News @ M-Media
Blog
  • ဂလော်စတာ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်သော ကြံရာပါအား ဖမ်းမိ
    ဇွန်-၂၁၊ ၂၀၁၃
    M-Media
    ဂလော်စတာ (Gloucester) မှ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်ခဲ့သော ကြံရာပါလူအား ဗြိတိန်စုံထောက်များက လက်ရဖမ်းဆီးထားပြီဖြစ်သည်။
    Gloucesterအင်္ဂါနေ့ည၊ ဒေသစံတော်ချိန် ၁၂.၅၀ နာရီခန့်တွင် ရိုင်ခရော့ဖ်လမ်း (Ryecroft Street) ရှိ ဗလီကျောင်းတော်သည် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်ကိုခေါ်ယူငြိမ်းသတ်ခဲ့ရသည်။ ယင်းမီးရှို့မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရ ရှိခဲ့သော်လည်း ဗလီကျောင်းတော်၏ အ၀င်တံခါးသည် မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
    CCTV တွင် ကင်မရာမှတ်တမ်းများအား ရဲဌာနမှပြန်လည်ကြည့်ရှုရာတွင် လူတစ်ယောက်သည် ဗလီကျောင်းတော်တံခါးဝတွင် ဓာတ်ဆီများလောင်းကာ၊ အ၀တ်စုတ်တစ်ခုကို မီးရှို့၍ ၄င်း ဓာတ်ဆီပေါ်ကို ပစ်ပြီး မီးထတောက်စေခဲ့သည် ကိုတွေ့ရှိခဲ့ရသည်။
    ရဲအရာရှိများက ဂလော်စတာရှိ သံသယဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားအား မီးရှို့မှုဖြင့် ပထမဦးစွာ ဖမ်းဆီးခဲ့ပြီး၊ တဖန် အင်္ဂါနေ့ညနေတွင် ချယ်လ်တန်ဟမ် (Cheltenham) မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးအား ကြံရာပါအဖြစ် ထပ်မံဖမ်းဆီးခဲ့သည်။
    ယခုအခါ ၄င်းသူ နှစ်ဦးအား ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
    “ ဂလော်စတာသည် လူမျိုးပေါင်းစုံရှိပြီး၊ ထူးခြားနွေးထွေးသော လူ့အဖွဲ့အစည်းတည်ရှိနေသည့် နေရာတစ်ခုဖြစ်သောကြောင့် ယခု အဖြစ်အပျက်အတွက် လူများသည် လွန်စွာမှ စိတ်ကွက်ဒေါသ ဖြစ်နေခဲ့ကြသည်။ ၄င်းအဖြစ်ပျက်မဖြစ်ပေါ်ခင် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နိုင်ငံအတွင်း မည်ကဲ့သို့သော လူမျိုးရေး တင်းမာမှုများဖြစ်ပေါ်ခြင်းကို မတွေ့ရှိရသည့် အတွက် ကျွန်တော် စိတ်ထဲငြိမ်းချမ်းနေခဲ့ရသည် ” ဟု ဂလောင်စက်စတာ၏ ရဲမှူးကြီး ရစ်ချက်ဘ့ာဂ် (Richard Burge) မှပြောကြားခဲ့သည်။
    Ref: Press TV
  • မာလာဝီနိုင်ငံရှိ မွတ်စ်လင်မ် မိန်းကလေးများ ပညာသင်ခွင့် ပိုမိုရရှိလာ
    ဇွန်-၂၁၊၂၀၁၃
    M-Media
    အချိန်အတန်ကြာ လျစ်လျူရှုခံထားရသော မာလာဝီ (Malawi) နိုင်ငံရှိ မိန်းကလေးငယ်များ၏ ပညာရေးကဏ္ဍသည် မွတ်စ်လင်မ်များအကြား  အားလုံး၏စိတ်ဝင်စားမှုနှင့်အတူ ထောက်ခံချက်ကိုလည်း ရရှိခဲ့သည်။ မွတ်စ်လင်မ်များ၏ လူထုအတွင်းပညာပေးခြင်း အားထုတ်ချက် အကျိုးဆက်အဖြစ် အများက နားလည်လက်ခံလိုက်ပြီဖြစ်သည်။
