News @ M-Media
Blog
  • ၂၆-၇-၂၀၁၃ အားကစားသတင်းများ
    ဇူလိုင်-၂၆၊ ၂၀၁၃
    M-Media
    tol ti
    ဆွာရက်ဇ်အား ခေါ်ယူရန်ကြိုးပမ်းမှုကို ရီးရဲလ်စွန့်လွှတ်
    အပြောင်းအရွှေ့ ဈေးကွက်အတွင်း အလှုပ်ရှားဆုံးဖြစ်နေသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်အားခေါ်ယူရန် ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ရီရဲလ်မက်ဒရစ် အသင်းက ကြေညာခဲ့သည်။ အသင်း၏တိုက်စစ်တွင် ခရစ္စတီယာနိုရော်နယ်ဒို၊ ကရင်မ် ဘန်ဇီမာ၊ လူငယ်ခြေတက်များဖြစ်ကြသည့် ရောဒရီဂက်ဇ်နှင့် အလ်ဗာရိုမိုရာတာတို့ရှိနေသဖြင့် လုံလောက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    ……………………………………………………………
    အိုလာဂျွန်အား ခေါ်ယူရန် အေစီမီလန် စိတ်ဝင်စားနေ
    စီးရီးအေကလပ် အေစီမီလန်အသင်းသည် ဘင်ဖီကာအသင်း၏ တောင်ပံကစားသမား အိုလာဂျွန်အား အလိုရှိနေပြီး ၎င်းကစားသမား၏ အပြောင်းအရွှေ့ပိုင်းဆိုင်ရာကို တာဝန်ယူထားသည့် Doyen Sports Group ကုမ္ပဏီနှင့် ဆွေးနွေးနေသည်ဟု သိရသည်။
    ……………………………………………………………
    ဒီရော့စီအား အသင်းတွင် ဆက်နေရန် တော့တီ တိုက်တွန်း
    ရိုးမားအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ တော့တီက အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသည့် အလယ်တန်းလူ ဒီရော့စီအား ရိုးမားအသင်းတွင်ပင် ဆက်လက်ကစားသွားရန် တိုက်တွန်းလိုက်သည်။ ဒီရော့စီအားခေါ်ယူရန် ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေသည်။
    ……………………………………………………………
    ဟွန်ဒါအားခေါ်ယူနိုင်မည်ဟု ဂါလီယာနီ မျှော်လင့်
    အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂါလီယာနီက စီအက်စ်ကေအေမော်စကို အသင်း၏ ဂျပန်တိုက်စစ်မှူး ကေအီဆူကီ ဟွန်ဒါအား အရခေါ်ယူသွားရန် ဆန္ဒရှိနေသည်ဟု သိရသည်။ ဟွန်ဒါအားခေါ်ယူရန် ၎င်းတို့အနေဖြင့် ဆက်လက်ကြိုးစားနေကြောင်း ဂါလီယာနီက ပြောကြားခဲ့သည်။
    ……………………………………………………………
    ပြင်သစ်ကလပ်လိုင်လီအသင်းတွင် ကစားနေသည့် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဆော်လမွန်ကာလူးသည် ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းသို့ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့သည်။ ၎င်းနှစ်သက်သော တိုက်စစ်မှူးနေရာအား ကစားခွင့်ပေးရန် ၀က်စ်ဟမ်းအသင်းမှ အာမ မခံနိုင်သောကြောင့် ပြောင်းရွှေ့မှု ပျက်ပျယ်ခဲ့ရခြင်းဖြစ်သည်။
    ……………………………………………………………
    ဂါဗင်ဟိုအားခေါ်ယူရန် အာဆင်နယ်အသင်းနှင့် ရိုးမားဆွေးနွေးနေ
    ရိုးမားအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဂါဗင်ဟိုအား ပေါင် ၇-သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်နှင့် ဆွေးနွေးနေကြောင်း သိရသည်။
    ……………………………………………………………
    ဘာကာမှထွက်ခွာချင်သည်ဟု ဖာဘရီဂတ်စ်ဆို
