News @ M-Media
Blog
  • ဘာသာကြီး နှစ်ခုအကြား ဆွေးနွေးမည့် “သင့်မြတ်သူများပွဲတော်”
    စက်တင်ဘာ ၂၊ ၂၀၁၃
    M-Media
    KK
    MB_Eng(print)
    ရန်ကုန် ။ ။ မြန်မာနိုင်ငံအတွင်း ကွဲပြားသော ဘာသာတရားများအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အကြား ဆွေးနွေးပွဲကို သင့်မြတ်သူများပွဲတော်အမည်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ သင့်မြတ်သူများပွဲတော် ဆွေးနွေးပွဲအား စက်တင်ဘာလ ၇-ရက်နေ့၊ နေ့လည် ၁း၃၀-နာရီမှ ၃း၃၀ နာရီအထိ၊ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း၊ ဗဟန်းအားကစားကွင်းရှိ M3 Food Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
    ၎င်းဆွေးနွေးပွဲတွင် မလေးရှာနိုင်ငံမှ ဒေါက်တာ ချန်ဒရာမူဇာဗာ အပါအ၀င် အရှင် ဓမ္မာစရိယစာရ၊ ဒေါက်တာမြင့်သိန်း၊ ကိုတာ တို့မှ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ကိုမင်းဇင်မှ ကူညီဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။
  • စက်တင်ဘာ ၂- ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို စုစည်းမှု
    စက်တင်ဘာ ၂- ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို စုစည်းမှု
    M-Media
    စက်တင်ဘာ ၂ ရက်၊ ၂၀၁၃
    လားရှိုး မန်ဆူကျောင်းရှိ သံဃာတော်များအား မွတ်စလင်မ်များမှ ကျန်းမာရေးစောင့်ရှောက်မှုပေး
    ၂၀၁၂-ခု မေလက ဖြစ်ပွားခဲ့သော လားရှိုးမြို့ အကြမ်းဖက်မှုများနောက်ပိုင်း မတူကွဲပြားသူများအကြား ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်ခံများအား ခိုလှုံခွင့်ပေးခဲ့သော မန်ဆူကျောင်းဆရာတော်၊ ဆေးဘက်ဆိုင်ရာ တပ်မတော်သားများ၊ မွတ်စလင်မ်မိဘမဲ့ကျောင်း၏ နာယက ဒေါက်တာတင်အောင်နှင့် ဆေးအဖွဲ့သည် မန်ဆူကျောင်းရှိ သံဃာတော် အပါး ၂၀၀-ကျော်၏ ကျန်းမာရေးအတွက် စစ်ဆေးကုသမှုများကို သြဂုတ်လ ၃၁-ရက်နေ့က သွားရောက် ကြည့်ရှုကုသပေးခဲ့သည်။
    (မြန်မာ့ခေတ်)
    ……………………………………………………
    ဒေးဒရဲတွင် လေဆင်နှာမောင်း တိုက်ခတ်
    ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အကယ်ချောင်းဝကျေးရွာတွင် သြဂုတ်လ ၃၀-ရက် ညနေ ၆-နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းဆောင် ၃-ခုနှင့် ကျေးရွာရှိ အိမ်ခြေ ၆-လုံး ပျက်စီးသွားပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ပေ။
    ……………………………………………………
    တရုတ်ပြည်ကို သွားရောက်ပြန်တဲ့ သမ္မတ ဦးသိန်းစိန်
    သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ စက်တင်ဘာ ၂-ရက်နေ့ နေ့လည် ၂း၃၀ နာရီမှာ တရုတ်နိုင်ငံသို့ နန်းနင်းမြို့ရှိ လိယွမ်ဧည့်ဂေဟာမှာ တရုတ် ကွန်မြူနစ်ပါတီ၊ ကွမ်ရှီးပြည်သူ့ ကွန်ဂရက် အတွင်းရေးမှူး Mr. Peng Qinghua နှင့် တွေ့ဆုံပြီး မြန်မာနှင့် ကွမ်ရှီးဒေသအကြား လယ်ယာကဏ္ဍ၊ လေကြောင်းလိုင်းများ အပြန်အလှန်ပြေးဆွဲရေး အပါအ၀င် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဖော်ဆောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
