News @ M-Media

Blog

  • လက်နက်မဲ့ပြည်သူကို စစ်ကောင်စီက စစ်ပွဲသဏ္ဍာန် တုန့်ပြန်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    လက်နက်မဲ့ပြည်သူကို စစ်ကောင်စီက စစ်ပွဲသဏ္ဍာန် တုန့်ပြန်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    မတ် ၁၁၊ ၂၀၂၁
    M-Media

    -လက်နက်မဲ့ဆန္ဒပြသူတွေကို တုန့်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ပွဲသုံးနည်းစနစ်တွေကို အသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

    ဒီနေ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းရာမှာ မြိုင်မြို့က ၆ ဦးအပါအဝင် နိုင်ငံတစ်ဝှမ်းအနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။

    Amnesty International က လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေအပေါ် အသက်သေစေလောက်တဲ့ အင်အားတွေ အသုံးပြုနေပြီး သတ်ဖြတ်မှုတော်တော်များများမှာ တရားလက်လွတ် သတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ တစ်ဦးတစ်ယောက်ချင်းက ဆုံးဖြတ်ချက်အားနည်းလို့ လက်လွန်ခြေလွန် ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ အမြင်မှန်ရဖို့မရှိတဲ့ တပ်မှူးတွေ အလိုတူအလိုပါ ပါဝင်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါ” လို့ ပဋိပက္ခရေးရာ ကျွမ်းကျင်သူ ဒါရိုက်တာ ဂျိုအာနီ မာရီနာက ပြောပါတယ်။

    Amnesty International က သူတို့ဟာ ဆန္ဒပြပွဲက ဗီဒီယို အနည်းဆုံး ၅၀ ကျော်ကို ဆန်းစစ်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အသုံးပြုတဲ့ လက်နက်တွေထဲမှာ စနိုက်ပါ၊ အပေါ့စား
    စက်သေနတ်၊ ချေမှုန်းရေးရိုင်ဖယ်တွေလို ​စစ်ပွဲမှာသာ အသုံးပြုရတဲ့ လက်နက်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ Amnesty International က တိုက်တွန်းခဲ့ပါတယ်။

    Ref: Nikkei Asia

  • ၄ နိုင်ငံက ကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီကြေငြာချက်တွင် စစ်ကောင်စီကို ရှုတ်ချမှု ဖယ်ရှားခဲ့ရ

    ၄ နိုင်ငံက ကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီကြေငြာချက်တွင် စစ်ကောင်စီကို ရှုတ်ချမှု ဖယ်ရှားခဲ့ရ

    မတ် ၁၀၊ ၂၀၂၁
    M-Media

    -တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ရဲ့ ကန့်ကွက်မှုကြောင့် မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချတဲ့စာသားကို ဖယ်ရှားခဲ့ရပါတယ်။

    ကြေငြာချက်မှာ လုံခြုံရေးကောင်စီအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားဖို့အတွက် အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နောက်ထပ် တုန့်ပြန်မှုတွေ လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီက အဆင်သင့်ရှိနေကြောင်းလည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်ကတင်သွင်းတဲ့ ဒီကြေငြာချက်မူကြမ်းမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြောင်း၊ မလိုက်နာရင် အရေးယူမှုတွေလုပ်ဆောင်ဖို့ သတိပေးကြောင်း ပါဝင်ခဲ့ပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့က ကန့်ကွက်ခဲ့တာကြောင့် ဒီစာသားနှစ်ခုကို ဖြုတ်တာပြင်တာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

    ဖေဖော်ဝါရီလ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း အခြေအနေကို စိုးရိမ်မိပြီး၊ ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ ဖော်ပြထားပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အာဏာသိမ်းမှုကိုရှုတ်ချတဲ့စာကြောင်းကို ဖယ်ရှားပေးခဲ့ရပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က အဖွဲ့ဝင်နိုင်ငံတိုင်းဟာ တစ်နိုင်ငံချင်းအလိုက်၊ အစုအဖွဲ့အလိုက် ဆောင်ရွက်သွားရမှာဖြစ်ပြီး လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့ အသံမျိုးထွက်အောင်၊ ထိရောက်တဲ့အရေးယူမှုဖြစ်လာအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူနဲ့ နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့တို့က အာဏာသိမ်းစစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေကို ဦးတည်ပြီး သီးသန့်အရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါပေမယ့် လုံခြုံရေးကောင်စီက သံတမန်တွေကတော့ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ဒီလိုအရေးယူမှုမျိုးကို လောလောဆယ်မှာ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မနေ့ကကြေငြာချက်မှာ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်​ဖြိုခွင်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်တာ၊ အခြေခံလွတ်လပ်ခွင့် ပိတ်ပင်တာတွေအတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    သံတမန်တွေက မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဆန္ဒပြသူများအား အသေပစ်သတ်ရန် အထက်က အမိန့်ပေးခဲ့ကြောင်း အိန္ဒိယကို တိမ်းရှောင်သွားသည့်ရဲများ ဖွင့်ဟ

