News @ M-Media

Blog

  • စစ်ကောင်စီ၏ အကြမ်းဖက်ရန်အမိန့်ပေးမှု အထောက်အထားများ စုထားရန် ကုလတာဝန်ရှိသူက မြန်မာပြည်သူများကို မေတ္တာရပ်ခံ

    စစ်ကောင်စီ၏ အကြမ်းဖက်ရန်အမိန့်ပေးမှု အထောက်အထားများ စုထားရန် ကုလတာဝန်ရှိသူက မြန်မာပြည်သူများကို မေတ္တာရပ်ခံ

    မတ် ၁၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကြမ်းဖက်ဖို့ အမိန့်အပေးတဲ့ အထောက်အထားတွေကို စုဆောင်းထားဖို့ ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မြန်မာပြည်သူတွေကို ဒီကနေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံးဖြိုခွဲမှုကြောင့် အနည်းဆုံး လူ ၁၈၀ ကျော် သေဆုံးထားပါတယ်။

    ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ နီကိုလက်စ် ကွမ်ဂျီယန်က အမိန့်ပေးသူတွေဟာ တာဝန်အရှိဆုံးသူတွေလို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံး ရာဇဝတ်မှုတွေကို ကျူးလွန်မှုအတွက် တာဝန်အရှိဆုံးသူတွေဟာ ခေါင်းဆောင်ပိုင်းကသူတွေပါ။ အဲဒီခေါင်းဆောင်တွေဟာ ရာဇဝတ်မှုကို ကိုယ်တိုင်ကိုယ်ကျ မကျူးလွန်ကြသလို၊ ရာဇဝတ်မှုကျူးလွန်တဲ့ နေရာမှာတောင် မရှိကြပါဘူး။ သူတို့ တာဝန်ရှိမှုကို သက်သေပြဖို့အတွက် သတင်းပို့တာ၊ အမိန့်ပေးတာ၊ ချမှတ်တဲ့ မူဝါဒဆိုင်ရာ သက်သေအထောက်အထားတွေ လိုအပ်ပါတယ်”

    ဒီလိုအထောက်အထားတွေရရင် Signal နဲ့ ProtonMail တို့လို စိတ်ချရတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကနေတစ်ဆင့် ကုလ စုံစမ်းစစ်ဆေးသူတွေကို ပေးပို့ဖို့ နီကိုလက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကုလ စုံစမ်းစစ်ဆေးသူတွေဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အသက်အန္တရာယ်ရှိတဲ့ အင်အားသုံးနှိမ်နှင်းမှု၊ တရားလက်လွတ် ဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ မိသားစုကို အသိမပေးဘဲ ဖမ်းဆီးချုပ်နှောင်ထားမှု အပါအဝင် ရာဇဝတ်မှု သက်သေအထောက်အထားတွေကို စုဆောင်းနေတာပါ။

    ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှု အထောက်အထားတွေကို စုဆောင်းဖို့အတွက် ၂၀၁၈ ခုနှစ်မှာ ကုလ လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးမှုအဖွဲ့တစ်ခုကို ဖွဲ့စည်း တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • အနာဂတ်မရေရာ၊ မိသားစုအတွက် စိုးရိမ်နေရတဲ့ အိန္ဒိယရောက် မြန်မာရဲတပ်ဖွဲ့ဝင်များ

    အနာဂတ်မရေရာ၊ မိသားစုအတွက် စိုးရိမ်နေရတဲ့ အိန္ဒိယရောက် မြန်မာရဲတပ်ဖွဲ့ဝင်များ

    မတ် ၁၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မသေချာတဲ့အနာဂတ်ကို ကြုံတွေ့နေရပြီး ကျန်ခဲ့တဲ့ မိသားစုတွေအတွက်လည်း စိုးရိမ်သောက ဖြစ်နေရပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာ မြန်မာစစ်တပ်က တပ်သား အသက် ၂၄ နှစ်အရွယ် Kunga ဟာ လုပ်ငန်းတာဝန်အသစ် ပေးခြင်း ခံခဲ့ရပါတယ်။ ချင်းပြည်နယ် တွန်းဇံမြို့က CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို စုံစမ်းထောက်လှမ်းဖို့ပါ။

    အဲဒီနောက် သိပ်မကြာခင်မှာပဲ သူဟာ စစ်တပ်ကို စွန့်ခွာပြီး CDM လုပ်ကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။

    စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် ဖြိုခွင်းနေတဲ့အချိန် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံသားတွေ ဒါဇင်နဲ့ချီ ထွက်ပြေးခိုလှုံလာခဲ့ပြီး အဲဒီအထဲမှာ Kunga လည်း ပါဝင်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၁၈၀ ရှိပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

    မြန်မာနိုင်ငံနဲကပ်နေတဲ့ အိန္ဒိ​ေအရှေ့မြောက်ပိုင်းက မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေကို မြန်မာဖက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံသားတွေ အရေအတွက်ဘယ်လောက် ပြေးလာလဲဆိုတာ အတိအကျ မသိရပါဘူး။

    ၃၁၆ မိုင်ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကို စောင်ကြပ်တဲ့ အာသံရိုင်ဖယ်အသင်းက ခိုလှုံလာသူအရေအတွက် ၂၆၄ ဦးရှိပြီး အဲဒီအထဲက ၃ ပုံ ၂ ပုံဟာ ရဲတွေဖြစ်တယ်လို့ ပြောပါတယ်။

    မီဇိုရမ်ပြည်ထဲရေးဌာနရဲ့ အကြီးတန်းတာဝန်ရှိသူ Sangchin Chinzah က အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ပြည်နယ်အစိုးရကလည်း မသိဘူးလို့ ပြောပါတယ်။

    “ကျွန်မလည်း မပြောတတ်ဘူးရှင့်။ တော်တော်များများက ဆွေမျိုးတွေနဲ့ ရောနှောနေထိုင်ကြတော့ ဘယ်လောက်ရှိလဲဆိုတာ ရေတွက်ဖို့ မဖြစ်နိုင်ဘူး”

    မီဇိုရမ်ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ် K Vanlalvena က ခိုလှုံလာသူ အရေအတွက်ဟာ နာရီနဲ့အမျှ တိုးတက်လာတယ်လို့ ပြောပါတယ။်

    “၄၀၀ ကျော်လောက် မီဇိုရမ်ထဲဝင်လာတယ်လို့ သတင်းရပါတယ်” လို့ K Vanlalvena က ဒီနေ့ ပြောပါတယ်။ ခိုလှုံလာသူတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ပေးဖို့လည်း အိန္ဒိယအစိုးရကို မနေ့က သူမ မေတ္တာရပ်ခံခဲ့တာပါ။

    မြန်မာနိုင်ငံကဝင်လာသူတွေကို မကြိုဆိုဘူးလို့ အိန္ဒိယဗဟိုအစိုးရက ထုတ်ပြန်ပြီးနောက် မီဇိုရမ်ပြည်နယ်က အာဏာရ Mizo National Front ပါတီရဲ့ ပါတီဝင် K Vanlalvena ရဲ့ ဒီမေတ္တာရပ်ခံမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    နယ်စပ်ဖြတ်ကျော် ဝင်လာတာကို ခွင့်မပြုဖို့ အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားချက်ထုတ်ပြီးနောက်ပိုင်း အာသံရိုင်ဖယ်အသင်းက မြန်မာနိုင်ငံသား ၈ ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

    တနင်္လာနေ့က ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို အာသံရိုင်ဖယ်အသင်းက ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယ-မြန်မာနယ်စပ်က Farkawn ရွာရဲ့ ရွာသူကြီးက ပြောပါတယ်။

    ကျွန်တော်တို့ ပြည်သူတွေပါ

    Kunga ကတော့ ၄ ရက်ကြာ ခရီးနှင်ပြီးတဲ့နောက် မတ်လ ၇ ရက်နေ့မှာ အိန္ဒိယကို ရောက်လာပါတယ်။

    ဆိုင်ကယ်နဲ့ မြန်မာစစ်တပ်ကို ရှောင်ရှားကာ ထွက်လာခဲ့ရပြီး ရွာတစ်ရွာမှာ အဲဒီဆိုင်ကယ်ကို ထားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ အဲဒီနောက် အိန္ဒိယနယ်စပ်ကို ၂ ရက်တာ လမ်းထပ်လျှောက်ခဲ့ရပြီး Tiau မြစ်နားမှာ ခဏနားကာ အိန္ဒိယထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။.

