News @ M-Media

Blog

  • အီတလီတွင် တစ်နှစ်အတွင်း ပဉ္စမအကြိမ်မြောက် အမျိုးသမီးအား အက်ဆစ်ဖြင့်ပက်၍ ရုပ်ပျက် ဆင်းပျက်ဖြစ်စေသည့် တိုက်ခိုက်မှုဖြစ်ပွား

    အီတလီတွင် တစ်နှစ်အတွင်း ပဉ္စမအကြိမ်မြောက် အမျိုးသမီးအား အက်ဆစ်ဖြင့်ပက်၍ ရုပ်ပျက် ဆင်းပျက်ဖြစ်စေသည့် တိုက်ခိုက်မှုဖြစ်ပွား

    သြဂုတ်- ၁၃ရက်၊ ၂၀၁၃
    M-Media

    လန်ဒန်။              ။ ပြီးခဲ့သည့်တနင်္လာနေ့၊ အီတလီမြို့တော် ဂျီနိုအာတွင် အသက် ၄၆ နှစ်အရွယ်အမျိုးသမီး၏မျက်နှာကို အမျိုးသားတစ်ဦးမှ အက်ဆစ်ဖြင့် ပက်လောင်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးသူတို့၏အဆိုအရ ၄င်းမှာ ခံစားချက်ကြောင့် ကျူးလွန်သည့်ပြစ်မှုဖြစ်ဖွယ်ရှိကြောင်း အီတာလျံမီဒီယာမှ ဖော်ပြခဲ့သည်။

    ကလေးနှစ်ဦးမိခင် နှင့် တစ်ခုလပ်ဖြစ်သူ ထိုအမျိုးသမီးသည် ၄င်းမှ သန့်ရှင်းရေးအလုပ်သမအဖြစ် လုပ်ကိုင်နေသည့် ဂါလီယာရာ(Galliera) ဆေးရုံ၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ သူမအား အခြားဆေးရုံ တစ်ခုသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး မျက်နှာ တစ်ပြင်လုံး၊ လက်များ နှင့် မျက်လုံးတစ်ဖက် ဆိုးဆိုးဝါးဝါးလောင်ကျွမ်းခံရမှုကို ကုသပေးနေသည်ဟု Il Secolo XiX သတင်းစာမှ ဖော်ပြသည်။

    “ ငယ်သံပါအောင်အော်လိုက်တဲ့အသံကို ကျွန်မ ကြားလိုက်တယ်။ ပြေးသွားကြည့်တော့  ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ သူ့ယူနီဖောင်းနဲ့မျက်နှာမှာ လောင်ကျွမ်းနေတာ တွေ့လိုက် ရတယ် ” ဟု သူမ၏အလုပ်တွဲ လုပ်နေသူ တစ်ဦးမှ ပြောပြသည်။ ဆေးရုံ အရေးပေါ်ဌာနသို့ မပို့ဆောင်မှီ ဝေဒနာ သက်သာအောင် ရေလောင်းပေး ခဲ့သည်ဟုလည်း ဆိုသည်။

    လက်သည်တရားခံမှာ မည်သူမှန်း စုံစမ်းမရသေး၊ ဒေသခံရဲများမှ တိုက်ခိုက်ခံရသူအား မေးမြန်းပြီးနောက် စုံစမ်းနေဆဲဖြစ်သည်။

    ကနဦးထွက်ဆိုချက်များအရ ထိုအမျိုးသမီးသည် မိမိ၏လုပ်ငန်းခွင်သို့ဝင်ရောက်မည့်ဆဲဆဲ အ၀တ်လဲလှယ်ခန်းပြင်ပတွင် အမျိုးသားတစ်ဦးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။ ဤဖြစ်ရပ်မှာ အီတလီတွင် ဤတစ်နှစ်အတွင်း ပဉ္စမအကြိမ်မြောက် အမျိုးသမီးတို့အားရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အက်ဆစ်ဖြင့် ပက်လောင်းမှု ဖြစ်ကြောင်း၊ မီဒီယာသတင်များ အရ ခံစားချက်ဆိုင်ရာပြဿနာများဟု သုံးသပ်သူအချို့မှဆိုကြောင်း သိရသည်။

