News @ M-Media
Blog
  • ၂၆-၇-၂၀၁၃ နိုင်ငံတကာ သတင်း အကျဉ်းစုစည်းမှု
    ၂၆-၇-၂၀၁၃ နိုင်ငံတကာ သတင်း အကျဉ်းစုစည်းမှု
    ဇူလိုင်-၂၆-၂၀၁၃
    M-Media
    အာဖဂန်၏ တစ်ဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူးမှ အာရှနိုဗယ်လ်ဆု ပထမဆုံးရရှိ
    အာဖဂန်နစ္စတန်၏ ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဟဗီဗဟ် စရာဗီ(Habiba Sarabi) သည် မနီလာ အခြေစိုက် ဆုချီးမြှင့်ရေးအဖွဲ့မှပေးအပ်သည့် ဤျနှစ်၏ Ramon  Magsaysay Awards ဆုရှင်ဖြစ်လာကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်သည်။
    အာဖဂန်၏ တစ်ဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူးမှ အာရှနိုဗယ်လ်ဆု ပထမဆုံးရရှိ
    ——————————————
    မားဖီးယားဂိုဏ်းသားများအား အီတလီရဲတပ်ဖွဲ့ ဖမ်းစီး
    ရောမမြို့အနီးကမ်းရိုးတမ်းဒေသတစ်ခုတွင် ပြုလုပ်သော မားဖီးယားရှင်းလင်းရေး စစ်ဆင်ရေးတစ်ခုတွင် မားဖီးယား ဂိုဏ်းသား ၅၀ နီးပါးခန့် ဖမ်းဆီးရမိခဲ့သည်ဟု အီတလီရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုစစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၅၀၀ ခန့်ပါဝင်ပြီး အနံ့ခံခွေးများ၊ ဟယ်လီကော်ပတာများနှင့် မော်တော်ဘုတ်ပါဝင်ခဲ့သည်ဟု သိရသည်။
    ——————————————
    ရေတပ်အင်အားဖြည့်တင်းရန် ဂျပန်စီစဉ်နေ
    တရုတ်နှင့်မြောက်ကိုရီးယားတို့က နိုင်ငံ၏ အချုပ်ခြာအာဏာကို ခြိမ်းခြောက်နေခြင်းကြောင်း အမေရိန်ကန်ပုံစံ မရိန်းတပ်ဖွဲ့ဝင်များနှင့် ခေတ်မီရေတပ်သင်္ဘောများဖြင့် ရေတပ်အား အင်အားဖြည့်တင်းရန်လိုအပ်သည်ဟု ဂျပန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုကဲ့သို့ အင်အားဖြည့်တင်းမှုမှာ ဂျပန်နိုင်ငံဘက်မှစတင် တိုက်ခိုက်ရန်မဟုတ်ဘဲ ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအင်အားကို လုံလောက်အောင် ပြုလုပ်ခြင်းသာဖြစ်ကြောင်းသိရသည်။
    ——————————————
    တရုတ်နိုင်ငံရေးသမားဟောင်းအား တရားစွဲဆိုထား
    တရုတ်နိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေးသမားဟောင်းဖြစ်သူ Bo Xilai အား လာဘ်ပေးလာဘ်ယူမှု၊ ချစားမှု၊ အာဏာအလွဲသုံးမှု စသည်တို့ဖြင့် တရားစွဲဆိုထားကြောင်း တရုတ်ပြည်တွင်းသတင်းမီဒီယားများက ဖော်ပြသည်။ Bo Xilai မှာ တရုတ်နိုင်ငံအနောက်တောင်ဘက်ရှိ Chongqing မြို့ ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်းတစ်ဦးဖြစ်သည်။
    ——————————————
    ဆီးရီးယားအရေး နိုင်ငံရေးအရသာဖြေရှင်းရမည်ဟု ဂျွန်ကယ်ရီဆို
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားတွင်ဖြစ်ပွားသော ပြဿနာများကို စစ်ရေးအရ ဖြေရှင်းရန်မဖြစ်နိုင်ဘဲ နိုင်ငံရေးအရသာ ဖြေရှင်းရမည်ဟု ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်နှင့် မတွေ့ဆုံမီ ပြောကြားခဲ့သည်။ ဆီးရီးယားတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ထိုစစ်ကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့လေသည်။