    ဘာစီလိုနာ အလယ်တန်းကစားသမား ဖာဘရီဂတ်စ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားရန် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း ၎င်း၏ မိတ်ဆွေများအား ပြောဆိုခဲ့သည်။ အိုးထရက်ဖို့ဒ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် သေချာနေမှုက ၎င်းအား ဆွဲဆောင်နေပြီး အာဆင်နယ်အသင်းဖော်ဟောင်း ရော်ဘင်ဗန်ပါစီနှင့် ပြန်လည်တွဲကစားရန် မျှော်လင့်နေဟု သိရသည်။
    ……………………………………………………………
    ဆဲလ်တစ် တိုက်စစ်မှူး ဟူပါ နောဝစ်ခ်ျနှင့် ဆေးစစ်မှုအောင်မြင်
    ဆဲလ်တစ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂယ်ရီ ဟူပါမှာ ပရီးမီးယားလိဂ်ကလပ် နော်ဝစ်ခ်ျအသင်း၏ ဆေးစစ်မှုများကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဟူလ်စီးတီး အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သည့် အဆိုပါကစားသမားမှာ ကျူပီအာအသင်းသို့လည်း ရောက်ရှိရန်နီးစပ်ခဲ့ပြီး နောဝစ်ခ်ျအသင်းမှ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    ……………………………………………………………
    အလယ်တန်းလူ လမ်းပတ် ချယ်ဆီးအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည်
    ဖနောင့်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ချယ်ဆီးအလယ်တန်းလူ ဖရန့် လမ်းပတ်မှာ လာမည့် တနင်္လာနေ့တွင်ပြုလုပ်မည့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ လမ်းပတ်၏အခြေအနေမှာကောင်းမွန်နေပြီး အသင်းတွင်ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း သူက ဆိုသည်။
    ……………………………………………………………
    တိုက်စစ်မှူးနေရာအတွက် ယှဉ်ပြိုင်ရခြင်းကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း မော်ရင်ဟိုဆို
    ချယ်ဆီးအသင်း၏ တိုက်စစ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ယှဉ်ပြိုင်ရမှုကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ပုံမှန်ပါဝင်ခွင့်ရရန် အသင်း၏ နေရာတိုင်းတွင် ပြိုင်ဆိုင်ရမှုများရှိနေပြီး ထိုအချက်က အသင်းရှိကစားသမားအားလုံးအတွက် အကျိုးရှိကြောင်း မော်ရင်ဟိုက ဆိုသည်။ ချယ်ဆီးအသင်းတွင် ယခုအခါ တိုက်စစ်မှူးသုံးဦးရှိနေပြီး ပုံမှန်ခြေစွမ်းပျောက်နေသည့် တောရက်စ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ကြိုးစားရမည်ဖြစ်သည်။
    ……………………………………………………………
    ဆွစ်ဇ်အိုးပင်းပြိုင်ပွဲတွင် ဒန်နီယလ်ဘရန်း အား ဖက်ဒါရာရှုံးနိမ့်
    ယခုလက်ရှိကျင်းပလျက်ရှိသည့် ဆွစ်ဇ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲတွင် ဂျာမန် တင်းနစ်သမား ဒန်နီယလ် ဘရန်းက ကမ္ဘာ့အဆင့် ၅ ရှိ ဆွစ်ဇလန်နိုင်ငံသား ရော်ဂျာ ဖက်ဒါရာအား ၆-၃၊ ၆-၄ ဖြင့်အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ပြီးခဲ့သည့်  ဂျာမန် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဒလ်ဘိုနစ်အား ရှုံးနိမ့်ခဲ့သည့် ဖာက်ဒါရာမှာ ယခုနှစ်အတွင်း ဆုဖလားတစ်ခုသာ ဆွတ်ခူးရရှိထားသည်။
    ……………………………………………………………
    ဆားဘီးယား တင်းနစ်သမား ထရောအီစကီ တင်းနစ်ကစားခြင်းမှ ၁၈ လ ပိတ်ပင်ခံရ