    လက်ရှိကာလ အီတလီတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် အကျယ်လောင်ဆုံး အချေအတင်ဆွေးနွေးရသည့် ကဏ္ဍတစ်ခုဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းနှင့်နိုင်ငံတကာ မီဒီယာများ၌ ဤသို့သော တုန်လှုပ်ဖွယ် ရာဇ၀တ်မှုများအား ကျယ်ပြန့်စွာ တင်ပြလာ၍ဖြစ်၏။

    အီတလီအစိုးရသည် ယင်းပြဿနာကို ထိရောက်စွာအရေးယူရန် မကြာသေးမီက အစီအစဉ်ရေးဆွဲလိုက်သည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်တွင် Guardian သတင်းစာမှ ဖော်ပြခဲ့သည်။ ယင်းသို့အကြမ်းဖက်မှု အမျိုးအစား အပေါ် ပြင်းထန်သောပြစ်ဒဏ် စီရင်မှုနှင့်တစ်ကွ အယူခံဝင်မှုကိုပါ ပယ်ချမည့် စည်းမျဉ်းများကိုလည်း ယင်းအရေးယူမှု၌ ထည့်သွင်းထားသည်ဟု ဆိုသည်။

    “ ကျွန်တော်တို့နိုင်ငံမှာ ဒီပြဿနာနဲ့ပတ်သက်ပြီး အသွင်အပြင်သက်သက်မျှသာ မဟုတ်ဘဲ အရေးပေါ်အပြောင်းအလဲ တစ်ရပ်ကို ပြုလုပ်ဖို့ခိုင်မာတဲ့အင်္ဂါရပ် တစ်ခုလိုပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ” ဟု ၀န်ကြီးချုပ် အဲန်ရီကို လက်တား (Enrico Letta) က ပြောကြားလိုက်သည်။

    Source: Thomson Reuters Foundation

  • ၁၃-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

    သြဂုတ်- ၁၃ရက်၊ ၂၀၁၃
    M-Media

    080604_p4_navy

    အပူလှိုင်းကြောင့် ဂျပန်တွင် အမျိုးသမီးနှစ်ဦးသေဆုံး

    ပြင်းထန်သောအပူချိန်ကို ခံစားရခြင်းကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘီမြို့တွင် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။ အသက် ၅၃နှစ်အရွယ်နှင့် ၅၆နှစ်အရွယ်ရှိ ညီအမနှစ်ဦးအား ၎င်းတို့၏နေအိမ်တွင် သေဆုံးလျက်ရှိနေသည်ကိုတွေ့ရပြီး ဆေးစစ်ချက်များအရ အပူရှပ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနောက်ပိုင်းရှိဒေသများတွင် အပူချိန်မှာအလွန်ပြင်းထန်လျက်ရှိပြီး ၃၅ ဒီဂရီဆဲလ်စီယက်စ်မှ ၄၁ ဒီဂရီဆဲလ်စီယက်စ်အထိရှိသည်ဟု ဂျပန်မိုးလေ၀ အေဂျင်စီက ထုန်ပြန်ထားသည်။
    ________________________________
    တန်ချိန် ၁၈၀၀ ရှိသည့် ရေငုပ်သင်္ဘောသစ်အား တောင်ကိုရီးယား ထုတ်ဖော်ပြသ

    တောင်ကိုရီးယားရေတပ်မှ တန်ချိန် ၁၈၀၀ ရှိသည့် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင်ပြုလုပ်မည်ဟုသိရသည်။ အဆိုပါဖွင့်ပွဲသို့ တောင်ကိုရီးသားသမ္မတ ပက်ဂျုံဟီနှင့်အတူ ကာကွယ်ရေးဝန်ကြီးနှင့် အခြားသော စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။ ထိုရေငုပ်သင်္ဘောအား ကင်ဂျွာဂျင် ဟုအမည်ပေးထားပြီး ဖက်ဆစ်ဂျပန်များကြီးစိုးစဉ်က ကိုရီးယားလွတ်မြောက်ရေးတပ်မတော်၏ ကျော်ကြားသော ဗိုလ်ချုပ်၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။ ထိုရေငုပ်သင်္ဘောမှာ တောင်ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက် ရေငုပ်သင်္ဘောတစ်စင်းလည်းဖြစ်သည်။
    ________________________________
    တိုင်ဖုန်းမုန်တိုင်း သတိပေးချက် တရုတ်တွင်ထုတ်ပြန်

