News @ M-Media

Blog

  • သစ္စာကွန်ရက် ဒုတိယအကြိမ် စုပေါင်းဝါဖြေပွဲနှင့် မိတ်ဆုံအခမ်းအနား ကျင်းပ

    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    2
    ရန်ကုန် ။ ။ သစ္စာကွန်ရက် လူမှုအကျိုးပြုလုပ်ငန်း၏ ဒုတိယအကြိမ် စုပေါင်းဝါဖြေပွဲနှင့် မိတ်ဆုံအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေအိမ်တော်ခန်းမ၌ ယနေ့ ညနေ ၅-နာရီမှ ၇း၁၅-နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။

    သစ္စာကွန်ရက် စုပေါင်းဝါဖြေပွဲသို့ ဘာသာပေါင်းစုံမှ လူမှုရေးအဖွဲ့များ၊ NLD အဖွဲ့ဝင်များ၊ လူမှုကွန်ရက် များမှ ညီနောင်များ စုစုပေါင်း ၁၅၀-ခန့် တက်ရောက်ခဲ့ကြသည်။

    အဆိုပါ အခမ်းအနားတွင် သစ္စာကွန်ရက်၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းသူမှ သစ္စာကွန်ရက်၏ လုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းပြောပြခဲ့သည်။ ယင်းနောက် အစ္စလာမ်သာသနာဝင်တို့၏ ၀ါတွင်းကာလနှင့် ဥပုသ်သီလအကြောင်းကို ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ)မှ ရှင်းလင်းတင်ပြခဲ့ပြီး မြောက်ဥက္ကာပမြို့နယ် တို့အမွေ ပရဟိတအဖွဲ့မှကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ သစ္စာကွန်ရက်၏ လုပ်ငန်းစဉ်များ၊ အစ္စလာမ်သာသနာနှင့်ပတ်သက်သည့် အကြောင်းအရာများထဲမှ သိလိုသည်များကို မေးမြန်းကြရာ ဆရာအုမရ်မြင့်နိုင်(ယင်းတော်)မှ ဖြေကြားပေးခဲ့ပြီး ညနေ ၆း၄၅-နာရီတွင် တက်ရောက်လာသူအားလုံး အတူတကွ မိတ်ဆုံစားရင်း ၇း၁၅-နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

    သစ္စာကွန်ရက်သည် လူမျိုးဘာသာမခွဲခြား လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်းသိရသည်။

    ဓါတ်ပုံများ ဆက်လက်ကြည့်ရှုလိုလျှင် Click Here

    1

  • ၂၇-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ၂၇-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ဇူလိုင်-၂၇-၂၀၁၃
    M-Media

    အီဂျစ် ပဋိပက္ခ၊ အီဂျစ်ဆန္ဒပြမှုများတွင် ပစ်ခတ်မှုများကြောင့်သေဆုံးမှုများရှိလာ

    ရာထူးက ဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတ မိုဟာမဒ် မော်စီကို ထောက်ခံတဲ့ အီဂျစ်က ဆန္ဒပြမှုတွေမှာ ဒါဇင်နဲ့ချီတဲ့လူတွေအသတ်ခံရတယ်လို့ဆိုပါတယ်။ ရဗ်ဗာ အယ်လ်အဒါဝီရာ ဗလီအနီးမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပြီး လမ်းပေါ်မှာ သွေးတွေရှိနေတုန်းပဲလို့ အီဂျစ်မှာ သတင်းယူနေတဲ့ Quentin Sommerville ကပြောပါတယ်။ ဆန္ဒပြတဲ့အနီးအနားက ဆေးရုံကဆရာဝန်တစ်ဦးကတော့ သေဆုံးမှုတွေအပြင် လူတစ်ထောင်ကျော် ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။
    _________________________________
    ရမဿွာန် ၀ါဖြေပွဲအား အိုဘာမားမှ ဦးစီးကျင်းပပြီး အမေရိကန် မွတ်စ်လင်မ်များကို အလေးပြု