    ——————————————
    သြစတေးလျ၏ ဒုက္ခသည်လက်ခံရေး ပုံစံအသစ်က UNHCR ကို အခက်တွေ့စေ
    သြစတေးလျက ပြောင်းလဲလိုက်သည့် ဒုက္ခသည်လက်ခံရေးပုံစံသစ်မှာ ဒုက္ခသည်များအား အကာအကွယ်ပေးရေး စံနှုန်းများနှင့် ညီညွတ်မှုမရှိဘဲ UNHCR ကို အခက်တွေ့စေသည်ဟု ကုလသမ္မဂ္ဂကဆိုသည်။
    ——————————————
    မွတ်စ်လင်မ်အမျိုးသမီးများ ဦးခေါင်းခြုံထည်ဆိုင်ရာညွှန်ကြားချက်မှာ မေတ္တာရပ်ခံချက်သာဖြစ်ကြောင်း မနီလာမှဆို
    မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကိုဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
  • သောက်ရေအိုးအောင် မကျန်ဖျက်ဆီးခံခဲ့ ရပါတယ်။ (မတ်လအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ဇီးကုန်းမြို့ခံရဲ့ကိုယ်တွေ့)
    ဇွန်လ ၂၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    062
    ၂၀၁၃ခုနှစ်၊ မတ်လ ၂၆ရက်နေ့က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ဇီးကုန်းမှ နေအိမ်တခုမှ အပျက်အဆီးများ
    ဇီးကုန်း ။        ။ ပဲခူးတိုင်း ဒေသကြီး၊ ဇီးကုန်းမြို့နယ်ရှိ အကြမ်းဖက်ခံရသည့် ပြည်သူများထံ  သူတို့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ၊ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ သိလို သမျှကို M-Media မှ ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
    ” ၂၀၁၃ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ည(၂း၀၀)နာရီချိန်တွင် ကျွန်မတို့ ဇီးကုန်းမြို့မှာ ၀င်ရောက် ဖျက်ဆီးခံရပါတယ်။  အကြမ်းဖက်တဲ့နေ့က ကျွန်မတို့ မိသားစုမှာ ဘယ်ကို ပြေးရမှန်း မသိဖြစ်နေတုန်း ဗုဒ္ဓဘာသာမိသားစု တစ်စုက  ကျွန်မတို့ မိသားစုကို လာခေါ်ပြီး သူတို့အိမ်မှာ ပုန်းခိုင်းထားလို့  ပုန်းနေရပါတယ်။ နောက်နေ့ကြတော့ မယင်းကျေးရွာက အဘဦးတင်အေးက လာခေါ်သွားပါတယ်။ ကျွန်မတို့ကို ဘေးအန္တာရယ်ကင်းကင်းနဲ့ ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက်ထားခဲ့ပါတယ်။ တည်ငြိမ်သွားလို့ ကျွန်မတို့ မိသားစု အိမ်ကို ပြန်လာတော့ အိမ်အမိုးပဲ ကျန်ပါတော့တယ်။ အိမ်ထဲမှာ သောက်စရာ ရေတောင် မရှိပါဘူး ” ဟုM-Media သို့ပြောသည်။
    ” ၂၆-ရက်နေ့ညဟာ ကျွန်မ ဘ၀ရဲ့ မမျှော်လင့်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ၂၆-ရက်နေ့ ညမှာ ကျွန်မတို့ ဇီးကုန်းမြို့ကို လူအုပ်ကြီး လာပြီး ကျွန်မတို့ ဗလီကို ဖျက်ဆီးမယ်။ ကျွန်မတို့ မွတ်စ်လင်မ်အိမ်တွေကို ဖျက်ဆီးမယ် ဆိုတဲ့ သတင်း ကြားခဲ့ရပါတယ်။ ကျွန်မ မယုံပါဘူး။ ဒါတွေဟာ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အတွက် ကျွန်မ ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့ပါဘူး။ ကျွန်မတို့ဆီကို လာတော့ ဗုဒ္ဓဘာသာ မိတ်ဆွေ မိသားစုအိမ်မှာ လူတွေ သွားနေခဲ့တဲ့ အတွက် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအိမ်နဲ့ အိမ်တွင်း ပစ္စည်းများကို ဖျက်ဆီး သွားပါတယ်။ သောက်ရေအိုးတောင် မထားခဲ့ပါဘူး။ ကျွန်မတို့ ပုန်းခိုနေရတဲ့ အိမ်က သူတို့ ကယ်ထားတဲ့ အတွက် အကြမ်းဖက်သူတွေက အန္တရာယ် ပြုလာမှာ ကြောက်လို့ မထားချင်တော့ပါဘူး။ ဒါနဲ့ နောက်တနေ့ ကျေးဇူးတင် စကား အထပ်ထပ်ဆိုပြီး အဲဒီအိမ်ကနေ ကျွန်မတို့ အိမ်ကို ပြန်ရောက်တော့ ဗိုက်ဆာလို့ စားဖို့ မပြောနဲ့ သောက်စရာရေတောင် မရှိပါဘူး။ ကျွန်မတို့ နေ့ခင်းပိုင်းမှာ ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခြင်း ခံရပါတယ်။
    ကျွန်မနှင့် တကွ မွတ်စ်လင်မ်တွေ ဒုက္ခရောက်နေသာကို ကယ်မယ့်သူ မရှိလို့ ၀မ်းနည်းပြီး ငိုကြွေးနေချိန်မှာ မမျှော်လင့်ဘဲ မယင်းကျေးရွာက အဘဦးတင်အေးက လယ်ကွင်းတွေထဲ၊ ကန်သင်းတွေထဲထိ လိုက်ခေါ်ပြီး သူ့အိမ်မှာ ထားခဲ့ပါတယ်။ အဘဦးတင်အေးက လူပေါင်း ၃၀၀ကျော်လောက်ရှိပါတယ်။ အဲလို လိုက်ခေါ်ပြီးတော့ရော၊ သူနဲ့ သိလို့ အားကိုးတကြီး ရောက်လာတဲ့ မွတ်စ်လင်မ် မိတ်ဆွေ တွေကို ကယ်ပြီး ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်” ဟုM-Media သို့ပြောသည်။
    ”  ကျွန်တော်တို့နေအိမ်ကို ၂၆-ရက်နေ့ ည ၂း၀၀က တစ်ကြိမ် ဖျက်ဆီးပြီး ၂၇ရက်နေ့က ဒုတိယ အကြိမ် ထပ်ပြီး ဖျက်ဆီးခြင်း ခံရပါတယ်။ ကျွန်တော်တို့ မိသားစု လယ်ကွင်းထဲ ပုန်းရှောင် ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်တို့ မိသားစုကို ၂၈ရက်နေ့ နံနက် (၈)နာရီအချိန်မှာ မယင်းကျေးရွာက အဘဦးတင်အေးက လာကယ်၍ လိုက်သွားခဲ့ပါတယ်။ အခု တည်ငြိမ်သွားတော့ ကိုယ်အိမ်ကိုယ် ပြန်နေပြီး အရင်က လုပ်တဲ့ ဈေးအရောင်းအ၀ယ် ပြန်လုပ်နေပါတယ်။ ဒါပေမယ့် အရောင်းအ၀ယ် မရှိပါ။ အိမ်အတွင်း ပစ္စည်းများ ရစရာမရှိအောင် ဖျက်ဆီးခြင်း ခံရပါတယ်” ဟုM-Media သို့ပြောသည်။
    ”  ကျွန်တော်တို့ ဆီမှာ အရေးအခင်းဖြစ်တာက မတ်လ ၂၆-ရက်နေ့က ဖြစ်ပါတယ်။ ကျွန်တော့မှာ လသားအရွယ် ကလေးလေးနဲ့ အဲဒီနေ့က ဆိုရင် ပြေးရ လွှားရတာ အရမ်း ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီ့ သတင်းကို မယင်းကျေးရွာက အဘဦးတင်အေး ကြားတဲ့အခါမှာ ခေါ်ယူ စောင့်ရှောက်ခဲ့ပါတယ်။ ကျွန်တော်တို့ကို လိုလေသေး မရှိ ခေါ်ယူ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဘ ရွာမှာ ၂၈ရက်နေ့ကနေ ၃၁ရက်နေ့ထိ နေခဲ့ရပါတယ်။ အဘဆီရောက်မှ စိတ်အေး ချမ်းသာစွာ နေရတာပါ။ ၃၁ရက်နေ့မှာ အဘ ကားတွေနဲ့ ကျွန်တော်တို့ကို တကယ်အေးချမ်းပြီ ဆိုမှ လွှတ်ပါတယ်၊ အိမ်တိုင်ယာရောက် ကားနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ကျွန်တော် တို့ဆီကို ပြန်ရောက်တဲ့ အခါမှာ ကျွန်တော်အိမ်ရော၊ ဆိုင်ရော ရိုက်ချိုး ဖျက်ဆီး ထားတာကို တွေ့ရပါတယ်။ ဆိုင်ပစ္စည်းတွေ ဖျက်ဆီးထားတဲ့အတွက် တော်တော်နဲ့ ဆိုင်ပြန်မဖွင့်နိုင်ခဲ့ပါဘူး။ ပြင်ဆင်မှုတွေ လုပ်ပြီးမှ ပြန်ဖွင့်နိုင်ခဲ့တာပါ။ အခု ပြန်ဖွင့်တဲ့ အခါမှာလည်း အရောင်းအ၀ယ်တွေက အရင်လို ပြန်မကောင်းသေးပါဘူး ခင်ဗျား” ဟုM-Media သို့ပြောသည်။