    ……………………………………………………
    သံတွဲမြို့ရောက် မစ္စတာ နမ်ဘီးယား
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အခိုက် ဒီနေ့မှာတော့ သံတွဲမြို့ကို ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သလို မွတ်စလင်မ်များနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။
    ……………………………………………………
    အိန္ဒိယက စိုးရိမ်နေတဲ့ မြန်မာတပ်ရဲ့ နယ်စပ် တပ်စွဲမှု
    မြန်မာစစ်တပ်က နယ်စပ်မှာ ယာယီစစ်စခန်းဆောက်တာကြောင့် အိန္ဒိယနိုင်ငံက စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်က တပ်စွဲလာတဲ့ မဏိပူရပြည်နယ်နဲ့ နယ်နိမိတ်ခြင်းဆက်စပ်နေတဲ့ ၂၄၇-မိုင် ရှည်တဲ့ နယ်နမိတ်ကို နယ်စပ်စည်းမျဉ်း သတ်မှတ်နိုင်ဖို့လည်း ၂-နိုင်ငံအစိုးရကြားမှာ ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
    ……………………………………………………
    ကျူးကျော်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည်ဟု အာဆတ်ဆို
    ဆီးရီးယားသမ္မတ ဘာရှာ အလ် အာဆတ်က ဆီရီးယားမှာ ပြည်ပကတိုက်ခိုက်လာမှုများအား ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည်ဟုပြောဆိုလိုက်သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆီးရီးယားပြဿနာအား စစ်ရေးဖြင့်ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီးနောက် အာဆတ်က ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
    http://www.aljazeera.com/news/middleeast/2013/09/201391131154776164.html
    ……………………………………………………
    ဆီးရီးယားအား ကုလမှအရေးယူရန် အာရပ် လိဂ်တိုက်တွန်း
    အာရပ်လိဂ်၏ နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးနိုင်ငံတွင်ဖြစ်ပွားနေသည့်ပြည်တွင်းစစ်တွင် ဓာတုလက်နက်များအသုံးပြုမှုကို ကုလနှင့် နိုငံတကာအသိုင်းအ၀ိုင်းမှ တားဆီးဟန့်တားရန် တိုက်တွန်းလိုက်သည်။ “ကုလသမ္မဂ္ဂ၏ ပဋိဥာဏ်နှင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ လိုအပ်သောဟန့်တားမှုများပြုလုပ်ခြင်းဖြင့် မိမိတို့၏တာဝန်များကို ကျေပွန်ကြရန် ကမ္ဘာ့ကုလသမ္မဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအား ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်” ဟု ကိုင်ရိုမြို့တွင် ယမန်နေ့ကကျင်းပခဲ့သည့် အစည်းအဝေးတွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
    http://www.aljazeera.com/news/middleeast/2013/09/20139118235327617.html
    …………………………………………………..
