News @ M-Media
Blog
  • ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့တဲ့ ABSDF ၏ သတင်းစာရှင်းလင်းပွဲ
    သြဂုတ်လ ၁၂၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ဆောင်ရွက်မှုတွေ၊ သဘောထား အမြင်တွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းမီဒီယာက တစ်ဆင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့တဲ့ ABSDF ၏ သတင်းစာရှင်းလင်းပွဲ
    ABSDF
    ရန်ကုန် ။           ။    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ သြဂုတ်လ ၁၁-ရက်နေ့က နေ့လည် ၂နာရီမှ ၄နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ”  ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ ဆောင်ရွက်မှုတွေ၊ သဘောထား အမြင်တွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းမီဒီယာက တစ်ဆင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
    ဒီကနေ့ ကာလမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ပြဿနာတွေကို အဖြေရှာတဲ့ နေရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်ဆိုတဲ့ ယုံကြည်ချက် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖော်တဲ့နေရာမှာလည်း ရိုးသားမှု၊ စေတနာမှန်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု ရှိရမယ်ဆိုတဲ့ စံတန်ဖိုးတွေ အပေါ်မှာ အလေးအနက်ထားပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ရဲ့ ဆွေးနွေးဖက်ဖြစ်တဲ့ အစိုးရကိုလည်း စံတန်ဖိုးအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သွားဖို့ ကမ်းလှမ်းခဲ့ပါတယ်။
    ကျွန်တော်တို့ ဒီခရီးစဉ် အတွင်းမှာ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေ ရယူနိုင်ခဲ့တယ်။ တစ်ချို့လူတွေက မေးတယ် ဘာလို့ အဲလောက်မြန်ရတာလဲဆိုပြီးတော့။ ဒီနေရာမှာ ကျွန်တော်ရှင်းရှင်းလင်းလင်း တင်ပြချင်တာကတော့ ဒီလုပ်ငန်းစဉ်တွေကို စတင်ပြီး အကောင်အထည် ဖော်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂၀၁၁ ဒီဇင်ဘာလမှာ တစ်ဖက်က ကမ်းလှမ်းမူတွေ လုပ်လာခဲ့တယ်။ နှစ်ကြိမ် ဆွေးနွေးမှုရဲ့ ရလာဒ်တွေကို အနှစ်ချုပ်တင်ပြရမယ်ဆိုရင် မ.က.ဒ.တ နိုင်ငံရေး အကျဉ်းသား အချို့ လွတ်မြောက်ခဲ့တယ်။
    တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားလုံးဆိုင်ရာ ငြိမ်းချမ်းရေး စောင့်ကြည်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ဖို့လည်းပဲ အစိုးရဘက်ကနေ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒုတိယ အချက်အနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး အပါအ၀င် အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ပေါ်ပေါက်ဖို့အတွက် ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကိုလည်း ရရှိခဲ့ပါတယ်”ဟု မီဒီယာများသို့ ထည့်သွင်းပြောကြားသည်။
