News @ M-Media
Blog
  • ရေဘေး သတင်း
    M-Media
    သြဂုတ်လ ၂ ရက်၊ ၂၀၁၃
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေအနေဆိုးရွားလာနေကြောင်း၊ ယခုအခါ လူပေါင်း ၃၇၀၀၀ ထိ ရေးဘေးသင့် ခံနေရပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့ကမူ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ ရေဘေးကြောင့် အနည်းဆုံး လူ တစ်ဦးသေဆုံးပြီးဖြစ်ကြောင်း၊ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း သတင်းများက တင်ပြထားသည်။
    ရေဘေးကြောင့် မြန်မာ-ထိုင်းဘော်ဒါရှိ မြ၀တီမြို့မှာ အဆိုးဝါးဆုံးဖြစ်နေပြီး မြ၀တီနှင့် ကရင်ပြည်အကြားတွင်လည်း ဆိုးဝါးသည့် မြေပြိုမှု များဖြစ်ပေါ်နေသည်ဟု သိရသည်။
    မွန်ပြည်နယ်တွင်မူ ဘီးလင်းမြို့မှာ ရေကြီးမှုအဆိုးဆုံးခံစားနေရသလို လူပေါင်း ၄၀၀၀ ခန့်မှာ အိုးအိမ်မဲ့မည့်အရေး ကြုံကြိုက်နေသည်။
    ရဘေးသင့်ဒေသများသို့ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အောက်ခြေတွင် အစိုးရ အကူအညီမှာ လုံးဝထိရောက်မှုမရှိဘဲ လူသေဆုံးမှုများပါ ရှိလာကြောင်း စုံစမ်းသိရှိရကြောင်း ဧရာဝတီသတင်းဌာနက တင်ပြထားသည်။
    ရေလွှမ်းမိုးမှု အများဆုံးခံရသော ကရင်ပြည်နယ်တွင် ရေနစ်မြုပ်ခံရသော မြို့နယ် မြို့နယ်ခွဲ အုပ်စုပေါင်း ၁၂ ခုရှိရာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်တင်ထားကြောင်း၊ လူသေဆုံးမှုမှာ ကျွဲ နွားပျောက်ရှာရာမှ သေဆုံးခြင်း၊ ကော့ကရိတ်မြို့တွင် ကလေးအချို့ရေကစားရာမှ သေဆုံးခြင်းများ ရှိနေကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာန ကယ်ဆယ်ရေးဋ္ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဧရာဝတီသို့ ပြောပြခဲ့ကြောင်း သိရသည်။
    ထို့ပြင် ဧရာဝတီသတင်းက ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရကြောင်း၊ မြို့ခံ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံရေး လုပ်ငန်းများဆောင်ရွက်နေရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လူသေ အလောင်းတစ်လောင်းပေါ်လာပြီး သေဆုံးသူမှာ အသက် ၃၂ အရွယ် စိတ်မနှံ့သူ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးမင်းက ပြောပြခဲ့ကြောင်း တင်ပြထားသည်။
    မိုးလေ၀သနှင့်ဇလဗေဒမှ ဒါရိုက်တာ ချစ်ကျော်က လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဦးမည်ဖြစ် ၍ ရေကြီးမှုပမာဏလည်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
  • “ကျောက်စာဆိုတာ လက်ညိုးကို တံတွေးဆွတ်ပြီး ဖျက်ပြစ်လို့ ရတဲ့အရာ မဟုတ်ဘူး”
    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    ရေးသူ- ဗေဒါလမ်း
    8888 collages
    တပါတီ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ. မ-ဆ-လ ပါတီကို နိဂုံးချုပ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်ကို တာဝန်ယူ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော မန္တလေးမြို.က အစ္စလာမ် ဘာသာဝင်တွေရဲ. သမိုင်းဝင် တိုက်ပွဲပုံများပါ။ မြန်မာနိုင်ငံမှာ မြန်မာမွတ်စလင်တွေဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အဆက်ဆက်တွင် သာမက ၊ တပါတီ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာပါ ရှေ.တန်းမှ ပါဝင်ခဲ့ကြတာဟာဖြင့် သမိုင်းမှာ မော်ကွန်းထိုးလောက်တဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်များဖြစ်ခဲ့ပါတယ်။
    ဒါပေမဲ့အခုအချိန်မှာ ပုဂ္ဂိုလ် အချို.ဟာ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ အတွင်းတွင်လည်း ဘယ်အခန်းကဏ္ဍမှ မပါ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်စေခဲ့သော ပခုက္ကူတွင် သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်သော ကိစ္စနှင့် လက်ပန်းတောင်းတောင် သပိတ် အတွင်း သံဃာတော်များအား မီးလောင်ဗုံးများ သုံးကာ ဖြိုခွဲခဲ့သော ကိစ္စများတွင် ဘယ်သွား အိပ်ပျော်နေမှန်း မသိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သော သူများက ယခုအချိန်ကျမှ အိပ်ယာမှ နိုးလာကာ ကယောင်ကတန်းဖြင့် ဘာအရေး.. ညာအရေးဆိုပြီး .. ညာသံပေးနေကြသည်များကို ကြားရမြင်ရသည်မှာ မသတီစရာပင် ကောင်းတော့သည်…….