    ဂျပန်နိုင်ငံတွင် အပူချိန်လွန်ကဲမှုစံချိန်တင်
    ဂျပန်နိုင်ငံတွင် အပူလွန်ကဲမှုကြောင့် လူတစ်ဒါဇင်ခန့်သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူထောင်းပေါင်းများစွာမှာလည်း ဆေးရုံများတွင် ဆေးကုသမှုခံနေရသည်ဟုသိရသည်။ ယခုနှစ်ဇွန်လမှ သြဂုတ်လအထိ အပူချိန်မှာ လွန်ခဲ့သည့်နှစ်များကထက် ၁.၂ ဆဲလ်စီးယပ်စ် ပိုခဲ့ပြီး ဂျပန်နိုင်ငံအနောက်ပိုင်းတွင် သြဂုတ်လ ၁၂ နေ့က ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့သည်ဟု ဂျပန်နိုင်ငံ မိုးလေ၀သအေဂျင်ဆီက ထုတ်ပြန်ခဲ့သည်။ အဆိုပါအပူချိန်မှာ ၂၀၀၇ ခုနှစ်က ရှိခဲ့သည့် ၄၀.၉ ဒီဂရီ ဆဲလ်စီးယပ်စ်ကိုကျော်ကာ သက်တမ်းတစ်လျှောက် အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့သည်။
    http://www.channelnewsasia.com/news/asiapacific/western-japan-records/798906.html
    …………………………………………………………
    ဖူကူးရှီးမား နျူးကလီးယား ဓာတ်ပေါင်းဖို ရှင်းလင်းရေး လုပ်ငန်းများကို အစိုးရမှ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု ရှင်ဇိုအာဘေးပြော
    ဂျပန်အစိုးရအနေဖြင့် ပျက်စီးသွားသော ဖူကူရှီးမား နျူးကလီးယားဓာတ်ပေါင်းဖို ရှင်းလင်းရေးအား မြန်မြန်ဆန်ဆန်နှင့် စနစ်တကျပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ဓာတ်ပေါင်းဖိုအားကိုင်တွယ်နေသည့်အော်ပရေတာ၏ စွမ်းဆောင်မှုအပေါ် စိုးရိမ်မှုများ များပြားလာချိန်တွင် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပေါင်းဖိုမှာ ၂၀၁၁ခုနှစ်တွင်ဖြစ်ပွားခဲ့သော ငလျင်ကြောင့်ပျက်ဆီးခဲ့ရခြင်ဖြစ်သည်။
    http://www.aljazeera.com/news/asia-pacific/2013/09/20139252341603840.html
    …………………………………………………………….
    ဆီရီးယားဒုက္ခသည်များအတွက် နယူးဇီလန်မှ အကူအညီများပေးပို့မည်
    နယူးဇီလန်နိုင်ငံမှ ဆီးရီးယားဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၆ သိန်းကျော် တန်ဖိုးရှိ အကူအညီများပေးပို့မည်ဟုသိရသည်။ “ဆီရီးယားနိုင်ငံတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ဆီရီးယားပြည်သူများကြုံတွေ့နေရသည့် နစ်နာဆုံးရှုံမှုများအတွက် နယူးဇီလန်နိုင်ငံမှ ပြင်းပြင်းထန်ထန်ရှုတ်ချသည်” ဟု နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး က တနင်္လာနေ့တွင် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
    http://news.xinhuanet.com/english/world/2013-09/02/c_132684732.htm
    ………………………………………………………..
    စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်ဖွယ်ရှိသည့် ဆန္ဒပြမှုအားကိုင်တွင်ရန် ကမ္ဘောဒီယား ရဲများအားအထူးသင်တန်းပေး
    ကမ္ဘောဒီယားဝန်ကြီးချုပ် ဟန်ဆန်၏ အာဏာရပါတီ အနိုင်ရရှိခဲ့သည့် ဂျူလိုင် ၂၈ ရက် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို အတိုက်အခံများက စက်တင်ဘာ ၇ ရက်နေ့တွင် မြို့တော် ဖနွမ်ပင်တွင်ပြုလုပ်ရန်ရှိနေပြီး၊ ထိုဆန္ဒပြပွဲအားကိုင်တွယ်ထိန်းသိမ်းရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား ဖနွမ်ပင်မြို့ရှိ ဒိုင်းမွန်းအိုင်းလန် စင်တာတွင် အထူး သင်တန်းပေးနေသည်ဟု သိရသည်။
    Xinhua
  • စက်တင်ဘာ ၂ ၊ အားကစားသတင်းများ
    စက်တင်ဘာ၂ ရက်၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    Fellaini
    အဲဗာတန်၏ ဖလိုင်နီ မန်ယူပြောင်းဖို့ ၈၀ ရာခိုင်နှုန်းသေချာ
    ဖလိုင်နီအား ဘယ်လ်ဂျီယံက မန်ယူနှင့်အပြောင်းအရွှေ့ကိစ္စပြီးပြတ်အောင်ဆောင်ရွက်ဖို့ ခွင့်ပေးလိုက်ကြောင်း သတင်းများက ဆိုသည်။ ဖလိုင်နီအနေဖြင့် အပြောင်းအရွှေ့ပိတ်သိမ်းဖို့ တာဆူနေချိန်တွင် အဲဗာတန်အား ဖိအားပေး၍ မန်ယူသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆို သွားမည် ဖြစ်ကြောင်း သတင်းများကဆိုသည်။ မန်ယူက ဖလိုင်နီအား ပေါင် ၂၃.၅ သန်းဖြင့် ကမ်းလှမ်းထားပြီး ယနေ့တွင် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဖွယ်ရှိကြောင်း ယူကေနာမည်ကြီး အင်ဒီပန်းဒန့်သတင်းစာက ဆိုသည်။
    ……………………………………………………………..
