News @ M-Media
Blog
  • ၂၃-၇-၂၀၁၃ အားကစားသတင်းများ
    ဇူလိုင်-၂၃၊၂၀၁၃
    M-Media
    sport news
    မန်ယူတိုက်စစ်မှူးရွန်နီ ချယ်ဆီးသို့ ပြောင်းရွှေ့တော့မည်
    ပရီးမီယားလိဂ်ကလပ် ချယ်ဆီးအသင်းသည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီအား ပေါက် သန်း ၃၀ ဖြင့်ခေါ်ယူရန် သဘောတူညီချက်ရရှိခဲ့ပြီး ၎င်းတို့နှစ်သင်းတွေ့ဆုံမည့် သြဂုတ် ၂၆ ရက်မတိုင်မီ ပြောင်းရွှေ့ခြင်း မပြုရဟူသော အချက်လည်း ပါဝင်သည်။
    ……………………………………………………………………………..
    ဖာဘရီဂတ်စ်အားခေါ်ယူရန် တတိယအကြိမ်အဖြစ် မန်ယူကမ်းလှမ်း
    ပရီမီးယားလိပ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းသည် ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား ပြောင်းရွှေ့ကြေး ယူရို ၄၁ သန်းဖြင့် တတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်သည်။ ယူရို ၃၅ သန်းနှင့် ဒုတိယအကြိမ်ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းဘက်မှ ငြင်းပယ်ခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆုံး အကြိမ်အဖြစ် ကမ်းလှမ်းခြင်းဖြစ်သည်။
    ……………………………………………………………………………..
    ပရီးမီးယားလိဂ် ဖလားကို ငွေဖြင့်ဝယ်ယူ၍ မရနိုင်ဟု မန်စီတီးအား ပီတာချက် သတိပေး
    ချယ်ဆီးအသင်း ဂိုးသမား ပီတာချက်က မန်ချက်စတာစီးတီးအနေဖြင့် ယခုနှစ်ရာသီ ပရီမီးယားလိဂ် ဖလားအား ငွေဖြင့် ပြန်လည် ၀ယ်ယူ၍ မရနိုင်ဟု သတိပေးပြောဆိုလိုက်သည်။ မန်ချက်စတာစီးတီးအသင်းသည် ကစားသမားအသစ်များ ၀ယ်ယူရန်အတွက် ယခုအချိန်အထိ ယူရို ၁၁၆ သန်း သုံးစွဲထားသည်။
    ……………………………………………………………………………..
    ပေါတိုတိုက်စစ်မှူး အသင်းမပြောင်းလို
    ပေါ်တိုအသင်း၏ ကိုလံဘီယာတိုက်စစ်မှူး ဂျက်ဆန် မာတီနက်ဇ်အား ဘိုရုရှားဒေါ့မွန်နှင့် နာပိုလီကဲ့သို့ အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်းအနေဖြင့် ပေါ်တိုမှထွက်ခွာရန် ဆန္ဒမရှိဟု ပြောဆိုလိုက်သည်။ ပေါ်တိုတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း၊ ပေါ်တိုအသင်းနှင့်အတူ ဆုဖလားများစွာကို ရယူပိုင်ဆိုင်လိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
    …………………………………………………………………………………..
    နည်းပြ မာတီနိုအား သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူပြီးဟုဆို
    ဘာစီလိုနာအသင်း၏ လစ်လပ်နေသော နည်းပြရာထူးအား တာဝန်ယူရန်အတွက် အာဂျင်တီးနား နည်းပြဟောင်း ဂျရာဒို မာတီနိုအား သုံးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီး မကြာခင် တရားဝင်သတင်းထုတ်ပြန်ဖွယ်ရှိသည်ဟု စပိန် မီဒီယာတစ်ချို့မှ ရေးသားထားသည်။
    Source: Marca
    …………………………………………………………………………………..