    Malawi students.jpg1“ မိဘအချို့နှင့် လူမျိုးစုများတွင် မိန်းကလေးငယ်များအတွက် ပညာသင်ကြားခြင်းမှာ အချိန်ကုန် လူပန်း အလုပ် ဖြစ်သည်ဟု ယုံကြည်ထားကြကြောင်း၊ ၀မ်းနည်းစရာကောင်းသည်မှာ ယင်းသို့သောအယူအဆကြောင့် နောက်ဆုံးတွင် ၄င်းတို့သာ ထိခိုက်နစ်နာရကြောင်း၊  မိန်းကလေးငယ်များအား ပညာ မသင်ပေးရ ဟု အစ္စလာမ့်သင်ကြားချက်များတွင် မပါဝင်ကြောင်း၊ မိန်းကလေးများ၏ပညာသင်ကြားမှုကို လက်မခံသူများသည် ဘာသာရေးရှုထောင့်မှ ဘောင်ဝင်အောင် ပြောဆိုနေခြင်း မဟုတ်ကြောင်း၊ အစ္စလာမ်သာသနာ၌ မိန်းကလေးများ ပညာသင်ကြားခြင်းအတွက် မည်သည့်တားမြစ်ချက်မှ မပါဝင်ကြောင်း ” ဟု မာလာဝီနိုင်ငံရှိ Islamic Information Bureau(IIB) ၏ တာဝန်ခံ ဒီနာလာ ချာဘူလီကာ (Dinala Chabulika) က OnIslam.net သို့ပြောကြားခဲ့သည်။
    မာလာဝီနိုင်ငံရှိ မိန်းကလေးများတွင် မူလတန်းထက်ကျော်လွန်ပြီး ပညာသင်ကြားခွင့်မရခဲ့သူဦးရေမှာ နှစ်များစွာအတွင်း ပိုမိုတိုးတက်များပြားလာခဲ့သည်ဟု သုံးသပ်ချက်များကဆိုသည်။
    မိန်းကလေးများအတွက် ပညာရေးသည် အရေးပါကြောင်း ရှင်းပြပေးသော မာလာဝီရှိ မွတ်စ်လင်မ်များ၏ ပညာပေးလှုံ့ဆော်ပွဲများကြောင့် ထိုသို့ပညာသင်ကြားခွင့်ရရှိလာခြင်းပင်ဖြစ်သည်ဟု လူထုခေါင်းဆောင်များက ယုံကြည်ကြသည်။
    “ ကျွန်တော်တို့ရဲ့ ပညာပေးလှုံ့ဆော်ပွဲများမှာ မိဘတွေက ပညာရေးအခန်းကဏ္ဍအတွက် အဓိက သော့ချက် ဖြစ်တဲ့အကြောင်း၊ မိန်းကလေးငယ်များရဲ့ပညာရေးကို အလေးထားပေးတဲ့ အစဉ်အလာခေါင်းဆောင်များက ယဉ်ကျေးမှုကိုထိန်းသိမ်းသူတွေဖြစ်တဲ့အကြောင်း ရှင်းပြပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများကြောင့် မိန်းကလေးငယ်များဆိုင်ရာပညာရေးအပေါ် လူတွေရဲ့အမြင်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီအားထုတ်မှုအားဖြင့် ကျွန်တော်တို့ဟာ မိန်းကလေးငယ်များကို ကျောင်းတက်ခွင့်ကိုပိတ်ပင်ထားခဲ့တဲ့ အစဉ်အလာဓလေ့များကို ဖျက်သိမ်းလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းမှုများသာ မရှိဘူးဆိုယင်  အခြေအနေက ပိုမိုဆိုးဝါးသွားဖို့ပဲ ရှိပါတော့တယ် ” ဟု ချာဘူလီကာ မှ ပြောပြခဲ့သည်။
    ဆက်လက်၍ ချာဘူလီကာက ပညာရေးတွင် ထူးချွန်သော မွတ်စ်လင်မ် မိန်းကလေးနှင့် အမျိုးသမီးများစွာတို့သည် ယခုအခါ ပုဂ္ဂလိက နှင့် ပြည်သူ့အခန်းကဏ္ဍများတွင် အရေးပါသော ထိပ်တန်းနေရာများ၌ တာဝန်ယူနေကြပြီ ဟု ဆိုသည်။
    “ ဒီ(ထူးချွန်)သူတွေဟာ စာသင်ကျောင်းနဲ့လူ့အဖွဲ့အစည်းတွေထဲက မိန်းကလေးငယ် နဲ့ မိဘတွေဆီ လှည့်လည်ပြီး ပညာရေးရဲ့အရေးပါချက်ကို  ရှင်းပြနေပြီဖြစ်ပါတယ်။ သူတို့ရဲ့စံပြဖြစ်မှုဟာ မိန်းကလေးများအဖို့ ပညာကိုဆက်သင်လိုတဲ့ဆန္ဒ ဖြစ်လာစေခဲ့တယ်။ သူတို့ကိုကြည့်ပြီး ကျောင်းတက်ခြင်းရဲ့အရေးပါမှုကို မိန်းကလေးများက ပိုမိုသိရှိလက်ခံသွားကြပါတယ် ” ဟု ချာဘူကာက ဆိုသည်။