    ABSDF ဥက္ကဌ ကိုသံခဲကလည်း “Time Frame ချမှတ်လို့ မရသေးဘူး။ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရောက်ဖို့ အဆင့်များစွာ ဖြတ်ရအုန်းမှာပါ။ ကျွန်တော်တို့ လိုချင်တဲ့ အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ အဓိပါယ်ဟာ ဒုတိယ ပင်လုံ တစ်နည်းအားဖြင့် ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့ အင်အားစု အားလုံးပါဝင်တာကို ပြောတာပါ ” ဟု မီဒီယာများသို့ ထည့်သွင်းပြောကြားသည်။
    မ.က.ဒ.တ၏ လတ်တလော နိုင်ငံရေး လုပ်ငန်းစဉ် သုံးရပ်မှာ (၁) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ (၂) အင်အားစုများ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ (၃) ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ် ပေါ်ပေါက်ရေး အပါအ၀င် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တရပ်ပေါ်ထွန်းရေး တို့ဖြစ်ကြောင်း သိရသည်။
    တပ်ဦးသည် အဖိနှိပ်ခံ ပြည်သူများရှေ့မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲ ၀င်ရမြဲဖြစ်သည့် တော်လှန်သော ကျောင်းသားတို့၏ အစဉ်အလာကို ဆက်ခံ၍ ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ” မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” ကိုစတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  • ချယ်ရီအက်ဖ်အမ် ၄-နှစ်ပြည့် တောင်ကြီးမြို့တွင် ပြုလုပ်မည်
    သဂုတ်လ ၁၂၊ ၂၀၁၃
    M-Media
    ဇာဇာCherry FM Radio Station
    တောင်ကြီး ။    ။    Cherry FM Radio Station စတင်ထုတ်လွှတ်မှု လေးနှစ်ပြည့် အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ ၁၅ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ပွဲတွင် ယခင်နှစ်များနှင့် တမူထူးခြားစွာဖြင့် စာပေဟောပြောပွဲနှင့် တရားပွဲကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲလည်း ပါမည်ဖြစ်ကြောင်း သိရသည်။ စာပေဟောပြောပွဲတွင် ဟောကြားမည့် သူများမှာ ဆရာမောင်သာချို၊ စာရေးဆရာ အကြည်တော်၊ တေးရေးတေးဆို အရိုးတို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ Cherry FM လေးနှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၁၅ရက်နေ့တွင် အခမ်းအနားကို မွန်းလွဲ ၁နာရီအချိန်တွင် စတင်မှာ ဖြစ်ပြီး စာပေဟောပြောပွဲအား မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပမှာ ဖြစ်ကြောင်း၊ ည(၇)နာရီတွင် တေးဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒမှ တရားဟောကြားမည့် တရားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
    Cherry FM Radio Station သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ကို အခြေပြု၍ မြန်မာနိုင်ငံ ဒေသတော်တော်များများတွင် ထုတ်လွှတ်လျက်ရှိကြောင်း သိရသည်။
  • တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံ ဖြစ်ပွား
    သြဂုတ်လ- ၁၂၊ ၂၀၁၃
    M-Media
    a-seller-naps-next-to
    ဘေကျင်း(ပီကင်း)။        ။ ကန်တုံ (ကွမ်းတုံ)တောင်ပိုင်းဒေသ (Southern Gaungdong province) တွင်  တရုတ်ကြက်မွေးမြူရေးသမားတစ်ဦးထံ  H7N9  ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
    အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖျားနာမှုကြောင့် သြဂုတ်လ ၃ ရက်နေ့တွင် ဆေးရုံသို့ရောက်ရှိလာခဲ့ပြီး ယခုအခါ စိုးရိမ်ဖွယ် အခြေအနေသို့ရောက်ရှိနေကြောင်း ကန်တုံပြည်နယ်ကျန်းမာရေးဌာနမှ ပြီးခဲ့သည့်စနေနေ့က ပြောကြားခဲ့သည်။
    “ သူမဟာ မွေးမြူရေးခြံက သားသတ်လုပ်သားဖြစ်တယ် ” ဟု ဒေသဆိုင်ရာကျန်းမာရေးဌာနက ၄င်း၏၀က်ဘ်ဆိုဒ်တွင် ထုတ်ပြန်ချက်တင်ထားခဲ့သည်။
    လွန်ခဲ့သောလထိ တရားဝင်ထုတ်ပြန်ထားချက်အရ ထိုရောဂါဖြင့်သေဆုံးသူဦးရေ ၄၄ ယောက် ရှိသွားပြီဟု နိုင်ငံတော်သတင်းဌာန Xinhua (စင်ဟွာ)မှ စနေနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
    ရောဂါပိုးတွေ့ရှိကြောင်းကို မတ်လနှောင်းပိုင်းက စတင်သတင်းရရှိခဲ့ပြီး၊ ရောဂါဖြစ်ပွားမှုအများစုသည် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင်ဖြစ်ပြီး တရုတ်ပြည်ပြင်ပ ထိုင်ဝမ်၌ တစ်ကြိမ်သာ ဖြစ်ခဲ့သည်ဟု သိရသည်။
    ယင်းရောဂါသည် လူလူချင်းထံမှလည်း ကူးစက်ပြန့်ပွားနိုင်သည် ကစစ်ဆေးတွေ့ရှိ ရကြောင်း ယခင်အပတ်က သိပ္ပံပညာရှင်များ တင်ပြခဲ့ကြသည်။
    သို့သော်လည်း ရောဂါပိုး၏ ပြန့်ပွားမှုမှာ အကန့်အသတ်ရှိပြီး ရေရှည်ဖြစ်ပွားဖွယ် မရှိသည့်အတွက်ကြောင့် လူတို့မှ တုန်လှုပ်ကြောက်လှန့်ခြင်းမရှိကြရန် ၄င်းတို့က ဆိုသည်။
    ဒေသဆိုင်ရာကျန်းမာရေးတာဝန်ရှိသူများသည် ပြီးခဲ့သည့်စနေနေ့က ကန်တုံဒေသ၏လူနာနှင့် အနီးကပ်ပတ်သက်ခဲ့သူ ၉၆ ဦးအား စောင့်ကြည့်နေရာမှ ၅၄ ဦးကို ဆေးစစ်စမ်းသပ်မှုများမှ ရုပ်သိမ်းလိုက်သည် ဟု Xinhua မှ ဆိုသည်။
    ထိုလူနာသည် ဘိုလောင် (Boluo) ရှိ ဈေးများတွင် အလုပ်လုပ်သူဖြစ်ပြီး၊ ထိုဒေသသည် ပြည်နယ်မြို့တော် ကန်စု (Guangzhou)၏ အရေ့ဘက် ၁၂၉ ကီလိုမီတာ (၈၀ မိုင်) ဝေးသောနေရာတွင်ရှိသည်။
    ရောဂါပိုးကူးစက်ခံရသူများစွာသည် ကြက်ငှက်များနှင့် တိုက်ရိုက်ထိတွေ့နေသူများဖြစ်ပြီး၊ အထူးသဖြင့် မွေးမြူရေးခြံအလုပ်သမားများ ဖြစ်သည်။ ယခုအခါ တရုတ်ပြည်နယ်အတွင်းရှိ ခြံများ၊ ကြက်ဈေးများအား ရောဂါပြန့်ပွားမှုမရှိစေရန် သက်ဆိုင်ရာမှ ပိတ်ခိုင်းထားကြောင်း သိရသည်။
    လက်ရှိသီတင်းပတ်များအတွင်း H7N9 နှင့်ပတ်သက်သော တွေ့ရှိချက်များက သိသိသာသာ ကျဆင်းသွားခဲ့ပြီဖြစ်၏။
    ကန်တုံဒေသ၏ နယ်နမိတ်နှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟောင်ကောင်မြို့တွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသတွင်းတစ်ဝိုက် ရောဂါပိုးပြန့်ပွားလာမှုရှိမရှိကို စေ့စေ့စပ်စပ်စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။
    – AFP/al
  • ၁၁-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    ၁၁-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    သြဂုတ်လ- ၈ ရက်၊ ၂၀၁၃
    M-Media
    သီရိလင်္ကာတွင် ဗလီကို တိုက်ခိုက်
    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုက လူနည်းစုဖြစ်သော အစ္စလမ်များ၏ ဗလီဝတ်ကျောင်းကို အကြမ်းဖက် တိုက်ခိုက်ရာ ၁၂ ဦး ဒါဏ်ရာရရှိသွားသည်။
    ___________________________
    အီရတ်တွက် ဗုံးများပေါက်ကွဲ
    အီရတ်နိုင်ငံ တွင် ယနေ့ ရှီယာအများစုရှိရာ နေရာအနှံ့ ဗုံးပေါက်ကွဲမှုကြောင့် ၆၉ ဦး သေဆုံးသွားသည်။
    ___________________________