    ”  အခင်းစဖြစ်တဲ့နေ့က သူငယ်ချင်း ဗုဒ္ဓဘာသာ အိမ်က ခေါ်ထားပေးပါတယ်။ နောက်တနေ့ မနက်မှာတော့ စမ်းရွာက ဦးအေးချိုတို့ မိသားစုက ကျွန်မတို့ကို ခေါ်ပြီး ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ပြီးတော့မှ မယင်းကျေးရွာက အဘဦးတင်အေးက အဘဦးတင်အေးတို့အိမ်က ကယ်တင်ထားပါတယ်။ အဘ အိမ်မှာ ၅ရက် ကြာပါတယ်။ အဲဒီမှာ အစားအသောက်ကအစ အားလုံးကို အဘဦးတင်အေး အိမက တာဝန်ယူပါတယ်။ ကျွန်မတို့ ဖြစ်တဲ့နေ့က ကြောက်ကြောက်လန့်လန့် ပုန်းအောင်းပြီး နေရပါတယ်။ ကြောက်တာမှ ဘယ်လို ပြောပြရမှန်း မသိအောင် ကြောက်ခဲ့ပါတယ်။ အိမ်မှာ အတွင်း ပစ္စည်းတွေ အဖျက်ဆီးခံခဲ့ရပါတယ် ” ဟုM-Media သို့ပြောသည်။
    ၂၀၁၃ခုနှစ်၊ မတ်လ ၂၆-ရက်နေ့က ကျွန်တော့် တသက်မှာ ကျွန်တော်တို့ မြို့မှာ မကြုံဖူးသော အဖြစ်အပျက် ကြုံတွေ့ခံစားခဲ့ရပါတယ်။ အစ္စလာမ် ဘာသာဝင်များရဲ့ ဥစ္စာပစ္စည်းများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ၎င်းနေ့ညမှညတွင် ဇီးကုန်းမြို့၌ အကြမ်းဖက် လူစုလူဝေးကြီးက ကျွန်တော့အိမ် အပါအ၀င် မွတ်စ်လင်မ် ညီနောင်တွေရဲ့ နေအိမ်များကို အဖျက်အဆီးခံခဲ့ရပါတယ်။
    လူ၏ အသက်ကို ရန်ရှာမှာ စိုးသဖြင့် ကျွန်တော်တို့ မိသားစုဟာ ရရာ အထုတ်လေးကို စွဲလျှက် ဇီးကုန်းမြို့နဲ့ ၃-မိုင်ကွာဝေးသော မယင်းရွာ အဘဦးတင်အေး (သူကြီးဟောင်း) အိမ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အခုချိန်ထိ ခြိမ်းခြောက်မှုနှင့် ကြုံ့တွေ့နေ၇သောကြောင့် တောလှည့် ဈေးရောင်းရသော ကျွန်တော်တို့မှာ အရောင်းအ၀ယ်ပျက်၍ စီးပွားရေး အခက်အခဲများနဲ့ ကြုံတွေ့နေရပါတယ် ” ဟုM-Media သို့ပြောသည်။
  • အာဖဂန်၏ တစ်ဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူးမှ အာရှနိုဗယ်လ်ဆု ပထမဆုံးရရှိ
    ဇူလိုင် ၂၅၊၂၀၁၃
    M-Media
    Habiba Sarabi, Afghanistan's first and only female governor
    ကဗူးလ်။        ။အာဖဂန်နစ္စတန်၏ ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဟဗီဗဟ် စရာဗီ(Habiba Sarabi) သည် မနီလာ အခြေစိုက် ဆုချီးမြှင့်ရေးအဖွဲ့မှပေးအပ်သည့် ဤျနှစ်၏ Ramon  Magsaysay Awards ဆုရှင်ဖြစ်လာကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်သည်။
    “ ဒီလို ဂုဏ်ယူစရာဆုကို လက်ခံရရှိတဲ့ ပထမဆုံးအာဖဂန် အမျိုးသမီးတစ်ဦးအနေနဲ့ ယနေ့အဖို့ ကျွန်မ ပျော်ရွှင်မိပါတယ်။ တန်ဖိုးလည်းထားပါတယ်။ ဒီဆုဟာ ဗမ်ယန်ခရိုင်အုပ်ချုပ်မှုကောင်းမွန်လာအောင် ဖော်ဆောင်အားထုတ်နိုင်ခဲ့တဲ့အပေါ် ကျွန်မကို အသိအမှတ်ပြုချီးမြှင့်မှုတစ်ရပ် ဖြစ်ပါတယ် ” ဟု စရာဗီမှ စင်ဟွာသတင်းဌာနသို့ ကြာသပတေးနေ့က ပြောပြခဲ့သည်။
