News @ M-Media
Blog
  • သြဂုတ် ၃၁ ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု
    သြဂုတ်လ- ၃၁ ၊ ၂၀၁၃
    M-Media
    UN weapons inspectors leave Syrian capital
    သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အရေးပေါ် တွေ့ဆုံ
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှုးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ၏ယာတောအိမ်၌ ယနေ့ နေ့လည် ၃ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြောင်း NLD  ပြန်ကြားရေး FB စာမျက်နှာမှာဖော်ပြထားပါသည်။
    “ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး” ဟု  ဦးဝင်းမြင့်ကဆိုကြောင်း ဧရာဝတီရဲ့သတင်းတပုဒ်မှာ ဖော်ပြထားပါသည်။
    ________________________________
    မြန်မာလူငယ်များ အွန်လိုင်းပေါ်ကနေ တိုင်းပြည်ကောင်းဖို့ ပါဝင်ရေး ဘလော့ဂါတစ်ဦး တိုက်တွန်း
    တစ်ချိန်တစ်ခါက ဘလော့ဂါတွေဟာ နိုင်ငံအပြောင်းအလဲမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တာကြောင့် လူငယ်တွေအနေနဲ့ အချိုးအကွေ့တိုင်းအတွက် အွန်လိုင်းကနေ ကောင်းတဲ့နေရာက ပါဝင်သင့်တယ်လို့ မြန်မာဘလော့ဂါဖိုရမ်နှစ်ပတ်လည်မှာ ကိုနေဘုန်းလတ်က  ပြောဆိုလိုက်ပါတယ်။
    (ကမာရွတ်မီဒီယာ)
    ________________________________
    မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် သည်းခံကြရန် ဒုတိယသမ္မတ ပြောကြား
    မြန်မာပြည်တ၀န်း ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သည်းခံစိတ်နဲ့ ကတိတည်ရန် လိုအပ်တယ်လို့ ဒုတိယသမ္မတ စိုင်းမောက်ခမ်းက ပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားမှုဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားလည်း တက်ရောက်ခဲ့တဲ့ နေပြည်တော်မှာ ပြုလုပ်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ KNU ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် က တာဝန်ရှိသူတွေ့ဆုံပြီးပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအား ဆွေးနွေးမှုမှာ ဖြစ်ပါတယ်။
    ________________________________
    တရုတ်နိုင်ငံတွင် ငလျင်လှုပ်မှုဖြစ်ပွား လူလေးဦးသေဆုံး
    တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယနေ့နံနက်ပိုင်းက အင်အား ၅.၉ ရစ်ချတာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူလေးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ အဆိုပါငလျင်မှာ ယူနန်ပြည်နယ် ရှန်ဂရီလာဒေသနှင့် ဒီကွင်းဒေသတို့တွင်  ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၄ မိနစ်တွင်လှုပ်ခဲ့သည်ဟု တရုတ်ငလျင်ကွန်ရက်စင်တာက သတင်းထုတ်ပြန်ခဲ့သည်။
    ________________________________
    ကုလက်နက်စစ်ဆေးရေးအရာရှိများ ဆီးရီးယားမှထွက်ခွာ
    ကုလသမ္မဂ္ဂ ဓာတုလက်နက်စစ်ဆေးရေးအရာရှိမှာ ဒမတ်စကတ်မြို့မှ ထွက်ခွာသွားပြီဟုသိရသည်။ ဆီးရီးယားအစိုးရမှ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်းရာချီသေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုလဓာတုလက်နက် စစ်ဆေးရေးအရာရှိမှာ
