News @ M-Media

Blog

  • စက်တင်ဘာ ၅ အားကစား သတင်းများ

    စက်တင်ဘာ ၅ ၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    bristol

    အင်္ဂလိပ် Johnstone’s Paint ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုတွင် ရုန်းရင်ဆန်ခတ်မှုဖြစ်ပွား လူ ၁၂ ဦးအား ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

    ဘရစ္စတိုး စီးတီးအသင်းက ဘရစ္စတိုးရိုဗာ အသင်းအား ၂ ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိခဲ့သော Johnstone’s Paint ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ တစ်ခုတွင် ပရိတ်သတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

    ပွဲအပြီးအတွင် ၎င်းတို့အသင်း အနိုင်ရရှိသွားသည့် အတွက် ပျော်ရွှင်နေကြသည့် ဘရစ္စတိုးစီးတီးပရိတ်သတ်များက ကွင်းအတွင်းသို့ဝင်ရောက်လာခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့တစ်ဦးဒဏ်ရာရခဲ့ကာ ပရိတ်သတ် ၁၂ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။ တစ်မြို့တည်းတွင် အခြေစိုက်ကြသည့် အဆိုပါနှစ်သင်းတွင် ဘရစ္စတိုးစီးတီးအသင်းမှာ ပထမတန်းနှင့် ဘရစ္စတိုးရိုဗာအသင်းမှာ ဒုတိယတန်းတွင် ကစားနေသည့်အသင်းများဖြစ်ကြပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ထိုနှစ်သင်းမှာ ၇ နှစ်အတွင်း ပထမဦးဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

    ဘရစ္စတိုးစီးတီးအသင်း၏ မန်နေဂျာဖြစ်သူ အို ဒရစ်စ္စခိုးလ်က ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းမှာ အင်္ဂလန်ဘောလုံးလောကအတွက် ရှက်စရာဖြစ်ကြောင်း ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို လက်ခံနိုင်သော်လည် ရန်လိုခြင်းကိုမှု လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ Johnstone’s Paint  ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲသည် အင်္ဂလိပ် ပထမတန်းနှင့် ဒုတိယတန်းမှ အသင်းများသာ ပါဝင်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်သည်။
    __________________________________

    အင်္ဂလိပ်ဘောလုံးလောကအား ပြောင်းလဲရမည်ဟု အက်ဖ်အေ အကြီးအကဲပြောကြား

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေ၏ ဥက္ကဌဖြစ်သူ ဂရက်ဒိုင်ကီက သိသာသောပြောင်းလဲမှုများမလုပ်ပါက အင်္ဂလန်မှာ ဘောလုံးလောကတွင် အားနည်းသောနိုင်ငံဖြစ်လာမည်ဟု ပြောကြားလိုက်သည်။

    အက်ဖ်အေရုံးခန်း၌ ပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပရီးမီးယားလိဂ်နှင့် နာမည်ကြီးကလပ်အသင်းများအပေါ်တာဝန်ရှိကြောင်းပြောကြားခဲ့ပြီး လက်ရွေးစင်အသင်းပေါ် သူ၏ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲနိုင်ရန်မျှော်လင့်နေသည့် ဒိုက်ကီက “အင်္ဂလိပ်ဘောလုံးလောကကနေ တောင့်တင်းတဲ့ အင်္ဂလန်အသင်းတစ်သင်းလိုအပ်ပါတယ်။ အသင်းကြီးတွေက နိုင်ငံခြားကစားသမားတွေနဲ့ ချန်ပီယံလိဂ်မှာအောင်မြင်တာဟာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့လက်ရွေးစင်အသင်းတစ်သင်းအဖြစ်တော့ အစားမထိုးနိုင်ပါဘူး။” ဟု သူက ပြောကြားခဲ့သည်။
    __________________________________
    အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ကို ရီးယဲလ်က စွန့်လွှတ်လိုက်တာ နားမလည်နိုင်အောင်ပါပဲ (ဂျိုအာချင်းလို)

    ဂျာမနီအသင်း၏ နည်းပြဖြစ်သူ ဂျိုအာချင်းလိုက ဂျာမန်လက်ရွေးစင်အလယ်တန်းလူ မီဆုအိုဇေးလ်အား ရီးယဲလ်မက်ဒရစ်ကရောင်းချလိုက်ခြင်းအပေါ် အံ့သြမိသည်ဟု ပြောဆိုလိုက်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အိုဇေးလ်အား အာဆင်နယ်အသင်းသို့ ပေါင် ၄၂ သန်းဖြင့် အပြောင်း အရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင်ရောင်းချ လိုက်ခြင်းဖြစ်သည်။ အိုဇေးလ်မှာ ရီးယဲအသင်းတွင်သုံးနှစ်အတွင်း ၂၇ ဂိုးသွင်းယူပေးခဲ့ပြီး ရော်နယ်ဒိုသွင်းယူခဲ့သည့် ၂၇ ဂိုးအတွက်လည်း ဖန်တီးပေးပို့ခဲ့သူဖြစ်သည်။ ဂျိုအာချင်းလိုက ” ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်တဲ့ အိုဇေးလ်ကို ရီးယဲလ်က ထုတ်ရောင်းလိုက်တာဟာ ကျနော့်အတွက်တော့ နားမလည်နိုင်အောင်ပါပဲ။ အိုဇေးဟာ စွမ်းဆောင်ရည်မြင်မားပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ကစားသမားတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။
    __________________________________
    အခွန်စာရွက်စာတမ်းများအား မမှန်မကန်ပြုလုပ်သည့် မက်ဆီ ယူရို ငါးသန်းပေးဆောင်ရမည်

    ဘာစီလိုနာအသင်း၏တိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ အခွန်နှင့်ပက်သက်သည့်စာရွက်စာတမ်းများအား မမှန်မကန်ပြုလုပ်သည်ဟု စွပ်စွဲခံခဲ့ရပြီး စပိန်အာဏာပိုင်များအား ယူရို ၅ သန်းပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟုသိရသည်။ ၂၀၀၆-၂၀၀၉ ခုနှစ် အတွင်းပေးဆောင်ရမည့် အခွန်ငွေယူရိုလေးသန်းကျော်ကို မပေးဆောင်ဘဲ စာရွက်စာတမ်းများ မမှန်မကန်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် မက်ဆီက အဆိုပါစွပ်စွဲမှုများအား ငြင်းဆိုလိုက်ပြီး မှားယွင်းစွာ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    __________________________________
    ချယ်ဆီးတွင်သာဆက်နေရန် ဆုံးဖြတ်ခဲ့သည်ဟု လူးဝစ်ဆို

