News @ M-Media

Blog

  • ကျောက်ဆည်မှ လုပ်ကြံ သတင်းကိစ္စ ဆရာတော်ကြီးများအား တွေ့ဆုံ လျှောက်ထား

    ဇွန် ၂၀၊ ၂၀၁၃
    M-Media
    KK

    ကျောက်ဆည်မှ လုပ်ကြံ သတင်းကိစ္စ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များမှ မြို့နယ် ဆရာတော်ကြီးများအား သွားရောက်တွေ့ဆုံ လျောက်ထား

    IMG_0514
    ကျောက်ဆည် ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်လာစေရေး အတွက် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူပွဲ တစ်ရပ်ကို ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သီရိသာသနာ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်း သြ၀ါဒခံယူပွဲတွင် ကျောက်ဆည်မြို့ပေါ်ရှိ မြို့နယ် သံဃာနာယက သြ၀ါဒါစရိယ ဆရာတော်တစ်ပါး၊ မြို့နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသည့် နာယကဆရာတော်(၃)ပါး၊ မြို့နယ် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌဆရာတော် (၁)ပါး၊ စုစုပေါင်း ဆရာတော်(၅)ပါးတို့ထံမှ ခရိုင်နှင့် မြို့နယ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ အမှူးပြုသည့် အစ္စလာမ် ဘာသာဝင်(၉)ဦးတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင် ဆောင်ရွက်နိုင်ရေး၊ ကောလဟလသတင်းများ၊ ဘေးပယောဂများ၊ လုပ်ကြံဖန်တီး၍ အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်သည့် နှိုးဆော်စာများဖြန့်ဝေနေခြင်း ကိစ္စရပ်များကို ပူးပေါင်းဖော်ထုတ်၍ ပြည်သူများအား အသိပေးဆောင်ရွက်သွားရန် သြ၀ါဒခံယူခဲ့ခြင်းဖြစ်ပါသည်

    သြ၀ါဒခံယူပြီးနောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများကို အစ္စလာမ်ဘာသာမှခေါင်းဆောင်များမှ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေးမှူးတို့လည်း တက်ရောက်ခဲ့ပြီး စုစုပေါင်း လူ ၂၀-ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်

    ကျောက်ဆည်မြို့ မြို့နယ်သံဃာနာယကဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ (မဟာဝိသုတာရာ (ဆူးကုန်း)ကျောင်း)မှ ‘ကျောက်ဆည်မြို့တွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကြားတွင် မည်သည့်ပြဿနာမှ မရှိကြောင်း၊ အကယ်၍ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာမည်ဆိုပါက ကျောင်းထိုင်ဆရာတော်များ ၀ိုင်းဝန်းပြီး ပူးပေါင်း ကာကွယ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှုံ့ဆော်စာများဝေငှနေမှုအား ခရိုင်အစိုးရမှ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ဖော်ထုတ် အရေးယူပေးရန်၊ ယခုစာသည် လှုံ့ဆော်စာများသာဖြစ်ကြောင်းကို ကျောက်ဆည်ခရိုင်တစ်ခုလုံးတွင် သတင်းအမှန်ဖြန့်ဝေပေးရန်’တို့ကို သြ၀ါဒတွင် ထည့်သွင်းမြွက်ကြားခဲ့ကြောင်းသိရသည်။

    ကောလဟလ လှုံ့ဆော်စာနဲ့ပတ်သက်ပြီး ‘ယခုဖြန့်ဝေနေသည့်စာများသည် မဟုတ်မမှန်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပါမည် အကြောင်း၊ ကျောက်ဆည်မြို့သည် အေးချမ်း သာယာမှုရှိခဲ့သည့် အတွက် ယခုလိုဖြစ်ပေါ်လာသည်များကို ထိရောက်စွာ အရေးယူမည့်အကြောင်း’များအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆရာတော်တွေကို အဓိက လျှောက်ထားကြောင်းလည်းသိရသည်။

    “ဒုတိယအကြိမ်ဂျဟာဒ်လုပ်မယ်ဆိုတဲ့ စာက ဒုတိယအကြိမ် ထပ်မံလှုံ့ဆော်တာပါ။ ပထမအကြိမ်ကလည်း ဒီစာဟာ လုပ်ကြံစာဖြစ်ကြောင်း ရှင်းလင်းပြီးပါပြီ။ အခု အစီအစဉ်က မထင်မှတ်ပဲ လုပ်ဖြစ်သွားတာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးက စီစဉ်လိုက်တာပါ။ ပထမကတော့ ဆရာတော်တွေကို ဒီအတိုင်း လျှောက်တင်ဖို့ပါ။ စာရဲ့ လက်မှတ်ထိုးနေရာမှာ နာမည်ပါတဲ့ ဦးအောင်စိုးလည်းပါပါတယ်။ အေးအေးချမ်းချမ်းလေး ပြီးစီးသွားခဲ့ပါတယ်”လို့ သြ၀ါဒခံယူပွဲတွင်ပါဝင်သူတစ်ဦးမှ ပြောပြပါတယ်။

    ယခုကဲ့သို့ သြ၀ါဒ ခံယူပွဲ ပြုလုပ်ရခြင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက “ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း” ဟူသော ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက် အတု သတင်း သစ်ထူးလွင်ဆိုဒ် ဖြန့်ချီခဲ့ပြီးနောက် ယင်းကြေညာချက်သည် လုပ်ကြံထားမှုဖြစ်ကြောင်းကို သိရှိသည့် ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ကျောက်ဆည်မြို့နယ်တွင် ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ >>

    IMG_0517

     

  • “အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ (By ငြိမ်းချမ်းအေး)

    jihadforlove

    “အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ

    မိုးမခ မှ တဆင့်ကူးယူဖော်ပြသည်။

    ငြိမ်းချမ်းအေး၊ ဇွန် ၁၈၊ ၂၀၁၃

     

    “အချစ်ဂျီဟဒ်” စကားလုံး အစ

    “အချစ်ဂျီဟဒ်” ဆိုတဲ့ အသုံး လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က နိုင်ငံတကာ မှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ဗမာပြည်မှာလည်း အလားတူ သဘောတရားတခု ခုနှစ်ပိုင်း ပို ခေတ်စားလာတယ်။ နိုင်ငံတကာမှာတော့ နာမည်ကို နားဝင်သာအောင် ပေးကြတယ်။ နောက်တမျိုးက ပိုတောင် ယဉ်သေးတယ်။ “ရိုမီယိုဂျီဟဒ်” တဲ့။ ဆိုလိုချင်တဲ့ အဓိပ္ပာယ် အနက် ကို ပို ပေါ်လွင် အားပါစေတဲ့ အသုံး ကျ “အချစ်ထောင်ခြောက်” တဲ့။ စာရေးသူ တို့ဆီမှာလည်း လှပါတယ်။ တခါတည်း ပေးလိုက်တာ ဒုတ်ထိုးအိုးပေါက် ကွက်ကွက်ကွင်းကွင်း “သားဖောက်သာသနာပြုခြင်း” ဆိုပဲ။ မြန်မာ စကားလုံး ရဲ့ လားရာ “Etymology” ကို စစ်ရင် နိုင်ငံတကာက အသုံးထက် ပိုတောင် ရှေးကျဦးမလား မသိဘူး။ စာရေးသူတော့ ကြားဖူးခဲ့တာ တော်တော်ကြာပေါ့။

    စကားလုံးရဲ့ ပုံဖော်နိုင်မှု၊ တနည်းအားဖြင့် စကားလုံးရဲ့ အားက သိပ်ကောင်းတယ်။ ဒါကြောင့် အထက်မှာ လှတယ်လို့ သုံးလိုက်တာပါ။ ဒါပေမယ့် ကိုးကွယ်ယုံကြည်မှု ဘာသာတရား တခုခုနဲ့ ဆက်စပ်တဲ့ ကိစ္စကို ဆိုရာမှာ စကားလုံးရွေးချယ်မှုက အားကောင်းဖို့ထက် တဘက်သား နာခံသာပြီး ယဉ်ကျေးဖွယ်ရာဖြစ်ဖို့က ပိုအရေးကြီးတယ်။ ဒါ့အပြင် စွပ်စွဲချက်က မှန်နေရင် တော်သေးတယ်။ မမှန်ရင် တဘက်အုပ်စုက ပို အခံရခက်တာပေါ့။ ပြီးတော့ စကားလုံး အားကောင်းလေ လူအများကြား ဟုတ်နိုးနိုးနဲ့ ပို ယုံထင်ကြောင်ထင် ဒွိဟဖြစ်လေ၊ ပြဿနာပိုကြီးလေ၊ ရှင်းဖို့ခက်လေ နဲ့ နောက်ဆုံးတော့ တဘက်နဲ့ တဘက်နဲ့ မယုံသင်္ကာပိုဖြစ်၊ သံသယတွေ ပိုထားလာပြီး နောက်ဆုံး ပြင်းထန်တဲ့ ပဋိပက္ခတွေ အထိ ဖြစ်လာပြီး အရှည် မှာ ဖျောက်ဖို့ခက်တဲ့ ဒဏ်ရာအမာရွတ်တွေ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခုကြားမှာ ထင်ကျန်လာတော့တာပေါ့။

