News @ M-Media
Blog
  • သံတွဲတွင် ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း မီးရှို့ဖျက်ဆီးမှုများ ထပ်မံပြုလုပ်
    ဇွန် ၁၊ ၂၀၁၃
    M-Media
    ဇာဏီ
    TanDwe
    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း အကြမ်းဖက်သမားများမှ ယနေ့ညပိုင်းတွင် ထပ်မံ၍ မီးရှို့မှုများပြုလုပ်နေသည်ဟု သိရပါသည်။
    ယနေ့ည ၉-နာရီ ၅-မိနစ် ခန့်တွင် အံတော် ၆-လမ်းတွင် အကြမ်းဖက်သမားများမှ မီးရှို့မှုများ ထပ်မံပြုလုပ်နေပါသည်။ ပုဒ်မ ၁၄၄ ထုတ်ထားသည့်အတွက် မီးသတ်ကား(၃)စီးမှ သွားရောက်၍ မီးငြိမ်းသတ်ပြီး ၉း၄၅-နာရီတွင် ပြန်လာကြောင်း သိရသည်။
    ယခုအခါ သံတွဲမြို့ပေါ်တွင် ရဲနှင့် စစ်တပ်မှ လုံခြုံရေးအတွက်လှည့်လည်နေကြောင်းသိရသည်။ သံတွဲမြို့ပေါ်အနေနှင့် ငြိမ်ဝပ်ပိပြားမှု ရှိနေပါသည်။ ရှေ့တန်းထွက်နေရသည့် ခမရ-၅၆၆ မှလည်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြောင်းသိရသည်။
    အံတော်ဘက်တွင် နေထိုင်သည့်ရခိုင်များသည် ဧည့်စာရင်းတိုင်ကြားခြင်းမရှိပဲ ခိုးဝင်နေထိုင်သူ အများစုရှိနေသည့်အတွက် အံတော်ဘက်ခြမ်းတွင် လုံခြုံမှု လုံးဝမရှိပဲ တရားဥပဒေ စိုးမိုးမှုလည်း လိုအပ်နေကြောင်းသိရသည်။
    ယနေ့ည ၈-နာရီ ၄၅-မိနစ်ခန့်တွင် တောင်ကုတ်မှ လူ(၂၈)ယောက်သည် light truck ကား(၅)စီး၊ ဆိုင်ကယ် (၅)စီးဖြင့်လာရောက်ပြီး သံတွဲ မတည်ငြိမ်မှုစတင်ဖြစ်ပေါ်ခဲ့သည့် မုဒိမ်းကျင့်ခံရသည်ဆိုသည့် အမျိုးသမီးအား ဆေးရုံမှနေ၍ တောင်ကုတ်သို့ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
    နောက်ဆက်တွဲ သတင်း (ည – ၁၀း၃၀)နာရီ
    “အံတော်မှာ အကြမ်းဖက်သမားပိုမို သောင်းကျန်းနေလို့ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူလိုက်ပါတယ်။ လုံခြုံရေးယူထားတဲ့အထဲက ရဲကို ရခိုင်က ပါးရိုက်လိုက်တယ်။ အဲဒီအတွက်ကြောင့် စစ်တပ်က လူ(၃) ယောက်ကို ပစ်လိုက်တယ်ပါတယ်။ အံတော်ဘက်မှာတော့ အခြေအနေက တော်တော်လေး ဆိုးရွားနေပါတယ်”လို့ အံတော် မြို့ခံတစ်ဦးက ပြောပြလာပါတယ်
  • အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ
    ဇူလိုင်လ ၁ ရက်၊ ၂၀၁၃
    M-Media
    အလဲဗင်းနှင့် မြန်မာမီဒီယာများ ကိုလံဘို တယ်လီဂရပ်၏ တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်သည့်သတင်းအား ကိုးကားတင်ပြကြသော်လည်း အစွန်းရောက်ဆိုသည့် စကားလုံးကိုမူ ပြည်သူအားချပြရန် ပျက်ကွက်ခဲ့ကြ
