စက်တင်ဘာ ၃၊ ၂၀၁၃
M-Media
ဇာဏီ
မကွေးတိုင်း ။ ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကောလဟလများလွှင့်၍ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှု တစ်ခု ယနေ့ ၆-နာရီခန့်တွင် ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်မှုများမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းထိမ်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ယခင်ဖြစ်နေကျပုံစံများအတိုင်း မုဒိမ်းကျင့်မှုဟု သတင်းလွှင့်ကာ အကြမ်းဖက်မှုဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း မကွေးမြို့ခံ တချို့ထံမှ သိရသည်။
“အခု ကောလဟလလွှင့်လိုက်တာက မုဒိမ်းမှုဖြစ်တယ်ဆိုပြီးလွှင့်ပါတယ်။ ၅-နှစ်သမီးကို မုဒိမ်းကျင့်တယ်လို့ သတင်းလွှင့်လိုက်တာ။ အခုတော့ အဲ့ဒီလူကို ရဲစခန်းက ဖမ်းသွားပါပြီ။ သူက မကွေးမြို့ နွားမွေးမြူရေးခြံရှင် တစ်ဦးပါ။ အသက်က ၅၀-ကျော်ပါပြီ။ သူက ဟိုးအရင်ကတည်းက အေးအေးဆေးဆေးနေထိုင်တဲ့သူတစ်ဦးပါ။ အဲဒီနေရာမှာ သူနေလာတာလည်း အနှစ် ၂၀-ကျော် နေပါပြီ။ ဘာပြဿနာမှလည်း မရှိခဲ့ဘူး။ အခု သူ့ကို ရဲစခန်းက ဖမ်းသွားတယ်ဆိုတော့ သူ့အနီးဝန်းကျင်တ၀ိုက် စုံစမ်းကြည့်တော့လည်း ဘယ်သူကမှ သူ အဲဒါမျိုးလုပ်တယ်လို့ မသိကြဘူး။ မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်တာကလည်း ဘယ်သူမှန်းမသိဘူး။ ညနေ ၅-နာရီလောက်မှ သတင်းစထွက်လာတယ်။ ၅း၃၀ နာရီလောက်မှာ သူ့ကို ရဲစခန်းက လာဖမ်းသွားတယ်။
မကွေးမှာ တခြားတော့ ဘာမှ မဖြစ်ပါဘူး။ အဲ့ဒီ ဖမ်းတဲ့အချိန် ရုတ်ရုတ်သဲသဲ ခဏဖြစ်သွားတာပဲရှိပါတယ်။ ကောလဟလသတင်းလွှင့်ပြီး ပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ဖြစ်ခါစကတော့ လုံခြုံရေးတော့ ရှိလိုက်တယ်။ ရဲအစောင့်ချတာမျိုးပေါ့။ အခုတော့ ထိန်းထားလို့ ဘာမှ မဖြစ်ပါဘူး။ အေးအေးဆေးဆေးပဲ ဖြစ်သွားပါပြီ။
နောက်ထပ်လည်း ဘာပြဿနာမှ မဖြစ်လာစေဖို့ ဆုတောင်းတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ဘာသာတရားကိုမှ မစော်ကားသလို ဘယ်ဘာသာဝင်မှ ဒုက္ခရောက်တာမျိုးကို မလိုလားပါဘူး။ ဒါကြောင့် ကောလဟလလွှင့်ပြီး အကြမ်းဖက်မှုဖြစ်အောင် ဖန်တီးမှုအပေါ်မှာ ပြဿနာ မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြပါလို့ မကွေးက ဒေသခံတွေကို ကျွန်တော် ပြောချင်ပါတယ်။”လို့ ငြိမ်းချမ်းရေးကို လိုလားသူ မကွေးမြို့ခံတချို့မှ M-Media ကို ပြောပြခဲ့ပါတယ်။
Leave a Reply
You must be logged in to post a comment.