News @ M-Media

Blog

  • ၉-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်-၉ ၊ ၂၀၁၃
    M-Media

    wigar

    ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များ မဲခွဲ၊ အေစီမီလန်နှင့် ပီအက်စ်ဗွီ၊ အာဆင်နယ်နှင့် ဖီနာဘာချီတို့တွေ့ဆုံ

    ချန်ပီယံလိဂ် ခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်များကို ယနေ့နံနက်က မဲခွဲခဲ့ပြီး အီတလီထိပ်သီး အေစီမီလန်အသင်းမှာ ဟော်လန်နာမည်ကြီး ပီအက်စ်ဗွီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ တူရကီကလပ်ဖီနာဘာချီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်သည်။ ပလေးအော့ဖ်ပွဲစဉ်တွင် အသင်း ၂၀ ပါဝင်မည်ဖြစ်ပြီး ပထမအကျော့ကို သြဂုတ် ၂၀-၂၁ ရက်နှင့် ဒုတိယအကျော့ကို ၂၇-၂၈ ရက်တွင်ကစားမည်ဖြစ်ကာ အနိုင်ရသည့် ၁၀ သင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ______________________________________
    အသင်းတွင်မလိုအပ်တော့ဟု ခံစားလာရပါက အသင်းမှထွက်ခွာတော့မည်ဟု ပီယာလိုဆို

    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူဖြစ်သူ အန်ဒရီယာ ပီယာလိုက အကယ်၍ အသင်းက ၎င်းအားမလိုအပ်တော့ဟုခံစားရလာပါက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီအကုန်တွင်ထွက်ခွာတော့မည်ဟု ပြောဆိုလိုက်သည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ပီယာလိုမှာ ၂၀၁၁ ခုနှစ်က အေစီမီလန်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
    ______________________________________
    မန်စီးတီးအသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟု ပယ်လီဂရီနီဆို

    မန်ချက်စတာစီးတီးအသင်း၏ နည်းပြဖြစ်သူ မန်နျူယလ် ပယ်လီဂရီနီ က ယခုနှစ်နွေရာသီတွင်ခေါ်ယူခဲ့သည့်ကစားသမားများက အသင်းအားပိုမိုတောင့်တင်းစေသည်ဟု ယုံကြည်နေပြီး နယူးကာဆယ်နှင့် ကစားမည့် ရာသီအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ မိမိတို့အသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟုထင်ကြောင်း၊ မိမိတို့အနေဖြင့် အရေးကြီးသောကစားသမားလေးဦးအားဝယ်ယူခဲ့ကြောင်း၊ နယူးကာဆယ်နှင့်အဖွင့်ပွဲစဉ်တွင်အနိုင်ရရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း ပယ်လီဂရီနီကပြောကြားခဲ့သည်။
    ______________________________________
    လူးဝစ်အားခေါ်ယူရန်ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု မော်ရင်ဟိုဆို

    ချယ်ဆီးအသင်းနည်းပြမော်ရင်ဟိုက အသင်း၏နောက်တန်းကစားသမား ဒေးဗစ်လူးဝစ်မှာ အသင်းမှလုံးဝထွက်ခွာမည်မဟုတ်ဟုပြောဆိုလိုက်ပြီး ဘာစီလိုနာအသင်းအနေဖြင့် အခြားနောက်ခံလူတစ်ဦးအား ရှာဖွေရန် ပြောဆိုလိုက်သည်။ မော်ရင်ဟိုက လူးဝစ်မှာ ရောင်းရန်မဟုတ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် လူးဝစ်အားခေါ်ယူရန် ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ______________________________________
    ဂါဗင်ဟိုအား ရိုးမားခေါ်ယူ

