News @ M-Media

Blog

  • ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ဘာသာပေါင်းစုံ ပညာဒါန ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား

    သြဂုတ်လ ၁၆၊ ၂၀၁၃
    M-Media
    ဆူးထက်

    P8160196

    ရန်ကုန် ။        ။ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ဘာသာပေါင်းစုံ ပညာဒါန ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အဘွားများရိပ်သာတွင် နံနက် ၉နာရီမှ ၁၂နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် ကျိုလီယာ ဗလီဥက္ကဌ ဟာဂျီ ဂျမားလ်(ခ) အက်စ်အမ် ဦးအောင်သိန်းမှ ” ငွေကြေးကို အဓိက မထားဘဲ စိတ်ရင်းစေတနာနဲ့ မြို့ထဲကနေ ဒီနေရာထိကို မငြီးမငြူ လာရောက်ပြီး စိတ်အားထက်သန်စွာ သင်ကြားပေးတဲ့ ဆရာမတွေကို  အထူးပဲကျေးဇူးတင်ရှိပါတယ်။ သင်ယူကြတဲ့ ကျောင်းသား ကျောင်းသူများနဲ့တကွ လိုအပ်သမျှကို ကူညီပေးကြတဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့က သင်တန်းသား သင်တန်းသူတွေကို အောင်လက်မှတ်ချီးမြှင့်တဲ့ ပွဲပါ။ ကျွန်တော်တို့

    စိတ်ကောင်းစေတနာထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တဲ့အပေါ်မှာ ဒီနေရာနဲ့ဝေးတဲ့ ရန်ကုန်မြို့ နေရာတော်တော်များများကနေ သင်တန်း လာရောက်တက်ကြတဲ့ အထိ ဖြစ်လာပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် အသက်၂၄နှစ်အရွယ် မဆုရည်ဖြိုးက ” ကျွန်မနေတာကတော့ သင်္ဃန်းကျွန်း ဘုရားလမ်းကပါ။ ဒီမှာ စက်ချုပ်သတင်တန်းအောင်သွားပါပြီ။ ဆက်ပြီးတော့ မော်တာ သင်တန်းတက်ဖို့ ဖောင်တင်ထားပြီးပါပြီ။ အရင်တုန်းကတော့ ကျွန်မက ဒန်အိုးစက်မှာ အလုပ်လုပ်တာပါ။

    အလုပ်လုပ်ရင်းနဲ့ အချိန်ပိုင်း စက်ချုပ်သင်တန်းလာတက်တာပါ။ နောက်ပိုင်း ပညာစုံပြီဆိုရင် အိမ်မှာပဲ အပ်ချုပ်ဆိုင် ဖွင့်တာပဲ ဖြစ်ဖြစ်၊ အထည်ချုပ် စက်ရုံမှာ ၀င်အလုပ်လုပ်တာပဲ ဖြစ်ဖြစ် အဆင်ပြေမယ်ထင်တာကို ရွေးချယ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မအနေနဲ့ ခုဆိုရင် အသက်မွေးဝမ်းကြောင်း အနေနဲ့ ပညာတစ်ခု တတ်မြောက်တဲ့အေပါ် အရမ်းဝမ်းသာ ပီတီ ဖြစ်ရပါတယ်။ အဲဒီအတွက် ခုလို သင်တန်းစီစဉ်ဆောင်ရွက်ပေးတဲ့ လူကြီးတွေ၊ တာဝန်ရှိသူတွေ၊ ဆရာမတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု M-Media သို့ပြောသည်။

    ဟိန္ဒူဗုဒ္ဓဘာသာဝင် အသက်၃၀ကျော်အရွယ်ရှိ မလှလှခိုင်ကလည်း ” ဒီမှာပဲ စက်ချုပ်သင်တန်းအောင်ထားလို့ မော်တာသင်တန်း လာတက်တာပါ။ ခုမော်တာသင်တန်း အောင်ပါတယ်။ အလုပ်အတွက်က ဒီသင်တန်းမှာ အလုပ်လုပ်ချင်တယ်လို့ ပြောထားပါတယ်။