    ချယ်ဆီးအသင်း၏နောက်ခံလူ ဒေးဗစ်လူးဝစ်က ဘာစီလိုနာအသင်းမှခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ချယ်ဆီးအသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်းသည် လူဝစ်အားခေါ်ယူရန် ယူရို ၂၅.၅ သန်းဖြင့်ကမ်းလှမ်းခဲ့သည်။ “ဘာစီလိုနာအသင်းက တရားဝင်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ချယ်ဆီးမှာနေဖို့ဆုံးဖြတ်ခဲ့တာပါ။ ချယ်ဆီလိုအသင်းကြီးမျိုးမှာကစားရတာ ပြီးတော့ နိုင်ငံအသင်းမှာ တိုင်းပြည်ကို ကိုယ်စားပြုခွင့်ရတာကို ကျနော် ပျော်ရွှင်မိပါတယ်။” ဟု လူးဝစ်က သတင်းထောက်များအားပြောကြားခဲ့သည်။
    __________________________________
    ဒေးဗစ်ဗီလာထွက်ခွာသွား၍ ၀မ်းနည်မိသည်ဟု ပက်ဒရိုဆို

    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ပက်ဒရိုက အသင်း၏တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ အသင်းမှထွက်ခွာသွားသည်ကို ၀မ်းနည်းမိကြောင်းပြောဆိုလိုက်သည်။ ဗီလာမှာ ဘာစီလိုနာအသင်းတွင် သုံးနှစ်ကြာကစားခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ယခုနှစ်နွေရာသီတွင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပက်ဒရိုက “ဗီလာဟာ ကျနော့်အပေါ်သိပ်ကောင်းခဲ့ပါတယ်။ ကျနော့်ရဲ့အချိန်တွေကို သူနဲ့ကုန်ဆုံးခဲ့တာပါ။ ကွင်းပြင်မှာရော ကွင်းထဲမှာပါ ကျနော်သူ့ကို သတိရနေမှာပါ။ လက်ရွေးစင်အသင်းမှာ သူနဲ့ကျနော်တွေ့ဆုံရတာဟာ တော်တော်ကံကောင်းပါတယ်။ အက်သလက်တီကိုမှာ အရာအားလုံးအဆင်ပြေတယ်ဆိုတော့ ကျနော်ဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။
    __________________________________
    ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာသည့် နာဒယ်လ်နှင့် ဂတ်စ်ကတ်

    လက်ရှိကမ္ဘာ့အဆင့် ၂ စပိန်တင်းနစ်သမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့အဆင့် ၇ ရှိ ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂတ်စ်ကတ်တို့မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။

    နာဒယ်လ်မှာ တစ်နိုင်ငံတည်းသား တွမ်မီ ရိုဘာဒိုနှင့် ယှဉ်ပြိုင်ရသည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ၆-၀၊ ၆-၂၊ ၆-၂ ဖြင့် သုံးပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည် ရိုဘာဒိုမှာ ကွာတားဖိုင်နယ်တွင် ဂရန်းစလမ်း ဆုဖလားအား ၁၇ ကြိမ်ရရှိခဲ့သည့် နာမည်ကြီးတင်းနစ်သမား ရော်ဂျာဖက်ဒါရာအား ကွာတာဖိုင်နယ်တွင် ဖြုတ်ချနိုင်ခဲ့သူဖြစ်သည်။ ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ရန်အတွက် လက်တစ်ကမ်းအလိုသို့ရောက်ရှိလာသည့် နာဒယ်လ်က “ကျနော်အရမ်းပျော်ပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ကျနော်ထင်ပါတယ်။ နေ့စဉ်နဲ့အမျှ နည်းနည်းစီပိုကောင်းလာအောင် ကျနော်ကစားနေပြီး သိပ်ကိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ပါပဲ။ ဆီမီးဖိုင်နယ်ရောက်လာရှိခဲ့တာကို ကျနော်ပျော်ရွှင်မိပါတယ်။” ဟု ပွဲအပြီးတွင် နာဒယ်လ်က ပြောကြားခဲ့သည်။

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ်ဂတ်စ်ကတ်မှာ ကမ္ဘာ့ဆင့် ၄ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာအား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သုံးနာရီခွဲကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂတ်စ်ကတ်က ၆-၃၊ ၆-၁၊ ၄-၆၊ ၂-၆၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆီမီးဖိုင်နယ်သို့တက်ရောက်သွားသည့် ဂတ်စ်ကတ်မှာ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးရောက်ရှိခြင်းလည်းဖြစ်သည်။

    ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့်စနေနေ့တွင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ် ၁ တွင် ရာဖေးလ် နာဒယ်လ်နှင့် ရစ်ချက် ဂတ်စ်ကတ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysport
    __________________________________
    ယူအက်စ်အိုးပင်းဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးအကြိမ်တက်ရောက်လာခဲ့သည့် ပန်နက်တာ

    တစ်ချိန်ကမ္ဘာ့အဆင့် ၁၀ အတွင်းဝင်ခဲ့ပြီး လက်ကောက်ဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့အဆင့် ၃၈ သို့ကျဆင်းခဲ့ရသည့် အီတလီတင်းနစ်မယ် ဖာလဗီယာ ပန်နက်တာမှာ ယူအက်စ်အိုးပင်းတစ်နစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်သည့် ပန်နက်တာမှာ တစ်နိုင်ငံတည်းသူ တင်းနစ်မယ် ရော်ဘက်တာ ဗင်ချီအား ၆-၄၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ပန်နက်တာက “ပြိုင်ပွဲစတင်ခဲ့တဲ့ ပထမနေ့ကတည်းက ကျမဒီလိုအဆင့်ထိရောက်လိမ့်မယ်၊ ဆီမီးဖိုင်နယ်အကြောင်းပြောရမယ်လို့ မထင်မိခဲ့ပါဘူး။ လွန်ခဲ့တဲ့ခြောက်လလောက်က ကျမဟာ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ နေ့တိုင်နေ့တိုင်း အလုပ်တွေလုပ်ဖို့အတွက် ကျမ ကြိုစားခဲ့ရပါတယ်။” ဟု ပြောကြားခဲ့သည်။

    ယူအက်စ်အိုးပင်းအမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို မနက်ဖြန်တွင်ကစားမည်ဖြစ်ကာ ပထမပွဲစဉ်တွင် လက်ရှိချန်ပီယံ ဆရီနာဝီလီယံနှင့် တရုတ်တင်းနစ်မယ် လီနာတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ပန်နက်တာမှာ နိုင်ခြေအဆင့် ၂ ရှိ ဗစ်တိုးရီးယားအဇာရန်ကာနှင့် စလိုဗက်ကီးယားတင်းနစ်မယ် ဒန်နီယဲလ်လာ ဟန့်ချိုဗာတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • တူရကီတွင် လူသန်းပေါင်းများစွာ အတွက် ကုရ်အာန် သင်ရိုးများကို စီစဉ်နေ

    စက်တင်ဘာ၊ ၅ ၊ ၂၀၁၃
    M-Media

    Boston Marathon US Muslims

    အန်ကာရာ။       ။ တူရကီ၏ခေတ်ပညာရေးစံနစ်၌ အစ္စလာမ့်အနှစ်သာရ များပြန်လည် ရရှိလာရန်  နိုင်ငံတစ်ဝှန်းရှိ ကျောင်းသား ၃ သန်းကျော်အတွက် ရည်ရွယ်ပြီး သာသနာရေးညွှန်ကြားမှုဦးစီးဌာနမှ ကုရ်အာန်သင်ရိုးများကို စီစဉ်လျက်ရှိသည်။