    တရားဝင် စာရင်းအင်းများအရ လူဦးရေ ၁၄ သန်းရှိသော မာလာဝီနိုင်ငံတွင် မွတ်စလင် ၁၂ ရာခိုင်နှုန်းပါဝင်သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း  Muslim Association of Malawi (MAM) မှ ၃၆ ရာခိုင်နှုန်း ဟု တွက်ဆထားသည်။
    တောင်အာဖရိကဒေသတွင် ခရစ်ယာန်ဘာသာပြီးလျင် အစ္စလာမ်ဘာသာသည် ဒုတိယ အကြီးဆုံးဘာသာအဖြစ် တည်ရှိနေသည်။
    ၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှစတင်ကာ မာလာဝီနိုင်ငံတွင် ပညာရေးကဏ္ဍ၌ နိုင်ငံတကာ မွတ်စ်လင်မ်အဖွဲ့အစည်းများ ရုတ်ခြည်းဆိုသလို ပိုမိုတိုးပွားလာခဲ့သည်။ ၄င်းအဖွဲ့အစည်းများသည် မိန်းကလေးသီးသန့်ကျောင်း များစွာကို ဆောက်လုပ်ပေးခဲ့ကြသည်။
    ရှေ့ပြေးနေသည့် မွတ်စ်လင်မ်များ
    မာလာဝီတွင် မွတ်စလင် မိန်းကလေးများသည် အထက်တန်း နှင့် တက္ကသိုလ်ပညာရေးအတွက် စကော်လာရှစ်များ လျှောက်ထားနိုင်ကြပြီဖြစ်သည်။
    “တစ်ချိန်တုန်းက စကော်လာရှစ်လျှောက်သူ အများစုဟာ ယောက်ျားလေးများသာဖြစ်ခဲ့တယ်။ အခုအခါမှာတော့  မိန်းကလေးတွေက ထိပ်ဆုံးကပါဝင်လာတာကို ကျွန်တော်တို့ မြင်နေရပါပြီ။ ဒီအနေအထားက နှစ်စဉ်နှစ်တိုင်း တိုးတက်လျက်ရှိနေပါတယ်။ ဒါဟာ မိဘနဲ့အသိုင်းအ၀ိုင်းများက မိန်းကလေးတွေအတွက် ပညာရေးအရေးပါမှုကို သိမြင်နားလည်နေပြီ လို့ အခိုင်အမာ ညွှန်ပြချက်တစ်ခုပါဘဲ ” ဟု မာလာဝီနိုင်ငံ၏ အစ္စလာမ့်ဇကာ့သ်ရံပုံငွေဌာန(Islamic Zakkat Fund -IZF) ရှိ အမှုဆောင်ဒါရိုက်တာ မုဟမ္မဒ် အွတ်စ်မန်း (Muhammad Osman) မှ ပြောကြားခဲ့သည်။
    မာလာဝီ၌ ယခင်ကထက်စာလျှင် မိန်းကလေးငယ်များ၏ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ကြီးမားလာခဲ့ကြောင်းကို အွတ်စ်မန်းက “ မာလာဝီမှာရှိတဲ့ မိန်းကလေးတွေအဖို့ ပညာရေးနဲ့ကင်းကွာစေမယ့် ဘာအကြောင်းပြချက်မှ မရှိတော့ပါဘူး ” ဟူ၍ ရည်ညွှန်းပြောဆိုလိုက်သည်။
    မှတ်တမ်းများအရ ယခုတွင် မိန်းကလေးငယ်များသည် တက္ကသိုလ်များ၏စည်းမျဉ်းများကို ယခင်ကထက် ပိုမိုလေးစားလိုက်နာလာကြသည်။
    “ အရင်အချိန်တုန်းက ဒီလိုအခြေအနေမျိုး မဟုတ်ခဲ့ဘူး။ မာလာဝီက တက္ကသိုလ်များထဲ သိသိသာသာဝင်ရောက်လာတဲ့ မွတ်စ်လင်မ်မိန်းကလေးဦးရေမှာ အလွန်ကိုနည်းပါးခဲ့ပါတယ်။ ကျွန်တော်က တက္ကသိုလ်မှာ တာဝန်ယူနေတာ အချိန်အတော်ကြာခဲ့ပြီ။ ယခုလို တိုးပွားလာခြင်းမှာ တွန်းအားတစ်ခုခုရှိနေတယ်ဆိုတာ ကျွန်တော် သေသေချာချာပြောနိုင်ပါတယ် ” ဟု မာလာဝီ တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အီမန်နျူယဲလ် ဖာဘီယာနို (Emmanuel Fabiano) က လွန်ခဲ့သော ၁၅ နှစ်မှစ၍ မွတ်စ်လင်မ်ကျောင်းသားဦးရေ ပိုမိုတိုပွားလာခဲ့ကြောင်းကိုပါ ဖြည့်စွက်ပြောကြားသည်။
