News @ M-Media

Blog

  • ၅-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ-၅ ရက်၊ ၂၀၁၃
    M-Media
    Arsenal-v-Galatasaray
    ဒရောဂ့်ဘာ၏သွင်းဂိုးများဖြင့် ဂါလာတာစာရေး အီမရိတ်ဖလားကိုဆွတ်ခူး

    ယမန်နေ့ကကျင်းပခဲ့သည့် အီမရိတ်ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တူရကီကလပ် ဂါလာတာစာရေးက ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ အီမရိတ်ဖလားအား ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ ပထမပိုင်း မိနစ် ၄၀ တွင် တိုက်စစ်မှူးဝေါလ်ကော့က အာဆင်နယ်အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်း ၇၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်ချေပဂိုးနှင့် ၈၂မိနစ်တွင် အနိုင်ဂိုးကို လူစားဝင်ရောက်လာသူ ဒရောဂ့်ဘာက သွင်းယူပေးခဲ့သည်။
    _______________________________________
    အေစီမီလန်အား အနိုင်ယူကာ Guinness International Champions Cup ဖိုင်နယ်သို့ ချယ်ဆီး တက်ရောက်

    ကျင်းပလျက်ရှိသည့် Guinness International Champions Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းက စီးရီးအေကလပ် အေစီမီလန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ချယ်ဆီးအတွက်ဂိုးများကို ပထမပိုင်းတွင် ကဲဗင်ဒီဘရိုင်းကလည်းကောင်း၊ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အသစ်ရောက်ရှိလာသည့် အန်ဒရေရှုလာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းသည် နောက်ဆုံးဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    _______________________________________
    ဒေါ့မွန်အသင်းသာ ဘိုင်ယန်မြူးနစ်ကို ရပ်တန့်နိုင်မည်ဟု ဂျာမနီ လက်ရွေးစင်အသင်းနည်းပြဆို

    ဘိုင်ယန်နည်းပြသစ် ပက်ပ် ဂွာဒီယိုလာ၏ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ရန် ကြိုးပမ်းမှုကို ဒေါ့မွန်အသင်းသာလျှင် ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်းမ်လို က ပြောကြားခဲ့သည်။
    ဒေါ့မွန်သင်းသည် ဘိုင်ယန်အားစိန်ခေါ်နိုင်စွမ်းရှိသည့် တောင့်တင်းသော အသင်းဖြစ်ကြောင်း၊ ဂွာဒီယိုလာမှာ ဘိုင်ယန်အသင်းအား ဖိအားများနှင့် ကိုင်တွယ်ရမည်ဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယမန်နှစ် ဘွန်ဒစ်လီဂါတွင် ဒေါ့မွန်အသင်းအားဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ပြီး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ဒေါ့မွန်အသင်းအား အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့သည်။
    _______________________________________
    မိုနာကိုအသင်းသည် ပီအက်ဂျီအားမခြိမ်းခြောက်နိုင်ဟု လိုင်ယွန်ဥက္ကဌဆို

    ပြင်သစ်လိဂ်ဝမ်းကလပ် လိုင်ယွန်အသင်း၏ နည်းပြဖြစ်သူ ဂျီအန် မီရှယ် အောလက်စ်က ယခုနှစ်နွေရာသီအတွင်း ငွေးကြေးအမြောက်အများသုံးစွဲကာ အသင်းအားပြင်ဆင်ထားသည့် မိုနာကိုအသင်းအနေဖြင့် လိဂ်ဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအား ခြိမ်းခြောက်နိုင်ခြင်းရှိမည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံထပ်ဖြစ်ရန် အခွင့်အရေးများနေပြီး မိုနာကိုအသင်းမှာ ချန်ပီယံဖြစ်ရန် ခက်ခဲလိမ့်မည်ဟု မီရှယ်အောလက်စ်က ပြောဆိုခဲ့သည်။ မိုနာကိုအသင်းသည် ယခုနှစ်တွင်မှ လိဂ်ဝမ်းသို့ တန်းတက်လာခြင်းဖြစ်သည်။
    _______________________________________
    ဘရာဇီးတိုက်စစ်မှူးနေးမာ သွေးအားနည်းရောဂါခံစားနေရကြောင်း ဘာကာအတည်ပြု