    အာဖဂန်နစ္စတန်အလယ်ပိုင်း ဗမ်ယန်ခရိုင် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ စရာဗီသည် ၂၀၀၅ ခုနှစ်ကတည်းကပင် အုပ်ချုပ်ရေးမှူးတာဝန်ကို ရယူခဲ့ပြီး၊ ထိုဒေသ၏ ပညာရေး၊ လူ့အခွင့်အရေး နှင့် လုံခြုံရေးကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည်။
    “ ဒီဆုကို လက်ခံရရှိခြင်းက အာဖဂန်တွေရဲ့လူနေမှုအဆင့်မြင့်မားဖို့အတွက်၊ အလားတူစွာပဲ စစ်ဒဏ်ခံတိုင်းပြည်က အမျိုးသမီးတွေအတွက် အကောင်းဆုံးဆက်လက် လုပ်ဆောင်သွားဖို့ ကျွန်မကို ထပ်မံတွန်းအားပေးလိုက်တာပါပဲရှင် ” ဟု စရာဗီမှ ဆိုသည်။
    စရာဗီသည် လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းကြီးနှစ်ရပ်အနက်မှ ဤနှစ်၏ Ramon Magsaysay Awards အတွက် အများဆန္ဒအရ ရွေးချယ်ခံရခြင်းဖြစ်သည်။
    Ramon Magsaysay Awards Foundation အား ဖိလစ်ပိုင်သမ္မတဟောင်း၏အမည်ကို အစွဲပြုခေါ်ဆိုထားပြီး၊ ၄င်းမှ ချီးမြှင့်သည်ကို အာရှနိုဗယ်လ်ဆုအဖြစ် အသိအမှတ်ပြုသတ်မှတ်ကြသည်။
    လာမည့်သြဂုတ်လအတွင်း လက်ခံရရှိမည့် ဆုကြေးငွေကို မည်သည့်နေရာ၌ မြှုပ်နှံအသုံးချမည်ဟူသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ သို့သော်လည်း အမျိုးသမီးများ လူနေမှုအဆင့်မြင့်မားရေး နှင့် မိန်းကလေးငယ်များ၏ ပညာရေး အတွက် ပံ့ပိုးပေးရန် စဉ်းစားထားကြောင်း စရာဗီမှ ပြောဆိုလိုက်သည်။
    BERNAMA
  • ၂၆-၇-၂၀၁၃ အားကစားသတင်းများ
    ဇူလိုင်-၂၆၊ ၂၀၁၃
    M-Media
    tol ti
    ဆွာရက်ဇ်အား ခေါ်ယူရန်ကြိုးပမ်းမှုကို ရီးရဲလ်စွန့်လွှတ်
    အပြောင်းအရွှေ့ ဈေးကွက်အတွင်း အလှုပ်ရှားဆုံးဖြစ်နေသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်အားခေါ်ယူရန် ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ရီရဲလ်မက်ဒရစ် အသင်းက ကြေညာခဲ့သည်။ အသင်း၏တိုက်စစ်တွင် ခရစ္စတီယာနိုရော်နယ်ဒို၊ ကရင်မ် ဘန်ဇီမာ၊ လူငယ်ခြေတက်များဖြစ်ကြသည့် ရောဒရီဂက်ဇ်နှင့် အလ်ဗာရိုမိုရာတာတို့ရှိနေသဖြင့် လုံလောက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    ……………………………………………………………
    အိုလာဂျွန်အား ခေါ်ယူရန် အေစီမီလန် စိတ်ဝင်စားနေ
    စီးရီးအေကလပ် အေစီမီလန်အသင်းသည် ဘင်ဖီကာအသင်း၏ တောင်ပံကစားသမား အိုလာဂျွန်အား အလိုရှိနေပြီး ၎င်းကစားသမား၏ အပြောင်းအရွှေ့ပိုင်းဆိုင်ရာကို တာဝန်ယူထားသည့် Doyen Sports Group ကုမ္ပဏီနှင့် ဆွေးနွေးနေသည်ဟု သိရသည်။
    ……………………………………………………………
    ဒီရော့စီအား အသင်းတွင် ဆက်နေရန် တော့တီ တိုက်တွန်း
    ရိုးမားအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ တော့တီက အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသည့် အလယ်တန်းလူ ဒီရော့စီအား ရိုးမားအသင်းတွင်ပင် ဆက်လက်ကစားသွားရန် တိုက်တွန်းလိုက်သည်။ ဒီရော့စီအားခေါ်ယူရန် ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေသည်။
