News @ M-Media

Blog

  • စစ်ခေါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းကို ဥရောပက ပိတ်ဆို့ အရေးယူမည်

    စစ်ခေါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းကို ဥရောပက ပိတ်ဆို့ အရေးယူမည်

    မတ် ၈၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဥရောပသမဂ္ဂက လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    မတ်လ ၂၂ ရက်နေ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အတည်ပြုမယ့် ဆုံးဖြတ်ချက်မူကြမ်းမှာ အာဏာသိမ်းစစ်တပ်က အကျိုးအမြတ်ရနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေးထောက်ပံ့မှုပေးနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂဟာ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်ခေါင်းဆောင်အချို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပြီး၊ အခု ပိတ်ဆို့မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကြီးကြီးမားမား အရေးယူမှုလည်း ဖြစ်ပါတယ်။

    စစ်တပ်ကပိုင်တဲ့ ဦးပိုင်လုပ်ငန်း (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို အဓိကထား အရေးယူမယ်လို့ ဥရောပသံတမန်တွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံသူတွေ၊ ဘဏ်လုပ်ငန်းတွေကို စစ်တပ်ရဲ့ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ မပတ်သက်ဖို့ ပိတ်ပင်တားဆီးမှာ ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အ​နေနဲ့ မြန်မာအစိုးရကိုပေးနေတဲ့ အကူအညီပေးရေး ရန်ပုံငွေတွေကို ဥရောပသမဂ္ဂက ပြီးခဲ့တဲ့တစ်ပတ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

    ဥရောပသမဂ္ဂဟာ အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ရဲတို့က ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေအပေါ် သီးသန့် ပစ်မှတ်ထားအရေးယူဖို့လည်း စီစဉ်နေပါတယ်။ မည်သူမည်ဝါဆိုတဲ့ အမည်အတိအကျတော့ ထွက်မလာသေးပါဘူး။

    Ref: Reuters

  • ယူအေအီးမှ နာမည်ကျော် Sheikh Zayed ဗလီ ပုံတူကို အင်ဒိုနီးရှားတွင် တည်ဆောက်မည်

    ယူအေအီးမှ နာမည်ကျော် Sheikh Zayed ဗလီ ပုံတူကို အင်ဒိုနီးရှားတွင် တည်ဆောက်မည်

    မတ် ၈၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက နာမည်ကျော် Sheikh Zayed ဗလီဝင်ကျောင်းတော် ပုံစံတူ တည်ဆောက်မှု အုတ်မြစ်ချအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဆန်ထရဲလ်ဂျားဗားပြည်နယ်က ဆိုလိုမြို့ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ မွေးရပ်ပါ။ Sheikh Zayed ဗလီဟာ ယူအေအီးက အကြီးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

    ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမယ့် ဒီပုံတူဗလီက ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားကို လာရောက်ခဲ့တဲ့ အဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် အလ်-နဟ်ယန်ရဲ့ လက်ဆောင်လည်း ဖြစ်ပါတယ်။

    ဒီနေ့ အုတ်မြစ်ချပွဲအခမ်းအနားကို ယူအေအီး စွမ်းအင်ဝန်ကြီး၊ အစ္စလာမ့်ရေးရာဝန်ကြီး၊ အင်ဒိုနီးရှားဖက်က သာသနာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးနဲ့ ဆိုလိုမြို့ မြို့တော်ဝန်တို့ တက်ရောက်ခဲ့ပါတယ်။

    Sheikh Zayed ဗလီနဲ့ လုံး၀ ပုံစံတူဖြစ်ပေမယ့် အင်ဒိုနီးရှားရဲ့ ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေကို ထည့်သွင်းမှာဖြစ်ပြီး၊ ပြည်တွင်းက ပစ္စည်းတွေကို အများဆုံး အသုံးပြုသွားမယ်လို့ ယူအေအီးဆိုင်ရာ အင်ဒိုနီးရှားသံအမတ်က ပြောပါတယ်။

    ၃ ဧက အကျယ်ရှိတဲ့မြေနေရာမှာ ဆောက်လုပ်ပြီး လူပေါင်း တစ်သောင်းလောက် တစ်ချိန်တည်း ဝတ်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဗလီအတွက် ကုန်ကျငွေအားလုံးကို ယူအေအီးနိုင်ငံက ကျခံတာပါ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။

    ဗလီပြီးသွားရင် ဆိုလိုမြို့ဟာ ဘာသာရေးဆိုင်ရာ အဓိကကျတဲ့ ခရီးသွားမြို့ ဖြစ်လာလိမ့်မယ်လို့လည်း သံအမတ်က ဆိုပါတယ်။

    Ref: Arab News

  • မည်သူအုပ်ချုပ်သည်ဖြစ်စေ အဆင်ပြေအောင်ဆက်ဆံမည်ဟု တရုတ်ပြော

    မည်သူအုပ်ချုပ်သည်ဖြစ်စေ အဆင်ပြေအောင်ဆက်ဆံမည်ဟု တရုတ်ပြော

    မတ် ၈၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံအရေးမှာ ဘယ်သူ့ဖက်မှမပါဘဲ သက်ဆိုင်သူတွေအကြား ကြားဝင်ညှိနှိုင်းပေးဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုမှာ တရုတ်အစိုးရက နောက်ကွယ်ကနေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတာပါ။ တရုတ်ကတော့ ဒါကို ငြင်းထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေ​တာတွေဟာ တရုတ်နိုင်ငံက မြင်ချင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီစကားကို ထပ်ပြောခဲ့ပြီး အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်ထဲက ကြားဝင်ညှိနှိုင်းပေးလိုတယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူ့ဆန္ဒကို အလေးထားပြီး တင်းမာမှုတွေလျှော့ချရေး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကာ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ညှိနှိုင်းပေးဖို့ တရုတ်က ဆန္ဒရှိပါတယ်”