    အမေရိကန်နိုင်ငံတည်ထောင်ရာ၌ စွန့်ဦးလုပ်ငန်းရှင်များ၊ နည်းပညာ ဆန်းသစ်သူများ၊ ဆေးပညာရပ်ဆိုင်ရာ ဦးဆောင်တီထွင်သူများအဖြစ် ပါဝင်ပေးဆပ်ခဲ့ကြသည့် အမေရိကန်မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအား သမ္မတဘားရက်ခ်အိုဘားမား (Barack Obama) သည် ကြာသာပတေးနေ့က ကျေးဇူးတင်စွာ အလေးပြုခဲ့ပါသည်။ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစ္စလာမ့်ဥပုသ်လ ရမဿွာန်အား ဂုဏ်ပြုသည့်ညစာစားပွဲ၌ အိုဘားမားက ၄င်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နေ၀င်ချိန်အပြီးတွင် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများ နှင့် မိသားစုဝင်များသည် စားသောက်ပွဲ(သို့) ၀ါဖြေပွဲကို အတူတကွ စားသောက်ပါဝင်ခဲ့ကြသည်။

    ရမဿွာန် ၀ါဖြေပွဲအား အိုဘာမားမှ ဦးစီးကျင်းပပြီး အမေရိကန် မွတ်စ်လင်မ်များကို အလေးပြု


    _________________________________
    မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် အကြိမ် (၆ဝ) မြောက် တောင်-မြောက် ကိုရီးယား စစ်ပွဲ ပြေငြိမ်းရေး နှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားပြုလုပ်

    ကျကျနနချီတက်လာတဲ့စစ်သားတွေ၊ တန်းစီနေတဲ့တင့်ကားတွေ၊ ရွှေ့ပြောင်းနိုင်တဲ့ ဒုံးလက်နက်တွေဝန်းရံထားပြီး မြို့တော်ပြုံယမ်းရဲ့ အချက်အချာကျတဲ့ ရင်ပြင်မှာ ကိုရီးယားစစ်ပွဲ ရပ်စဲတဲ့ အကြိမ် (၆ဝ) မြောက်နှစ်ပတ်လည်နေ့အဖြစ် စစ်ရေးပြအခမ်းအနားကျင်းပခဲ့တာပါ။ မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန် က စင်မြင့်ကနေတပ်ဖွဲ့ကိုအလေးပြုခဲ့ပါတယ်။ ဒီအခမ်းအနားမျိုးတွေဟာ ကမ္ဘာက မြောက်ကိုရီးယားရဲ့ စစ်လက်နက်အခြေအနေကို တွေ့မြင်ရတဲ့ ရှားပါးထူးခြားတဲ့ အခမ်းအနားမျိုးတွေဖြစ်ပေမယ့် ခုတစ်ခေါက်မှာတော့ တစ်စုံတစ်ရာ လက်နက်အသစ်တွေကို မတွေ့ရဘူးလို့ သိရပါတယ်။
    _________________________________
    ရှရှားမှာနေခွင့်ရတာ ပိုကောင်းတယ်ဟု စနိုးဒန်းဖခင်ပြောကြား

    အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီရဲ့ သတင်းအချက်အလက်တွေကို ဖွင့်ချခဲ့တဲ့ အက်ဒ်ဝဒ် စနိုးဒန်း ရဲ့ ဖခင်ဖြစ်သူ လန် စနိုးဒန်းက အိုဘားမား အစိုးရနဲ့ ကွန်ဂရက်မန်ဘာတွေက မကောင်းပြောနေပေမယ့် သူ့သားက ရှရှားမှာ နေရတာပိုကောင်းနေပြီဖြစ်ကြောင်းပြောဆိုပါတယ်။ ဖခင် စနိုဒန်းဟာ အမေရိကန် တရားရုံးမှာ တရားမျှတဲ့ စီရင်ချက်ရဖို့ နောက်ကွယ်ကနေ ရှေ့နေတွေနဲ့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
    _________________________________
    စပိန်ရထားလမ်း ချော်မှု အရှိန်ထိန်းမောင်းနှင့်သူ၏ ပေါ့လျော့မှုဖြစ်နိုင်ဟုဆို