    “CDM လုပ်သူတွေရဲ့ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို စုံစမ်းဖို့ ကျွန်တော့်ကို အမိန့်ပေးတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ပြည်သူတွေပါ” လို့ မီဇိုရမ်က ခန်းမကြီးတစ်ခုမှာ ထိုင်နေတဲ့ Kunga က ပြောပါတယ်။

    အဲဒီခန်းမကြီးမှာ အနည်းဆုံး လူ ၂၅ ဦးလောက် နေထိုင်ကြပြီး အများစုက သူတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။

    Kunga က အစိမ်းရောက်ကဒ်တစ်ခုကို ပြသခဲ့ပေမယ့် ဒါဟာ တပ်ဖွဲ့ဝင်ကဒ်ပြားလားဆိုတာကို အလ်ဂျာဇီးရားသတင်းဌာနက အတည်ပြုလို့ မရပါဘူး။

    “အမိန့်အတိုင်း လိုက်မလုပ်ချင်လို့ပါ။ တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်သစ်တာမြင်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ပစ်တဲ့လူတွေမှာလည်း မိသားစုတွေရှိကြတာပဲ။ ဘာလို့ သူများမိသားစုကို ပစ်သတ်ရက်လဲ မသိဘူး” လို့ ဖုန်းထဲက ယူနီဖောင်းဝတ်ထားတဲ့ ပုံကိုပြရင်း သူက ပြောပါတယ်။

    Kunga ဟာ ချင်းလူမျိုးတစ်ယောက် ဖြစ်ပါတယ်။

    လက်ရှိ မီဇိုရမ်မှာ လာရောက်ခိုလှုံနေသူ တော်တော်များများဟာ ချင်းလူမျိုးတွေ ဖြစ်ပါတယ်။ ချင်းလူမျိုးတွေနဲ့ မီဇိုလူမျိုးတွေဟာ လူမျိုးတူတွေဖြစ်ပြီး နယ်စပ်ရဲ့ ဟိုဖက်ဒီဖက်မှာ မိသားစုဆွေမျိုးတွေ ရှိနေကြပါတယ်။

    “ဆန္ဒပြသူတွေကို မဖမ်းချင်ဘူးရှင့်” လို့ တီးတိန်မြို့မှာ ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီး Marli က ပြောပါတယ်။ သူမရဲ့ အသက် ၂၉ နှစ်အရွယ် ခင်ပွန်း Vankung ကလည်း ရဲတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။

    စစ်အာဏာမသိမ်းခင် ၂ အလိုက သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတာပါ။

    “လူတွေ ဆန္ဒပြတဲ့အခါ အထက်အရာရှိက ဒီလူတွေဖမ်းဖို့ ကျွန်မတို့ကို ပြောပါတယ်”

    ဒီဇနီးမောင်နှံနှစ်ဦးလည်း သူတို့ရဲ့ ရဲတပ်ဖွဲ့ဝင်ကဒ်ပြားတွေကို ပြသခဲ့ပါတယ်။

    သူတို့ဟာ တနင်္ဂနွေနေ့က အိန္ဒိယကို ရောက်လာကြတာဖြစ်ပြီး ချိုမ့်ဝှမ်းတစ်ခုကို စီးမြင်နေရတဲ့ တောင်ပေါ်က ဆောက်လက်စ အဆောက်ဦးတစ်ခုရဲ့ ဟောခန်းမှာ နေထိုင်နေတာပါ။ အဲဒီမှာ နေထိုင်သူ အနည်းဆုံး ၂၅ ဦး ရှိပါတယ်။

    ဒေသခံတွေပေးတဲ့ မွေ့ယာတွေ၊ အိပ်ရာခင်းတွေကို အဲဒီဟောခန်းထဲမှာခင်းပြီး အိပ်ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျောပိုးအိပ်ကိုတော့ ခေါင်းအုံးအဖြစ် အသုံးပြုပါတယ်။

    “ကျွန်တော်တို့ပြည်သူကို ကျွန်တော်တို့ချစ်တယ်။ စစ်အစိုးရက ပြည်သူတွေကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော်တို့ကို ဖိအားပေးပါတယ်။ ဒါ့ကြောင့် အလုပ်ကနေ ထွက်လိုက်တာပါ” လို့ တီးတိန်မြို့မှာ ရဲတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Suan က ပြောပါတယ်။

    Suan ဟာ အခြားလူတွေနဲ့အတူ မတ်လ ၉ ရက်နေ့က ထွက်လာတာပါ။ သူပိုင်တဲ့ပစ္စည်းတွေကို ခရမ်းရောင် ကျောပိုးအိတ်ထဲမှာ ပြွတ်သိပ်ထည့်ထားပါတယ်။ တစ်ခြားသူတွေလိုပဲ သူ့လည်း မြန်မာနိုင်ငံမှာ မိသားစု ကျန်ခဲ့ပါတယ်။