    ဒမတ်စကတ်သို့လေးရက်ကြာသွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပြီး သက်သေခံအထောက်အထားများစုဆောင်းခဲ့သည်ဟု ကုလသမ္မဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် အဆိပ်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်ခဲ့ခြင်းရှိမရှိ စစ်ဆေးရန်  သီတင်းပတ်အနည်းငယ်ကြာမြင့်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    ________________________________
    အာဖဂန်တောင်ပိုင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွား လူလေးဦးသေဆုံး
    အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့တွင် ယနေ့နံနက်က အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့သောကြောင့် လုံးခြုံရေးဝန်ထမ်းတစ်ဦးအပါအ၀င် လူလေးဦးသေဆုံးခဲ့ပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အသေခံဗုံးခွဲသူတစ်ဦးမှာ ကန်ဒါဟာမြို့ရှိ  ကဘူးလ်ဘဏ်ခွဲအတွင်းသို့ဝင်ရောက်လာခဲ့ပြီး ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    ________________________________
    မလေးရှားကုန်စည်ပြပွဲ ရန်ကုန်တွင်ကျင်းပမည်
    လာမည့်လအတွင်း ရန်ကုန်မြို့တပ်မတော်ခန်းမ၌ မလေးရှားကုန်စည်ပြပွဲတစ်ခုကျင်းပမည်ဟုသိရသည်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မလေးရှားပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးကော်ပိုရေးရှင်းမှ ကြီးမှုကာ လာမည့်စက်တင်ဘာ ၅  ရက်မှ ၈ ရက်နေ့အထိ ကျင်းပရန် စီစဉ်နေသည်။
  • သြဂုတ် ၃၁ အာကစား သတင်းများ
    သြဂုတ်လ ၃၁၊ ၂၀၁၃
    M-Media
    Mourinho
    အကောင်းဆုံးအသင်းက ရှုံးနိမ့်ခဲ့သည်ဟု မော်ရင်ဟိုဆို
    ဘိုင်ယန်မြူးနစ်အသင်းအား ဥရောပစူပါဖလားပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အင်တိုက်အားတိုက်ကစားခဲ့ကြသည့် ကစားသမားများအား ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး အကောင်းဆုံးအသင်းက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။  မော်ရင်ဟိုက “အကောင်းဆုံးအသင်းက ရှုံ့နိမ့်ခဲ့တာပါ။ အကောင်းဆုံးအသင်းက အချိန်တော်တော်ကြာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ သူတို့(ချယ်ဆီးအသင်းသားတွေ)ဟာ ဥရောပရဲ့ချန်ပီယံအသင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။” ဟု ချယ်ဆီးအသင်းအား အမွှန်းတင်ကာပြောဆိုခဲ့သည်။
    _________________________________
    ရူနီအားခေါ်ယူရန်ကြိုးပမ်းမှုအား ချယ်ဆီးအဆုံးသတ်
    ချယ်ဆီးအသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီအား ခေါ်ယူရန်ကြိုးပမ်းမှုအား အဆုံးသတ်လိုက်ပြီဟု ပြောကြားခဲ့သည်။ ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ရူနီအားခေါ်ယူရန်ကြိုးပမ်းမှုအား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အသင်းသို့မကြာသေးမီကရောက်ရှိလာသည့် တိုက်စစ်မှူးသစ်အီတူးမှာ အသင်း၏ တိုက်စစ်အတွက်များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ဥရောပစူပါဖလားပြိုင်ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    _________________________________
