News @ M-Media
Blog
  • ရခိုင်ပြည်နယ်မှကလေးငယ်များပညာရေးအတွက် စာအုပ်များ စုပေါင်းလှူဒါန်း
    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media
    ဆူးထက်
    မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ကလေးငယ်များပညာရေးအတွက် အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များ ပေးအပ်လှူဒါန်း
    DSCN4728
    ရန်ကုန်။    ။    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘူးသီတောင်မောင်းတောနေ ကလေးများအတွက် အင်္ဂလိပ် ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များကို မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ်လ ၁၄ရက်နေ့က ညနေ ၃နာရီမှ ၄နာရီထိ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    ” အဲဒီမှာ ရှိတဲ့ ပညာရေးအားနည်းတဲ့ ကလေးတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ အတွက် ရည်ရွယ်ပါတယ်။ အဲဒီမှာ ရှိတဲ့ ကလေးတွေဟာ အခြားမှာရှိတဲ့  ကလေးတွေနဲ့ မတူဘဲ ဆရာ၊ ဆရာမတွေနဲ့ အလှမ်းဝေးတဲ့အတွက် သူတို့တွေအတွက် အလွယ်တကူ စာပေလေ့လာနိုင်အောင်ပါ။ စုစုပေါင်း တန်ဖိုးငွေ နှစ်သိန်း နှစ်ထောင် ငါးထောင်ကျော် ရှိပါတယ်။ ကျွန်တော်တို့အားလုံး ရှိတာလေး စုပေါင်းပြီးတော့ ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို လိုအပ်နေတဲ့ ကွက်လပ်များကို ရှေ့ဆက် ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်တော်တို့ အဖွဲ့နဲ့ အတူ ပူးပေါင်းပါဝင်နိုင်ပါတယ် ခင်ဗျား ” ဟု မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုမှ ဥက္ကဌ ဦးမောင်မောင်ဆင့်က  M-Media သို့ပြောသည်။
    အဆိုပါ အခမ်းအနားတွင် PCN အုပ်ချုပ်ရေးမှူး အဖွဲ့မှ ဦးသန်းဦးမှ အမှာစကားပြောကြားခြင်း၊  ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့ကိုယ်စား ဦးဌေးသိန်းမှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အင်္ဂလိပ်စာ သင်ကြားရေး ကွန်ရက် (MTEN) ဥက္ကဌ ဦးအောင်မြင့်မှ အမှာစကားပြောကြားခြင်း၊ ဦးလှကြည်မှ အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်၏ အသုံးဝင်ပုံအား သုံးသပ်ပြောပြ ခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ စာအုပ်များကို ရခိုင်ပြည်နယ်ရှိ ကလေးငယ်များ ကိုယ်စား မခင်မျိုးညွှန့် ( Special guide & Computer Trainer ) မှ လက်ခံယူပေးခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုတ်သိမ်းခဲ့ကြကြောင်း သတင်း ရရှိသည်။
    DSCN4731
    ဓါတ်ပုံများကြည့်ရန် Click Here
  • Telenor Myanmar မှ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု အဆင့် ၀န်ထမ်းများ စတင်ခေါ်ယူမှု
    သြဂုတ် ၁၅၊ ၂၀၁၃
    M-Media
    ဆူးထက်
    P8130060