    မိသားစုတွေ မလုံခြုံ

    အိန္ဒိယကိုရောက်ပြီးနောက် Kunga တစ်ယောက် သတင်းဆိုး စကြားရပါတယ်။

    “ကျွန်တော်သွားပြီး သိပ်မကြာခင်မှာ ကျွန်တော့်အဖေ ဖမ်းခံရတယ်လို့ ဆွေမျိုးတစ်ယောက်က ပြောပါတယ်။ အဖေ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိရပါဘူး”

    Kunga ရဲ့အဖေဟာ လက်သမားတစ်ဦးဖြစ်ပြီး အသက် ၆၃ နှစ် ရှိပါပြီ။

    မိသားစုကို ဖုန်းခေါ်ဖို့တောင် ကြောက်ရွံ့နေတယ်လို့ Kunga က ပြောပါတယ်။

    “ကျွန်တော် ဖုန်းခေါ်တဲ့သူကို သူတို့ ဖမ်းကြမှာဗျ”

    အိန္ဒိယကို ထွက်ပြေးလာကြတဲ့ အခြားသူတွေမှာလည်း ဒီလို စိုးရိမ်မှုတွေ ရှိပါတယ်။ Suan က ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ဇနီးနဲ့ အသက် ၂ နှစ်အရွယ် ကလေးကို စိုးရိမ်တယ်လို့ ပြောပါတယ်။ တစ်ခုခုဖြစ်မှာကို စိုးတာကြောင့် Suan တစ်ယောက် မိသားစုနဲ့ တစ်ကြိမ်သာ စကားပြောရပါသေးတယ်။

    “အ​ခြေအနေက ဒီလိုပဲ ဆက်ဖြစ်နေပြီး ဒီမိုကရေစီအစိုးရ မတက်လာရင် မီဇိုရမ်မှာ ဘယ်လောက်ကြာမယ်မှန်း မသိဘူးလို့ ကျွန်တော့်အမျိုးသမီးကို ပြောထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အနာဂတ် ဘာဖြစ်မလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ”

    ခိုလှုံလာသူ တော်တော်များများက မြန်မာနိုင်ငံ ပြန်ပို့မှာကို စိုးရိမ်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်မထိုးထားပါဘူး။

    နယ်စပ်က ပြည်နယ်တွေအတွက် အိန္ဒိယ ပြည်ထဲရေးအစိုးရရဲ့ မတ်လ ၁၀ ရက်နေ့
    ညွှန်ကြားချက်မှာ တရားမဝင် ဝင်ရောက်လာသူတွေကို ဖော်ထုတ်ဖို့နဲ့ ကြန့့်ကြာမှုမရှိစေဘဲ နေရပ်ပြန်ပို့ဖို့ ဖော်ပြထားပါတယ်။

    “ပြန်ပို့တာမျိုး ဖြစ်လာနိုင်တယ်။ ပြန်ပို့ဖို့လုပ်လာရင်တော့ ကျွန်မတို့ ပြေးရ ပုန်းရတော့မှာပေါ့”လို့ Marlie က ပြောပါတယ်။

    Suan က သူဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ ကျွန်တော်တို့အတွက် တော်တော်လေး အန္တရာယ်ရှိပါတယ်”

    နောက်ဆုံးမှာ အိန္ဒိယက ဒုက္ခသည်အဖြစ် သတ်မှတ်လိမ့်မယ်လို့ Kunga က မျှော်လင့်နေပါတယ်။

    ဒုက္ခသည်ကိစ္စအတွက် အိန္ဒိယမှာ မူဝါဒမရှိပေမယ့် အရင်က မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေကြောင့် ခိုလှုံလာတဲ့ ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးထားတယ်လို့ UNHCR က ပြောပါတယ်။ ကဒ်ရသူ တော်တော်များများဟာ နယူးဒေလီမှာ နေထိုင်နေကြတာပါ။

    “ဒီလိုဖြစ်လာရင် ကျွန်တော့်မိသားစုကို ကျွန်တော်ခေါ်မယ်။ ဘာပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်စားမယ်” လို့ မီဇိုရမ်က သူခေတ္တနေထိုင်ရာ ခန်းမကနေ ​Lushai တောင်ကုန်းလေးကို ငေးကြည့်ရင် Kunga က ပြောပါတယ်။