    တရုတ်ရေကြောင်းတာဝန်ရှိသူများက တိုင်ဖုန်းမုန်းတိုင်းသတိပေးချက်အား အ၀ါရောင်အဆင့်သို့ သတ်မှတ်လိုက်သည်ဟုသိရသည်။ ယခုနှစ်အတွင်း တိုက်ခတ်သည့် ၁၁ ခုမြောက်မုန်တိုင်းဖြစ်သည့် ယူတာတိုင်းဖုန်းမုန်တိုင်းကြောင့် တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒုန် ပြည်နယ်တွင် မြေပြိုမှုများဖြစ်ပေါ်လျက်ရှိနေသည်။ ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၀ မီတာခန့်ရှိနိုင်ပြီး ဂွမ်ဒုန်ပြည်နယ်အနောက်ပိုင်းရှိ ကမ်းရိုးတမ်းဒေသများတွင် လှိုင်းအမြင့် ၅.၅ မီတာရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။
    ________________________________
    တစ်ကိုယ်ရေသုံး ဂျက်လေယာဉ်ငယ် လူလိုက်ပါစမ်းသပ်ခွင့်ရရှိ

    တစ်ကိုယ်ရေသုံးဂျက်လေယာဉ်ကို တီထွင်ခဲ့သည့် ဆွစ်ဇလန်နိုင်ငံသား ဂလန်မာတင်သည် လေကြောင်းဆိုင်ရာတာဝန်ရှိသူများက ၎င်း၏ လေယာဉ်ငယ်အား လူလိုက်ပါပျံသန်းလိုင်စင်ထုတ်ပေးလိုက်သည်ဟု ပြောကြားလိုက်သည်။ ထိုလေယာဉ်ငယ်ကိုထုတ်လုပ်သည့် မာတင်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ အလုပ်အမှုဆောင်ချုပ် ပီတာ ကွတ်ကာက ထိုကဲ့သို့လိုင်စင်ရရှိမှုမှာ ၎င်းတို့အတွက် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်ကြောင်း ထိုလေယာဉ်ငယ်အား လျင်မြန်စွာစီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အခြေအနေရှိနေသည်ဟု ၎င်းတို့ယုံကြည်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်ငယ်အား ကန်ဒေါ်လာ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်ခန့်ဖြင့် လာမည့်နှစ်တွင် ထုတ်လုပ်ရောင်းချနိုင်ရန် ကုမ္ပဏီမှ မျှော်လင့်ထားသည်။
    ________________________________
    ပြင်သစ်နိုင်ငံ Mont Blanc တောင်တက်ရာတွင် အီတလီတောင်တက်သမားနှစ်ဦးသေဆုံး

    ပြင်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းတွင်ရှိပြီး အမြင့်ဆုံးတောင်တစ်ခုဖြစ်သည့် Mont Blanc တောင်အားတက်ရာတွင် တောင်ပေါ်မှနှင်းခဲများပြိုကျမှုနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် အီတလီတောင်တက်သမားနှစ်ဦးသေဆုံးခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက သတင်းထုတ်ပြန်လိုက်သည်။ အဖွဲ့ဝင်ခြောက်ဦးပါသည့်တောင်တက်အဖွဲ့၏ အဖွဲ့ဝင်သုံးဦးမှာ နှင်းထဲတွင်နစ်မြုပ်နေခဲ့ပြီး ထိုသုံးဦးအနက် အီတလီတောင်တက်သမားနှစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟုသိရသည်။

  • ၁၃-၅-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ- ၁၃ ရက်၊ ၂၀၁၃
    M-Media

