News @ M-Media

Blog

  • ဥပုသ်ဆောက်တည်ခြင်းက ကင်ဆာရောဂါကို တိုက်ဖျက်မည့် အကောင်းဆုံး နည်းလမ်းဖြစ်နိုင်

    ဇူလိုင်-၂၆၊၂၀၁၃
    M-Media

    Fasting may be the best way to combat cancer

    လေ့လာချက်အသစ်တွေအရ အချိန်ကာလအနည်းငယ် ဥပုသ်ဆောက်တည်ခြင်းက ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကူညီနိုင်ပြီး ကုသမှုတွေရဲ့ အစွမ်းထက်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။

    အမေရိကန် ကယ်လီဖိုးနီးပြည်နယ် တောင်ဘက်ခြမ်းတက္ကသိုလ် ဆေးပညာဆိုင်ရာ သုတေသီတွေက ဥပုသ်ဆောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက အသားပိုအကြိတ်တွေကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို လျှော့ချပေးနိုင်ပြီး အချို့သောကင်ဆာအမျိုးအစားတွေအတွက် ဆေးသွင်းကုသခြင်းနဲ့ ဥပုသ်ဆောက်(အစာရှောင်)ခြင်းကို ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုထိရောက်တဲ့ ကုသခြင်းကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ စမ်းသပ်ခန်းက ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့ ကင်ဆာအမျိုးအစား (၈) မျိုးအနက် (၅) မျိုးလောက်ဟာ အစာရှောင်ခြင်းပြုလုပ်ထားတဲ့ ကြွက်တွေမှာမှ ကင်ဆာဆဲလ်တွေ တုံ့ပြန်မှုပြသကြောင်းတွေ့ရပါတယ်။

    ” ဆေးသွင်းကုသခြင်း တစ်ခုတည်းထက် ဥပုသ်ဆောက်တဲ့ ပုံမှန်အလှည့် စနစ်ပါကူမယ်ဆိုရင် ဆေးသွင်းကုသခြင်း တစ်ခုတည်းထက် အများကြီး ပိုထိရောက်တယ် ” လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် ဇီဝသိပ္ပံ၊ အိုမင်းရင့်ရော်ခြင်းနှင့် လူကြီးရောဂါဗေဒဆိုင်ရာ ပါမောက္ခ ဗောလ်တာ လွန်ဂိုက ဆိုပါတယ်။

    ကင်ဆာ အမျိုးအစားတိုင်းမှာလိုလို ဥပုသ်စောင့်ခြင်းက အသားလုံး အကြိတ်တွေရဲ့ ကြီးထွားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပေမယ့် အချို့ပြင်းထန်တဲ့ ကင်ဆာတွေမှာတော့ အကန့်အသတ်တွေရှိပါတယ်။ ဥပမာအားဖြင့် အကြိတ်(သို့) အသားလုံးအကြီးကြီးတွေထဲက ကင်ဆာတွေကတော့ ပြင်ပမှာရှိတဲ့ ကင်ဆာ အမျိုးအစားတွေထက် ဆေးသွင်းကုသတဲ့နည်းနဲ့ ကုသရခက်ခဲပါတယ်။ အကြောင်းက အဲ့ဒီကင်ဆာအမျိုးအစားတွေဟာ အသားစိုင်အတွင်းထဲမှာ အကာအကွယ်ရနေပြီး၊ အဲဒီအထဲမှာပဲ သူတို့ပျံ့ပွားကြီးထွားဖို့ သဟဇာတဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကင်ဆာရောဂါရဲ့ သဘောဟာ စောစီးစွာကြိုသိရှိမယ်ဆိုရင် ဆိုးရွားတဲ့ အဆင့်ထိမရောက်ခင် ကင်ဆာဆရာဝန်တွေ ကုသနိုင်တဲ့အတွက် ဥပုသ်ဆောက်ခြင်းက အနည်းဆုံး အခွင့်အရေးတစ်ခုရရှိသွားစေနိုင်ပါတယ်။