    P8160250

    ဒီစက်ချုပ်ပညာနဲ့ပဲ စားဝတ်နေရေး အတွက် တစ်ဖက်က မိသားစုကို ၀င်ငွေရအောင် ရှာပေးချင်လို့ပါ။ အရင်တုန်းက ကျွန်မဘာအလုပ်မှ မလုပ်တတ်လို့ အိမ်မှာပဲ အိမ်အလုပ် နေတာပါ။ ကျွန်မ စက်ချုပ်သင်တန်းကို တက်ရောက်ရတဲ့ အတွက် သင်တန်းကာလ တစ်လျှောက်လုံး ၀မ်းသာ ပျော်ရွှင်နေတာပါ။ ကျွန်မ အိမ်မှာ နေရင်း စိတ်ကူး မျှော်လင့်ခဲ့တဲ့ မျှော်မှန်းချက်တွေဟာ ဒီကနေ့ ဘ၀မှာလက်တွေ့ အကောင်အထည် ပေါ်လာတာပါ။ ကျွန်မရင်ထဲမှာ စက်ချုပ် သင်တန်း တက်ချင်တဲ့ ဆန္ဒရှိခဲ့တာ တော်တော်ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်က အဆင်မပြေတဲ့ အတွက် မတက်ဖြစ်ခဲ့ဘူး။ ဆရာမတွေကလည်း ဆရာစားမချန် ကျွန်မတို့ကို တက်မြောက်စေချင်တဲ့ စေတနာအရင်းခံနဲ့ တစ်ခု မကျန်သင်ပေးပါတယ်။ ကျွန်မလေ လူကြီးတွေနဲ့ ဆရာမတွေ အားလုံးကို စိတ်ထဲမှာ ကျေးဇူးတင်တယ်။ ဘုရားဆီမှာလည်း ဆုတောင်းတယ် ” ဟုM-Media  သို့ပြောသည်။

    ” ကျွန်တော်က အခု ပထမနှစ် မြန်မာစာ အဝေးသင်တက်နေတာပါ။ ခု ကွန်ပျူတာ Level 1 သင်တန်းအောင်မြင်ပါတယ်။ ထပ်ပြီး Level 2 ထပ်တက်အုန်းမှာပါ။ ကျွန်တော် ကွန်ပျူတာပညာကို တတ်မြောက်ထားတော့ အလုပ်အကိုင် ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် ဒီအဖွဲ့အစည်းကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီသင်တန်း တက်ခဲ့တဲ့ သုံးလတာ ကာလမှာ ဘာသာပေါင်းစုံက ညီအကို မောင်နှမတွေနဲ့ ရင်းနှီး ခင်မင်မူ ရပါတယ်။ စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာ တက်ခဲ့ရတာပါ ” ဟု သာကေတ မြို့နယ်မှ တက်ရောက်သော သင်တန်းသားတစ်ဦးဖြစ်သူ ကိုကျော်လင်းအောင်က  M-Media သို့ပြောသည်။

    ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးလှဌေး က ” ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေဟာ အခြားကလေးတွေလို ပညာမတတ်ပဲနဲ့ ကျန်ခဲ့တာကို ကျွန်တော်တို့ မလိုလားဘူး။ ပိုက်ဆံမရှိလို ဒီပညာကို မသင်လို့ရဘူး၊ မတတ်ဘူး ဆိုတာမျိုး မရှိအောင် ကျွန်တော်တို့ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင် ဖြစ်စေ လူငယ်တိုင်းသည် ပညာတတ်ရမယ်။ ဒီခေတ်ကြီးမှာ ပညာမတတ်ရင် သူများနောက်ကောက်ကျန်ခဲ့မယ်။ လူညွှန့် တုံးမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ကွန်ပျူတာ သင်တန်းကို စာရွက်စာတမ်း၊ သင်ရိုးညွှန်းတမ်းက အစ ဘာမှ ကုန်ကျစရာ မလိုဘူး။ ပြီးသွားရင် အရည်အချင်း စစ်ပြီ ပြည့်မှီမှ အောင်လက်မှတ်ထုတ်ပေးတယ်။စက်ချုပ်သင်တန်းအောင်သွားတဲ့ သူတွေဆိုရင်လည်း အလုပ်လုပ်ဖို့ ကမ်းလှမ်းလာတဲ့ အလုပ်ရှင်တွေရောက်လာပါတယ်။