    Telenor Myanmar မှ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု အဆင့် ၀န်ထမ်းများ စတင်ခေါ်ယူမှု အခမ်းအနားကို သြဂုတ်လ ၁၃ရက်နေ့က ရန်ကုန်မြို့ Traders Hotel တွင် နေ့လည် ၁နာရီခွဲမှ ၂နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    ” ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားခြင်းနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် Telenor Myanmar Academy ကိုတည်ထောင်တာပါ။ အလုပ်အကိုင် ခေါ်ယူခြင်းကို ယခုနှစ် အတွင်းမှာ သုံးသုတ်ခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး စက်တင်ဘာလအကုန်ထိကို ပထမအသုတ်အနေနဲ့ ၂၅ယောက်ကို စတင်ခေါ်ယူနေပါပြီ။ မြန်မာနိုင်ငံမှာ Telenor Myanmar ရဲ့ အဆင့်မြင့် ဆက်သွယ်ရေး ကွန်ယက်များနဲ့ ဈေးနှုန်းသင့်တော်သော မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများကို လျှင်မြန်စွာ စတင်ရာမှာ အထောက်အကူ ပေးနိုင်ပါတယ် ” ဟု Telenor Myanmar မှ Chief People Officer Ms. Tipayarat Kaewsringarm က မီဒီယာများသို့ပြောသည်။
    ” ပထမတစ်ကြိမ် ခေါ်ယူတဲ့ လူ၂၅ဦးက နည်းဗျူဟာများ ရေးဆွဲခြင်းနဲ့ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီမံအုပ်ချုပ်ခြင်းအတွက် ခေါ်ယူတာ ဖြစ်တယ်။ ဒုတိယ အသုတ်အနေနဲ့ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီမံအုပ်ချုပ်ခြင်းအတွက် ခေါ်ယူတာဖြစ်တယ်။ ဒုတိယအသုတ်အနေနဲ့ အောက်တိုဘာနဲ့ ဒီဇင်ဘာလမှာ အလုပ်ခေါ်ယူမှု အတွက်ကတော့ ဆက်သွယ်ရေးနှင့် နည်းပညာ ကျွမ်းကျင်သူတွေကို ဦးတည်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒီသူတွေ မြန်မာနိုင်ငံမှာ အဆင့်မြင့် မိုဘိုင်းဆက်သွယ်ရေး ကွန်ယက်များ တည်ထောင်ရာမှာ မဟာဗျူဟာကျတဲ့ အခန်းဂဏ္ဍမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။
    ပညာအရည်အချင်းကတော့ ပထမအကြိမ်ခေါ်ယူတဲ့ ၂၅ဦးအတွက်က ပညာအရည်အချင်းမြင့်ပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယ အကြိမ် အတွက်ကတော့ B.A ဘွဲ့ရ၊ ဒါမှမဟုတ် အခြားဘွဲ့ရ တစ်ခုခု ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု ရှိသေးတာက ဘွဲ့မရပေမယ့်လည်း တကယ်ပညာတော်သော စိတ်ဝင်စားပြီး ကြိုးစားတက်ကြွသော လူငယ်တွေကိုလည်း ခေါ်ယူသွားဖို့ ရှိပါတယ်  ” ဟု၎င်းမှ M-Media သို့ပြောသည်။
    Telenor Myanmar၏ တာဝန်ရှိသူ တစ်ဦးမှလည်း ” ၀န်ထမ်းဦးရေ ကတော့ စုစုပေါင်း သုံးထောင်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေ အတွက် လုပ်ငန်း ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှု အရည်အသွေားတွေ လေ့ကျင့်သင်ကြားပေးနိုင် Telenor Myanmar  Academy လို့ခေါ်တဲ့ ကျောင်းတစ်ကျောင်း ဖွင့်လှစ်သွားမယ်။ အဲဒီ့ သင်တန်းကနေ ဘာတွေရမလဲဆိုတော့ မိမိတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ရန် လိုအပ်တဲ့ အသိပညာနဲ့ အတက်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ဦးဆောင်မှု သင်တန်းတွေ ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။
    မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေရယ်၊ မြန်မာနိုင်ငံမှာ ယခုလက်ရှိနေထိုင်သူဖြစ်တဲ့ ဒေသခံတွေကို အဓိကထားပြီး ခန့်အပ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် လစာကတော့ သူတို့ကို မြန်မာပြည် ပြန်လာပြီး အလုပ်လုပ်ကိုင်ချင်အောင် ဆွဲဆောင်နိုင်တဲ့ လစာမျိုးတော့ ဖြစ်ပါလိမ့်မယ်” ဟု၎င်းမှ ထပ်လောင်း M-Media သို့ပြောကြားသည်။
    Telenor ကုမ္ပဏီသည် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေရှ်၊ အိန္ဒီယ၊ ပါကစ္စတန်စသည့် နိုင်ငံများအပါအ၀င် ဆက်သွယ်ရေး ကွန်ယက်ပေါင်း (၁၁)ခု တည်ရှိပြီး ရှရှားနိုင်ငံ Vim Pel Com ကုမ္ပဏီ၏ အကြီးဆုံး အစုရှယ်ယာရှင်လည်း ဖြစ်ကြောင်း သိရသည်။