    စီးရီးအေကလပ် ရိုးမားအသင်းမှာ အာဆင်နယ် တိုက်စစ်မှူး ဂါဗင်ဟိုအားခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂါဗင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၈ သန်းပေးချေခဲ့ရပြီး ယခုနှစ် နွေရာသီတွင်ခေါ်ယူခဲ့သည့် ငါးယောက်မြောက်ကစားသမားဖြစ်လာခဲ့သည်။
    ______________________________________
    အန်နူတိုဗစ်အား အက်စပန်ညိုခေါ်ယူရန်စိတ်ဝင်စား

    ဂျာမန်ကလပ်ဝါဒါဘရီမင်အသင်းသည် ၎င်းတို့၏တိုက်စစ်မှူး အန်နူတိုဗစ်အား ရောင်းချရန် ဆန္ဒရှိနေပြီး စပိန်ကလပ် အက်စပန်ညိုအသင်းကလည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
    ______________________________________
    အီတိုးအားခေါ်ယူရန် အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေး

    ရုရှားကလပ် Anzhi အသင်းတွင်ကစားနေသည့် ဆင်မျူယလ် အီတိုးအားခေါ်ယူရန် အင်တာမီလန်အသင်းမှာ အီတိုး၏ အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေးနေသည်ဟု သိရသည်။ သို့ရာတွင် အဆိုပါကစားသမား၏ လုပ်ခမှာ ပေးချေရန် များလွန်းနေသည်ဟု ယူဆနေသည်။

    အီးတိုးအားခေါ်ယူရန် ချယ်ဆီးအသင်းနှင့် နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိနေသည်။
    ______________________________________
    မာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်းမှ ကမ်းလှမ်းမှုအား ဘာကာပယ်ချ

    အသင်း၏နောက်ခံလူမာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်း၏ ကမ်းလှမ်းမှုအား ဘာစီလိုနာအသင်းက ပယ်ချခဲ့သည်ဟုသိရသည်။ နောက်တန်းအားနည်းသည့်ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းမှာ မာရှေရာနိုအား မည်သည့်ဈေးနှင့်မှ ရောင်းချရန်ဆန္ဒမရှိပေ။
    ______________________________________
    နောက်ခံလူ ဗာရာနီ ရီးယဲလ်နှင့် စာချုပ်သက်တမ်းတိုးမည်

    ရီးယဲလ်အသင်း၏ နောက်ခံလူ ရာဖေးလ် ဗာရာနီသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ်ရှိနေသည်ဟုသိရသည်။ ၂၀၁၁ ခုနှစ်က ရီးယဲလ်အသင်းသို့ရောက်ရှိလာပြီး ၂၀၁၇ အထိစာချုပ်ချုပ်ဆိုထားသည့် ဗာရာနီမှာ မြင့်မားသောလစာဖြင့် ၂၀၁၉ ခုနှစ်အထိ ၂ နှစ်
    သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။
    ______________________________________
    ဘောလုံးကစားခြင်းမှ လူးဝစ်ဆာဟာ အနားယူပြီ

    ပြင်သစ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ်ဆာဟာမှာ ဘောလုံးကစားခြင်းမှ အပြီးတိုင်အနားယူသွားပြီဟုသိရသည်။ မန်ယူအသင်း၏တိုက်စစ်မှူးဟောင်းအသင်းဖြစ်သူလူးဝစ်ဆာဟာမှာ ၎င်း၏အသက် ၃၅ နှစ်ပြည့်မွေးနေ့တွင် ဘောလုံးကစားခြင်းမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဆာဟာမှာ ကစားသမားဘ၀အား မက်ဇ်အသင်း၌ စတင်ခဲ့ပြီး၊ ဖူလ်ဟမ်အသင်းတွင် ပြသခဲ့သည့် ခြေစွမ်းကြောင့် ၂၀၀၄ ခုနှစ်တွင် မန်ယူအသင်းမှခေါ်ယူခဲ့ပြီး မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားကို
    ဆွတ်ခူးခဲ့သည်။ မန်ယူမှ ထွက်ခွာပြီးနောက်ပိုင်း အဲဗာတန်၊ တော့တင်ဟမ်နှင် ဆန်ဒါးလန်းအသင်းတို့တွင် ဒဏ်ရာပြဿနာများဖြင့် ဖြတ်သန်းခဲ့ရပြီး လာဇီယိုအသင်းသို့ပြောင်းရွှေ့ခဲ့ကာ ယမန်နှစ်က လာဇီယိုအသင်းအတွက် ၆ ပွဲသာကစားပေးနိုင်ခဲ့သည်။
    ______________________________________
    ရွန်နီ၏ အပြောင်းရွှေ့ကောလဟာလများအား မပြောဆိုကြရန် အသင်းသားများအာ အင်္ဂလန်နည်းပြ သတိပေး

    မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူးရွန်နီနှင့်ပက်သက်၍ ထွက်ပေါ်နေသည့် ကောလဟာလများအား ပြောဆိုခြင်းမပြုရန် အင်္ဂလန်အသင်း၏ နည်းပြ ရွိုင် ဟူဒ်ဆန်က အင်္ဂလန်ကစားသမားများအား သိပေးပြောကြားလိုက်သည်။ အင်္ဂလန်အသင်းတွင် ချယ်ဆီးကစားသမားများနှင့် မန်ယူကစားသမားများပါဝင်ကြောင်း လာမည့်ခြေစမ်းပွဲတွင် ၎င်းတို့ အာရုံစူးစိုက်မှု လျော့နည်းသွားမည်ကို မလိုချင်ကြောင်း ဟူဒ်ဆန်က ပြောကြားခဲ့သည်။

  • ၉-၈-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    ၉-၈-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    သြဂုတ်လ- ၉ ရက်၊ ၂၀၁၃
    M-Media

    အမေရိကန်တွင် မိန်းမဖြစ်သူအား သတ်ဖြတ်ပြီး အလောင်း ဓါတ်ပုံများကို Facebook ပေါ်သို့တင်

    Derek Medina အမည်ရှိ အမျိုးသားတစ်ဦးမှာ  မိန်းမ၏ သေဆုံး နေသော ဓာတ်ပုံ နှင့် သူသည် သူမအား သတ်ခဲ့ကြောင်း ၀န်ခံထားသော ၀န်ခံချက်အား အွန်လိုင်းပေါ်သို့ တင်ထားခဲ့သည်။ Derek Medina သည် ကြာသပတေးနေ့ နေ့လည်ပိုင်းလောက်က ဓာတ်ပုံအချို့အား အွန်လိုင်းပေါ်သို့ “အေးချမ်းစွာ အနားယူတော့ ဂျနီဖာအလ်ဖွန်ဆို (Jennifer Alfonso)” ဆိုသော စာသားများ နှင့် တင်ထားပြီး၊ ၄င်း ဓာတ်ပုံတွင် သူ၏ မိန်းမဖြစ်သူသည် ခြေအိတ်ရှည်များ ၀တ်ဆင် ထားကာ အိမ်၏ မီးဖိုချောင်ရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့ပြီး၊ သူမ၏ မျက်နှာ နှင့် ဘယ်လက်တွင် သွေးများ ပေစွန်းနေခဲ့သည်။
    _______________________________
    ပါကစ္စတန်မှ အမေရိကန်သံဝန်ထမ်းများ ထွက်ခွာ

    နပ်စပ်ဒေသ မှ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်ခြေ သတ်ပေးချက်များ မြင့်တက်လာခဲ့ပြီး သံရုံးပိတ်ထားခဲ့ရာမှ ယခုအခါ သံရုံးဝန်ထမ်းများကို နိုင်ငံထဲမှ ထွက်ခွာရန် ညွှန်ကြားထားသည်။
    _______________________________
    လက်ဘနွန်တွင် တူရကီ လေယာဉ်မှုးကို ပြန်ပေးဆွဲ