    မကြာသေးခင်က စစ်ဆေးခဲ့သော ဆေးစစ်ချက်များအရ ဘာစီလိုနာအသင်း၏ ဘရာဇီးတိုက်စစ်မှူး နေးမာမှာ သွေးအားနည်းရောဂါခံစားနေရကြောင်းသိရသည်။ ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ အန်ဒိုနီ ဇူဘီဇရက်တာ က နေးမာအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း၊ အခြေအနေပိုမိုကောင်းမွန်လာရန် ၎င်းတို့အနေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    _______________________________________
    ဗီလာဘိုအားစ်၏ မှတ်ချက်ကြောင့် ဂါရက်ဘေးလ် စိတ်ပျက်နေ

    ရီးယဲလ်မက်ဒရစ်အသင်းမှ စံချိန်တင်ပြောင်းရွှေကြေးဖြင့်ကမ်းလှမ်းခြင်းခံထားရသည့် ဂါရက်ဘေးလ်မှာ တော့တင်ဟမ်နည်းပြဖြစ်သူ၏မှတ်ချက်ကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု ဘေးလ်နှင့် နီးစပ်သူများမှ တဆင့်သိရသည်။ စနေနေ့က မိုနာကိုအသင်းအားရှုံးနိမ့်ခဲ့သော ခြေစမ်းပွဲအပြီးတွင် ဗီလာ ဘိုအားစ်က ဘေးလ်၏ အပြောင်းရွှေ့သတင်းများမှာ ကောလဟာလများသာဖြစ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့် တစ်ခုတည်းသော ဆက်သွယ်မှုမှာ ဘေးလ်အား ရောင်းချမည် မဟုတ်ဟု ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု မှတ်ချက်ပေးပြောကြားခဲ့သောကြောင့် အသင်းမှ ထွက်ခွာလိုသည့် ဘေးလ်အနေဖြင့် မပျော်မရွှင်ဖြစ်နေရခြင်းဖြစ်သည်။
    _______________________________________
    ယူအေအီးကစားသမားတစ်ဦးအား အာဆင်နယ်မျက်စိကျနေ

    အာဆင်နယ်အသင်းသည် ယူအေအီး ကစားသမားတစ်ဦးဖြစ်သူ အိုမာ အဗ္ဗဒူလ်ရဟ်မာန်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ အဆိုပါကစားသမားအား ဂျာမန်ကလပ် ရှော်လ်ကေးအသင်းနှင့် ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    _______________________________________
    မာရှေရာနိုအား နာပိုလီစိတ်ဝင်စားနေပြန်

    စီးရီးအေကလပ်နာပိုလီအသင်းသည် ဘာစီလိုနာနောက်ခံလူ မာရှေရာနိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟုသိရသည်။ နာပိုလီအသင်းသည် ရီးရဲလ်မက်ဒရစ်က ခေါ် ယူထားသည့် နောက်ခံလူ ရောလ် အလ်ဘီအိုနှင့် တွဲကစားရန်အတွက် နောက်ခံလူတစ်းဦးရှာဖွေနေပြီး မာရှေရာနိုမှာ အဓိကပစ်မှတ်ဖြစ်လာသည်။
    _______________________________________
    အာဆင်နယ်တိုက်စစ်မှူးချာမက် ခရစ္စတယ်ပဲလေ့စ်သို့ြေ့ပာင်းရွှေ

    အာဆင်နယ်အသင်း၏ တိုက်စစ်မှူး မရောနီချာမက်မှာ ယခုနှစ်တွင်မှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ခြောက်လ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားသည်ဟု သိရသည်။ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဂါဗင်ဟိုနှင့် ချာမက်တို့မှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေပြီး ဘန်တနာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု မကြာသေးခင်က ပြောဆိုထားသည်။
    _______________________________________
    ဗြိတိန်အိုးပင်းအမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် စတေစီလူးဝစ်ဗိုလ်စွဲ

    စကော့တလန်နိုင်ငံ စိန့်အန်ဒရူးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗြိတိန်အိုးပင်း အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးမယ် စတေစီလူးဝစ်က နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
    _______________________________________
    Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ၈ ကြိမ်မြောက်ဗိုလ်စွဲ

    အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင် ကျင်းပသည့် Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ၈ ကြိမ်မြောက်ဖြစ်ပြီး မကြာခင်ကျင်းပတော့မည့် PGA Championship ဂေါက်သီးရိုက်ပြိုင်ပွဲအနိုင်ရရှိရေးအတွက် မျှော်လင့်ချက်များ ပိုမိုရှင်သန်လာခဲ့သည်။ တိုက်ဂါးဝုဒ်မှာ ၂၀၀၀၊ ၂၀၀၆နှင့် ၂၀၀၇ ခုနှစ်များတွင် Bridgestone နှင့် PGA Championship ပြိုင်ပွဲနှစ်ခုစလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အစဉ်အလာရှိနေသည်။
    _______________________________________
    BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်တွင် လီချုံဝေနိုင်ပွဲရရှိ