    Christine-Ohuruogu_2986384

    မန်ယူက ရူနီအား ထွက်ခွာခွင့်ပေးလိုက်ပါက ရူးနှမ်းခြင်းသာဖြစ်မည်ဟု နဗီးလ်ဆို

    မန်ယူအသင်း၏နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းအနေဖြင့် ရူနီအားရောင်းချလိုက်ပါက ရူနှမ်းခြင်းသာဖြစ်လိမ့်မည်ဟု ပြောဆိုလိုက်သည်။ တနင်္ဂနွေနေ့က ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ပါဝင်ခြင်းမရှိခဲ့သည့် ရူနီမှာ ချယ်ဆီးအသင်းသို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်။

    ပြီးခဲ့သည့်နှစ်က ခြေစွမ်းမပြနိုင်ခဲ့သော်လည်း အသင်းအား ကူညီနိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရူနီမှာ အစားထိုး၍မရနိုင်သော ကစားသမားတစ်ဦးဖြစ်ကြောင်း နဗီးလ်ကပြောကြားခဲ့သည်။ နဗီးလ်မှာ ယခုအခါ အင်္ဂလန်လက်ရွေးစင်နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်။
    ____________________________________
    အင်္ဂလန်အသင်းအား ကယ်တင်ရန် ၁၀ နှစ် အစီအစဉ်ချဆောင်ရွက်ရမည်ဟု

    ဖာဒီနန်ဆိုအင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၈၁ ပွဲကစားပေးထားပြီး ပြီးခဲ့သည့်မေလကမှ လက်ရွေးစင်အသင်းမှ အနားယူသွားခဲ့သူ မန်ယူနောက်ခံလူဖာဒီနန်က အင်္ဂလန်အသင်း၏ အနာဂတ်အတွက် စိုးရိမ်ကြောက်ရွံ့နေသည်ဟုသိရသည်။ အင်္ဂလန်အသင်းမှာ လူငယ်အဆင့်မှ
    စ၍ လက်ရွေးစင်အသင်းကြီးအထိ အောင်မြင်မှုနှင့်ဝေးကွာနေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုံခြေစစ်ပွဲ အုပ်စု ဇ တွင် မွန်တီနီဂရိုး၏နောက် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေသည်။

    လူငယ်အသင်းများနှင့် လက်ရွေးစင်အသင်းများကြား အချိတ်အဆက်ပြတ်တောက်နေသည်ဟုမြင်ပြီး အင်္ဂလန်အသင်းအတွက် ကောင်းမွန်သော အတိတ်နမိတ်မဟုတ်ကြောင်း ဖာဒီနန်ကပြောကြားခဲ့သည်။
    ____________________________________
    ဂတ်စတာဗိုအား ခေါ်ယူရန် အာဆင်နယ်နီးစပ်နေ

    အာဆင်နယ်အသင်းအနေဖြင့် ဘိုင်ယန်ကွင်းလယ်လူ ဂတ်စတာဗိုအား ခေါ်ယူရန် နီးစပ်နေပြီဟု သိရသည်။ ဘိုင်ယန်နည်းပြသစ် ဂွာဒီယိုလာ လက်အောက်တွင် နေရာရရှိရန်မသေချာတော့သည့် ဂတ်စတာဗိုအား အာဆင်နယ်အသင်းက ယူရို သန်း ၂၀ ဖြင့်ကမ်းလှမ်းထားပြီး
    ဘိုင်ယန်မြူးနစ်အသင်းကလည်း လက်ခံလိုက်သည်ဟု ဆိုသည်။

    အာဆင်နယ်အသင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လူငယ်ကစားသမားတစ်ဦးကိုသာခေါ်ယူထားပြီး လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုမှာ မရေရာဖြစ်နေသည်။ ၎င်းအပြင် အာဆင်နယ်အသင်းမှာ PSV Eindhoven အသင်း၏တိုက်စစ်မှူး အသက် ၁၇ နှစ်အရွယ် ကစားသမား ဇာကရီယာ ဘက်ကာလီ အားစောင့်ကြည့်လျက်ရှိနေသည်ဟု သိရသည်။
    ____________________________________
    စီးရီးအေပြိုင်ပွဲမှာ ပိုမိုပြင်းထန်လာမည်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူးသစ်