    “ ကျမ်းမြတ်ကုရ်အာန်စောင်ရေ ၅ သိန်း နဲ့ လွယ်ကူရိုးရှင်း သာသနာ့ အခြေခံရေးရာ စာအုပ်စာတမ်းပေါင်း ၁၀ သန်းကို ကျောင်းသားတွေဆီ ဖြန့်ဝေလိုက်ပြီဖြစ်တယ်။ အသက်အရွယ်မရွေး ပညာအဆင့်အတန်း မရွေး ဖတ်ရှုလေ့လာနိုင်တဲ့ စာအုပ်တွေဖြစ်ပြီး၊ ကျောင်းသားကျောင်းသူ သာမက သူတို့မိဘတွေအတွက်ပါ အခမဲ့ဖြန့်ဖြူးခဲ့တယ်။ မူကြိုနဲ့ကျောင်းနေအရွယ် ကလေးများအတွက်လည်း နွေရာသီသင်တန်းတွေကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားဦးမှာ ဖြစ်ပါတယ် ” ဟု သာသနာရေးညွှန်ကြားမှုဦးစီးဌာန၏ သင်တန်း အကျိုးဆောင်ဦးစီးမှူး အလီ အာဘတ်စ်မှ စက်တင်ဘာ ၂ ရက်၊ တနင်္လာနေ့တွင် Anadolu Agency သို့ ပြောကြားခဲ့သည်။

    ယမန်နှစ်နွေရာသီကာလ၌ “ နှလုံးသားဖြင့် ကုရ်အာန်ကိုရေးသားဖို့ နွေရာသီသင်တန်းတက်ရောက်စို့ ” ဟူသော ဆောင်ပုဒ်ဖြင့် သင်တန်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

    အစ္စလာမ့်အခြေခံ အသိပညာ သင်တန်းများကို နေရာအသီးသီးရှိ သင်တန်းဌာနပေါင်း ၇၂၄၃၉ ခုတွင် သင်တန်းဆရာပေါင်း ၁၁၅၁၈၃ ဦးဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။

    နွေရာသီအကုန်တွင် တူရကီနိုင်ငံ တစ်ဝှန်းမှ ကျောင်းသူကျောင်းသားပေါင်း ၃ သန်းကျော်မှ တက်ရောက်နိုင်သည်အထိ စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ယင်းအရေအတွက်အထိရောက်ရန် ဆောင်ရွက်ရသည်မှာ လွယ်ကူသည့်အလုပ် မဟုတ်ခဲ့ချေ။

    သာသနာရေးညွှန်ကြားမှု ဦးစီးဌာနသည် အစ္စလာမ်နှင့်ကလေးငယ်များ ရင်းနှီးထိတွေ့စေမည့် ၄င်းအစီအစဉ်၌ ဖွင့်ပွဲအခမ်းအနားများ၊ ရင်သွေးပွဲတော်များ၊ အချက်အလက်ပေါင်း၂ သိန်းခွဲခန့်ရှိသည့် ပြခန်းများလည်း ပါဝင်ရန် အကောင်အထည်ဖော်သွားမည်ဟု အတ်ဘာ့စ်မှ ဆိုသည်။ ကလေးငယ်များအဖို့ တစ်နေ့တာအတွင် အနည်းဆုံး တစ်ကြိမ်ဝတ်ပြုမှုဆောင်ရွက်နိုင်စေရန် သင်တန်းအချိန်များကို အဆင်ပြေချောမွေ့အောင် စီစဉ်ထားသည်ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

    တူရကီနိုင်ငံ၏လူဦးရေ ၉၉ ရာခိုင်နှုန်းမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ သို့သော် ခရစ်ယာန်နှင့် ဂျူးလူ့အဖွဲ့အစည်းများလည်း အနည်းငယ်ရှိသည်။

    ကျမ်းမြတ်ကုရ်အာန်တွင် အကြောင်းအရာအမျိုးမျိုးအတွက် ဖော်ပြထားသော ကဏ္ဍပုဒ်ရေပေါင်း ၁၁၄ ပါး ပါဝင်သည်။ ကလေးငယ်များကို သိတတ်စအရွယ်မှစပြီး ကျမ်းမြတ်ကုရ်အာန်နှင့်အစ္စလာမ့်စည်းမျဉ်းများကို သင်ကြားပေးရမည်မှာ မိဘတိုင်းအတွက် တာဝန်ဖြစ်သည်။ ထိုအရွယ်သည် အစ္စလာမ့်ကျင့်ဝတ်များကို မျိုးစေ့ချပေးရန် အကောင်းဆုံးကာလ ဖြစ်သောကြောင့်ဖြစ်၏။

    ကျမ်းမြတ်ကုရ်အာန်ကို အာဂုံဆောင်ခြင်းသည် ဖန်ဆင်းရှင်၏ဗျာဒိတ်သတင်းများကိုထိန်းသိမ်းရန် အခရာအကျဆုံးနည်းလမ်းတစ်ခုအဖြစ်ပါဝင်သည်။

    အခြားသောနည်းလမ်းများမှာ ပြင်ပတွင်လည်းကောင်း အင်တာနက်ပေါ်တွင်လည်းကောင်း ကျမ်းဂန် ကျမ်းချက်များကို ပြုစုရေးသား ထုတ်ဝေဖြန့်ချိခြင်း၊ တစ်ပါးသူများထံ ဖတ်ရွတ်သရဇ္ဈာယ်ပြခြင်း စသည်တို့ ဖြစ်ကြသည်။

    “ အသင်တို့အနက် အကောင်းဆုံးလူသားမှာ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးသင်ယူ၍ အများကို ပြန်လည် သင်ကြားဖြန့်ဖြူးပေးသူပင်ဖြစ်၏ ” ဟု တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာခြင်းနှင့်မင်္ဂလာအပေါင်းသက်ရောက်ပါစေ) မှ မိန့်ကြားတော်မူခဲ့ပေသည်။

  • လူမျိုးရေး အကြမ်းဖက်မှု (ဆောင်းပါး)

    စက်တင်ဘာ၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- စိန်စံထိုက်

    Physicians for Human Rights

    ၂၀၁၂ ခုနှစ် မေလမှ စတင်၍ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုများ စတင်ပေါ်ပေါက်ခဲ့ရပါသည်။

    ရခိုင်ပြည်နယ်မှ အစပြု၍ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း၊ ဥက္ကံ၊ လားရှိုး၊ သံတွဲ၊ ပန်းတနော် စသော မြို့များတွင် အဆင့်ဆင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။