    ……………………………………………………………
    ဟွန်ဒါအားခေါ်ယူနိုင်မည်ဟု ဂါလီယာနီ မျှော်လင့်
    အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂါလီယာနီက စီအက်စ်ကေအေမော်စကို အသင်း၏ ဂျပန်တိုက်စစ်မှူး ကေအီဆူကီ ဟွန်ဒါအား အရခေါ်ယူသွားရန် ဆန္ဒရှိနေသည်ဟု သိရသည်။ ဟွန်ဒါအားခေါ်ယူရန် ၎င်းတို့အနေဖြင့် ဆက်လက်ကြိုးစားနေကြောင်း ဂါလီယာနီက ပြောကြားခဲ့သည်။
    ……………………………………………………………
    ပြင်သစ်ကလပ်လိုင်လီအသင်းတွင် ကစားနေသည့် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဆော်လမွန်ကာလူးသည် ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းသို့ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့သည်။ ၎င်းနှစ်သက်သော တိုက်စစ်မှူးနေရာအား ကစားခွင့်ပေးရန် ၀က်စ်ဟမ်းအသင်းမှ အာမ မခံနိုင်သောကြောင့် ပြောင်းရွှေ့မှု ပျက်ပျယ်ခဲ့ရခြင်းဖြစ်သည်။
    ……………………………………………………………
    ဂါဗင်ဟိုအားခေါ်ယူရန် အာဆင်နယ်အသင်းနှင့် ရိုးမားဆွေးနွေးနေ
    ရိုးမားအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဂါဗင်ဟိုအား ပေါင် ၇-သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်နှင့် ဆွေးနွေးနေကြောင်း သိရသည်။
    ……………………………………………………………
    ဘာကာမှထွက်ခွာချင်သည်ဟု ဖာဘရီဂတ်စ်ဆို
    ဘာစီလိုနာ အလယ်တန်းကစားသမား ဖာဘရီဂတ်စ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားရန် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်း ၎င်း၏ မိတ်ဆွေများအား ပြောဆိုခဲ့သည်။ အိုးထရက်ဖို့ဒ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် သေချာနေမှုက ၎င်းအား ဆွဲဆောင်နေပြီး အာဆင်နယ်အသင်းဖော်ဟောင်း ရော်ဘင်ဗန်ပါစီနှင့် ပြန်လည်တွဲကစားရန် မျှော်လင့်နေဟု သိရသည်။
    ……………………………………………………………
    ဆဲလ်တစ် တိုက်စစ်မှူး ဟူပါ နောဝစ်ခ်ျနှင့် ဆေးစစ်မှုအောင်မြင်
    ဆဲလ်တစ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂယ်ရီ ဟူပါမှာ ပရီးမီးယားလိဂ်ကလပ် နော်ဝစ်ခ်ျအသင်း၏ ဆေးစစ်မှုများကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဟူလ်စီးတီး အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သည့် အဆိုပါကစားသမားမှာ ကျူပီအာအသင်းသို့လည်း ရောက်ရှိရန်နီးစပ်ခဲ့ပြီး နောဝစ်ခ်ျအသင်းမှ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    ……………………………………………………………
    အလယ်တန်းလူ လမ်းပတ် ချယ်ဆီးအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည်