    အစာရှောင်ထားချိန်မှာ သာမန်အားဖြင့် ပုံမှန်ဆဲလ်တွေဟာ အနားယူသလို ရပ်တံ့နေတဲ့ အနေအထားတစ်ခုကို ရောက်သွားပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေလို ရပ်တံ့ရမယ့်အစား ဆက်လက်ကြီးထွားမှုနဲ့ ပွားများဖို့ ဆဲလ်ကွဲထွက်မှုတွေကို ဆက်လုပ်မြဲလုပ်နေပါတယ်။ ဒီလိုနဲ့ ဒီဆက်တိုက်ဖြစ်စဉ်တွေမှာ ကင်ဆာဆဲလ်တွေဟာ သူ့ ဒီအန်အေ ကို သူကိုယ်တိုင်ဖျက်စီးပစ်လိုက်ပြီး ပျက်စီးကုန်ပါတော့တယ်။

    “တကယ်တော့ ကင်ဆာဆဲလ်တွေဟာ ကိုယ့်ကိုကိုယ် ဖျက်စီးပစ်သလိုဖြစ်နေတာပါ။ ကျွန်တော်တို့တွေ့ရတာက ဥပုသ်ဆောက်တဲ့နောက် သွေးထဲမှာလျော့သွားတဲ့ ပရိုတိန်းနဲ့ တခြားအရာတွေကို ကင်ဆာဆဲလ်တွေက ပြန်အစားထိုးဖြည့်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အဲ့ဒါကို မလုပ်နိုင်တဲ့နောက် သူတို့ကိုယ်တိုင်ပဲ ပျက်စီးသွားတာပါ” လို့ ပါမောက္ခ လွန်ဂိုက ရှင်းပြပါတယ်။

    ” ကင်ဆာဆဲလ်တွေကို တိုက်ဖျက်မယ့် နည်းလမ်းက သူတို့ကို တိုက်ရိုက်သုတ်သင်သတ်ဖြတ်မယ့် ဆေးဝါးရှာဖို့တစ်ခုတည်း ဟုတ်ချင်မှဟုတ်မယ်။ ဘယ်လိုလဲဆိုတော့ ပတ်ဝန်းကျင်ကို သူတို့နဲ့မအပ်စပ်တဲ့ ကြမ်းတမ်းတဲ့ အနေအထားတစ်ခုဖြစ်အောင် ဖန်တီးမယ့် နည်းလမ်းပါပဲ။ ဥပမာအားဖြင့် ဥပုသ်ဆောက်ထားတဲ့အခါ ပုံမှန်ဆဲလ်တွေက ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သိပေမယ့် ကင်ဆာဆဲလ်တွေအတွက် ပုံမှန်မဟုတ်တဲ့ အနေအထားကို ကြုံတွေ့သွားစေနိုင်တယ်” လို့ ပါမောက်္ခ လွန်ဂိုက ဆိုပါတယ်။

    ပါမောက္ခ လွန်ဂိုနဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ အစာရှောင်ခိုင်းထားတဲ့ ကြွက်တွေမှာ ရင်သားကင်ဆာ၊ ဆီးလမ်းကြောင်း ကင်ဆာနဲ့ မျိုးပွားအင်္ဂါတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာခဲ့ကြပါတယ်။ ဆေးသွင်းကုသခြင်း မပြုလုပ်မီ ဥပုသ်စောင့် အစာရှောင်ခြင်းက ရင်သားကင်ဆာ၊ အရေပြားကင်ဆာ(Melanoma)၊ ဦးနှောက်အကြိတ်ကင်ဆာ (Glioma) နဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အာရုံကြော တစ်ရှုးတွေမှာဖြစ်တတ်တဲ့ (Neuroblastoma) ကင်ဆာတွေရဲ့ ကြီးထွားပျံ့နှံ့မှုကို လျော့နည်းစေခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။

    ယခုအချိန်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုဋေနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်နေကြတဲ့ ရမဒါန် ဥပုသ်လကာလပဲဖြစ်ပါတယ်။

    ကိုးကား

    http://www.sciencedaily.com/releases/2012/02/120208152254.htm
    http://articles.timesofindia.indiatimes.com/2012-02-10/science/31045495_1_fasting-cancer-treatment-growth-of-breast-cancer