    စပိန်တရားရေးဝန်ကြီး ဖြစ်သူ ဂျော့ဂ်ျ ဖာနန်ဒက်ဇ် က လူ (၈ဝ) ခန့်သေဆုံးခဲ့ရသည့် ရထားလမ်းချော်ရခြင်းအကြောင်းအရင်းမှာ ရထားအရှိန်ထိန်းမောင်းနှင်သူ၏ ပေါ့ဆမှုကြောင့်ဖြစ်နိုင်ကြောင်းဆိုသည်။ ယခုအခါ အသက် ၅၂ အရွယ်ရှိတဲ့ ရထားမောင်းနှင်သူ ဂါဇွန်ကို ဆေးရုံမှဆင်းပြီး ရဲဌာနသို့ ခေါ်ဆောင်သွားပြီးဖြစ်ကြောင်းသိရသည်။
    _________________________________
    မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော

    မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

    မွတ်စ်လင်မ် အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာ ညွှန်ကြားချက်မှာ မေတ္တာ ရပ်ခံချက်သာဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရပြော

  • ၂၇-၇-၂၀၁၃ အားကစား သတင်းများ

    ဇူလိုင်-၂၇-၂၀၁၃
    M-Media

    Luiz
    ဒေးဗစ်လူးဝစ်အားခေါ်ယူရန် ဘာကာစီစဉ်

    စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ချယ်ဆီးအသင်း၏ နောက်ခံလူ ဒေးဗစ်လူးဝစ်အား ပေါင် ၂၉ သန်းဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။
    ………………………………………………………………
    မန်ယူအသင်း၌ပင် ကစားချင်သည်ဟု တောင်ပံကစားသမားသစ် ဇာဟာဆို

    သောကြာနေ့က ကစားခဲ့ပြီး ဂျပန်ကလပ် ဆီရီဇို အိုဆာကာနှင့် ၂ ဂိုးဆီ သရေကျသည့် ပွဲတွင် အသင်းအတွက် သူ၏ ပထမဆုံးဂိုးသွင်းယူပေးခဲ့သူ ၀ိုင်းဖရိုင်းဇာဟာက ၎င်းအနေဖြင့် မန်ယူတွင်သာ ကစားလိုပြီး အခြားအသင်းများသို့ အငှားဖြင့်သွားရောက်မကစားလိုဟု
    ထုတ်ဖော်ပြောဆိုလိုက်သည်။ ဇာဟာမှာ ယခုနှစ် ဇန်န၀ါရီလတွင်မှ မန်ယူအသင်းသို့ရောက်ရှိလာခဲ့သူဖြစ်သည်။
    ………………………………………………………………
    စပိန်ကလပ်များသို့ ပြောင်းရွှေ့မည့်သတင်းအား ကာဇိုလာငြင်းဆို

    လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေမှုများအား အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ ဆန်တီကာဇိုလာက ငြင်းဆိုလိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်ကမှ မာလာဂါအသင်းမှ အာဆင်နယ် အသင်းသို့ရောက်ရှိလာသည့် ကာဇိုလာက အက်သလက်တီကိုသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သို့ရာတွင် ၎င်းအနေဖြင့် လန်ဒန်၌ပင် ပျော်ရွှင်နေကြောင်း ပြောဆိုခဲ့သည်။
    ………………………………………………………………
    ကိုယ်ပိုင်ပုံစံဖြင့် အသင်းအားကိုင်တွယ်သွားမည်ဟု မာတီနိုဆို

    ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်သူ ဂျရာဒို မာတီနိုက သူ၏ကိုယ်ပိုင် တိုက်စစ်အားပြုသည့် ပုံစံဖြင့်အသင်းအား ကိုင်တွယ်သွားမည်ဟု ပြောကြားခဲ့သည်။ ကစားသမားများ သက်တောင့်သက်သာ ဖြစ်စေမည့် ၎င်း၏ကိုယ်ပိုင်နည်းစနစ်များကို ရှာဖွေသွားမည်ဖြစ်ပြီး ဘာစီလိုနာအသင်းအား ပြီးပြည့်စုံအောင် ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။
    ………………………………………………………………
    အသင်းအားရောင်းမည်ဆိုခြင်းအား လီဗာပူးလ်အသင်းငြင်းဆို

    အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် Fenway Sports Group မှ ပိုင်ဆိုင်သော လီဗာပူးလ်အသင်းအား ရောင်းချတော့မည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်။ ထိုကိစ္စနှင့်ပက်သက်၍ Fenway Sports Group ကုမ္ပဏီကရှင်းရှင်းလင်းလင်းပြောဆိုထားကြောင်း၊ လီဗာပူးလ်အသင်းမှာ ရောင်းချရန်အတွက်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
    ………………………………………………………………
    ဂါရက်ဘေးလ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေသည်ဟု တော့တင်ဟမ် နည်းပြဆို

    ရီးရဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ပေါ်နေသူ တိုက်စစ်မှူး ဂါရက်ဘေးလ်အား ဆက်လက်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးနေသည်ဟု အသင်းနည်းပြ အန်ဒရီ ဗီလာ ဘိုအာစ်က ပြောဆိုလိုက်သည်။
    ………………………………………………………………
    ဖာဘရီဂတ်စ်က မန်ယူအား အထောက်အကူဖြစ်စေလိ့မ်မည်ဟု စခိုလ်းဆို

    ဖာဘရီဂတ်စ်ရောက်ရှိပါက မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်စိုးမိုးရေးကြိုးပမ်းရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟု မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က ပြောဆိုလိုက်သည်။ ဖာဘရီဂတ်စ်ကဲ့သို့ အရည်ချင်းရှိကစားသမားတစ်ဦးအား ခေါ်ယူနိုင်မည်ဆိုပါက အလွန် ကောင်းမွန်ကြောင်းပြောကြားခဲ့ပြီး ၀ိန်းရူနီအနေဖြင့်လည်း မန်ယူတွင်သာ ဆက်လက်ရှိနေရန် တိုက်တွန်းခဲ့သည်။
    ………………………………………………………………
    အိုက်ဗရီကို့စ်တိုက်စစ်မှူး ယန်နစ် ဆာ့ဂ်ဘို အား ဟာလ်းစီးတီးခေါ်ယူ

    ပြင်သစ်လိဂ်ဝမ်း Evian အသင်းတွင်ကစားနေသည့် အိုက်ဗရီကို့စ်တိုက်စစ်မှူး ယန်နစ် ဆာ့ဂ်ဘိုအား ဟာလ်းစီးတီးအသင်းမှ ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်သည်ဟု သိရသည်။ ဟာလ်းစီးတီးအသင်းတွင် ကစားခွင့်ရခြင်းကိုပျော်ရွှင်မိကြောင်း၊ အသင်းသို့ရောက်ရှိအောင် ကူညီပေးကြသူများကို ကျေးဇူးအထူးတင်ကြောင်း ဆာ့ဂ်ဘိုက ပြောကြားခဲ့သည်။
    ………………………………………………………………
    Sainsbury’s Anniversary Games အပြေးပြိုင်ပွဲတွင် အူစီန်ဘော့အနိုင်ရရှိ

    လန်ဒန်မြို့ အိုလံပစ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် Sainsbury’s Anniversary Games မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဂျမေကာနိုင်ငံသား အူစိန်ဘော့က အနိုင်ရဗိုလ်စွဲသွားသည်။ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးဆု ဆွတ်ခူးရရှိခဲ့သည့် အူစိန်ဘော့မှာ ဒုတိယနေရာမှ အမေရိကန်အပြေးသများ မိုက်ရော်ဂျာထက် သုည ဒဿမ ၁၃ စက္ကန့်အသာ ၉ ဒဿမ ၈၅ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

  • ကမ္ဘာပေါ်ရှိ သဘာဝကပ်ဘေး အဆိုးရွားဆုံးခံရမည့် နိုင်ငံများတွင် မြန်မာ နံပါတ် ၄ ဖြစ်

    ဇူလိုင်- ၂၇၊၂၀၁၃
    M-Media
    ညီညီတာ (EnvZone)