    တားမြစ်ဆေးဝါးများ သုံးစွဲမှုရှိမရှိ စစ်ဆေးရန် သွေးနမူနာတောင်းဆိုမှုအား ပေးပို့ရန် ပျက်ကွက်ခြင်းကြောင့် ဆားဘီးယား တင်းနစ်အကျော်အမော် ဗစ်တာ ထရောအီ စကီအား နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်မှ တင်းနစ်ကစားခွင့် ၁၈ လ ပိတ်ပင်လိုက်သည်။ ၂၀၁၀ ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယားအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ထရောအီစကီအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့မှသာ တင်းနစ်ကစားခွင့် ပြန်လည်ရရှိတော့မည်ဖြစ်သည်။
    ……………………………………………………………
    တားမြစ်ဆေးပြဿနာများနှင့်ပက်သက်၍ တုန်လှုပ်မိကြောင်း အူစိန်ဘော့ဆို
    ကမ္ဘာ့အပြေးလောကတွင် လတ်တလောကြားသိနေရသည့် တားမြစ်ဆေးဝါးပြဿနာများနှင့် ပက်သက်၍ ၎င်းအနေဖြင့်တုန်လှုပ်မိကြောင်း၊ မိမိနေဖြင့် ထိုတားမြစ်ဆေးဝါးများနှင့် လုံးဝကင်းရှင်းကြောင်း ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့က ထုတ်ဖော်ပြောကြားလိုက်သည်။ မီတာ ၁၀၀  အမေရိကန်ထိပ်တန်းအပြေးသမား တိုင်ဆန်ဂေးနှင့်၊ မီတာ ၁၀၀ ကမ္ဘာ့ချန်ပီယံဟောင်း ဂျမေကာနိုင်ငံသား အက်စ်ဖာ ပိုဝဲလ်တို့နှစ်ဦးမှာ တားမြစ်ဆေးဝါးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အူစိန်ဘော့က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
    ……………………………………………………………
    ဟန်ဂေရီ ဂရင်းပရီ ကားမောင်းပြိုင်ပွဲမှာ အသင်းအတွက် အရေးကြီးသည်ဟု အလွန်ဆိုပြော
    လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဟန်ဂေရီဂရင်းပရီကားမောင်းပြိုင်တွင် အသင်းနေဖြင့် ရလဒ်ကောင်းရရှိရန်မှာ အရေးကြီးကြောင်း ဖာရာရီအသင်း၏ ပြိုင်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုက ပြောဆိုလိုက်သည်။ ရလဒ်ကောင်းရရှိခြင်းက အသင်းအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပေါ်စေပြီး အသင်းသားများ၏ မျှော်လင့်ချက်ကို ပိုမို ကောင်းမွန်စေနိုင်ကြောင်း အလွန်ဆိုက ပြောကြားခဲ့သည်။
  • ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဇူလိုင် ၂၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ရန်ကုန် ။     ။     ရန်ကုန်တိုင်း ဒေသကြီး၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေလျက်ရှိသော ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ၀တ္ထုတိုပြိုင်ပွဲတွင် ကျေးလက် ယဉ်ကျေးမှု ဓလေ့များ၊ ကျေးလက် အလှသဘာဝများနှင့် ဘ၀သရုပ်ဖော် အကြောင်းအရာများကို မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသား ယှဉ်ပြိုင်နိုင်သည်။ စာမူကို A4 စာမျက်နှာဖြင့် လက်ရေးဖြင့် ခြောက်မျက်နှာ၊ ကွန်ပျူတာဖြင့် လေးမျက်နှာ ထက်မပိုဘဲ ရေးဖွဲ့နိုင်ကြောင်း သိရသည်။
    ပြိုင်ပွဲ ၀င်သူသည် စာမူများကို ကွန်ပျူတာဖြင့် ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ စာမျက်နှာ တစ်ဖက်တည်း၌ ရှင်းလင်းပီသစွာ ရေးရမည်။ မူရင်းတစ်စုံ၊ မိတ္ထူ တစ်စောင်ပါ တင်သွင်းရမည်။ ပြိုင်ပွဲ ၀င်သူ၏ ပတ်စ်ပို့ ဓာတ်ပုံ နှစ်ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ မိဘအမည်၊ နိုင်ငံသား မှတ်ပုံတင် အမှတ်၊ ပညာ အရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ် ဖော်ပြပါရှိပြီး မိမိကိုယ်တိုင် ရေးသားထားကြောင်းနှင့် ပုံနှိပ် ဖော်ပြခဲ့ဖူးခြင်း မရှိကြောင်း ၀န်ခံချက် ပါရှိရမည်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် ၀တ္ထုတို တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