    လေယာဉ်မှုးနှင့် တွဲဘက်လေယာဉ်မှုးသည် လေဆိပ်သို့ ကားဖြင့်သွားစဉ် တားဆီး ပြန်ပေးဆွဲခံရသည်။ ဆီးရီးယား စစ်ပွဲကြောင့် ပြန်ပေးဆွဲခြင်းဟု ယူဆကြသည်။
    _______________________________
    ဆော်ဒီတွင် အယ်လ်ခိုင်းဒါး နှစ်ဦးကို ဖမ်းဆီး

    ဆော်ဒီရဲက ယီမင်နိုင်ငံ အယ်လ်ခိုင်းဒါးနှင့် ဆက်သွယ်လုပ်ဆောင်နေသူ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
    _______________________________
    ပါကစ္စတန်တွင် ပစ်ခတ်မှု ကိုးဦးသေဆုံး

    ဝန်ကြီးဟောင်း Ali Mohammad Jattack ပါဝင်သည် မော်တော်ယာဉ်ကို ပစ်ခတ်တိုကခိုက်ရာ လူကိုးဦးသေဆုံးခဲ့ရသည်။
    _______________________________
    လုံခြုံမှု အဓိကထားသော အီးမေးလ် ကုမ္ပဏီ ပိတ်သိမ်း

    အမေရိကန်အစိုးရမှ တောင်းဆိုလာပါက သုံးစွဲသူများကို ကာကွယ်ပေးနိုင်ရန် ခက်ခဲသောကြောင့် Silent Circle အီမေးလ်လုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။ Silent Circle သည် ပေးပို့သူ ရယူသူ နှစ်ဘက်စလုံးတွင် လုံခြုံရေး လက်မှတ် အသုံးပြု ဝှက်စာပို့ နည်းစံနစ် ဖြစ်သည်။

  • ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး

    ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး

    သြဂုတ်လ-၉၊ ၂၀၁၃
    သတင်းအချက်အလက် – မြန်မာတိုင်းမ်စ်၊ ဧရာဝတီ၊ RB News နှင့် M-Media သတင်းဌာန

    သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ် စစ်တွေတွင် ရိုဟင်ဂျာများနှင့် ရဲလုံထိန်းများအကြား အခြေအနေတင်းမားနေကြောင်း သိရသည်။ ရဲလုံထိန်းတို့က ငါးဖမ်းသမားတစ်ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ရာမှ စတင်ပြီး နောက်ဆက်တွဲ အခင်းများဆက်တိုက်ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

    အုန်းတောကြီးကျေးရွာမှ ငါးဖမ်းသမားနှစ်ဦးကို ရဲများက ရိုက်နှက်ခဲ့ရာ တစ်ဦးမှာ နံပါတ်တုတ်ဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အုန်းတောကြီးရွာတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတည်ရှိပြီး အခင်းဖြစ်ပွားချိန်၌ စခန်းတွင် မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲနေချိန်ဖြစ်သည်။

    ငါးဖမ်းသမားများအား တိုက်ခိုက်ခံရမှုသတင်း ဒုက္ခသည်စခန်းသို့ ပျံ့နှံ့လာသဖြင့် စခန်းမှ ဒေါသထွက်နေသော လူအချို့စုဝေးပြီး နံနက် ၁၁ နာရီကျော်တွင် ရဲစခန်းကို သွားရောက် မီးရှို့ခဲ့ကြဟု သတင်းများတွင် ထုတ်ပြခဲ့သည်။ သတင်းမျအားအရ လ့ ရဲများက ပြန်လည်ပစ်ခတ်သဖြင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။
    ရိုဟင်ဂျာ သတင်းများကို ဦးစားပေးဖော်ပြသည့်  RB News ၏ ဖော်ပြချက်တွင်  ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အတွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားကြောင်းနှင့် အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်ကြောင်း သိရပါသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက ရိုဟင်ဂျာကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ဝင်းအား ဆက်သွယ်မေးမြန်းထားသည်။ ကိုအောင်ဝင်းက အခင်းဖြစ်ပွားပုံကို မြင်တွေ့ခဲ့ကြောင်း၊ ရဲစခန်းနှင့် အိမ်အများအပြားကို ဒုက္ခသည်စခန်းနေ အချို့သော လူများ သွားရောက်မီးရှို့ခဲ့ကြောင်း၊ လုံထိန်းရဲများက အီးဒ်ပွဲတော်ကျင်းပနေသော ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ရန်စစော်ကားခြင်းမျိုး ဖြစ်နိုင်မဖြစ်နိုင်ကိုမူ သူ့အနေဖြင့် မသိရှိပါကြောင်း ပြောပြသည်။