    စနိုးဒန်း၏ ဖခင် ရုရှဗီဇာရ
    သားဖြစ်သူEdward Snowden နှင့် တွေ့ဆုံရန် ဖခင်ဖြစ်သူအား ရုရှသံရုံးမှ ဗီဇာ ထုတ်ပေးလိုက်ကြောင်း သိရသည်။
    ___________________________
    လူကုန်ကူး ကွင်းဆက်ကြီးကို ဖေါ်ထုတ်ဖမ်းဆီး
    စပိန်နိုင်ငံ ရဲတပ်ဖွဲ့က ဘာစီလိုနာမြို့ တွင်ဗဟိုပြုသော ကွင်းဆက် အဖွဲ့ကို နှိမ်နင်းလိုက်သည်။ ၎င်းအဖွဲ့သည် တရုတ်လူမျိုးများကို ဥရောပနှင့် အမေရိကန်သို့ ပို့ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
    ___________________________
    တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြင့် ပတ်သက်၍ ထပ်မံ ဖြစ်ပွား
    ဂေါင်ဒွန်တောင်ပိုင်းဒေသ (Southern Gaungdong province) တွင် ကျန်းမာရေး တာဝန်ရှိသူများက တရုတ်မွေးမြူရေးသမားတစ်ဦးတွင်  H7N9 ဟု ဆိုသော ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။
    ___________________________
    လုံခြုံရေးကြောင့်ပိတ်ထားတဲ့ အမေရိကန်သံရုံးတချို့ ပြန်ဖွင့်
    လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် တပတ်ကျော် ပိတ်ထားခဲ့ရတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အမေရိကန် သံရုံးတွေ နဲ့ ကောင်စစ်ဝန်ရုံးတွေထဲက ၁၈ ခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်က ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ က တိုက်ခိုက်မှုတွေ စီစဉ်ဆောင်ရွက်လာနိုင်တယ်ဆိုတဲ့ ကမ္ဘာတ၀ှမ်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက သူ့ရဲ့ သံတမန်ဌာန တွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။
  • ရူးချင်ယောင်ဆောင်ခြင်း၏ နောက်ကွယ်၌ (M-Media Blog ကဏ္ဍ)
    သြဂုတ်လ-၁၁ရက်- ၂၀၁၃
    M-Media
ေ၇းသူ- အိမ်ဝေးသူ (KZ)
    cleverppl
    တစ်ခေတ်တစ်ခါတုန်းက အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရွာတစ်ရွာမှာ အလွန်ထင်ရှာကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိခဲ့တယ်။ သူဟာ သင်္ချာပညာမှာ တော်လွန်းတဲ့အတွက် မကြာမကြာဆိုသလို နယ်စားမင်းကတောင် ခေါ်ပြီးတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ တွက်ချက်မှုတွေ၊ အကြံဥာဏ်တွေ တောင်းယူရပါသတဲ့။
    သူ့ရဲ့ ဂုဏ်သတင်းဟာ ပတ်ဝန်းကျင် တစ်ခွင် ပြဲပြဲစင်ဆိုပဲ။ ဒါပေမယ့် သူနေတဲ့ ရွာက ရွာလူကြီးရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှုက သူ့ကို တော်တော်နာကျင်စေတယ်။
    “ဗျို့ ဆရာကြီး…ခင်ဗျားကတော့ နယ်စားကြီးကိုတောင် စီးပွားရေးနဲ့ ပက်သက်တဲ့ အကြံဥာဏ်တွေ ပေးနိုင်တဲ့ တကယ့် သင်္ချာပညာရှင်ကြီးပဲဗျာ။ ဒါပေမယ့် ခင်ဗျားသားကတော့ သိပ်သနားဖို့ ကောင်းရှာတယ်။  ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုးကြီးသလဲဆိုတာတောင် မသိရှာဘူးဗျာ”
    တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့ စဉ်ဆိုသလို ဖြစ်လာတော့ သင်္ချာပညာရှင်လည်း သူ့ သားကို ခေါ်ပြီး မေးရတော့တယ်။
    သင်္ချာပညာရှင်။  ။       လူလေး…ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုး ကြီးသလဲကွ?