    “အိန္ဒိယအစိုးရက ကျွန်တော့်ကိုဖမ်းပြီး ပြန်ပို့ရင်တော့ မြန်မာနိုင်ငံမှာ ကျွန်တော့်အတွက် သေဒဏ်က စောင့်ကြိုနေမှာပါ”

    (ခိုလှုံသူများ၏ လုံခြုံရေးကြောင့် အမည်များကို လွှဲ၍ ဖော်ပြထားပါသည်)

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် ‘Death sentence awaits us’: Coup-hit Myanmar officers in India ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တူရကီဒရုန်းကို ပြိုင်ဘက် ဆော်ဒီအာရေဗျက ဝယ်ယူရန် ကမ်းလှမ်း

    တူရကီဒရုန်းကို ပြိုင်ဘက် ဆော်ဒီအာရေဗျက ဝယ်ယူရန် ကမ်းလှမ်း

    မတ် ၁၇၊ ၂၀၂၁
    M-Media

    -မိမိတို့နိုင်ငံက ထုတ်လုပ်တဲ့ ဒရုန်းလေယာဉ်တွေကို ဝယ်ယူဖို့ ဆော်ဒီအာရေဗျက ကမ်းလှမ်းထားတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး ဒါဟာ တင်းမာမှုဖြစ်နေတဲ့ နှစ်နိုင်ငံ ပြေလည်မှုလမ်းစလည်း ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကမားလ် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီနဲ့ တူရကီတို့အကြား တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စီစဉ်တာလို့ အမေရိကန်နဲ့ တူရကီတို့က စွပ်စွဲထားတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ အာဒိုဂန်က ဆော်ဒီဟာ တူရကီထုတ် ဒရုန်းတွေကို ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပိုင်နက်ပြဿနာရှိနေတဲ့ ဂရိနဲ့ ဆော်ဒီက စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတာကိုတော့ အာဒိုဂန်က ရှုတ်ချပါတယ်။

    “ဆော်ဒီဟာ ဂရိနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆီကနေ လက်နက်တပ်ဒရုန်းတွေဝယ်ဖို့ ကမ်းလှမ်းထားတယ်။ ဒီပြဿနာကို အရှုပ်မခံဘဲ အေးအေးဆေးဆေးရှင်းဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ပြီးခဲ့တဲ့နှစ်က ၆ ပတ်တာကြာမြင့်ခဲ့တဲ့ အဇာဘိုင်ဂျန်-အာမေးနီးယားစစ်ပွဲမှာ တူရကီထုတ် Bayraktar TB2 ဒရုန်းတွေက နာမည်ကြီးလာတာပါ။ အာဇာဘိုင်ဂျန်ဟာ အစ္စရေးနဲ့ တူရကီထုတ် ဒရုန်းတွေအပါအဝင် အဆင့်မြင့်နည်းပညာတွေနဲ့ အာမေနီးယားကို အနိုင်ယူခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအရင်က ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။

    Bayraktar TB2 ဒရုန်းတွေကို ဆီးရီးယားနဲ့ လစ်ဗျားတို့က စစ်ပွဲတွေမှာလည်း အသုံးပြုနေပါတယ်။

    ဆော်ဒီအာရေဗျကတော့ ဒရုန်းထုတ်လုပ်တဲ့ Vestel ကုမ္ပဏီကနေ နည်းပညာဆိုင်ရာ လွှဲပြောင်းသုံးစွဲခွင့် ရရှိထားပြီး ကိုယ်ပိုင်ဒရုန်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

    တူရကီနဲ့ ဆော်ဒီအာရေဗျတို့ဟာ လစ်ဗျားစစ်ပွဲနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းက နယ်မြေအငြင်းပွားမှုတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေကို ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေမှု ပြည်သူများကို ထိခိုက်နိုင်ဟု WFP သတိပေး

    ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေမှု ပြည်သူများကို ထိခိုက်နိုင်ဟု WFP သတိပေး