    ဆန္ဒပြသူများအား အသေပစ်သတ်ရန် အထက်က အမိန့်ပေးခဲ့ကြောင်း အိန္ဒိယကို တိမ်းရှောင်သွားသည့်ရဲများ ဖွင့်ဟ

    မတ် ၁၀၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေကို အသေပစ်သတ်ဖို့အတွက် အထက်အရာရှိတွေက သူတို့ကို အမိန့်ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င်တွေက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို ဥပဒေ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ တုန့်ပြန်ခိုင်းထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

    ဒါပေမယ့် ရဲတပ်ဖွဲ့၀င်တွေ၊ စစ်သားတွေဟာ ဆန္ဒပြသူတွေကို တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာ၊ ဆန္ဒပြမှုနဲ့ မသက်ဆိုင်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ပြည်သူတွေ ပိုင်ဆိုင်သမျှကို ဖျက်ဆီးတာ၊ လုယက်ရမ်းကားတာတွေ လုပ်ဆောင်နေတာကို အများအပြားတွေ့လာရပြီး ဗီဒီယိုမှတ်တမ်းတွေလည်း ပြန့်နှံ့ နေပါတယ်။

    အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတာကြောင့် အိန္ဒိယဖက် ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င် အနည်းဆုံး ၄ ဦးက အထက်အရာရှိတွေဟာ ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ သူတို့ကို အမိန့်ပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

    ရိုက်တာသတင်းဌာနဟာ ဒီရဲတပ်ဖွဲ့၀င်တွေရဲ့ တပ်ဖွဲ့၀င်ကတ်ပြား၊ တာ၀န်ထမ်းဆောင်စဥ်ဓာတ်ပုံတွေ၊ အိန္ဒိယရဲတပ်ဖွဲ့ထံ သူတို့ရဲ့ ထွက်ဆိုထားမှု၊ ကိုယ်ရေးအချက်အလက် စတာတွေကို ကြည့်ရှု အတည်ပြုခွင့် ရခဲ့တာ ဖြစ်ပါတယ်။

    ဒုတပ်ကြပ် Tha Peng က စစ်ကိုင်းတိုင်း ခန်းပါတ်မြို့က ဖေဖော်၀ါရီ ၂၇ ရက်နေ့ ဆန္ဒပြပွဲမှာ ပြည်သူတွေကို သူကိုင်ထားတဲ့ စက်သေနတ်နဲ့ပစ်ဖို့ အထက်က အမိန့်ပေးခဲ့ပြီး သူကတော့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

    “နောက်နေ့မှာ အထက်အရာရှိက ကျွန်တော့်ကိုခေါ်ပြီး သေနတ်နဲ့ပစ်မှာလားလို့ မေးခဲ့ပါတယ်”

    မတ်လ တစ်ရက်နေ့မှာတော့ Tha Peng တစ်ယောက် မိသားစုကိုထားကာ ခမ်းပါတ်မြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့ပါတယ်။ ဖမ်းမိမှာ စိုးရိမ်တဲ့အတွက် ညဖက်တွေမှာ ခရီးဆက်ရပြီး မီဇိုရမ်ရောက်ဖို့ ၃ ရက်ကြာမြင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖေဖော်၀ါရီ ၂၇ ရက်နေ့က ပစ်မိန့်ကို သူနဲ့ လုပ်ဖော်ကိုင်ဖက် ၆ ယောက်က ငြင်းဆန်ခဲ့တာ ဖြစ်ပြီး သူ့အတွက် ထွက်ပြေးဖို့ကလွဲလို့ အခြားရွေးစရာမရှိဘူးလို့ Tha Peng က ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးလာတဲ့ မြန်မာရဲတပ်ဖွဲ့၀င်တွေနဲ့ မိသားသာစု၀င် စုစုပေါင်း ၁၀၀ ၀န်းကျင်လောက်ရှိတယ်လို့ အိန္ဒိယက ထုတ်ပြန်ထားပါတယ်။