    ရဲလုံထိန်းများက အီးဒ်ပွဲတော်ကျင်းပနေသည့် ရိုဟင်ဂျာများကို တမင်ရည်ရွယ်၍ ရန်စခြင်းမျိုးဖြစ်နိုင်ကြောင်း ကောလဟလများနှင့် မုဒိန်းမှုပါဝင်သည့် ထိုထက်ဆိုးသော ကောလဟလများလည်း ပျံ့နှံ့နေသည်။

    ကိုအောင်ဝင်းက သူ့အနေဖြင့် အသေအပျောက်စာရင်းကို မခန့်မှန်းနိုင်ကြောင်း၊ သူ့အတွေ့အကြုံအရ ပြီးခဲ့သည့်နှစ်ဇွန်လနောက်ပိုင်း အကြမ်းဖက်မှုများအပြီး အဆိုးဆုံး အဓိကရုဏ်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင်သူက – “ရဲတွေက လူသေအလောင်းတွေကို ဖျောက်ဖျက်ပြစ်နေတယ်၊ ဒါတွေတင်မက ဒဏ်ရာရတဲ့သူအားလုံးကိုလည်း ဆေးရုံမပို့ခဲ့ဘူး၊ အဲဒါတွေကို ကျနော်စိုးရိမ်တယ်။ ရဲတွေက လူ ၁၅ ယောက်၊ အယောက် ၂၀ လောက်ကို ထရပ်ကားတစ်စီးပေါ် ဖမ်းခေါ်သွားတယ်၊ သူတို့ကို အကြောင်းပြချက်မခိုင်လုံဘဲ ဆက်ပြီးဖမ်းထားမှာကိုလည်း ကျနော် စိုးရိမ်ပါတယ်။” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြသည်။

    အုန်းတောကြီးကျေးရွာနေ အမျိုးသမီးများက မိမိတို့အား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြသဖြင့် ရွာကိုစွန့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ကိုအောင်ဝင်းက ပြောပြသည်။

    “ညနေ ၂ နာရီလောက်ရောက်တော့ အမျိုးသမီးတွေ ရွာကိုစွန့်ပြီးထွက်ပြေးဖို့ ကြိုးစားကြတယ်။ လုံထိန်းရဲတွေ ရောက်လာပြီး သူတို့ကို ရိုက်တော့တာပဲ”  ဟု ကိုအောင်ဝင်းက ဆိုသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာန၏ မြေပြင်သတင်းထောက်မှ တိုက်ရိုက်သတင်းပေးပို့ချက်အရမူ အခင်းဖြစ်ပွားသည့်နေရာတွင် လုံခြုံရေးအခြေအနေ သိသိသာသာတိုးမြှင့်ထားကြောင်း သိရသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက အင်ဂျီအိုကားမောင်းသမားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။ ထိုကားမောင်းသမားမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ နေ့စဉ်ဝင်ထွက်နေသူလည်းဖြစ်ကြောင်းသိရသည်။ သူ၏ပြောပြချက်အချက် ကြာသပတေးနေ့ညဘက်အထိ ဒုက္ခသည်စခန်းတွင် ငြိမ်ငြိမ်သက်သက်ပင်ရှိနေကြောင်း၊ အီးဒ်ပွဲတော်လည်း စတင်တော့မည်ဖြစ်၍ ထိုသို့ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။