    အလီစစ်ဆိုခိုအား လီဗာပူလ်း ခေါ်ယူမည်
    လီဗာပူးလ်အသင်းသည် ဗလင်စီယာ နောက်ခံလူ အလီ စစ်ဆိုခိုအား အငှားဖြင့်ခေါ်ယူရန် နီးစပ်နေပြီး လာမည့်နှစ်နွေရာသီတွင် အပြီးတိုင်ခေါ်ယူနိုင်မည့် သဘောတူညီချက်လည်း ပါဝင်မည်ဖြစ်သည်။
    Daily Mail
    ……………………………………………………………………………………………
    ကန်ဒရီဗာနှင့်ပက်သက်၍ လာဇီယို သတိပေး
    လာဇီယိုအသင်းက ၎င်းတို့၏ ကစားသမား အန်တိုနီယို ကန်ဒရီဗာမှာ ရောင်းရန်မဟုတ်ဟု မန်ချက်စတာယူနိုက်တက် အသင်းအား သတိပေးပြောကြားခဲ့သည်။ မန်ချက်စတာယူနိုက်တက်အနေနှင့် သီယာဂို အလ်ကန်တာရာအား ခေါ်ယူခွင့် ဆုံးရှုံးခဲ့ပြီးနောက် ကန်ဒရီဗာအားစိတ်ဝင်စားလာခြင်းဖြစ်သည်။
    Daily Mail
    ……………………………………………………………………………………………..
    တိုက်စစ်မှူးဘားနဒ် အာဆင်နယ်တွင် ဆေးစစ်ပြီးရင် စာချူပ်ချူပ်ဆိုမည်။
    ဘရာဇီးကလပ် အက်သလက်တီကို မီနီရိုအသင်း၏ တိုက်စစ်မှူး ဘားနဒ်မှာ လာမည့်သောကြာနေ့တွင် အဆယ်နယ်အသင်း၌ ဆေးစစ်မှုပြုလုပ်ပြီးနောက် အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ဆိုမည်ဟု သိရသည်။
    L’Equipe
    ………………………………………………………………………………….
    ဂျူဗီအလယ်တန်းကစားသမားကို ရီးရဲလ်ခေါ်ယူလို
    ရီးရဲလ်မက်ဒရစ်အသင်းသည် ဂျူဗင်တပ်ကွင်းလယ်လူ အာတူရိုဗီဒယ်အား ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်။ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သည့် အစ္စကိုနှင့် အလယ်ရာမန်ဒီတို့နှစ်ဦးကို ခေါ်ယူခဲ့သော်လည်း အသင်း၏ ကွင်းလယ်အင်အား ပိုမိုတောင့်တင်းရန်အတွက် ဗီဒယ်အား ကမ်းလှမ်းခြင်ဖြစ်သည်ဟု သိရသည်။
    Kicker
    …………………………………………………………………………..
    ဗြိတိသျှ တင်းနစ်ကစားသမား ကင်ဆာရောဂါပျောက်ကင်း
    ပြီးခဲ့သည့် ဒီဇင်ဘာလက ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် လင်ဖိုမာ ရောဂါရှိနေကြောင်းတွေ့ရှိရ၍ လန်ဒန်မြို့တွင်ဆေးကုသမှုခံယူနေသော ဗြိတိသျှ တင်းနစ်ကစားသမား ရောစ့်ဟတ်ချင်သည် ယခုအခါ ကင်ဆာရောဂါ သက်သာပျောက်ကင်းသွားပြီဟု သိရသည်။ ၎င်းမှာ ဗြိတိသျှ တင်းနစ်အကျော်အမော် အန်ဒီမာရေး၏ ရင်းနှီးသော မိတ်ဆွေလည်းဖြစ်သည်။
    ………………………………………………………………………………..