    “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လိုမှု ရဲ့ အကြောင်းရင်း

    ခု ဗမာပြည်မှာ ဖြစ်ပေါ်လာတဲ့ အငြင်းပွားဖွယ် “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု ရဲ့ အရင်းစစ်က ဒီ “အချစ်ဂျီဟဒ်” စကားလုံး (သို့) သီအိုရီ ကြောင့်လို့ ဆိုနိုင်တယ်။ Theory ဆိုတာထက် “Conspiracy Theory” ဆိုရင် ပိုမှန်မယ်။ အင်အားကြီးတဲ့ လူတစုက ရည်ရွယ်ချက်ရှိရှိ၊ အကွက်ကျကျ၊ လျှို့ဝှက်ကြံစည် နေမှု တခုခုကြောင့် ဖြစ်ရပ်တချို့ရဲ့ နောက်ကွယ်မှာ မနှစ်မြို့ဖွယ် အခြေအနေတခုခု ရှိနေတယ်ဆိုပြီး မှန်းဆ တွေးတော ကောက်ချက်တွေထုတ် ယုံကြည်နေမှု တခုခုလို့ ဆိုပါတော့။

    ဗမာပြည်က “အချစ်ဂျီဟဒ်” (မြန်မာလို တွင်ကျယ်နေတဲ့ အသုံး “သားဖောက်သာသနာပြုခြင်း”) သီအိုရီ ဖြစ်စဉ်မှာ သတိပြုဖွယ်တခုက ဒီလို အသုံးမျိုးနဲ့ သဘောတူ (အလားတူ) နီးစပ် စကားမျိုး ကို အပြောခံ အုပ်စုဘက်ကပါ “အပြောင်အပြက်” ပြောလေ့ရှိတာပဲ။ စာရေးသူ ကိုယ်တိုင် မကြခဏ ဆိုသလို ကြားဖူးတယ်။ ဘာသာကွဲ နဲ့ လူငယ်ဘာသာ၊ ဘာဝ ချစ်၊ ကြိုက် မိရာက လက်ထပ်ဖို့ အထိ ဖြစ်လာရင် ဘာသာတူ လူငယ် သူငယ်ချင်း အချင်းချင်းကြား နောက်ပြောင်ရင်း “ကောင်းတာပေါ့..။ သာသနာပြုပြီးသားလည်း ဖြစ်တာပေါ့..။” လို့ “ပြက်ချော်ချော်” ပြောလေ့ရှိတာ သတိထာမိတယ်။ ဆင်ခြင်ဖွယ်ရာပါပဲ။ “အပြက်အပြက် နဲ့ နှာခေါင်းသွေးထွက်” ကိန်းဆိုက်တာပေါ့။ “အမှိုက်ကစ ပြဿဒ်မီးလောင်” ပြီး အခုတော့ ဘာသာကွဲတွေကြားမှာ တကယ် အမြင်မှား၊ ထိထိရောက်ရောက် စွပ်စွဲ၊ အရေးယူချင်စရာ ဖြစ်လာတော့တယ်။

    လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ

    ဒီ “အချစ် ဂျီဟဒ်” ရဲ့ အရင်းစစ်က အစွပ်စွဲခံ အုပ်စုတွေရဲ့ ဘာသာတရား အစ္စလာမ် ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ကြောင့်လို့ ဆိုနိုင်မယ် ထင်တယ်။

    အစ္စလာမ် သာသနာ ဟာ ပေါ်ထွန်းခဲ့တဲ့ ခေတ် အနေအထား၊ ပထဝီဝင် ဒေသ အခြေအနေကြောင့် အခြား ဘာသာကြီးတွေနဲ့ ယှဉ်ရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး (တိုင်းပြည် အုပ်ချုပ်ရေး) နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပိုပြီး တိတိကျကျ ဆိုသလို ပြဋ္ဌာန်း သတ်မှတ်ထားတယ်။ ဥပမာ – စီးပွားရှာရမှာ ဘာသာ ပေါ်ဦးစ ဒေသတွင်း ခေတ်အနေအထား ကြီးစိုးနေတဲ့ အတိုးကြီးစားမှု ကို ပပျောက်စေချင်တော့ အတိုးယူ စီးပွားရှာမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး၊ ကျွေးကျွန်တွေကို လွတ်ငြိမ်းချမ်းသာပေးတာမျိုး၊ အလုပ်သမား လုပ်ခ ကို ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့ မျှမျှတတ ဘယ်လိုပေးရမယ် ဆိုတာမျိုး နဲ့ စီးပွားရှာရာမှ ရရှိတဲ့ အမြတ်ကို ဘယ်လို သုံးစွဲ၊ စုစောင်း၊ လှူဒါန်းမှုမျိုးပြုရမယ်ဆိုတာမျိုးတွေကို တိတိကျကျ လမ်းညွှန်တာမျိုး ကို ဆိုလိုတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှု နဲ့ မဆိုင်တဲ့ လွတ်လပ်တဲ့ လေ့လာသူ နိုင်ငံတကာ ပညာရှင်တွေက အစ္စလာမ် အယူဝါဒ ကို စတင်ဖော်ထုတ်တဲ့ ခေါင်းဆောင် တမန်တော် မုဟမ္မဒ် ကိုဆိုရင် သြဇာကြီးမားလှတဲ့ လူမှုရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ပါ သတ်မှတ်လေ့ရှိကြတယ်။
    ဆိုချင်တာက အစ္စလာမ် ဘာသာဝင် မွတ်ဆလင်တွေ အတွက် လက်ထပ်ခြင်း နဲ့ ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိတယ်။ ဘာသာကွဲသူများ အကြား အိမ်ထောင်ပြုမှု (Mixed Marriage/Interfaith Marriage) အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားတယ်။ တခြား ဘာသာကြီးတချို့မှာဆိုရင် ဒီလို သတ်မှတ်ချက်မျိုး အတိအကျရယ်လို မရှိဘူးလို့ ဆိုနိုင်တယ်။

    ဥပမာ – ကမ္ဘာ့ ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒို ဘာသာယုံကြည်မှုအရဆိုရင် ဘုရားကို ရှာတဲ့ နေရာမှာ၊ တနည်းအားဖြင့် ပရမတ္တသစ္စာ (Absolute Truth) ကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့ လမ်းတွေ ရှိမယ်။ ဒါပေမယ့် ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲ လို့ ယူဆတဲ့ အတွက် ဟိန္ဒို တယောက် နဲ ဟိန္ဒို မဟုတ်သူ တယောက် အကြား မှာ အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားမှု မရှိဘူး။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိက အခွင့်အရေး နဲ့ ရွေးချယ်မှု သက်သက် ဖြစ်တယ်။ ကြိုက်တဲ့ လမ်းရွေး၊ ကြိုက်တာ ကိုးကွယ် ဆိုတဲ့ အယူအဆ အရ ဘာသာကွဲနဲ့ လက်ထပ်မှု ကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှု ပြုမထားဘူး။

    ခရစ်ယာန် ဘာသာ မှာ ဆိုရင်လည်း သမ္မာကျမ်းစာ ကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့ တခု အနက်ကောက်ရာမှာ မတူညီတဲ့ အတွက် ဘာသာကွဲ လက်ထပ်မှု ခွင့်ပြုတာ ရှိသလို၊ ပြင်းထန်တဲ့ အစုအဖွဲ့ တွေမှာလည်း တားမြစ်ထားတာ ရှိတယ်။ ဓမ္မသစ်ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့) မယား ဟာ ယုံကြည်မှုရှိသူ မိမိ အိမ်ထောင်ဘက် မှ တဆင့် မြင့်မြတ်တဲ့ ကောင်းကင်ဘုံ (နိဗ္ဗာန်) ကို ရောက်နိုင်တယ် ဆိုတဲ့ သဘောမျိုးပါတဲ့အတွက် ယေဘုယျ သဘော ဘာသာကွဲနဲ့ လက်ထပ်ခြင်းကို ခွင့်ပြုတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံ ဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုး မရှိဘူး။

    (စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။ ဆောင်းပါးပါ ရေးသားချက်မှာ ယေဘုယျ သဘောကိုသာ ဆိုလိုခြင်း ဖြစ်တယ်။)

    ဗုဒ္ဓဘာသာ မှာ ဆိုရင်လည်း ကိလေသာ နဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စ “Pure Secular Affair” ဖြစ်တယ်။ ငါးပါးသီလ လို ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက် ရှိတယ်။ ဒါပေမယ့် အိမ်ထောင်မှုပြုခြင်း အတွက် သီးသန့် လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိဘူး။ ဒါဟာ ဗုဒ္ဓဘာသာ မှာ အိမ်ထောင်မှုပြုခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ဘူး။ ဆန့်ကျင်ခြင်း၊ ကန့်သတ်ခြင်း မရှိသလို၊ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းထားပြီး လမ်းညွှန် အားပေးထားခြင်းမျိုးလည်း မရှိဘူး ဆိုတဲ့ သဘောသာ ဖြစ်တယ်။

    ဒါပေမယ့် ယေဘုယျ ဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်း ချည်းပဲ ဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရား ကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေ အဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီလူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆပ်စပ်ဘူးလို့ ဆိုလိုတယ်။

    အစ္စလာမ် အယူဝါဒ မှာတော့ ဆိုခဲ့သလို အိမ်ထောင်ပြုမှုဆိုင်ရာအတွက် လမ်းညွှန်ချက်တွေ သီးသန့် ရှိတယ်။ ယေဘုယျ သဘောအရ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးဘူး။ အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြား ဘာသာ နှစ်ခု ဖြစ်တဲ့ ဂျူး နဲ့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးတယ်။ သားသမီးကိုလည်း မွတ်ဆလင် အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားတယ်။

    ဒီလို တိတိကျကျ သတ်မှတ်ထားမှု သဘောကြောင့် ဒါဟာ မွတ်ဆလင် ဘာသာဝင် အရေအတွက် တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး ဆိုခဲ့တဲ့ “အချစ်ဂျီဟဒ်” သီအိုရီ ပေါ်လာခြင်း ဖြစ်တယ်လို့ ယူဆနိုင်တယ်။ မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင် မဟုတ်တဲ့ အခြား ဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခု ချို့ယွင်း မှု ကြောင့် သိမ်းသွင်းဖို့ပိုလွယ် “Vulnerable“ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆတရပ်၊ စွပ်စွဲမှုတရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာတယ်။