    ရော့စီဆိုဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူးသစ်ရော့စီက ယခုနှစ်စီးရီးအေ ပြိုင်ပွဲမှာ ပိုမို ပြင်းထန်လာမည်ဟု ယုံကြည်နေပြီး ဖီအိုရင်တီးနားအသင်းမှာလည်း ဂျူဗင်တပ်စ်၏ လွှမ်းမိုးမှုကို အဆုံးသတ်ရန်ကြိုးပမ်းနေသည့် အုပ်စုတွင်ပါဝင်
    လိမ့်မည်ဟု ပြောဆိုလိုက်သည်။ ယခုနှစ်နွေရာသီကဗီလာရီးယဲလ်အသင်းမှ ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ရော့စီက ယခုနှစ် စီးရီးအေပြိုင်ပွဲမှာ မျှတသည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ရာသီတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း
    ပြောဆိုခဲ့သည်။
    ____________________________________
    အာဆင်နယ်တိုက်စစ်မှူးချာမက်အား ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

    ယမန်နှစ်ရာသီတွင် အာဆင်နယ်အသင်းနှင့် ပွဲထွက်ခွင့်မရခဲ့သည့် တိုက်စစ်မှူး ချာမက်အား ခရစ္စတယ်ပဲလေ့စ်အသင်းမှ ခေါ်ယူလိုက်သည်ဟု သိရသည်။ အသက် ၂၉ နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးအား တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှ ပရီးမီးယားလိဂ်သို့ရောက်ရှိလာသည့် ခရစ္စတယ်ပဲလေ့စ်အသင်းမှ ခေါ်ယူသည့် ၇ ယောက်မြောက်ကစားသမားဖြစ်လာခဲ့သည်။
    ____________________________________
    နောက်ခံလူနှစ်ဦးအားခေါ်ယူရန် မန်စီးတီးပစ်မှတ်ထား

    ပရီးမီးယားလိဂ်အသင်းကြီး မန်စီးတီးအသင်းမှာ ရှော်လ်ကာနောက်ခံလူ ကီရီယာကော့စ် ပါပါဒေါ့ပလပ်စ်နှင့် နာပိုလီနောက်ခံလူ ပေါ်လို ကန်နာဗာရိုတို့အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။
    Daily Mirror
    ____________________________________
    ဆာခိုအားခေါ်ယူရန် အေစီမီလန်စိတ်ဝင်စား

    ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ နောက်ခံလူ မာမာဒူ ဆာခိုအား စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သိရသည်။ ဆာခိုနှင့်အတူ သီယာဂိုဆေးလ်ဗား အဲလက်စ်နှင့် မာကွင်ဟို တို့ကိုလည်းခေါ်ယူရန်ရှိနေပြီး ပီအက်စ်ဂျီအသင်းမှ ဆာခိုအား ထွက်ခွာခွင့်ပေးဖွယ်ရှိနေသည်။
    Corriere dello Sport
    ____________________________________
    ဘေးလ်၏ အပြောင်းအရွှေ့ကိစ္စထဲသို့ မန်ယူဝင်လာ

    မန်ချက်စတာယူနိုက်တက်အသင်းသည် တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ်အား တရားဝင်ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။ ဘေးလ်အားခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက မြင့်မားသောပြောင်းရွှေ့ကြေးဖြင့် အကြိမ်ကြိမ်ကမ်းလှမ်းထားသော်လည်း
    တော့တင်ဟမ်အသင်းမှ ထိုထက်ပို၍အလိုရှိနေသည်ဟု သိရသည်။
    The Independent
    ____________________________________
    အိုမန်အားရင်ဆိုင်ရန် စင်ကာပူအဆင်သင့်ဖြစ်နေ