    ပြိုင်ပွဲဝင် စာမူများကို ဒို့ကျေးရွာဂျာနယ်၊ အမှတ်( ၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၂၀၁၉၃၆၊ ၃၇၁၃၄၂ သို့  ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • အစ္စလာမ် ဘာသာရေးအဖွဲ့ မိထ္ထီလာ ဗုဒ္ဓ ဘာသာ ကယ်ဆယ်ရေး စခန်းများသို့ လှူဒါန်း
    THE VOICE နေ.စဉ်သတင်းစာ
    ဇူလိုင်၂၄ ၊၂၀၁၃
    donation 23-7-2013
    မိထ္ထီလာ- ဇူလိုင် ၂၃။      ။  ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့နှင့် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် မိထ္ထီလာမြို့ရှိ ဗုဒ္ဓ ဘာသာ ကယ်ဆယ်ရေး စခန်း(၂) ခု နှင် သမိုင်းဝင် ရှင်ပင် ကူသိမ်ကျောင်းသို့ မန္တလေးတိုင်း ဒေသကြိး အစ္စလာမ် ဘာသာရေး ဆိုင်ရာ အဖွဲ့က ငွေနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း အဆိုပါ အဖွဲ့၏ မိထ္ထီလာ ကိုယ်စားလှယ် ဥိးဆန်းဝင်းရှိန် က ပြောကြားသည်။
    မိထ္ထီလာမြို့ရှိ ဗုဒ ဘာသာ ဒုက္ခသည် စခန်းများ ဖြစ်သော သာသန ရက္ခိတ အင်းကုန်း ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေ ၃၁၀၀၀၀ ကျပ်၊ ဆန်သုံးအိတ် နှင့် အမဲသား ပိဿာ ၂၀ ၊ မကျီးကုန်း ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေ ၂၁၀,၀၀၀ နှင့် ဆန်သုံး အိတ် လှူဒန်းခဲ့ပြီး သမိုင်းဝင် ရှင်ပင် ကူသိမ် ကျောင်းသို့ အလှူငွေ ကျပ် တစ်သောင်းခွဲနှင့် ဆန်အိတ် လေးအိတ်သွားရောက်လှူဒါန်း ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရပါသည်။
    ” ကိုးကွယ် ယုံကြည့်မှု မတူကွဲပြားသော်လည်း လူသားချင်း ကူညီ စောင့် ရှောက်ရမယ့် ဝတ္တရား အရ၊ လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီရမယ်ဆိုတဲ့ မေတ္တာဝါဒအရ အခုလိုလှူဒါန်းရတာ ဖြစ်တယ် ” ဟု ဦးဆန်းဝင်ရှိန်က ဆိုသည်။
    မိထ္ထီလာမြို့ရှိ ဗုဒ္ဓ ဘာသာ ကယ်ဆယ်ရေး စခန်းနှစ်ခုတွင် ဒုက္ခသည် ဦးရေ ၇၀၀ ကျော်နှ်င့ မွတ်ဆလင် ကယ်ဆယ်ရေးစခန်း သုံးခုတွင် ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း ၄င်းက ပြောကြားသည်။
    Photo via-Yongni Oo FB
  • ဥပုသ်ဆောက်တည်ခြင်းက ကင်ဆာရောဂါကို တိုက်ဖျက်မည့် အကောင်းဆုံး နည်းလမ်းဖြစ်နိုင်
    ဇူလိုင်-၂၆၊၂၀၁၃
    M-Media
    Fasting may be the best way to combat cancer
    လေ့လာချက်အသစ်တွေအရ အချိန်ကာလအနည်းငယ် ဥပုသ်ဆောက်တည်ခြင်းက ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကူညီနိုင်ပြီး ကုသမှုတွေရဲ့ အစွမ်းထက်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။
