News @ M-Media

မိုဘိုင်းဖုန်းများ မက်ဆေ့စ်ပို့၍ အင်တာနက် လျှောက်ထားနိုင်ကြောင်း သိရ

ဇူလိုင်-၂၃၊၂၀၁၃
M-Media
အိမေ

MPT
ရန်ကုန် ။         ။       ၂၀၁၃-ခုနှစ်၊ သြဂုတ်လ ၁-ရက်မှ စတင်၍ GSM, WCDMA မိုဘိုင်းများအနေဖြင့် မက်ဆေ့စ်ပို့ပြီး အင်တာနက်စနစ်ကို လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာသည်နှင့် အမျှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုများ ကျယ်ပြန့်လာပြီး ဟန်းဆက် အရောင်းဆိုင်များမှ အခကြေးငွေ ၀န်ဆောင်ခယူ၍ အင်တာနက် သုံးစွဲနိုင်ရန် ကိုယ်စားလျှောက်ထားမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း၊အဆိုပါဝန်ဆောင်ပေးမှုသည် နေရာဒေသအလိုက် ၀န်ဆောင်ခမှာ ကျပ် ၁၀၀၀ အထက်ရှိပြီး အင်တာနက်သုံးစွဲခွင့်ရရန် ၀န်ဆောင်ခအပါ ကျပ်(၁၁၀၀၀) ဖြင့် ဈေးကွက် ဖော်ဆောင်လျှက် ရှိကြောင်းသိရသည်။

ယင်း Prepaid GSM, WCDMA မိုဘိုင်းဖုန်းများတွင် အင်တာနက် လျှောက်ထားရာတွင် ယခင်လို ဌာနသို့လည်းကောင်း၊ ဟန်းဆက်အရောင်းဆိုင်များသို့ လည်းကောင်း၊လူကိုယ်တိုင်သွားရောက်စရာမလိုပဲ မက်ဆေ့စ်ပို့ရုံဖြင့် အချိန်ကုန် သက်သာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ မက်ဆေ့စ်ပို့၍ အင်တာနက်လျှောက်ရာတွင် ဖုန်းအတွင်း ငွေကျပ်(၁၀၀၀၀) ကျော်ကို ဖြည့်သွင်းထားရှိရန် လိုအပ်ကာ နံပါတ် ၁၃၃၁ သို့ Order data Service စာသားကို မက်ဆေ့စ်ပို့ရမည်ဖြစ်ပြီး You have order data service successfully  ဆိုသည့်စာသားကို ပြန်လည်ရရှိသည်နှင့် တပြိုင်နက် အင်တာနက် လျှောက်ထားသူ၏ ဖုန်းငွေသွင်းထားသော ငွေကျပ် တစ်သောင်းကို ဖြတ်တောက်၍ အင်တာနက် ၀န်ဆောင်မှု ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းဖုန်းများဖြင့်မက်ဆေ့စ်ပို့၍ အင်တာနက် လျှောက်ထားနိုင်မှုအား “ကျွန်တော်က ရွှေပြည်သာမှာ နေတာပါ။ ကျွန်တော်နေတဲ့ မြို့ကနေ  ရန်ကုန်စာတိုက်ကြီးက ဆက်သွယ်ရေး ရုံးကို  အင်တာနက်လိုင်းလျှောက်ဖို့က သွားရေးလာရေး
စရိတ်နဲ့ မထူးပါဘူး ဆိုပြီး ဖုန်းအရောင်းဆိုင်မှာပဲ လျှောက်ဖြစ်ကြတာ များပါတယ်။  ကျွန်တော် အင်တာနက် လျှောက်တုန်းက ၀န်ဆောင်ခ ၃၀၀၀ကျပ် ပေးရတယ်။ ၀န်ဆောင်ခ ပေးရပေ့မယ်လည်း အင်တာနက်က ချက်ချင်း မရပါဘူး။ တစ်ပတ်စောင့်ရပါတယ်။ အခုဆိုရင် အရင်တုန်းကလို အင်တာနက် လျှောက်ဖို့ အတွက် မအားတဲ့ ကြားထဲက အလုပ်တစ်ခု အနေနဲ့  သီးသန့် သွားစရာ မလိုတော့ပဲ အချိန်ကုန် သက်သာတယ်။ ပိုက်ဆံလည်း အပို ကုန်ကျမှု သက်သာသွားတယ်။ ဒီဝန်ဆောင်မှု ရတော့မယ် ဆိုတော့ ဖုန်းမှာ အင်တာနက် လိုင်းလျှောက်ချင်သူတွေ အတွက် အရမ်းအဆင်ပြေသွားပါတယ်” ဟု ရွှေပြည်သာ မြို့နေ ပြည်သူတစ်ဦးမှ M-Media သို့ပြောပြခဲ့ပါတယ်။

Comments

Leave a Reply