News @ M-Media

Blog

  • ၂၄-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှုအကျဉ်း

    ၂၄-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှုအကျဉ်း

    ဇူလိုင်-၂၄၊ ၂၀၁၃
    M-Media

    စနိုးဒန်း လေဆိပ်ထဲမှ ထွက်ခွာမည်

    မော်စကိုလေဆိပ်ထဲတွင် ဇွန်လ ၂၃ရက်ကတည်းက နေထိုင်နေခဲ့ရသော Edward Snowden သည် ရုရှနိုင်ငံတွင် အနည်းဆုံး သုံးလ ယာယီ ခိုလှုံခွင် တောင်းခံထားရာ ၎င်း၏ ရှေ့နေ Anatoly Kucheren က လိုအပ်သည့် ပြည်ဝင်ခွင့် စာရွက်စာတမ်းများ ရယူခဲ့နိုင်ပြီ ဖြစ်သောကြောင့် ယနေ့ မော်စကို မြို့ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။
    ————————————-
    အိန္ဒိယနိုင်ငံ မူလတန်းကျောင်းအုပ်ကို ဖမ်းဆီး

    ကျောင်းနေ့လည်စာတွင် ပိုးသတ်ဆေးများ ပါဝင်နေသောကြောင့် ယခုလ ၁၇ရက်က ကလေး ၂၃ သုံးဦး သေဆုံးခဲ့ရမှုတွင် တာဝန်ရှိသူ ဖြစ်သောကြောင့် ကျောင်းအုပ်ဆရာကြီး ကို ဖမ်းဆီးလိုက်သည်။
    ————————————-
    ဘူလ်ဂေးရီးရား ဆန္ဒပြမှုများ ပြင်းထန်

    အကျင့်ပျက် ခြစားမှုများအတွက် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြမှုများ ပြင်းထန်လာပြီး အကြမ်းဖက်မှုများ ပါဝင်လာနေကြောင်း သိရသည်။
    ————————————–
    Pussy Riot ၏ အယူခံ ပယ်ချခံရ

    ရုရှ ဂီတအဖွဲ့ Pussy Riot အဖွဲဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အား စောလျင်စွာ ပြန်လွှတ်ပေးရင် အယူခံကို တရားရုံးမှ ပယ်ချလိုက်သည်။
    ———————————
    (၂၀၁၇) ခုနှစ် ဖီဖာ နှစ်ပတ်လည် အစည်းအဝေး ပါလစ္စတိုင်း အိမ်ရှင်ကျင်းပခွင့်ရရေး လျှောက်မည်

    ဖီဖာ (FIFA) ဥက္ကဌ ဆပ်ဘလတ္တာ (Sepp Blatter) ရဲ့ ဇူလိုင်လဆန်းပိုင်း ပါလစ္စတိုင်းနဲ့ အစ္စရေးနိုင်ငံ ခရီးစဉ်အတွင်း ပါလစ္စတိုင်းအနေနဲ့ (၂၀၁၇) ခုနှစ်အတွက် ဖီဖာ ကွန်ဂရက် အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး အဆိုတင်သွင်းဖို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8228
    —————————
    လူထုစုဝေးပွဲ ကျင်းပဖို့ အီဂျစ်စစ်အကြီးအကဲ နှိုးဆော်

    အီဂျစ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေနဲ့ အကြမ်းဖက်ဝါဒကို ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် စစ်တပ်ကို လုပ်ပိုင်ခွင့်ပေးရေး လာမယ့် သောကြာနေ့မှာ လူထုက အကြီးအကျယ် တောင်းဆို ဆန္ဒပြကြဖို့ အီဂျစ်စစ်တပ် အကြီးအကဲ အက်ဒဲလ် ဖာတာ အယ်လ် စီစီ (Abdel Fattah el-Sissi)  ဒီကနေ့ ရုပ်မြင်သံကြားကနေ ဆော်သြလိုက်ပါတယ်။

  • 2013 မြန်မာပြည် ခရီးသွား လမ်းညွှန်

    ဇူလိုင်-၂၄၊ ၂၀၁၃
    ရေးသူ- ဇော်မင်းထွေး

    satire

    ၁. ယမ်းငွေ့ ဝေေ၀ ၊ မနောမြေ.. ဒုက္ခသည် စခန်း စိတ်ပင်ပန်း စရာ နှလုံးကွဲအက် အလည်အပတ် ခရီးစဉ်

    ၂. သူသေ ကိုယ်သေ သတ်လို့မ၀၊ ရခိုင်ပြည်ရဲ့ သွေးမြေကျ အမုန်းပွါးဒေသသို့ ၀မ်းနည်းပက်လက် အထူးခရီးစဉ်

    ၃. အလောင်းပြန့်ကျဲ မီးရှို့ပွဲ၊ ခြိမ့်ခြိမ့် သဲသဲ အပြတ်ကျင်းပရာ မိထ္ထီလာ မြေသို့ ရင်ကျိုးဖွယ် တစ်ပတ်ခရီးစဉ်

    ၄. အမြောက်သံ၊ ဗုန်းဆံ ပေါများလျှံရာ ကရင်ဒေသမှာ အသက်ဖက်ထုပ် တကုပ်ကုပ်ပြေးနိုင်သော သောကပွေခရီးစဉ်

    ၅. မွဲပြာ ထိပ်ရောက်၊ ဥစ္စာနထ္တိ၊ စားစရာမရှိအောင် ခေတ် အဆက်ဆက် လုပ်ထားရက်တဲ့ ချင်းပြည်ရဲ့ ဒုက္ခတောအား လေ့လာရေး