    ဤအကြမ်းဖက်မှုများကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဟု ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များအား မြေဇာပင်အဖြစ် အသုံးချခဲ့ခြင်းသာ ဖြစ်သည်။ အမှန်တော့ မြန်မာမွတ်စလင်မ်များသည် တိုင်းပြည်အကျိုး သယ်ပိုးခဲ့ကြသူများဖြစ်ကာ တိုင်းပြည်ထိခိုက်နစ်နာအောင် ၊ မြန်မာလူမျိုးများ ထိခိုက်နစ်နာအောင် မည်သည့်ကာလကမျှ မပြုလုပ်ခဲ့ကြပေ။ ဤသည်ကို မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်များ သိသကဲ့သို့ ယခုပြုလုပ်နေသော အကြမ်းဖက်ခေါင်းဆောင် နောက်ကွယ် ကြိုးကိုင်နေသူများလည်း သိကြပေသည်။

    နောက်ကွယ်ကြိုးကိုင်သော အုပ်စုသည် မြန်မာနိုင်ငံ၏ သံယံဇာတ အဆီအနှစ်ကို ၀ါးမြိုခဲ့ကြသူများ ဖြစ်သည့် အပြင် ပြည်သူ တစ်ရပ်လုံးအား ကြောက်မက်ဖွယ် သြဇာ အာဏာဖြင့် ထားရာနေ စေရာသွားစေနိုင်သော အာဏာရှင်စနစ်ကို မက်မောကာ သူတို့ဘာလုပ်လုပ် ငြိမ်ဝပ်ပိပြား နင်းပြားများဘ၀တွင်သာ ရှိစေလိုသောကြောင့် ဒီမိုကရေစီ ဟူသည် သူတို့အတွက် ခါးသီးမုန်းတီးသော စနစ်တစ်ခုဟု အကြွင်းမဲ့ ယုံကြည်ထားကြပေသည်။

    ယခုအခါ ကျင့်သုံးနေသော ဒီမိုကရေစီ ခေတ်ဦးကာလမှာပင် ရဟန်းရှင်လူ ကျောင်းသာပြည်သူတို့၏ တောင်းဆိုမှုများ  ၊ ဆန္ဒဖေါ်ထုတ်မှုများသည် သူတို့စားမည့် အဆီတ၀င်းဝင်းဖြစ်သည့် စားသောက်ဖွယ်များကို သဲနှင့်ပက်သည်ဟု ယုံကြည်ကာ တောက်တချက်ချက်ခေါက်၍ ဒေါသမှာ ငယ်ထိပ်ရောက်နေသော အခြေအနေ ဖြစ်ပေသည်။

    ယခု ဒီမိုကရေစီ ခေတ်ဦးကာလမှာပင် သူတို့အတွက် အောက်ပါ ရပိုင်ခွင့်များ ဆုံးရှုံးနေကြရသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

    ၁။ မြစ်ဆုံ စီမံကိန်း ရပ်နားခဲ့ရခြင်း
    ၂။ ဦးပိုင်၏ လုပ်ပိုင်ခွင့်နှင့် အကျိုးအမြတ်များ လျော့နည်းလာခြင်း
    ၃။ ယခင်အာဏာရှင် လက်ထက်က သိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ခွဲဝေပေးဆပ်နေရခြင်း။
    ၄။ လက်ပံတောင်းတောင် စီမံကိန်းမှ အကျိုးအမြတ်မျိုး လျော့နည်းလာခြင်း။
    ၅။ တိုင်းရင်းသားများမှ ဖက်ဒရယ်မူ ကို အပြင်းအထန် တောင်းဆိုလာခြင်း။
    ၆။လူတန်းစား အလွှာအသီးသီးမှ မတရားမှုများကို ပြောင်ပြောင်တင်းတင်း လူအုပ်စုဖြင့် ဆန္ဒဖေါ်ထုတ်လာခြင်း။
    ၇။ စာနယ်ဇင်း မီဒီယာများမှ ယခင်ကထက် လွတ်လပ်စွာ ဝေဖန်ရေးသားမှုများ ပြုလာခြင်း။
    ၈။ လူမျိုး ဘာသာပေါင်းစုံမှ နိုင်ငံရေးပါတီများဖွဲ့ခြင်း၊ သမဂ္ဂ များ၊ ကွန်ယက်များ တွင်ကျယ်စွာ ဖွဲ့စည်း၍ ပြည်သူအချင်းချင်း ကူညီထောက်ပံ့ကာ စည်းလုံးညီညွှတ်မှု ပိုမိုအားကောင်းလာခြင်း။
    ၉။ NLD ကဲ့သို့သော အတိုက်အခံများ ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အတွင်း ပါဝင်ပက်သက်လာခြင်း။
    စသော အကျိုးတရားများသည် စစ်အာဏာရှင် တိုင်းပြည် ဂုတ်သွေးစုပ်သူများအတွက် နေမထိ ထိုင်မသာ ဖြစ်ရသော အခြေအနေများသာ ဖြစ်ပါသည်။

    သို့ဖြစ်၍ လူမျိုးရေး အကြမ်းဖက်မှုကို မခိုင်လုံသော ဖြစ်စဉ် အကြောင်းအရာများဖြင့် အခြေခံ၍၊ ဆင်ခြင်တုံတရားမဲ့စွာ ပြောင်ပြောင်တင်းတင်း  လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။

    ထိုကဲ့သို့ လူမျိုးရေး အကြမ်းဖက်မှုများသည် အားနည်းသော အုပ်စုတစ်စုကို ဒရစပ် တိုက်ခိုက်ခြင်းကြောင့် လတ်တလောတွင် အောက်ပါ အကျိုးအမြတ်များကို ရရှိခံစားနေကြရပြီး ဖြစ်ချေသည်။

    ၁။ ဗုဒ္ဓဘာသာ ရဟန်းသံဃာအချင်းချင်း အုပ်စုကွဲများ ဖြစ်ပေါ်စေခြင်း။
    ၂။ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားထားမှုများ နည်းပါး၍ စည်းရုံးရေးလျော့ပါးလာခြင်း။
    ၃။  အကြမ်းဖက်မှု ဖြစ်သော ဒေသများရှိ အတိုက်အခံအုပ်စုများအား တရားခံဟု စွပ်စွဲ၍ ဖမ်းဆီးအရေးယူခြင်း
    ၄။ ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ပြင်ဆင်မှု လျော့နည်းလာခြင်း။
    ၅။ ၄င်းတို့၏ မိတ်ဆွေဖြစ်သော ၊ တိုင်းပြည်ကို အပိုင်စီးရန် ကြံစည်ကာ မြန်မာနိုင်ငံကို ကောင်းကျိုးမပေးခဲ့သော တရုတ်တို့၏  မတရားမှုများကို အလိုအလျောက် ဖုံးကွယ်ပြီးသားဖြစ်ခြင်း။ စသည် ကဲ့သို့သော အကျိုးထူးများ ရရှိခံစားလျှက်ရှိကြပါသည်။