    အိန္ဒိယ ဖြစ်စဉ်

    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယ မှာ အစ္စလာမ် ဘာသာရေး အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး “အချစ်ဂျီဟဒ်” ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒို နဲ့ ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးတယ်။ ဒီလို စနစ်တကျ နဲ့ လူပ်ရှားမှု “Campaign” ပုံ သဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ် အခြေခံဝါဒီ အုပ်စုကိုလည်း နိုင်ငံခြားက အစ္စလာမ် အဖွဲ့အစည်းတွေကလည်း ငွေကြေးထောက်ပံ့ ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြတယ်။ ဒါကြောင့် အစိုးရနဲ့ တရားရေး အဖွဲ့တွေက ဒီကိစ္စ ကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတယ်။ ပုဂ္ဂလိက တဦးချင်း ဆန္ဒ နဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမယ့် အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှု ပုံစံ မျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေး ရေးသား ဆွေးနွေးနေဆဲ ဖြစ်တယ်။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှု တွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အားတိုက် ဝါဒဖြန့်နေကြဆဲ ဖြစ်တယ်။ သာမန် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေကလည်း “အချစ်ဂျီဟဒ်” ကိစ္စ ဆက်လက် ထောက်ပြ၊ စုံစမ်းစစ်ဆေးအရေးယူဖို့၊ သူတို့ သမီးတွေ နဲ့ အိန္ဒိယ ကို ဟန်ဆောင် အချစ် “အချစ်ဂျီဟဒ်” စစ်ပွဲ မွတ်ဆလင်တွေက စနစ်တကျ ဆင်နွှဲနေတာကို ကာကွယ်ဖို့ တောင်းဆိုနေကြဆဲ ဖြစ်တယ်။

    ယူကေ ဖြစ်စဉ်

    ဗြိတိန် နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးတယ်။ ဆစ်ခ် အမျိုးသမီးငယ် ပညာတတ် ကောလိပ် ကျောင်းသူလေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား “အချစ်ထောင်ခြောက်” နဲ့ သိမ်းသွင်းခြင်းခံနေရတယ်။ နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ် အသိုင်းအဝန်းမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် “လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး ဌာန” က ဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ဖူးတယ်။ လေ့လာချက်အရ ဆစ်ခ် အသိုင်းအဝန်းရဲ့ စိုးရိမ် စွပ်စွဲ မှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်တယ် ဆိုတာ တွေ့ရှိခဲ့တယ်။ မွတ်ဆလင်တွေကို မကောင်းဆိုးဝါးတွေ အဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါ (Islamophobia) ရဲ့ ပြဿနာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ လူထု နဲ့ ဆစ်ခ် အသိုင်းအဝန်းကို ထုတ်ပြန် တင်ပြခဲ့ရဖူးတယ်။

    ဗမာပြည် ဖြစ်စဉ်

    ဆိုတော့ ဆိုလိုချင်တာက “အချစ်ဂျီဟဒ်” ပြဿနာ ဟာ နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ၊ စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုခဲ့တယ်။ အခု ဗမာပြည်မှာလည်း ဒီ “အချစ်ဂျီဟဒ်” သဘောနဲ့ ဆက်နွယ်ပြီးတော့ လူအများကြား ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစား၊ ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ နှစ်မျိုးစလုံးအနေနဲ့ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချီ လာကြတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမို အထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရား နဲ့ သံသယ ဟာ ဗမာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ပြန့်နှံ့ လာနေတယ်။ အခုနောက်ဆုံး လောကီရေးရာ နဲ့ အမြဲလိုလို ကင်းကင်းနေလေ့ရှိတဲ့ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များကပါ ဘာသာ၊ သာသနာအရေးအတွက် စိုးရိမ်သောက ရောက်လာပြီး “အချစ်ဂျီဟဒ်” ကို ကာကွယ်လိုမှု သဘော “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု မျိုး ပုံစံ အထိ အဆိုတင်သွင်းလာကြတယ်။

    ဗမာပြည် ဖြစ်စဉ်အတွက် ဦးစားပေး စတင် လုပ်သင့်တဲ့အရာ

    ဒီလို ဗမာပြည်မှာ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒို နဲ့ အစ္စလာမ် မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးထဲက အမျိုးသမီးငယ်လေးတွေ ဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ် သားကောင် အနေနဲ့ ဟန်ဆောင် အချစ် (သို့) ငွေကြေး နဲ့ မြူဆွယ် ဖြားယောင်းမှု ထောင်ခြောက် ဒဏ် ကို စနစ်တကျ ကျူးလွန် ခံနေရပြီး အဓမ္မ ဘာသာပြောင်းခြင်း ခံနေရတဲ့ ဖြစ်စဉ်မျိုး ဗမာပြည်မှာ တကယ် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါက အမှန်တကယ် လျစ်လျူရှုထားလို မရတဲ့ ပြဿနာ အကြီး ဖြစ်ကာ တကယ်လည်း အလေးထား အရေးယူ၊ ကာကွယ်မှု တခုခု ပြုလုပ်ရာမှာ အမှန်ဖြစ်တယ်။

    ဒါပေမယ့် အခု သံဃာတော် များ ဆွေးနွေး ညှိနှိုင်းပြီး ထုတ်ပြန်ဖို့ ဆန္ဒ ရှိတဲ့ “မျိုးစောင့်ဥပဒေ” လို မျိုးနဲ့တော့ မဟုတ်ပါ။

    ပထမဆုံးအနေနဲ့ ဖြစ်သင့်တာက နိုင်ငံတကာမှာ ဆောင်ရွက်သလို အစိုးရ၊ ဘာသာရေး နဲ့ လူမှုရေး အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးပြီး လွတ်လပ် ဘက်မလိုက် မျှတပြီး မြင်သာထင်သာရှိတဲ့ ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမျိုး အရင် ပြုလုပ်ရပါမယ်။ ပြီးတော့ ထုတ်ဖော် တွေ့ရှိချက် ကို အများပြည်သူ နဲ့ နိုင်ငံတကာ၊ အထူးသဖြင့် ကမ္ဘာ့မွတ်ဆလင် အသိုင်းအဝန်း ကို မှန်မှန်ကန်ကန် အကျိုး/အကြောင်း အညီ ချပြရပါမယ်။

    “အချစ်ဂျီဟဒ်” သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက်ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် အနေနဲ့ကို ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ မျှတတဲ့ စုံစမ်း စစ်ဆေးမှု မဖြစ်မနေ အရင်လုပ်ရပါမယ်။

    ရှေးရိုးစွဲနဲ့ ဘာသာရေး အစွန်းရောက် အုပ်စုတွေ အွန်လိုင်းနဲ့ အပြင်မှာ လက်လွယ်စပယ်၊ လေဖမ်းဝါးလုံးတန်းချည် ပြောဆို၊ ရေးသား နေမှုမျိုး၊ အမှတ်တဝက် အမှားတဝက် ရောစွက် ပုံဖျက်ထားတဲ့ အချက်အလက်မျိုး၊ ဝါဒဖြန့် မှိုင်းတိုက်နေမှုမျိုးကို အခြေခံပြီး လုပ်လို့ မရပါ။ ဘက်မလိုက်၊ အစွဲကင်းတဲ့ အဖြေတခု ထွက်အောင် အရင် ရှာရပါမယ်။ ဒါမှ ပကတိ အခြေအမှန်ကို သိနိုင်ပါမယ်။

    တကယ်လို့ “အချစ်ဂျီဟဒ်” ဖြစ်စဉ် အမှန်တကယ် ဖြစ်ပေါ်နေတယ်၊ ဒါမှမဟုတ် ဖြစ်ပေါ်လာနိုင်ဖို့ အလားအလာ ရှိတယ်၊ နောက်ဆုံး ယုတ်စွအဆုံး တကယ်မဖြစ်ပေါ်နေ၊ မဖြစ်ပေါ်နိုင်သော်ငြားလည်း အမျိုး၊ ဘာသာ၊ သာသာနာ ကို ကာကွယ်စောင့်ရှောက်လိုမှုသဘောနဲ့ အရေးယူ ဆောင်ရွက်မှုမျိုး၊ ဥပဒေပြူမှုမျိုး လုပ်ချင်တာဆိုရင်လည်း အခု သံဃာတော်များ ဆွေးနွေး အဆိုပြု ခဲ့တဲ့ “မျိုးစောင့်ဥပဒေ” သဘောမျိုးနဲ့တော့ ပြဿနာ အဖြေ မရှာနိုင်ပါ။

    အထူးသဖြင့် “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း)” အဆိုပါ ထည့်သွင်းထားတဲ့ သဘောမျိုးနဲ့တော့ လုံးဝ အရေးယူမှု ပြုလို့ မရပါ။ ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက် နဲ့ ဖြစ်သင့်တဲ့ သဘောကို အောက်ပါ ဆွေးနွေးချက် (၁၁) ချက်မှာ ဆက်လက် ရှုပါ။

    ၁) ပုဂ္ဂလိက ဆန္ဒ နဲ့ အခွင့်အရေး ကို လေးစား အသိအမှတ်ပြုရမယ်။

    အိမ်ထောင်သားမွေးပြုခြင်း (လက်ထပ်ခြင်း) နဲ့ လိင်ဆက်ဆံခြင်း ဆိုတာဟာ အရွယ်ရောက်ပြီး ကျား/မ လူသားတိုင်းအတွက် ကိုယ်ပိုင် အသိဉာဏ်၊ ပညာ နဲ့ ဆင်ခြင်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိတဲ့ တကိုယ်ရေ ပုဂ္ဂလိက ရွေးချယ်မှု၊ သဘော နဲ့ ဆန္ဒသာ ဖြစ်တယ်။