    ၆. လက်ပန်းတောင်းတောင် မီးဗုန်းပစ်ပွဲနှင့်၊ လူဖမ်းပွဲအား ရင်မောဖွယ် ကြည့်ရှုလေ့လာခြင်း ခရီးစဉ်

    ၇. အဓိကရုဏ်းဖန်တီး၊ ရှုမငြီးစရာ၊ မီးလောင်တိုက်သွင်း လားရှိုးမြင်ကွင်းအား မျက်ရည်စက်လက် ရှုစားခြင်း ခရီးစဉ်

    ၈. သည်းထိတ်ရင်ဖိုစရာ အသက်လုထွက်ပြေး ဥက္ကံမြို့လေးက လူအမဲလိုက်ပွဲ ပါဝင်ဆင်နွှဲစရာ အမောစို့ဖွယ် စွန့်စားမှု ခရီးစဉ်

    ၉. မရဏလမ်း၊ မြန်းကြွ စရာ၊ နေပြည်တော် အဝေးပြေး အ၀ီစိရောက် အမြန်လမ်းတလျှောက် ကားဖြင့် ရင် တထိတ်ထိတ် လည်ပတ်ခြင်း ခရီးစဉ်

    ၁၀. မီးရှို့ခံ၊ ဖျက်စီးခံ၊ ဗုန်းကြဲခံ၊ ဗလီ အများအပြား၊ Charch တစ်ချို့နှင့်၊ ဘုန်းတော်ကြီးကျောင်း အနည်းငယ် အား လည်ပတ်ကြည့်ရှု နိုင်သည့် စုတ်တသတ်သတ် ခရီးစဉ်

    စသည့်..စသည့် ခရီးစဉ်များကို စိန်စိန်နှင့် ရောင်းရင်းများ ခရီးသွား အေဂျင်စီ မှ စီစဉ်မှုဖြင့် အသက်ရှုရပ်လောက်ဖွယ် အထူးအစီအစဉ်များ (ဥပမာ.. ဒီမိုကရေစီ မျက်လှည့်ပွဲ၊ အကြမ်းဖက် တရားပွဲ၊ အိပ်ချင်စဖွယ် လွတ်တော်ဝယ် လေ့လာရေး..) ပါဝင်သည့်.. Tour Packages များအား အသက်နှင့် အလဲအထပ်ပြု၍ လက်မှတ်များ ရောင်းချပေးနေပါသည်။

  • ၂၄-၇-၂၀၁၃ အားကစား သတင်းများ

    ဇူလိုင်-၂၄၊ ၂၀၁၃
    M-Media

    ronaldo

    ရီရဲလ်၌ပင် ကစားသမားဘ၀ကို ရော်နယ်ဒို အဆုံးသတ်မည်ဟု အသင်းဥက္ကဌ ပီရက်ဇ် ဆို

    ရီးရဲလ်မက်ဒရစ် အသင်းဥက္ကဌ ဖလိုရန်တီနိုပီရက်ဇ်က မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်း၏နာမည်ကျော်ကစားသမား ရော်နယ်ဒိုသည် ၎င်း၏ကစားသမားဘ၀အား ရီးရဲလ်မက်ဒရစ်အသင်း၌ပင် အဆုံးသတ်လိမ့်မည်ဟု ပြောဆိုလိုက်သည်။
    ……………………………………………………….
    တကျော့ပြန်မော်ရင်ဟို လက်ထက်တွင် အကောင်းဆုံး ခြေစွမ်းပြသမည်ဟု အက်ရှ်လေကိုးလ်ဆို

    ချယ်ဆီးအသင်းအား မော်ရင်ဟို ယခင်ကိုင်တွယ်ခဲ့စဉ်က ၎င်း၏အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ခြင်းမရှိဟု ဘယ်နောက်ခံကစားသမား အက်ရှ်လေကိုးလ်ကပြောဆိုလိုက်ပြီး ယခု မော်ရင်ဟိုပြန်လည် ရောက်ရှိလာချိန်တွင် အကောင်းခြေစွမ်းကို ပြသရန် ဆုံးဖြတ်ထားသည်ဟု သူက ဆိုသည်။
    ……………………………………………………….
    ကိုလာရောဗ့်အတွက် မန်စီးတီး ယူရို ၇-သန်း တောင်းဆို

    ခံစစ်မှူး အလက်ဇန်းဒါ ကိုလာရောဗ့်အတွက် မန်ချက်စတာစီးတီးအသင်းက ပြောင်းရွှေ့ကြေး ယူရို ၇-သန်း သတ်မှတ်လိုက်ပြီး ၎င်းအားခေါ်ယူရန် တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေသည်။
    ……………………………………………………….
    ဆွာရက်ဇ်အား စုစုပေါင်း ယူရို ၄၉ သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်ကမ်းလှမ်းမှုကို လီဗာပူးလ် ထပ်မံပယ်ချ

    အာဆင်နယ်အသင်းသည် လီဗာပူးလ်အသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို၄၉ သန်းဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှုကို လီဗာပူလ်းအသင်းမှ ထပ်မံပယ်ချခဲ့သည်။ လွန်ခဲ့သည့် သီတင်း ၃ ပတ်အရင်က ယူရို ၄၁သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှုကိုလည်း လီဗာပူလ်းအသင်းမှ အလားတူ ပယ်ချခဲ့သည်။ (BBC)
    ……………………………………………………….
    ဂါရက်ဘေးလ် တော့တင်ဟမ်တွင်သာဆက်လက်ရှိနေမည်ဟု အသင်းနည်းပြဆိုနေပြန်