    ဖော်မြူလာဝမ်း ယခုနှစ်ကားပြိုင်ပွဲတွင် လော့တက်စ် အသင်းဗိုလ်စွဲနိုင်မည်ဟု ရိတ်ကိုနင်ဆို
    ဖော်မြူလာဝမ်းပြိုင်ပွဲဝင် လော့တက်စ်အသင်း၏ ပြိုင်ကားမောင်းသမား ကီမီ ရိတ်ကိုနင်က လော့တက်စ် အသင်းမှာ ယခုနှစ်တွင်ဗိုလ်စွဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ပြီးခဲ့သည့် ဂျာမန်ဂရင်းပရီပြိုင်ပွဲတွင် ပြသခဲ့သောစွမ်းဆောင်ရည်များကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ……………………………………………………………………………………
    WBA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိ
    WBA မစ်ဒယ်ဝိတ်တန်း နှစ်ထပ်ကွမ်းချန်ပီယံဟောင်းဖြစ်သူ မြောက်အိုင်ယာလန်နိုင်ငံသား ဘရိုင်ယန် မဂီးမှာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်ဝှေ့ထိုးသတ်ခွင့် ခြောက်လ ပိတ်ပင်လိုက်သည်။ ၎င်းသုံးစွဲခဲ့သည့် အထောက်အကူပြုဆေးဝါးတွင် ထိုတားမြစ်ဆေးဝါးပါဝင်ခြင်းကို ဖော်ပြမထားကြောင်း တွေ့ရှိခဲ့၍ ကာလရှည် ပိတ်ပင်ခံရခြင်းမှ ကင်းလွတ်ခဲ့သည်။
  • ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သံသယရှိသူမှာ CCTV မှတ်တမ်းများအရ  အာသံပြည်နယ်မှ ဖြစ်
    ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သံသယရှိသူမှာ CCTV မှတ်တမ်းများအရ အာသံပြည်နယ်မှ ဖြစ်
    ဇူလိုင်-၂၂ ၊ ၂၀၁၃
    M-Media
    Bodh-Gaya-Bombing-Suspect-NIA-Sketch
    နယူးဒေလီ။ ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုသည့် အိန္ဒိယ မူဂျာဟစ်ဒင်(IM)အဖွဲ့ နှင့် ဘီဟာပြည်နယ်ရှိ ၎င်းတို့၏ အဖွဲ့ခွဲနှင့် ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေသော်လည်း လုံခြုံရေးကင်မရာတွင်တွေ့ရသော ဗုံးဖောက်ခွဲသူဟု သံသယရှိသူမှာ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံ(Assam) ပြည်နယ်မှဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
    ဇူလိုင်လ ၇ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေသည့် အမျိုးသား စုံစမ်း စစ်ဆေးရေး အေဂျင်စီ(NIA) က ၎င်းတို့ ရရှိထားသည့် သဲလွန်စများမှာ အိန္ဒိယအရှေ့မြောက်ဘက် ပိုင်းရှိ ပြည်နယ် တစ်ခုကို ဖော်ပြနေသည်ဟု ဆိုသည်။