    P8130125
  • Miss Supranational 2013 နှင့် Miss Grand International 2013 မြန်မာအလှမယ်များ ဝင်ပြိုင်မည်။
    သြဂုတ် ၁၅၊ ၂၀၁၃
    M-Medi
    ဆူးထက်
    P8140260
    ရန်ကုန်။        ။ ကမ္ဘာအဆင့် အလှမယ် ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နှင့် Miss Grand International 2013 ပြိုင်ပွဲကြီးများသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်လေးများကို သရဖူ ပေးအပ်ချီးမြှင့်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Traders Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အခမ်းအနားတွင်  Miss Supranational Myanmar Organization မှ ဒါရိုက်တာများဖြစ်သော ကိုဝေယံအောင်နှင့် ကိုဟန်ဇော်လတ်တို့က ပြိုင်ပွဲကြီးများအတွက်ံမြန်မာနိုင်ငံမှ တရားဝင် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းခဲ့ရကြောင်း၊ နိုင်ငံကိုယ်စားပြု အလှမယ် နှစ်ဦးအား နိုင်ငံတကာ ပြိုင်ပွဲကြီးများအတွက် စနစ်တကျ လေ့ကျင့်သင်ကြား ပေးခဲ့ရကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
    မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ်  Miss Supranational ပြိုင်ပွဲအတွက် မခင်ဝင့်ဝါနှင့်  Miss Grand International ပြိုင်ပွဲ အတွက် မထားထက်ထက်တို့အား မနန်းခင်ဇေယျာမှ သရဖူ ဆောင်းပေးခဲ့ပြီး ကိုဝေယံအောင်နှင့် ကိုဟန်ဇော်လတ်တို့က ဂုဏ်ပြုစလွယ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
    P8140262
    Miss Grand International ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော  မထားထက်ထက် က” မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများမှာ ကျွန်မအနေနဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်ကိုဆောင်နိုင်အောင် အကောင်းဆုံး ကြိုးစားသွား ပါ့မယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ကျွန်မကို အားပေးပါ။ ပြည်သူတွေရဲ့ အချစ်က ကျွန်မအတွက် အားဆေးပါ။ ” ဟု M-Media သို့ပြောသည်။
    Miss Supranational 2013 ပြိုင်ပွဲတွင် မခင့်ဝင့်ဝါမှ ”  ကျွန်မက ရိုးရာ ၀တ်စုံအနေနဲ့ ပျူဝတ်စုံကို ၀တ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လေ့လာသွားရပါတယ် ” ဟု M-Media သို့ပြောသည်။
    ဆက်လက်ပြီး မနန်းခင်ဇေယျာမှလည်း အလှမယ်လေးများဟာ ဂုဏ်ပြုအားပေး စကားနှင့် အကြံပြုစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
  • ၁၅-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ- ၁၅ ရက်၊ ၂၀၁၃
    M-Media
    Northern-Ireland-v-Russia-FIFA-2014-World-Cup-Qualifier-2168261
    ဘရာဇီးနှင့် ရုရှားတို့ ရှုံးနိမ့်ပြီး အဂျင်တီးနား၊ ဆွီဒင် တို့အောင်ပွဲခံခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲများ
    နိုင်ငံတကာခြေစမ်းပွဲများကို သြဂုတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီးဘရာဇီးအသင်းနှင့် ရုရှားအသင်းတို့မှာ အံ့သြဖွယ်ရှုံးနိမ့်ခဲ့ရပြီး အာဂျင်တီးနားနှင့် ဆွီဒင်အသင်းတို့မှာ နိုင်ပွဲကိုယ်ဆီရခဲ့ကြသည်ဟုသိရသည်။