    သား။  ။                  ရွှေက ပိုတန်ဖိုး ကြီးတာပေါ့ အဖေရ။
    သင်္ချာပညာရှင်။  ။       အေး၊ အဲဒါ အမှန်ပဲလေ။ ဒါနဲ့များတောင် ရွာလူကြီးက မင်းဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင်
                                မသိသူလို့ ဘာကြောင့် ငါ့ကို လှောင်ပြောင်ရသလဲ? ငါ့ကို အမြဲတမ်း သားကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့
                                ဖခင်တစ်ယောက်အဖြစ် အခြားလူကြီးတွေရှေ့ မှာ ကဲ့ရဲ့ ဝေဖန်တယ်။
                                အဖေ..ဘယ်လောက်နာကျင်ရသလဲ မင်းသိရဲ့ လား။ အဖေထင်တာက မင်းက တကယ့်ကို
                                ရွှေနဲ့ ငွေ တန်ဖိုးကို မသိလို့ အဖေ့နောက်ကွယ်မှာ မင်းအကြောင်းကို လှောင်ပြောင်ကဲ့ရဲ့ ကြတာလို့ 
                                ထင်ခဲ့တာကွ။ အဲဒီကိစ္စကို အဖေ့ကို နားလည်အောင်ရှင်းစမ်း။
    အဲဒါနဲ့ သားဖြစ်သူဟာ ဖခင် သင်္ချာပညာရှင်ကြီးကို ရွာသူကြီးက သူ့ကို ဘာကြောင့် အထင်မြင်သေးစွာ ဆက်ဆံသလဲဆိုတာကို အခုလို ရှင်းပြတယ်။
    သား။  ။                ဒီလိုအဖေရ…နေ့စဉ်နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့အခါ သူကြီးအိမ်ရှေ့ရောက်တဲ့အခါတိုင်း  ရွာသူကြီးက ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ခေါ်တယ်။ အိမ်ထဲမှာ အခြားရွာလူကြီးတွေလည်း အပြည့်ပေါ့ဗျာ။ အားလုံးရှေ့မှာ သူက လက်တစ်ဖက်မှာ ရွှေပြားတစ်ပြားနဲ့ အခြားလက်တစ်ဖက်မှာ ငွေပြားတစ်ပြားကိုင်ထားပြီးတော့ ပိုတန်ဖိုးကြီးတဲ့ တစ်ခုကို ရွေးပြီးယူခွင့်ပေးပါတယ်။
      ကျွန်တော်က ငွေပြားကိုရွေးပြီးယူတော့ သူအပါအဝင် အခြားလူကြီးတွေအားလုံးက ကျနော်က  ရွှေနဲ့ ငွေတန်ဖိုးမသိသူအဖြစ် ရယ်စရာ သတ္တဝါတစ်ကောင်လို လှောင်ပြောင်ကြပါတယ်။  ကျွန်တော်လည်း ငွေပြားကိုယူပြီးရင် ကျောင်းကို ဆက်သွားပါတယ်။ ဒါက   ခုဆိုရင် နေ့ စဉ်ရက်ဆက်ကို ဖြစ်နေတာပါ။ အဲဒါကြောင့်ပဲ သူတို့က အဖေ့ရှေ့မှာ ကျနော်ဟာ ငတုံးဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြောင်ကြတာပါ။
    သင်္ချာပညာရှင်။  ။   ဟေ…!!!
    သားဖြစ်သူရဲ့ စကားကို ကြားတော့ ဖခင်ဖြစ်သူ သင်္ချာပညာရှင်လည်း ခေါင်းရှုပ်သွားတော့တယ်။ သူ့ သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိသိကြီးနဲ့ ဘာကြောင့် အလှောင်ခံပြီး ငွေကိုပဲ နေ့ စဉ်ရွေးနေတာလဲပေါ့။
    အဲဒါနဲ့ သားဖြစ်သူကို ခုလိုမေးလိုက်တယ်။
    သင်္ချာပညာရှင်။  ။    လူလေး..မင်းက တကယ့်တန်ဖိုးကိုလည်း သိတယ်။ ရွှေကို ယူလို့ ရတယ်ဆိုတာ သိရဲ့ သားနဲ့  ဘာကြောင့် အဲဒီလို လုပ်ရသလဲကွာ?။