    “ဘီဟာပြည်နယ်က အကြမ်းဖက်အဖွဲ့ခွဲကို သံသယရှိနေပေမယ့် ဗုံးဖောက်ခွဲသူဟာ အာသံ ပြည်နယ်က ဖြစ်နိုင်တဲ့ အချက် အလက်တွေ ရှိနေပါတယ်။ အဲဒီ့ သံသယရှိသူကို တွေ့လိုက်တဲ့ မျက်မြင်သက်သေကလည်း ကျနော်တို့ကို ဒီလိုပဲ ပြောပါတယ်။ ဒါပေမယ့် စုံစမ်း စစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဗုံးခွဲသူဟာ ဘီဟာပြည်နယ်အပါအ၀င် ဘယ်နေရာမှ ပြေးမလွတ်နိုင်ပါဘူး။”ဟု အေဂျင်စီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
    လုံခြုံရေးကင်မရာတွင် တွေ့ရသည့် ပုံရိပ်များနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကိုအခြေခံ ရေးဆွဲထားသည့် ဗုံးဖောက်ခွဲသူဟု သံသယရှိသူနှစ်ဦး၏ ပုံကြမ်းများကိုလည်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။
    မဟာဗောဓိဘုရားကျောင်း ပရ၀ုဏ်အတွင်း ဗုံး ၁၃ လုံးတပ်ဆင်ထားခဲ့သော်လည်း လူအများအပြား ထိခိုက်ဒဏ်ရာရအောင် ရည်ရွယ်ခြင်း မရှိဘဲ ဘုရားကျောင်းအတွင်း ပျက်ဆီးစေရန်သာဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြသည်။ “ဗုံးခွဲတိုက်ခိုက်သူဟာ ဘုရားကျောင်းအတွင်းမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုသာ ဖျက်ဆီးချင်တာဖြစ်ပေမယ့် ဘုရားရှိခိုး ဆုတောင်းမှုတွေ ပြုလုပ်နေတဲ့အတွက် ဘုရားကျောင်းအတွင်းထဲထိ ၀င်လို့ မရခဲ့ပါဘူး။ မျက်မြင် သက်သေတွေကလည်း ဒီလိုပဲထွက်ဆိုပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းပြည်နယ်ဖြစ်သော အာသံပြည်နယ်မှာ၂၀၀၁ ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၁၇ သန်းကျော်ရှိပြီး ၆၅ % မှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။
    Ref: The Times Of India
  • မလေးဝန်ကြီး၏ သမ္မာကျမ်း (Bibles) နှင့် ပတ်သက်သည့် စကားအား အစ္စလာမ့်ဘောင်တွင်းမှ လုပ်ငန်း မဟုတ်ဟု ဓမ္မသတ်မှူးဟောင်း ဝေဖန်
    ဇူလိုင်-၂၁၊ ၂၀၁၃
    M-Media
    Un-Islamic to torch bibles
    မလေးရှားနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာစီမံကိန်း၊ ပြည်တွင်းရေးရာ ၀န်ကြီး တာဝန်ယူထားသော ကိုတာဘာလူး (Kota Belud) မဲဆန္ဒနယ်၏ လက်ရှိ အာဏာရပါတီ Umno လွှတ်တော် အမတ်ဖြစ်သူ ဒါတွတ် အဗ်ဒုလ် ရဟ်မာန် ဒဟ်လန် (Datuk Abdul Rahman Dahlan) ၏ “ သမ္မာကျမ်းကို မီးရှို့လိုက်ခြင်းက သူတို့ (သမ္မာကျမ်း လက်ကိုင်ပြုသူတို့)ကို ပိုသေးသိမ်စေလိမ့်မယ် ” ဟူသော ဆို စကားအပေါ် ထင်ရှားသော မွတ်စ်လင်မ်ပညာရှင် နှင့် Perlis ဓမ္မသတ်မှူးဟောင်း ဒေါက်တာ မုဟမ္မဒ် အဆ်ွရီ ဇိုင်နုလ် အာဗိဒီးန် (Dr. Mohd Asri Zainul Abidin) မှ အောက်ပါ အချက်တွေနဲ့ တုန့်ပြန်ဝေဖန်လိုက်ပါတယ်။