    ဘာကာတိုက်စစ်မှူးတယ်လို အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို
    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ခရစ္စတီယန် တယ်လိုမှာ ဘာစီလိုနာအသင်းနှင့် ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်ဟုသိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ တယ်လိုမှာ ဘာစီလိုနာလူငယ်သင်တန်းကျောင်းမှ ပေါ်ထွက်လာသည့်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းနှင့် ၂၉ ပွဲ ပွဲထွက်ခွင့်ရခဲ့သည်။
    _________________________________
    ဆာခို လီဗာပူးလ်သို့ရောက်ရန်နီးစပ်
    ပဲရစ်စိန့်ဂျာမိန်းအသင်း၏နောက်ခံလူ မာမာဒူ ဆာခိုမှာ ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းဖြင့် လီးဗာပူးလ်အသင်းသို့ရောက်ရှိရန် နီးစပ်နေသည်ဟုသိရသည်။
    _________________________________
    အေဂျက်အလယ်တန်းလူ အဲရစ်ဆန်အား တော့တင်ဟမ်ခေါ်ယူ
    တော့တင်ဟမ်အသင်းသည် ဟော်လန်ကလပ်အေဂျက်အသင်း၏ ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆန်အား ခေါ်ယူလိုက်သည်ဟုသိရသည်။ အဲရစ်ဆန်အား  ယမန်နေ့ကခေါ်ယူလိုက်ခြင်းဖြစ်ပြီး အဲရစ်လမယ်လာနှင့် ဗလဒ် ချီရီချက်စ်တို့ပြီးနောက် တစ်နေ့တည်းတွင် တတိယမြောက်ခေါ်ယူသည့်ကစားသမားဖြစ်လာခဲ့သည်။ အဲရစ်ဆန်မှာ ၂၀၀၈ ခုနှစ်က အေဂျက်အသင်းသို့ရောက်ရှိလာခဲ့ပြီး အေဂျက်အသင်းအတွက် ၁၆၁ ပွဲကစားပေးခဲ့ကာ ၃၃ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
    _________________________________
    အေစီမီလန်အသင်းနှင့် ကာကာဆွေးနွေးနေ
    ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူကာကာမှာ အပြောင်းအရွှေ့အတွက် အေစီမီလန်အသင်းအပါအ၀င် အခြားအင်္ဂလိပ်ကလပ်အသင်းနှစ်ခုနှင့် ဆွေးနွေးနေသည်ဟုသိရသည်။ ကာကာမှ ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာချင်နေပြီး လာမည့်ကမ္ဘာ့ဖလားပွဲမတိုင်မီ ပုံမှန်ကစားခွင့်ရမည့် ကလပ်တစ်ခုသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။
    AS
    _________________________________
    ဒီရော့စီအားခေါ်ယူရန် မန်ယူအသင်း၏ ကမ်းလှမ်းမှုအား ရိုးမားပယ်ချ
    ၎င်းတို့၏ကွင်းလယ်လူဒီရော့စီအား ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုအား ရိုးမားအသင်းက ပယ်ချလိုက်သည်ဟုသိရသည်။ မန်ယူအသင်းမှာ ရော့စီအား ယူရို ၁၂ သန်းဖြင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
    _________________________________
    အဒီဘာယောအား ရှော်လ်ကာမျက်စိကျနေ
    ဂျာမန်ကလပ်ရှော်လ်ကာအသင်းသည် တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး အီမန်နျူယယ် အဒီဘာယောအားခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။ ရှော်လ်ကာအသင်းသည် ဆဲလ်တစ်အသင်းသို့ပြောင်းရွှေ့ရန်ရှိနေသည့် တီမူပူကီ၏နေရာတွင် အစားထိုးရန်ခေါ်ယူလိုနေခြင်းဖြစ်ပြီး အဒီဘာယော၏ လုပ်ခလစာမှာ ရှော်လ်ကာအသင်းအတွက် အခက်အခဲဖြစ်ဖွယ်ရှိနေသည်။
    Bild
    _________________________________
