News @ M-Media

ဖလော်ရီဒါတွင် သောကြာနေ့က ဓားစာခံ ၇ ဦး သတ်ခံရ

ဇူလိုင်-၂၈၊ ၂၀၁၃
M-Media

7 people were killed in Florida on Friday
အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် သေနတ်သမားတစ်ဦးသည် စုပေါင်းအိမ်ရာတိုက်ခန်းတစ်ခုအတွင်း၌ လူများစွာကို  ဓားစာခံလုပ်ကာ လူ ၆ ဦးအား ပစ်သတ်ခဲ့ပြီးနောက် ၄င်းအား ပစ်ခတ်ဖမ်းဆီးရာ၌ သေဆုံးသွားခဲ့သည်။

ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီအနီး ဟီယာလေး(Hialeah) တွင် သောကြာနေ့က ရဲများသည် ၉၁၁ ခေါ်ဆိုမှုကို ရရှိခဲ့ပြီး ညနေ ၆း၃၀ နာရီမှစတင်ကာ နာရီပေါင်းများစွာ သေနတ် သမားနှင့် ညှိနှိုင်းခဲ့ကြသည်။

ရဲအရာရှိများသည် အိမ်ရာရှိလူများအား ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ပြီး၊ အိမ်ရာပတ်ဝန်းကျင်ရှိ လမ်းများကိုပိတ်ဆို့ခဲ့ကြသည်။ ထို့နောက် ပစ်ခတ်မှုများ မဖြစ်မှီအထိ သေနတ်သမားနှင့် ညှိနှိုင်းခဲ့သည် ဟု ဆိုသည်။

“ ကျွန်တော်တို့ကြုံခဲ့ရသမျှ ဒီပစ်ခတ်မှုက ဟီယာလေးမှာ အဆိုးဝါးဆုံး အဖြစ်ပျက်တွေထဲက တစ်ခုပဲ ” ဟု ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကားလ် ဇော့ခ်ဘီ (Carl Zogby) မှ NBC News သို့ပြောကြားခဲ့သည်။

SWAT အထူးတပ်ဖွဲ့သည် သေနတ်သမားအား  ၅ ထပ်တိုက်ရှိ ၄ လွှာတွင် လူနှစ်ဦးအား ဓားစာခံအဖြစ် ပြုလုပ်ထားဆဲအခြေအနေတွင် တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့သည်။

“ ဒီဖြစ်ရပ် အဆုံးသတ်တဲ့အခါ အပြစ်မဲ့ လူ ၆ ဦးနဲ့သေနတ်သမား ၁ ဦး စုစုပေါင်း လူ ၇ ဦး အသက်ဆုံးရှုံးသွားတယ် ” ဟု ဇော့ခ်ဘီ က ဆိုသည်။

ဓားစာခံများအနက် အမျိုးးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ရပြီး၊ အိမ်ရာမန်နေဂျာ နှင့် သူမ ယောက်ျား၏ အလောင်းများအား ခန်းမဆောင်ထဲတွင် တွေ့ရှိခဲ့ကြသည်။ အခြား ဓားစာခံ ၃ ဦးဖြစ်သော အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦး၏အလောင်းများကိုတော့ တိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့သည် ဟု သိရသည်။

နောက်ထပ် အမျိုးသားအလောင်းတစ်ခုအား လမ်းမ၏တစ်ဖက်ခြမ်းရှိ အဆောက်အဦ၏ ဧည့်ခန်းမဆောင်တွင် တွေ့ရှိခဲ့သည်။ သေနတ်သမားသည် ထိုသူ ထွက်လာသည်ကို တွေ့ရှိ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရာမန်နေဂျာ၏သမီးဖြစ်သူ ရှမီရာ ပစ်စီယိုတီ (Shamira Pisciotti) က ဆိုသည်မှာ အိမ်ရာအတွင်း သေနတ်သမား နှင့်ပတ်သက်သော တိုင်ကြားချက်ရှိကြောင်း၊ ထိုတိုင်ကြားချက်နှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် သူမ၏မိဘများကို ၄င်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ISH/HJ

Comments

Leave a Reply