    640_Climate-Change-Vulnerability-Index_2013

    ကမ္ဘာပေါ်တွင် ကျရောက်နိုင်သည့် အန္တရာယ်များကို လေ့လာသည့် Maplecroft  အဖွဲ့ ၏ ၂၀၁၃ ခုနှစ် လေ့လာတွေ့ ရှိ ချက်အရ မြန်မာနိုင်ငံသည် အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခ ရင်ဆိုင်နိုင်ရသည့် ၁၀ နိုင်ငံအနက် နံပါတ် ၄ အဆင့်တွင်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံအခြေအနေမှာ High ထက်ပင်ကျော်လွန်ပြီး Extreme အခြေအနေတွင်ရှိနေသည်။

    အပူချိန်မြင့်တက်လာခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ ကြောင့် အန္တရာယ်များကြုံတွေ့ ရမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်ကဆို သည်။

    မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများတွင် စီးပွားရေးတိုးတက်လာသည်ဟု ခန့် မှန်းထားသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ ဆိုးဆိုးရွားရွားဖြစ်နိုင်သဖြင့် ရာသီဥတုပြောင်းလဲလာခြင်းကို လျော့ပေါ့မထားသင့်ကြောင်းလည်း အကြံပြုထားသည်။

    ၂၀၀၉ -၂၀၁၀ အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဖော်ပြထားခြင်းမရှိပဲ ၂၀၁၃ မှ ဖော်ပြထားခြင်းသည် မြန်မာပြည် သူများအတွက် သတိပြုမိစရာတခုဖြစ်ပြီး၊ ဤသတိပေးချက်ကို အစိုးရနှင့် လူထုအခြေပြုအဖွဲ့ အစည်း များအနေ ဖြင့်  အချိန်မနှောင်းခင် ထိထိမိမိ ကိုင်တွယ်ရန်လိုအပ်ပေသည်။ လက်ရှိကာလတွင် မြန်မာအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ကိစ္စများကို အပေါ်ယံသာ ပြောဆိုလျက် ရှိပြီး စီးပွားရေးကိုသာ အာရုံစိုက်နေသဖြင့် ဤမျှ အန္တရာယ်ကြီးသော သဘာဝပတ်ဝန်းကျင်ပြသနာကို လျစ်လျူရှုလျက်ရှိကြောင်း အမည်မဖော်လိုသည့် ၀န်ကြီးဌာန ၀န်ထမ်းတစ်ဦးကဆိုသည်။

    သမ္မတအကြံပေးများအပါအ၀င် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်လုပ်ကိုင်နေသူများပင်လျှင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများကို နားလည်ခြင်းမရှိကြောင်းနှင့် စိတ်ဝင်စားမှုရှိဟန် မတူကြောင်း၊ ကမ္ဘာ လုံးချည်ပြောင်းလဲလာနေသည့် ရာသီဥတုသည် ကမ္ဘာ့အပူချိန်ကို မြင့်မားလာစေသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်လာနိုင်ရာ မြန်မာနိုင်ငံကဲ့သို့  ကမ်းရိုးတမ်းလည်း ရှည်လျားသည့် တိုင်းပြည်နှင့် စီးပွားရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်လာ နိုင်သည်ကိုလည်း အမှန်တကယ် သတိပြုမိဟန်မတူ ကြောင်းဆိုသည်။

     

    30759_CCVI_2013_Poster

    Maplecroft အစီရင်ခံစာကဲ့သို့ ပင် အမေရိကန် အခြေစိုက် Center for Global Development အစီရင်ခံစာတခု တွင်လည်း ရာသီဥ တုပြောင်းလဲမှုကြောင့် လူဦးရေအများဆုံး ထိခိုက်ခံစားရမည့် နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံသည် နံပါတ် ၁၃ နေရာတွင်ရှိကြောင်း ဆိုသည်။

