News @ M-Media

ဟလာလ်အစားအစာများအပေါ် ဂျပန်များ ဦးတည်လာ

ဇွန်- ၂၃၊ ၂၀၁၃

M-Media
ကိုင်ရို။         ။ ဒေသခံမွတ်စ်လင်များ နှင့် ကမ္ဘာလှည့်ခရီးသည်များ၏ လိုအပ်ချက်အရ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ စားသောက်ဆိုင်တို့သည် ဟလာလ်အစားအစားများ တိုးချဲ့ရောင်းချနိုင်ရန် ဦးတည်လျက်ရှိသည်။

Halal Food Booms in Japan“ ဟလာလ်အစားအစာများကို တိုကျိုရဲ့ ၂၃ ရပ်ကွက်မှာပဲ ရရှိနိုင်သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားနေရာတွေမှာ တိုးချဲ့သွားမှာဖြစ်ပါတယ် ။ အယင်က တစ်လကို ကြိုတင်မှာကြားမှု အကြိမ် ၂၀၀ လို့ ခန်းမှန်းထားပေမယ့် အခုကျတော့ တစ်လကို ၅၀၀ အထိ လက်ခံရရှိနေပါတယ်။ အခြားမြို့တွေမှာလည်း တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ် ” ဟု Halal Deli အမည်ရှိ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးမှ The Japan Times သို့ ဇွန်လ ၂၁၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဟလာလ်စားသောက်ဆိုင်များတွင် မလေး၊ အင်ဒို နှင့် တူရကီအစားအစာများကို ရနိုင်သည်။
ယင်းစားသောက်ဆိုင်များ၏ပုံမှန်ဖောက်သည်များသည် ကုမ္ပဏီဝန်ထမ်းမွတ်စ်လင်မ်များ၊ အလည်ရောက်လာသူများ နှင့် ကမ္ဘာလှည့်ခရီးသည်များ ဖြစ်ကြသည်။

ဂျပန်အစိုးရသည် မကြာသေးမီက အရှေ့တောင်အာရှဒေသအား ဦးစားပေး၍ သွားရောက်လည်ပတ်ခဲ့သည်။ ယခုအခါ ဒေသတွင်းရှိလူများကိုဆွဲဆောင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာတင်းကြပ်ထားမှုကို လျှော့ချပေးရန် ပြင်ဆင်လျက်ရှိသည်။

ဟလာလ်အစားအသောက်များ မကျယ်ပြန့်လာမီက လူ ၃၀ ဦးပါ ပညာရေးဝန်ထမ်းအုပ်စုဖြင့် ဂျပန်ကျောင်းများသို့ လှည့်လည်ရောက်ရှိလာသော အင်ဒိုနီးရှားမွတ်စ်လင်မ် Fauziah Fauzan (၄၂ နှစ်) သည် စားသောက်ဆိုင်ရှိအစားအစာများမှာ ဟလာလ်နည်းလမ်းနှင့်မညီမည်ကို စိုးသဖြင့် စိတ်ချရစေရန် ငါး နှင့် ဟင်းသီးဟင်းရွက်များဖြင့်သာ တင်းတိမ်ခဲ့ရကြောင်း၊ အခြားဒေသများ၌ ဟလာလ်အစားအစာများ ရလာခဲ့လျှင် ၀မ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ပြောပြခဲ့သည်။

မွတ်စ်လင်မ်ကမ္ဘာလှည့်ခရီးသည်ဦးရေတိုးပွားလာသည်နှင့်အမျှ ဂျပန်အစိုးရသည် ဟလာလ်အစားအစာများ လွယ်လင့်တကူရရှိရေးအတွက် တိုက်တွန်းအားပေးလျက်ရှိသည်။

“ ဂျပန်ကို အလည်လာလိုတဲ့ မွတ်စ်လင်မ်တွေ အမြောက်အများ ရှိနေကြတယ်။ ဒါပေမယ့် ဟလာလ်အစားအစာ မရမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်လို့ ဟလာလ် အတွက် လွယ်ကူမယ်ဆိုယင် ဂျပန်ကိုလာမယ့် မွတ်စ်လင်မ် ဦးရေ တိုးတက်များပြားလာမယ်လို့ ကျွန်တော် ထင်တယ် ” ဟု နာဂိုယာတက္ကသိုလ်မှ ကျောင်းပညာရေး နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုဌာန တွဲဖက်ဌာနမှူး ပရော်ဖက်ဆာ မီနာ ဟာတိုရီ က ပြောကြားလိုက်သည်။

ရုရှတော်လှန်ရေးပြီးနောက် ရာဂဏန်းရှိ ရုရှမှ တူရကီအနွယ်ဝင်မွတ်စ်လင်မ်တို့ ပြောင်းရွှေ့အခြေချလာသော ၁၉၂၀ ခုနှစ်မှစ၍ ဂျပန်တွင် အစ္စလာမ် ကျယ်ပြန့်လာခဲ့သည်။ ၁၉၃၀ ခုနှစ်၌ ဒေသအသီးသီးရှိ မွတ်စ်လင်မ်တို့ဦးရေသည် တစ်ထောင်ခန့်ရောက်ရှိခဲ့သည်။ ၁၉၈၀ ခုနှစ်များအတွင်း အီရန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်မှ ထပ်မံရောက်ရှိလာသည့် ပြောင်းရွှေ့ လုပ်သားများကြောင့် အခြေချ မွတ်စ်လင်မ်ဦးရေ တရှိန်ထိုးမြင့်တက်သွားသည်။ ကမ္ဘာ့ဒဿမမြောက် လူကြိုက် အများဆုံးနိုင်ငံဖြစ်သော ဂျပန်တွင် ယခုအခါ လူဦးရေ ၁၂၇ သန်းဝန်းကျင်ရှိ၍ ၄င်းတို့အနက် ဒေသတွင်း မွတ်စ်လင်မ်ဦးရေမှာ တစ်သိန်းနှစ်သောင်းခန့်အထိ တိုးပွားလာခဲ့ပြီဖြစ်သည်။

Ref: Onislam

Comments

Leave a Reply