    Perlis ဓမ္မသတ်မှူးဟောင်း ဒေါက်တာ မုဟမ္မဒ် အဆ်ွရီ ဇိုင်နုလ် အာဗိဒီးန် တန့်ပြန်ဝေဖန်ချက်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
    “တိုင်းပြည် ကောင်းစားရေးနဲ့ဆန့်ကျင်တဲ့ ဆိုစကားဖြစ်တယ် ”
    “  သမ္မာကျမ်းစာကို မှားယွင်းဖော်ပြထားတယ်ဆိုပြီး ပြန်လည် တည့်မတ်ပြုပြင်ရေး အတွက် မီးရှို့လိုက်ရမယ်လို့ အစ္စလာမ်သာသနာက ဖော်ပြထားခြင်း မရှိဘူး ”
    “ အဲ့ဒီလိုလုပ်ရပ်မျိုး ပြုလုပ်ဖို့ အစ္စလာမ်သာသနာက မိမိနောက်လိုက်တွေကို ဘယ်တုန်းကမှ မသွန်သင်ထားခဲ့ဘူး။ သမ္မာကျမ်းဂန်ဟာ မွတ်စ်လင်မ်တွေရဲ့ ပိုင်ဆိုင်မှုလည်း မဟုတ်ဘူး ”
    “ သူ ဘာတွေပြောနေတာပါလိမ့် !  မည်သည့်ဘာသာတရားကိုမဆို စော်ကားခြင်းအပေါ် အစ္စလာမ်က တားမြစ်ပိတ်ပင်ထားတယ်။  အဲ့လိုလုပ်ရပ်မျိုးက ရန်ငြိုးတရားကို ဖိတ်ခေါ်တာဖြစ်တဲ့အပြင် အစ္စလာမ်သာသနာ နဲ့ အလ္လာဟ်အရှင်မြတ်ကို လက်တုန့်ပြန်စော်ကားမှု  ဖြစ်လာစေတယ်။ ပါးရိုက်ယင် နားကိုက်မယ်ဆိုတဲ့ပုံစံမျိုးလည်း ကျွန်တော်တို့မှာ လုပ်နိုင်ခွင့် မရှိဘူး ”
    “ အမုန်းမီးမွှေးဖို့ ကျွန်တော်တို့သာသနာက လုံးဝ သွန်သင်မထားဘူး။ အခြားဘာသာဝင်တွေရဲ့ သက်ဆိုင်ရာကျင့်ထုံး အခွင့်အရေး၊ သက်ဆိုင်ရာ ကျမ်းဂန် ထိန်းသိမ်းဖော်ဆောင်ခွင့်ကို အစ္စလာမ်က အစဉ် အသိအမှတ်ပြုထားတယ် ”
    “ မွတ်စ်လင်မ်တစ်ဦးအနေနဲ့ အစ္စလာမ်သာသနာကို လွတ်လပ်စွာကျင့်သုံးခွင့် တားဆီးတဲ့လုပ်ရပ်အတွက်သာ တိုက်ခိုက်ခွင့် ရှိတယ်။  မွတ်စ်လင်မ် မဟုတ်ဘူးဆိုယုံနဲ့ ဘယ်သူ့ကိုမှ ရန်သူအဖြစ် ကြေငြာခွင့် မပြုထားဘူး ”
  • ထိပ်တန်း အလှူဒါနရှင်များ စာရင်း၌ ဗြိတိန် မွတ်စ်လင်မ်များပါဝင်
    ဇူလိုင်-၂၂၊ ၂၀၁၃
    M-Media
    UK Muslims Top Charity
    ဗြိတိန်မွတ်စလင်မ် ပရဟိတအလှူ အဖွဲတဖွဲ့ ဆိုမာလီယာ နိုင်ငံတွင် ရေရရှိရေးအတွက် စက်ရေတွင်းအလှူ
    ဗြိတိန်မှ အလှူဒါနဆိုင်ရာ နာမည်ကျော် ၀က်ဘ်ဆိုဒ်တစ်ခုတွင် တင်ထားသည့် မှတ်တမ်းကောက်ချက်တစ်ရပ်၌အခြားသောဘာသာဝင်နှင့် နှိုင်းယှဉ်သော် ဗြိတိန်ရှိ မွတ်စ်လင်မ်များသည် ထိပ်တန်းအလှူဒါနရှင်များဖြစ်ကြောင်း တွေ့ရှိရသည် ဟုဆိုသည်။
    “  ဇကာ့သ်အလှူဒါန ပေးအပ်မှုများမှာ ယခုအခါ တစ်ဖြည်းဖြည်းတိုးမြှင့်လာပြီး၊ ဗြိတိန်မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများသည် အွန်လိုင်းမှတစ်ဆင့် အလှူဒါနပေးကမ်းခြင်းကို ထိပ်ဆုံးမှ အများဆုံးပြုလုပ်သူများဖြစ်လာကြောင်း ကျွန်တော်တို့၏ အချက်အလက်များမှ တစ်ဆင့်သိရှိရသည် ”  ဟု JustGiving ၀က်ဘ်ဆိုဒ်၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဇာရင်း ခါရတ်စ် (ZarineKharas) မှ The Times သို့ ပြောကြားခဲ့သည်။