  • စပိန်သမိုင်းတွင် နှစ်ပေါင်း ၆၀ ကျော်တွင်း အဆိုးရွားဆုံး ရထားမှောက်မှုကြောင့် လူပေါင်း၇၈ ယောက် သေဆုံး

    ဇူလိုင်-၂၅၊ ၂၀၁၃
    M-Media

    Spain-Train-Derailment

    စပိန်နိုင်ငံ အနောက်မြောက်ဘက်တွင် ရထားမောင်းသူ၏ ပေါ့ဆမှုကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ခရီးသည် ၇၈ ဦး ရှိသွားပြီးဖြစ်သည်။  ရထားမောင်းသူအား တာဝန်ရှိသူများက စစ်ဆေးနေသည် ဟု သိရသည်။

    လုံခြုံရေး ကင်မရာမှ ဗီဒီယိုတွင် မက်ဒရစ် (Madrid) မှ ဖီိရိုလ် (Ferrol) သို့ သွားသော ရထားသည် ရထားလမ်းကြောင်း အကွေ့တစ်ခု၌ အရှိန်မထိန်းနိုင်ဘဲ သံလမ်းမှ လမ်းချော်သွားကာ လမ်းဘေးသို့ ထိုးကျသွားပြီး မှောက်သွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ထို မတော်တဆမှုသည် ဆန်တီအေဂို ဒီ ကွမ်ပ်ပိုစတီလာ (Santiago de Compostela) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ လူ ၁၆၀ ကျော် ဒဏ်ရာရ၍ လူ ၃၂ ယောက် အရေးပေါ်လူနာဖြစ်ခဲ့သည်။

    စပိန်သည် ထိုရထားမှောက်မှုအား ၀မ်းနည်းခြင်းအထိန်းအမှတ် ၃ ရက်တိုင်လုပ်မည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံ၏သမိုင်းတွင် ထို အဖြစ်အပျက်သည် အဆိုးအ၀ါးဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်သည် ဟုဆိုသည်။

    ရထား၏ မောင်းနှင်ရေး ထိန်းချုပ်မှုပစ္စည်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးတော်သို့ ပို့ဆောင်ထားသည် ဟု သိရသည်။

    Ref: BBC

    Photo-USA Today

  • စင်္ကာပူရေပိုင်နက်အတွင်း လှေနစ်မြုပ်မှုဖြစ်ပြီး လူ ၉ ဦးပျောက်ဆုံးနေ

    ဇူလိုင်-၂၄၊ ၂၀၁၃
    M-Media

    sg
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စင်္ကာပူရေပိုင်နက်အတွင်း လှေသင်္ဘောတစ်စင်း နစ်မြုပ်သွားပြီး လူ ၉ ဦးမှာ ပျောက်ဆုံးနေသည်။ နစ်မြုပ်သွားသည့်သင်္ဘောမှာ Guo Liang 677  ဖြစ်ပြီး၊ Horsburgh Lighthouse ၏မြောက်ဖက် ရေမိုင် ၇ မိုင်အကွာအဝေးတွင် နစ်မြုပ်သွားခဲ့သည်ဟု စင်္ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင်တို့မှ သတင်းထုတ်ပြန်ခဲ့သည်။

    ယင်းနေရာအနီးအနားတွင် ကမ်းခြေစောင့်တပ်၏ကင်းလှည့်တပ်ဖွဲ့မှ သင်္ဘောသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုသူက နောက်ထပ်လူ ဆယ်ဦးမှာ ပျောက်ဆုံးလျက်ရှိသည်ဟုဆိုကြောင်း သိရသည်။

    များမကြာမီ အခင်းဖြစ်ရာတစ်ဝိုက်တွင် နောက်ထပ်သင်္ဘောသားတစ်ဦးကို ကယ်ဆယ်ထားပြီဖြစ်ကြောင်း စင်္ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင်(MPA) ထံသို့ သတင်းရောက်လာခဲ့သည်။

    ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းအတွက် MPA မှ ရေငုပ်ကျွမ်းကျင်သူများကို ငှားရမ်းကာ ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိသည်။