    တိုက်စစ်မှူး ဂါရက်ဘေးလ်အားခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းနှင့် တော့တင်ဟမ်အသင်းတို့ သဘောတူညီမှူရရှိခဲ့ပြီဟု စပိန်သတင်းစာတစ်စောင်ဖြစ်သည့် မာကာ မှ ထုတ်ဖော်ခဲ့သော်လည်း တော့တင်ဟမ် နည်းပြ အန်ဒရီ ဗီလာစ် ဘိုအာစ်က ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်။ ဘေးလ်မှာ တော့တင်ဟမ်အသင်းတွင်သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ၎င်း၏ရပ်တည်ချက်မှာ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
    ……………………………………………………….
    တိုက်စစ်မှူးမာတာ ၂၀၁၈ အထိ ဆက်ရှိမည်

    ချယ်ဆီးအသင်း၏ တိုက်စစ်မှူးမာတာမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီး စာချုပ်အရ တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်းအထိ ရရှိမည်ဖြစ်ကာ ချယ်ဆီးအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ (Metro)
    ……………………………………………………….
    မန်ယူတောင်ပံကစားသမား နာနီ မိုနာကိုနှင့်ဆွေးနွေး

    မန်ယူအသင်း၏ ပေါ်တူဂီကစားသမားနာနီသည် ၎င်း၏ အပြောင်းအရွှေ့ကိစ္စအတွက် ပြင်သစ်ကလပ် မိုနာကိုအသင်း၏ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုသိရသည်။ မန်ယူအသင်းမှ ၎င်းတို့ ကစားသမားအတွက်
    ပြောင်းရွှေ့ကြေး ၁၀ သန်းအထက် အလို ရှိနေပြီး အင်တာမီလန်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။ (L’Equipe)
    ……………………………………………………….
    တိုက်စစ်မှူး ဆိုလ်ဒါဒို အသင်းမှ ထွက်ခွာနိုင်

    ဗလင်စီယာအသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး ဆိုလ်ဒါဒိုမှာ အသင်းမှထွက်ခွာနိုင်သည်ဟု ပြောကြားလိုက်ပြီး တော့တင်ဟမ် အသင်းကလည်း ဆိုလ်ဒါဒိုအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေသည်။
    ……………………………………………………….
    ဘာကာကစားသမား ဖာဘရီဂတ်စ် ၎င်း၏ အနာဂတ်အရေး စဉ်းစားနေ

    မန်ချက်စတာယူနိုက်တက်အသင်းမှ ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ပြီးနောက် ဖာဘရီဂတ်စ်အနေဖြင့် ဘာစီလိုနာအသင်းရှိ ၎င်း၏အနာဂတ်ကို စဉ်းစားနေပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက skysports သို့ ပြောကြားခဲ့သည်။
    ……………………………………………………….
    ချန်ပီယံလိဂ် ၀င်ငွေအများဆုံးစာရင်းတွင် ဂျူဗင်တပ်အသင်းထိပ်ဆုံး၌ ရပ်တည်

    အီတလီ စီးရီးအေကလပ်အသင်းဖြစ်သည့် ဂျူဗင်တပ်အသင်းမှာ ယမန်နှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ငွေအများဆုံးအဖြစ်ရပ်တည်နေသည်။ ဂျူဗင်တပ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ၀င်ငွေ ယူရို ၆၅ သန်းရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့သည့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းထက် ၁၀သန်းကျော်အသာဖြင့် ၀င်ငွေစာရင်း ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။
    ……………………………………………………….
    ချန်ပီယံဘွဲ့ကာကွယ်ပွဲကို လာမည့်ဆောင်းရာသီတွင် ဂျော့ဂ်ျ ဂရုဗ်ဇ်နှင့် ထိုးသတ်မည်

    IBF နှင့် WBA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အင်္ဂလိပ်လက်ဝှေ့သမား ကားဖရော့ခ်ျသည် ၎င်း၏ ချန်ပီယံဘွဲ့ ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဂျော့ဂ်ျ ဂရုဗ်ဇ်နှင့် လာမည့် နိုဝင်ဘာလ နှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းတွင် ထိုးသတ်ရန် စီစဉ်နေသည်။ ထိုပွဲမှာ ၎င်း၏ ပထမဦးဆုံးချန်ပီယံဘွဲ့ကာကွယ်ပွဲဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ တစ်နိုင်ငံတည်းသား စိန်ခေါ်သူ ဂျော့ဂ်ျအား အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ဖရော့ခ်ျက ပြောဆိုသည်။
    ……………………………………………………….
    ဆွဇ်လန်အိုပင်း လက်ရှိချန်ပီယံအား ဒလ်ဘိုနစ်အနိုင်ယူ

    ယခုလက်ရှိကျင်းပနေသည့် ဆွဇ်လန်အိုပင်း တင်းနစ်ပြိုင်ပွဲတွင် အာဂျင်တီးနား တင်းနစ်သမား ဖက်ဒရီကို ဒလ်ဘိုနစ်သည် လက်ရှိချန်ပီယံ ဘရာဇီးလ် တင်းနစ်အကျော်အမော် သောမဇ် ဘယ်လူချီအား ၇-၅၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။ ဒလ်ဘိုနစ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမနီအိုပင်း တန်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရား အနိုင်ရရှိခဲ့ဖူးသည်။

  • ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေသူများ (သူ့အတွေး သူ့အမြင် )

