News @ M-Media

Blog

  • ရုရှားရဲ့ S-300 ဒုံးခွင်းကို အဇာဘိုင်ဂျန်က ဘယ်လို ဖြိုခဲ့သလဲ?

    ရုရှားရဲ့ S-300 ဒုံးခွင်းကို အဇာဘိုင်ဂျန်က ဘယ်လို ဖြိုခဲ့သလဲ?

    မတ် ၄၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့နှစ် နာဂေါ်နို-ကာရာဘက်ခ် စစ်ပွဲမှာ အားမေးနီးယားဖက်ကချထားတဲ့ ရုရှားဒုံးခွင်းစနစ်ကို ကိုယ်ထူကိုယ်ထ နည်းလမ်းသစ်တစ်ခုနဲ့ ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပုံကို အာဇာဘိုင်ဂျန်က မနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

    ၄၄ ရက်ကြာမြင့်တဲ့ အဲဒီစစ်ပွဲမှာ အရင်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို အဇာဘိုင်ဂျန်က ပြန်ရကာ စစ်နိုင်ခဲ့ပါတယ်။ ​အာဇာဘိုင်ဂျန်ဟာ နောက်ဆုံးပေါ် နည်းပညာတွေကို အခြေခံပြီး တိုက်ခဲ့တာကြောင့် အာမေနီးယားဖက်က လူသူလက်နက် ဆုံးရှုံးမှုတွေ ပိုများခဲ့ပါတယ်။

    အဲဒီဆုံးရှုံးမှုတွေထဲမှာ မဟာမိတ်ရုရှားက ပေးထားတဲ့ S-300 ဒုံးခွင်းစနစ်လည်း ပါဝင်ပါတယ်။

    အဇာဘိုင်ဂျန်အစိုးရ တာဝန်ရှိသူတစ်ဦးက စစ်ပွဲအစပိုင်းမှာ ဒီဒုံးခွင်းစနစ် တည်နေရာကို ရှာဖွေဖို့ ခက်ခဲခဲ့ပေမယ့် အင်ဂျင်နီယာတွေက နည်းလမ်းတစ်ခုဖော်ထုတ်ပြီး ရှာဖွေဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်လုံးထိုးအင်ဂျင်အသုံးပြုထားပြီး လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုနေတဲ့ ဆိုဗီယက်ထုတ် Antonov An-2 လေယာဉ်ကို မောင်းသူမဲ့လေယာဉ်အဖြစ် အသွင်ပြောင်းကာ S-300 ဒုံးခွင်စနစ်ကို အသက်ဝင်လာအောင် အဇာဘိုင်ဂျန်က လုပ်ဆောင်ခဲ့တာပါ။

    “Antonovs လေယာဉ်ဟာ တိုက်ပွဲဝင်အဆင့် ဒရုန်းတစ်ခုအဖြစ် ရေဒါမှာ ပေါ်လာတဲ့အခါ S-300 စနစ်က အသက်ဝင်လာတယ်။ အဲဒီအချိန်မှာ တိတ်တိတ်လေးစောင့်​နေတဲ့ ကာမီကာဇီခေါ် အစ္စရေးလုပ် Harop ဒရုန်းက S-300 ဒုံးခွင်းစနစ်ကို ပစ်ခတ်ဖျက်ဆီးလိုက်တာပါ” လို့ အဇာဘိုင်ဂျန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    တူရကီ တတ်သိပညာရှင်များအဖွဲ့ EDAM ရဲ့ ကာကွယ်ရေးသုတေသနဆိုင်ရာ ဒါရိုက်တာ Can Kasapoglu က အဇာဘိုင်ဂျန်ရဲ့ ဒီနည်းဟာ ရုရှားလက်နက်တွေကို ရင်ဆိုင်ဖို့ နည်းလမ်းသစ်တစ်ခုကို ချပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

    “အာမေးနီးယားလိုနိုင်ငံမျိုးမှာရှိတဲ့ ရုရှားစစ်တပ်ဟာ ရေဒါမှာ ခြိမ်းခြောက်မှု မမြင်မချင်း လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မဖွင့်ပါဘူး။ အဇာဘိုင်ဂျန်တွေကတော့ Antonovs လေယာဉ်ရဲ့ အရွယ်အစားကို ပြောင်းစရာမလိုဘဲ ရေဒါမှာ တိုက်ပွဲဝင်ဒရုန်းအဖြစ် ပေါ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်”

