန်းအရ ခလီဖဟ်စံနစ် နှင့် မယားပြိုင် စံနစ်ကို ဖျက်သိမ်းရန်၊ ထုံးတမ်းစဉ်လာ သမရိုးကျ ၀တ်ပြုမှုပုံဟန်အား အပြောင်းအလဲပြုရန်၊ အော်တိုမန်ခေတ်က မြို့ပြ အမျိုးသမီးတို့အား ဆင်ယင်စေသည့် ဟိဂျာ့ဗ်အမိန့် ကို စွန့်ပယ်ရန် ဆုံးဖြတ်ချက်အပေါ် အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ် ကွန်ကရက်မှ တီရာနာ၌ လက်ခံခဲ့ရသည်။
    အဲန်ဗာ ဟော့ရှား (Enver Hoxha) ၏ ကွန်မြူနစ်အုပ်ချုပ်ရေး ကာလအတွင်း မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင် စံနစ် အပါအ၀င် ကက်သလစ်နှင့်အော်သိုဒေါ့စ် ဘုန်းတော်ကြီး စံနစ်အား အမြစ်ပြတ် သုတ်သင်ခဲ့သည်။ ထိုသူသည် ၁၉၆၇ ခုနှစ်တွင် ဘာသာရေးကိုးကွယ် ယုံကြည်မှု မှန်သမျှကို တားမြစ် ပိတ်ပင်၍ အယ်လ်ဘေးနီးယားနိုင်ငံအား ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဘာသာမဲ့ တိုင်းပြည်အဖြစ် ကြေငြာခဲ့သူဖြစ်သည်။
    ယနေ့သော်ကား အယ်လ်ဘေးနီးယားသည် အစ္စလာမ့်ရေးရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီး (Organisation of Islamic Cooperation – OIC) ၏ အမာခံအဖွဲ့ဝင် ဥရောပနိုင်ငံ ဖြစ်လာသည်။ ၂၀၁၁ ဧပြီလတွင်  ပထမဆုံး အစ္စလာမ့်တက္ကသိုလ် Bedër University အား တီရာနာ၌ ဖွင့်လှစ်နိုင်ခဲ့သည်။
    ( ဂျူလိုင် ရဲရင့် )
    ကိုးကား wiki