    အမေရိကန် ကယ်လီဖိုးနီးပြည်နယ် တောင်ဘက်ခြမ်းတက္ကသိုလ် ဆေးပညာဆိုင်ရာ သုတေသီတွေက ဥပုသ်ဆောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက အသားပိုအကြိတ်တွေကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို လျှော့ချပေးနိုင်ပြီး အချို့သောကင်ဆာအမျိုးအစားတွေအတွက် ဆေးသွင်းကုသခြင်းနဲ့ ဥပုသ်ဆောက်(အစာရှောင်)ခြင်းကို ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုထိရောက်တဲ့ ကုသခြင်းကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ စမ်းသပ်ခန်းက ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့ ကင်ဆာအမျိုးအစား (၈) မျိုးအနက် (၅) မျိုးလောက်ဟာ အစာရှောင်ခြင်းပြုလုပ်ထားတဲ့ ကြွက်တွေမှာမှ ကင်ဆာဆဲလ်တွေ တုံ့ပြန်မှုပြသကြောင်းတွေ့ရပါတယ်။
    ” ဆေးသွင်းကုသခြင်း တစ်ခုတည်းထက် ဥပုသ်ဆောက်တဲ့ ပုံမှန်အလှည့် စနစ်ပါကူမယ်ဆိုရင် ဆေးသွင်းကုသခြင်း တစ်ခုတည်းထက် အများကြီး ပိုထိရောက်တယ် ” လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဇီဝသိပ္ပံ၊ အိုမင်းရင့်ရော်ခြင်းနှင့် လူကြီးရောဂါဗေဒဆိုင်ရာ ပါမောက္ခ ဗောလ်တာ လွန်ဂိုက ဆိုပါတယ်။
    ကင်ဆာ အမျိုးအစားတိုင်းမှာလိုလို ဥပုသ်စောင့်ခြင်းက အသားလုံး အကြိတ်တွေရဲ့ ကြီးထွားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပေမယ့် အချို့ပြင်းထန်တဲ့ ကင်ဆာတွေမှာတော့ အကန့်အသတ်တွေရှိပါတယ်။ ဥပမာအားဖြင့် အကြိတ်(သို့) အသားလုံးအကြီးကြီးတွေထဲက ကင်ဆာတွေကတော့ ပြင်ပမှာရှိတဲ့ ကင်ဆာ အမျိုးအစားတွေထက် ဆေးသွင်းကုသတဲ့နည်းနဲ့ ကုသရခက်ခဲပါတယ်။ အကြောင်းက အဲ့ဒီကင်ဆာအမျိုးအစားတွေဟာ အသားစိုင်အတွင်းထဲမှာ အကာအကွယ်ရနေပြီး၊ အဲဒီအထဲမှာပဲ သူတို့ပျံ့ပွားကြီးထွားဖို့ သဟဇာတဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကင်ဆာရောဂါရဲ့ သဘောဟာ စောစီးစွာကြိုသိရှိမယ်ဆိုရင် ဆိုးရွားတဲ့ အဆင့်ထိမရောက်ခင် ကင်ဆာဆရာဝန်တွေ ကုသနိုင်တဲ့အတွက် ဥပုသ်ဆောက်ခြင်းက အနည်းဆုံး အခွင့်အရေးတစ်ခုရရှိသွားစေနိုင်ပါတယ်။
    အစာရှောင်ထားချိန်မှာ သာမန်အားဖြင့် ပုံမှန်ဆဲလ်တွေဟာ အနားယူသလို ရပ်တံ့နေတဲ့ အနေအထားတစ်ခုကို ရောက်သွားပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေလို ရပ်တံ့ရမယ့်အစား ဆက်လက်ကြီးထွားမှုနဲ့ ပွားများဖို့ ဆဲလ်ကွဲထွက်မှုတွေကို ဆက်လုပ်မြဲလုပ်နေပါတယ်။ ဒီလိုနဲ့ ဒီဆက်တိုက်ဖြစ်စဉ်တွေမှာ ကင်ဆာဆဲလ်တွေဟာ သူ့ ဒီအန်အေ ကို သူကိုယ်တိုင်ဖျက်စီးပစ်လိုက်ပြီး ပျက်စီးကုန်ပါတော့တယ်။
    “တကယ်တော့ ကင်ဆာဆဲလ်တွေဟာ ကိုယ့်ကိုကိုယ် ဖျက်စီးပစ်သလိုဖြစ်နေတာပါ။ ကျွန်တော်တို့တွေ့ရတာက ဥပုသ်ဆောက်တဲ့နောက် သွေးထဲမှာလျော့သွားတဲ့ ပရိုတိန်းနဲ့ တခြားအရာတွေကို ကင်ဆာဆဲလ်တွေက ပြန်အစားထိုးဖြည့်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အဲ့ဒါကို မလုပ်နိုင်တဲ့နောက် သူတို့ကိုယ်တိုင်ပဲ ပျက်စီးသွားတာပါ” လို့ ပါမောက္ခ လွန်ဂိုက ရှင်းပြပါတယ်။