    ၂) အခြေတည် ပြီးသား ကောင်းမွန်တဲ့ ဓလေ့ထုံးကို ထိန်းသိမ်းရမယ်။

    ဗမာ့ရိုးရာဓလေ့ နဲ့ ဗုဒ္ဓဘာသာ ဓလေ့ မှာ အိမ်ထောင်မှုပြုခြင်းကိစ္စဟာ အင်မတန် ရိုးရှင်း လွတ်လပ်ပြီး ဘာသာရေး လမ်းညွှန်ချက်တွေ၊ အဖွဲ့အစည်းတွေ အပြင် ဥပဒေရဲ့ တုန့်နှောင်မှု နဲ့ပါ လွတ်ကင်းပြီး (၂၁) ရာစု မျက်မှောက်ခေတ် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အံဝင်ပြီးသားလည်း ဖြစ်တယ်။ ဒါဟာ မိမိဓလေ့၊ ဘာသာထုံးရဲ့ အမြင်ကျယ်၊ သဘာထားကြီး၊ လူသားဆန်မှု နဲ့ လွတ်လပ်ခွင့် ကို ဖော်ပြရာရောက်တဲ့အတွက် ထိန်းသိမ်းရပါမယ်။

    ၃) ကျား/မ လိင် ခွဲခြားဆက်ဆံ ပြုမူခြင်းကို ဆန့်ကျင် ရှုတ်ချရမယ်။

    အခု မူကြမ်း ဥပဒေ အဆိုပါ “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ” လို့ ခေါင်းစဉ် တပ် ကန့်သတ်ခြင်းဟာ လူ့အခွင့်အရေး ကို ချိုးဖောက်ရုံမက ကျား/မ လိင် ခွဲခြားမှု ကို ဖြစ်စေတယ်။ အစ္စလာမ် လက်ထပ်ခြင်း ထုံးမှာလည်း အလားတူပဲလို့ ပြန်အကြောင်းပြချက် ပေးလိုသူများကို တခါတည်း စဉ်းစားနိုင်ဖို့ ဒီမှာ ရှင်းပါမယ်။ အစ္စလာမ် ဘာသာ နဲ့ ဘာသာဝင် မိတ်ဆွေများကို စော်ကားလိုစိတ် ရိုးသားစွာ မရှိပါ။ ဘာသာရေး ထုံးတမ်းတွေ အများစုဟာ ရှေးဟောင်း လူ့အဖွဲ့အစည်း ကို အခြေခံပြီး အဲဒီ ခေတ် လိုအပ်ချက်အရ သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်။ ခေတ်သစ် ကမ္ဘာ (၂၁) ရာစု အတွေးအခေါ်၊ အဆင့်အတန်း ရေချိန် အရ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင် ပြောင်းလဲဖို့လိုသလို တင်းကျပ်မှုတချို့ကို ဖြေလျော့ဖို့ လိုတယ်။ အစ္စလာမ်ထုံးပါ အမျိုးသားများကိုသာ ကွက်ပြီး ဘာသာကွဲနဲ့ လက်ထပ်လိုပါက ခွင့်ပြုခြင်းဟာ ကျား/မ လိင် ခွဲခြား၊ ဖိနှိပ်ဆက်ဆံခြင်း ဖြစ်တယ်။ မျက်မှောက် လူ့အဖွဲ့အစည်းအတွက် မသင့်တော်ပါ။

    ၄) မလေးရှား ဒီမိုကရေစီ ကို တုချင်ရင် အာဏာရှင်စနစ်သာ ကျင့်သုံးပါ။ ဒါမှမဟုတ် “Theocracy” စနစ် ကျင့်သုံးပါ။

    မလေးရှားမှာလည်း အလားတူ သဘော ဥပဒေ ရှိတယ်လို့လည်း အခု အကြောင်းပြကြတယ်။ မလေးရှားဟာ ဘာသာရေးက နိုင်ငံတော်ရဲ့ မူဝါဒ နဲ့ လမ်းစဉ်တွေအပေါ် လွှမ်းမိုးမှုလုံးလုံးကင်းတဲ့ “Secular State” စစ်စစ် မဟုတ်ပါ။ ဘာသာရေး အစွန်းရောက်တွေ မများဘဲ အလယ်အလတ်ဝါဒီ အများစုလို့ ဆိုနိုင်သော်လည်း ဘာသာရေးထုံးတမ်း နဲ့ ရှေးရိုးစွဲ အမြင်၊ အလုပ်တွေ အများကြီး ရှိနေတယ်။ ဒါဟာ အတုယူစရာ မဟုတ်ပါ။

    မလေးရှားဟာ ဒီမိုကရေစီနိုင်ငံလည်း အပြည့်အဝ မဟုတ်ပါ။ မလေးရှား ဒီမိုကရေစီလောက်ပဲ မှန်းနေရင် ဗမာပြည်မှာ အာဏာရှင်စနစ်သာ ဆက်လက် ကျင့်သုံးပါ။ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်း နဲ့ ခေါင်းဆောင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ “Theocracy” စနစ်ကို ကျင့်သုံးပါ။
    ကမ္ဘာအနှံမှာ အထူးသဖြင့် မွတ်ဆလင်ကမ္ဘာ၊ အာရပ်ကမ္ဘာမှာ နိုင်ငံတော်ကို ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုးလို့ ဘယ်လို လူမှု၊ စီးပွား မတည်ငြိမ်မှုတွေ၊ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနှောင့်နှေး၊ အောက်ကျနောက်ကျ နိုင်မှုတွေ ဖြစ်ခဲ့၊ ဖြစ်နေတယ် ဆိုတာကို ဗမာ့လူ့အဖွဲ့အစည်းက သင်ခန်းစာ ယူဖို့ပါ။ လိုက်လံ၊ အတုယူ ကျင့်သုံးပြီး တိုင်းပြည်ကို ခေတ်နောက်ပြန်ဆွဲခေါ်သွားဖို့ မဟုတ်ပါ။

    ၅) စင်္ကာပူလို လုပ်လို့မရ။ လက်ထပ်ခြင်း စံနှုန်းတွေဟာ အရပ်ဘက် ဥပဒေ အောက်မှာ ဘာသာအားလုံး အတူတူဖြစ်ရမယ်။

    စင်္ကာပူမှာ အလားတူ ဥပဒေ ရှိတယ်ဆိုတာလည်း တကယ်တော့ အပြည့်အဝ မမှန်ပါ။ အစ္စလာမ် ဘာသာမှာ အထက်တနေရာမှာ တင်ပြခဲ့သလို လက်ထပ်ခြင်းအတွက် သီးသန့် ညွှန်းဆို ပြဋ္ဌာန်းထားချက်တွေ သီးခြားရှိတဲ့အတွက် စင်္ကာပူအစိုးရက သူတို့နိုင်ငံရဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းကို သီးသန့် အခွင့်အရေးပေးတဲ့ အနေနဲ့ အစ္စလာမ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ရုံး နဲ့ ဥပဒေ ခွဲထားခြင်းသာ ဖြစ်တယ်။ ဗမာပြည်မှာ အလားတူ သဘော မွတ်ဆလင်တွေအတွက် သီးခြား ထိမ်းမြားခြင်း ဆိုင်ရာ တရားရုံး နဲ့ ဥပဒေ ခွဲဖို့လည်း လုပ်လို့ မရပါ။

    အကြောင်းက မယားပြိုင်ယူခွင့် (Polygyny) ကိုပါ အရပ်ဘက် ဥပဒေ (Civil Law) အရ မွတ်ဆလင် အသိုင်းအဝန်းအတွက် သီးသန့် စင်္ကာပူမှာ ခွင့်ပြုသလို ခွင့်ပြုရမှာ ဖြစ်လို့ ဖြစ်တယ်။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ အရာ ဖြစ်တယ်။ လက်ရှိ ဗမာပြည် အရပ်ဘက် ဥပဒေမှာကို Polygamy (လင်ပြိုင်/မယားပြိုင်) ကိစ္စနဲ့ ပတ်သက်ပြီး ဗမာအမျိုးသမီးတွေဟာ တရားမျှတမှု မဲ့၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတယ်။ လက်ရှိ ဗမာပြည်မှာ ဥပဒေအရ လင်ပြိုင်ထားခြင်း (Polyandry) ကိုသာ အမျိုးသမီးများအပေါ် ကွက်တားမြစ်ထားပြီး အမျိုးသားများအတွက်တော့ မယားပြိုင်ယူခွင့် (Polygyny) တဘက်စောင်းနင်း ခွင့်ပြုထားတယ်။ ဒါကိုသာ ပြုပြင်ပြီး Polygamy (လင်ပြိုင်/မယားပြိုင်) ကို ညီတူညီမျှ ကန့်သတ်တားမြစ်တဲ့ ဥပဒေထုတ်ဖို့ ကြံဆောင်ရမှာ ဖြစ်တယ်။ ဒီလိုသဘောဟာ အရပ်ဘက် ဥပဒေ (Civil Law) နဲ့ တည်ရှိနေပြီး လူမျိုး၊ ဘာသာအားလုံး၊ နိုင်ငံသားအားလုံးအပေါ် တပြေးညီ သက်ရောက်ရမှာ ဖြစ်တယ်။

    ၆) အမျိုး/ဘာသာ/သာသာနာ နဲ့ အမျိုးသမီးငယ်တွေကို အမှန်တကယ် လက်တွေ့ အကျိုးရှိ ကာကွယ်နည်း