    ဘေဆယ်တွင်ကစားခဲ့သည့် ဘရာဇီးလ်နှင့် ဆွစ်ဇလန်တို့ပွဲတွင် ဆွစ်ဇလန်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဘရာဇီးလ်နောက်ခံလူ ဒန်နီယဲလ်အဲလ်ဗတ်စ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်ပြီး ထိုပွဲအရှုံးကြောင့် ဘရာဇီးလ်အသင်းမှာ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ကြိုးပျက်ခဲ့ရသည်။
    မြောက်အိုင်ယာလန်အသင်းမှာလည်း ရုရှားအသင်းကို မာတင်ပတ်တာဆန်၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲအနိုင်ကြောင့် နောက်ဆုံး ၉ ပွဲတွင် တစ်ပွဲမှအနိုင် မရရှိခဲ့သည့် မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုးနေးလ်မှာ ဖိအားများအထိုက်အလျောက်လျှော့ကျသွားသည်။
    အီတလီနိုင်ငံ ရောမမြို့တွင် ကစားခဲ့သည့် အာဂျင်တီးနားနှင့် အီတလီတို့ပွဲတွင် အာဂျင်တီးနားက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဂျင်တီးနားအတွက် ဂိုးများကို ဂွန်ဇာလို ဟီဂူအင်နှင့် အီဗာ ဘန်နီဂါတို့ကသွင်းယူပေးခဲ့ပြီး အီတလီအသင်းအတွက် တစ်လုံးတည်းသောဂိုးကို လော်ရန်ဇို အင်ဆင်က သွင်းယူပေးခဲ့သည်။
    ဆွီဒင်အသင်းနှင့် နော်ဝေအသင်းတို့၏ ပွဲစဉ်ကို စတော့ဟုမ်းတွင် ကစားခဲ့ကြပြီး ဆွီဒင်အသင်းက ၄ ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆွီဒင်အတွက်ဂိုးများကို အန်ဒါ ဆဗန်ဆန်က တစ်ဂိုးနှင့် အီဗရာဟီမိုဗစ်က ဟက်ထရစ်သွင်းယူပေးခဲ့ပြီး၊ မိုဟာမက် အဘ်ဒီလာအူနှင့် စတီဖန် ဂျိုဟန်ဆန်တို့က နော်ဝေအသင်းတွက် ချေပဂိုးများ သွင်းယူပေးခဲ့သည်။
    အခြားပွဲစဉ်များတွင် ဥရုဂွေးအသင်းက ဂျပန်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ယူကရိန်းအသင်းက အစ္စရေးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပိုလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
    ______________________________________
    လမ္ဘာတ္အား ဟဒ္ဆန္ခ်ီးက်ဴး
    အင်္ဂလန်အသင်း၏နည်းပြဖြစ်သူ ရွိုင်ယန်ဟဒ်ဆန်မှာ ဆောက်သက်တမ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရစ်ကီလမ်ဘာတ်အား ချီးကျူးပြောဆိုလိုက်သည်။ လမ်ဘာတ်မှာ ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် အင်္ဂလန်အသင်းက စကော့တလန်အသင်းအား ၃ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူဖြစ်သည်။ ထိုပွဲမှာ လမ်ဘာတ်၏ လက်ရွေးစင်အသင်းနှင့် ပထမဦးဆုံးကစားသည့်ပွဲလည်းဖြစ်သည်။
    ______________________________________
    မော်ရင်ဟို၏လက်အောင်တွင် ကစားချင်သည်ဟု အီတူးဆို
    ရုရှားကလပ် Anzhi Makhachkala အသင်း၏တိုက်စစ်မှူးဖြစ်သူ အီတူးက ၎င်းအနေဖြင့် မော်ရင်ဟို၏လက်အောက်တွင်ကစားချင်သည်ဟု ပြောဆိုလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ရှိအီတူးမှာ စီးရီးအေကလပ်အင်တာအသင်းတွင် မော်ရင်ဟိုနှင့်လက်တွဲ့ခဲ့ဖူးပြီး စီးရီးအေဖလားနှင့် ချန်ပီယံလိဂ်ဖလားများကို ဆွတ်ခူးခဲ့ဖူးသည်။ အီတူး၏ မှတ်ချက်နှင့်ပက်သက်၍ မော်ရင်ဟိုက ယခင် ၎င်းနှင့်အလုပ်တွဲလုပ်ဖူးသူများမှာ ၎င်းနှင့်ထပ်မံလက်တွဲလိုကြောင်းကြားသိရသည့်အတွက်ပြောရွှင်မိကြောင်းပြောကြားခဲ့သည်။
    ______________________________________
    ဖာဘရီဂတ်စ်အတွက် မန်ယူနောက်ဆုံး ကမ်းလှမ်းမှုပြုလုပ်
    ပရီးမီးလားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဖာဘရီဂတ်စ်အားခေါ်ယူရန် နောက်ဆုံးကမ်းလှမ်းမှု ပြုလုပ်လိုက်သည်ဟုသိရသည်။ မန်ယူအသင်းမှာ အဆိုပါကစားသမားအား စောစောပိုင်းကလည်းခေါ်ယူရန်ကြိုးစားခဲ့ဖူးပြီး ဖာဘရီဂတ်စ်၏ အသင်းဖော်များနှင့် ဘာစီလိုနာ အသင်းက ဖာဘရီဂတ်စ်အား အသင်းမပြောင်းစေလိုဟု ထုတ်ဖော်ပြောဆိုထားသော်လည်း မန်ယူအသင်းက ပေါင် ၃၂ သန်းကျော်ဖြင့် နောက်ဆုံးကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
    ______________________________________
    ဒီမစ်ချယ်လီအားခေါ်ယူရန် မန်စီးတီးပြင်ဆင်
    မန်ချက်စတာစီးတီးအသင်းသည် လာလီဂါကလပ် မာလာဂါအသင်း၏နောက်ခံလူ မာတင် ဒီမစ်ချယ်လီအားခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ နောက်ခံလူ ပီပီအားခေါ်ယူရန်မအောင် မမြင်ဖြစ်ပြီးနောက် ဒီမစ်ချယ်လီအား ယူရို ၃.၅ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
    Daily Mirror
    ______________________________________
    ATP Western and Southern Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်အနိုင်ရရှိ
    ကမ္ဘာ့အဆင့် ၁ ရှိ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ATP Western and Southern Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ဂျိုကိုဗစ်မှာ အာဂျင်တိုင်းထိပ်တန်းတင်းနစ်သမား ဂျူအန်မိုနာကိုအား ၇-၅၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ခြေအဆင့် ၁ ရ ဂျိုကိုဗစ်မှာ ATP Western and Southern Open ဖလားကို ပြီးခဲ့သည့် ငါးနှစ်အတွင်း လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်သည်။
    ______________________________________
    ဆရီနာနှင့် ကဗီတိုဗာတို့အနိုင်ရရှိခဲ့သည့်WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင် ကျင်းပပြုလုပ်နေသည့် WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုက်ကစားခဲ့ရာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ချက်တင်းနစ်မယ် ကဗီတိုဗာတို့ အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    ဂရန်းဆမ်း ဆုဖလား ၁၆ ခုဆွတ်ခူးရရှိထားသည့် ဆရီနာဝီလီယံမှာ ကနေဒါတင်းနစ်မယ် ယူဂျီနီဘူချာဒ်အား အနိုင်ရရှိခဲ့သည်။ ဆရီနာမှာ ပထမပွဲငယ်တွင် ၄-၆ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် ၆-၂၊ ၆-၂ ဖြင့်ပြန်လည်အနိုင်ရရှိခဲ့ကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    နိုင်အခြေအဆင့် ၇ ရှိ ပီထရာကဗီတိုဗာမှာ နယူးဇီလန်တင်းနစ်မယ် မရီနာ အီရာကိုဗစ်အား ၆-၄၊ ၆-၇(၉-၇)၊ ၆-၃ ဖြင့်လည်းကောင်း၊ နိုင်ခြေအဆင့် ၆ ရ အီတလီတင်းနစ်မယ် ဆာရာ အီရာနီမှာ ဆလိုဗေးနီးယားတင်းနစ်မယ် ပိုလိုနာ ဟာကော့ဂ်ျ အား ၆-၄၊ ၅-၇၊ ၆-၄ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
    ______________________________________
    အသက် ၂၈ နှစ်အရွယ်ရှိ ၀င်ဘယ်လ်ဒန်ချန်ပီယံ ပြင်သစ်တင်းနစ်မယ် မာရီယန် ဘာတိုလီမှာ တင်းနစ်လောကမှ အနားယူလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင်ကျင်းပနေသည့် WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အား ၃-၆၊ ၆-၄၊ ၆-၁ ဖြင့်ရှုံးနိမ့်အပြီးတွင် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ဘာလိုတီက သူမအနေဖြင့် အနားယူရန် အချိန်တန်ပြီဖြစ်ကြောင်း၊