    သား။  ။                အဖေသိချင်ရင် ကျနော့် အခန်းကို လိုက်ခဲ့ပါ။ ကျနော် အဖေ့ကို ရှင်းပြပါမယ်။
    သားဖြစ်သူရဲ့ အခန်းထဲကို သင်္ချာပညာရှင်ကြီးလည်း အတူလိုက်ဝင်သွားတာပေါ့။ အဲဒီမှာ သူ့သားက
    သူ့ ကို သေတ္တာလေးတစ်လုံး ပြတယ်။ သေတ္တာထဲမှာ အနည်းဆုံး ငွေပြားတစ်ရာလောက်ကို ရှိနေတယ်။
    ပြီးတော့…သူ့ဖခင်ကို အခုလို ရှင်းပြပါတယ်။
    သား။  ။              အဖေ..သိလား တကယ်လို့ သာ ကျနော်ဟာ တစ်နေ့ နေ့ မှာ ရွှေကို ရွေးပြီး ယူခဲ့မယ်ဆိုရင်
                            အဲဒီနေ့ကစပြီး ကစားပွဲက ပြီးပြီ။ သူတို့ ကျနော့်ကို လှောင်ပြောင်ကဲ့ရဲ့ ကြမှာ မဟုတ်တော့သလို
                            ကျနော်လည်း နေ့ စဉ် နေ့တိုင်း ငွေပြားတစ်ပြားစီ ရစရာ အကြောင်းမရှိတော့ဘူးလေ…အဖေ။
    **   **   **   **   **   **   **   **   **   **   **   **   **   **   **   **   **  
    မူရင်းစာရေးသူရဲ့ သုံးသပ်ချက်။
    ဘဝမှာ တစ်ခါတလေကျရင် ကျနော်တို့ လည်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ ကိုယ့်အထက်လူကြီးတွေကြားမှာ ရူးချင်ယောင်ဆောင်ကြရပါတယ်။ အဲဒါဟာ ကျနော်တို့ တကယ်ရူးနေတယ်လို့ ယူဆစရာမလိုပါဘူး။ ဘဝကစားပွဲမှာလည်း ကျနော်တို့ ရှုံးနေတယ်လို့ မဟုတ်ပါဘူး။ တစ်ဖက်က သူတို့ နိုင်ပြီလို့ ယူဆနေချိန်မှာ ကျနော်တို့ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီကစားပွဲမှာ အနိုင်ရနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုအနေအထားမှာ အရှုံးပေးချင်ယောင်ဆောင်ပြီး ဘယ်လို နေရာမျိုးမှာ အနိုင်ယူပြရမလဲ ဆိုတာတော့…ကျနော်တို့ ရွေးရမှာပါ။
    ဘာသာပြန်သူရဲ့  သုံးသပ်ချက်။
    တစ်ခါမှာ မောင်ကကြီးဟာ ခရီးတိုတစ်ခုကို တက္ကစီ ငှားစီးပြီး သွားပါတယ်။ သူလိုချင်တဲ့ နေရာကိုရောက်တော့ စကားတစ်ခွန်းမှ မပြောဘဲ တက္ကစီပေါ်က ဆင်းလိုက်ပါတယ်။ အဲဒီနောက် ရှပ်အင်္ကျီအိတ်ထဲကို နှိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်၊ လွယ်အိတ် တစ်ခုချင်းစီ နှိုက်တော့ ကားဆရာ မောင်ခခွေးက သူ့ကို သေချာကြည့်နေပါတယ်။ အိတ်ပေါင်းစုံ နှိုက်ပေမယ့် ပိုက်ဆံကတော့ တစ်ပြားသားမှ ထွက်မလာ။ အဲဒါနဲ့ မောင်ကကြီးလည်း စိတ်ပျက်လက်ပျက်သံနဲ့ ပြောလိုက်တယ်။
    “ကျနော့် ဒေါ်လာတစ်ရာတန်တစ်ရွက် ခင်ဗျားကားထဲမှာ ကျနေတယ်နဲ့ တူရဲ့ ဗျာ”
    အဲဒီစကားကို ကြားတာနဲ့ တစ်ပြိုင်နက်တည်း ကားဆရာ မောင်ခခွေးလည်း ကားလီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး မောင်းထွက်သွားပါတော့တယ်။ ဒေါ်လာ တစ်ရာတန် ဆိုတဲ့ အတွေးက သူ့ကို ခွန်အားဖြစ်စေတယ်လေ။
    မောင်ခခွေးရဲ့ ကားမောင်းထွက်သွားတာကို အဆုံးထိ ကြည့်ပြီး မောင်ကကြီးလည်း အားရပါးရကြီးကို ပြုံးလိုက်တယ်။
    ပြီးတော့….