    Tha Peng ပြောတဲ့ ဖေဖော်၀ါရီ ၂၇ ရက်နေ့ အဖြစ်အပျက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ အခြား ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၃ ဦးတို့ အိန္ဒိယရဲတပ်ဖွဲ့ကို ပြောကြားထားမှုနဲ့ ကိုက်ညီနေပါတယ်။

    “CDM လှုပ်ရှားမှု အရှိန်ရလာပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေလည်း နေရာတိုင်းမှာ ဖြစ်ပွားနေတဲ့အချိန် ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အထက်က ကျွန်တော်တို့ကို ညွှန်ကြားတာတွေ ရှိပါတယ်” လို့ မီဇိုရမ် ရဲတပ်ဖွဲ့နဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာရဲတပ်ဖွဲ့၀င်တွေက ပြောပါတယ်။

    “ဒီလိုအခြေအနေမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကိုယ့်ပြည်သူတွေကို ပြန်ပစ်သတ်ဖို့ ကျွန်တော်တို့မှာ စိတ်ဆန္ဒ မရှိပါဘူး”

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ လောက် သေဆုံးပြီး၊ ရာနဲ့ချီ ဒဏ်ရာရကာ ထောင်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။

    ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်၀တ်တွေထဲမှာ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံနဲ့သာ ဖြိုခွင်းရမှာ ဖြစ်သလို ပစ်တဲ့အချိန်မှာလည်း ဒူးအောက်ပိုင်းသာ ပစ်ခွင့်ရှိပေမယ့်၊ အထက်အရာရှိက ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေး ခိုင်းစေခဲ့တယ်လို့ သာပန်က ပြောပါတယ်။

    မန္တလေးမြို့မှာ တာ၀န်ကျတဲ့ အသက် ၂၃ နှစ်အရွယ် တပ်သား Ngun Hlei က ဆန္ဒပြသူတွေကို ပစ်ဖို့ အမိန့်ပေးတာမျိုး ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေရတာလို့ သူတို့ ယုံကြည်ကြောင်း Tha Peng နဲ့ Ngun Hlei နှစ်ယောက်စလုံးက ပြောပါတယ်။

    စတုတ္ထမြောက် မြန်မာရဲတပ်ဖွဲ့၀င်ကလည်း သူတို့နှစ်ဦးရဲ့ ပြောဆိုမှုကို ထောက်ခံအတည်ပြုခဲ့ပါတယ်။

    “စစ်တပ်က ရဲတပ်ဖွဲ့ကို ဖိအားပေးပြီး အောက်ခြေရဲတပ်သားတွေက ပြည်သူတွေနဲ့ ရင်ဆိုင်ရတာပါ”

    ဆန္ဒပြသူတွေကိုပစ်ဖို့ အမိန့်ပေးတာကို မနာခံခဲ့တဲ့အတွက် အရေးယူခံရကာ နယ်ရွှေ့ခံခဲ့ရတယ်လို့ Ngun Hlei က ပြောပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယကိုထွက်ပြေးဖို့ သူက ဆုံးဖြတ်ခဲ့ပြီး မတ်လ ၆ ရက်နေ့မှာ မီဇိုရမ်ကို ရောက်ရှိခဲ့ပါတယ်။

    အသက် ၂၄ နှစ်အရွယ် တပ်သားအဆင့် ရဲမေ Dal က ချင်းပြည်နယ် ဖလမ်းမြို့မှာ တာ၀န်ထမ်းဆောင်သူ ဖြစ်ပြီး အရင်က စခန်းအတွင်း ရုံးအလုပ်တွေသာ လုပ်ရပေမယ် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာတော့ အပြင်ထွက်ပြီး အမျိုးသမီးတွေကိုဖမ်းဖို့ ခိုင်းစေခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို သူမက ငြင်းဆန်ခဲ့ပါတယ်။

    ဆန္ဒပြသူတွေကို ငဲ့ညှာတာ၊ CDM လှုပ်ရှားမှုမှာ ပါ၀င်တာကြောင့် ဖမ်းဆီးထောင်ချခံရမှာကို စိုးရိမ်ပြီး Dal တစ်ယောက် မီဇိုရမ်ကို ထွက်ပြေးလတာပါ။

    မြန်မာရဲတပ်ဖွဲ့အတွင်းမှာ ဆန္ဒပြသူတွေအပေါ် စာနာထောက်ထားသူတွေ အများအပြားရှိတယ်လို့ Tha Peng၊ Ngun Hlei နဲ့ Dal ၃ ဦးစလုံးက ပြောပါတယ်။