    အမျိုး၊ ဘာသာ ကို ကာကွယ်ချင်သလား။ ဗမာမိန်းကလေးတွေကို လူမျိုး/ဘာသာခြားက ငွေနဲ့ သိမ်းသွင်းနေတာမျိုး ကို ကာကွယ်ချင်သလား။ ဘာသာရေးမုန်းတီးမှု မှိုင်းတိုက်နေတာတွေ ရပ်ပါ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ လူပ်ရှားမှု “Campaign” တွေ (မွတ်ဆလင်ဆိုင် ဈေးမဝယ်ရေးလိုမျိုး) ရပ်ပါ။ တိုင်းပြည်မှာ တည်ငြိမ်၊ အေးချမ်းပြီး လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပါ။ အထူးသဖြင့် တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအများစု သူဆင်းရဲမိသားစုက ဗမာမိန်းကလေးတွေရဲ့ လူမှု-စီးပွား ဘဝတိုးတက်အောင်၊ ပညာရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားပါ။ ဒါမှသာ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာပေါင်းစုံ က နိုင်ငံသား မျက်နှာမွဲ လူ့ဆင်းရဲ အမျိုးသမီးငယ်လေးတွေ ငွေကြေး အလို့ငှာ ဘဝတွေ ပေးဆပ်နေရတာတွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြားမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေရတာတွေ၊ လူကုန်ကူးခြင်း၊ အိမ်နီးချင်း တိုင်းပြည်တွေကို ဇနီး/မယား အဖြစ် ရောင်းစားခံနေရာတွေ ပပျောက်မှာ ဖြစ်တယ်။ “သားဖောက်သာသနာပြုနေတယ်” ဆိုတာကို အခု ဇောင်းပေးနေသူများ ဒီလို ကျယ်ပြန့်တဲ့ ရှုထောင့်ကနေကြည့်ပြီး အမှန်တကယ် စိုးရိမ်သင့်တဲ့ အခြေအနေ နဲ့ အကြောင်း ကို အကျိုး/အကြောင်းညီ စိုးရိမ်တတ်ပါ။

    ဗမာပြည်က လူမျိုးစုံ/ဘာသာစုံ အမျိုးသမီးငယ်လေးတွေ လူမှု-စီးပွားအတွက် ဘဝတွေ ရေတိမ်နစ်နေတာကိုသာ စာနာမှုထားပြီး အမျိုးသမီးငယ်အားလုံး လူမှုဘဝ လုံခြုံမှုရအောင် ဖန်တီးပေးနိုင်တဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေး နဲ့ ဥပဒေ အခင်းအကျင်းမျိုး၊ အသိုင်းအဝန်းမျိုး ဖန်တီးနိုင်ဖို့ ဝိုင်းဝန်းကြံဆပါ။ ပထမဆုံး လုပ်သင့်တဲ့ အလုပ်ကတော့ ဆိုခဲ့တဲ့ အတိုင်း ဘာသာ/လူမျိုး မတူသူတွေအကြေား အမုန်းတရား တိုးပွားအောင် မှိုင်းတိုက်နေမှုတွေကို ရပ်တန်းက ရပ်ပါ။
    ၇) “Theocracy” စနစ် ရဲ့ အန္တရာယ် ကို သတိပြုပါ။
    ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှုတွေ စလို့ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များ လှုပ်ရှားပါဝင်မှုသဘော၊ တိုင်းသူပြည်သား အတိဒုက္ခရောက်မှုကို သံဃာတော်တွေက ကူညီဖြေရှင်းပေးတဲ့ ပြည့်ဝတဲ့ သဘောကို စာရေးသူအနေနဲ့ လုံးဝထောက်ခံတယ်။ ဗမာ့လူမှုအသိုင်းအဝန်းမှာ သံဃာတော် တွေရဲ့ အရေးပါမှုသဘော၊ သြဇာ နဲ့ တန်ဖိုးကို စာရေးသူ အနေနဲ့ အပြည့်အဝ လေးစားတန်ဖိုးထား အသိအမှတ်ပြုတယ်။ ဒါပေမယ့် ဘာသာရေး အဖွဲ့အစည်းတွေ၊ ကျောင်းတော်တွေ နဲ့ ခေါင်ဆောင်တွေက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေး စနစ် စတဲ့ အဓိက အရေးပါတဲ့ မဏ္ဍိုင်ကြီးတွေမှာ လွှမ်းမိုး နေရာယူလာမှာမျိုးကို လုံးဝ လက်မခံပါ။ ဒါဟာ တိုင်းပြည်မှာ လူမှုမတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်တယ်။
    “Democracy Vs Theocracy” ဆိုပြီး နှိုင်းယှဉ် အမျိုး/ဘာသာ သာသာန အတွက် ဆိုပြီး စဉ်းစားနေစရာကို အကြောင်းမရှိပါ။ အထက်မှာလည်း ရှင်းပြခဲ့သလို ဘာသာရေးခေါင်းဆောင်တွေ ကြီးစိုးတဲ့ “Theocracy” တိုင်းပြည်တွေ၊ ဘာသာရေး အစွန်းရောက်တွေ ကြီးစိုးတဲ့ နိုင်ငံတွေ၊ ရှေးရိုးစွဲ မွတ်ဆလင် နဲ့ အာရပ် ကမ္ဘာ ဒေသတွေ ဘယ်လိုတွေ ဖြစ်ပျက်နေ၊ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သမိုင်းသင်ခန်းစာ ယူတတ်ရပါမယ်။ တာလီဘန် အန္တရာယ် မကျရောက်ခင် အာဖဂန်နစ္စတန် ဟာ အလယ်အာရှ မှာ စီးပွား၊ ပညာ၊ ကျန်းမာ အရာရာ ထိပ်တန်းကျခဲ့ဖူးတယ်ဆိုတာ သတိပြုဆင်ခြင် သင်ခန်းစာ ယူပါ။ မွတ်ဆလင်တွေထဲက ဘာသာရေး အစွန်းရောက်၊ ဘာသာရေး အယူသီးတချို့ရန်ကို ကာကွယ်ချင်လို့ ဆိုပြီး သူတို့လို ပြင်းထန် အစွန်းရောက်တဲ့ အပြုအမူ၊ အကျင့်၊ အကြံ၊ ဥပဒေသ တွေ လိုက်ကျင့်သုံးမယ်ဆိုတာ ဓမ္မာဓိဋ္ဌာန်လုံးဝ မကျပါ။ အမှားတခု ကို နောက်ထပ် အမှားတခုနဲ့ လိုက်ချေဖျက်လို့ အမှန်မဖြစ်ပါ။ အမှားနှစ်ခုသာ ဖြစ်လာမှာ ဖြစ်တယ်။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းလို့ ဘယ်လိုမှ ဆုံးခန်းတိုင် မဖြေရှင်းနိုင်သလိုမျိုးပဲ အစွန်းရောက်နေမှု သဘောတွေကို နောက်ထပ် အစွန်းရောက်မှု သဘောနဲ့ တန်ပြန် ချေလို့ မရပါ။ ရလဒ်ကောင်း ထွက်မလာနိုင်ပါ။

    ၈) ဥပဒေ ပြုရေးဟာ ဘာသာရေးခေါင်းဆောင်များ ရဲ့ ကျွမ်းကျင်မှု အလုပ် မဟုတ်ပါ။

    အခုလို ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မိမိ ဘာသာ၊ သာသနာအတွက် စိုးရိမ်မှုရှိတာ သဘာဝကျတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ကဏ္ဍ အသီးအသီး နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက် စဉ်းစားဖို့လိုတဲ့ ဥပဒေပြုရေးလို အကြောင်းအရာမျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံကို ဖြန့်ကြည့်မြင်ရပါမယ်။ ဒါမျိုးဟာ ဘာသာရေးတခုသာ ဇောက်ချ လေ့လာ၊ အားထုတ်နေတဲ့ ရဟန်း သံဃာတော်များရဲ့ အလုပ် တာဝန် မဟုတ်သလို လိုအပ်တဲ့ ကျွမ်းကျင်မှု ပညာအရည်အချင်းလည်း မရှိပါ။ ဘာသာရေး တတ်ကျွမ်းမှု တခုတည်းနဲ့ စဉ်းစား၊ ဘာသာ/သာသနာ အမြင် တခုတည်းနဲ့ပဲ မြင်ကြည့်ပြီး ဥပဒေ ထုတ်မယ်ဆိုလည်း ဆိုခဲ့သလို သီအိုကရေစီ နိုင်ငံပဲ ဖြစ်သွားမှာပါပဲ။ ဒီမိုကရေစီနိုင်ငံ မဟုတ်တော့ပါ။ လူမျိုးစုံပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စုစနစ်တိုင်းပြည်မှာ သီအိုကရေစီ စနစ် ဖြစ်သွားရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ စဉ်းစာကြည့်ဖို့တောင် မဝံ့ပါ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်ဖို့ ကြံစည်ခဲ့ရုံလေးနဲ့ ကချင်အမျိုးသား ညီအကို များနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ် အခုအထိ အပြီးအပြတ် မငြိမ်းသေးပါ။ သံဃာတော် အရှင်သူမြတ်များ အနေနဲ့ ဘာသာရေးရာ တရားဓမ္မနဲ့ ဆိုင်တဲ့ လမ်းညွှန်မှုတွေ၊ ဆိုဆုံးမမှုတွေ လူ့အဖွဲ့အစည်းအပေါ် လုပ်ပါ။ ဒါပေမယ့် ပိုမိုကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ ဥပဒေပြုရေးလို တိုင်းပြည်ရဲ့ အရေးတွေမှာတော့ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များကိုသာ ဆောင်ရွက်ခွင့်ပေးဖို့ သံဃာတော် အရှင်သူမြတ်များကို ရှိခိုးဦးတင် တောင်းပန်ပါရစေ။