    မြန်မာပြည်၏ နာမည်ကြီးမီဒီယာ ကြီးများသည် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ၌လည်း ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန်ရှိကြောင်း သတင်း တင်ပြခဲ့ကြသည်။ ထိုသတင်းတွင် အလဲဗင်းမီဒီယာဂရုက Colombo Telegraph နှင့် Srilanka Mirror တို့၏ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်သတင်း များကို ကိုးကား၍ သီရိလင်္ကာတွင်လည်း တိုင်းမ်ကို ပိတ်ပင်ဖို့ ရှိကြောင်းနှင့် ပိတ်ပင်လိုက်ကြောင်း ယနေ့ ဇူလိုင် ၁ တွင် သတင်းထုတ်ပြန်ခဲ့ရာ ထိုသတင်းစာ နှစ်ခုစလုံးတွင် “Myanmar’s extremist monk Wirathu” (အစွန်းရောက် မြန်မာဘုန်းကြီး ၀ီရသူ) ဟု ဦးဝီရသူအား ရည်ညွှန်း သုံးစွဲဖော်ပြထားသည်။
    srilankamirror
    srilankamirror ၏ သတင်း
    သီရိလင်္ကာသတင်းစာများ၏ အသုံးအနှုံးတွင် ဦးဝီရသူအတွက် အနောက်နိုင်ငံသတင်းစာများကဲ့သို့ “အရှင်” ပင်တပ်၍ ခေါ်ထားခြင်း မရှိကြောင်း တွေ့ရှိ ရ ပါသည်။
    colomboTelegraph
    ကိုလံဘို တယ်လီဂရပ်၏ သတင်း
    colombopage
    colombopage ၏ သတင်း
    ထို့ပြင် ဇွန်လ ၃၀ ရက်နေ့၌ Colombo Telegraph တွင် “The Marriage Made in Hell” (ငရဲ၌ ထိမ်းမြားခြင်း) ခေါင်းစဉ်ဖြင့် Bodu Bala Sena (BBS) အဖွဲ့အစည်းသည် လူနည်းစုများအား နှိပ်ကွပ်ဖို့ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖော်ပြထားသည်မှာ
    “သီရိလင်္ကာ၏ ဗုဒ္ဓဘာသာအစွန်းရောက်များကို “Our own Wirathus” (ကျွန်ုပ်တို့၏ ၀ီရသူများ) ဟု ရည်ညွှန်းသုံးစွဲထားသလို သီရိလင်္ကာတွင်လည်း ကွန်ဆာဗေးတစ် ဗုဒ္ဓဘာသာအစိုးရ ကြီးစိုးနေသလို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက မွတ်စလင်နှင့် ခရစ်ယာန်များ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီး ယူငင်ကြကာ နိုင်ငံ၏  ၉ ရာနှုန်းသော မွတ်စလင်များအပေါ် ပိတ်ပင်တားဆီးခြင်းများပြုလုပ် ဖို့ ဆော်သြနေသည့် နေကြကြောင်း ဖော်ပြ ထားသည်။”
    ထို့ပြင် ယင်းဆောင်းပါးက တိုင်းမ်၏ဆောင်းပါးသည် မြန်မာနှင့် သီရိလင်္ကာတို့ကို နှိုင်းယှဉ်ထားသဖြင့် သီရိလင်္ကာကလည်း မြန်မာအတိုင်း လိုက်၍ ပိတ်ပင်ခြင်းဖြစ်ကြောင်း သုံးသပ်ထားပါသည်။
    ယခုကဲ့သို့ မြန်မာပြည်၏ တံခါးဖွင့်ဝါဒ သက်တမ်းနုစဉ်အချိန်တွင် မြန်မာမီဒီယာများမှာ ၄င်းတို့အကျိုးစီးပွားကိုသာ ရည်စူးပြီး ပြည်သူများအား အမှန်မချပြ သည်မှာ အထူးစိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
    “သူတို့(သီရိလင်္ကာကို ရည်ညွှန်း) က စာဖတ်တတ်ပုံရတယ်။ ဆောင်းပါးက ဗုဒ္ဓဘာသာကို စော်ကားတာလား၊ ဗုဒ္ဓဘာသာကို အသုံးချတဲ့ လူတွေ ရှိတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းရေးတာလားဆိုတာ သိပုံရတယ်။ ” ဟု ဖေ့စ်ဘုတ် နာမည်ကြီး ကိုထိုက်က သုံးသပ်ဖော်ပြသည်။
    အလဲဗင်းက ယခင်အားကစားဂျာနယ်တစ်မျိုးတည်း ထုတ်ဝေစဉ်ကတည်းက မြန်မာဘောလုံးသမား စင်ကာပူ ပရိသတ်ဖက်လှည့်၍ မဖွယ်မရာပြုလုပ်ပြသည့် ကိစ္စအား ထိမ်ချန်ပြီး ထိုဘောလုံးပွဲအား ကြီးကြပ်သူ ဂျပန်ကွင်းလယ်ဒိုင်၏ ကိုယ်ရေးအချက်များ၊ ဆက်သွယ်ရန် မေးလ်များ ကို ဖော်ပြပေး ကာ မြန်မာ လူထုအား သွေးကြွစေခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာဘောလုံးအသင်း စင်ကာပူသို့ လာရောက်တိုင်း စင်ကာပူပရိသတ်က “မြန်မာ ခရေဇီ” ဟု လှောင်ပြောင်လေ့ ရှိကြကြောင်း ဘောလုံးပရိသတ် တစ်ဦးက ဆိုပါသည်။