    လက်ရှိ အရေးအကြီးဆုံးက သွေးထွက်သံယို ဖြစ်နေမှုကို ချက်ခြင်းရပ်တန်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အဆိုပြုချက် ၃ ခု ချပြခဲ့တာပါ။

    ဒုတိယတစ်ချက်က တစ်ခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဆိုတဲ့ မူဘောင်ထဲကနေ အာဆီယံအဖွဲ့က ဝင်ရောက်အဖြေရှာတာကို တရုတ်က ထောက်ခံအားပေးမယ်လို့ ဝမ်ယီက ပြောပါတယ်။

    နောက်ဆုံးတစ်ချက်ကတော့ တရုတ်-မြန်မာဆက်ဆံမှု ပိုမိုကောင်းမွန်ရေးကို မမှိန်မသုန် ဆက်လက်စွဲကိုင်သွားမှာဖြစ်ပြီး၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိတ်ဖက်ဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • တရုတ်ကိုထိန်းမည့် အာရှနေတိုးအဖွဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပမည်

    တရုတ်ကိုထိန်းမည့် အာရှနေတိုးအဖွဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပမည်

    မတ် ၈၊ ၂၀၂၁
    M-Media

    -အမေရိကန်၊ ဂျပန်၊ ဩစတေးလျနဲ့ အိန္ဒိယတို့ပါဝင်ပြီး အာရှနေတိုးအဖွဲ့လို့ အမည်​ပေးခံထားရတဲ့ Quad အဖွဲ့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အစောဆုံး သောကြာနေ့မှာ ကျင်းပဖို့ရှိတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

    ခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ မူဘောင်သဘောတူညီချက်ကိစ္စကို ဆွေးနွေးကြမှာပါ။ Quad အဖွဲ့ကို အာရှပစိဖိတ်ဒေသ လုံခြုံရေးအတွက် ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့ အခုလနှောင်းပိုင်းကျရင် ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ဒါဟာ ဇန်နဝါရီလ ဘိုင်ဒန်အစိုးရ တက်လာပြီးနောက်ပိုင်း အာရှက မဟာမိတ်တွေဆီကို အမေရိကန်ရဲ့ ထိပ်တန်းဝန်ကြီးတွေ ပထမဆုံး လာရောက်မှု ဖြစ်လာပါလိမ့်မယ်။

    အင်ဒို-ပစိဖိတ်ဒေသမှာ ရန်လိုတဲ့ ခြေလှမ်းတွေကို တရုတ်က လှမ်းလာပြီး မြောက်ကိုရီးယားရဲ့ ရန်ကလည်း မြင့်တက်လာတဲ့အချိန် အမေရိကန်ဟာ အာရှက အဓိက မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဩစတေးလျ ရပ်ဆိုင်း

    မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဩစတေးလျ ရပ်ဆိုင်း

    မတ် ၈၊ ၂၀၂၁
    M-Media

    -ဆန္ဒပြ ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အပေါ် စိုးရိမ်မိပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဩစတေးလျနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ဩစတေးလျဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်လုပ်ဆောင်နေတာဖြစ်ပြီး စစ်သားတွေကို အင်္ဂလိပ်စာသင်ကြားပေးမှုလို စစ်ရေးမဟုတ်တဲ့ နယ်ပယ်တွေမှာ အကူအညီ ပေးနေတာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အများအပြား သတ်ဖြတ်ခံရပြီး သိန်းနဲ့ချီ ​ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ကိစ္စ နောက်ပိုင်းမှာလည်း ဒီလိုကူညီမှုတွေ ဆက်လုပ်နေတာပါ။

    ဒါပေမယ့် ဒီပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာရီစ် ပေနီက ပြောပါတယ်။

    “အရပ်သားတွေအပေါ် အကြမ်းဖက်တာကို ရှောင်ကျဉ်ကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ကို ကျွန်မတို့ အခိုင်အမာ တောင်းဆိုလိုက်ပါတယ်”

    လန်ဒန်အခြေစိုက် ဘာမားကမ်ပိန်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က ဩစတေးလျရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုဟာ အစကတည်းက မရှိသင့်ဘူးလို့ ပြောပါတယ်။

    “မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့၊ လေ့ကျင့်ပေးနေတဲ့ နိုင်ငံ ၁၂ နိုင်ငံ ရှိပါသေးတယ်။ မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားပေးနေတာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်သတ်နေတဲ့ သူတို့နဲ့ အလိုတူအလိုပါ ဖြစ်​နေတာပါ။ တစ်ဖက်ကို ကူညီပေးနေပြီးတော့မှ ငါ့တို့ ကြားမဝင်ပါဘူးဆိုတာမျိုး ပြောလို့မရပါဘူး။ မြန်မာစစ်တပ်ဟာ ပြည်သူတွေကိုသတ်တဲ့ စစ်တပ်ပါ”

    အဲဒီနိုင်ငံ ၁၂ နိုင်ငံထဲမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူကရိန်းတို့လည်း ပါဝင်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု အပြီးပိတ်ဖို့ တောင်းဆိုနေကြပါတယ်။

    ဩစတေးလျဟာ တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ချို့တဲ့တဲ့သူတွေအပေါ် ကူညီနေမှုကိုလည်း အာဏာသိမ်းစစ်ကောင်စီကတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ပေနီက ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

    Ref: Reuters