    ဇူလိုင်-၂၄၊ ၂၀၁၃
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    miktelar1
    ဓါတ်ပုံအညွှန်း- ၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိထ္ထိလာမြို့ရှိ မွတ်စလင်မ်များပိုင် ဆိုင်နှင့် အိမ်များ ဖျက်ဆီးနေသည့် မြင်ကွင်း

    တောင်ကြီး ထင်ရှုးမြိုင် ကျောင်းတိုက် က အရှင်က၀ိစာရ ကို ကျောင်းလု မှုနဲ့ မနှစ်က တရားစွဲထားတာ မနေ့ကတော့ သာသနာတော် ညှိုးနွမ်းစေမှု နဲ့ ဆိုပြီး အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ် ကို တောင်ကြီး တရားရုံးက ချမှတ်လိုက်တယ်တဲ့။

    ဒီမှာ စဉ်းစားစရာ ရှိတာက ဘုန်းကြီးတစ်ပါး ဟာ သူ ၁၀ နှစ်ကျော် ကျောင်းထိုင်လာခဲ့တဲ့ ကျောင်းကို ဆေး တက္ကသိုလ် ဆောက်ရန် ဆိုပြီး အစိုးရ သိမ်းထားတဲ့ မြေ ပေါ်မှာ မဖယ်ရှားရရေး ကြိုးပမ်း တာဟာ သာသနာတော် ညှိုးနွမ်းစေမှု မြောက်သလား ဆိုတာပါ။

    ကဲထားပါတော့ … ဒါက ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်း စေတယ် ဆိုရင် ဒီ့ထက် အပုံကြီး ပိုပြီး သာသနာတော် ကို ညှိုးနွမ်းစေတဲ့ ဘုန်းကြီး တွေများကျတော့ ရောဗျာ။

    တစ်ချို့ဘုန်းကြီးတွေရဲ့ ဗုဒ္ဓသာသနာ နဲ့ မပတ်သက်တဲ့ အလဇ္ဇီတရား တွေ ဟောကြားမှုကြောင့် လူပေါင်း သိန်းကျော် အိုးအိမ်တွေ မီးရှို့ခံရ၊ ဥကွဲသိုက်ပျက်တွေ ဖြစ်ရ၊ အသက်ပေါင်းများစွာတွေ ဗုဒ္ဒသာသနာအကြမ်းဖက်မှု ဆိုတဲ့ တံဆိပ်ကပ်ခံရမှု တွေ နောက်မှာ ပိုးစိုးပက်စက် စတေးခံခဲ့ရ။

    တစ်ချို့ ဗီဒီယို အထောက်အထားတွေ မှာဆို သင်္ကန်းပတ် ထားတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ကို ဓါးတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး ကာယကံမြောက် ခုတ်ထစ်သတ်ဖြတ်ကြ၊ လူစင်စစ် တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ကြနဲ့ လူကြားလို့လည်း မကောင်းဘူး၊ လူမြင်လို့လည်း မကောင်းဘူး။

    လူမမယ် ကလေးငယ်လေး တွေကိုတောင် စာနာညှာတာ ရကောင်းမှန်းမသိ၊ အဘိဇ္ဇာမောဟ စီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တော်မူကြတဲ့ ဘုန်းကြီးတွေ၊ ဒါတွေအားလုံး က ၀ှက်ထားလို့လည်း ရတာမဟုတ်ဘူး။ ကမ္ဘာကသိကြပြီ။ ဟိုးလေးတကြော် ကို မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးယုတ်တွေရဲ့ အကြောင်းကို ခါးစောင်းတင် ဖော်ပြနေလိုက်ကြတာမှ လိုက်ဖတ်လို့မနိုင်။

    ဒီကြားထဲ ကိုယ်တိုင် ကာယကံမြောက် မသတ်ဖြစ်ဘူး ဆိုရင်တောင် ၀ဇီကံမြောက် တရားဟောပြီး၊ ဗီစီဒီ တွေ စာအုပ်ကြီးငယ် တွေဖြန့်ပြီး ဒါမျိုးဖြစ်အောင် ၊ ဒါမျိုးသတ်ဖြတ်အောင် ဇောင်းပေး လှုံ့ဆော်ပေးနေတာတွေ မမြင်ချင့် အဆုံး။

    ဟိုတလောက ဆိုရင် ဘုန်းကြီးဆိုတဲ့ ပလ္လင်ပေါ် က လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုပြီး တခြားဘာသာဝင် တွေ အလေးအမြတ် ထားတဲ့ ကိစ္စတွေကို ယုတ်ယုတ်ရိုင်းရိုင်း၊ ရင့်ရင့်သီးသီး ပျက်လုံးထုတ်တဲ့ ၊ သီလ၊သမာဓိ၊ ပညာ၊ စာဂ ဘာမှမရှိတဲ့၊ ရုပ်ရည်တွေ ကြည့်လိုက်ပြန်ရင်လည်း ကြက်သရေမဲ့လှတဲ့ ဘုန်းကြီးတွေ ဆိုလည်း မတွေ့ချင် အဆုံး။

    သူတို့ သူတို့ တွေရဲ့ ကာယကံ၊ ၀ဇီကံ၊ မနောကံ လုပ်ရပ်မှားတွေ ကြောင့် မြန်မာဗုဒ္ဓဘာသာလည်း ကမ္ဘာ့ အလယ် မှာ အဖတ်ဆည် မရအောင် နာမည်ပျက်ရ၊ နောက်ဆုံး အတုံ့အလှည့်အဖြစ် ဘယ်တုန်းကမှ ဘာယင်ကောင်မှ တောင် မ၀ဲ ခဲ့ဘူးတဲ့ ဗုဒ္ဓဂယာ က ဗုဒ္ဓသမိုင်းဝင် အဆောက်အအုံ တွေလည်း ဥပါဒ်ပြုခံရ။