    ဓါတ်ပုံများ ကြည့်လိုလျှင်=> Click Here
  • ဥရုဂွေး ပါလီမန်မှ ဆေးခြောက် တရားဝင် ထုတ်လုပ်ခွင့် နှင့် ရောင်းဝယ် ဖောက်ကားခွင့် ဥပဒေ အတည်ပြု
    သြဂုတ်-၁ ၊၂၀၁၃
    M-Media
     uruguay
    ဆေးခြောက် ထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းအား တရားဝင် လုပ်ဆောင်ခွင့် ဆိုသော  အစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ ဥပဒေအဆို တင်သွင်းချက်အား ဥရုဂွေး ပါလီမန်မှ အတည်ပြုလိုက်သည် ဟု သိရသည်။
    ဗုဒ္ဓဟူးနေ့က အဆိုပါတင်သွင်းချက်ကို အတည်ပြုခဲ့ပြီး၊ ၁၄ နာရီကြာ အခြေတင် ဆွေးနွေးမှု အပြီးတွင် မဲပေးသူ ဥပဒေပြု လွှတ်တော် အမတ် ၉၆ ဦးအနက် ၅၀ ဖြင့် အနိုင်ရခဲ့သည်။
    ဆီးနိတ်လွှတ်တော်မှ ထိုတင်သွင်းချက်အား အပြီးသတ် လုပ်ဆောင်ခွင့် ပေးအပ်ရန် လိုနေသေး ကြောင်း သိရသည်။
    “ဥပဒေအသစ်သည် လူများအား ထိုအရာအား ပိုမိုသုံးစွဲရန် တိုက်တွန်းခြင်း မဟုတ်ပါဘူး” ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Sebastian Sabini က ထို မဲခွဲဆုံးဖြတ်မှု အစတွင် ပြောကြားခဲ့သည်။ “အခုလည်း အသုံးပြုနေတာပါပဲ” ဟု သူက တန်ပြန် ခုခံပြောဆိုခဲ့သည်။
    အဆိုပါ ဥပဒေအား ထောက်ခံသူများက ပြောကြားသည်မှာ တောင်အမေရိကတိုက်တွင် ရှိသည့် ဥရုဂွေးနိုင်ငံတွင် နေထိုင်သော ၃.၄ သန်းရှိ ပြည်သူများအတွင်း လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်ကာ ထို ဆေးခြောက်သုံးစွဲမှုမှာ ၂ ဆ တိုးပွားလာခဲ့ကြောင်း၊ အဆိုပါ ဥပဒေ အဆိုပြုချက် အား ကန့်ကွက်ခဲ့သော ပြည်သူ့ပါတီမှ Gerardo Amarilla က ဤ ဥပဒေ အတည်ပြုခြင်းနှင့်  ပတ်သက်၍ သတိပေးခဲ့ပြီး၊ ၄င်း အစီအစဉ်သည် “မီးနှင့်ကစား နေခြင်း” နှင့် တူသည် ဟု ဆိုခဲ့သည်။
    မကြာသေးမီက ရရှိခဲ့သော စစ်တမ်းများ အရ ဥရုဂွေး ပြည်သူများ၏ ၆၃ ရာခိုင်နှုန်းမှာ အစိုးရ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။
    DB/HSN
  • “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” ကမ်ပိန်း ဗန်းမော်တွင်ပြုလုပ်
    သြဂုတ်လ ၁၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    11
    ဗန်းမော်။         ။    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သြဂုတ်လ ၁ရက်နေ့က ” ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတမ်းပါ တီရှပ်များ၊ အပြာရောင် အောက်ခံ စတေကာများကို မင်းကုန်းရပ်၊ အလယ်ရပ်၊ မြို့မရပ်၊ အဝေးပြေးကားလမ်း၊ အမှတ်(၁)ဈေး၊ အမှတ်(၂)ဈေး၊ သဘောင်္ဆိပ် စသည့် လူစည်းကားရာ နေရာများတွင် ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသော လူငယ်များက  နံနက် (၈း၃၀)နာရီတွင် စတင် ဝေဌခဲ့ကြကြောင်း သတင်းရရှိသည်။
    ”  မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု ပေါ်ပေါက်စေရန် သွေးထိုး လှုံဆော်မှု ဆောင်ရွက်သူ မည်သူ့ကို မဆို လုံးဝ သည်းခံ ခွင့်လွှတ်မည် မဟုတ်” ဆိုပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဗြိတိန် ခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒါကို နိုင်ငံတော် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ ကျွန်တော်တို့ ဗန်းမော်မြို့မှာ သမ္မတ ရဲ့ ပြောဆိုချက်ကို ကြိုဆို ထောက်ခံတဲ့အနေနဲ့ NLD ၊ စိမ်းရောင်စို Activities ၊ ပန်းပျိုးလက် ကွန်ရက်၊ အစ္စလာမ့်တံခွန် လူမှုကူညီရေး၊ ကမ္ဘာမြေ ချစ်သူ စတဲ့ အဖွဲ့တွေက အဝေးပြေး ကားဝင်းတွေ၊ ကားတွေ၊ မြို့တွင်း ကားတွေ၊ ခရီးဝေး ကားတွေ၊ သုံးဘီးမောင်းတဲ့သူတွေ၊ ဆိုင်ကယ်သမားတွေကို အဓိကထား ဝေပြီးတော့ အင်္ကျီကို ချက်ခြင်း ၀တ်ခိုင်းပါတယ်။ တွေ့သမျှ အရပ်သား ကားတွေ၊ သုံးဘီး ဆိုင်ကယ်နဲ့ စတိုးဆိုင်၊ စားသောက်ဆိုင်တွေကို ခွင့်တောင်းပြီး ကပ်ပေးပါတယ်။ သူတို့ ဆန္ဒမရှိရင် မကပ်ပေးပါဘူး။ ဒါပေမယ့် လူတိုင်းလိုလိုက လိုလိုလားလား ရှိကြပါတယ်။ ကျွန်တော်တို့က ခုလောက်လေး လုပ်နိုင်တာကို အားမရ သေးပါဘူး။  ဒီထက် ကျယ်ကျယ်ပြန့်ပြန့် မြို့ပေါ်တင်မဟုတ်ဘဲ အစွန်အဖျားကျေးရွာ ဒေသတွေ အထိ လုပ်ဆောင်ချင်ပေ့မယ်လည်း ငွေကြေး အခက်အခဲကြောင့် ခုတော့ မလုပ်နိုင်သေးပါဘူး။
    ခုက ငြိမ်းချမ်းရေး လိုလားတဲ့ ဘာသာပေါင်းစုံက လူငယ် (၂၅)ယောက်ခန့်က တက်ကြွစွာ လုပ်ခဲ့ကြတာပါ။ သမ္မတနဲ့ နိုင်ငံတော် အဆင့်က ပြောနေသလို အောက်ခြေ အာဏာပိုင် အဆင့်နဲ့ ၀န်ထမ်းများကပါ ကူညီပံ့ပိုး လုပ်ဆောင်ပေးမယ် ဆိုရင် ပိုပြိး ထိရောက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု လှုပ်ရှားမှုကို ဦးဆောင်သူ ကိုငြိမ်းချမ်းအေး (ငြိမ်းစေတနာ လူမှု ကူညီရေး အကျိုးဆောင် အဖွဲ့) မှ M-Media သို့ပြောသည်။