    မလေးရှားကြက်တောင်အကျော်အမော် လီချုံဝေမှာ ကျင်းပလျက်ရှိသည့် BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွင် အိုင်ယာလန်ကစားသမား စကော့ အီဗန်စ် အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂၇ မိနစ်သာကြာသည့် အဆိုပါပွဲစဉ်တွင် လီချုံဝေက ၂၁-၁၁၊ ၂၁-၁၅ ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

  • အစားကြီးတဲ့ ငါးတစ်ကောင် Black Swallower

    သြဂုတ် ၀၅၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Black Swallower

    ဒီတစ်ခါတော့ အစားကြီးတဲ့ ငါးတစ်ကောင်နဲ့ M-Media ပရိသတ်ကို မိတ်ဆက်ပေးပါမယ်။ သူ့နာမည်ကတော့ သူနဲ့လိုက်ပါတယ်။ “Black Swallower” ပါတဲ့။ သိပ္ပံနာမည်ကတော့ Chiasmodon Niger ဖြစ်ပြီး ထူးခြားချက်ကတော့ သူထက် ၁၀ ဆလောက်လေးကာ ၂ ဆရှည်တဲ့ အရိုးပါငါးတွေကို စားတာပါပဲ။

    သူ့ကို ကမ္ဘာတဝှမ်းမှာ အပူပိုင်းဒေသရေထုတွင်းတွေ့ရတတ်ကာ ၇၀၀ မီတာကနေ ၂၇၄၅ မီတာအတွင်း ကျက်စားလေ့ရှိပါတယ်။ သူစားနိုင်လောက်တဲ့ အရွယ်ထက်ကြီးတဲ့ အစာကိုမျိုမိတဲ့အခါ မပုတ်သိုးခင်သူအစာမချေနိုင်ပါဘူး။ ပုတ်သိုးတဲ့အခါထွက်တဲ့ ဓါတ်ငွေ့တွေကြောင့် ရေပေါ်ပေါ်လာတဲ့အခါကျ တွေ့ပြီး ဆယ်ယူစုဆောင်းကြတာပါ။

    ပုံမှာတွေ့ရတဲ့ အကောင်ကတော့ ၂၀၀၇ ခုနှစ်က ကမ်းခြေမှာသောင်လာတင်ပါတယ်။ Black Swallower က ၁၉ စင်တီမီတာ (၇ လက်မခွဲ) ရှည်ပြီး သူ့ဝမ်းဗိုက်ထဲမှာတွေ့ရတာကတော့ snake mackerel လို့ခေါ်တဲ့ငါးဖြစ်ပြီး ၈၆ စင်တီမီတာ (၃၄ လက်မ) ရှိပါတယ်။

    ကိုးကား – General Knowledge

  • တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား အတွက် ရံပုံငွေရှာဖွေပွဲ တောင်ကြီးမှာ ပြုလုပ်

    သြဂုတ်လ-၄၊ ၂၀၁၃
    M-Media

    TGI

    တောင်ကြီးမြို့  မြို့ မဈေးအနီးဝန်းကျင်တွင်တက်ကြွသော လူငယ်တစ်စုမှ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ရည်ရွယ်ပြီး ရန်ပုံငွေရှာပွဲတစ်ရပ်ကို ငြိမ်းချမ်းရေးသီချင်း များသီဆိုကာ ကျင်းပခဲ့ကြသည်။

    အဆိုပါ သီချင်းဆိုပွဲသည် ရှမ်းပြည်နယ်တောင်ကြီးမြို့ ကဲ့သို့ သောဒေသ များတွင် တွေ့ မြင်ရခဲလှသောကြောင့် မြို့ မဈေးမှ ဈေးသူ၊ဈေးသားများနှင့် လမ်းသွားလာနေကျသောပြည်သူ များမှ အစပိုင်းတွင် ရုတ်တရက်နားမလည်နိုင်သော်လည်း သီချင်းစတင်သီဆိုပြီး တစ်ခဏအကြာတွင်အလှူငွေများ တစ်ဦးပြီးတစ်ဦးထည့်ဝင်ကာ လူငယ်များကို အားပေးခဲ့ကြသည်။