    အကြောင်းကြောင့် အကျိုးဖြစ်ရတာတဲ့၊ ဒါက ဗုဒ္ဓအဘိဓမ္မာလေ နော်။ ကဲ ..ဒီလိုဒီပုံအကျိုးတွေ ဖြစ်လာရတာ ဒီဘုန်းကြီးတွေရဲ့ အကြောင်းပြုမှုကြောင့်ပဲ မဟုတ်ပေဘူးလား။ ဒါဆို ဘာလဲ ဒီဘုန်းကြီးတွေ က ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ဘူးလား။ ဒါမှ မဟုတ် ဗုဒ္ဓသာသနာတော် ကို ဂုဏ်ရောင် ပြောင်အောင် သိဒ္ဓိတင်ပေးနေကြသူတွေ လား။

    ကဲဘယ်ဘုန်းကြီးတွေကို ပြောနေတာလဲ မေးစရာတော့ မလိုပါဘူးနော်။ သူတို့ဟာ ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ကြဘူးလား။ သူတို့ကိုကျ ဘာ့ကြောင့် လူဝတ်လဲ ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ မချ နိုင်တာလဲ။ ဒီလိုမှ မဟုတ်ရင် ဒီဘုန်းကြီးတွေကပဲ ဗုဒ္ဓသာသနာ ကို ဖျက်ဆီးမယ့် သူတွေပဲ ဆိုတာ ပြောပါရစေ။

    (ရောဘတ်အယ်လ်ဟို့စ်)

  • ရိုဟင်ဂျာ ပြဿနာနှင့် ဆက်နွယ်နေသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်း စီးပွားရေး (ဘာသာပြန်)

    ဇူလိုင်- ၁၀ ၊ ၂၀၁၃
    M-Media
    ဘာသာပြန် – Zin Zin

    ရိုဟင်ဂျာ ပြဿနာနှင့် ဆက်နွယ်နေသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်း စီးပွားရေး (သုံးသပ်ချက်- ဘာသာပြန်)

    rohingya_idp1
    စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ ရိုဟင်ဂျာ မိသားစု တစု ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ရိုက်ကူးခဲ့သည့် ဓါတ်ပုံဖြစ်ပါသည်။ (Paula Bronstein/Getty Images)

    ဇွန်လ (၂၇) ရက်နေ့ တွင် မြန်မာနိုင်ငံအစိုးရသည် ကာတာနိုင်ငံအခြေစိုက် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အဆိုပါသတင်းသည် မြန်မာနိုင်ငံတွင်း မီဒီယာများ အကြား သတင်းဆိုး တစ်ခုအနေဖြင့် ပျံ့နှံ့သွားခဲ့ရာ ပြည်သူများက ထိုဆက်သွယ်ရေးကုမ္ပဏီ၏၀န်ဆောင်မှုများကို သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ (၂၀၁၂) ခုနှစ်၌ မြန်မာနိုင်ငံအတွင်း အိုအိုင်စီ(Organization of Islamic countries) ၏ရုံးခွဲ လာရောက်ဖွင့်လှစ်မည့် ကိစ္စရပ်အပေါ် ဗုဒ္ဓဘာသာဝင်များက တားဆီးသပိတ်မှောက်မှုများဖြင့် အစိုးရအပေါ်ဖိအားပေးနိုင်ခဲ့ပြီးနောက် ၊ ယခုကဲ့သို့ အစ္စလာမ်မစ်နိုင်ငံတစ်ခုဖြစ်သည့် ကာတာနိုင်ငံပိုင် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီ နှင့် မြန်မာအစိုးရတို့၏ သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းများကို အံ့သြသွားစေခဲ့သည် ။ ဤဖြစ်ရပ်များက အိုအိုင်စီအား ဆန့်ကျင်လိုသည့် လူမှုရေးဆိုင်ရာ အစွဲများရှိနေသေးကြောင်း ထင်ဟပ်လျက်ရှိသည်။ အစ္စလာမ့် အယူဝါဒအား အဆိုးမြင်ဝါဒဖြန့်ရေး အခိုင်အမာ ဗျူဟာကြီး တစ်ရပ်ရှိနေသည်။ ပြည်တွင်းရှိ မွတ်စ်လင်မ်များ၏ စီးပွားရေးသည်လည်း ပိတ်ဆို့ခြင်း ခံနေရသည်။ သို့သော် ယခုကဲ့သို့ စီးပွားရေးအရ လုံးဝ မ၀င်ဆန့်စေရန် ခွဲခြားဆက်ဆံမှုသည် ရိုဟင်ဂျာ လူမျိုးတို့အပေါ်ထားရှိသော အမြင်ဖြင့် မီးမွှေးထားခြင်းဖြစ်သည်။

    ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အထောက်အပံ့များ၊ ရိုဟင်ဂျာပဋိပက္ခတို့၏ ဆက်နွှယ်မှုကဏ္ဍ

    ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသည် အမြတ်အစွန်းရနိုင်သော ဖက်စပ်လုပ်ငန်းများဖြင့် ပန်းတိုင်သစ်ဆီ ဦးတည်လျက်ရှိသည်။  ကိန်းဂဏန်းဆိုင်ရာ အထောက်အထားများ အရ(၂၀၁၀) ခုနှစ်အတွင်း မြန်မာ့စီးပွားရေးသည် အမေရိကန်ဒေါ်လာ (၄၅) ကုဋေ မှ (၂၀၃၀) ခုနှစ်တွင် အမေရိကန်ဒေါ်လာ ကုဋေပေါင်း (၂၀၀) အထိ ရောက်နိုင်ဖွယ်ရာရှိသည်။ အမေရိကန်ဒေါ်လာကုဋေပေါင်း (၁၇၀) ခန့် သည် ငွေပင်ငွေရင်းအနေဖြင့် ရပ်တည်မည်ဖြစ်ပြီး၊ လိုအပ်သော မြေယာ၊ အဆောက်အဦးနှင့် စက်ပစ္စည်းများ ၀ယ်ယူရန် ပြည်ပ အသုံးစရိတ်များမှ သုံးစွဲမည်ဖြစ်၏။ ဒေါ်လာပေါင်း ကုဋေချီသည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံသစ်၏ အခြေခံလိုအပ်ချက်များ၊ စွမ်းအင်၊ လျှပ်စစ်ပစ္စည်း ၊ အဖျော်ယမကာ နှင့် စားသောက်ကုန်ဆိုင်ရာကဏ္ဍ တို့တွင် အထောက်အကူရရှိသွားစေပါမည်။

    ပြည်ပမှဝင်ရောက်ရင်းနှီးမြှုပ်နှံမှု (FDI- Foreign Direct Investment) အများအပြားက လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို တိုးပွာလာစေသည်။ မားသားလဲန်း ၊ ဖားသားလဲန်း ၊ နိုင်ဂရုပ် (သို့မဟုတ်) ၀င်း စသော မြန်မာမွတ်စ်လင်မ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီများသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အဆင်ပြေအစေးကပ်သောအခါ၌ ဗုဒ္ဓဘာသာအစွန်းရောက် အဖွဲ့အစည်းဖြစ်သော(၉၆၉) က သပိတ်မှောက်လာကြသည်။ ယင်းသူတို့သည် မြန်မာမွတ်စ်လင်မ်တို့၏ စီးပွားရေးအနေအထားများမှာ အငယ်စားနှင့်အလတ်စားအဆင့်မှ ဗုဒ္ဓဘာသာဝင်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပခုံးချင်းယှဉ်သည့်အဆင့်သို့ ရောက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ထို့ကြောင့် စီးပွားရေးအရဆက်ဆံသူများသည် မွတ်စ်လင်မ်အဆောက်အဦး လုပ်ငန်းရှင်များနှင့် လုပ်ငန်းစာချုပ်များကို ဖျက်သိမ်းကြသည် (သို့မဟုတ်ပါက) အဆောက်အဦးများကို တည်ဆောက်ပြီးစီးသည့် အဆင့်သို့မရောက်အောင် ဒုက္ခပေးနေကြပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မွတ်စ်လင်မ်တို့၏စီးပွားရေးအား  ဗုဒ္ဓဘာသာဝင်များ၏ သပိတ်မှောက်မှုအပေါ် နှုတ်ဆိတ်လျက် မိမိတို့နှင့်မဆိုင်သကဲ့သို့ရပ်တည်နေကြသည်။ ” ပြည်သူများ၏သဘောထား” နှင့် “ဈေးကွက်စီးပွားရေး” စသဖြင့် ဆင်ခြေပေးလျက်ရှိရာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေးသည် ယိမ်းယိုင်လျက်ရှိသည်။

    သို့သော်ငြားလည်း နိုင်ငံတကာမျက်နှာစာ၌မူ တမူထူးလျက် အားကောင်းနေသည်။ နိုင်ငံခြားအထောက်အပံ့များသည် ဆက်လက်စီးဝင်နေကြသည်။ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သောနိုင်ငံများသည် ဤပဋိပက္ခများအပေါ်တွင် နှုတ်ဆိတ်နေမည်လော (သို့မဟုတ်) ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားမည်လော ဟူသည် မသိနိုင်သေး။ ၄င်းတို့အဖို့မှာကား ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းချောမွေ့ရန် အတွက် ထောက်ပံ့ရေးအစီအစဉ်က အလွန်လိုအပ်၏။ ဥပမာဆိုရသော် မြန်မာနိုင်ငံမှပေးရန် ရှိနေသော ကြွေးမြီများ အားလုံးကို  (၂၀၁၃) ခုနှစ်တွင် နော်ဝေနိုင်ငံမှ ရာနှုန်းပြည့် ကင်းလွတ်ခွင့် ပေးလိုက်၏။  ယင်းသို့ဗျူဟာမြောက် လမ်းခင်းလိုက်သောကြောင့်  နော်ဝေ အခြေစိုက် တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက အခြားဆက်သွယ်ရေး ကုမ္ပဏီများအပေါ် အသာစီးရကာ စာချုပ်ချုပ်နိုင်ရန် လမ်းပွင့်သွားစေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆက်တိုက်ဖြစ်ပွားလျက် ရှိသော ပြဿနာများကိုလည်း ဥပက္ခာပြုထားဆဲဖြစ်၏။ အခြေအနေမှန်ကိုလျစ်လျူရှု၍ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ နှင့် အနောက်နိုင်ငံများက အထောက်အပံ့ နှင့် ကုန်သွယ်မှုများဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲပင်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား  မြန်မာပြည်တွင်း၌ တရုတ်နိုင်ငံ၏ခြယ်လှယ်ချုပ်ကိုင်ထားမှုကို တန်ပြန်မည့်  ပြူတင်းတံခါး တစ်ချပ်အဖြစ် ၄င်းတို့မှ ရှုမြင်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ရိုဟင်ဂျာပြဿနာပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် မည်သည့် ပိတ်ဆို့အရေးယူခြင်း မပြုကြပါလေ။ အိုအိုင်စီသည် ရိုဟင်ဂျာလူမျိုးတို့၏ အရေးကိစ္စအပေါ် အလေးအနက်ထား ပြောဆိုခြင်း ၊ အကူအညီအထောက်အပံ့များပေးအပ်ရန် လမ်းဖော်ခြင်းတို့ ရှိနေသည့်တိုင် ၄င်းတို့သည်လည်း စီးပွားရေးဆိုင်ရာဝေစု တစ်ရပ်အား မျှော်လင့်နေလျက်ရှိသည်။