    “(ဒုက္ခသည်စခန်းက) လူတိုင်းကြည့်ရတာ ပျော်နေပုံပဲ၊ လုံလုံခြုံခြုံလည်းရှိနေတာကိုး။ မနေ့က ကျနော်ဒုက္ခသည်စခန်းကိုမသွားခင် စခန်းက ကျနော့်အဆက်အသွယ်တွေကို လှမ်းပြီး အခြေအနေမေးကြည့်ပါတယ်။ သူတို့က အားလုံးအကောင်းပကတိပဲလို့ ပြောပြတယ်။ ဒီနေ့မနက် ဒီသတင်းကြားတော့ ကျနော်တော်တော်အံ့အားသင့်သွားတယ်။” ဟု ပြောပြသည်။

    မြန်မာတိုင်းမ်စ်၏ တင်ပြချက်အရ အခြေအနေမှာ အရှင်းငြိမ်သက်မသွားဘဲ ရိုဟင်ဂျာများက တက်ကြွလှုပ်ရှားသူ ဦးကျော်လှအောင်အားဖမ်းဆီးထား၍ ၄င်းအားပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထိုကြောင့် ရဲနှင့်စစ်တပ်တို့ကပါ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဗောဒူဖကဲ့သို့သော အခြားဒုက္ခသည်စခန်းများတွင်လည်း ရဲအဖမ်းအဆီးများ ရှိခဲ့သည်။

    ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်ကလည်း ဧရာဝတီသို့ ပြောထားသည်။

    “လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောပြခဲ့သည်။

    မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အာရှဆိုင်ရာအကြီးအကဲ မစ္စတာရောဘတ်ဆင်က ရိုဟင်ဂျာများ ၄င်းတို့နေထိုင်သည့်နေအိမ်များကို ကိုယ့်ဖာသာ မီးရှို့ကြခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်အား foolish (သူရူးသူနှမ်း) ဟု သမုတ်ခဲ့ဖူးသည်။

  • ရမဿွာန် ဥပုသ်လအပြီး အီးဒုလ်ဖိသ်ွရ် (၀ါကျွတ်ပွဲတော်)ကို ကမ္ဘာအနှံမှ မွတ်စလင်မ်များ ဆင်နွှဲ

    သြဂုတ်-၉၊၂၀၁၃
    M-Media

    slide_2752_38394_large
    ရမဿွာန်ဥပုသ်လပြီးဆုံး၍ အီးဒုလ်ဖိသ်ွရ် မည်သော အစ္စလာမ့်ဝါကျွတ်ပွဲတော်ကို ကြာသပတေးနေ့တွင် နိုင်ငံအများအပြားရှိ မွတ်စ်လင်မ်တို့မှ ကျင်းပခဲ့ကြသည်။  နိုင်ငံအချို့ကမူ သောကြာနေ့၌ ကျင်းပကြသည်။

    ဥပုသ်သီတင်းဆောက်တည်ရသော ရမဿွာန်လ၏ နောက်တစ်လသည် ရှောင်ဝလ်လ ဖြစ်သည်။ ရှောင်ဝလ်လ၏ ပထမမြောက်ရက်မှာ အီးဒုလ်ဖိသ်ွရ်(၀ါကျွတ်အထိမ်းအမှတ် ၀တ်ပြုခြင်း နှင့် ပွဲတော်ကျင်းပခြင်း)နေ့ အဖြစ် ထင်ရှားသည်။