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ ဂျိုကိုဗစ်နှင့် အန်ဒီမာရေးတို့ တက်ရောက်၊ အာဂျင်တိုင်းတင်းနစ်သမား ဒယ်လ်ပေါ်ထရိုမှာ လေတန်ဟူးဝစ်ကိုရှုံးနိမ့်
    ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင်အနိုင်ရရှိခဲ့ပြီး တတိယအဆင့်သို့တက်ရောက်သွားပြီဟုသိရသည်။
    ၁ နာရီနှင့် ၅၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ဂျိုကိုဗစ်မှာ ဂျာမန်တင်းနစ်သမား ဘင်ဂျမန် ဘက်ကာအား ၇-၆၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ယူအက်စ်အိုးပင်းလက်ရှိချန်ပီယံ အန်ဒီမာရေးမှာလည်း အာဂျင်တိုင်းတင်းနစ်သမား လီယိုနာဒို မေယာအား ၇-၅၊ ၆-၁၊ ၃-၆၊ ၆-၁ ဖြင့်အနိုင်ရှိခဲ့သည်။
    ဂျိုကိုဗစ်မှာ တတိယအဆင့်တွင် ပြင်သစ်တင်းနစ်သမား  ဂျူလီယန် ဘန်နက်တာအိုနှင့်လည်းကောင်း၊ အန်ဒီမာရေးမှာ ဂျာမန်တင်းနစ်သမား ဖလော်ရီယန်မေယာနှင့်လည်းကောင်း၊ လေတန်ဟူးဝစ်မှာ ရုရှားတင်းနစ်သမား အီဗင်ဂျီ ဒွန်စကွိုင်ဖြင့်လည်းကောင်း အသီးအသီး တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    _________________________________
    လီနာနှင့် ရဒ်ဝန်စကာတို့ နောက်ဆုံး ၁၆ ယောက်အဆင့်သို့ရောက်ရှိခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် တရုတ်တင်းနစ်မယ် လီနာနှင့် ပိုလန်တင်းနစ်သမား ရဒ်ဝန်စကာတို့မှာ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟု သိရသည်။
    တရုတ်တင်းနစ်မယ်လီနာနှင့် ဗြိတိန်နံပါတစ်တင်းနစ်မယ် ရော့ဘ်ဆန်တို့ပွဲစဉ်မှာ ၁ နာရီနှင့် ၂၁ မိနစ်ကြာမြင့်ခဲ့ပြီး လီနာက လော်ရာအား ၆-၂၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။
    ပိုလန်တင်းနစ်မယ် အန်နစ်ကာ ရဒ်ဝန်စကာမှာ ဆီဒင် ၂၃ ရ ရုရှားတင်းနစ်မယ် အန်နာစတာစီယာ ပက်ဗလူချင်ကိုဗာအား ၆-၄၊ ၆-၇ ဖြင့်အနိုင်ရရှိခဲ့သည်။ ရဒ်ဝန်စကာမှာ ၂၀၁၂ ခုနှစ်ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဖိုင်နယ်အထိရောက်ရှိခဲ့သူဖြစ်သည်။
    skysports
  • အမေရိကန်ဥပဒေရေးရာ သံတမန် မြန်မာနိုင်ငံသို့လာရောက်မည်
    သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
    M-Media
    William-Brownfield
    ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာတည်ရှိနေသည့် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့သည်။ ၄င်းနောက် လူ့အခွင့်အရေးအချက်နှင့်နိုင်ငံတော်လုံခြုံရေးကိစ္စများမှာ ထင်ထင်ရှားရှား စိုးရိမ်စရာ ရှိနေသေးသော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ မြန်မာနိုင်ငံအား အသိအမှတ်ပြုခဲ့ကြသည်။
    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေပြုရေးရာ၏ လက်ထောက်အတွင်းရေးမှူး ၀ီလီယံမ် ဘရောင်းဖီးလ်ဒ် (William Brownfield) သည် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့၌ အမေရိကန် State Department မှ ပြောကြားခဲ့သည်။
    “ မြန်မာနိုင်ငံအစိုးရရဲ့ ပြန်လည်ပြုပြင်တည်ဆောက်မှုထဲက လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပေါ်လိုက်နာမှုနဲ့ပတ်သက်ပြီး သူက အလေးအနက်ထားဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု State Department မှ ကြာသပတေးနေ့တွင် ထပ်မံ ဆိုလိုက်သည်။