    အခင်းဖြစ်ပွားရာနှင့်ကယ်ဆယ်ရေးဝန်းကျင်ရှိ လှေသင်္ဘောများအား လမ်းရှင်းပေးထားရန် နှင့် ပျောက်ဆုံးနေသူများကို တွေ့ရှိပါက အကြောင်းကြားရန် ပင်လယ်ရေကြောင်းဆိုင်ရာသတင်းကိုလည်း ထုတ်ပြန်ထားသည်။ နစ်မြုပ်ရသည့် အကြောင်းရင်းကိုလည်း MPA မှ စုံစမ်းစစ်ဆေးနေလျက်ရှိသည်။

  • ၂၅-၇-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    ၂၅-၇-၂၀၁၃ နိုင်ငံတကာ သတင်း စုစည်းမှုအကျဉ်း

    ဇူလိုင်-၂၅-၂၀၁၃
    M-Media
    ဂျပန်မှ မလေးရှားသို့ အမြန်ရထားနည်းပညာ လက်ဆင့်ကမ်း

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှင်ဇို အာဘေး (Shinzo Abe) ၏ ဒေသတွင်းခရီးစဉ်၌ ပြီးခဲ့သည့် ကြာသပတေးနေ့က မလေးရှားနိုင်ငံအား ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် အမြန်နှုန်းမြှင့်ရထားလမ်းနှင့် အခြားအခြေခံတည်ဆောက်မှုအဆင့်မြင့်နည်းပညာအား ပေးကမ်းသွားမည်ဟု သိရသည်။
    ———————————————————-
    တရုတ်ပြည်မှကျောထောက်နောက်ခံပြုထားသော အငြင်းပွားဖွယ်ကြေးနီစီမံကိန်းကို မြန်မာနိုင်ငံမှ ပြန်လည်စတင်

    တရုတ်နိုင်ငံကုမ္ပဏီတစ်ခုနှင့်ချုပ်ဆိုထားသော အငြင်းပွားဖွယ်ကြေးနီစီမံကိန်းကို မြန်မာနိုင်ငံမှ ပြန်လည် စတင်ဆောင်ရွက်စေလိုက်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။ ထိုစီမံကိန်းမှာ အစဉ်တစိုက်ဆန့်ကျင်ဆန္ဒပြခဲ့ရာမှ ငြိမ်းချမ်းစွာဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့၏ အကြမ်းဖက်နှိမ်းနင်းမှုကို ခံခဲ့ကြရသည်။
    ———————————————————-
    စင်္ကာပူရေပိုင်နက်အတွင်း လှေနစ်မြုပ်မှုဖြစ်ပြီး လူ ၉ ဦးပျောက်ဆုံးနေ

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စင်္ကာပူရေပိုင်နက်အတွင်း လှေသင်္ဘောတစ်စင်း နစ်မြုပ်သွားပြီး လူ ၉ ဦးမှာ ပျောက်ဆုံးနေသည်။ နစ်မြုပ်သွားသည့်သင်္ဘောမှာ Guo Liang 677  ဖြစ်ပြီး၊ Horsburgh Lighthouse ၏မြောက်ဖက် ရေမိုင် ၇ မိုင်အကွာအဝေးတွင် နစ်မြုပ်သွားခဲ့သည်ဟု စင်္ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင်တို့မှ သတင်းထုတ်ပြန်ခဲ့သည်။
    ———————————————————-
    စပိန်သမိုင်းတွင် နှစ်ပေါင်း ၆၀ ကျော်တွင်း အဆိုးရွားဆုံး ရထားမှောက်မှုကြောင့် လူပေါင်း၇၈ ယောက် သေဆုံးသူ

    စပိန်နိုင်ငံ အနောက်မြောက်ဘက်တွင် ရထားမောင်းသူ၏ ပေါ့ဆမှုကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ခရီးသည် ၇၈ ဦး ရှိသွားပြီးဖြစ်သည်။  ရထားမောင်းသူအား တာဝန်ရှိသူများက စစ်ဆေးနေသည် ဟု သိရသည်။

    ထို မတော်တဆမှုသည် ဆန်တီအေဂို ဒီ ကွမ်ပ်ပိုစတီလာ (Santiago de Compostela) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ လူ ၁၆၀ ကျော် ဒဏ်ရာရ၍ လူ ၃၂ ယောက် အရေးပေါ်လူနာဖြစ်ခဲ့သည်။