    စင်ကာပူအသင်း၏နည်းပြချုပ် ဘားနဒ် စတိန်းက ဗုဒ္ဓဟူးနေ့တွင်ကစားမည့် အာရှဖလားခြေစစ်ပွဲတွင် ပြိုင်ဘက်အိုမန်အသင်းအား ယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။ အနိုင်ရရှိဖို့ မဖြစ်နိုင်ဟုပြောမှာမဟုတ်ကြောင်း၊ အသင်းရှိကစားသမားများမှာ
    ကောင်းမွန်သောအနေအထားတွင်ရှိကြီး တက်ကြွနေကြကြောင်း၊ အသင်းရှိ မည်သူကမျှ အိုမန်အသင်းအားကြောက်ရွံ့နေမှာမဟုတ်ကြောင်း ဘားနဒ်က ပြောဆိုခဲ့သည်။
    ____________________________________
    Western and Southern Open တင်းနစ်ပြိုင်ပွဲတွင် နာမည်ရကစားသမားများ

    အံ့သြဖွယ်ရှုံးနိမ့်အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင် ကျင်းပပြုလုပ်နေသည့် Western and Southern Open အေတီပီ တင်းနစ်ပြိုင်ပွဲတွင် နာမည်ရကစားသမားများမှာ ပထမအဆင့်မှပင် ရှုံးနိမ့်ထွက်ခွာခဲ့ရသည်ဟုသိရသည်။
    ဆီဒင် ၁၃ ရ စပိန်တင်းနစ်သမား နီကိုလက်စ် အလ်မာဂရိုမှာ ဘူလ်ဂေးရီးယား တင်းနစ်သမား ဒီမီထရော့ဗ်အား ၇-၆(၇-၃)၊ ၆-၄ ဖြင့်လည်းကောင်း၊ အီတလီ နံပါတ်တစ် တင်းနစ်သမား ဖေဘီယို ဖော့ဂ်နီနီမှာ ချက်တင်းနစ်သမား ရက်ဒက် စတီပိန့်က်အား ၆-၂၊ ၆-၄ဖြင့်လည်းကောင်း၊ ပိုလန်တင်းသမား ဂျာဇီ ဂျန်နိုဝစ်ဇ်မှာ အမေရိကန်တင်းနစ်သမား ဂျိမ်းဘလိတ် အား ၆-၁၊ ၇-၅ ဖြင့်လည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲ၏ ပထမအဆင့်မှပင် ထွက်ခွာခဲ့ရသည်။
    ____________________________________
    WTA Cincinnati Open တင်းနစ်ပြိုင်ပွဲတွင် စမန်သာက ကုဇနက်ဆိုဗာအား

    အနိုင်ရရှိအမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်တွင် ကျင်းပနေသည့် တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် သြစတေးလျတင်းနစ်မယ် စမန်တာ စတိုစာက ရုရှားတင်းနစ်မယ် စဗက်လာနာ ကုဇနက်ဆိုဗာအား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂၀၁၁ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် စမန်သာမှာ ကုဇနက်ဆိုဗာအား ၆-၁၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ____________________________________
    မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်အပြေးမယ် ကမ္ဘာ့ချန်ပီယံဘွဲ့ဆွတ်ခူး

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ချန်ပီယံရှစ် အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန် အပြေးမယ် ခရစ်စတင်း အိုရိုဂူက အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ဗြိတိန် စံချိန်သစ်အဖြစ် အိုရိုဂူမှာ ၄၉.၄၁ စက္ကန့်ဖြင့် ပထမနေရာမှ
    ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

  • မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ယူကေမှ စစ်ဆင်ရေး တပ်ဖွဲ့ဖြင့် ကိုင်တွယ်

    သြဂုတ်-၁၂၊ ၂၀၁၃
    M-Media

    UK Taskforce Tackles Anti-Muslim Violence

    လန်ဒန်။    ။ မွတ်စ်လင်မ်တို့ထံဖြစ်ပွားနေသော စိုးရိမ်သောကများပြေလျော့ရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် မှ လက်ရှိကာလအတွင်း မွတ်စ်လင်မ်နှင့်ဗလီဝတ်ကျောင်းတော်တို့ကို ဦးတည် တိုက်ခိုက်နေမှုများအပေါ် ရှုတ်ချလိုက်သည်။ ၄င်းအပြင် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု ထပ်မံကြုံဆုံပါက ကိုင်တွယ်ရန် အစွန်းရောက်ဝါဒအား တန်ပြန်မည့် အဆင့်မြင့်စစ်ဆင်ရေး တပ်ဖွဲ့ဖွဲ့ထားကြောင်း ကြေငြာထုတ်ပြန်ခဲ့သည်။