    JustGiving ၀က်ဘ်ဆိုဒ် နှင့်အတူတွဲ၍ လူ ၄၀၀၀ ပါဝင်သည့် စစ်တမ်းကောက်ယူချက်တွင် မွတ်စ်လင်မ်များသည် အခြားသောဘာသာဝင်အုပ်စုများထက်  အလှူဒါန ပိုမို ပြုလုပ်ကြောင်း သိရှိရသည်။၎င်းစစ်တမ်းကောက်ယူချက်တွင် လွန်ခဲ့သောနှစ် မွတ်စ်လင်မ်အလှူရှင်များသည် တစ်ဦးလျှင် ပျမ်းမျှ ၃၇၁ ပေါင် နီးပါးလှူဒါန်းခဲ့ကြောင်း စနေနေ့ကThe Times မှ ကြေငြာခဲ့သည်။
    ဘုရားမဲ့ဝါဒီများကမူ ၁၀ ဦးတွင် လေးဦးမှာ အလှူဒါနလုပ်ဆောင်ခြင်း အလျဉ်း မရှိကြောင်း၊ ထိုသူများနှင့် နှိုင်းယှဉ်ပါက မွတ်စ်လင်မ်များ၊ ကက်သလစ် နှင့် အခြားခရစ်ယာန်ဘာသာဝင်များသည် ၁၀ ဦးတွင် ၃ ဦး၊ ပရိုတက်စတင့်များသည် ၁၀ ဦးတွင် ၃ ဦးနီးပါး နှင့်  ဂျူးများတွင် ၁၀ ဦးတွင် ၄ ဦးအထက် အလှူဒါနပြုလုပ်ခြင်း မရှိကြကြောင်းကို စစ်တမ်းက ဆိုနေသည်။
    အွန်လိုင်းမှတစ်ဆင့် အလှူဒါနပြုလုပ်သူ မွတ်စ်လင်မ်ဦးရေမှာ တစ်နေ့တစ်ခြား တိုးပွားလာနေကြောင်း၊ သူတို့၏လှူဒါန်းမှုများမှာ အဓိကအားဖြင့် ဘာသာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများ ဖြစ်သော ထောက်ပံ့ရေး နှင့် ကယ်ဆယ်ရေးလုပ်များအတွက်ဖြစ်ကြကြောင်း JustGiving က ထုတ်ဖော်ခဲ့သည်။
    သို့သော်လည်း British Heart Foundation နှင့် Macmillan ရှိ ကင်ဆာရောဂါသုတေသနလုပ်ငန်း (Cancer Research)  စသည်တို့ကိုလည်း လှူဒါန်းမှု အမြောက်အများ ထည့်ဝင်ခဲ့ကြောင်းလည်း သိရသည်။
    “ ဒီအလှူဒါနတွေဟာ ဗြိတိန်နိုင်ငံရှိ အစ္စလာမ်ရဲ့ စိတ်ရင်းအမှန် နဲ့သရုပ်မှန်ကို အထူးဖော်ပြနေပါတယ်။ မိမိတို့ရဲ့လူ့အဖွဲ့အစည်းကိုသာမက အခြားသော လူသားအကျိုးပြုလုပ်ငန်း နဲ့တိုင်းပြည်အရေးများကိုပါ အထောက်အကူပေးနိုင်တဲ့အထိ အလေးထားတာ တွေ့ရပါတယ် ” ဟု ဗြိတိန် မွတ်စ်လင်မ်ကောင်စီ (Muslim Council of Britain) မှ အထွေထွေအတွင်းရေးမှူး ဖာရွတ်ခ် မုရဒ် (FarooqMurad) က ပြောကြားခဲ့သည်။
    ဗြိတိန်တွင်နေထိုင်သူ မွတ်စ်လင်မ်ဦးရေ ၂.၇ သန်းရှိနေသည်။
    အစ္စလာမ်၏ ရှရီအဟ် (ဥပဒေ) အရ တတ်စွမ်းနိုင်သော မည်သည့်မွတ်စ်လင်မ်မဆို သူတို့၏အကျိုးအမြတ်များထဲမှ ၂.၅ ရာခိုင်နှုန်းအား ချို့တဲ့နွမ်းပါးသူ နှင့် ဒုက္ခရောက်နေသူများအား မဖြစ်မနေပေးအပ်ရမည့်တာဝန် ရှိနေ၏။