  • သီလ၀ါ ဆိပ်ကမ်း စီမံကိန်း ဒေသတွင်းရှိ လယ်သမားများအား ဆိပ်ကမ်း အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ
    ဇူလိုင် -၁ ၊ ၂၀၁၃
    M-Media
    အိမေ
    ရန်ကုန်  ။          ။            သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံလယ်သမားများ ဆိပ်ကမ်းမြေကွက်များတွင် နေထိုင်သူများ၊ ဒေသ အာဏာပိုင်များနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ တွေ့ဆုံပွဲကို ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ နေ့လည် ၃-နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင်  ပြုလုပ်ခဲ့သည်။
    DSCN5337
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးကျော်မြင့်က “နိုင်ငံတော်ကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလ၀ါစီမံကိန်းကိုလည်း ထိခိုက်ပျက်စီးစေဖို့ ရည်ရွယ်ချက်မရှိသလို ဒေသခံများရဲ့အကျိုးကိုလည်း မထိခိုက်အောင်ဆောင်ရွက်မှသာ မလိုလားအပ်သော အရာတွေ မဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေ ရဲ့ထိခိုက်နစ်နာမှုမရှိအောင် အခုလိုခေါ်ယူဆွေးနွေးတာပါ။” ဟုပြောကြားခဲ့သည်။
    တက်ရောက်လာသော ဒေသခံလယ်သမားများထဲမှ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်၊ဘေးပေါက်ကျေးရွာတွင်နေထိုင်သော ဦးတင်အုန်းက “ကျွန်တော်တို့ ဒီဆိပ်ကမ်းမြေပေါ်မှာ လုပ်ကိုင်စားသောက်နေတာ ၁၉၉၅-ခုနှစ်ကတည်းကပါ။ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်မလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့နစ်နာမှုကို အခုလိုခေါ်ယူညှိနှိုင်းပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။”ဟု သူ၏ခံစားချက်ကို ပြောပြသွားခဲ့ပါသည်။
    ယင်းဒေသစီမံကိန်းတွင် ပါဝင်သောဒေသခံပြည်သူများအား ဆုံးရှုံးနစ်နာမှုမရှိစေရန် အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါပွဲသို့ ဒေသခံလယ်သမားဦးရေ ၂၅၀-ကျော်နှင့် သတင်းမီဒီယာ ၄၀-ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
    အဆိုပါဆွေးနွေးပွဲဆုံးဖြတ်ချက်ကိုလာမည့်သီတင်းပတ်တွင်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဓါတ်ပုံများ ကြည့်ရန် ။ Click Here
  • ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ဗြိတိန် မွတ်စ်လင်မ်များ စုပေါင်းကန့်ကွက်
    ဇွန်- ၂၉ ၊ ၂၀၁၃
    M-Media