    မာလာဝီ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း  တတိယအဆင့်ရှိ  Maryam Girls Teacher Training College အား ပထမဆုံး ဖွင့်လှစ်လိုက်တည်ထောင်လိုက်ခြင်းသည်လည်း ဤတိုးတက်မှု၏အကြောင်းရင်းတစ်ခုဖြစ်သည်။
    လွန်ခဲ့သော ၅ နှစ်ခန့်က Islamic Charity Bilal Trust ၏ ပဏာမခြေလှမ်းအဖြစ် ကောလိပ်စတင်ဖွင့်လှစ်မှုသည် မိန်းကလေးများ၏ပညာရေးကန့်သတ်ချက်ဆိုင်ရာ အစဉ်အလာများကို ဖယ်ရှားရာ၌ အဓိက အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။
    “ကောလိပ်ဟာ ပညာရေးမှာ  လိင်ခွဲခြားမှုအပေါ် ပေါင်းကူးတံတားခင်းလိုက်တဲ့ ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပါတယ် ” ဟု Bilal Trust ၏ အထွေထွေအတွင်းရေးမှုး အလ်တဖ် ဂနီ (Altaf Gani) က ဆိုသည်။
    ထိုအချက်အားဖြင့် အထက်တန်းပြီးသော မိန်းကလေးများအတွက် ပညာရေးရှေ့ဆက်နိုင်စေရန် အခွင့်အရေးတစ်ခုကို ထပ်တိုးနိုင်ခဲ့သည် ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
    “ နိုင်ငံတစ်ဝှမ်းက မိမိပညာရေးကို ရှေ့ဆက်လိုတဲ့ မိန်းကလေးငယ်တွေဆီကနေ ကျောင်းဝင်ခွင့်လျှောက်လွှာတွေ အပုံအပင် လက်ခံရရှိပါတယ်။ ဒါပေမယ့် နေရာအခက်အခဲကြောင့် သူတို့အားလုံးကို တစ်ချိန်တည်းမှာ မစီစဉ်ပေးနိုင်ခဲ့ပါဘူး။ ”
    မွတ်စ်လင်မ်တစ်ဦးဖြစ်သူ မာလာဝီ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အများပြည်သူလုပ်ငန်းဌာန(Transport and Public Works)၀န်ကြီး စီဒိခ် မီယာ(Sidik Mia) သည်  နိုင်ငံအတွင်း ပညာသင်ကြားသော မိန်းကလေးဦးရေ ပိုမိုတိုးပွားစေရန် မွတ်စ်လင်မ်အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ထောက်ခံအားပေးခဲ့သည်။
    “ မိန်းကလေးငယ်များအတွက် လူ့အသိုင်းအ၀ိုင်းထဲမှာ နေရာတစ်ခုရှိနေကြောင်း နားလည်ဖို့ လူထုရဲ့သဘောထားပြောင်းလဲပေးဖို့ကို အစိုးရတစ်ဖွဲ့ထဲကိုသာ လုပ်ခိုင်းမယ်ဆိုလို့ရှိယင် ဒီထက်အခြေအနေ ဆိုးဝါးသွားဖို့ဘဲရှိပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှု နဲ့ ပေးဆပ်မှုအတွက်  ကျွန်တော်တို့အစိုးရအနေနဲ့ အလွန်ကို ကျေးဇူးတင်ပါတယ် ” ဟု သူက OnIslam.net သို့ပြောကြားခဲ့သည်။
    Ref:OnIslam
  • “အလ္လာဟု အတ်က်ဗရ်” ဟု အော်သော ဂျူး တစ်ယောက်အား အစ္စရေး လုံခြုံရေး တပ်သားမှ သေနတ်ဖြင့် ပစ်သတ်
    ဇွန်-၂၁၊၂၀၁၃
    M-Media