    ”  အရင်က ပဋိပက္ခ မဖြစ်ရေးကို ကိုယ့်အသိနဲ့ ကိုယ်လုပ်ခဲ့ကြတယ်။ အခုဆိုရင် သမ္မတ ကပါ နိုးကြားတက်ကြွစွာ အားတက်သရော ပြောလာပြီ ဆိုတော့ ကျွန်တော်တို့တွေ လုပ်ရ ကိုင်ရတာ ပိုပြီး အားရှိသွားပါတယ် ” ဟု၎င်းက ဆက်၍ M-Media သို့ပြောကြားသည်။
    ဆက်လက်၍ တိုင်းဒေသကြီး အလိုက် ဖွဲ့စည်းလျက်ရှိသော ” ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ကိုလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်လည်း ဖွဲ့စည်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ ထိုလှုပ်ရှားမှုသည် နေ့လည် (၁၂)နာရီချိန်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
    ဓါတ်ပုံများ ကြည့်ရှုလိုလျှင် Click Here
  • “အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံ သမိုင်းနှင့်ရှေးဟောင်းစေတီ ပုထိုးများပျောက်ကွယ် သွားရခြင်း အကြောင်း”
    သြဂုတ်-၁၊ ၂၀၁၃
    ရေးသူ- အတီး (ဝါးလုံးရှည်)
    “အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံသမိုင်းနှင့် ရှေးဟောင်းစေတီပုထိုးများ ပျောက်ကွယ်သွားရခြင်း အကြောင်း”
    1014205_494145244003961_1912705607_n
    ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေ ပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။
    ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သော အရပ်ဒေသသည် ခိုင်မာသော သမိုင်းကြောင်းများအရ အေဒီ ၆ ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။
    အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီးဖြစ်သည့်ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ ပို့စ် တွင် ထိုခေတ်မြေပုံနှင့်တကွသွားရောက် ဖတ်ရှူနိုင်ပါသည်။
    http://www.ateewarloneshay.com/2013/02/blog-post_2858.html
    ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေး အာဏာကို မြန်မာ မင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။
    ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
    ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။ ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာ ယခု မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိရေကန်ကြီးမှာ ထို အင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။
    ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တော်ကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှော်ကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။
    ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက် ခဲ့ကြလေသည်။ ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။
    မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။
    “ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခှောများကြသည်။”
    “ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ ခြင်္သေရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။”
    “ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။ ၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတော်ကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ ”
    “ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီး ဦးရွှန်း နေသည်။ ကျောင်းတော်တိုက် ခေါ်သည်။ “၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။”
    မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ
    ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း သိသာထင်ရှားပါလေသည်။ ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။
    ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ကျွန်တော် ဟိုတလောက ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ”သိမ်ကြီးဈေး” မရှိစဉ်က အဲဒီနေရာမှာ ”ကျိုက်မြတ်သံချို”ဆိုတဲ့စေတီတော်ကြီး ရှိပြီး မွတ် စလင်တွေက ဈေးဆောက်ဖို့ တောင်းလို့ ပဲ ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ အမှတ် အမှား နိုင်ရန် အတွက် သမိုင်း အမှန်ကို ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။
    မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီး ခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထို အရင် က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလဲ အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီး ခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် “စူရတီဘရားဘဇားရ် ကုမ္ပဏီ
    လီမိတက်”မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သိမ်ကြီးဈေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကို ချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။
    အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက်http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false
    ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီးဈေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီး အား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင် ဤသို့ ဖော်ပြထားခြင်းဖြစ်ပေသည်။
    A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a “Mogul Mosque” was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the “Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the “Thaingee” on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the “Foken Chinese temple”on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between “Mg Taw Lay” and 31st Streets.
    ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းများ၊ ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့ အား အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။
    ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။
    ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။
    ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
    ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိသရက်တော ကျောင်းတိုက်များ) တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား ဆက်လက် ဖြိုဖျက်ရန် ကြိုးပမ်းကြ၏။
    သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်းဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။
    တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။
    ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာ အား လှူဒါန်းပေးသနားတော်မူခဲ့လေသည်။ တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ ပိန္နဲကုန်း ရခိုင် ဂျာမေ ဗလီ တို့ဖြစ်ကြသည်။၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရပြီး ဘီအေအေကွင်း(ယခု အောင်ဆန်းကွင်းဘေး)တွင် နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော အမည်တွင် ခဲ့ခြင်းဖြစ်လေသည်။
    ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။
    အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့ဖူးလေသည်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား “Rangoon “မှ ” Yangon”သို့ ပြောင်းလဲ သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။
    နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူဖျက်ဆီးသွားကြသည်သာဖြစ်သည်။အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်တစ်ရာကျော် အုပ်ချုပ်သွားသလို ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း အင်အားကောင်းစဉ် အချိန်က အိမ်နီးချင်း အယု ဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့် သမိုင်းလည်း ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင်ဖြစ်သည်
    နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်
    နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။
    သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။
    သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာဖြစ်ပါတော့သည်။
    အတီး(ဝါးလုံးရှည်)
    ကိုးကား
    -Journal of the Burma Research Society (JBRS)http://igpweb.igpublish.com/igp/journal-of-the-burma-research-society-jbrs-ejournal
    – B.R. PEARN ရေးသားသည့် History of Rangoon
    -Megacity Yangon: Transformation Processes and Modern Developments
    http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false