    ဖနောင့်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ချယ်ဆီးအလယ်တန်းလူ ဖရန့် လမ်းပတ်မှာ လာမည့် တနင်္လာနေ့တွင်ပြုလုပ်မည့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ လမ်းပတ်၏အခြေအနေမှာကောင်းမွန်နေပြီး အသင်းတွင်ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း သူက ဆိုသည်။
    ……………………………………………………………
    တိုက်စစ်မှူးနေရာအတွက် ယှဉ်ပြိုင်ရခြင်းကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း မော်ရင်ဟိုဆို
    ချယ်ဆီးအသင်း၏ တိုက်စစ်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ယှဉ်ပြိုင်ရမှုကို တောရက်စ်အနေဖြင့် ကျေနပ်သင့်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ပုံမှန်ပါဝင်ခွင့်ရရန် အသင်း၏ နေရာတိုင်းတွင် ပြိုင်ဆိုင်ရမှုများရှိနေပြီး ထိုအချက်က အသင်းရှိကစားသမားအားလုံးအတွက် အကျိုးရှိကြောင်း မော်ရင်ဟိုက ဆိုသည်။ ချယ်ဆီးအသင်းတွင် ယခုအခါ တိုက်စစ်မှူးသုံးဦးရှိနေပြီး ပုံမှန်ခြေစွမ်းပျောက်နေသည့် တောရက်စ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ကြိုးစားရမည်ဖြစ်သည်။
    ……………………………………………………………
    ဆွစ်ဇ်အိုးပင်းပြိုင်ပွဲတွင် ဒန်နီယလ်ဘရန်း အား ဖက်ဒါရာရှုံးနိမ့်
    ယခုလက်ရှိကျင်းပလျက်ရှိသည့် ဆွစ်ဇ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲတွင် ဂျာမန် တင်းနစ်သမား ဒန်နီယလ် ဘရန်းက ကမ္ဘာ့အဆင့် ၅ ရှိ ဆွစ်ဇလန်နိုင်ငံသား ရော်ဂျာ ဖက်ဒါရာအား ၆-၃၊ ၆-၄ ဖြင့်အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ပြီးခဲ့သည့်  ဂျာမန် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဒလ်ဘိုနစ်အား ရှုံးနိမ့်ခဲ့သည့် ဖာက်ဒါရာမှာ ယခုနှစ်အတွင်း ဆုဖလားတစ်ခုသာ ဆွတ်ခူးရရှိထားသည်။
    ……………………………………………………………
    ဆားဘီးယား တင်းနစ်သမား ထရောအီစကီ တင်းနစ်ကစားခြင်းမှ ၁၈ လ ပိတ်ပင်ခံရ
    တားမြစ်ဆေးဝါးများ သုံးစွဲမှုရှိမရှိ စစ်ဆေးရန် သွေးနမူနာတောင်းဆိုမှုအား ပေးပို့ရန် ပျက်ကွက်ခြင်းကြောင့် ဆားဘီးယား တင်းနစ်အကျော်အမော် ဗစ်တာ ထရောအီ စကီအား နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်မှ တင်းနစ်ကစားခွင့် ၁၈ လ ပိတ်ပင်လိုက်သည်။ ၂၀၁၀ ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယားအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ထရောအီစကီအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့မှသာ တင်းနစ်ကစားခွင့် ပြန်လည်ရရှိတော့မည်ဖြစ်သည်။
    ……………………………………………………………
    တားမြစ်ဆေးပြဿနာများနှင့်ပက်သက်၍ တုန်လှုပ်မိကြောင်း အူစိန်ဘော့ဆို