    လူတို့သည် ဤ၀မ်းမြောက်ပျော်ရွှင်ဖွယ်အားလပ်ရက်ကို အဓိကရ ဗလီဝတ်ကျောင်းတော်ကြီးများ သို့မဟုတ် သတ်မှတ်နေရာများ၌ စုပေါင်းဝတ်ပြုခြင်းဖြင့် စတင်လေ့ရှိကြသည်။ ၀တ်ပြုမှုမစတင်မှီ တန်ဖိုးပမာဏသတ်မှတ်ထားသည့် အလှူဒါနတစ်မျိုးကို ဦးစွာပေးလှူကြရသည်။ ယင်းဆောင်ရွက်မှုများနောက်ပိုင်းတွင် မွတ်စ်လင်မ်တို့သည် သစ်လွင်သော သို့မဟုတ် သန့်ရှင်းသပ်ရပ်သော အ၀တ်အစားများကို ဆင်ယင်လျက် မိသားစုဝင်များ၊ ဆွေမျိုးညာတကာအသိုင်းအ၀ိုင်းများ၊ မိတ်ဆွေသင်္ဂဟများထံ သွားရောက်တွေ့ဆုံစားသောက်ကြပြီး ပျော်ရွှင်ဖွယ်အခါသမယကို ဖြတ်သန်းကြသည်။

    အီးဒုလ်ဖိသ်ွရ်နေ့မြတ်၌ အထူးရက်ရောမှုရှိကြရန် နှင့် ညီနောင်သားချင်းများအကြား မုန်းစတိုစေ ချစ်စရှည်စေရန် မွတ်စ်လင်မ်တို့အပေါ် တိုက်တွန်းညွှန်ကြားချက်များ ရှိနေသည်။

    ကမ္ဘာပေါ်၌ မွတ်စ်လင်မ်လူဦးရေပမာဏသည် စုစုပေါင်း သန်း ၁၆၀၀၀ ခန့် ရှိပြီး၊ တိုင်းပြည်နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် မွတ်စ်လင်မ်အများစု နေထိုင်လျက်ရှိကြသည်။

    MFB/NN/HMV

    ဓါတ်ပုံအညွှန်း- အင်ဒိုနီး၇ှား မွတ်စလင်မ် အမျိုးသမီးများ အီးဒ်နေ့တွင် စုပေါင်းဝတ်ပြုနေကြစဉ်

  • ၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၈-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    သြဂုတ်-၈ ၊ ၂၀၁၃
    M-Media

    Vladimir Putin နှင့် ထိပ်သီးဆွေးနွေးပွဲကို Barack Obama ဖျက်သိမ်း

    စနိုးဒန်းအား ခိုလှုံခွင့်ပေးခဲ့သည့် ရုရှနိုင်ငံကို မနှစ်မြို့သည့် သဘောကို ပြသသည့် အနေဖြင့် ရုရှ သမ္မတ ပူတင် နှင့် ဆွေးနွေးပွဲကို အမေရိကန် သမ္မတ အိုဘားမားက ဖျက်သိမ်းလိုက်သည်။
    __________________________________
    တောင်ပိုင်းကယ်လီဖိုးနီးယား တောမီး ပြင်းထန်

    အမေရိကန် တောင်ပိုင်းကယ်လီဖိုးနီးယားတွင် တောမီး ပြင်းထန်စွာလောင်ကကျွမ်းနေသောကြောင့် ဧက ၆၀၀၀ခန့် လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၁၅၀၀ကို လဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
    __________________________________
    ရုပ်ရှင်မင်းသားBruce Willis၏ အနုပညာကြေး

    Expendables 3တွင် ပါဝင်ရိုက်ကူးရန် ၄ ရက်စာ အနုပညာကြေး ဒေါ်လာ ၃သန်း ပေးသော်လည်း ဘရုစ်ဝီလိစ် က ၄သန်း (တစ်ရက်အတွက် တစ်သန်း) တောင်းဆိုသောကြောင့် Bruce Willisအား လက်တွဲဖြတ်ခဲ့ရကြောင်း Sylvester Stallon ကဆိုသည်။
    __________________________________
    အီတလီ မာဖီးယားခေါင်းဆောင် ကို လန်ဒန်တွင်ဖမ်းမိ

    အီတလီနိုင်ငံ က ၁၉၉၄ ခုနှစ်ကတည်းက ရှာဖွေ ဖမ်းဆီလိုသည့် အသက် ၆၄ နှစ် အရွယ် မာဖီးယား ခေါင်းဆောင် Domenico Rancadore ကို လန်ဒန်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
    __________________________________
    ရှေ့မတိုးနောက်မဆုတ်သာအခြေအနေသို့ အီဂျစ်ရောက်ရှိ