    ရမဿွာန်လကုန်ဆုံးသည့်နောက်တွင်လည်း တတ်စွမ်းနိုင်သူမွတ်စ်လင်မ်များသည် ဇကာသုလ် ဖစ်သ်ွရာ (Zakat Al-Fitr) အား ပေးကမ်းကြရမည်ဖြစ်ပြီး၊ ၄င်းကျင့်ဝတ်သည် အစ္စလာမ်သာသနာ၏တတိယမဏ္ဍိုင်ပင်ဖြစ်သည်။ ၄င်းဇကာသုလ် ဖစ်သ်ွရာ အား ရမဿွာန်ဥပုသ်လမြတ်အတွင်း ကြိုက်သည့်အချိန်ပေးကမ်းနိုင်သော်လည်း အီးဒ်နေ့ဝတ်ပြုမှု မတိုင်မှီ အချိန်ထက် ကျော်လွန်ခွင့် မရှိချေ။
  • သမ္မတဦးသိန်းစိန်နှင့် ဘာသာပေါင်းစုံတွေ့ဆုံ၊ လူနည်းစု ဘာသာဝင်များ အတွက် အာမခံချက် မတွေ့ရသေး
    M-Media
    ဇူလိုင် ၂၂၊ ၂၀၁၃
    သမ္မတဦးသိန်းစိန်နှင့် ဘာသာပေါင်းစုံတွေ့ဆုံ၊ နိုင်ငံတကာ အမြင်ပြောင်းဖို့ ကြိုးစားကြရန်သာ တိုက်တွန်းသော်လည်း နိုင်ငံသား ဘာသာခြားများ အတွက် ထိရောက်မည့် အပြုသဘောကို မဖော်ပြထား
    U thein sein
    သမ္မတ ဦးသိန်းစိန်ဟာ ဥရောပ ခရီးစဉ်က ပြန်လာပြီးနောက် မနေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင် တို့နဲ့ တွေ့ဆုံ ပြီး ပြည်တွင်းက ပဋိပက္ခ တွေကို ပြည်ပက လူ့အခွင့်အရေး ရှုထောင့်ကနေ သဘောထားပုံ တွေ့ဆုံ ပြောကြား ခဲ့ပါတယ်။
    ဘာသာရေး ပဋိပက္ခတွေကို နိုင်ငံတကာက လူမျိုးတုံး သတ်ဖြတ်မှုလို့ ဝေဖန် ပြောဆိုမှု ရှိသလို ဘာသာ တခုကို အပျောက်ရှင်းတဲ့ လုပ်ရပ်လို့ ဝေဖန် တာတွေ ရှိကြောင်း သမ္မတက ရှင်းလင်း ပြောကြား ခဲ့တယ်လို့ အဲဒီ အခမ်းအနားကို တက်ရောက်တဲ့ ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန် က ဘီဘီစီကို ပြောပါတယ်။
    ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်းပြီး နိုင်ငံတကာ အမြင်တွေကို ချေဖျက် ဖို့လည်း သမ္မတက တိုက်တွန်း သွားတယ်လို့ ဆိုပါတယ်။
    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်းပြီး ကော်မတီ တရပ် ဖွဲ့စည်း သွားမှာ ဖြစ်ပြီး အဲဒီ ကော်မတီက နိုင်ငံတကာရဲ့ မြန်မာ အစိုးရ အပေါ် အမြင်ကို ပြောင်းလဲနိုင်ဖို့ ဆောင်ရွက် သွားမယ် လို့လည်း ဦးညွန့်မောင်ရှိန် က ဆိုပါတယ်။
    ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မြန်မာအစိုးရအပေါ်မှာ ပြည်တွင်းနေ ဘာသာခြားများ (အစ္စလာမ်နှင့် ခရစ်ယာန်)က အစိုးရအနေနဲ့ သူတို့အပေါ်မှာ ထိရောက်တဲ့ ကတိက၀တ်ပိုင်းဆိုင်ရာ ဖြည့်ဆီးပေးမှု မလုပ်ပေးသေးဘဲ အခုလိုမျိုး မျက်နှာဖုံးကိုသာ ကောင်းအောင်လုပ်ဖို့ တိုက်တွန်းတာဟာ နည်းလမ်းမကျဘူးလို့ ဝေဖန်နေကြပါသေးတယ်။
    (သတင်း – ဘီဘီစီမြန်မာပိုင်း၊ သုံးသပ်ချက်- အမ်မီဒီယာ)
    ဓါတ်ပုံ- DVB