    ဒီသင်တန်းကို စခဲ့တာ တစ်နှစ်ပတ်လည် ဖြစ်နေပါပြီ။ ဒါက ငါးကြိမ်မြောက် သင်တန်းဆင်းပွဲပါ။ ဒီကလေးတွေရဲ့ ဘ၀လမ်းကြောင်း အမှန်ပေါ် ရပ်တည်ပြီး မိသားစုကို တစ်ဖက်က ၀င်ငွေရှာပေးတဲ့သူ၊ ကိုယ်ဘ၀ကို ကိုယ်ရပ်တည်နိုင်တဲ့သူတွေ ဖြစ်ဖို့က ကျွန်တော်တို့ ရည်ရွယ်ချက်ပါ။ ဒီထက်မက ဆက်လက် ကြိုးစားသွားရင် သူတို့ရဲ့ ဘ၀နောင်ရေးအေးချမ်းမယ်လို့ မျှော်လင့်ချက်ထားတယ်။ ခုသြဂုတ်လ ၁၉ရက်နေ့ကို နောက်တစ်ကြိမ် ထပ်ဖွင့်မှာ ဖြစ်တယ်။

    နောက် လူမျိုးမရွေး၊ ဘာသာမရွေး၊ အထွေထွေ ရောဂါကု အတွက် ဆေးခန်းဖွင့်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အခု လက်ရှိ ဆောင်ရွက်ပြီးစီးခဲ့တာက သာကေတာမြို့နယ် တစ်ခုလုံးမှာရှိတဲ့ စာသင်ကျောင်း ၄၉လုံးကို ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရေသန့်စက် တပ်ပေးခဲ့ပါတယ်။ သာကေတမြို့နယ်မှာပဲရှိတဲ့ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို ရေသန့်စက် တပ်ပေးခဲ့ပါတယ်။ တွန်းလှည်းနဲ့ရေ ၀ယ်ရတဲ့ ဘုန်းကြီးကျောင်းကို အ၀ီစီ ပေ ၅၀၀အနက် တူးပေးပါတယ်။ ရေမော်တာ တပ်ဆင်ပေးပါတယ်။ နောက်ထပ်ပြီး  သင်္ဃန်းကျွန်းမြို့နယ်မှာလည်း လုပ်ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု M-Media သို့ပြောသည်။

    အဆိုပါ သင်တန်းကျောင်းတွင် သင်ကြားပေးနေသော ကွန်ပျူတာ ဆရာမများဖြစ်သည့် ဒေါ်သန္တာကြည်နှင့် ဒေါ်ဝင်းသူဇာတင် တို့က ”  ပညာဒါနကျောင်းဆိုတော့ ကိုယ်တတ်ထားတဲ့ ပညာကို ပြန်လည် မျှဝေရတဲ့ အတွက် ကုသိုလ်လည်းရတယ်။ ကလေးတွေကို လူမျိုး ဘာသာမရွေး တက်မြောက်စေချင်တယ်၊ ထူးချွန်စေချင်တဲ့ စေတနာကို အရင်းခံပြီး တင်ပေးတာပါ။ အီးမေးလ်၊ အင်တာနက်လည်း သင်ပေးပါတယ် ” ဟု M-Media သို့ပြောသည်။

    P8160277

    ” ဆရာမက ဒေါ်နီလာဝင်းပါ။ ဒီကျောင်းမှာ စက်ချုပ်သင်ကြားပေးပါတယ်။ သင်တန်းစဖွင့်ထဲက သင်ပေးနေတာဆိုတော့ ခုဆို တစ်နှစ်ခွဲလောက်ရှိပါပြီ။ ဆရာမအနေနဲ့ လူမျိုး ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးကို တန်းတူ ထားတယ်။ သူတို့လေးတွေကို ပညာကို အပြည့်အ၀ သင်ပေးပါတယ်။ မိန်းကလေးတွေကို အလုပ်လက်မဲ့ မဖြစ်စေချင်ဘူးလေ။ အဲဒီအတွက်ပါ။ ဒီကိုလာသင်တဲ့ ကလေးတွေ အားလုံးဟာလည်း တကယ်ပညာလိုချင်တဲ့ ကလေးတွေ ဖြစ်တော့ သင်ပေးရတာ အားရှိပါတယ် ” ဟု M-Media သို့ပြောသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ၎င်းအဖွဲ့ကို ၁၉၇၂ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

  • တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်အတု “ ခွေးခြသေ့င်္ ”

    M-Media

    သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃

     

    Photo:BBC
    Photo:BBC

     