    ယခုသီတင်းပတ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ဒေသတွင်းကွန်ဖရင့်တစ်ခု၌ အမေရိကန်ပြည်ထဲရေးဝန်ကြီး ချာ့က် ဟေဂဲလ် (Chuck Hagel) က မြန်မာစစ်ခေါင်းဆောင်များနှင့် အကျဉ်းရုံးတွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှု၌ မြောက်ကိုးရီးယားနှင့် အဆက်အသွယ်ဖြတ်တောက်ရန် တိုက်တွန်းပြောကြားခဲ့၏။
    ယခုနှစ်အတွင်း အမေရိကန်အခွန်စည်းကြပ်ဌာနမှ မြန်မာနိုင်ငံ၏အကြီးတန်းစစ်အရာရှိတစ်ဦးကို မြောက်ကိုးရီးယားနှင့် အဆက်အသွယ်ရှိခြင်းကြောင့် ပိတ်ဆို့မှု တစ်ရပ် ပြုလုပ်ခဲ့သည်။
    ဘရောင်းဖီးလ်ဒ် သည် စက်တင်ဘာ ၆ ရက်နေ့တွင် မြန်မာမီဒီယာများနှင့် စုံညီဆွေးနွေးမှု တစ်ရပ်ပြုရန်လည်း စီစဉ်ထားကြောင်း သိရသည်။
    UPI
  • ဆီးရီးယားကိုတိုက်ရန် နေတိုးအဖွဲ့၌ အစီအစဉ်မရှိသေးကြောင်း အတွင်းရေးမှူးချူပ် ပြော
    သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
    M-Media
    _64571068_nato
    မြောက်အတ္တလန်တိတ်ပဋိညာဉ် အဖွဲ့အစည်း (North Atlantic Treaty Organization – NATO) ၏ အထွေထွေအတွင်းရေးမှူးချုပ် အင်ဒါစ် ဖိုး ရပ်စ်မတ်ဆင် (Anders Fogh Rasmussen) သည် သောကြာနေက့ ဒိန်းမတ်နိုင်ငံမြို့တော် ကိုပဲန်ဟေဂင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဤသို့ပြောကြားခဲ့သည်။
    “ နေတိုးအဖွဲ့ပေါ် နိုင်ငံတကာတုန့်ပြန်မှုနဲ့ပတ်သက်ပြီး ကျွန်တော် ကြိုမသိထားပါဘူး။ အဲ့ဒီလို(စစ်ဆင်တဲ့) လုပ်ဆောင်ချက်မျိုးဟာ အဖွဲ့ဝင်မဟာမိတ်နိုင်ငံအားလုံးရဲ့ သဘောတူလက်ခံမှု လိုအပ်ပါတယ် ”။
    သို့သော် အာရဗ်ဒေသအတွင်း စစ်ရေးဖြင့်ဝင်ရောက်စွက်ဖက်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း နှင့် အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားတို့၏အဆိုကို ဗြိတိန်ဥပဒေပြုလွှတ်တော်အမတ်များက ကန့်ကွက်မဲပေးခဲ့ကြသည်။
    “ မည်သည့်ဓာတုလက်နက်အမျိုးအစား အသုံးပြုသည်ဖြစ်စေ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ မတုန့်ပြန်လို့လည်း မဖြစ်ဘူး။ အရေးယူဖို့ကတော့ လုပ်ရပါလိမ့်မယ် ” ဟု ဗုဒ္ဓဟူးနေ့တွင် နေတိုးအတွင်းရေးမှူးချုပ်မှ ပြောခဲ့သည်။
    သြဂုတ်လ ၂၁ ရက်က ဒမတ်စကတ်မြို့စွန်ဒေသများရှိ အတိုက်အခံအုပ်စုအပေါ် သမ္မတ ဘရှရ် အလ် အဆဒ်မှ ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့သည့်သတင်းထွက်လာပြီးသည့်နောက် ဆီးရီးယားကို စစ်ရေးဖြင့်ပြင်းထန်စွာ အရေးယူရန် အသံထွက်လာခဲ့ကြခြင်း ဖြစ်သည်။
    ဆီးရီးယားနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက မတည်ငြိမ်မှုဖြစ်ပွားနေခဲ့သည်။ အနောက်တိုင်းအင်အားစုနှင့် ၄င်းတို့၏ မိတ်ဖက်နိုင်ငံများ အထူးသဖြင့် ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီတို့သည် ဆီးရီးယား၌ စစ်ရေးထကြွမှုဖြစ်လာအောင် ကူညီနေသည်ဟု သတင်းများကဆိုသည်။
    ကုလသမဂ္ဂ၏အဆိုအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ တစ်သိန်းကျော်၊ အိမ်ရာမဲ့ဖြစ်သွားသူ ဦးရေမှာ စုစုပေါင်း ၇.၈ သန်းခန့်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
    NT/MHB