    ကျွမ်းကျင်လုပ်သားမရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း

    ရိုဟင်ဂျာလူမျိုးတို့ကို စီးပွားရေးအရ မ၀င်ဆန့်သူများအဖြစ် စာရင်းသွင်းထားကြပေသည်။ အဓိကအကြောင်းရင်းမှာ စာမတတ်မြောက်မှုကြောင့်ပင်ဖြစ်သည်။ (၂၀၀၅) ခုနှစ် (SOAS) သုတေသနစစ်တမ်းအရ ၄င်းတို့သည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း တွေ့ရှိရသည်။ ယနေ့တွင်မူ ရိုဟင်ဂျာလူမျိုး (၈၀) ရာခိုင်နှုန်းသည် စာမတတ်မြောက်သူများ ဖြစ်ကြပြီး ၊ အသက် (၅)နှစ်မှ (၁၇) နှစ်ကြား ကလေးငယ်များ၏  (၆၀) ရာခိုင်နှုန်းသည် ကျောင်းမနေဖူးကြချေ။ အမျိုးသမီးများအကြား စာမတတ်မြောက်သူ ဦးရေသည် ရာခိုင်နှုန်းအားဖြင့် အမြင့်မားဆုံးဖြစ်နေ၏။ အကြောင်းရင်းမှာ မိသားစုတစ်ခုတွင် ကလေးဆယ်ယောက်နှင့် အထက် ရှိနေခြင်း နှင့် အစာရေစာ လောက်ငဖူလုံမှုအတွက် ရုန်းကန် လှုပ်ရှားရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုး အများစုသည် သာမန်လက်လုပ် လက်စားဘ၀မှအပ ကျွမ်းကျင်လုပ်သား (သို့မဟုတ်) ဥာဏလုပ်သား အဖြစ်သို့ မရောက်ရှိနိုင်ကြပေ။ ဤသို့အားဖြင့်  ၄င်းတို့၏ လူမှု အဆင့်အတန်းသည်လည်း နိမ့်ကျသွားရ၏။ ဤအချက်က လူနည်းစု ရိုဟင်ဂျာလူမျိုးတို့အား နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခွင့်အရေးများ မရရှိခြင်းဟူသော သံသရာဆိုးထဲတွင် ကျရောက်သွားစေခဲ့သည်။

    လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မြင့်မားမှုအား ပိတ်ဆို့ထားသော အခြား အကြောင်းရင်းများစွာက ၄င်းတို့၏အခြေအနေကို ဆိုးရွားသထက်ဆိုးရွားသွားစေပါသည်။ ပထမဦးဆုံးအချက်အနေဖြင့် (၂၀၀၉ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏ အဆိုအရ)  အစိုးရသည် အလုပ်သမားတို့၏ အခွင့်အလမ်းကို ကန့်သတ်ထိန်းချုပ်ထားသည်။ ၄င်းပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများသည် ခရီးသွားလာရာတွင် လည်းကောင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုအတွက်လည်းကောင်း စစ်တပ်၏ခွင့်ပြုချက် ရယူကြရသည်။ အဆိုပါ HRW၏မှတ်တမ်းများ၌ လက်တစ်ဆုပ်စာမျှသော ပညာတတ် အမျိုးသမီးများမှာလည်း စာသင်ကြားပေးခြင်း၊ သူနာပြု နှင့် ရုံးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကို ငြင်းပယ်ခံကြရကြောင်း တွေ့ရှိရသည် ။ နောက်ဆုံး အချက်အနေဖြင့် ပြောင်းရွှေ့နေထိုင်ခွင့်ကိုပင် ပြင်းထန်စွာ ကန့်သတ်ချုပ်ခြယ်ခံကြရသည်။ ထို့ကြောင့် အကယ်၍သာ ရိုဟင်ဂျာလူမျိုးတို့အား အခြားနိုင်ငံသားများ နည်းတူ အလုပ်လုပ်ကိုင်ခွင့် ၊ ပညာသင်ကြား ခွင့်ပေးမည် ဆိုလျှင်ပင် ၄င်းတို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခြင်း မရှိသည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်း ၄င်းတို့အနေဖြင့် မည်သည့်အကျိုးကျေးဇူး ခံစားနိုင်တော့မည် မဟုတ်ချေ။

    ဖိနှိပ်ပုံသွင်းခံရခြင်း (သို့မဟုတ်) ခွဲခြားခံရခြင်းကြောင့် အိုးအိမ်မဲ့သူများဖြစ်ရခြင်းလော