    ကစားသမားသုံးဦးအားခေါ်ယူရန် အာဆင်နယ်ကြိုးပမ်း
    အာဆင်နယ်အသင်းသည် ရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်ကြသည့် မီဆုအော်ဇေးလ်၊ အိန်ဂျယ် ဒီမာရီယာနှင့် စီးရီးအေကလပ် ပါလာမိုအသင်း၏တိုက်စစ်မှူး အေဘယ် ဟာနန်ဒက်တို့အား ခေါ်ယူရန်ကြိုးပမ်းနေသည်ဟု သိရသည်။ စုစုပေါင်း ပေါင်း သန်း ၈၀ ခန့်အသုံးပြုရန်ရှိနေပြီး၊ အော်ဇေးလ်က ရီးယဲလ်အသင်းတွင်သာ ဆက်လက်ကစား လိုသည်ဟု ပြောကြား လိုက်သည်။
    Daily Telegraph
    ……………………………………………………………..
    စပို့တင်းလစ္စဘွန်းအသင်း၏ နောက်ခံလူအလော်ရီအား လီဗာပူးလ်အသင်းခေါ်ယူ
    လီဗာပူးလ်အသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း၏နောက်ခံလူ တီယာဂို အလော်ရီအားခေါ်ယူခဲ့သည်ဟုသိရသည်။ အသက် ၂၀ အရွယ်ရှိအလော်ရီမှာ လီဗာပူးလ်အသင်း၏ ဆေးစစ်မှုကိုခံယူနေပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်နည်းပြ ရော်ဂျာခေါ်ယူခဲ့သည့် ၆ ဦးမြောက် ကစားသမားဖြစ်လာခဲ့သည်။ လီဗာပူးလ်အသင်းမှာ ပီအက်စ်ဂျီအသင်း၏ နောက်ခံလူ ဆာခိုအား ယနေ့ ည ၁၂ နာရီမတိုင်မှု ခေါ်ယူရန်ကြိုးပမ်းနေသည်။
    http://www.dailymail.co.uk/sport/football/article-2408688/Liverpool-sign-Sporting-Lisbon-defender-Tiago-Ilori.html
    …………………………………………………………….
    ကစားသမားအသစ်လေးဦးခေါ်ယူရန် မိုယက်စ် ပစ်မှတ်ထား
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ ဒေဗစ်မိုယက်စ်မှာ  အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားအသစ်လေးဦးခေါ်ယူလိုနေကြောင်းသိရသည်။ ထိုလေးဦးမှာ အဲဗာတန်အသင်းမှ မရော်နီ ဖယ်လိုင်နီနှင့် လေတန်ဘိန်း၊ အက်သလက်တီကိုမှ အန်ဒါဟာရီရာနှင့် ရိုးမားကွင်းလယ်လူ ဒီရော့စီတို့ဖြစ်ကြသည်။
    Manchester Evening News
    ………………………………………………………………
    ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းသည် ဂျာမန်ကလပ် ၀ါဒါဘရီမင်မှ သြစတြီးယားတိုက်စစ်မှူး မာကို အာနေတိုဗစ်အား ခေါ်ယူခဲ့သည်ဟုသိရသည်။ လေးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စတုတ်စီးတီးအသင်းမှ လေးယောက်မြောက်ခေါ်ယူသည့် ကစားသမားဖြစ်လာခဲ့သည်။
    http://www.goal.com/en/news/11/transfer-zone/2013/09/02/4231137/stoke-sign-arnautovic-from-werder-bremen?ICID=OP
    ……………………………………………………………….