    တိုင်းရင်းသား နိုင်ငံသား ပြည်သူများ ခင်ဗျား။

    မြန်မာနိုင်ငံကို နှစ်ငါးဆယ်ကျော် ဂုတ်သွေးစုပ် မကောင်းကြံကာ ပြည်သူများ ဆင်းရဲတွင်းနက်အောင် ပြုလုပ်နေသော နောက်ကွယ်မှ ကြိုးကိုင်သူများ၏ အကြံအစည်များ ရပ်ဆိုင်းသွားစေရန် ပြည်သူတစ်ရပ်လုံးမှ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ ပြည်နယ်အသီးသီးတွင် အောက်ပါအတိုင်း အမြန်ဆုံး စုစည်းညီညွတ်စွာဖြင့် ကာကွယ်ဆောင်ရွက်ခြင်း ပြုလုပ်ကြရမည် ဖြစ်ပါသည်။

    ၁။ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ လူမျိုး ဘာသာမရွေး၊ အိုးအိမ်များ ပျက်စီး၍ ၊ စီးပွါးရေးလုပ်ငန်းများ ရပ်ဆိုင်းသွားစေသော အကြမ်းဖက် ပဋိပက္ခ များကို သယ်ဆောင်လာသော နောက်ကွယ် ကြိုးကိုင်သူများ၏ ကြေးစား လူရမ်းကားများကို ပြတ်ပြတ်သားသား တွန်းလှန် နှိမ်နင်းရန် ဒေသခံများ စုပေါင်း၍ ညီညီညွတ်ညွတ်  လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။

    ၂။ ဒေသအတွင်းရှိ မြို့နယ် ရပ်ကွက်များတွင် သံဃာတော်များ၊ ဘာသာပေါင်းစုံ၊ အလွှာ အသီးသီးမှ လူပုဂ္ဂိုလ်များ ဦးဆောင်၍ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်သမား တားဆီးနှိမ်နင်းရေး အဖွဲ့များ ဖွဲ့စည်း၍ အင်အားအပြည့်ဖြင့်  တားဆီးနှိမ်နင်းရန် အထူး လိုအပ်လျှက်ရှိပါသည်။

    ၃။ ယခု ဖြစ်ပေါ်နေသော အကြမ်းဖက် ပရိပက္ခ များသည် ပြည်သူတို့ လိုလားသော ဒီမိုကရေစီ စနစ်ပျောက်ဆုံး၍ စစ်အာဏာများ ပြန်လည် သက်ရောက် လာနိုင်သောကြောင့် ပြည်သူများ ဆင်းရဲတွင်း နက်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ဆုံးဖြတ် လုပ်ကိုင်ကြရမည် ဖြစ်သည်။

    ၄။ ယခုဖြစ်ပေါ်နေသော နေအိမ်များကို မီးရှို့ခြင်းသည် ဒီမိုကရေစီစနစ်ကို မီးရှို့နေခြင်းဖြစ်သည်ဟု ပြည်သူတစ်ရပ်လုံးမှ ယုံယုံကြည်ကြည် ခံယူထားရှိရန် အထူးလိုအပ်ပါသည်။

    စစ်အာဏာကို ပြန်လည်အသက်သွင်းသူများ (အလိုမရှိ)

  • စက်တင်ဘာ ၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    စက်တင်ဘာ ၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    M-Media
    စက်တင်ဘာ ၄၊ ၂၀၁၃

    ယခုလအတွင်း ထပ်တွေ့မည့် မြန်မာအစိုးရနှင့် KIA

    မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ယခု စက်တင်ဘာလအတွင်းတွင် ထပ်မံ၍ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း ဧရာဝတီသင်းဌာနမှာ ဖော်ပြပါရှိပါတယ်။
    …………………………………………
    ဆက်သွယ်ရေးကွန်ရက်များ မရောထွေးစေရန် ရန်ကုန်နှင့် နေပြည်တော်ရှိ ဖုန်းလိုင်းများလဲလှယ်မည်

    ရန်ကုန်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းလိုင်း ၃-သန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Huawei ကုမ္ပဏီတို့ ပူးပေါင်း၍ လဲလှယ်တပ်ဆင်မည်ဖြစ်ပြီး အဆိုပါ လဲလှယ်ခြင်းကြောင့် ဒေသအတွင်းမတူညီသော ရေဒီယို ဆက်သွယ်ရေး ကွန်ရက်များ ရောထွေးမှု မရှိစေဘဲ ကောင်းမွန်လာမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားခဲ့ပါတယ်။
    …………………………………………
    စာနယ်ဇင်းကောင်စီသို့ သမ္မတမှ ကျပ်သိန်း ၅၀၀ လှူဒါန်းမှုအပေါ် စာနယ်ဇင်းကောင်စီရဲ့ ရပ်တည်ချက်

    သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို လှူဒါန်းခဲ့တဲ့ ငွေကျပ် သိန်း ၅၀၀ ဟာ အစိုးရရဲ့ အသုံးစရိတ်မှ လှူဒါန်းတာာဖြစ်လို့ လက်ခံရမှုအတွက် စာနယ်ဇင်းကောင်စီ၏ ရပ်တည်ချက်ကို ထိခိုက်မှာ မဟုတ်ပါဘူးလို့ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးက ပြောဆိုလိုက်တယ်ဆိုတာ ကမာရွတ်မီဒီယာရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
    …………………………………………
    ဆီးရီးယားအားစစ်ရေးအရအရေးယူရန် အနောက်နိုင်ငံများ၏ ပြင်ဆင်မှုအပေါ် ပူတင်သတိပေး

    ဆီးရီးယားနိုင်ငံအား စစ်ရေးအရအရေးယူရန် အမေရိကန်နှင့်အနောက်နိုင်ငံများ၏ ပြင်ဆင်နေမှုအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောကြားလိုက်သည်။ ဆီးရီးယားတပ်များ၏ ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်မှုအပေါ်လက်တုံ့ပြန်ရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမာက ဆီးရီးယားအား စစ်ရေးအရဒဏ်ခတ်အရေးယူသင့်သည်ဟု ပြောကြားခဲ့ခြင်းအား ဗလာဒီမာပူတင်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ပူတင်က အကယ်၍ ဆီးရီးယားအစိုးရအနေဖြင့် ဓာတုလက်နက်များအသုံးပြုသည်ဟု သက်သေပြနိုင်ခဲ့ပါက ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ စစ်ရေးဖြင့်ဖြေရှင်းမှုကို ကန့်ကွက်မှာမဟုတ်ကြောင်း၊ ကုလသမ္မဂ္ဂ၏ တောက်ခံမှုမရရှိဘဲ တိုက်ခိုက်ပါက ကျူးကျော်တိုက်ခိုက်ခြင်းသာဖြစ်လိ့မ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    http://www.bbc.co.uk/news/world-europe-23955655
    …………………………………………
    ဆီးရီးယားကိစ္စဆွေးနွေးရန် အီရန်သို့ ဂျပန်ဝန်ကြီးချုပ်၏ အထူးသံတမန်သွားရောက်မည်

    ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးမှ၏ အထူးသံတမန် မာဆာဟီကို ကိုမူရာမှာ ဆီးရီးယားနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပက်သက်၍ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် ဆွေးနွေးရန် အီရန်သို့သွားရောက်မည်ဟုသိရသည်။ နှစ်ရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် ဂျပန်အာဏာရ လစ်ဘရယ်ဒီုမိုကရက်တစ်ပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ ကိုမူရာမှာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်ဟု ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် ကျိုဒို သတင်းဌာနမှ ပြောကြားခဲ့သည်။ ကိုမူရာမှာ သောကြာနေ့တွင် ဂျပန်နိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
    http://news.xinhuanet.com/english/world/2013-09/04/c_132691033.htm
    ………………………………………….
    ဆီးရီးယားကိစ္စဆွေးနွေနေစဉ် ဂျွန်မက်ကိန်း ဖုန်းဖြင့် ပိုကာဂိမ်းကစားနေ

    အမေရိကန်နိုင်ငံ၏ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းမှာ အထက်လွှတ်တော်အတွင်း ဆီးရီးယားပဋိပက္ခနှင့် ပက်သက်၍ ဆွေးနွေးနေစဉ် ၎င်း၏ဖုန်းဖြင့် ပိုကာဂိမ်းကစားနေခဲ့သည်ဟု သိရသည်။ ဂျွန်မက်ကိန်းမှာ ဆီးရီးယားအားစစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရန် တိုက်တွန်းနေသူတစ်ဦးဖြစ်ကာ ယမန်နေ့ကပြုလုပ်ပြီး ၃ နာရီကြာမြင့်သည့် အမေရိကန် အဆင့်မြင့် အရာရှိများအစည်းအဝေးတွင် ၎င်းဂိမ်းကစားနေသည့်ပုံအား သတင်းထောက်တစ်ဦးမှ အမိအရရိုက်ကူးနိုင်ခဲ့ပြီး အင်တာနက်ပေါ်တွင်လွှင့်တင်ခဲ့သောကြောင့် ဂျွန်မက်ကိန်းမှာ လူအများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။
    http://www.channelnewsasia.com/news/lifestyle/poker-face-mccain-plays/801312.html
    ……………………………………………
    ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးထားသည့် အကျဉ်းသား တစ်ဦး ထောင်အတွင်းတွင် ဆွဲကြိုးချ အနေအထားဖြင့်သေဆုံးနေ

    အမျိုးသမီးသုံးယောက်အား ၁၀ စုနှစ်တစ်ခုနီးပါးကြာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ် အဓ္ဓမပြုကျင့်မှုဖြင့် တစ်သက်တကျွန်းနှင့် ထောင်ဒဏ် နှစ်တစ်ထောင် ကျခံနေရသူ အမေရိကန်နိုင်ငံသား အေရီယဲလ် ကက်စရိုမှာ ထောင်အတွင်း ဆွဲကြိုးချအနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။ ကက်စရိုအား အကျဉ်းခန်းအတွင်း ဆွဲကြိုးချအနေအထားဖြင့် တွေ့ရှိခဲ့ပြီး ထောင်တွင်းဆရာဝန်က ကြိးစားကုသခဲ့သော်လည်း ဆေးရုံ အရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထောင် အရာရှိများက ပြောကြားခဲ့သည်။ ၂၀၀၂-၂၀၀၄ နှစ်အများအတွင်းက ပျောက်ဆုံးခဲ့သည့် အမျိုးသမီးသုံးဦးအား ပြီးခဲ့သည့်မေလကမှ အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းရှိ ကက်စထရို၏နေအိမ်တွင် တွေရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ခဲ့သည်။
    http://www.bbc.co.uk/news/23955379
    ……………………………………………
    ယာဉ်ထိန်းရဲအကြီးအကဲဟောင်းအား ချစားမှုဖြင့် အင်ဒိုနီးရှားထောင်ဒဏ်ချမှတ်

    အင်ဒိုနီးရှားယာဉ်ထိန်းရဲအကြီးအကဲဟောင်းဖြစ်သူတစ်ဦးအား ချစားမှုဖြင့်ထောင်ဒဏ်ချမှတ်ခဲ့သည်ဟုသိရသည်။ အင်စပက်တာ ဗိုလ်ချုပ်ကြီး ဂျိုကို ဆူဆီလိုအား ချစားမှုနှင့် ငွေကြေးခ၀ါချမှုဖြင့် အင်ဒိုနီးရှားချစားမှုတိုက်ဖျက်ရေး တရားရုံးမှ ယမန်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
    Xinhua
    ………………………………………………..
    အာဖဂန်အစိုးရ၏ စစ်ဆင်ရေးတစ်ခုအတွင်း တာလီဘန် ၂၇ ဦးသေဆုံး

    အာဖရန်အစိုးရက တာလီဘန်သုတ်သင်မှု စစ်ဆင်ရေးကို နိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့နေ့နံနက်ပိုင်းကစတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွင်း တာလီဘန် ၂၇ ဦးသေဆုံးခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ “လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အာဖဂန်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ နေတိုးဦးဆောင်တဲ့ စစ်တပ်တွေ စုပေါင်းပြီး တာလီဘန်သုတ်သင်မှု စစ်ဆင်ရေးတွေ လုပ်ခဲ့ကြပြီး တာလီဘန်စစ်သွေးကြွ ၂၇ယောက် သေဆုံးခဲ့ပါတယ်” ပြည်ထဲရေးက နေ့စဉ်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
    http://news.xinhuanet.com/english/world/2013-09/04/c_132690741.htm

  • စက်တင်ဘာ ၄ အားကစားသတင်းများ

    M-Media
    စက်တင်ဘာ ၄၊ ၂၀၁၃
    ကိုလေး စုစည်းတင်ဆက်သည်။

    ၂ နှစ်အရင်ကဆို ရီဘာရီကို လူတွေက အရှင်လတ်လတ်မီးရှို့ချင်ကြပါတယ်။ (ပြင်သစ်နည်းပြ)

    တစ်ချိန်ကဆိုးသွမ်းမှုများကြောင့် မီဒီယာများ၏ပစ်မှတ်ဖြစ်ခဲ့ရသည့်ဘ၀မှ ဥရောပအကောင်းအဆုံး ဘောလုံးသမား တစ်ဦးအဖြစ်ပြောင်းလဲလာသည့် ရီဘာရီအား ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်က ချီးကျူးပြောကြားခဲ့သည်။  အသက် ၃၀ အရွယ်ရှိရီဘာရီမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ထိုစဉ်ကပြင်သစ်နည်းပြ ရေမွန်ဒိုမီနစ်ခ်ျနှင့် အတိုက်အခံဖြစ်ခဲ့သည့် ကစားသမားများထဲတွင်ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်အသင်းမှထုတ်ပယ်ခံခဲ့ရကာ အိမ်ပြန်ပို့ခံခဲ့ရပြီး မီဒီယာများနှင့် ပရိတ်သတ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသည်။ သို့သော်လည်း ရီဘာရီမှာ ၂၀၁၂-၂၀၁၃ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့်ရော်နယ်ဒိုတို့ကိုကျော်ဖြတ်ကာ ရရှိခဲ့သည်။ ဒက်စ်ချမ့်က “ဒီဆုဟာ ကမ္ဘာ့ကျော်ဆုတစ်ခုပါ။ သူအတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် လူတော်တော်များများက သူ့ကိုအရှင်လတ်လတ်မီးရှို့ချင်ခဲ့တယ်ဆိုတာကို ကျနော်တို့မေ့မှာမဟုတ်ပါဘူး။ အခုတော့လူတိုင်းက သူရဲ့အရည်အချင်းကိုသိနေကြပါပြီ။ ဖရန့်(ရီဘာရီ)လိုကစားသမားတစ်ယောက်ရှိနေတာဟာ ကျနော်တို့ပြင်သစ်အသင်းအတွက် အထောက်အကူဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
    http://www.goal.com/en/news/90/france/2013/09/03/4235862/two-years-ago-most-people-wanted-to-burn-ribery-alive?ICID=OP
    ………………………………………………….
    ဖယ်လိုင်နီမှာ မန်ယူအသင်းတွင်နာမည်ကြီးကစားသမားဖြစ်လာမည်ဟု မိုယက်စ်ဆို