    သောကြာနေ့က ဂျေရူစလင်နိုင်ငံ၊ ဂျူးလူမျိုးတို့၏ အထွဋ်အမြတ်ထားသော နေရာတစ်ခုဖြစ်သော အနောက်ဘက် တံတိုင်းရှိ ပြည်သူ့နားနေခန်းတွင် တာဝန်ရှိသော လုံခြုံရေးတပ်သားသည် အစ္စရေးနိုင်ငံသားအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အာရဗ် ဘာသာစကားအရ “ဘုရားသခင်သာ အကြီးကျယ်ဆုံး” ဟုအဓိပ္ပာယ်ရသည့် “အလ္လာဟု အတ်က်ဗရ်” ဆိုသောအော်ဟစ်သံကို ထိုသူ့ထံမှကြားရပြီးနောက်တွင် လုံခြုံရေးတပ်သားသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    The Western Wall, Jerusalem
    Photo- Independent
    ထိုလူအား ပါလက်စတိုင်း စစ်သွေးကြွတစ်ဦးဟု ထင်မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်သားက ဆိုသည်။ ထိုသူမှာ “အလ္လာဟု အက္ကဗာရ်” ဟု အော်လိုက်သည့်အတွက်ကြောင့် လုံခြုံရေးဝန်ထမ်းသည် သူ၏ သေနတ်အား ထုတ်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့ရခြင်း ဖြစ်ဟန်တူ၏ ဟု ရဲဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုစန်ဖလ်(Micky Rosenfeld) က ပြောကြားကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။
    အပစ်ခတ်ခံရသူသည် ဂျူးဘာသာဝင် တစ်ဦး ဖြစ်ပြီး အသက် ၄၀ ကျော်ရှိပြီဖြစ်ကြောင်း၊ သူအား ဆေးကုသပေးခဲ့သော်လည်း ယင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည် ဟု Jerusalem Post မှ တင်ပြခဲ့သည်။
    သပ်က်ဗီရ် ဟုကျော်ကြားသော အာရဗီစကားစုကို မွတ်စ်လင်မ်များက ပုံမှန်ဝတ်ပြုဆုတောင်းခြင်းမှသည် အမှတ်မထင်ကြုံလာသော အကြောက်တရား၊ အံသြမှု၊ အောင်မြင်မှု သို့မဟုတ် မနာခံငြင်းဆန်မှု စသည်တို့၌ အခြေနေအမျိုးမျိုးတွင် သုံးစွဲလေ့ရှိသည်။ ထူးခြားမှုအတွက် အသုံးပြုသည့် အနောက်တိုင်းစကားနှင့်နှိုင်းယှဉ်ကြည့်လျှင် Oh my God – အို ၊ ဘုရားသခင် ဟူ၍ အသုံးပြုပုံမျိုးနှင့် ဆင်တူသည်။
    ပစ်ခတ်မှုဖြစ်ပွားခဲ့သော အနောက်ဘက် တံတိုင်းသည် ဂျူးဘာသာဝင် အမြောက်များ လာရောက်ဝတ်ပြုရာ နေရာတစ်ခုဖြစ်၏။ တံတိုင်းနှင့် တစ်ဆက်တည်းရှိသော ဈေးရုံသည် Temple Mount ဘေးကပ်လျက်တွင်ရှိပြီး၊ Temple Mount သည် သမ္မာကျမ်း နှစ်စောင်ထဲမှ ဂျူးလူမျိုးများ၏ တစ်ချိန်က အလေးအမြတ်ထားရာ နေရာဖြစ်သည်။ ၄င်း နေရာသည် အစ္စလာမ်သာသနာ၏ တတိယမြောက် အထွဋ်အမြတ်ထားရာ Al-Aqsa အလ်အတ်ကဆွာ ဗလီဝတ်ကျောင်းတော် နေရာလည်း ဖြစ်သည်။
    Ref: RT
    Photo- Independen
  • လူနည်းစု တိုင်းရင်းသားနှင့် မွတ်စလင်များကို အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ကမ္ဘာ့နိုဗယ်လ်ဆုရှင်(၁၂) ဦး လက်မှတ်ထိုး ကြေညာချက် ထုတ်ပြန်
    ဇွန် ၂၀ ၊ ၂၀၁၃
    M-Media