    တူနီးရှား နိုင်ငံရေးသမား မုဟမ္မဒ် ဘရာဟ်မီ လုပ်ကြံသတ်ဖြတ်ခံရ

    တူနီးရှား အတိုက်ခံ နိုင်ငံရေး ခေါင်းဆောင် မုဟမ္မဒ် ဘရာဟ်မီ (Mohamed Brahmi) သည် တူနီးရှားနိုင်ငံ၏ မြို့တော်ရှိ သူ၏ နေအိမ်အပြင်ဘက်တွင် သေနတ်ဖြင့် လုပ်ကြံအပစ်ခတ်ခံရသဖြင့်  သေဆုံးသွားခဲ့သည် ဟု တာဝန်ရှိသူများက ဆိုသည်။
    မစ်စတာ ဘရာဟ်မီသည် အသက် ၅၈ နှစ်အရွယ် ရှိပြီး နိုင်ငံပြည်သူပါတီ Nationalist Movement of the People party ၏ ဦးဆောင်သူဖြစ်သည်။
    ဒီနှစ်အတွင်း တူနီးရှားတွင် ယခုကဲ့သို့ အတိုက်ခံ ခေါင်းဆောင် အသတ်ခံရသည်မှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
    ———————————————————-
    အီတလီနိုင်ငံတွင် မီးရှုးမီးပန်း ထုတ်လုပ်ရေး စက်ရုံ ပေါက်ကွဲမှုဖြစ်ပွား

    ကြာသပတေးနေ့က အီတလီနိုင်ငံအလယ်ပိုင်းရှိ မီးရှုးမီးပန်း ထုတ်လုပ်ရေး စက်ရုံသည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံး၍ လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။ Reuters ၏ သတင်းအရ အီတလီနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတမ်းဒေသရှိ ပစ်ကာရာ(Pescara) အနီး ပခ်ဆီရာနို(Picciano) ရှိ စက်ရုံ တစ်ဝိုက်တွင် မီးသတ်သမားများသည် ကြီးမားသောမီးလောင်ကြွမ်းမှုကို ငြိမ်းသက်နေချိန်၌ ပျောက်ဆုံးနေသော စက်ရုံအလုပ်သမား ၃ ဦးကိုလည်း ရှာဖွေခဲ့ကြောင်း သိရသည်။ စက်ရုံအတွင်းမှာ မပေါက်ကွဲခဲ့သော မီးရှုးမီးပန်းများကျန်နေသေးသော်လည်း၊ ကြီးမားသော ပေါက်ကွဲမှုအပြီးတွင် ပေါက်ကွဲမှု အသေးစားလေးများလည်း ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

    ———————————————————–

    မြန်မာပြည်တွင်းက မွတ်စလင်များ အတွက် ဟရာမ်ဖြစ်သည့် Haribo သီးစုံဂျယ်လီ

    Haribo ကုမ္ပဏီကို ၁၉၂၂ ခုနှစ်တွင် ဂျာမဏီ နိုင်ငံ၌ တည်ထောင် ခဲ့ပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ထုတ်လုပ် ဖြန့်ဖြူး လျက်ရှိသည်။ ထိုသို့ ထုတ်လုပ် ဖြန့်ဖြူး နေသည့် နိုင်ငံ များတွင် မွတ်စလင် နိုင်ငံ ဖြစ်သည့် တူရကီ နိုင်ငံလည်း အပါအ၀င် ဖြစ်သည်။ Haribo သည် မွတ်စလင်များ အတွက် ဟရာမ် (စားသုံးရန် လုံးဝ မဖြစ်နိုင်သော) ဖြစ်သော် ငြားလည်း တူရကီ နိုင်ငံရှိ မွတ်စလင် များစားသုံး နိုင်ရန် အတွက် ဟလာလ် ဖြစ်အောင် စီမံ ထုတ်လုပ် လျက်ရှိသည်။

  • အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ၄ လအကြာ ကြိုပင်ကောက်မှ မွတ်စလင်မ်များ ထိတ်လန့်မှု ပုံမှန်ပြန် မဖြစ်သေး

    ဇူလိုင်-၂၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    kyo pin kyout copy

    ကြို့ပင်ကောက် ။       ။     ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ရှိ အကြမ်းဖက်ခံရသည့် ပြည်သူတစ်ဦးထံ  သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ၊ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ သိလို သမျှကို M-Media မှ ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

    “၂၀၁၃-ခုနှစ် မတ်လ ၂၃ရက်၊ ၂၄ရက်နေ့များမှာ ကျွန်တော်တို့ ပဲခူးတိုင်း အနောက်ခြမ်းထဲက  အိုးသည်ကုန်း မြို့နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့ ကြို့ပင်ကောက် မြို့သို့ အဲဒီ့ ဂယက်တွေ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီနေ့တွေထဲက ကြို့ပင်ကောက်မြို့မှာ အုတ်ဖို ပြီးရင် ကြို့ပင်ကောက် ဆိုတာတွေ ကြားခဲ့ရတယ်။ ကြို့ပင်ကောက်က မွတ်စ်လင်မ်တွေ အားလုံး ပစ္စည်းတွေရွှေ့၊ သိမ်းရင်း အားလုံး သတိနဲ့ နေနေကြရတယ်။

    ၂၀၁၃-ခု၊ မတ်လ ၂၅-ရက်နေ့ ညမှာတော့ ည ၁၁း၃၀ နာရီ မှ စတင်၍ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။ ကြို့ပင်ကောက်မှာ နေအိမ်(၃)လုံး စတင်ဖျက်ဆီးခံရပြီးနောက် မြို့မ ဂျာမေ့လ်ဗလီ ကြီးလည်း ဖျက်ဆီးခံရပါတယ်။ ကျွန်တော်တို့ရဲ့ နေအိမ်၊ ဆိုင်ခန်း အပါအ၀င် မွတ်စ်လင်မ် အများစုရဲ့ နေအိမ်များ အကြမ်းဖက်ခံရပါတယ်။ ပစ္စည်းများကို ဖျက်ဆီး ရိုက်ချိုးရုံသာမက အဖိုးတန် ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြပါတယ်။ မွတ်စ်လင်မ် အားလုံး မိုးမလင်းခင်ထိ ဗုဒ္ဓဘာသာ မိတ်ဆွေတွေအိမ်မှာ သွားရောက် ပုန်းခိုကြရပါတယ်။ မိမိတို့ နေအိမ်မှာ မည်သူမျှ မနေရဲခဲ့ကြပါဘူး။ အကြမ်းဖက် အုပ်စုတွင် မြို့ခံ၊ ရွာခံ လူများစွာ ပါဝင်ခဲ့ကြပါတယ်။

    အလ္လာဟ်အိမ်တော်ဖြစ်တဲ့ ဂျာမေလ်ဗလီဟာ ဒုတိယ အကြိမ်မှာတော့ သစ်လုံးတင်သည့် ကရိန်းဖြင့် မဒရ်စာရ်ဆာ အဖျက်အဆီး ခံရပြီးနောက် ဗလီ အထဲ အထိ ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။ မွတ်စ်လင်မ်တွေ အားလုံးဟာ မနက်မိုးလင်းမှ မိမိနေအိမ်တို့ ပြန်ကြရပါတယ်။ အဲဒါနဲ့တင် မပြီးသေးဘဲ နေ့ခင်း (၂း၀၀)မှာ လူစုထားပြီး “လူအုပ်ကြီး တက်လာပြီ” ဟူ၍ အသံကြားရတော့ ကျွန်တော်အပါအ၀င် မွတ်စလင်မ်တွေ အားလုံး ပုန်းခိုကြရပြန်ပါတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ပါဘူး။

    ၂၆-ရက်နေ့ ညနေ ၄း၀၀ နာရီ ၅း၀၀ နာရီလောက်မှာတော့ ပုဒ်မ (၁၄၄) ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မွတ်စ်လင်မ်တွေ အားလုံး ဘယ်သူမှ ကိုယ်အိမ်ကိုယ် မနေရဲခဲ့ကြပါဘူး တခြားမြို့နယ်တွေဆီ ပုန်းရှောင်နေကြရပါတယ်။ မွတ်စ်လင်မ်တွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်လန့်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ ပူလောင်သောကတွေနဲ့ နေခဲ့ကြရပါတယ်။