    တရုတ်နိုင်ငံက ဟီနန်တိရစ္ဆာန်ရုံမှာ အာဖရိကခြင်္သေ့အဖြစ် တိရစ္ဆာန်တစ်ကောင်ကို သတ်မှတ်ဖော်ပြခဲ့တယ်။ အဲ့ဒီ သတ္တ၀ါကြီးက ပရိသတ်ရှေ့မှာ ထ,ဟောင်လိုက်တဲ့အခါကျမှသာ လှည့်စားမှုတစ်ခုလို့ ပေါ်လွင်သွားပါတယ်။

    အဲ့ဒီတိရစ္ဆာန်ရုံဟာ ခြင်္သေ့အစစ်နေရာမှာ အမွှေးတို တိဗက်ခွေးအကြီးစားတစ်မျိုးကို အစားထိုးခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုတယ်။

    ခြင်္သေ့အစစ်ကို မျိုးပွားဌာနဆီ ပို့ထားခိုက်မှာ လုပ်သားတစ်ဦးပိုင်ဆိုင်တဲ့ခွေးကြီးကို လှောင်အိမ်ထဲ သွင်းထားခဲ့တာလို့ ဟီနန်ပြည်နယ်တိရစ္ဆာန် ရုံတာဝန်ရှိသူတစ်ဦးက ပြောလိုက်တယ်။

    အလည်ပတ်ရောက်လာတဲ့သူထဲက မိခင်တစ်ဦးဟာ သူ့သားကို ခေါ်ပြစဉ် ထွက်လာတဲ့အသံက ကွဲပြားနေပုံကို သတိထားမိပြီး လှည့်စားမှုကိုရိပ်မိ သွားခဲ့တာလို့ Beijing Youth Daily သတင်းစာမှာ ဖော်ပြခဲ့တယ်။

    Louhe city မြို့က အဲ့ဒီတိရစ္ဆာန်ကို လာရောက်သူများအဖို့ အလိမ်ခံရတဲ့အတွက် အမျက်ထွက်ကုန်ကြပါတယ်။

    အာဖရိကခြင်္သေ့ ဆိုပြီး သူ့အရည်အသွေး၊ စရိုက်သဘာဝ နဲ့ အမည်နာမတပ်ထားတဲ့လှောင်အိမ်ထဲက သတ္တ၀ါဆီက ခွေးဟောင်သံကြားရတဲ့အခါ လည်ပတ်သူတို့ အလန့်တကြားဖြစ်သွားခဲ့တယ်။

    နောက်တော့ အဲ့ဒီ အမည်ခံခြင်္သေ့ဟာ အမွှေးရှည်တိဗက်ခွေးကြီး တစ်ကောင်ဖြစ်ကြောင်း အစောင့်များက ဖွင့်ထုတ်ပြောပြခဲ့ကြတယ်။ အဲ့ဒီခွေးကြီးရဲ့ အညိုရောင်မွှေးပွကို တိုနှံ့နှံ့ဖြစ်အောင်လုပ်ပြီး ခြသေ့င်္တစ်ကောင်နဲ့ ဆင်တူအောင်ဖန်တီးထားခဲ့တာ ဖြစ်တယ်။

    ဧည့်သည်အမျိုးသမီး လျူ က “ ဒီတိရစ္ဆာန်ရုံဟာ ကျွန်မတို့ကို လှည့်စားဖို့ကြိုးစားနေတာဘဲ။ ခြင်္သေ့တွေနေရာမှာ ခွေးတွေနဲ့ ပုံမှားရိုက်ထားတာပါ ” လို့ ပြောဆိုခဲ့တယ်။

    ခြသေ့င်္ဟာ မျိုးပွားဌာနကို ပို့ဆောင်ထားရလို့ လုံခြုံရေးစည်းကမ်းချက်များအရ အဲ့ဒီလှောင်အိမ်ထဲ တိဗက်ခွေးကြီးကို ယာယီထည့်သွင်း ထားရတာဖြစ်ကြောင်း တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှူး လျူစုယာက Beijing Youth Daily ဆီ ပြောကြားလိုက်ပါတယ်။

    ဒါပေမယ့် တခြားတိရစ္ဆာန်တွေမှာလည်း ခေါင်းစဉ်တံဆိပ်နဲ့ လွဲမှားနေတာ ထင်ထင်ရှားရှား ရှိနေပြန်ပါတယ်။ ကျားသစ်နေရာမှာ မြေခွေးဖြူတစ်ကောင် (နဲ့) ၀ံပုလွေနေရာမှာ နောက်ထပ်ခွေးတစ်မျိုးကို တွေ့နေကြရတယ် လို့ဆိုပါတယ်။