    ကာကာအား အေစီမီလန်ခေါ်ယူ
    ရီးယဲလ်မက်ဒရစ်အသင်း၏ အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီးကွင်းလယ်လူ ကာကာအား စီးရီးအေကလပ် အေစီမီလန်အသင်းက ခေါ်ယူလိုက်သည်ဟုသိရသည်။ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ယနေ့နံနက်ပိုင်းက အေစီမီလန်အသင်း၏ ဥက္ကဌ အက်ဒရီယာနို ဂီလာနီနှင့် ကာကာ၏အေးဂျင့်ဖြစ်သူတို့ဆွေးနွေးခဲ့ကြပြီး ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ လိုက်ခြင်းဖြစ်သည်ဟု အေစီမီလန်အသင်း၏ ၀ဘ်စာမျက်နှာတွင်ဖော်ပြခဲ့သည်။ တစ်နှစ်လုပ်ခ ယူရို ၄ သန်းခန့် ရရှိမည်မည့် ကာကာမှာအေစီမီလန်အသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
    http://www.goal.com/en/news/11/transfer-zone/2013/09/02/4231203/official-ac-milan-sign-kaka?ICID=OP
    ………………………………………………………………….
    ဒီမစ်ချယ်လီအား မန်စီးတီးခေါ်ယူ
    မန်ချက်စတာစီးတီးအသင်းသည် အက်သလက်တီကိုအသင်း၏ နောက်ခံလူ မာတင် ဒီမစ်ချယ်လီအား ခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ ဒီမစ်ချယ်လီအား ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်းဖြင့် ၂ နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
    http://www.dailymail.co.uk/sport/football/article-2408362/Martin-Demichelis-signs-Manchester-City.html
    …………………………………………………………………
    အဒီဘာယောနှင့် အီကိုတိုတို့အား ကျူပီအာအလိုရှိနေ
    အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကျူပီအာအသင်းမှာ စပါးအသင်း၏တိုက်စစ်မှူး အဒီဘာယောနှင့် နောက်ခံလူဘီနွိုက် အီကိုတိုတို့အားခေါ်ယူရန် ကြိုးစားနေသည်ဟုသိရသည်။ ဒီဖိုးနှင့် လောဖ့်တတ် ရုဒ်တို့အားခေါ်ယူရန်ကြိုးပမ်းမှုမအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အဒီဘာယောနှင့် အီကိုတိုတို့ဘက်သို့ လှည့်လာခြင်းဖြစ်သည်။
    Daily Mirror
    ………………………………………………………………….
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ ဂျိုကိုဗစ်တက်ရောက်
    ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။ တတိယအဆင့်ပွဲစဉ်အဖြစ့် ဂျိုကိုဗစ်နှင့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့စာတို့ကစားခဲ့ကြပြီး ၁ နာရီ မိနစ် ၄၀ ကြာမြင့်သည့်အဆိုပါပွဲစဉ်တွင် ဂျိုကိုဗစ်က ၆-၀၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။
    http://www1.skysports.com/tennis/us-open/story/29393/8902365
    …………………………………………………………………..