    “စခန်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ဆန္ဒပြသူတွေကို ထောက်ခံကြတယ်။ ဒါပေမယ့် သူတို့ကို စုစည်းပေးမယ့်ခေါင်းဆောင် မရှိပါဘူး” လို့ Tha Peng က ပြောပါတယ်။

    ၆ လအရွယ် အပါအ၀င် ကလေး ၂ ဦးနဲ့ ဇနီးဖြစ်သူတို့ကို ထားရစ်ပြီး Tha Peng တစ်ယောက် မီဇိုရမ်ကို ထွက်ပြေးခိုလှုံခဲ့တာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်းအထိ မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးခိုလှုံတဲ့ ရဲတပ်ဖွဲ့၀င်တွေ ဆက်ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီကလည်း အနည်းဆုံ တပ်သား ၈ ဦးကို ပြန်လွှဲပေးဖို့ မီဇိုရမ် တာ၀န်ရှိသူတွေထံ စာရေးသား ပေးပို့ထားပါတယ်။

    မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် Zoramthanga က ခိုလှုံလာသူတွေကို ကျွေးမွေးစောင့်ရှောက်ကာ ယာယီ နေရာထိုင်ခင်း ပေးထားမှာဖြစ်ပြီး ပြန်လွှဲမလား၊ မလွှဲဘူးလားဆိုတာက ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့ ပြေကြားခဲ့ပါတယ်။

    ဒုတပ်ကြပ် Tha Peng က မိသားစုကိုလွမ်းပေမယ့် မြန်မာနိုင်ငံကို မပြန်ချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref : Reuters

  • အာဏာသိမ်းစစ်တပ်နှင့်သက်ဆိုင်သည့် အကောင့်များကို Google ကဖယ်ရှား

    အာဏာသိမ်းစစ်တပ်နှင့်သက်ဆိုင်သည့် အကောင့်များကို Google ကဖယ်ရှား

    မတ် ၁၀၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း မြန်မာစစ်တပ်နဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားလိုက်ပြီး၊ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ကြော်ငြာတွေကိုလည်း စီစစ်နေတယ်လို့ Google က ဒီနေ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ဆန္ဒပြ ပြည်သူလုထုကို အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ အကောင့်တွေကို ကန့်သတ်ဖို့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေက Google ကုမ္ပဏီကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တိုက်တွန်းထားတာပါ။

    “ကျွန်မတို့ပလက်ဖောင်းမှာ ရှိနေတဲ့ အကောင့်တွေအပေါ် အရေးယူတာတွေ လုပ်ခဲ့ပါတယ်။ Google က မြန်မာစစ်တပ်နဲ့သက်ဆိုင်တဲ့ အကောင့်တွေ၊ YouTube က ချန်နယ်တွေ၊ ဗီဒီယိုတွေကို ဖယ်ရှားပစ်တာမျိုးတွေလည်း ပါဝင်ပါတယ်။ မြန်မာပြည်သူတွေ သတင်းအချက်အလက်ရယူမှု၊ အချင်းချင်း ဆက်သွယ်မှုတွေကို အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရေး ကူညီဖို့ဟာ ကျွန်မတို့ရဲ့ ဦးစားပေးကိစ္စပါ” လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဖယ်ရှားလိုက်တဲ့အထဲမှာ စစ်တပ်ရဲ့ Gmail အကောင့်တွေ၊ ဘလောဂ့် ပလက်ဖောင်းက စာမျက်နှာတွေ၊ Play Store အကောင့်တွေ ပါဝင်တယ်လို့ ဂူးဂဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဖက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

    စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားဖြစ်တဲ့ MRTV နဲ့ စစ်တပ်ပိုင် မြ၀တီရုပ်သံ ချန်နယ်တွေကို ပြီးခဲ့တဲ့တစ်ပတ်မှာ YouTube က ဖယ်ရှားခဲ့ပါတယ်။

    မြန်မာစစ်တပ်က ရှယ်ယာပါဝင်ထားတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ Google နဲ့ Viber တို့မှာ ကြော်ငြာနေတယ်လို့ Justice for Myanmar က ဒီကနေ့မှာပဲ ထုတ်ပြောထားပါတယ်။

    စစ်တပ်ရဲ့အကောင့်တွေကို ဖယ်ရှားတာကို ကြိုဆိုပေမယ့် Mytel ရဲ့ ကြော်ငြာတွေကနေ Google နဲ့ Viber တို့ အကျိုးအမြတ်ရခဲ့တယ်ဆိုရင် ဒါဟာ စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ Justice for Myanmar က ပြောကြားခဲ့ပါတယ်။

    ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်း Viettel ကလည်း Mytel မှာ ရှယ်ယာပါဝင်ပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး Viettel ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

    Ref: Reuters

  • စစ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေးမှာ အပယ်ခံဖြစ်လာတော့မယ့် မြန်မာနိုင်ငံ

    စစ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေးမှာ အပယ်ခံဖြစ်လာတော့မယ့် မြန်မာနိုင်ငံ

    မတ် ၉၊ ၂၀၂၁
    M-Media

    -တစ်ချိန်က စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကတိပြုရာနယ်မြေဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာစီးပွားရေးသမားတွေ လှည့်မကြည့်ချင်တော့တဲ့ အပယ်ခံနိုင်ငံ ဖြစ်လာပြီလို့ ရိုက်တာသတင်းဌာနက သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

    ရွေးကောက်ခံထားရတဲ့ အစိုးရကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး ကိုကိုကိုလာနဲ့ Facebook အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၅၅ ခုလောက်က တိုင်းပြည်မှာ ဆက်ရှိမှာဖြစ်ပြီး ဝန်ထမ်းတွေကို အဖြစ်ပယ်ဘူးလို့ ကတိပြုခဲ့ကြတာပါ။

    ဒါပေမယ့် တိုင်းပြည်စီးပွားရေး ယိုယွင်းလာတာ၊ ဆန္ဒပြမှု ကြီးထွားလာပြီး စစ်တပ်ရဲ့ သတ်ဖြတ်အကြမ်းဖက်မှုတွေ မြင့်မားလာတာကြောင့် တစ်လအကြာမှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒီကတိကဝတ်ဟာ တစ်စတစ်စ အားနည်းလာပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာပဲ ဩစတေးလျ ရေနံကုမ္ပဏီ Woodside Petroleum က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းလွန်ရှာဖွေရေးအဖွဲ့ကို ပြန်ခေါ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ရှာဖွေမှုတွေ ဆက်လုပ်မယ်လို့ပြောပြီး တစ်ပတ်အကြာမှာ ဒီရုတ်သိမ်းမှု ပေါ်လာတာပါ။

    အခုတစ်ပတ်မှာတော့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ် H&M က ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှု အခက်အခဲတွေကြောင့် မြန်မာစက်ရုံတွေကနေ အထည်သစ်တွေ မမှာတော့ဘူးလို့ ထုတ်ပြန်ပါတယ်။ H&M ဟာ မြန်မာနိုင်ငံက စက်ရုံ ၄၅ ခုကနေ အထည်တွေ မှာနေတာပါ။ အနာဂတ်မှာ ဆက်မှာမှာလား၊ မမှာဘူးလားဆိုတာကို H&M က ထုတ်မပြောပါဘူး။

    Woodside Petroleum နဲ့ H&M နှစ်ခုစလုံးဟာ မြန်မာနိုင်ငံမှာ ဆက်ရှိနေမယ်လို့ အာဏာသိမ်းပြီးနောက်ပိုင်း ကြေငြာချက်ထုတ်တဲ့ လုပ်ငန်း ၅၅ ခုထဲမှာ ပါဝင်ပါတယ်။

    နောက်ထပ် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin Holdings Co ကလည်း အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ စစ်တပ်ပိုင်ကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

    ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေး၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေကို အာဏာသိမ်းစစ်ကောင်စီက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကြောင့် သေဆုံးသူ ၅၀ ကျော်လာပြီး တိုင်းပြည်ရဲ့ ပုံရိပ်လည်း သိသိသာသာ ကျဆင်းလာပါတယ်။

    “ဒီလိုမျိုးတွေ လနဲ့ချီဆက်ဖြစ်နေရင် မြန်မာနိုင်ငံကနေ လုံး၀ထွက်မယ့် စီးပွားရေးလုပ်ငန်းတွေ ပေါ်လာအုံးမှာပါ” လို့ Center for Strategic and International Studies အဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ မာရေး ဟိုင်ဘာ့တ်က ပြောပါတယ်။

    စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ၂၀၁၁ ခုနှစ် စစ်တပ်က ဒီမိုကရေစီအသွင်ပြောင်းမှု လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်လာခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ ၄.၇ ဘီလီယံအထိ ရောက်လာပါတယ်။