    အာမေးနီးယားကို ရုရှားနဲ့ အီရန်တို့က အဓိက လက်နက်ထောက်ပံ့တာဖြစ်ပြီး၊ အဇာဘိုင်ဂျန်ကတော့ စစ်လက်နက်ပစ္စည်း​တွေကို တူရကီနဲ့ အစ္စရေးတို့က အဓိက ဝယ်ယူဖြည့်တင်းတာ ဖြစ်ပါတယ်။

    Ref: Middle East Eye

  • မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ အကြံပြု

    မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ အကြံပြု

    မတ် ၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး တိုင်းပြည်ကနေ ထွက်ခွာကြဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြေား တင်းမာမှုတွေ မြင့်တက်လာတာ၊ အရပ်သားတွေ သေဆုံးဒဏ်ရာရမှု မြင့်တက်လာတာကြောင့် ဒီလို ထုတ်ပြန်ရတယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံသားတွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ ခရီးစဉ်တွေအားလုံးကိုလည်း စင်ကာပူက ရွှေ့ဆိုင်းထားလိုက်ပါတယ်။

    “ရိုးရိုးလမ်းကြောင်းတွေ ဖွင့်နေသေးတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေ ဖြစ်နိုင်ရင် ချက်ခြင်းထွက်ခွာဖို့ စဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ရှိလိုတဲ့သူတွေ အနေနဲ့လည်း တတ်နိုင်သမျှ အိမ်ထဲမှာနေပြီး မလိုအပ်ဘဲ ခရီးမသွားဖို့ အထူးသဖြင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့နေရာကို မသွားဖို့ အကြံပြုပါတယ်။ ပြည်တွင်းသတင်းတွေကို အနီးကပ်စောင့်ကြည့်ဖို့ စင်ကာပူနိုင်ငံသားတွေကို သတိပေးလိုပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝဘ်ဆိုက်မှာ ဝင်ရောက် မှတ်ပုံတင်ပြီး အဆက်အသွယ်မပြတ်အောင်လုပ်ထားဖို့၊ အကူအညီလိုတယ်ဆိုရင် ရန်ကုန်မြို့ စင်ကာပူသံရုံးကို ဖုန်းဆက်အကူအညီတောင်းဖို့လည်း စင်ကာပူအစိုးရက အကြံပြုထားပါတယ်။

    Ref: CNA

  • ရွေးကောက်ခံအစိုးရကို လုံး၀ အာဏာပြန်မပေးဟု စစ်တပ်က ကုလသမဂ္ဂကို သွယ်၀ိုက်ပြောကြားခဲ့

    ရွေးကောက်ခံအစိုးရကို လုံး၀ အာဏာပြန်မပေးဟု စစ်တပ်က ကုလသမဂ္ဂကို သွယ်၀ိုက်ပြောကြားခဲ့

    မတ် ၄၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာရဲ့ ပိတ်ဆို့မှုနဲ့ ဖယ်ကျဥ်မှုကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီး မိမိတို့ကိုထောက်ခံတဲ့ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့သာ ရှေ့ဆက်သွားတော့မယ်လို့ အာဏာသိမ်းစစ်တပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာကို ပြောကြားလိုက်ပါတယ်။ ၏

    မနေ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့တယ်လို့ သူမက ပြောပါတယ်။ ဒါဟာ အာဏာသိမ်းခဲ့တဲ့ ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ ဘာဂီနာဟာ မနက်ဖြန် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအကြောင်း တင်ပြမှာပါ။

    အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြီးအကဲ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်းနဲ့ ဆွေးနွေးခဲ့ရမှာ တစ်ချို့နိုင်ငံတွေရဲ့ ပြင်းထန်တဲ့တုန့်ပြန်မှုတွေ ဖယ်ကျဥ်တာတွေကို ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ဘာဂီနာက ပြောပါတယ်။ သူမဟာ ဗိုလ်ချုပ်မှုးကြီးစိုး၀င်းနဲ့ ဖေဖော်၀ါရီ ၁၅ ရက်နေ့က နောက်ဆုံး စကားပြောခဲ့တာပါ။