    ၉) ယနေ့ခေတ်မှာ ဘာသာတရား တခုခု ဟာ တနေရာမှာ လုံးဝ ကွယ်ပျောက်စရာ အကြောင်း အင်မတန် နည်းတယ်။

    ဘာသာ၊ သာသနာ ကွယ်ပျောက်မှာ စိုးတယ်၊ သမိုင်းကို ကြည့်လိုက်၊ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတဲ့ တိုင်းပြည်တွေ ရှိတယ် ဆိုတဲ့ အမြင်သဘောကို အကျိုး/အကြောင်း ပြန်စီစစ်ကြည့်ပါ။ ရှေးခေတ် တိုင်းပြည် တခု နဲ့ တခု၊ လူမျိုး တမျိုး နဲ့တမျိုး စစ်ပွဲကြီးတွေ ဖြစ်လေ့ရှိတယ်။ စစ်ပွဲပြီးရင် နိုင်သူရဲ့ ဘာသာတရား လွှမ်းမိုးမှု တွေရှိတယ်။ ဒါ့အပြင့် အကြီးအကျယ် အစုလိုက်၊ အပြုံလိုက်လူမျိုးစုတွေ ရွှေ့ပြောင်းမှု ရှိတယ်။ မျက်မှောက် ကမ္ဘာမှာ ဒီလို အချက် နှစ်ခုစလုံး မရှိတော့တဲ့ အတွက် လူမျိုးတမျိုး၊ ဘာသာတခု တနေရာရာမှာ လုံးလုံး ကွယ်ပျောက်သွားဖို့ဆိုတာ လက်ရှိမှာ လက်တွေ့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့ပါ။ အထိုက်အလျောက် ရှိနိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချ နေထိုင်မှုကိုလည်း နိုင်ငံတကာစံနှုန်း အညီ တန်းဝင်ပြီး နိုင်ငံတော်လုံခြုံရေးကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းထားပြီး အဂတိ ကင်းကင်း ဥပဒေအတိုင်း တရားမျှတ ဆောင်ရွက်ရင်း ထိန်းချုပ်နိုင်တယ်။ အဓိက ကတော့ မိမိဘာသာရဲ့ တရားစစ်၊ တရာမြတ် ဓမ္မ ကို သာ အခြေတည်ပြီး ကျင့်ကြံ၊ ပြောဟော နေရင် ဘယ်ဘာသာကိုးကွယ်မှုမှ ကမ္ဘာမှာ ကွယ်ပျောက်စရာ မရှိတော့ပါ။ အထူးသဖြင့် မဇ္ဈိမပဋိပဒါ ကျင့်ကြံမှုသဘော အလယ်အလတ်ကျ၊ လွတ်လပ်မှု အပြည့်ရှိ၊ ဒီမိုကရေစီ သဘော ကြွယ်ဝလွန်းလို့ အရှေ့အနောက် နေရာတိုင်းမှာ ရေပန်းစား လူကြိုက်များ စိတ်ဝင်တစား လေ့လာသူပေါ်များလာနေတဲ့ ဗုဒ္ဓဘာသာ လို ဘာသာကြီးတခုအနေနဲ့ ဘယ်လိုနည်းနဲ့မှ ကွယ်ပျောက်စရာမရှိပါ။.. အမျိုး/ဘာသာ လှိမ့်အော်နေပြီး တရားမဲ့မှုတွေ၊ အဓမ္မမှုတွေ ကျူးလွန်နေရင်သာ လူအကြည်အညိုလျော့လာစရာ အကြောင်းရှိတယ်။

    ၁၀) “Islamophobia” ဟာ ပိုမို ကျယ်ပြန့်လာပြီ

    နောက်တချက် အနေနဲ့ အခု “မျိုးစောင့်ဥပဒေ” အငြင်းပွားမှု နဲ့ သံဃာအစည်းအဝေး ဆွေးနွေးချက်ပါ သဘောထားတချို့မှာ အရေးကြီးဆုံး အလေးထား သတိပြု၊ စဉ်းစားစရာ ဖြစ်လာတာ တခုက မွတ်ဆလင်တွေကို အန္တရာယ်တခု အနေနဲ့ မြင်၊ ပြုမူ၊ ပြောဆိုခြင်းဟာ ဟိုအရင် နိုင်ငံတကာ အသိုင်းအဝန်း အပါအဝင် အားလုံးက ယူဆထားသလို ပြင်းထန်တဲ့ အမြင်သဘောရှိသူ ရဟန်းတချို့ နဲ့ ခေတ်နောက်ပြန်ဆွဲလိုသူ (သို့) နိုင်ငံရေးပယောဂ နဲ့ လူပုဂ္ဂိုလ် တချို့သာ ပါလို့ ယူဆလို့ မရတော့တာပါ။ လူအများကြည်ညိုလေးစားရတဲ့ တိုင်းပြည်ရဲ့ ထိတ်တန်း သံဃာတော်အများစုရဲ့ အမြင်မှာလည်း (အစွန်းရောက်မှုသဘော မရှိပေမယ့်) စိုးရိမ်မှု အမြင်ကတော့ တသဘောတည်းပဲရှိနေတယ် ဆိုတာ သိလာရတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်စနစ် မဏ္ဍိုင်ကြီးတွေကိုလည်း ဘာသာရေးခေါင်းဆောင်တွေက လွှမ်းမိုးလိုမှု သဘောရှိတယ် ဆိုတာ သိလာရတယ်။
    ဆိုတော့ ဒီပြဿနာဟာ ပေါ့ပေါ့တန်တန် မဟုတ်ပါ။ လူမျိုး၊ ဘာသာ ပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ် တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန် အလေးအနက်ထား စဉ်းစား အရေးယူရမယ့် အခြေအနေဖြစ်တယ်။ လက်ရှိ ဗမာပြည်ဟာ တခြား ကမ္ဘာ့နိုင်ငံတချို့လို မွတ်ဆလင်ဘာသာဝင်ထဲက အစွန်းရောက် တချို့ရဲ့ အကြမ်းဖက်မှု အန္တရာယ် ကျရောက်နေတာမျိုး မရှိပါ။ မွတ်ဆလင် ခွဲထွက်ရေး သူပုန်ဆိုတာမျိုးလည်း မရှိပါ။ ဒါပေမယ့် ဒီလို မွတ်ဆလင် ကို မကောင်းဆိုးဝါး အန္တရာယ် လို အမြင်တွေ ကြီးထွားပြီး မလိုလားအပ်တဲ့ အပြုအမူ၊ မူဝါဒ အမှားတွေ ပြုလုပ်မိရင် တိုင်းပြည်ဟာ အနာဂတ်မှာ တကယ့်ကို အကြမ်းဖက်မှု အန္တရာယ်ကျရောက်လာနိုင်ပါတယ်။ ဒါအပြင် တိုင်းပြည်မှာ လူမှုတည်ငြိမ်မှု မရှိ၊ ပြည်တွင်းစစ်တွေ မရပ်၊ လူမျိုး/ဘာသာ အဓိကရုဏ်းတွေ ပြည့်နေရင် ခေတ်မီ တိုးတက်ဖွံဖြိုး ချမ်းသာအောင်လည်း ဘယ်လိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။

    ၁၁) မှန်ကန်တဲ့ အလုပ်သဘောနဲ့ ကျယ်ပြန့်တဲ့ စဉ်းစားတွေးခေါ်၊ မျှော်မြင်နိုင်မှုကသာ ပြဿနာ ရဲ့ အဖြေဖြစ်တယ်။