    ၂၈.၃.၁၃၊ ၂၉. ၃.၁၃ ရက်နေ့ကစပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြပါတယ်။ ပြင်စရာရှိတာပြင်၊ ရှင်းစရာ ရှိတာရှင်း၊ သိမ်းဆည်းစရာများနှင့်တကွ ပြန်လည် နေထိုင်ကြပါတယ်။ မွတ်စင်လင်မ်တွေ အားလုံးဟာ ညဆို ကြောက်နေခဲ့ကြရပါတယ်။ စိတ်မလုံမခြုံနဲ့ နေခဲ့ကြရပါတယ်။

    ဧပြီလ ၁-ရက်နေ့ကစပြီး မွတ်စ်လင်မ်တွေ အားလုံး စိတ်ကို တင်းပြီး ဆိုင်ပြန်ဖွင့်သူ ဖွင့်၊ ပြင်ဆင်သူ ပြင်ဆင်ဖြင့် စတင် လုပ်ငန်း လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲကတော့ မွတ်သ်လင်မ်ဆိုင် အားလုံး ငုတ်တုတ် ထိုင်နေကြရပါတယ်။ မွတ်စ်လင်မ်တွေ ရောင်းနေတာ မြင်ရင် ၀င်လာပြီးရင်တောင် ပြန်ထွက် သွားကြပါတယ်။ အရောင်းအ၀ယ်တွေ ပုံမှန် လုံးဝကို ပြန်လည် မရရှိသေးပါဘူး။ ဗလီမှာ မဒါရ်ဆာ( စာသင်ကျောင်းဆောင်) မရှိတော့တဲ့ အတွက် ကလေးတွေ စာသင်ဖို့ နေရာ ပျောက်ဆုံးခဲ့ရပါတယ်။

    မွတ်စ်လင်မ်တွေ အားလုံးရဲ့ လူမူရေး၊ စီးပွားရေးဟာ ယနေ့ထိ ပြန်လည် အဆင်မပြေသေးပါဘူး။ မြန်မာပြည် အနှံက စေတနာရှင်တွေနဲ့ ညီနောင်တွေ အားလုံးက ထောက်ပံ့ ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ်တွေရဲ့ စိတ်ထဲမှာ ၀မ်းနည်း၊ သိမ်ငယ်၊ ကြောက်လန့် နေတဲ့ စိတ်တွေကတော့ ပြန်လည် မြှင့်မတင်လာသေးပါဘူး။   ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ်တွေ အားလုံး နီးပါးဟာ စိတ်ဓာတ် အင်အား၊ အတွေးအခေါ်နှင့် ငွေအင်အား၊ စီးပွားရေးတွေဟာ အခြေခံ လူတန်းစား များသောအားဖြင့် ဈေးသည်တွေ အတွက် လိုအပ်နေပါသေးတယ်။

    မွတ်စ်လင်မ်တွေ အားလုံး တစုတစည်းထဲ ညီညီညွှတ်ညွှတ် ဆောင်ရွက် သွားကြဖို့ လိုပါတယ်။ တစ်ဦးနှင့် တစ်ဦး တိုင်တိုင် ပင်ပင် နွေးထွေးစွာ ရှိမည်ဆိုပါလျှင် အကြမ်းဖက်ခံခဲ့ရသည့် ဒေသများမှ မွတ်စ်လင်မ် အားလုံးရဲ့ စိတ်ဓာတ်သည် ပြန်လည် မြင့်တက်လာပြီး နိုးကြားလာမှာ ဖြစ်ပါတယ်။  ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ် လူငယ်တွေ အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကိုလည်း လာရောက်သင်ကြားပေးစေချင်ပါတယ်။ ကူညီပါ၊ ထူမပါ၊ လက်တွဲ ထူမပေးကြပါလို့ ပြောချင်ပါတယ်” ဟု M-Media သို့ပြောသည်။