    လန်ဒန်။    ။ ဇွန်လ ၂၈ ရက်၊ သောကြာနေ့က  ဗြိတိန်နိုင်ငံရှိ ရာပေါင်းများစွာသော ဗလီကျောင်းတော်များတွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုအား ရှုံ့ချသည့်ဟောပြောချက်များကို တညီတညွတ်တည်း ဟောပြောခဲ့ပြီး၊ ကလေးသူငယ်များ နှင့် အားနွဲ့သူအား အကာကွယ်ပေးရမည့်  အစ္စလာမ့်သွန်သင်ချက်များကို အလေးနက်ထား ထည့်သွင်းဟောကြားသွားသည်။
    ALeqM5iGimcl_A_DaU27v_0pWabDUdZrNw_0_0_0
    “လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ကျွန်တော်တို့ ပူးပေါင်း တွန်းလှန်သွားမှာပါ။ မွတ်စ်လင်မ်ဖြစ်သည်နှင့်အညီ  ကျွန်တော်တို့ဟာ လူ့အသိုင်းအ၀ိုင်းထဲက ဒီလိုမတရားမှုများကို ပပျောက်အောင် ကြိုးစားသွားရပါမယ် ” ဟု  လိင်ပိုင်းဆိုင်ရာစော်ကားမှုအား ပူးပေါင်းဆန့်ကျင်ရေး (Together Against Grooming – TAG) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်ဆွာအလီ (Ansar Ali) က BBC သို့ ဇွန်လ ၂၈ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။
    TAG အဖွဲ့၏ ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် ဗလီကျောင်းတော် ၅၀၀ နီးပါးရှိ အီမာမ် (ဗလီ ရှေ့ဆောင်ဆရာ) များသည် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ရှုံ့ချသော ဟောပြောချက်များ ပြုလုပ်သွားရန်ရှိသည်။
    ထိုသိက္ခာမဲ့ အမူအကျင့်လုပ်ရပ်များအား ရင်နှင့်အမျှ ဆန့်ကျင်ရှုံ့ချကြရန်ကိုလည်း ထည့်သွင်းရေးသားထားခဲ့သည်။
    မကောင်းမှုတစ်စုံတစ်ရာလုပ်ဆောင်နေသည်ကို တွေ့ရှိရပါက ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုကြရန် မွတ်စ်လင်မ်တို့အပေါ် တိုက်တွန်းချက်ဖြင့် ဟောပြောချက်အား အဆုံးသတ်ထားသည်။
    အီမာမ် ကရ်မာနီက ဤသို့ ဆိုသည်။
    “  ယခုခေတ်တွင် အမျိုးသမီးများကို မလေးမစားဆက်ဆံသည့်ယဉ်ကျေးမှု ခေတ်ထ,နေသည်။ ထိုသို့ဖြစ်ပေါ်ခြင်းမှာ စံနမူနာယူရမည့်သူရှားပါးနေသောကြောင့် ဟု ကျွန်ုပ်တို့ အမြင်ရှိသည်။ အမျိုးသမီးတို့ကို လိင်ကျေးကျွန်များအဖြစ် ဖော်ပြထားသော ညစ်ညမ်းဓာတ်ပုံများက အမျိုးသမီးများအပေါ် အမျိုးသားများမှ အကြမ်းဖက်မှုဖြစ်ပေါ်လာအောင် နည်းပေးလမ်းပြ ဖြစ်နေစေပါသည် ”။
    TAG နှင့် အတူ အကျိုးအမြတ် မမျှော်ကိုးသော အဖွဲ့စည်းတစ်ရပ်မှ  ဗြိတိန်နိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုအား ပပျောက်ရန် ကြိုးပမ်းထားသည့် ယင်းဟောပြောချက်ကို ဗြိတိန်နိုင်ငံရှိ မွတ်စ်လင်မ် ကောင်စီ (Muslim Council of Britain)၊ ဗလီကျောင်းတော်နှင့်အီမာမ်များဆိုင်ရာ နိုင်ငံတော်အကြံပေးအဖွဲ့ (Mosque and Imams National Advisory Board) နှင့် ဗြိတိန်နိုင်ငံရှိ အစ္စလာမ့်လူ့အဖွဲ့အစည်း (Islamic Society of Britain) တို့က ထောက်ခံခဲ့ကြသည်။
    ဗြိတိန်နိုင်ငံတွင် လူနည်းစုဝင် မွတ်စ်လင်မ်ဦးရေမှာ ၂.၇ သန်းခန့်ရှိပြီး၊ ၄င်းတို့အနက်အများစုမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန်မှ လာရောက်နေထိုင်သူများ ဖြစ်ကြသည်။