    ဤရက်သတ္တပတ်အစောပိုင်း မန်ချက်စတာရှိ ဂျာမီယဟ် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ် ကင်မရွန်က “ ဒီတိုက်ခိုက်မှုတွေကို ကျွန်တော် အကြွင်းမဲ့ ရှုတ်ချတယ်။ ဒါပေမယ့် ဝေဖန်ရှုတ်ချနေတာထက် ပိုမို အရေးကြီးတာက အရေးယူဖို့ဘဲ ဖြစ်တယ် ” ဟု ပြောကြားကြောင်း သြဂုတ်လ ၁၀ ရက်၊ စနေနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ The Muslim News သတင်းဌာနမှ တင်ပြသည်။

    “ ဒီအာဏာပိုင်အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူနေကြောင်း ပြောနိုင်ပြီထင်တယ်။ ရဲတပ်ဖွဲ့တွေကလည်း ဒီတိုက်ခိုက်မှုတွေအပေါ် ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်လျက်ရှိနေလို့ဖြစ်တယ် ”။

    မေလအတွင်း ၀ူးလ်ဝိခ်ျ လူသတ်မှုနောက်ပိုင်း အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ ဆယ်ဆခန့် တဖြည်းဖြည်း မြှင့်တက်လာမှုကြောင့် လူတို့သည် စိုးရိမ်ထိတ်လန့်နေကြရသည်။ ဇူလိုင်လတွင် မစ်ဒ်လန်းစ် အနောက်ပိုင်း(West Midlands) ရှိ ဗလီဝတ်ကျောင်းများအား သုံးကြိမ်တိုင်တိုင် အကြမ်းဖက်ဗုံးခွဲခြင်းအပါအ၀င် မွတ်စ်လင်မ်တို့ကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

    ဗြိတိန်ရှိ မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများကိုစောင့်ကြည့်လျက်ရှိသည့် Tell Mama project အဆိုအရ ၀ူးလ်ဝိခ်ျ ဖြစ်စဉ်နောက်ပိုင်း မွတ်စ်လင်မ် ဆန့်ကျင်ရေးဖြစ်ရပ်များ ၂၁၂ ခု ရှိကြောင်း၊ ၄င်းအနက် ဗလီဝတ်ကျောင်းများကို ဦးတည် တိုက်ခိုက်မှု ၁၁ ကြိမ် ပါဝင်ကြောင်းသိရသည်။

    ဗုံးထောင်ဖောက်ခွဲမှုအပါအ၀င် ဆက်တိုက် တိုက်ခိုက်မှုဖြစ်နေလင့်ကစား ကင်မရွန်ထံမှ ပြတ်သားသော ရှုတ်ချချက် ထွက်မလာခဲ့ချေ။ သို့သော် ဂျာမီယဟ်ဗလီဝတ် ကျောင်းရောက်သည့်အခါ သူက “ ဗလီတွေကို ဗုံးခွဲတိုက်ခိုက်ခြင်း အားလုံးကို ကျွန်တော် ရှုတ်ချ ကန့်ကွက်ပါတယ်။ ဒီတိုက်ခိုက်မှု အားလုံးကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့နိုင်ငံထဲမှာ လုံးလုံးလျားလျား လက်သင့်မခံပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါဘဲ၊ ရှုတ်ချကန့်ကွက်နေခြင်းထက် လက်တွေ့ကျကျ အရေးယူဆောင်ရွက်ခြင်းက ပိုပြီး ပဓာနကျပါတယ် ” ဟု The Muslim News သို့ ပြောကြားခဲ့သည်။

    မေလက ဖူစီလီယာ ရစ်ဂ်ဘီ သေဆုံးမှုအပေါ် တုန့်ပြန်ဖွဲ့စည်းခဲ့သည့် စစ်ဆင်ရေးတပ်ဖွဲ့၌ ကက်ဘိနက်ဝန်ကြီးများ၊ ထိပ်တန်းရဲဝန်ထမ်းနှင့်လုံခြုံရေးဆိုင်ရာအရာရှိများ ပါဝင်ကြသည်။