    လီနာနှင့် ဆရီနာတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်နစ်ပြိုင်ပွဲ အမျိုးသမီးစတုတ္ထအဆင့်တွင် တရုတ်တင်းနစ်မယ် လီနာမှာ ကမ္ဘာ့နံပါတ် ၁ ဟောင်း ဂျလီနာ ဂျန်ကိုဗစ်အား ၆-၃၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။ နိုင်ခြေအဆင့် ၅ ရ လီနာမှာ မေလက အီတလီနိုင်ငံရောမမြို့တွင်ပြုလုပ်ခဲ့သည့် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျန်ကိုဗစ်အား  ရှုံးနိမ့်ခဲ့ပြီး ယခုအခါ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံမှာလည်း တစ်နိုင်ငံတည်းသူ ဆိုလိန်း စတီဖင်အား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။ ဆရီနာမှာ ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် သြစတေးလျအိုးပင်းတွင် စတီဖင်အား ရှုံးနိမ့်ခဲ့ဖူးပြီး ယခုပွဲတွင် ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဆရီနာမှာ ယခုလက်ရှိ ယူအက်စ်အိုးပင်းချန်ပီယံလည်းဖြစ်သည်။
    ကွာတားဖိုင်နယ်တွင် လီနာမှာ ရုရှားတင်းနစ်မယ် မာကရိုဗာနှင့်တွေ့ဆုံရမည်ဖြစ်ပြီး ဆရီနာမှာ စပိန်တင်းနစ်မယ် ကာလာ ဆွာရက်ဇ် နာဗာရိုနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
  •ှဆီးရီးယားအား တပ်ပေါင်းစုဖြင့် တိုက်ရန် အမေရိကန် ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးပြော
    စက်တင်ဘာ – ၂ ရက်၊ ၂၀၁၃
    M-Media
    Iranian Foreign Minister Mohammad Javad Zarif
    ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။
    “ အထူးအရေးကြီးအနေအထားဖြစ်လာယင် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်ခုတည်းကသာ တပ်ပေါင်းစုနဲ့အရေးယူဖို့ အခွင့်အာဏာပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီက လက်ခံအတည်ပြုဖို့လည်း လိုအပ်ပါတယ် ” ဟု ဇာရိဖ်က တနင်္ဂနွေနေ့တွင် ဆိုလိုက်သည်။
    ဓာတုလက်နက်များအသုံးပြုသည်ဟုဆို၍ ဆီးရီးယားအား စစ်ရေးအရအရေးယူရန် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက စနေနေ့တွင် ပြောကြားသည်သာမက ကွန်ကရက်၏လက်ခံမှုရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် စက်တင်ဘာ ၉ ရက်တွင် အမေရိကန်ဥပဒေပြုအမတ်များသည် ဤအရေးနှင့်စပ်လျဉ်း၍ အလွတ်သဘော အချေအတင်ဆွေးနွေးကြမည်ဖြစ်သည်။
    “ မစ္စတာအိုဘားမားဟာ မိမိဆန္ဒအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်းလဲဖို့ နဲ့ ဖွင့်ဆိုဖို့ အခွင့်မရှိပါဘူး။  ဒီအရေးနဲ့ပတ်သက်လို့ အိုဘားမားဟာ ရက်များစွာအချိန်ယူပြီး နှစ်ခါပြန်စဉ်းစားဖို့ အမြင်ကျယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ စစ်လိုလားသူလို့ အမြင်ခံနိုင်ကြမှာ မဟုတ်လို့ပါဘဲ ” ဟု ဇာရိဖ်က ထပ်မံ ပြောကြားခဲ့သည်။
    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးမွှေးရေးကိစ္စ၌ အများမှပါဝင်အောင်ကြိုးစားနေမှုမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ကြောင်း ၄င်းမှ ဆိုလိုက်သည်။