    အဆိုပါလူငယ်အဖွဲ့ သည် အနီးရှိအားပေးကြည့်ရှုနေကြသော ပရိသတ်ပြည်သူများထံသို့ အောက်ပါ လက်ကမ်းစာစောင်ငယ်များကိုလည်းပေးဝေခဲ့ကြသည်။ လူကို လူလို မြင်တတ်စေရန်၊ လူဆိုသည်မှာ အားလုံးသည် ဧည့်သည်များသာ ဖြစ်ပြီး တစ်နေ့ သေကြရမည်ကို သတိချပ်မိစေရန် ရည်သန်သော သီချင်းများကိုသီဆိုခဲ့ကြသည်။

    ငြိမ်းချမ်းရေး၊ ခေတ်မှီဖွံ့ ဖြိုးသောနိုင်ငံတော် တည်ဆောက်ရေးတွင် လူငယ်များတစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ကြရန်ဆော်သြထားပါသည်။

  • အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပွား

    Buddhist templ
    ယမန်နေ့ညက ဘုန်းကြီးကျောင်းတွင်း ဖြစ်ပွားခဲ့သည့် အသေးစား ဗုံးပေါက်ကွဲမှုကို စစ်ဆေးနေသည့် အင်ဒို ရဲ့အရာရှိများ
    PHOTO: Wahyudi Soeriaatmadja

    သြဂုတ်လ- ၅ရက်- ၂၀၁၃
    M-Media

    ယမန်နေ့ညနေပိုင်းက ဂျကာတာအနောက်ဘက်ရှိ ဣိကယန ၀ီဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရပြီး အဆောက်အဦ အစိတ်အပိုင်းအချို့ ပျက်ဆီးခဲ့သည်။ ထိုကျောင်းကို ၁၉၉၅ ၌ အနီးအပါးမှ ဗုဒ္ဓဘာသာကျောင်းသားများအတွက် ရည်စူးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    ဂျကာတာအနောက်ပိုင်း ရဲအကြီးအမှူး ဖာဒီလ်အိမ်ရားန်ကမူ သက်သေခံများ၏ ပြောကြားချက် အရ ကျောင်း အတွင်းမှ ပေါက်ကွဲမှု အသံနှစ်ခုကို ကြားခဲ့ရကြောင်း ပြောပြသည်။

    “သူတို့ကတော့ အဆောက်အဦထဲမှာ ဗုံးကို သီးသန့်ထည့်ထားတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ သတင်းအချက်တွေ စုဆောင်းနေပါတယ်။” လို့ သူက ဂျကာတာပို့စ်သို့ ပြောပြသည်။

    ပထမပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ၉.၁၀ (ညဘက်) တွင်ဖြစ်ပြီး ဒုတိယပေါက်ကွဲမှုမှာ ၁၀.၄၅ (ညဘက်) တွင် ဖြစ်ကြောင်း၊ ည ၁၂ အချိန်ထိ ရဲများက ကျောင်းဝင်းအတွင်း အခြားဗုံးများရှိမရှိစစ်ဆေးခဲ့ကြောင်း၊ ဧပြီလကတည်းက မွတ်စလင် အစွန်းရောက်များက ဗုဒ္ဓဘာသာနှင့် မြန်မာပိုင် ပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အစီအစဉ် ရှိနေခဲ့ကြောင်း၊ ယင်းမှာ မြန်မာပြည်တွင်း ဖြစ်ပျက်နေသည့် လူမျိုးဘာသာရေး အကြမ်းဖက်မှုများ အတွက် လက်တုန့်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အင်ဒိုကမူ ဘာလီ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးကို စစ်ဆင်ရေး တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း ဂျကာတာပို့စ်က တင်ပြသည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုန်းကြီးကျောင်းမှာ ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းများမှ တခုဖြစ်မည်ဟု ယူဆရပါသည်။ ဒဏ်ရာ ရရှိသူ အရေအတွက်ကို ဂျကာတာပိုစ်မှ ၃ ယောက်ဟု ဖော်ပြခဲ့ပြီး စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ် တွင်မူ ဒဏ်ရာရရှိသူ တစ်ဦးဖြစ်ပြီး ပေါက်ကွဲမှုမှာ အသေးစားပေါက်ကွဲမှုတခုဖြစ်ကြောင်း စထရိတ်တိုင်းမ်ရဲ့ ဂျာကာတာအခြေစိုက် သတင်းထောက်ရဲ့ တင်ပြချက်ကို ဖော်ပြထားရှိပါသည်။