    မတ် ၁၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် စားသောက်ကုန်နဲ့ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာလိမ့်မယ်လို့ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်း WFP က ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီအစပိုင်းကတည်းက ရန်ကုန်မြို့မှာ စားသောက်ကုန်စျေးတွေ ကြီးမြင့်လာခဲ့တာဖြစ်ပြီး စားအုန်းဆီက ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ WFP က ဆိုပါတယ်။ ဖေဖော်ဝါရီနှောင်းပိုင်းမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန်စျေးက ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က တစ်ချို့ဒေသတွေမှာ ဆန်စျေးဟာ ၃၅ ရာခိုင်နှုန်းအထိ တက်လာတာမျိုး ရှိနေပြီး အနောက်ဖက် ရခိုင်ပြည်နယ်မှာ ဆီစျေးနဲ့ ပဲစျေးတွေ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ WFP ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီစျေးနှုန်းက ၁၅ ရာခိုင်နှုန်းမြင့်တက်လာကာ၊ စားသောက်ကုန်စျေးနှုန်းတွေလည်း နောက်ထပ် မြင့်တက်လာနိုင်တယ်လို့ WFP က သတိပေးခဲ့ပါတယ်။

    “ဘဏ်လုပ်ငန်း ရပ်လုနီနီးဖြစ်နေတာ၊ ငွေကြေးလှည့်ပတ်မှု နှေးကွေးသွားတာ၊ ငွေသားထုတ်ယူမှုကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်တာတွေကြောင့် စားသောက်ကုန်နဲ့ လောင်စာဆီစျေးတွေ တက်လာတာပါ”

    WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် အန်ဒါဆန်က စျေးနှုန်းတွေတက်နေတာဟာ စိုးရိမ်စရာကောင်းပြီး ဒီလို ဆက်ဖြစ်နေတယ်ဆိုရင် အဆင်းရဲဆုံးလူတန်းစားတွေ ဝမ်း၀ဖို့ အလွန်အခက်တွေ့လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနနဲ့ မေးမြန်းမှုကို အာဏာသိမ်းစစ်ကောင်စီက မဖြေခဲ့ပါဘူး။

    WFP ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ မြန်မာနိုင်ငံက လူပေါင်း ၃ သိန်း ၆ သောင်းကျော်ကို ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှရဲ့ စပါးကျီလို့ တင်စားခံခဲ့ရပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဆိုရှယ်လစ်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တာကြောင့် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

    Ref: Reuters

  • “ကာကွယ်ပေးရန် တာဝန်” (သို့) R2P

    ရေးသားသူ- ဦးဦးမှော်ဆရာ

    China map

    ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီထိပ်သီးအစည်းအဝေးမှာ တက်ရောက် လာတဲ့ နိုင်ငံခေါင်းဆောင် အားလုံး သဘောတူချမှတ်ခဲ့တဲ့ မူဘောင်တစ်ရပ်ရှိပါတယ်။

    နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံသားတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ၊ လူမျိုးရေးသန့်စင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ ရာဇဝတ်မှုကြီးတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိတယ်။ ဒီတာဝန်ရဲ့ဘောင်ထဲမှာ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးဖို့အပြင် ဒီလိုဖြစ်ပွားလာအောင် လှုံ့ဆော်နေတာတွေကိုပါ သင့်လျော်တဲ့နည်းလမ်း၊ လိုအပ်တဲ့နည်းလမ်းတွေနဲ့ ကာကွယ်တားဆီးပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အစိုးရက ဒီလိုအကြမ်းဖက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အကာကွယ်မပေးရင်ဖြစ်စေ၊ ကာကွယ်ပေးနိုင်စွမ်း မရှိတဲ့အခါဖြစ်စေ ဒီလို ကျူးလွန်ခံနေရသူတွေကို ကာကွယ်ပေးဖို့တာဝန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဖြစ်သွားပါတယ်။

    ဒီအခါမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကုလသမဂ္ဂမှတဆင့် သက်ဆိုင်ရာအစိုးရကို ပူးပေါင်းပါဝင် ဆောင်ရွက်မယ်။ ဒါပေမဲ့ အစိုးရက ကာကွယ်ပေးဖို့ သိသိသာသာ ပျက်ကွက်တယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိဉာဉ်စာတမ်း အခန်း(၇)ပါ မူတွေအတိုင်း ဆုံးဖြတ်ချက်တွေ ထပ်မံ ချမှတ်မယ်..။ ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေအရ ကုလသမဂ္ဂမှ တဆင့် သံတမန် လမ်း ကြောင်း၊ လူသားခြင်း စာနာထောက်ထားရေး အကူအညီပေးမှု နဲ့ အခြားငြိမ်းချမ်းတဲ့နည်းလမ်းတွေသုံးပြီး ဒီလိုလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကနေ ကာကွယ်ပေးရမယ့်တာဝန် ရှိပါတယ်။