    သြဂုတ်လ ၂၁ ရက်နေ့တွင် ဒမတ်စကတ်မြို့စွန်ဖက်ရှိ အတိုက်အခံတို့၏အမာခံစခန်းများကို ဓာတုလက်နက်များဖြင့် သမ္မတ ဘရှားရ် အလ် အဆဒ်မှ တိုက်ခိုက်ခဲ့သည်ဟု ပြည်ပကျောထောက်နောက်ခံပြုအတိုက်အခံအင်အားစုများမှ စွပ်စွဲပြောဆိုလိုက်ပြီးနောက် စစ်ရေးအရအရေးယူရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။
    ယင်းသို့ဆိုပြီးနောက် အမေရိကန်နှင့်အပေါင်းအပါမဟာမိတ်တစ်စုမှ စစ်ရေးအရအရေးယူရန် အဆောတလျင် စီစဉ်ခဲ့ကြသည်။ အီရန်နှင့်အခြားနိုင်ငံများအုပ်စုကလည်း ဆီးရီးယားကို စစ်ဆင်စွက်ဖက်မည်ဆိုပါက ဒေသတစ်ခုလုံး စစ်မက်ဖုံးလွှမ်းသွားလိမ့်မည်ဟု သတိပေးထားကြသည်။
    MKA/AS
  • ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံပုံရိပ် ပြန်လည်တည်ဆောက်မှု
    စက်တင်ဘာ ၂ ရက်၊၂၀၁၃
    ရေးသားသူ -ဆွေမွန်
    temple-burnt-muslims-bazar copy
    ၂၆ နှစ်အရွယ် လူငယ်တစ်ယောက်က သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ မွတ်ဆလင်မ်တွေရဲ့ ကျမ်းစာ ကုရ်အာန်မီးရှို့ထားတဲ့ပုံ တင်မိရာက အစပြုပြီး ၂၀၁၂ စက်တင်ဘာ ၂၉ ၊ ၃၀ ရက်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်၊ ကောက်ဘဇားခရိုင်၊ ရာမူးမြို့မှာ မွတ်ဆလင်မ်တွေက ဗုဒ္ဓဘာသာဝင်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးတင်ရှို့မှုတွေဖြစ်ပွားခဲ့ပါတယ်။
    ဒီဖြစ်ရပ်ဟာ မွတ်ဆလင်မ်တွေက ဗုဒ္ဓဘာသာဝင်တွေပိုင်ဆိုင် ကိုးကွယ်တာတွေကို တိုက်ခိုက် အနိုင်ကျင့်မှု မရှိသလောက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် စွန်းထင်ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့သလို ဗုဒ္ဓဘာသာဝင်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးတင်ရှို့မှုကို ဆန့်ကျင် ကန့်ကွက်ကြောင်း အစိုးရ၀န်ကြီးတွေကိုယ်တိုင် ထုတ်ဖော်ပြောဆိုကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
    ဖေ့စ်ဘုတ်ပေါ်မှာ မွတ်ဆလင်မ်တွေရဲ့ ကျမ်းစာ ကုရ်အာန်မီးရှို့ထားတဲ့ပုံ တင်မိတဲ့လူငယ် နဲ့ သူရဲ့မိခင်ကို လုံခြုံဘေးကင်းရာကို ရဲတပ်ဖွဲ့က တာဝန်ယူပို့ပေးခဲ့ပြီး ထောင်ချ အပြစ်ပေးခြင်း မရှိခဲ့ပါဘူး။ မီးတင်ရှို့မှုနဲ့ ပတ်သက်ပြီး လူပေါင်း ၃၀၀ ကျော်ကိုလည်း မဆိုင်းမတွ ဖမ်းဆီးစစ်ဆေး အပြစ်ပေးခဲ့ပါတယ်။
    နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေ ရှိရာ ရာမူးကို အောက်တိုဘာ ၈ ရက်နေ့ မှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပါတယ်။ဒီဖြစ်ရပ် လုပ်ဆောင်သူတွေကို ရှုတ်ချပြောဆိုကာ ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေကို (မူလပုံစံထက်ကောင်းအောင်) အသစ်ပြန်လည်တည်ဆောက်ပေးမယ်လို့ ကမ္ဘာကို ကတိပေးကာ နိုင်ငံလူဦးရေ ၁၅၃ သန်းရဲ့ ၁ ရာခိုင်နှုန်းပဲရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်တွင်းဒဏ်ရာတွေကို အချိန်တိုအတွင်း ဖြေဖျောက်ပေးခဲ့ပါတယ်။