    နိုင်ငံရပ်ခြားမှ ကြားဝင်ဖြန်ဖြေမှု မအောင်မမြင်ဖြစ်ခဲ့သည်ဟု အီဂျစ်ကြားဖြတ်အစိုးရက ပြောဆိုခဲ့ပြီး၊ အီဂျစ်နိုင်ငံ၏ မတိုးသာမဆုတ်သာ နိုင်ငံရေးအခြေအနေကို အဆုံးသတ်ရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက တိုက်တွန်းပြောကြားလိုက်သည်။ သမ္မတဟောင်းမော်စီအားထောက်ခံသူများ၏ ဆန္ဒပြမှုကို ချေမှုန်းမည်ဟု စစ်တပ်မှခန့်အပ်ထားသည့်အစိုးရက ခြိမ်းခြောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
    __________________________________
    ဗီယက်နမ်တွင်တိုက်ခတ်နေသည့် အပူပိုင်းမုန်တိုင်း အားနည်းလာ

    ယမန်နေ့က ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းတွင် တိုက်ခတ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းမှာ ယခုအခါအားပျော့လာပြီဟုသိရသည်။ ဗုဒ္ဓဟူးနေ့ကတိုက်ခတ်မှုကြောင့် မြေပြိုရေလျှံမှုများဖြစ်ပွားခဲ့ပြီး ၁၆ နှစ်အရွယ် လူငယ်တစ်ဦးပျောက်ဆုံးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
    __________________________________
    ရိုစာရီယို၌ ပြိုကျခဲ့သည့် အဆောက်အဦးအတွင်း ရှာဖွေကယ်ဆယ်မှုများပြုလုပ်

    အာဂျင်တီးနားနိုင်ငံ ရိုစာရီယို မြို့တွင် အင်္ဂါနေ့က အဆောက်အဦးတစ်ခု ပြိုကျခဲ့ပြီး အဆိုပါအဆောက်အဦးအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်လျက်ရှိသည်ဟုသိရသည်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်ပြိုကျခဲ့ရသည့် အဆိုပါဖြစ်စဉ်တွင် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ကာ ၆၂ ဦးဒဏ်ရာရပြီး ၁၃ ဦးပျောက်ဆုံးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
    __________________________________
    အိုဘားမားကြောင့် ပူတင်စိတ်ပျက်

    မိမိနှင့် မော်စကိုတွင်တွေ့ဆုံမည့်အစီအစဉ်ကို အိုဘားမားဘက်မှ ဖျက်သိမ်းလိုက်သည့်အတွက်ကြောင့် စိတ်မသက်မသာ ဖြစ်ရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်သည်။ သို့သော်လည်းနှစ်နိုင်ငံအရေး၊ နိုင်ငံတကာအရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားအနေဖြင့် အဆင်သင့်ရှိနေသည်ဟု ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။
    __________________________________
    လေထုမသန့်ရှင်းမှုကြောင့် ပြောင်းရွှေ့နေရသူများ နေရပ်သို့ပြန်

    အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများ လေထုတွင်ပျံ့နှံ့မှုကြောင့် နေရပ်သို့စွန့်ခွာခဲ့ရသည့် လူဝီစီးယားနားပြည်နယ် ဘတန်ရုဂ်ျမှ ပြည်သူများမှာ ယနေ့နံနက်ပိုင်းတွင် နေအိမ်များသို့ ပြန်လည်လာရောက်နေထိုင်နိုင်ပြီဟုသိရသည်။ တနင်္ဂနွေနေနေ့ကဖြစ်ပွားခဲ့သည့် ရထားလမ်းချော်တိမ်းမှောက်မှု၏ အကျိုးဆက်အဖြစ် လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ရပြီး မိသားစု ၁၀၀ ခန့် နေရပ်သို့စွန်ခွာခဲ့ရသည်။