    မွတ်စ်လင်မ်တို့၏ဝေဖန်ချက်များထွက်ပေါ်လာသဖြင့် မိမိတို့အစိုးရသည် အစ္စလာမ်အပေါ် တစ်ဖက်သတ် တစ်လွဲမြင်ရွံကြောက်ခြင်းပြဿနာ (Islamophobia)ကို လွန်ခဲ့သောအစိုးရများ ထက်သာလွန်အောင် ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၀န်ကြီးချုပ်က ဤသို့ပြောဆိုလိုက်သည်။

    “ လက်ရှိ ကျွန်တော်တို့အစိုးရဟာ  Islamophobia အပေါ် ယခင် အစိုးရများထက် သာလွန်အောင် ပုံစံမျိုးစုံနဲ့ ကိုင်တွယ် ဆောင်ရွက်နေတာကို ကျွန်တော် ပြောနိုင်ပါတယ်။ ကာကွယ်ရေးဗျူဟာကို ကျွန်တော်တို့ ပြောင်းလဲထားတယ်။ ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ထားတယ်။ မုန်းတီးပွင့်အံမှုတွေကို လူ့အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲစောင့်ကြည့်ကြပါတယ်။ နောက်ထပ် အဆင့်တွေကိုတော့ ထုတ်ဖော်မပြောလိုသေးပါဘူး။ ကျွန်တော့်ရဲ့ အစွန်းရောက် ဆန့်ကျင်မှုစစ်ဆင်ရေးအဖွဲ့အနေနဲ့ နောက်ထပ်ကဏ္ဍ တစ်ရပ်အဖြစ် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ခံစားနေရတဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေအပေါ် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့သာ ပြောဆိုရခြင်းဖြစ်ပါတယ် ”။

    ဗြိတိန်နိုင်ငံ၌ မွတ်စ်လင်မ်လူထုမှာ ၂.၇ သန်းဝန်းကျင်ရှိနေကြသည်။ The Independent သတင်းစာတိုက်၏ ဇွန်လတွင် ထုတ်ပြန်သော လတ်တစ်လော သုတေသနတစ်ရပ်အရ ၉/၁၁ အရေး အချိန်မှစ၍ ဗလီဝတ်ကျောင်းနှင့် အစ္စလာမ့်စင်တာများ၏ ၄၀ % မှ ၆၀ % ထိ ပစ်မှတ်ထားခံ ခဲ့ကြရကြောင်း၊ မေလအတွင်း ၀ူးလ်ဝိခ်ျ ၌ ဖြစ်ပွားခဲ့သော လူသတ်မှုနောက်ပိုင်း အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ ဆယ်ဆခန့် မြှင့်တက်လာကြောင်း ဖော်ပြထားသည့်အပြင် ဗြိတိန်တစ်လွှား အစ္စလာမ် အပေါ်အမြင်မှား တိုက်ခိုက်မှုများမှာ ဗလီဝတ်ကျောင်းများကိုသာ မဟုတ်တော့ဘဲ မွတ်စ်လင်မ် ပြည်သူများကိုပါ ဦးတည် လာကြောင်း သတိပေးခဲ့သည်။

  • အနာမကျက်သေးတဲ့မြို့ (သတင်းဆောင်းပါး)

    အနာမကျက်သေးတဲ့မြို့ (သတင်းဆောင်းပါး)

    ကမာရွတ် မီဒီယာ မှ ကူးယူဖော်ပြပါသည်။

    မီးခိုးလုံးကြီးတွေ၊ အော်ဟစ်သံတွေ၊ ငိုယိုသံတွေ၊ တောခြောက်သံတွေ၊ ဓါးတွေ၊ တုတ်တွေ ဓာတ်ဆီနံ့တွေနဲ့ ကမ္ဘာပျက်သလိုဖြစ်ခဲ့ရတဲ့ မိတ္ထီလာမြို့ဟာ ဒဏ်ရာဒဏ်ချက်တွေ ဗရပွနဲ့ ရုန်းထဖို့ ပြန်အားယူနေပါတယ်။

    http://youtu.be/Mj72vAB_l38