     

  • အဆုတ်တွေကို ၃ ရက်အတွင်း သန့်ရှင်းကြရအောင်

    သြဂုတ် ၁၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1174568_10201525227189134_1632734152_n

    အဆာပြေစားတဲ့ အချိန် ဂရိတ်ဖုသီးဖျော်ရည် (သို့) နာနတ်သီးဖျော်ရည် တစ်ခွက်သောက်ပါ။ အဲဒီဖျော်ရည်တွေမှာ အသက်ရှုလမ်းကြောင်း အင်္ဂါတွေကို ကျန်းမာစေမယ့် antioxidant တွေပါဝင်ပါတယ်။

    မနက်စာနဲ့ နေ့လည်စာကြားမှာ မုန်လာဥသီးသန့်ဖျော်ရည် တစ်ခွက်သောက်ပါ။ သန်းရှင်းမှုပြုချိန် ၃ ရက်အတွင်း သွေးထဲက အက်စစ်ဓါတ်ပြယ်စေ ပါတယ်။

    နေ့လည်စာစားချိန် ပိုတက်ဆီယမ်များတဲ့ ဖျော်ရည် ခွက်ကြီးတစ်ခွက် သောက်ပေးပါ။ ပိုတက်ဆီယမ်ကို အရည်အဖြစ်သောက်သုံးပါက သန့်ရှင်းရေးမှာ အထောက်အကူများစွာပေးပါတယ်။

    အိပ်ရာမဝင်ခင် Cranberry သီးဖျော်ရည် ခွက်ကြီးတစ်ခွက်သောက်ပါက အဆုတ်ထဲမှာ ရောဂါပိုးကူးစက်စေမယ့် ဘက်တီးရီးယားတွေကို တိုက်ဖို့ အားပေးပါတယ်။ Blueberry သီးတွေဟာလည်း antioxidant ကောင်းတွေဖြစ်ပါတယ်။

    ရေနွေးနဲ့ မိနစ် ၂၀ ခန့် နေ့တိုင်း ရေချိုးပေးပါ။ ချွေးထွက်ခြင်းဖြင့် ကိုယ်ခန္ဓာထဲမှ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ အရေးကြီးပါတယ်။

    တနေ့ တကြိမ်အနည်းဆုံး ခပ်သွက်သွက်လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းဟာ အသက်ကောင်းကောင်းရှူစေပါတယ်။ လမ်းလျှောက်နေစဉ် အသက်ကို ဖြေးဖြေးနဲ့ အပြည့်အဝရှူပါ။ မမောမပန်း လျှောက်နိုင်မှာပါ။

    ယူကလစ်ဆီ (ငှက်ခြောက်ပင်အဆီ) ၅ စက်ကနေ ၁၀ စက်အထိကို ရေပူထဲထည့်ပါ။ ထို့နောက် ရေလုံးဝမပူတော့တဲ့အထိ ရေနွေးငွေ့ရှူပါ။ ယူကလစ်ဆီနှင့် ရေနွေးငွေ့တွေဟာ ချွဲသလိပ်ပျော်စေပါတယ်။

    ကိုးကား – Interesting Facts & Information

  • ကျောင်းသားတွေ ဖြန့်မယ့် ပရို-အစ္စရေး (အစ္စရေး အသားပေး) ၀ါဒဖြန့်မှုများ ဖေ့စ်ဘွတ်ခ်နှင့် တွီတာတွင် မြင်ကြရမည်

    M-Media သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ကမ္ဘာ့မီဒီယာတွေကို အသုံးချပြီး ကမ္ဘာ့လူထုကို နည်းမျိုးစုံနဲ့ လှည့်စားနေကြတဲ့ အစ္စရေးတွေက ဒီတစ်ခေါက်မှာလည်း ကျောင်းသားတွေကို မက်လုံးပေးပြီး ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတို့မှာ ၀ါဒဖြန့်ဖို့ ခိုင်းစေခြင်းဟာ အောက်လမ်းကနေ နာမည်ကြီးဖို့၊ နာမည်ကောင်းရဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အရေခြုံလုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးသမား လှုပ်ရှားသူတွေက ဆိုလိုက်ပါတယ်။

    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု
    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု

    အစ္စရေး၏ လက်ရှိအစိုးရက နိင်ငံတကာအမြင်မှာ အစ္စရေးနိုင်ငံကြီး ပနံသင့်စေဖို့ ရည်ရွယ်ပြီး အစီအစဉ်တစ်ခု ဆောင်ရွက်လျက် ရှိကြောင်း ယူကေအခြေဆိုက် နာမည်ကြီး အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြလိုက်ပါတယ်။ သူတို့လုပ်တဲ့အစီအစဉ်ကတော့ အစ္စရေးကျောင်းသားတွေအတွက်ဖြစ်ပြီး အစ္စရေးအသားပေးပို့စ် (pro-Israel) တွေ၊ မက်ဆေ့ခ်ျတွေကို ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတွေကနေ ၀ါဒဖြန့်ချိပေးမယ်ဆိုရင် ဖြန့်ချိပေးတဲ့ကျောင်းသားတွေကို ပညာသင်ဆုတွေပေးမယ်ဆိုတဲ့ မက်လုံးပဲဖြစ်ပါတယ်။ အစ္စရေးအစိုးရက အဲဒီအစီအစဉ်ကို တက္ကသိုလ် ၇ ခုမှာ ပြုလုပ်လျက်ရှိပါတယ်။ ၀ါဒဖြန့်ပေးနေတဲ့ ကျောင်းသားတွေက သူတို့ကို အစ္စရေးအစိုးရက ထောက်ပံ့နေပါတယ်ဆိုတာကိုတော့ အွန်လိုင်းမှာ ထုတ်ဖော်ပြောပြကြမှမဟုတ်ဘူးလို့ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း သတင်းတွေ အသားပေးဖော်ပြတဲ့ Haaretz သတင်းစာက ရေးသားခဲ့ပါတယ်။ အစ္စရေး ၀န်ကြီးချုပ် နာတန်ယာဟုရဲ့ ရုံးကလည်း အဲဒီအစီအစဉ်မျိုးပြုလုပ်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။ ၀န်ကြီးချုပ်ရုံးကတော့ အစ္စရေးရဲ့ လူထုနဲ့ အဆက်အဆံကို အင်အားဖြည့်တင်းဖို့ရာ ရည်ရွယ်ပြီး အဲဒီလိုလုပ်ရတာဖြစ်တဲ့အကြောင်း၊ ပြောင်းလဲနေတဲ့ သတင်းအချက်အလက် ရယူရေးနည်းစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရတာဖြစ်တဲ့အကြောင်း ဆိုပါတယ်။ နာတန်ယာဟုရုံးက အဲဒီ ၀ါဒဖြန့်ချိရေးပရောဂျက်အတွက် ဒေါ်လာ ၇ သိန်း၊ ၇သောင်း ၈ထောင် သုံးစွဲဖို့ ဘတ်ဂျက် သတ်မှတ်ထားကြောင်း၊ အစ္စရေးအမျိုးသား ကျောင်းသားသမဂ္ဂ (National Union of Israeli Students – NUIS) က နေပြီး ကျောင်းသားတွေကို ရွေးချယ်ပေးရမှာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးကိုတော့ အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ရစ်ချက် ဖာလ်က် အပါအ၀င် အခြားသော လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပါလစ္စတိုင်းမြေတွေကို ကျူးကျော်ဝင်ရောက်ပြီး အိမ်ယာတွေဆောက်လုပ်ကာ နယ်ချဲ့နေတာကြောင့် ပြစ်တင်ရှုံ့ချ နေကြသလို အဲဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး လူ့အခွင့်အရေးသမားတွေက “Zionist Ethnic Cleansing” (ဇီယွန်ဝါဒအခြေခံ လူမျိုးသုတ်သင်ရေး လှုပ်ရှားမှုကြီး) လို့ ကင်ပွန်းတပ်ကြတဲ့အကြောင်း dititaljournal.com က တင်ပြထားပါတယ်။

  • အမေရိကန် ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍ လေ့လာရေး ခရီးစဉ်

    သြဂုတ်-၁၅ ရက်၊ ၂၀၁၃
    M-Media

    00Before Departure 3 Department of Justice 8 (United States Institue of Peace)

    မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရောက်ရှိနေကြပါတယ်။

    ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

    အဆိုပါ အဖွဲ့တွင် စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူတာဟေရ် (ခ) ဦးသာအေး အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင် အပါဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံမှ အဖွဲ့ဝင် ၈ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံများကြည့်၇န် http://goo.gl/jkYOmV