    မင်း…လည်သလောက်ကတော့ ငါ…ပျင်းတောင် ပျင်းသေးတယ် လို့ ရွတ်ပြီး သူသွားချင်တဲ့နေရာကို ပေါ့ပေါ့ပါးပါး ဝင်သွားပါတော့တယ်။
    တကယ်တော့ ဒီလို အဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပါ။ တစ်ခါတရံမှာ ကျွန်တော်တို့ဟာ မိမိအတွေးမှာ မုဆိုးလို့ ထင်မြင်တတ်ပေမယ့် အခြားသူတစ်ယောက်အမြင်မှာ သနားစရာ သားကောင်လေး တစ်ကောင် ဖြစ်နေတတ်ပါတယ်။
    သင်္ချာပညာရှင်ကြီးရဲ့သားဟာ အများအမြင်မှာ အရူးတစ်ယောက်၊ ကျပ်မပြည့်သူ တစ်ယောက် အဖြစ် ကျေကျေနပ်နပ်ခံယူခဲ့ပြီး တစ်ဖက်မှာ သူလိုချင်တဲ့ ငွေပြားကိုတော့ ရအောင်ယူသွားခဲ့ပါတယ်။
    သူ့ကို ကျနော်တို့ အရူးတစ်ယောက်၊ အဖြစ် သတ်မှတ်လို့ ရနိုင်ပါသလား?
    သူကြီးဖက်ကို ပြန်ကြည့်ရင်လည်း သူ တစ်နေ့တစ်ပြားစီ ဆုံးရှုံးနေရတာကိုတောင် သတိမပြုမိလောက်အောင် သူတစ်ပါးကို လှောင်ပြောင်ကဲ့ရဲ့ ချင်စိတ်များလွန်းတယ်။
    ဒါပေမယ့် ဒီနေရာမှာ သူကြီးက သင်္ချာပညာရှင်ကြီးရဲ့ သိက္ခာကျစေလိုတဲ့ ဒုက္ခပေးချင်တဲ့ စိတ်ဓာတ်ကြောင့်သာ ငွေတစ်ပြားစီ နေ့စဉ် ဆုံးရှုံးတာကို သတိမမူမိနိုင်တာပါ။
    အခြား သာမန် ရွာသူ ရွာသားတစ်ဦးဦးရဲ့  သားဆိုရင်တော့ ဒီလို လုပ်မယ်လို့ ထင်ပါသလား?
    သားဖြစ်သူ ရှင်းပြတဲ့ အဖြစ်မှန်ကို နားထောင်ပြီးတဲ့ နောက်ပိုင်းမှာ နာမည်ကျော် သင်္ချာပညာရှင်ကြီးက သူ့သား လုပ်နေတဲ့ လုပ်ရပ်ကို (အရူး အဖြစ်ခံပြီး ငွေအသပြာတစ်ပြားစီ နေ့စဉ်ယူခြင်း) ဆက်ပြီးလုပ်ခွင့် ပေးနိုင်ပါ့မလား ?
    ဒီနေရာမှာ လူတစ်ဦးချင်းစီရဲ့ ခံယူချက်ကသာ အဓိက ကျတယ်လို့ထင်မိပါတယ်။
    သင်္ချာပညာရှင်ကြီးရဲ့ သားဖြစ်သူဟာ သူလိုချင်တာကို ရဖို့ တွက် သူ့သိက္ခာကို စွန့် လွှတ်ရဲတဲ့ သတ္တိရှိခဲ့တယ်။
    ဒါပေမယ့် သူ့နေရာမှာ သူ့ ဖခင် သင်္ချာပညာရှင်ကြီးဆိုရင်ကော…သူ့လို လုပ်ပါ့မလား။
    သိက္ခာနဲ့ ငွေကို လဲပါ့မလား….?
    **   **   **   **   **   **   **   **   **   **    
    အိမ်ဝေးသူ (KZ)
    အကြံပေးချက်။  ။  ။  သူတစ်ပါးကို လိုအပ်တာထက် ပိုပြီးလည်း အထင်အမြင် မကြီးမိပါစေနဲ့။
                           သူတစ်ပါးကို မလိုအပ်ဘဲနဲ့ လည်း အသားလွတ် အထင်အမြင် မသေးမိပါစေနဲ့။
    ***********************************************************************************
    အသိပေးခြင်း။ The Smart Game – Gold or Silver? ဆိုတဲ့ ပုံပြင်လေးကို ဆိုလိုရင်းမပျောက်စေဘဲ အနီးစပ်ဆုံး ဘာသာပြန်ထားခြင်းပါ။ နေရာဒေသ အတိအကျ မဖော်ပြခြင်းမှာ အမှတ်မမှားစေလိုခြင်းကြောင့်ဖြစ်ပါသည်။