    အာရှဖွံ့ ဖြိုးရေးဘဏ်၏ ၂၀၁၂ ရာသီဥတုပြောင်းလဲခြင်း အစီရင်ခံစာတခုတွင်လည်း ပင်လယ်ရေမျက်နှာပြင် ၅ မီတာထိတက်လာပါက တနိုင်ငံလုံးမှ  လူ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ပိတ်ဆို့ ခံထားရသဖြင့် ပြုပြင်စရာပေါင်းများစွာရှိနေရာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ကာကွယ်ရန်ပြင်ဆင်ထားခြင်း (preventive measures)၊ ကပ်ဘေးများ ကျရောက်ပြီးပါက ကိုင် တွယ်ဖြေရှင်းရေးဆိုင်ရာ (mitigation mechanisms)၊ နှင့် ရာသီဥတုပြောင်းလဲမှုအလိုက် ပြုပြင်ပြောင်းလဲနေထိုင်ခြင်း (adaptation) အတွက် ဘာမှ မရှိသလောက်ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်လျစ်လျူရှုနေပါက ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းမှ ပြည်သူများအပါအ၀င် risk zones အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ ဒုက္ခရောက်နိုင်ကြောင်း အထက်ပါ ၀န်ထမ်းက M-Media သို့ ပြောကြားခဲ့ပါသည်။

    ကမ္ဘာ့နိုင်ငံအများစုတွင် သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံစားရသူအများစုမှာ ဆင်းရဲသားများဖြစ်ပြီး၊ မြန်မာပြည် တွင်လည်း ထို risk zones များတွင် နေထိုင်သူများမှာ တောင်သူလယ်သမားများ၊ ရေလုပ်သားများနှင့် ဆင်းရဲ သားပြည်သူများဖြစ်ရာ ထိုသူများမှာ သဘာဝဘေး အန္တရာယ်ကို အများဆုံးရင်ဆိုင်နိုင်ရကြောင်း သိရသည်။

  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    PfM
    ရန်ကုန် ။           ။         ၂၀၁၃-ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီး စုပေါင်းကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယခု ဇူလိုင်လ ၂၉-ရက်နေ့ မနက်(၉း၃၀)နာရီမှ နေ့လည်(၃)နာရီအထိ ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

    ၂၀၁၃-ခု စက်တင်ဘာ (၂၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို အရပ်ဖက်လူမှုအဖွဲ့အစည်း အသီးသီး၏ စုပေါင်းအင်အားဖြင့် ကျင်းပပြုလုပ်ရန် တိုင်ပင်ဆွေးနွေးလိုသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်(၂)ဦးစီ တက်ရောက်ပေးပါရန် Pray for Myanmar လူငယ်များမှ ဖိတ်ကြားကြောင်း သိရသည်။

    တက်ရောက်လိုသည့် အဖွဲ့များနေဖြင့် ဇူလိုင်လ ၂၈-ရက် ညနေ (၅)နာရီနောက်ဆုံးထား၍
    ဒေါက်တာကျော်သူ-092043709, ကိုနိုင်ဦး – 0943098291, ကိုသက်ဆွေဝင်း – 09420029616, ကိုသန့်စင်ထွေး 095154831, ကိုအောင်နိုင်စိုး – 0931429763, ကိုဇော်မင်းလတ် – 095500787 တို့ထံ ဆက်သွယ်အတည်ပြုပေးနိုင်ကြောင်းလည်း သိရသည်။

    “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ပွဲတော်အတွက် အခုလို ဆွေးနွေးပွဲလေး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကျွန်တော်တို့ ကြိုဆိုတယ်၊ ဂုဏ်ပြုတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ငြိမ်းချမ်းချင်တယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါကြောင့် ငြိမ်းချမ်းမယ့် နည်းလမ်းတွေကို ကျွန်တော်တို့တွေ အတူပူးပေါင်း ဆွေးနွေးလုပ်ဆောင်ကြမယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ဒါကြောင့် အခြားသော CSO တွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ အခုဆွေးနွေးပွဲကိုလည်း တဖွဲ့ကို ၂-ယောက် တက်ရောက်ပေးကြဖို့ ဖိတ်ကြားပါတယ်”လို့ အစီအစဉ်ကို ဦးဆောင်သည့် Pray for Myanmar မှ M-Media ကို ပြောပြခဲ့ပါတယ်။