    မန်ချက်စတာယူနိုက်တက်အသင်း၏နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က အပြောင်းအရွှေ့ဈေးကွက်မပိတ်မီလေးတွင်မှ ခေါ်ယူနိုင်ခဲ့သည့် ကွင်းလယ်လူ ဖယ်လိုင်နီမှာ မန်ယူအသင်းတွင် နာမည်ကြီးကစားသမားဖြစ်လာမည်ဟုယုံကြည်ကြောင်း ပြောဆိုလိုက်သည်။ ဖယ်လိုင်နီမှာ အဲဗာတန်အသင်းမှ ယူရို ၃၂.၅ သန်းဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အဲဗာတန်အသင်းတွင် ဖယ်လိုင်နီနှင့် ၅ နှစ်ကြာလက်တွဲခဲ့သည့် မိုယက်စ်က “တခြားလူတွေမှာမရှိတဲ့ အရည်အချင်းတွေဖယ်လိုင်နီမှာရှိပါတယ်။ သူမှာရှိတဲ့အရည်အချင်းတွေနဲ့ မန်ယူအသင်းမှာ နာမည်ကြီးကစားသမားဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
    http://www.goal.com/en/news/9/england/2013/09/03/4235894/moyes-fellaini-will-big-player-for-united?ICID=OP
    ………………………………………………..
    စပိန်အသင်းက ခေါ်ယူမှုအားမယုံကြည်နိုင်ဟု နာချိုပြော

    Nacho

    အသက် ၂၃ နှစ်အရွယ်ရှိ ရီးယဲလ်မက်ဒရစ်နောက်ခံလူ နာချိုဖာနန်ဒက်ဇ်က ၎င်းအား စပိန်လက်ရွေးစင်အသင်းမှ ရွေးချယ်ခဲ့ခြင်းအပေါ် မယုံကြည်နိုင်အောင်ဖြစ် ရသည်ဟု ပြောဆိုလိုက်သည်။ နာချိုမှာ ယခု သီတင်းပတ်အတွင်း ဖင်လန်အသင်းနှင့်ကစားမည့် စပိန်အသင်းအတွက် နည်းပြ ဒဲလ်ဘော့ စကေးက ရွေးချယ် လိုက်ခြင်းဖြစ်သည်။ “ရိုးရိုးသားသားပြောရရင် ကျနော်ယုံတောင်မ ယုံနိုင်ပါဘူး။ စစကြားကြားခြင်းမှာ ကျနော်မယုံခဲ့ပါဘူး။ ဒီမနက်သတင်းစာကိုကြည့်ပြီး ကျနော့်ဓာတ်ပုံနဲ့ သတင်းကိုတွေ့တော့မှသာ ကျနော်လက်ခံနိုင်ခဲ့တာပါ။ စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ရတာဟာ ကျနော့်အတွက် လက်ဆောက်တစ်ခုပါပဲ” ဟု နာချိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။
    http://www.goal.com/en/news/12/spain/2013/09/03/4236094/i-cant-believe-spain-call-nacho?ICID=OP
    …………………………………………………
    အဲဗာတန်အသင်းသို့အငှားဖြင့်ပြောင်းရွှေ့ရမှုအတွက် စိတ်မဆိုးဟု လူကာကူပြော

    ချယ်ဆီးအသင်းမှထွက်ခွာကာ ပထမဦးစားပေးနေရရာရမည့်အသင်းတွင် ကစားချင်သည့် လူငယ်တိုက်စစ်မှူးလူကာကူက အဲဗာတန်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ရခြင်းအတွက် အလွန်ပျော်ရွှင်မိသည်ဟုပြောဆိုလိုက်သည်။ လူကာကူမှာ အပြောင်းအရွှေ့နောက်ဆုံးရက်တွင်မှ အဲဗာတန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့သွားသူဖြစ်ပြီး ချယ်ဆီးမှထွက်ခွာလိုစိတ်မရှိဟု သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ “အဲဗာတန်အသင်းကိုပြောင်းရွှေ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျနော်မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို ဖတ်ရပါတယ်။ မဟုတ်ပါဘူး ကျနော်ပျော်ရွှင်နေပါတယ်” ဟု လူကာကူက ပြောကြားခဲ့သည်။
    http://www.goal.com/en/news/9/england/2013/09/03/4235954/lukaku-no-anger-over-everton-loan-move?ICID=OP
    …………………………………………………
    ၎င်း၏ထွက်ခွာမှုအား အာဆင်နယ်မှ ပိတ်ပင်ခဲ့သည်ဟု ဘန်တနာပြော

    အာဆင်နယ်အသင်း၏တိုက်စစ်မှူးဘန်တနာက ၎င်းမှာ တစ်ခုထက်ပိုသော ကလပ်အသင်းများနှင့် သဘောတူညီမှုများရရှိခဲ့သော်လည်း အာဆင်နယ်အသင်းက ပိတ်ပင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ဘန်တနာအား ခရစ္စတယ်ပဲလေ့စ်အသင်းက ခေါ်ယူလိုခဲ့သော်လည်း အာဆင်နယ်အသင်းက တိုက်စစ်မှူးအသစ်ရှာဖွေ၍မရလျှင် အသင်းမှထွက်ခွာခြင်းမပြုရန် ဘန်တနာအားပိတ်ပင်ခဲ့ဖူးသည်။ ဘန်တနာက ၎င်းမှာ ၂၀၁၃ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာခွင့်ပြုရန် အာဆင်နယ်အသင်းနှင့်သဘောတူထားကြောင်း ပြောကြားခဲ့သည်။
    http://www.goal.com/en/news/11/transfer-zone/2013/09/03/4235450/arsenal-blocked-my-exit-says-bendtner?ICID=OP
    …………………………………………………
    အက်ဖ်စီ ဇူးရစ်ခ်ျမှ လူငယ်ကစားသမားအား မန်ယူခေါ်ယူခဲ့