    လှုံ့ဆော်ရေး အစီအစဉ်
    ဟောပြောချက်သည်  လှုံ့ဆော်ရေးအစီစဉ်၏ ကြီးမားသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး၊ အာရှတိုက်သား အမျိုးသားများအား ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဂရုပြုမိစေရန်ဖြစ်သည်။
    “လတ်တလော ရုံးတင်အမှုတွဲများရဲ့အကြောင်းအရာများဟာ ကျွန်တော်တို့ကို အထူးတုန်လှုပ်စေခဲ့ပါတယ်။ မွတ်စ်လင်မ်များအနေနဲ့  ဒီလို ရာဇ၀တ်မှုမျိုးကို ရှုံ့ချတားမြစ်ဖို့ တာဝန်ရှိကြပါတယ်။ သောကြာလိုနေ့မျိုးက ဗလီကျောင်းတော်ကို လူတွေ ရာပေါင်း၊ ထောင်ပေါင်းများစွာ တကူးတက လာရောက်လေ့ ရှိကြပါတယ်။ ဒီအချိန်ဟာ သူတို့ရဲ့ အထူးအာရုံစူးစိုက်မှုကို ရရှိနေချိန်ဖြစ်လို့ အလွန်ကို အရေးကြီးတဲ့ အကြောင်းအရာကို ပြောကြားဖို့ နဲ့ အသိတရားရအောင်လှုံ့ဆော်ဖို့ အကောင်းဆုံး အနေအထားဖြစ်ပါတယ်” ” ဟု TAG မှ ပြောရေးဆိုခွင့်ရှိသူ အန်ဆွာအလီ ကဆိုသည်။
    ဘရက်ဖို့ဒ် (Bradford) ၊ အော့စ်ဖို့ဒ် (Oxford) ၊ ရို့ခ်ျဒေးလ် (Rochdale) နှင့် တဲလ်ဖို့ဒ် (Telford) တို့ရှိ အာရှတိုက်သား အမျိုးသားများက ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားသော အမှုများစွာ ဖြစ်ပေါ်လာပြီးနောက်တွင် ]ဤဓမ္မဟောပြောချက်သည် လှုံ့ဆော်ရေးအစီအစဉ်အတွက် အလွန်ထိရောက်တာသွားသော ပထမဆုံးခြေလှမ်းဖြစ်ခဲ့သည် ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    ယမန်နှစ်က ပါကစ္စတန် နှင့် အာဖဂန်နွယ်ဖွား ဗြိတိန်နိုင်ငံသား  ၉ ယောက်သည် မူးယစ်ဆေးဝါး နှင့် အရက်သေစာ အပေးအယူအတွက် ရို့ခ်ျဒေးလ် နှင့် ဒါဘီ (Derby) ရှိ လူဖြူမိန်းကလေးများအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    ကြာသပတေးနေ့က အော့စ်ဖို့ဒ်တွင် မိန်းကလေးငယ်များအား အနိုင်ကျင့်စော်ကားသူ လူ ၇ ဦး အား အိုးလ်ဘိုင်လေ(Old Bailey) ၌ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံစေခဲ့သည်။ ထိုလူများအနက် ၂ ဦးသည် အရှေ့အာဖရိကမှ လာရောက်ခဲ့သူဖြစ်ပြီး၊ ၅ ဦးသည် ပါကစ္စတန်မှဖြစ်သည်။
    ဖျက်ဆီးခြင်း နှင့် ကလေးငယ်များအား အနိုင်ကျင့်စော်ကားခြင်းသည် လူ့ဘောင်၏ကဏ္ဍအားလုံးကို ထိခိုက်စေပြီး၊ ထိုပြစ်မှုမျိုးမှာ မည်သည့်လူမျိုးနှင့်မှ မကင်းလွတ်တတ်ကြပေ။ ကုရ်အာန်ကျမ်းတော်တွင် “ မကောင်းမှုနှင့် မတရားမှုကို တိုက်ဖျက်၍ တရားမျှတသောလူ့အဖွဲ့အစည်းကို တည်ဆောက်ကြ ” ဟု မွတ်စ်လင်မ်များအား လမ်းညွှန်တိုက်တွန်းထားကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
    ဗြိတိန်သားများအားလုံး မကောင်းမှုများကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားရန် လွန်ခဲ့သော ဧပြီလတွင် ဗြိတိန်နိုင်ငံ၊ မွတ်စ်လင်မ် ကောင်စီ (Muslim Council of Britain – MCB) မှ နောက်ထပ်လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်တိုက်တွန်းခဲ့သည်။