    ယခုနှစ်အစပိုင်းကတည်းက ဒဏ်ရာပြဿနာတော်တော်များများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဘာလိုတီမှာ ယခုနှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ပူပူနွေးနွေး ဗိုလ်စွဲထားသူလည်းဖြစ်သည်။
    ______________________________________
    ကမ္ဘာ့ချန်ပီယံရှစ်အားကစားပြိုင်ပွဲ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မာရီလင် အိုကိုရိုနှင့် လော်ရာမူအာရ်တို့ ဆီးမီးဖိုင်နယ်သို့ရောက်ရှိ
    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ချန်ပီယံရှစ်အားကစားပြိုင်ပွဲ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသူ မာရီလင်အိုကိုရိုနှင့် လောရာမူအာရ်တို့မှာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဟု သိရသည်။ အိုကိုရိုမှာ ၁ မီနစ် ၅၉.၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ မူအာရ်မှာ ၂ မိနစ် ၀.၈၀ စက္ကန့်ဖြင့်လည်းကောင်း အသီးအသီးပန်းဝင်ခဲ့ခြင်းဖြစ်သည်။
  • ကင်းတားနား ကေအိုင်အိုဌာနချုပ်တည်ရာ လိုင်ဇာသွားခွင့် ပိတ်ပင်ခံရ
    M-Media
    သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)
    ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်းတားနား ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရတယ်လို့ သတင်းများက ဆိုပါတယ်။
    ကေအိုင်အေဘက်က ကင်းတားနားကို ကြိုဆိုပေမယ့် မြန်မာအစိုးရက သွားရောက်ခွင့်မပေးတာကြောင့် ကင်းတားနားရဲ့လိုင်ဇာခရီးစဉ် ဖျက်သိမ်းခဲ့ ရတာဖြစ်တယ်လို့ kachinwaves news က တင်ပြထားပါတယ်။
    `သူ(ကင်တာနား) ကိုယ်တိုင် လိုင်ဇာထိ သွားပြီး မျက်မြင်ကိုယ်တွေ့မြင်ရင်တော့ ကုလ ရဲ့လုပ်ဆောင်ချက်တွေက ပိုပြီးမြန်လာမှာပေါ့။ အခု သူမ သွားနိုင်တော့ ကေအိုင်အိုအနေနဲ့ရော၊ ကေအိုင်အိုအလုပ်အဖွဲ့အနေနဲ့ရော၊ စစ်ဘေးဒုက္ခသည်တွေကိုယ်စားပါ စိတ်မကောင်းဘူး။´ လို့ ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိတဲ့ ဆရာဒေါင်ခါက kachinwaves news သို့ ပြောပြထားပါတယ်။
    မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်ကိုရောက်ရှိစဉ်မှာ ပြည်နယ်အစိုးရအပါအ၀င် KIO ရဲ့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လိုင်ဇာကို သွားရောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း မစ္စတာကင်တားနားနဲ့အတူ လိုက်ပါသွားတဲ့ ရန်ကုန် ကုလသမဂ္ဂ ရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပြကြောင်း ဗွီအိုအေမြန်မာပိုင်းက သတင်းတင်ပြထားပါတယ်။
    ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒီလိုမသွားရောက်နိုင်တာ ပြည်ထောင်စုအစိုးရဆီကနေ ခွင့်ပြုချက် မရတာကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြတဲ့အကြောင်းကိုလည်း ဗွီအိုအေမြန်မာပိုင်း သတင်းက တင်ပြထားပါတယ်။
    ကချင်အရေးတက်ကြွလှုပ်ရှားသူ မခွန်ဂျာကတော့ သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီသတင်းနဲ့ပတ်သတ်ပြီး “ကျွန်တော်တို့ ရွှီးထားတာတွေ ပေါ်သွားမှာစိုးလို့ မသွားခိုင်တာပါ။ ပုံ – နိုင်ငံတော်အစိုးရ။” လို့ မှတ်ချက်ပြု ရေးသားထားပါတယ်။