    မန်ယူအသင်းသည် အက်စ်စီဇူးရစ်ခ်ျအသင်းမှ အသက် ၁၇ နှစ်အရွယ်လူငယ်နောက်ခံလူ ဆိုက်ဒီဂျန်ကိုအား ခေါ်ယူခဲ့သည်ဟုသိရသည်။ မန်ယူအသင်းမှာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
    http://www.goal.com/en/news/11/transfer-zone/2013/09/03/4235630/manchester-united-sign-janko-from-fc-zurich?ICID=OP
    ………………………………………………….
    ဘရုမာအား ဂါလာတာစာရေးခေါ်ယူ

    တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ စပို့တင်းလစ္စဘွန်းအသင်း၏ တောင်ပံကစားသမား ဘရူမာအား ခေါ်ယူလိုက်ပြီဟုသိရသည်။ ပေါ်တူဂီ ယူ၂၀ အသင်း၏ ကစားသမားဖြစ်သူ အသက် ၁၈နှစ်အရွယ်သာရှိသေးသည့် ဘရုမာအား ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
    http://www.goal.com/en/news/11/transfer-zone/2013/09/03/4235545/official-galatasaray-sign-bruma-for-10m?ICID=OP
    …………………………………………………..
    ဂျိုကိုဗစ်၊ ၀ါဝရင်ကာ ယူဇနီတို့ အယူအက်စ်အိုးပင်း ကွာတားဖိုင်နယ်သို့တက်ရောက်

    ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များတွင် ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်၊ ၀ါဝရင်ကာနှင့်၊ ယူဇနီတို့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟုသိရသည်။

    ဂျိုကိုဗစ်မှာ စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာအား ၆-၃၊ ၆-၀၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ်မှာ ဂရန်းစလမ်း ဆုဖလားအား ၆ ကြိမ်ရရှိထားပြီး ၂၀၁၁ခုနှစ်က ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သူဖြစ်သည်။

    နိုင်ခြေအဆင့် ၉ ရှိ ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ချက်တင်းနစ်သမား သောမက်စ် ဘာဒစ်ခ်ျအား အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ ဘာဒစ်ခ်ျအား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း သုံးပွဲဆက်အနိုင်ရခဲ့ကာ ၃-၆၊ ၆-၁၊ ၇-၆(၈-၆)၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘာဒစ်ခ်ျအား ၆ ကြိမ်မြောက်အနိုင်ရခဲ့သည့် ၀ါဝရင်ကာက “သောမတ်စ်(ဘာဒစ်ချစ်)နဲ့ ကစားရတာ အမြဲတမ်းခက်ခဲပါတယ်။ သူဟာ ပြိုင်ဘက်တွေကိုအမြဲတမ်းဖိအားပေးတတ်ပါတယ်။ ဒီလိုအနိုင်ရရှိတဲ့အတွက် ကျနော်အရမ်းပျော်ပါတယ်။ ဒီညဟာ ကျနော်ဘယ်တော့မှ မမေ့မှာမဟုတ်တဲ့ ညတစ်ညပါပဲ” ဟု ပြောကြားခဲ့သည်။

    စတုတ္ထအဆင့်အခြားပွဲစဉ်တစ်ခုဖြစ်သည့် မစ်ဟေးလ် ယူဇနီနှင့် လေတန်ဟေးဝစ်တို့ပွဲစဉ်တွင် ရုရှားတင်းနစ်သမား ယူဖနီက သြစတေးလျ တင်းနစ်အကျော်အမော် ဟေးဝစ်အား အနိုင်ရရှိရန် လေးနာရီနီးပါးကစားခဲ့ရပြီး ၆-၃၊ ၃-၆၊ ၆-၇(၃-၇)၊ ၆-၄၊ ၇-၅ ဖြင့် ပွဲသိမ်းခဲ့သည်။ ဟေးဝစ်မှာ ၂၀၀၁ ခုနှစ်က ယူအက်စ်အိုးပင်းချန်ပီယံဘွဲ့ကိုဆွတ်ခူးခဲ့သူဖြစ်ပြီး ယူဇနီမှာ အမြင့်ဆုံး ဆီးမီးဖိုင်နယ်သို့သာ နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။

    ဂျိုကိုဗစ်နှင့် ယူဇနီတို့မှာ ကွာတားဖိုင်နယ်တွင်တွေ့ဆုံရမည်ဖြစ်ပြီး ၀ါဝရင်ကာမှာ အန်ဒီမာရေးနှင့် ဒန်းနစ် အက်စ်တိုမင်တို့၏ စတုတ္ထအဆင့်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ကွာတားဖိုင်နယ်တွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    …………………………………………….
    ဆရီနာနှင့် လီနာတို့ ဆီမီးဖိုင်နယ်ရောက်ပြီ

    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် တရုတ်တင်းနစ်မယ် လီနာတို့ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားကြပြီဟုသိရသည်။

    ဆရီနာမှာ စပိန်တင်းနစ်မယ် ကာလာဆွာရက်ဇ် နာဗာရိုအားအနိုင်ရရှိခဲ့သည်ဟုသိရသည်။ ၅၂ မိနစ်သာကြာမြင့်ခဲ့သည့်အဆိုပါပွဲစဉ်တွင် ဆရီနာက နာဗာရိုအား ၆-၀၊ ၆-၀ ဖြင့် သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရာသီဥတုအခြေအနေက သူမအား အသာရစေခဲ့သည်ဟုဆိုခဲ့သည့် ဆရီနာက “သူ(ဆွာရက်ဇ်)ဟာ ကစားသမားကောင်းတစ်ယောက်ပါ။ ရာသီဥတုအခြေအနေက ဆိုးရွားနေခဲ့ပြီး ဒီနေ့ သူရဲ့အကောင်းဆုံးပုံစံမရခဲ့ပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

    နိုင်ခြေအဆင့် ၅ ရှိ တရုတ်တင်းနစ်မယ် လီနာမှာလည်း ရုရှားတင်းနစ်မယ် အီကက်သရီနာ မာကာရိုဗာအား ၆-၄၊ ၆-၇(၇-၅)၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့တက်ရောက်သွားပြီဟုသိရသည်။ ထို့ကြောင့်လီနာမှာ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲသို့ ပထမဦးဆုံးတက်ရောက်နိုင်ခဲ့သည့် တရုတ်တင်းနစ်မယ်တစ်ဦးဖြစ်လာခဲ့သည်။ “ကျမအမြဲတမ်း နံပါတ် ၁ ဖြစ်ချင်ခဲ့တာပါ။ ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်ကိုပထမဦးဆုံးရောက်ရှိခဲ့တာဟာ တကယ့်ကို့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ဒီနှစ်အတွက်နောက်ဆုံး ဂရန်းစလမ်းပြိုင်ပွဲကြီးပါပဲ။ ဒါပေမယ့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ဖို့ တိုက်ပွဲဝင်သွားမှာပါ” ဟု လီနာက ပွဲအပြီးတွင် ပျော်ရွှင်စွာ ပြောကြားခဲ့သည်။
    skysports/Xinhua