    ” ကင်ဆာဆဲလ်တွေကို တိုက်ဖျက်မယ့် နည်းလမ်းက သူတို့ကို တိုက်ရိုက်သုတ်သင်သတ်ဖြတ်မယ့် ဆေးဝါးရှာဖို့တစ်ခုတည်း ဟုတ်ချင်မှဟုတ်မယ်။ ဘယ်လိုလဲဆိုတော့ ပတ်ဝန်းကျင်ကို သူတို့နဲ့မအပ်စပ်တဲ့ ကြမ်းတမ်းတဲ့ အနေအထားတစ်ခုဖြစ်အောင် ဖန်တီးမယ့် နည်းလမ်းပါပဲ။ ဥပမာအားဖြင့် ဥပုသ်ဆောက်ထားတဲ့အခါ ပုံမှန်ဆဲလ်တွေက ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သိပေမယ့် ကင်ဆာဆဲလ်တွေအတွက် ပုံမှန်မဟုတ်တဲ့ အနေအထားကို ကြုံတွေ့သွားစေနိုင်တယ်” လို့ ပါမောက်္ခ လွန်ဂိုက ဆိုပါတယ်။
    ပါမောက္ခ လွန်ဂိုနဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ အစာရှောင်ခိုင်းထားတဲ့ ကြွက်တွေမှာ ရင်သားကင်ဆာ၊ ဆီးလမ်းကြောင်း ကင်ဆာနဲ့ မျိုးပွားအင်္ဂါတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာခဲ့ကြပါတယ်။ ဆေးသွင်းကုသခြင်း မပြုလုပ်မီ ဥပုသ်စောင့် အစာရှောင်ခြင်းက ရင်သားကင်ဆာ၊ အရေပြားကင်ဆာ(Melanoma)၊ ဦးနှောက်အကြိတ်ကင်ဆာ (Glioma) နဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အာရုံကြော တစ်ရှုးတွေမှာဖြစ်တတ်တဲ့ (Neuroblastoma) ကင်ဆာတွေရဲ့ ကြီးထွားပျံ့နှံ့မှုကို လျော့နည်းစေခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။
    ယခုအချိန်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုဋေနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်နေကြတဲ့ ရမဒါန် ဥပုသ်လကာလပဲဖြစ်ပါတယ်။
    ကိုးကား
    http://www.sciencedaily.com/releases/2012/02/120208152254.htm
    http://articles.timesofindia.indiatimes.com/2012-02-10/science/31045495_1_fasting-cancer-treatment-growth-of-breast-cancer
  • စပိန်သမိုင်းတွင် နှစ်ပေါင်း ၆၀ ကျော်တွင်း အဆိုးရွားဆုံး ရထားမှောက်မှုကြောင့် လူပေါင်း၇၈ ယောက် သေဆုံး
    ဇူလိုင်-၂၅၊ ၂၀၁၃
    M-Media
    Spain-Train-Derailment
    စပိန်နိုင်ငံ အနောက်မြောက်ဘက်တွင် ရထားမောင်းသူ၏ ပေါ့ဆမှုကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ခရီးသည် ၇၈ ဦး ရှိသွားပြီးဖြစ်သည်။  ရထားမောင်းသူအား တာဝန်ရှိသူများက စစ်ဆေးနေသည် ဟု သိရသည်။
    လုံခြုံရေး ကင်မရာမှ ဗီဒီယိုတွင် မက်ဒရစ် (Madrid) မှ ဖီိရိုလ် (Ferrol) သို့ သွားသော ရထားသည် ရထားလမ်းကြောင်း အကွေ့တစ်ခု၌ အရှိန်မထိန်းနိုင်ဘဲ သံလမ်းမှ လမ်းချော်သွားကာ လမ်းဘေးသို့ ထိုးကျသွားပြီး မှောက်သွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
    ထို မတော်တဆမှုသည် ဆန်တီအေဂို ဒီ ကွမ်ပ်ပိုစတီလာ (Santiago de Compostela) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ လူ ၁၆၀ ကျော် ဒဏ်ရာရ၍ လူ ၃၂ ယောက် အရေးပေါ်လူနာဖြစ်ခဲ့သည်။
    စပိန်သည် ထိုရထားမှောက်မှုအား ၀မ်းနည်းခြင်းအထိန်းအမှတ် ၃ ရက်တိုင်လုပ်မည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံ၏သမိုင်းတွင် ထို အဖြစ်အပျက်သည် အဆိုးအ၀ါးဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်သည် ဟုဆိုသည်။
    ရထား၏ မောင်းနှင်ရေး ထိန်းချုပ်မှုပစ္စည်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးတော်သို့ ပို့ဆောင်ထားသည် ဟု သိရသည်။
    Ref: BBC
    Photo-USA Today