    ဒီလိုလုပ်ဆောင်ရာမှာ ထိရောက်မှု မရှိဘူးဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့်သင့်တော်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိစ္စရပ် တစ်ခုချင်းစီအလိုက် ဆက်လက် လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအဆင့်မှာတော့ နိုင်ငံတော်အစိုးရကို ဒီလိုပဋိပက္ခတွေကို ိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စွမ်းရည်မြှင့်လာစေဖို့ လုပ်ဆောင်တာတွေ ပါဝင်သလို၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကို အထူးသံတမန်အဖြစ် စေလွှတ်တာမျိုးလည်း ပါဝင်ပါတယ်။ ဒါက ကနဦးအခြေအနေတွေမှာလုပ်တဲ့ ပုံစံကိုပြောတာပါ။

    ကုလသမဂ္ဂပဋိဉာဉ် အခန်း(၇)ပါ အချက်တွေကို အကျဉ်းချုပ်ဖေါ်ပြရရင် –

    ပိုဒ်ခွဲ(၃၉) – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်လာရင် လုံခြုံရေးကောင်စီမှ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရန်။

    အပိုဒ်ခွဲ(၄၀) – ဒီလိုအရေးယူဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း/ပါတီတွေက လိုက်နာမှု ရှိစေရေးကို လုံခြုံရေးကောင်စီက ကြီးကြပ်စောင့်ကြည့်မယ်။

    အပိုဒ်ခွဲ(၄၁) – တကယ်လို့သာ လုံခြုံရေးကောင်စီမှ စစ်ရေးနည်းလမ်းမဟုတ်ဘဲ တခြားထိရောက်နိုင်မယ့် နည်းလမ်းတွေကို တင်ပြလာပါက ဒီနည်းလမ်းတွေ သုံးပြီး လုပ်ဆောင်ဖို့ ကုလသမဂ္ဂမှာတင်ပြမယ်။ ဒီနည်းလမ်းတွေထဲမှာစီးပွားရေးအရ အဆက်အဆံ ဖြတ်တောက်တာ၊ ကြေးနန်းနဲ့စာပို့ လုပ်ငန်း၊ ရေဒီယို နဲ့တခြား ဆက်သွယ်မှု အ၀၀ကို ဖြတ်တော်တာမျိုးအပြင် သံတမန်တွေကို ပြန်ခေါ်တာမျိုးလည်း ပါဝင်ပါတယ်။

    အပိုဒ်ခွဲ(၄၂) – တကယ်လို့ ဒီနည်းလမ်းတွေကလည်း ထိရောက်မှု မရှိဘူးလို့ ယူဆရရင်တော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြည်း၊ ရေ၊ လေစစ်အင်အားကို အသုံးပြုခွင့်ရှိပါတယ်။

    အပိုဒ်ခွဲ (၄၃) – (၅၁)ထိကတော့ စစ်အင်အားသုံးအရေးယူမှုနဲ့ပက်သက်လို့ ပြောထားတာတွေဖြစ်ပါတယ်။ အဲဒီမှာဘယ်လိုပုံစံနဲ့ အရေးယူမယ်၊ စစ်အင်အား၊ ငွေကြေး၊ လက်နက်ကိရိယာ၊ ကြည်း၊ ရေ၊ လေသယ်ယူပို့ဆောင်ရေး စစ်သုံးယာဉ်၊ လေကြောင်းအသုံးပြုခွင့် .. စတဲ့အသေးစိတ် အချက်အလက်တွေပါ ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ကို လက်နက်ကိုင် တန်ပြန် တိုက်ခိုက်မှုနဲ့ ကြုံရပါက မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (self-defence) တုန့်ပြန် တိုက်ခိုက်ခွင့် ရှိတယ်လို့ ဖေါ်ပြထားတယ်။

    ဒါဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့သဘောတူညီမှုနဲ့ အတည်ပြုခဲ့တဲ့ မူဝါဒတစ်ရပ်ဖြစ်ပြီး အဲဒီမူဝါဒကို “ကာကွယ်ပေးရန် တာဝန်” (R2P) လို့ ခေါ်ပါတယ်။ အမှန်တော့ ဒီလိုလုပ်ဆောင်သင့်တယ်လို့ ယူဆလာကြတာက၂၀၀၅ ကမှ စခဲ့တာတော့ မဟုတ်ပါဘူး။ အစကတည်းကလည်းကုလသမဂ္ဂပဋိဉာဉ်မှာ ဒီသဘောတရားမျိုး ပါဝင်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ `အချုပ်အခြာ အာဏာ´ဆိုတဲ့အယူအဆနဲ့ ထပ်တိုက်ဖြစ်နေတဲ့အတွက် လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ရဝန်ဒါမှာဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအပြီးမှာတော့ ၁၉၉၅ လောက်မှာ ဒီအယူအဆကို ပိုပြီး အသံကျယ်ကျယ် ပြောလာကြပါတယ်။