  • ၀ံသာနုရက္ခိတ စိတ်ရှိစေရန် ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးစာရွက်များ တိုက်ကြီးမြို့တွင် လှုံ့ဆော်ဖြန့်ချီ
    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media
    အေးမောင်
    img391
    တိုက်ကြီး ။         ။        ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တွင် ၀ံသာနုရက္ခိတ စိတ်ရှိစေရန်ဟု ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးဖြစ်စေမည့် စာရွက်များကို လိုက်လံဖြန့်ဝေ၍ ဘာသာရေးအရ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန်အတွက် သြဂုတ်လ ၂၁-ရက်နေ့က လှုံ့ဆော်ဖြန့်ချီနေကြောင်း သိရသည်။
    အဆိုပါ လက်ကမ်းစာစောင်တွင် ၀ံသာနုရက္ခိတစိတ်ရှိစေရန်အတွက် တိုက်ကြီးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်မြောက်ရေးအဖွဲ့ဟု သိရပြီး ၉၆၉ လှုပ်ရှားသူများ ဦးဆောင်နေကြောင်း သိရသည်။
    အဆိုပါ လက်ကမ်းစာစောင်တွင် မိဘဆရာအပေါင်းကို ဦးတည်၍ ကလေးများအား သင်ကြားပေးသင့်သည်များဟု ရေးသားထားသည်များမှာ ဘာသာတရားကို သင်ကြားပေးခြင်းမဟုတ်ဘဲ ဘာသာတစ်ခုမှ တစ်ခုအပေါ်သို့ ကလေးဘ၀ကတည်းမှစပြီး အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးရန် လှုံ့ဆော်ထားသည်ကို တွေ့ရပါသည်။
    အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေနေမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့သို့ ဆက်သွယ်စုံစမ်းရာ အဆိုပါ လက်ကမ်းစာစောင်ကို လက်ခံရရှိထားပြီး ဘာသာပေါင်းစုံ စည်းလုံးညီညွတ်မှုကိုလိုလားသူ ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးမှ ပြောကြားသည်မှာ “အရင်ကတော့ ကျွန်တော်တို့ဒီမှာ အဲလို ခွဲခြားမြင်တာတွေ မရှိဘူး။ ကျွန်တော်တို့ တိုက်ကြီးမှာက မွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာတွေဆိုတာ ရောပြီး နေနေကြတာ။ တချို့ဆို မိသားစုတစ်ခုတည်းမှာပဲ ဗုဒ္ဓဘာသာရေ မွတ်စလင်မ်ရော ရှိနေတဲ့သူတွေလည်း ရှိတယ်ဗျ။ အခုလို ၀ံသာနုရက္ခိတ စိတ်ရှိစေဖို့ခေါင်းစဉ်တပ်ပြီး မွတ်စလင်မ်တွေရဲ့ သောကြာနေ့တိုင်းဆုတောင်းဆိုတာကို တလွဲဖော်ပြထားတာမျိုးလည်း မကြိုက်ဘူး။ ကျွန်တော့်မှာလည်း မွတ်စလင်မ်မိတ်ဆွေတွေရှိပါတယ်။ အခုလို ကိုယ့်ဘာသာတရားအတွက် သွန်သင်ဆုံးမခိုင်းတာမျိုးမဟုတ်ပဲ တခြားဘာသာကို တလွဲပြောထားတာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ အခု ဒါတွေလုပ်နေတာလည်း ၉၆၉ အဖွဲ့တွေ လုပ်တယ်လို့သိရတယ်။ ကျွန်တော်ကတော့ ဒါမျိုးလုပ်ရပ်ကို လုံးဝ အားမပေးပါဘူး။ ၉၆၉ ခေါင်းစဉ်တပ်ပြီး လုပ်နေတာကိုလည်း လုံးဝ ရှုံ့ချပါတယ်”လို့ ပြောပြခဲ့ပါတယ်။
    ဘာသာလူမျိုးပေါင်းစုံ အေးချမ်းစွာနေထိုင်လျက်ရှိတဲ့ တိုက်ကြီးမြို့အားလည်း အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် အမျိုးဘာသာစောင့်ရှောက်ရေး အမည်ဖြင့် ၉၆၉ အဖွဲ့မှ လှုံ့ဆော်မှုများ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် တိုက်ကြီးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ၀ိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းနေကြတယ်လို့ အဆိုပါ မြို့ခံမှ ဆက်လက်ပြောပြခဲ့ပါတယ်။
    img392