    “ကျွန်တော်တို့ ပိတ်ဆို့မှုတွေနဲ့ အသားကျနေပြီ။ ဒါပေမယ့် ရှင်သန်နိုင်ခဲ့ပါတယ်- လို့ သူက ပြန်ဖြေတယ်။ ဖယ်ကျဥ်ခံရလိမ့်မယ်လို့ သတိပေးတဲ့အခါမှာလည်း – မိတ်ဆွေအနည်းငယ်နဲ့ ရှေ့ဆက်လျှောက်ဖို့ သင်ယူသွားရမှာပါ – လို့ ပြန်ဖြေပါတယ်”

    မြန်မာနိုင်ငံကိစ္စကို တရုတ်နဲ့ ရုရှားတို့က ပြည်တွင်းရေးအဖြစ် ရှုမြင်တာဟာ မှားယွင်းတယ်လို့လည်း ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ပြည်တွင်းရေးကိစ္စသာမဟုတ်ဘဲ ဒေသတွင်းလုံခြုံရေးကို ထိခိုက်နိုင်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာ သူတို့ နားလည်လက်ခံဖို့ ကျွန်မ မျှော်လင့်ပါတယ်”

    ဗိုလ်ချုပ်မှုးကြီးစိုး၀င်းက တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပေးမယ်လို့ ပြောခဲ့ကြောင်းလည်း ဘာဂီနာက ဖွင့်ဟခဲ့ပါတယ်။ ဖေဖော်၀ါရီ ၁၅ ရက်နေ့နောက်ပိုင်း စစ်ကောင်စီနဲ့ သူ့မကြားမှာ စာအဆက်အသွယ်သာ ရှိပါတယ်။

    “ကျွန်မအမြင်အရတော့ သူတို့နည်းလမ်းက NLD က လူတွေကို စုံစမ်းစစ်ဆေးပြီး ထောင်ထဲထည့်မယ်။ နောက်ဆုံး NLD ကို ဖျက်ပစ်ပြီး ရွေးကောက်ပွဲသစ် ကျင်းပကာ သူတို့နိုင်အောင်လုပ်မယ်။ ဒီလိုနည်းလမ်းနဲ့ သူတို့ အာဏာ ဆက်ယူထားမှာ ဖြစ်ပါတယ်”


    Ref: The Straits Times

  • စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    မတ် ၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့အမိန့်ကို မနာခံလိုတဲ့အတွက် ရဲတပ်သား ၃ ဦးဟာ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခိုလှုံလာတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗန်လိုင်ဖိုင်ဆိုတဲ့မြို့လေးကို မနေ့က နေ့လည်ပိုင်းက လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး
    ဒေသခံအာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးကာ၊ နေဖို့ထိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

    “စစ်အစိုးရက ပေးတဲ့အမိန့်ကို မနာခံလိုဘဲ စစ်အုပ်ချုပ်ရေးအောက်မှာလည်း မနေချင်တဲ့အတွက် ဝင်ရောက်ခိုလှုံလာတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်” လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ​တာဝန်ရှိသူ စတီဖင် လာရီနော်မာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ဖိနှိပ်ချုပ်ချယ်မှုကြောင့် ချင်းလူမျိုးတွေ၊ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားနည်းစု ထောင်နဲ့ချီ မီဇိုရမ်မှာ သွားရောက်ခိုလှုံနေရပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    မတ် ၃၊ ၂၀၂၀၁
    M-Media

    ပါလက်စတိုင်းကလေးငယ်တစ်ဦးကို အစ္စရေးစစ်သားများ ဖမ်းဆီးသွားစဉ်

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုက်နက်တွေမှာ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင် စတင်နေပြီလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက ပြောပါတယ်။

    စုံစမ်းမှုကို ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ်နဲ့ ဓမ္မဓိဌာန်ကျကျ ပြုလုပ်သွားမယ်လို့ ဘန်ဆူဒါနဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဂါဇာကမ်းမြှောင်က အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာ ဆောက်လုပ်ထားမှု​ေတွအပါအဝင် ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိလားဆိုတဲ့ကိစ္စကို စုံစမ်းဖို့ ခိုင်မာတဲ့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ဘန်ဆူဒါက ၂၀၁၉ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့နဲ့ ဟားမက်စ်လို ပါလက်စတိုင်းလက်နက်ကိုင် အုပ်စုတွေက ကျူးလွန်မှုတွေ ရှိနိုင်တယ်လို့လည်း သူမက ဆိုပါတယ်။

    “၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နောက်ပိုင်း ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ရှိအောက်မှာ ရှိနေတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာပါ”

    ၁၉၆၇ ခုနှစ်စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ မိမိတို့ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICC က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    Ref: Aljazeera