    မိန်းကလေးများကို အနိုင်ကျင့်စော်ကားခြင်းသည် အစ္စလာမ့်သွန်သင်ချက်များနှင့် ဆန့်ကျင်သော အကျင့်အမူဖြစ်နေကြောင်း၊ ထို့အတူ နိုင်ငံအတွင်း လူများအား လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့်ပတ်သက်၍ လူထုအတွင်း အသိပညာပေးရန် အမျိုးသားညီလာခံတစ်ရပ်ပြုလုပ်ရေး အစီအစဉ်များ ရေးဆွဲနေကြောင်း ဟု TAG အဖွဲ့မှ ကြေငြာတင်ပြလိုက်သည်။
    Ref: OnIslam
  • အကြမ်းဖက်မှု ကျူးလွန်သူများကို အမြန်ဆုံး အရေးယူရန် မြန်မာအစိုးရကို မလေးရှားတောင်းဆို
    ဇွန် ၃၀၊ ၂၀၁၃
    M-Meida
    Foreign Minister Datuk Seri Anifah Aman
    ကွာလာလမ်ပူ၊    ။ ပြည်တွင်း၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမြန်အရေးယူရန် မြန်မာအစိုးရအား မလေးရှားမှ တိုက်တွန်းလိုက်သည်။
    ဇွန်လ ၂၉ ရက်၊ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါစရီဘီဂ၀ါန်၌ကျင်းပသည့် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး AMM အတွင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးစဉ်  နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ အနီဖာအမန် မှ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ပြောကြားခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုအပေါ် မလေးရှားမှ စိုးရိမ်မှုရှိကြောင်း၊ ထိုကိစ္စသည် မလေးရှား အပါအ၀င် အိမ်နီးချင်းနိုင်ငံတို့ကိုလည်း ထိခိုက်စေပြီးဖြစ်ကြောင်း အနီဖာမှ ဖော်ပြခဲ့သည်ဟု အာဆီယံ-မလေးရှား အမျိုးသားစီမံရေးရာ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
    အကြမ်းဖက်သမားတို့အား ဖော်ထုတ်၍ ဥပဒေကြောင်းအရ အရေးယူရန်၊ မျှတမှုနှင့်ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းကိုလည်း ၄င်းမှ မြန်မာအစိုးရထံ တိုက်တွန်းပြောကြားခဲ့သည်။
    အနီဖာသည် ဘန်ဒါစရီဘီဂ၀ါန်တွင် ဇွန် ၂၉ မှ ဇူလိုင် ၂ ရက်အထိ ဆက်တိုက်ကျင်းပမည့် အာဆီယံအရေးဆိုင်ရာဆွေးနွေးပွဲ၌ မလေးရှားကိုယ်စားလှယ်အဖြစ် ဦးဆောင်တက်ရောက်လျက်ရှိသည်။
    ယင်းဆွေးနွေးပွဲကြီးတွင် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – AMM အပြင် လွှတ်တော်ဝန်ကြီးများညီလာခံ – Post-Ministerial Conferences (PMC)၊ ၂၀ ကြိမ်မြောက် အာရှဒေသတွင်းဖိုရမ် – 20th Asean Regional Forum ၊ အာဆီယံနှင့်သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး –  Asean Plus Three Foreign Ministers’ Meeting ၊ တတိယကြိမ်မြောက် အရှေ့အာရှ ထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – 3rd East Asia Summit Foreign Ministers’ Meeting တို့ကိုလည်း ထည့်သွင်းထားသည်။
    Ref: Bernama
    Photo Credit- sabahkini.net