    အခြေခံအဆောက်အဦး မပြည့်စုံတာ၊ ဓာတ်အားအလုံအလောက်မပေးနိုင်တာ၊ ဥပဒေအရ အာမခံချက်မရှိတာ၊ စီးပွားရေးတော်တော်များများကို စစ်တပ်က ချုပ်ကိုင်ထားတာတွေကြောင့် အာဏာမသိမ်းခင်ကတည်းက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ရုန်းကန်ခဲ့ရတာပါ။

    စစ်အာဏာသိမ်းပြီးနောက် ပိုမိုဖြစ်ပွားလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အချိန်အတော်ကြာ တည်ငြိမ်ခဲ့တဲ့ စွမ်းအင်လုပ်ငန်းတွေအပေါ် ထိခိုက်လာဖို့ ရှိပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက စစ်တပ်က ထိန်းချုပ်ထားပြီး အကျိုးအမြတ်အများအပြားရနေတဲ့ စွမ်းအင်လုပ်ငန်း Myanmar Oil and Gas Enterprise ကို ပိတ်ဆို့မှုတွေလုပ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့ပါတယ်။

    ၁၉၉၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ ပြင်သစ်စွမ်းအင်လုပ်ငန်း Total က ဒီကိစ္စအတွက် မှတ်ချက်မပေးပါဘူး။ MOGE နဲ့ ကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်ရေး တွဲလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီ Chevron ပြောရေးဆိုခွင့်ရှိသူကတော့ ပိတ်ဆို့မှုတွေဖြစ်လာရင် အဲဒီစည်းကမ်းအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း အကြပ်ရိုက်လာပါတယ်။ အင်တာနက် ဝန်ဆောင်မှုတွေ ဖြတ်တောက်ခိုင်းတာတွေ ရှိလာသလို လူ့အခွင့်အရေးကို ခြိမ်းခြောက်တဲ့ ဆိုက်ဘာဥပ​ဒေ ပြဌာန်းဖို့လည်း လုပ်ဆောင်လာပါတယ်။

    နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က ဆိုက်ဘာဥပဒေတွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို လျော့ချကာ စစ်တပ်အာဏာကို ချဲ့ထွင်တာမျိုးဖြစ်တယ်လို့ ဆိုပြီး ခိုင်မာတဲ့ ဥပဒေမူဘောင်တစ်ရပ် ပြန်လည်အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကုလရဲ့ ၂၀၁၉ အချက်အလက်ရှာဖွေရေးအဖွဲ့မှာ ပါဝင်တဲ့ ပညာရှင် ခရစ် ဆီဒိုတီက စစ်တပ်ဟာ အစိုးရနေရာအားလုံးကို သိမ်းပိုက်ထားတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပင်န်းအားလုံးကို ရပ်ဆိုင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေအခြေစိုက် မြန်မာလူ့အခွင့်အရေးအဖွဲ့ Burma Campaign ကလည်း ဘယ်သူတွေနဲ့ အလုပ်လုပ်နေရလဲဆိုတာ ဆန်းစစ်ဖို့ အနောက်နိုင်ငံက နာမည်ကြီးကုမ္ပဏီတွေကို သတိပေးခဲ့ပြီး မြန်မာအလုပ်သမားတွေကိုတော့ မျက်ကွယ်မပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံခြား တံဆိပ်တွေဖြစ်တွေဖြစ်တဲ့ H&M၊ Adidas၊ Gap နဲ့ Zara တို့က အထည်မှာတဲ့မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား ၅ သိန်းလောက် ရှိပါတယ်။

    စီးပွားရေးအကြံပေးအဖွဲ့ Control Risks က ဒါရိုက်တာ ဂျွန် ဘရေးက မြန်မာနိုင်ငံမှာ ဖိအားတွေများနေတဲ့ လုပ်ငန်းတွေအနေနဲ့ စစ်တပ်နဲ့ ကြံရာပါဖြစ်နေလားဆိုတာကို သုံးသပ်ဖို့လိုပြီလို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာပြည်သူတွေထံက ငွေကြေးကိုယူပြီး ပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့၊ မြန်မာ့စီးပွားရေး တိုးတက်အောင် ကူညီပံ့ပိုးပေးနေတဲ့ လုပ်ငန်းဆိုရင်တော့ လမ်းပေါ်မှာဖြစ်နေတဲ့ သတ်တာဖြတ်တာတွေမှာ ကြံရာပါနေတယ်လို့ ကျွန်တော်မထင်ပါဘူး”

    Ref: Reuters