    အော့တာဝါ။ ။ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ရှီရင် အီဗာဒီ၊ မုဟမ္မဒ် ယူနွတ်စ်၊ တ၀ပ်ကိုလ် ကာမန်၊ ဂျိုဒီ ၀ီလီယံ အပါအ၀င် ကမ္ဘာ့နိုဗယ်လ်ဆုရှင် ၁၂ ဦးမှ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များ နှင့် လူနည်းစု တိုင်းရင်းသားများအပေါ် အကြမ်းဖက်နေမှုများ ချက်ခြင်း အဆုံးသတ်လိုက်ရန် တိုက်တွန်းပြောကြားလိုက်သည်။
    nobel
    ရခိုင်ပြည်နယ်အတွင်းအပြင်ရှိ မွတ်စ်လင်မ်များအပေါ် ကျူးလွန်စော်ကားနေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်နေမှုမှာ ပြန်လည်ပြုပြင်ရေးလမ်းကြောင်း အတွက် အန္တရာယ် ဖြစ်သည်သာမက အစိုးရအနေနှင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကော်မရှင် မင်းကြီး၏ သတိပေးချက်ကို သိရပြီးနောက် နိုဗယ်လ်ဆုရှင်များက ယင်းသို့ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
    မြန်မာနိုင်ငံမွတ်စ်လင်မ်များသေဆုံးမှုနှင့် ပတ်သက်၍လည်းကောင်း – ကချင်၊ ရှမ်း နှင့် အခြားတိုင်းရင်းသားလူနည်းစုများ အပေါ် ဆက်လက်အကြမ်းဖက်နေမှုတို့နှင့်ပတ်သက်၍လည်းကောင်း ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရေး အဆိုကို နိုဗယ်လ်ဆုရှင် ၁၂ ဦးမှ ထောက်ခံခဲ့ကြသည်။ ၄င်းတို့၏ထုတ်ပြန်ချက်၌ “ မြန်မာနိုင်ငံတွင်းရှိ လူအချို့သည် နိုင်ငံရေးအရခွဲခြားမှုများကို လှုံ့ဆော်ဝါဒဖြန့်နေသလို၊ အကြမ်းဖက်မှုကိုအသုံးချကာ လူတို့၏ကြောက်ရွံ့စိုးရိမ်မှု နှင့် မလုံခြုံမှုအပေါ် ခုတုံးလုပ်ရန်ကြိုးစားနေသည် ” ဟု ဖော်ပြထားသည်။ သူတို့သည် မြန်မာအစိုးရနှင့်အခြားခေါင်းဆောင်တို့အား ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၌ ထိပ်တန်းဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။
    မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော တစ်ဖက်သတ် အကြမ်းဖက်မှုသည် ယခုလတွင် တစ်နှစ် တင်းတင်းပြည့်ပြီဖြစ်သည်။ အနည်းဆုံး လူဦးရေ တစ်သိန်းလေးသောင်း ၄င်းတို့ နေရပ်တွင် ပြန်လည် အခြေချခွင့်မရရှိဘဲ ဒုက္ခသည်စခန်းများတွင် ရောက်နေရသည်ဟု ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။ မြန်မာပြည်မြောက်ပိုင်းရှိ ကချင်တပ်ဖွဲ့ နှင့်ပြုလုပ်ထားခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အစိုးရတပ်ဖွဲ့များမှ ချိုးဖောက်လာသည်မှာလည်း ၂ နှစ် ရှိပြီဖြစ်သည်။
    ဤနှစ်အစောပိုင်းတွင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး သည် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် လူနည်းစုဝင်များ အပေါ် ကြောက်ခမန်း လိလိ အကြမ်းဖက်မှုများကြောင့် လွန်စွာ စိတ်ထိခိုက်သွားခဲ့သည်။ တစ်ခါ လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် ဆင်းရဲသားနှင့်အခြေခံ လူတန်းစားများအတွက် အကျိုးဖြစ်ထွန်းဖွယ် မရှိဟုလည်း ဆိုခဲ့သည်။