    နေရာချထားမှုကုန်ကျစရိတ်ဟာ ဒေါ်လာ ၁.၅သန်း ခန့်ရှိနိုင်ပြီး အားလုံးတည်ဆောက်ပြီးချိန်မှာ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁.၁ ဘီလီယံ (သန်း ၁၁၀၀) ထိ ရှိသွားလိမ့်မယ်လို့ စစ်တကောင်းပြည်နယ်က စုံစမ်းရေးမှုး နူးရ်အစ္စလာမ်က ခန့်မှန်းခဲ့ပါတယ်။
    အံ့သြစရာက နိုင်ငံရဲ့အမြင့်ဆုံး အာဏာပိုင်ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာကိုယ်တိုင် ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေပြန်လည်တည်ဆောက်ဖို့ သူ့ရဲ့ကိုယ်ပိုင်ရန်ပုံငွေထဲမှ ထည့်ဝင်ခဲ့ပြီး ထိခိုက်ဖျက်ဆီးခံရတဲ့ အိမ်ထောင်တစ်ခုစီကို ၀န်ကြီးချုပ်မှ ထောက်ပံ့ငွေ ဒေါ်လာ ၂၅၀၀ (မြန်မာငွေကျပ် ၂၃ သိန်းခန့်) ၊ ပြန်လည်တည်ဆောက်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ဒေါ်လာ ၁၂၀၀၊ စစ်တပ်မှ ထောက်ပံ့ငွေ ဒေါ်လာ ၃၀၀ အပါအ၀င် မိသားစုတစ်စု ဟာ ထောက်ပံ့ငွေပေါင်း ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေကျပ် သိန်း ၁၁၀ခန့်) ရရှိကြတဲ့ အပြင် မြို့ခံလူထုက လက်မခံလို့ဆိုတဲ့ အကြောင်းပြချက်ပေးကာ နေရာပြောင်းရွှေ့ချထားတာမျိုး မရှိခဲ့ပါဘူး။
    (ပေးထားတဲ့ကတိနဲ့ အညီ) ဘုန်းကြီးကျောင်းတွေ ပြန်လည်တည်ဆောက်မှုကို မီးတင်ရှို့မှုအပြီး ရက်သတ္တပတ် ၆ ပတ်အတွင်း စတင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ အင်ဂျင်နီယာတွေက ဦးစီးကာ ဒေသခံမွတ်ဆလင်မ်တွေ၊ စစ်သားတွေ၊ ဘုန်းတော်ကြီးတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်အားပေးပါဝင်ကာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။
    မြန်မာကျပ်ငွေ တန်ဖိုး ကုဋေ (၂၀၀) ဖိုးခန့် သုံးစွဲ ကာ ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ လုံးဝ (အသစ်) တည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်း ၁၉ ကျောင်းဟာ ယခုအခါ ပြီးစီးသွားပါပြီ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင် လာမယ့် စက်တင်္ဘာလ ၃ ရက်နေ့မှာ ရာမူး ပန်းဝါမှာ အသစ်ဆောက်လုပ် ပြီးစီးသွားတဲ့ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်။ ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဘင်္ဂလားဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာမှ တက်ရောက် ဖွင့်လှစ်ပေးမှာဖြစ်ကြောင်းပါဗျာ။
    Ref:
    http://www.narinjara.com/burmese/?p=6728
    http://edition.cnn.com/2012/09/30/world/asia/bangladesh-muslim-buddhist-violence
    http://khabarsouthasia.com/en_GB/articles/apwi/articles/features/2012/11/15/feature-02
    http://digitaljournal.com/image/126790#ixzz2dhw9YsdX
    ဆွေမွန်
    ၂၊ ၉၊ ၂၀၁၃