    ဒါကြောင့် “အချစ်ဂျီဟဒ်” အပါအဝင် မွတ်ဆလင်တွေအပေါ် ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဆောင်းပါးမှာ ဆွေးနွေးအကြံပြု တင်ပြခဲ့သလို လွတ်လပ် မျှတ၊ ဘက်မလိုက် စုံစမ်းစစ်ဆေးပါ။ ဗမာမွတ်ဆလင် အသိုင်းအဝန်း နဲ့ ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်တွေကလည်း သဘောထားကြီးကြီးထား တိုင်းပြည် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပါ။ ဘာသာတရားရဲ့ ဓမ္မ အစစ် နဲ့ အညီ တရားမျှတစွာ နေထိုင်နေမှုသဘော နဲ့ ဗမာ-မွတ်ဆလင်တွေရဲ့ ဗမာပြည်အပေါ် သစ္စာစောင့်သိ၊ ချစ်မြတ်နိုးမှု သဘောကို လူအများနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပါ။ မတူကွဲပြားတဲ့ ဘာသာ အုပ်စုတွေအကြား လူမှုရေးလုပ်ငန်း ပူးပေါင်းလုပ်မှုတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်စတဲ့ ပူးပေါင်းဆောင်ရွက် ထိတွေ့ဆက်ဆံမှုတွေ အများအပြားလုပ်လာနိုင်ဖို့ ကြိုးစားပါ။ ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ရာမှာ “ဘက်နှစ်ဘက်စလုံး” က မိမိ အမျိုး၊ ဘာသာ၊ သာသနာ တခုတည်း ကြည့်လို့မရပါ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်နေတဲ့ တိုင်းပြည်တခုလုံးရဲ့ အရေးဖြစ်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန် မျက်စိဖွင့်၊ နားဖွင့်၊ ရင်ဘတ်ဖွင့် အစွဲကင်းကင်းနဲ့ ဘက်ပေါင်စုံက ဆင်ခြင်၊ စဉ်းစား၊ သုံးသပ် အဖြေမှန်ရှာရပါမယ်။
    နိဂုံး
    နိဂုံးချုပ်ရရင် လက်ရှိ ဗမာပြည်ဟာ ဒီမိုကရေစီ ခရီးကြမ်းကို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျပြီး ခုမှ စလျှောက်ဖို့ ခြေလှမ်း လှမ်းနေဆဲ ဖြစ်တယ်။ အခက်အခဲ ပေါင်းစုံ ရှေ့မှာ ရင်ဆိုင်ရဦးမှာ ဖြစ်တယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းစရာတွေလည်း ရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နိုင်ငံတကာမဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုမီအောင်တောင် နှစ်များစွာ ကြိုးစားရဦးမှာ ဖြစ်တယ်။ တိုင်းပြည်မှာ မှီတင်းနေထိုင်နေတဲ့ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်မှ၊ စည်းလုံးမှ၊ ချစ်ခင်မှ အားလုံးရဲ့ အင်အားတွေကို စုစည်းပြီး တိုင်းပြည်တိုးတက်အောင် ကြံဆောင်နိုင်မှာ ဖြစ်တယ်။ မတူညီကွဲပြားမှုတွေဟာ ဒီမိုကရေစနစ်မှာ အန္တရာယ် မဟုတ်ပါ။ အားသာချက် အင်အားတရပ်သာ ဖြစ်တယ်။ အတွေးအခေါ်ပေါင်းစုံ စည်ပင်၊ ယဉ်ကျေးမှုပေါင်းစုံထွန်းကားတဲ့ ပန်းပေါင်းစုံပွင့်ဖူး ရှင်သန်ရာ အနာဂတ် ကသာ တိုင်းပြည်ရဲ့ ပြဿနာ အစုစုအတွက် အဖြေဖြစ်တယ်။ ဒီသော့ချက် သဘောကို ရဟန်းရှင်၊ လူ၊ ပြည်သူ အပေါင်း နားလည် သဘောပေါက် ဆင်ခြင်၊ စဉ်းစားနိုင်ဖို့ မိုးမခ ကနေတဆင့် တင်ပြဆွေးနွေးလိုက်ပါတယ်။
    မိုးမခ စာဖတ်ပရိသတ် ရဲ့ အမြင်၊ သဘောထားတွေကိုလည်း တိုင်းပြည် အကျိုးအတွက် အပြုသဘောဆောင်၊ ယဉ်ကျေးစွာ ပြန်လည် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ မှတ်ချက် အနေဖြင့် ဖြစ်စေ၊ E-mail မှ တဆင့် ဖြစ်စေ ပြန်လည် ဆွေးနွေးချက်၊ အမြင် များကို ပေးပို့ ရေးသားနိုင်ပါတယ်။

     

    ငြိမ်းချမ်းအေး
    ၁၆ ၊ ဇွန် ၊ ၂၀၁၃
    (ဆက်သွယ်ရန် – [email protected])
  • ပထမ ဗမာမွတ်စလင်များ (EBook)

    ဇွန်-၁၉၊၂၀၁၃
    M-Media
    ရေးသားပြုစုသူ ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D.

    1st myanmar muslim

    ပညာရေး
    ၁)အမျိုးသားကောလိပ် ပထမဆုံးဝိဇ္ဖာရရှိခဲသည့်
    အာဇာနည်ခေါင်း ဆောင်ကြီး ဆရာကြီး ဦး ရာဇတ် (၂၀ ဇနန် ဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)

    ၂)တက္ကသိုလ်သုံး ဝေါဟာရများကို ပထမဆုံးမြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ
    ပါဠိပါမောက္ခ ဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.)

    ၃)ကျန်းမာရေးမှူးသင်တန်းကျောင်း စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သူ
    ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက် (ဆမ-၃၅) (၂၉ မေ ၁၉၀၈–၂၂ ဇန်နဝါရီ ၂၀ဝ၄ )

    ၄)ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာန ပေါ်ပေါက်လာအောင် ဦးဆောင် ကြိုးပမ်းခဲ့သူ
    ပါမေက္ခ ဦးအောင်ခင် (၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၁၇ )

    ၅)ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်
    ဒေါက်တာတင်မောင်

    တိုင်းကျိုးပြုရေး

    ၆)ပထမကျောင်းသား သပိတ်ခေါင်းဆောင်
    ဦးဘရှင်(သံတွဲ) ဘီအက်စ်စီ အထက်အတန်း

    ၇)ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ-က-သ) ပထမဆုံးဥက္ကဋ္ဌ
    ဦးထွန်းစိန်(B.Sc.,B.L.)

    ၈)ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)ပထမဆုံး ဥက္ကဋ္ဌ
    ဦးရာရှစ်

    ၉)ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ
    အငြိမ်းစားသံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) (၂၇ ဩဂုတ် ၁၉၁၂ – ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)

    စာပေ၊ အနုပညာ၊ ဗိသုကာ

    ၁၀) မြန်မာစာပေနယ်တွင် အစောဆုံး ခရီးသွားမှတ်တမ်း
    စာဆိုတော် ရွှေတောင်သာဂသူ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်း

    ၁၁)ပထမဆုံး ကာတွန်းဆရာကြီးနှင့် ဦးရွှေရိုးအက တီထွင်သူ
    ဦးဘကလေး (ရွှေတလေး)

    ၁၂) မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်လုပ်မှုကို အစောဆုံးစတင်သူ
    ပဉ္စရူပံ ဦးခ (၁၈၈၅-၁၉၆၀)

    ၁၃) အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်
    တက္ကသိုလ် နန္ဒမိတ်၏ မြန်မာပြည် စစ်မြေပြင် (၁၉၆၅)

    ၁၄)အမျိုးသား စာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ
    စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင်

    ၁၅) ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ
    စာရေးဆရာ ချစ်ညို (၂၄ ဒီဇင်ဘာ ၁၉၂၄-၁၀ မေ ၁၉၈၇)

    ၁၆) ပထမဆုံး မြင်ကွင်းကျယ် ရုပ်ရှင်ကားမှ ရုပ်ရှင်မင်းသား
    မင်းသား၊ ဒါရိုက်တာ၊ ဗိုလ်ကြီး ဒေါက်တာ မောင်မောင်တာ(ဟဂ်ျ) [Ph.d., M.A., FDMU (Dublin),DJ (Ygn)]

    ၁၇)မြန်မာ့ အရှည်ဆုံး အကြီးဆုံး သစ်သား တံတား
    ဦးပိန်တံတား

    လူ မှု ရေး

    ၁၈) လူမှုထူးချွန်ပထမဆင့် ကို ပထမဆုံးရရှိသူ အမျိုးသမီး
    ဟာဂျီမ ပျဉ်း မနားဒေါ်ပု (၁၉၀၆-၁ ဖေဖော်ဝါရီ ၁၉၈၂)

    ၁၉)မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက်

    အမှာစာ

    ပထမ ဗမာမွတ်စလင်များဟူသည် မြန်မာပြည်၏ ကြီးပွားတိုးတက်မှုအတွက် မိမိတို့ရပ်တည်ရာ နယ်ပယ်အသီးသီး တွင် ပထမဦးဆုံး စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာပြည်ဖွားပြည်ထောင်စုသား အစ္စလာမ် သာသနာဝင်များကိုရည်ညွှန်းလိုခြင်းဖြစ်သည်။ Pioneer ခေါ် စွန့်ဦး ဆောင်ရွက်ကြသူဟုလည်း ဆိုနိုင်သည်။ စာပေ၊ အနုပညာ၊ ဗိသုကာ၊ ပညာရေး၊ တိုင်းပြည်ပြုရေး၊ လူမှုရေး၊ စီးပွားရေုးတို့တွင် လမ်းသစ်ထွင်ကာ ဦးဆောင်မှုပေးခဲ့သော ထူးချွန်ထင်ရှားသူများ ဖြစ်ကြပါသည်။

    ထိုသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လူငယ်တို့ အားကျအတုယူကာ မိမိတို့သည်လည်း မြန်မာနိုင်ငံနှင့် လူမျိုး အကျိုးကို သယ်ပိုးလိုစိတ်ရင့်သန်စေရန်၊ မွတ်စလင်ဖြစ်သည်နှင့်အညီ လူသားထုအတွက် အကျိုးပြုသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်များ ဖြစ်ကြစေရန် ရည်ရွယ်ပါသည်။

    ကမ္ဘာသမိုင်းကို လေ့လာကြည့်သည့် အခါ မွတ်စလင်တို့သည် ကမ္ဘာ့ လူသားထုအား အများဆုံး အကျိုးပြုခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကျရောက်ပြီးနောက် မွတ်စလင်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ်တို့၏ စာပေယဉ်ကျေးမှုများကို စုဆောင်းထိန်းသိမ်းခဲ့ကြသည်။ ပညာရပ်အသစ်များကို သုတေသနပြုပြီး တီထွင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် အနောက်တိုင်းသား များစွာတို့သည် အတိတ်ခေတ် မွတ်စလင်တို့၏ ကမ္ဘာကို အကျိုးပြုပုံအား ဖုံးကွယ်ရန် ကြိုးစားကြသည။်

    ” ၅ ရာစုတွင် ရောမအင်ပါယာ ကစင့်ကလျားပြိုကွဲသွားပြီးနောက် ဥရောပတွင် အမှောင်ကျနေခိုက် ခေါမ လူ့အစည်းအရုံးအပါအဝင် လူ့အနွယ်အဝင်များ တစ်ဆက်ပြီး တစ်ဆက် နှင့် တစ်ခုပြီး တစ်ခု ထမ်းပိုး ထူထောင်ခြင်းပြုခဲ့ကြသော စာပေ အနုပညာနှင့် သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ အရပ်ရပ်ယဉ်ကျေးမှုများကို ကောင်းစွာဆက်ခံထိန်းသိမ်းခြင်း ပြုခဲ့ကြရုံမျှ မက အံ့ဩလေးစားဖွယ်ရာ တိုးချဲ့ခဲ့ကြသူများမှာ အထက်တွင် ဖော်ပြခဲ့သော အာရပ်လူ့အစည်းအရုံးဖြစ်၏။