    ဌာနီမဲ့ ၊ အိုးအိမ်မဲ့၊ အလုပ်အကိုင်မဲ့နေသော ရိုဟင်ဂျာလူမျိုးများစွာတို့သည် လမ်းကြောင်းသစ်များကို ကြိုးပမ်းရှာဖွေကြသော်လည်း ဒုက္ခသည်အဖြစ်ခံယူရုံမှတစ်ပါး အခြားမျှော်လင့်ချက် မရှိလေပြီ။ ယင်းဒုက္ခသားကောင် အချို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်အဖြစ်လက်ခံထားရာ ၊ ဒုက္ခသည်စခန်းများတွင်လည်း UNHRC အနေဖြင့် မူလတန်းပညာရေးကိုသာလျှင် ထောက်ပံ့ကူညီ သင်ကြားပေးနိုင်ကြသည်။ ဤမျှလောက်သော အကူအညီလေးက ၄င်းတို့၏ဘ၀ မြင့်မားလာစေရန် အထောက်အကူ မပြုပေ။

    ယခုကဲ့သို့ ဒုက္ခသည် ဘ၀ရောက်ရှိနေပြီး လုပ်ငန်းကျွမ်းကျင်မှု အားနည်းနေသည့် ရိုဟင်ဂျာလူမျိုးတို့၏ အခန်းကဏ္ဍသည် အခြားနိုင်ငံများအတွက် အရေးပါမည်လောဆိုသည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မဲခေါင်ဒေသမှ  တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်သော ကျွမ်းကျင်မှုမဲ့အခြေချသူ များစွာရှိနေပါသည်။  တဆက်တည်း၌ပင် ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးခံသော ကချင်အမျိုးသမီးများအား အမိနိုင်ငံသို့ပြန်ပို့ပေးရန် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးတို့အား ဒုက္ခသည် အဖြစ်နှင့်ပင် ဆက်လက်ထိန်းသိမ်းထားပေးရန် (သို့တည်းမဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် လက်ခံပေးရန် မစွမ်းသာအောင် ဆင်းရဲတွင်းနက်နေသည်။ အစ္စလာမစ်နိုင်ငံများကသာလျှင် ရိုဟင်ဂျာတို့အား ဒုက္ခသည်အဖြစ်လက်ခံနိုင်မည်။ ထို့နောက်တွင်မူ ၄င်းနိုင်ငံများအနေဖြင့် အောက်ဈေး လုပ်သားများအဖြစ် ခေါ်ယူထားနိုင်ဖွယ်ရှိ၏။ ယင်းသို့ဆိုလျှင် ရိုဟင်ဂျာလူမျိုးတို့အတွက် ပညာရေးနှင့်တိုးတက်မှု အခွင့်အရေးများ ရနိုင်ကောင်း၏ဟု ထင်စရာရှိနေပါသည်။ သို့သော် အာရပ်နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းလုပ်သားဒုက္ခသည်တို့အပေါ် ခွဲခြားဆက်ဆံမည်ဆိုပါက ရိုဟင်ဂျာတို့အတွက် အထက်ပါအခွင့်အရေးများသည်လည်း မသေချာတော့ပေ။

    နိဂုံး

    ဘ၀ရှင်သန်မှုအတွက် မရေရာသောအလားအလာများက ၄င်းတို့ ကလေးငယ်များ၏ ပညာရေးလမ်းကြောင်းကိုတော့ အနိမ့်ဆုံးအားဖြင့် ရနိုင်ကောင်းပေသည်။ လက်ရှိ အခြေအနေတွင်လည်း မျိုးဆက်သစ်များမှာ အတားအဆီးပေါင်းများစွာ ရင်ဆိုင်နေရသည် မဟုတ်ပေလော။ UNHCR ၏မှတ်တမ်းများအရ နေထိုင်စရာမဲ့နေသော ဤကလေးငယ်တို့အား မြှင့်တင်ပေးရန် အခက်အခဲ ရှိနေကြောင်း ဖော်ပြထားသည်။ ကလေးငယ်များသည် အစွန်းရောက်မှုဖက် လှည့်ပြောင်းသွားမည်ကို ၄င်းတို့မှ စိုးရိမ်နေကြသည်။ အကယ်၍ ယင်းသို့ဖြစ်ခဲ့ပါက အကျိုးဆက် ရလဒ်နှစ်ခု ထွက်ပေါ်လာရန် ရှိနေသည်။ ပထမတစ်ချက်မှာ ပဋိပက္ခများ ပိုမိုဆိုးရွားသွားမည်။ ဒုတိယအချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား တားဆီးပိတ်ဆို့မှု ဖြစ်သွားစေပေမည်။ ယခုထက်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေလင့်ကစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက အပြောင်းအလဲမရှိသေး။ ရင်းနှီးမြှုပ်နှံသူများအဖို့ ကမ္ဘာ့စီးပွားရေးဆုတ်ကပ်ရောက်ချိန်၌ အခွင့်အလမ်းများ ကြွယ်ဝခြင်းကြောင့် ဖြေသာမှုရှိပါသော်လည်း ရိုဟင်ဂျာများအဖို့မူ မည်သည့်ကူညီကယ်ဆယ်မှုမျှ မရှိသေးသည်ကို မြင်နေရဆဲပါတကား။

    Asma Masood
    Research Intern, SEARP, IPCS
    Email:[email protected]

    Eurasiareview  တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် Asma Masood ၏  “Myanmar: FDI, Local Economy And The Rohingya Conflict” သုံးသပ်ချက် ဆောင်းပါးကို “Zin Zin ” မှ မြန်မာလို ဆီလျော်အောင် ပြန်ဆိုပါသည်။