News @ M-Media

တရုတ်ပြည်တွင် အဆိပ်သင့် ငါးသေများ ကီလိုဂရမ် တစ်သိန်း အထိတွေ့ရှိ

စက်တင်ဘာ- ၆ ရက်၊ ၂၀၁၃
M-Media

Dead fish float on the Fuhe river

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများက အနီးဝန်းကျင်ရှိ ဓာတုစက်ရုံ၏ အမိုးနီးယားဓာတ် နှင့် လေထု ညစ်ညမ်းမှုပြဿနာများကြောင့် တိရစ္ဆာန်များ သေဆုံးနေရသည်ဟု ဆိုလိုက်သည်။

ကီလိုဂရမ် တစ်သိန်း (ပေါင်ချိန်အားဖြင့် ၂၂၀,၀၀၀)ရှိ ငါးသေများကို ဆယ်ယူခဲ့ရကြောင်း၊ ထိုငါးများသည် ဓာတုစက်ရုံတစ်ခုမှ အမိုးနီးယားဓာတ်ကြောင့် သေဆုံးခဲ့ရကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။ နိုင်ငံပိုင်မီဒီယာမှလည်း လေထုညစ်ညမ်းမှု ပမာဏကြီးထွားနေသည်ဟု နှိုးဆော်ပြောကြားလိုက်သည်။

ဟူပေပြည်နယ် သဘာ၀၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ဖူဟယ်မြစ်အတွင်း တနင်္လာနေ့က ယင်းအဖြစ်ကို တွေ့ရှိရကြောင်း၊ ၄င်းမှာ ဒေသခံ Hubei Shuanghuan Science and Technology Stock Co မှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စက်ရုံထွက် အမိုးနီးယားသိပ်သည်းဆမှာ သတ်မှတ်စံညွှန်းပမာဏထက်လွန်ကဲနေသည်ဟု သုံးသပ်သော်လည်း ကုမ္ပဏီမှ မည်သည့်တုန့်ပြန်ပြောကြားမှု မှတ်ချက်မပေးခဲ့ချေ။

ဆယ်စုနှစ်သုံးခုအတွင်း စီးပွားရေးဖွံ့ဖြိုးကြီးထွားလာသည်နှင့်အမျှ အလုပ်ရုံစက်ရုံများကို ထိန်းချုပ်ကိုင်တွယ်မှုအားနည်းခြင်း နှင့် စံချိန်စံညွှန်းသတ်မှတ်ချက်၌ပေါ့လျော့ခြင်း တို့က တရုတ်နိုင်ငံအဖို့ လေထုညစ်ညမ်းမှုပြဿနာကို ပိုမိုဆိုးဝါးလာစေသည်။ မြစ်ချောင်းများ အတွင်း တိရစ္ဆာန်သေဆုံးနေမှုများအပါအ၀င် ထူးခြားသည့်ဖြစ်ရပ်များသည် လေထု ညစ်ညမ်းမှုနှင့် လယ်သမားများ အဖို့ သားငါးအာဟာရ ရှားပါးလာခြင်းသာမက သောက်သုံးရေသန့်ရှင်းရေး အတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့သည်။

ယခုနောက်ဆုံးဖြစ်ရပ်က တံငါသည် ၁၆၀၀ နေထိုင်လျက်ရှိသည့် ဟွမ်ဟွားလောင်ရွာအနီးတ၀ိုက်အား ထိခိုက်နစ်နာစေသည်ဟု ကျေးရွာကွန်မြူနစ်ပါတီအတွင်းရေးမှူး ၀မ်ဆန်ကျင်း မှ ပြောဆိုသည်။

“ ငါးသေတွေ မြစ်တစ်ပြင်လုံးမှာ ဖုံးလွှမ်းနေတာဖြင့် ဆီးနှင်းတွေ ဖွေးဖွေးထ ကျထားတဲ့အတိုင်းပါဘဲ။ ရွာမှာ ငါးဖမ်းလှေ ၁၅၀ လောက်ရှိနေတယ်။ ဒီဖြစ်ရပ်ကြောင့် နေ့စဉ် ယွမ်ငွေ ခုနှစ်သောင်း(ပေါင်စတာလင် ငါးသောင်းကိုးထောင်) အထိ ဆုံးရှုံးနစ်နာမှု ဖြစ်သွားနိုင်ချေရှိနေပါတယ် ”။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ လူထုအနေနှင့် ငါးသေများကို မစားကြရန် သတိပေးသော်လည်း သောက်သုံးရေ၌ ဘေးမရှိပါဟု ဆိုသည်။ ကုမ္ပဏီ၏ လုပ်ငန်းစဉ်အား ခေတ္တရပ်ဆိုင်း၍ လေထု ညစ်ညမ်းမှုပြဿနာအား ဦးစွာ စိစစ်ဆောင်ရွက်ရန် အမိန့်ထုတ်ထားသည်။

မြစ်ကြောင်း၏ ၂၅ မိုင်အကွာအဝေးအတွင်း ကီလိုဂရမ် တစ်သိန်းဝန်းကျင်ရှိ ငါးသေများကို ရှင်းလင်းထားပြီးဖြစ်သည်ဟု နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။ သို့သော် ငါးသေများ၏အရေအတွက်ကိုမူ မပြောဆိုခဲ့ချေ။ အလွန်အင်မတန်များပြားသည့် ပမာဏဟူ၍သာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ အတည်ပြုထား၏။

(ဓာတ်ပုံစာညွှန်း – တရုတ်ပြည်၊ ဟူပေပြည်နယ်ရှိ ဖူဟယ်မြစ်ပေါ်တွင် တွေ့ရသည့် ငါးသေများ)
Ref:  The Guardian

Comments

Leave a Reply