    “ ကျွန်ုပ်နှင့် သဟာယမိတ်ဆွေ နိုဗယ်လ်ဆုရှင်များ၏ ယနေ့ကြေညာချက်သည် မြန်မာပြည်ရောက်စဉ်က ကျွန်ုပ်မြင်တွေ့ခဲ့ရမှုများအပေါ် ပြန်လည်မြင်ယောင်စေခဲ့ပါသည်။ ကျွန်ုပ်သည် မြန်မာပြည်မှ နှလုံးစိတ်ဝမ်း မချမ်းမြေ့စွာဖြင့် ပြန်လာခဲ့ရသည်” ဟု ဘုန်းတော်ကြီး ဒက်စမွန်တူးတူးမှ ပြောကြားခဲ့သည်။
    http://nobelwomensinitiative.org/
  • နမ္မတူမြို့ အစိုးရကျောင်းတွင် မွတ်စလင်မ် ကျောင်းသား/သူများအား ဘုရား မရှိခိုးသဖြင့် ကျောင်းထွက်ခိုင်း
    နမ္မတူမြို့ အစိုးရကျောင်းတွင် မွတ်စလင်မ် ကျောင်းသား/သူများအား ဘုရား မရှိခိုးသဖြင့် ကျောင်းထွက်ခိုင်း
    ဇွန် ၂၁၊ ၂၀၁၃
    M-Media
    ဇာဏီ
    နမ္မတူ ။           ။           ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အစိုးရကျောင်းတွင် တက်ရောက်သင်ကြားနေသော မွတ်စလင်မ်ကလေးငယ်များအား ကျောင်းအုပ်ဆရာမကြီးမှ ဘာသာရေးအရ ဖိနှိပ်ပြီး ဘုရားရှိခိုးခိုင်းရာ ကလေးမှ ဘုရားရှိမခိုးသဖြင့်  ကျောင်းထွက်လက်မှတ်ပေးပြီး ကျောင်းမှထွက်ရန် ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
    နမ္မတူ ဗိုလ်ချုပ်လမ်းရှိ အမက(၃) မူလတန်းလွန်ကျောင်းတွင် ဇွန်လ (၁၉)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါကျောင်းတွင် ဗုဒ္ဓဘာသာဘုရား ရှိခိုးမှုများပြုလုပ် ရပြီး ကျောင်းတက်နေသော မွတ်စလင်မ်ကျောင်းသူ ကလေးများအားလည်း ရှိခိုးခိုင်းရာ မွတ်စလင်မ်ကျောင်းသူလေး တစ်ဦးမှ ရှိခိုးမှုမပြုသဖြင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ဆူပူငေါက်ငမ်းခဲ့ပါတယ်။ တဆက်တည်း ဘုရား မရှိခိုးနိုင်လျှင် ကျောင်းထွက် လက်မှတ်ယူပြီး ကျောင်းထွက်သွားဟု ပြောဆိုခဲ့ပါတယ်။
    နောက်တစ်ရက် ကျောင်းတက်ရန် ကျောင်းသို့ရောက်ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းထွက်လက်မှတ်အဆင်သင့်လုပ်ထားပြီး ကျောင်းထွက်လက်မှတ်ယူပြီး ကျောင်းထွက်ရန် ပြောကြားသောကြောင့် ကျောင်းသူလေးမှ သူ့မိခင်အားလာရောက်ခေါ်သောကြောင့် အခြားသော မွတ်လင်မ်လူကြီးတချို့နှင့်အတူ ကျောင်းသို့ လိုက်သွား၍ ကျောင်းအုပ်ဆရာမကြီးအား မနက်ခင်းပိုင်းတွင်ပင် သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရတယ်။
    သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒီအမိန့်ဟာ ပညာရေးဌာနကနေ ရှိခိုးဖို့အတွက် ပြဌာန်းထားတာဖြစ်တယ်။ ပြဌာန်းထားတာကို မလိုက်နာတဲ့အတွက် ကျောင်းထုတ်ဖို့ ကျောင်းထွက် လက်မှတ် လုပ်ပေးတာ’ဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် ကျောင်းသူလေး မိခင်နှင့်အတူ လိုက်ပါသွားသော မွတ်စလင်မ်လူကြီးများက ‘ဘုရားရှိခိုးရမယ်ဆိုရင် အခြားသော မွတ်စလင်မ်ကလေးတွေလည်း ရှိမခိုးနိုင်တဲ့အတွက် သူတို့အားလုံးကိုလည်း ကျောင်းထွက် လက်မှတ်ပေးပါ’လို့ တောင်းဆိုကြောင်း ပြန်လည်ပြောကြားလိုက်သည့် အတွက် ကျောင်းအုပ်ဆရာမကြီးမှ နမ္မတူ မြို့ဦး ဘုန်းကြီးကျောင်းသို့ ဖုန်းဆက်ပြီး ခေါ်လိုက်သည်ဟု သိရပါတယ်။ ထိုကဲ့သို့ ကျောင်းအုပ် ဆရာမကြီးမှ ဖုန်းဆက်လိုက်သည့်အတွက် မြို့ဦးကျောင်းမှ ဘုန်းတော်ကြီး ၂-ပါးရောက်ရှိလာပြီး ၎င်းတို့နောက်မှ ဆိုင်ကယ် အစီး(၃၀)ခန့် လူအုပ်ကြီးက တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ရောက်ရှိလာကြပါတယ်။
    မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးက မေးမြန်းပြီးသည့်နောက် ‘ဒါဟာ ဘာသာရေးကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်’ဟုပြောပြီး ပြန်သွားခဲ့ပါတယ်။ သို့သော် ကျောင်းအုပ်ဆရာမကြီးမှ ‘ဒါဟာ ပညာရေးဌာနက ပြဋ္ဌာန်းထားတာဖြစ်လို့ လုပ်ကို လုပ်ရမယ်’လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ တုတ်၊ ဓါးများ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကျောင်းဝင်းအပြင်ဘက်တွင် စုရုံးနေသော်လည်း လုံခြုံရေးမှ မတားဆီးပဲ ရှိနေခဲ့ပါတယ်။ အဆိုပါ ကိစ္စမှာ မနက် ၁၁း၃၀ နာရီ ခန့်တွင် လူစုကွဲပြီး ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း သိရပါတယ်။
    နေ့လည် ၃-နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူပြီး ပြောကြားရာတွင် ‘ကုလားတွေဟာ လက်တစ်ဆုတ်စာသာရှိကြောင်း၊ တို့ဗမာတွေက အင်အားများတယ်၊ တို့လုပ်လိုက်ရင် သူတို့သေကုန်မယ်’ဆိုသော စကားအား ထပ်ပြန်တလဲ ပြောကြားခဲ့ပြီး ထိုနေ့မှစ၍ ယခုအချိန်အထိ နမ္မတူမြို့တွင်းတွင် လုံခြုံရေးများ ချထားကြောင်း နမ္မတူမြို့သို့ ဆက်သွယ်မေးမြန်းမှုများမှ သိရှိခဲ့ရပါသည်။
    နမ္မတူတစ်မြို့လုံးတွင် စုစုပေါင်းအိမ်ခြေ (၁၀၀၀)၀န်းကျင်ခန့်နှင့် လူဦးရေ (၂၀၀၀၀)ကျော်ရှိပြီး ထိုအထဲတွင် မွတ်စလင်မ်အိမ်ခြေ (၁၈၆)အိမ်၊ လူဦးရေ (၄၀၀)၀န်းကျင်ခန့်သာ ရှိပြီး ဗလီ(၄)လုံးလည်းရှိကြောင်း သိရပါတယ်။
    နိုင်ငံတ၀န်းတွင် ယခုကဲ့သို့ ဘာသာရေးအရခွဲခြားမှုများ ကျောင်းတော်တော်များများတွင် လုပ်ဆောင်နေခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိသော မြို့ကြီးများနှင့် အခြားသော နေရာအနှံ့အပြားက ကျောင်းများတွင်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ ကျောင်းများတွင် ဘာသာရေးအရ ခွဲခြားဖိနှိပ်ပြီး ကလေးငယ်များကို စိတ်ဓါတ်ကျစေရန် လုပ်ဆောင်မှုများသည် တိုင်းပြည်တိုးတက်ရေးကို ပိတ်ပင်တားဆီးနေသော အရာတစ်ခုဖြစ်နေကြောင်း သုံးသပ်လိုက်ရပါတယ်။