  • Condé Nast Traveler မဂ္ဂဇင်း၏ ခင်မင်စရာကောင်းသော မြို့ခံများနေရာ ခရီးသွားချင်ဖွယ် ကမ္ဘာ့ မြို့ ၁၀ မြို့စာရင်း၌ မန္တလေးမြို့က နံပါတ် ၇ ရရှိ

    M-Media
    သြဂုတ်လ ၅ ရက်၊ ၂၀၁၃

    Condé Nast Traveler မဂ္ဂဇင်း၏ စာဖတ်ပရိသတ်က ရွေးချယ်ခဲ့သည့် လည်ပတ်စရာချင်စရာကောင်းမွန်သော ခင်မင်နှစ်လိုဖွယ်မြို့ခံများနေရာ မြို့တော်စာရင်း (Top 10 Friendliest Cities in the world) တွင် မြန်မာနိုင်ငံမှ မန္တလေးမြို့က နံပါတ် ၇ နေရာ ရရှိခဲ့ကြောင်း အေဖက်ပီသတင်းတစ်ရပ်က ဖြော်ပသည်။

     

    မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ -  ဝေစိုင်း)
    မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ – ဝေစိုင်း)

    နံပါတ် ၁ နေရာကိုမူ ဘရာဇီးနိုင်ငံ ကမ်းခြေဆိပ်ကမ်းမြို့ဖြစ်သည့် ဖလိုရီရန်နိုပိုလစ်မြို့က ရရှိခဲ့သည်။ ဘူတန်၊ ဘာလီနှင့် အိုင်ယန်လန်စသည့်နိုင်ငံများမှ မြို့ကြီး မြို့ငယ်များ ပါဝင်ခဲ့ကြသည်။ နယူးယောက်၊ လန်ဒန်နှင့် တိုကျိုစသည့် မြို့ကြီးပြကြီးများမှာမူ ထင်ထားသည့်အတိုင်း စာရင်းဝင် ခဲ့ကြခြင်းမရှိချေ။

    ထိုစာရင်းတွင် နှစ်လိုဖွယ်မကောင်းသည့် ထိပ်ဆုံးမြို့ ၁၀ မြို့ကိုလည်း ရွေးချယ်ခဲ့သည်။ ထိုမြို့များတွင် ထိပ်ဆုံး နံပါတ် ၁ ၌ အမေရိကန် နယူးဂျာစီရှိ နယူးဝါက်မြို့က ဦးဆောင်နေပြီး ပါကစ္စတန်၊ တိုဂိုနှင့် မော်ရိုကိုစသည့်နိုင်ငံများမှ မြို့များ ပါဝင်သည်။

    Condé Nast Traveler မဂ္ဂဇင်းမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေဆိုက် Condé Nast မဂ္ဂဇင်းထုတ်ဝေရေးမှ ထုတ်ဝေသည့် ခရီးသွားလမ်းညွှန် နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ၁၉၈၇ မှ စတင် ထုတ်ဝေခဲ့သည်။

    Condé Nast Traveler က ၄င်းတို့ရွေးချယ်သည့် စာရင်းကို သဘောတူမှု ရှိမရှိ ပရိသတ်အမြင်တောင်းခံထားပါသည်။ (သွားရောက်ကြည့်ရှုရန် လင့် – www.cntraveler.com/vote/readers-choice-survey-2013)

    Condé Nast Traveler ၏ နှစ်လိုဖွယ်အကောင်းဆုံးနှင့် မကောင်းဆုံး မြို့ ၁၀ မြို့စီ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    Friendliest

    1. Florianopolis, Brazil
    2. Thimphu, Bhutan
    3. Queenstown, New Zealand
    4. Charleston, South Carolina
    5. Paro, Bhutan
    6. Margaret River, Australia
    7. Mandalay, Burma
    8. Kilkenny, Ireland
    9. Ubud, Bali, Indonesia
    10. Chiang Mai, Thailand

    Unfriendliest

    1. Newark, New Jersey
    2. Islamabad, Pakistan
    3. Oakland, California
    4. Luanda, Angola
    5. Kuwait City, Kuwait
    6. Lome, Togo
    7. New Haven, Connecticut
    8. Detroit, Michigan
    9. Atlantic City, New Jersey
    10. Tangier, Morocco