    R2P မူအရ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို တာဝန်ယူမှုတွေ ရှိသလဲဆိုတာ ပြန်ကြည့်ရင် အဓိကသုံးပိုင်း တွေ့ရပါတယ်။

    (၁) အဓိကအကျဆုံး ဦးစားပေး တာဝန်က အကြမ်းဖက်သတ်ဖြတ်မှုတွေကနေ ဂျီနိုဆိုက်အဆင့်ထိ မရောက်စေရန် အပြည့်အ၀ ကာကွယ်ပေးဖို့ပဲ ဖြစ်တယ်။

    (၂) အဲဒီပဋိပက္ခတွေက ရပ်တန့်မသွားဘဲ ပိုဆိုးလာမယ်ဆိုရင် တုန့်ပြန်အရေးယူဖို့ တာဝန်ရှိတယ်။ ဒီလို တုန့်ပြန်ဆောင်ရွက်ရာမှာ အနိမ့်ဆုံးအဆင့် ကျူးကျော်ဝင်ရောက်စွက်ဖက်မှုကိုသာ လုပ်ဆောင်နိုင်တယ်။ ဒီလိုစွက်ဖက်ရာမှာ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုမပါ ပါဘူး။ စစ်အင်အားသုံးပြီး အရေးယူဖြေရှင်းတာ ကိုတော့ လုံးဝဥသုံ လိုအပ်လာတဲ့ (Absolutely necessary) အခါမှသာ ခွင့်ပြုပါတယ်။

    (၃) ဒီလို အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက်မှာ ပြန်လည်ထူထောင်ပေးရန် နဲ့ နှစ်ဖက် လူ့အဖွဲ့အစည်းကို ပြန်လည် သင့်မြတ်လာအောင် လုပ်ပေးရန် တာဝန်ရှိတယ်။

    The International Crisis Group က အတိအလင်းဆိုထားတာကတော့ – လူ့အသက်ပေါင်းမြောက်များစွာ သတ်ဖြတ်ခံရခြင်း၊ လူမျိုးရေး သန့်စင်မှုပြုလုပ်ခြင်း၊ အဓမ္မမောင်းနှင်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း နဲ့ မုဒိမ်း ကျင့်တဲ့လုပ်ရပ်ကို လက်နက်သဖွယ်အသုံးချခြင်း .. စတဲ့လုပ်ရပ်ဆိုးတွေကို အစိုးရကိုယ်တိုင်က ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေရင် (သို့) ဒီလုပ်ရပ်ဆိုးတွေကို လျစ်လျူရှုထားရင် (သို့)အရေးယူဆောင်ရွက်နိုင် စွမ်းမရှိရင် (သို့) Failed state လို့ခေါ်တဲ့ ကျရှုံးနိုင်ငံအဆင့်ရောက်သွားလို့ တားဆီးထိန်းကွပ်မဲ့သူ မရှိ တော့တဲ့ အခြေအနေမျိုးမှာဆိုရင် .. နိုင်ငံတကာ အသိုင်းအဝိုင်း က ကြားဝင်ဖြေရှင်းမှုတွေ လုပ်လာပါလိမ့်မယ်။ သို့သော်ကျနော် အသေအချာပြောလိုတာက နိုင်ငံတကာမှ စစ်အင်အားသုံးကြားဝင်ဖြေရှင်းမှု (Military Intervention)ကို နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ်သာ သတ်မှတ်ထားတာဖြစ်ပြီး၊

    အပေါ်မှာပြောခဲ့တဲ့ အခြေအနေတွေ အားလုံးရှိနေတဲ့ အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကနဦးကြားဝင်ဆောင်ရွက်မှုတွေ တစ်ခုမှ မအောင်မြင်တော့တဲ့ အခါမှသာ ချွင်းချက် မရှိလက်ခံတာပါ။ ဒီအခါမှာ စစ်ရေး အင်အားသုံးကြားဝင်ဆောင်ရွက်ခွင့်ကို တရားဝင်ချမှတ်နိုင်တဲ့ အဖွဲ့အစည်းကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီပဲ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ် ဧပြီလတွင် M-Media တွင်ဖော်ခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။