    ကမ္ဘာ့အပြေးလောကတွင် လတ်တလောကြားသိနေရသည့် တားမြစ်ဆေးဝါးပြဿနာများနှင့် ပက်သက်၍ ၎င်းအနေဖြင့်တုန်လှုပ်မိကြောင်း၊ မိမိနေဖြင့် ထိုတားမြစ်ဆေးဝါးများနှင့် လုံးဝကင်းရှင်းကြောင်း ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့က ထုတ်ဖော်ပြောကြားလိုက်သည်။ မီတာ ၁၀၀  အမေရိကန်ထိပ်တန်းအပြေးသမား တိုင်ဆန်ဂေးနှင့်၊ မီတာ ၁၀၀ ကမ္ဘာ့ချန်ပီယံဟောင်း ဂျမေကာနိုင်ငံသား အက်စ်ဖာ ပိုဝဲလ်တို့နှစ်ဦးမှာ တားမြစ်ဆေးဝါးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အူစိန်ဘော့က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
    ……………………………………………………………
    ဟန်ဂေရီ ဂရင်းပရီ ကားမောင်းပြိုင်ပွဲမှာ အသင်းအတွက် အရေးကြီးသည်ဟု အလွန်ဆိုပြော
    လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဟန်ဂေရီဂရင်းပရီကားမောင်းပြိုင်တွင် အသင်းနေဖြင့် ရလဒ်ကောင်းရရှိရန်မှာ အရေးကြီးကြောင်း ဖာရာရီအသင်း၏ ပြိုင်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုက ပြောဆိုလိုက်သည်။ ရလဒ်ကောင်းရရှိခြင်းက အသင်းအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပေါ်စေပြီး အသင်းသားများ၏ မျှော်လင့်ချက်ကို ပိုမို ကောင်းမွန်စေနိုင်ကြောင်း အလွန်ဆိုက ပြောကြားခဲ့သည်။
  • ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ဖိတ်ခေါ်လွှာ
    ဇူလိုင် ၂၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ရန်ကုန် ။     ။     ရန်ကုန်တိုင်း ဒေသကြီး၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေလျက်ရှိသော ဒို့ကျေးရွာ ဂျာနယ်အတွက် ၀တ္ထုတို စာမူပြိုင်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ၀တ္ထုတိုပြိုင်ပွဲတွင် ကျေးလက် ယဉ်ကျေးမှု ဓလေ့များ၊ ကျေးလက် အလှသဘာဝများနှင့် ဘ၀သရုပ်ဖော် အကြောင်းအရာများကို မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသား ယှဉ်ပြိုင်နိုင်သည်။ စာမူကို A4 စာမျက်နှာဖြင့် လက်ရေးဖြင့် ခြောက်မျက်နှာ၊ ကွန်ပျူတာဖြင့် လေးမျက်နှာ ထက်မပိုဘဲ ရေးဖွဲ့နိုင်ကြောင်း သိရသည်။
    ပြိုင်ပွဲ ၀င်သူသည် စာမူများကို ကွန်ပျူတာဖြင့် ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ စာမျက်နှာ တစ်ဖက်တည်း၌ ရှင်းလင်းပီသစွာ ရေးရမည်။ မူရင်းတစ်စုံ၊ မိတ္ထူ တစ်စောင်ပါ တင်သွင်းရမည်။ ပြိုင်ပွဲ ၀င်သူ၏ ပတ်စ်ပို့ ဓာတ်ပုံ နှစ်ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ မိဘအမည်၊ နိုင်ငံသား မှတ်ပုံတင် အမှတ်၊ ပညာ အရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ် ဖော်ပြပါရှိပြီး မိမိကိုယ်တိုင် ရေးသားထားကြောင်းနှင့် ပုံနှိပ် ဖော်ပြခဲ့ဖူးခြင်း မရှိကြောင်း ၀န်ခံချက် ပါရှိရမည်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် ၀တ္ထုတို တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
    ပြိုင်ပွဲဝင် စာမူများကို ဒို့ကျေးရွာဂျာနယ်၊ အမှတ်( ၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၂၀၁၉၃၆၊ ၃၇၁၃၄၂ သို့  ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။