    သို့ရာတွင် ဥရောပ သမိုင်းဆရာ အများအပြားပင် ယင်းအချက်ကို ဖုံးကွယ်ထားလေ့ရှိကြ၏။ ကိုလိုနီဝါဒနှင့် လူမျိုးရေးဝါဒများ လွှမ်းမိုးခြင်းခံရသူများ ဖြစ်သည့် အလျောက် လူ့သမိုင်း၏ အထင်ကရ မှတ်တိုင်ကြီးများကို မကြည့်နိုင် မမြင်နိုင် ကြခြင်း ဖြစ်တန်ရာ၏။ [ စာရေးဆရာ ဗန်မော်တင်အောင်၏ သဘာဝသိပ္ပံစာအုပ်။ (၁၉၇၄)။ စာ ၁၈၅-၁၈၆။ အခန်း (၈) ဥရောပ အမှောင်ခေတ်နှင့် အာရပ်ယဉ်ကျေးမှု] အာရပ်တို့သည် ဂဏန်းသင်္ချာ၊ နက္ခတ်ဗေဒနှင့် ဆေးပညာများ တတ်မြောက်ကြ၏။ ဗိသုကာအတတ်တွင်လည်း လက်ရာမြောက်ကြ၏။ အရောင်အမျိုးမျိုး အသုံးချနည်းကိုလည်း အာရပ်တို့ ကျွမ်းကျင်ကြ၏။ သကြားနှင့် စက္ကူလုပ်သော အတတ်ကို တရုတ်ပြည်မှယူ၍ အနောက်နိုင်ငံသို့ အာရပ်တို့ကပင် တင်သွင်းခဲ့ကြ၏။
    ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အသုံးပြုလျက်ရှိသော အယ်လ်ဂျီဘရာ Algebra (အာရပ် Al-jebr မှရသည်) မဂ္ဂဇင်းMagazine (အာရပ်ဘာသာ Magacen မှရသည်) စသည့် ဝေါဟာရများနှင့် 1,2,3 စသည့် ဂဏန်း အရေးသားများသည် အာရပ်တို့၏ အမွေများပင်ဖြစ်သည်။
    အစ္စလာမ်သာသနာထွန်းကားသော မြို့များတွင် တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အာရပ်တို့က တခမ်းတနား ဖွင့်လှစ်ခဲ့၏။ ဥရောပတိုက်မှ ကျောင်းသားအမြောက်အမြားပင် ထိုတက္ကသိုလ်များတွင် လာရောက် ဆည်းပူးကြသည်။ ထို့ပြင် လှပဆန်းကြယ်သော ဗလီများကို အာရပ်တို့ ကြီးစိုးရာဒေသတိုင်းတွင် တွေ့မြင်ရသည်။ စပိန်ပြည်မှ ကော်ဒိုဗား Cordoba) ဗလီ သည် စံတင်အောင် လက်ရာမြောက်သော ကမ္ဘာကျော်အဆောက်အဦးဖြစ်သည်။ အာရပ်စာဆိုတို့ ရေးသားခဲ့ကြသည့် အာရေဘီယံနိုက် (Arabian Nights))ပုံပြင်များသည်လည်း ကမ္ဘာကျော်စာပေတွင် ယနေ့တိုင် ထင်ရှားကျန်ရစ် ခဲ့၏။

    First Burmese Muslim by Mmedia_Doc

    Online တွင် တိုက်ရိုက်ဖတ်ရှုရန် =>http://www.scribd.com/doc/148792512/First-Burmese-Muslim

    Download ယူရန် => https://docs.google.com/file/d/0B3E99lCpDfC3T25SWmQtZjFmams/edit

  • လမ်း ၁၂၀ ထိပ်တွင် သင်္ကန်းဝတ် သံဃာတော် တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက် ရန်စမှု ဖြစ်ပွား

    လမ်း ၁၂၀ ထိပ်တွင် သင်္ကန်းဝတ် သံဃာတော် တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက် ရန်စမှု ဖြစ်ပွား

    ဇွန်လ ၁၉၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန် ။         ။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လမ်း၁၂၀ ထိပ်၊ အနှေးယာဉ်ဂိတ်ရှိ ဆိုက်ကားပေါ်တွင် ထိုင်နေသူ အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦး ဖြစ်သည့်  ဦးစိုးအား ဇွန်လ ၁၉ရက်နေ့ ည ၈နာရီခွဲ အချိန်ခန့်က သင်္ဃန်းဝတ် သက်ကြီး သံဃာတော်တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက် ရန်စမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လမ်း ၁၂၀နေ ပြည်သူ တစ်ဦးအား M-Media မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

    ” အခုရိုက်ခံလိုက်ရတဲ့ ဦးစိုး ဆိုတဲ့သူက ကျွန်တော်တို့ လမ်း၁၂၀ မှာနေထိုင်တဲ့ သူပါ။ သူက ဆိုက်ကားဂိတ်မှာ ထိုင်နေရင်း ဖြစ်တာ ဆိုပေမယ့် ဆိုက်ကား ဆရာတော့ မဟုတ်ပါဘူး။ သူက ပလာဇာရှေ့မှာ အသုပ်ရောင်းတဲ့သူလို့ သိရပါတယ်။ ဖြစ်ပုံက သူက ကျွန်တော်တို့ လမ်းထိပ်က ဆိုက်ကား ဆရာတွေနဲ့ ခင်တယ် ထင်ပါတယ်။ အဲဒီက ဆိုက်ကားနင်းတဲ့ ဆရာတွေနဲ့ အတူ  သူက ဆိုက်ကားပေါ် ထိုင်နေကြတာ။ အဲဒီမှာ အသက်ကြီးကြီး ဘုန်းကြီးတစ်ပါးက လမ်းလျှောက်လာတယ်။ တစ်ဖက်က လွယ်အိတ် လွယ်ထားပြီး၊ နောက် လက်တစ်ဖက်မှာ သစ်သားတုတ် တစ်ချောင်းကို ပုခုံးပေါ် တင်ပြီး လျှောက်လာရင်းကနေ မထင်မှတ်ဘဲ အဲဒီ့လူကို သစ်သားတုတ်နဲ့ ထုလိုက်တာလို့ အခင်းဖြစ်ပွားတဲ့နေရာက မျက်မြင်တွေက ပြောပြကြပါတယ်။ တော်တော်လေး နာသွားတယ်။ ခေါင်းဆိုတော့ ဘယ်လောက်ထိ အတွင်းထဲမှာ ဖြစ်သွားလဲ ဆိုတာတော့ မသိရသေးပေ့မယ်။ ခေါင်းတော့ ကွဲသွားတာမျိုးတော့ မဖြစ်သွားပါဘူး။ ဒါပေမယ့် အဲဒီ့ သင်္ဃန်းဝတ် သံဃာတော်ကို ဘာမှ ပြန်ပြီး တုံပြန် ပြောဆို တာမျိုးတောင် မလုပ်ကြပါဘူး။ ဒါ သက်သက်မဲ့ အကြောင်းမဲ့ လာရန်စတယ်ဆိုတာကို ဖြစ်ပွားရာ နေရာမှာ ရှိတဲ့ ဘာသာပေါင်းစုံက လူတွေ အားလုံးလဲ မြင်ကြ၊ သိကြ သဘောပေါက် ကြပါတယ် ခင်ဗျာ” ဟု M-Media သို့ပြောသည်။

    အဆိုပါ ဖြစ်ရပ်ကြောင့် ရုတ်ရုတ် ရုတ်ဖြစ်ပွားခဲ့ရာ လမ်း အနီးနားရှိ ပြည်သူများမှာ ထိတ်လန့် စိုးရိမ်ခဲ့ရပြီး ယခု အခြေအနေ ပြန်လည် တည်ငြိမ်လာကြောင်း သိရသည်။

    ယင်း သံဃာတော်အား ယခင်က ဤပတ်ဝန်းကျင် မြို့နယ်၌ မမြင်ဖူးသည့် မျက်နှာစိမ်း သံဃာတစ်ပါး ဖြစ်ကြောင်၊ တုတ်နှင့် အရိုက်ခံရသူနှင့် ဘာရန်ငြိုးရန်စမှ မရှိသည့် အပြင် မြင်တောင် မမြင်ဘူးသူ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

  • ဂလိုဘယ်ငြိမ်းချမ်းရေးစစ်တမ်း (GPI) အရ မြန်မာမှာ အရှေ့တောင်အာရှတွင် ငြိမ်းချမ်းမှု အနိမ့်ဆုံး စာရင်းဝင်

    M-Media
    ၂၀၁၃ ခုနှစ် ၊ ဇွန်လ ၁၉ ရက်

     

    myanmar_protest_

    Global Peace Index – GPI စစ်တမ်းအရ အငြိမ်းချမ်းဆုံးနိုင်ငံများမှာ တရားဥပဒေစိုးမိုးဖို့ ရဲတပ်ဖွဲ့ဝင်အရေအတွက် အနည်းငယ်သာ လိုအပ်ကြောင်း သိရသည်။

     

    ၂၀၁၃ ခုနှစ် ဂလိုဘယ် ငြိမ်းချမ်းရေး စံချိန် (Global Peace Index – GPI) အရ မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံအနက် အဆင့် ၁၄၀ တွင် ရပ်တည် နေကြောင်း နှစ်စဉ်ထုတ်ပြန်သည့် GPI စစ်တမ်းအရ သိရှိရသည်။

    ဘရူနိုင်းနိုင်ငံမပါဝင်သော ၄င်းစစ်တမ်းအရ မြန်မာနိုင်ငံမှာ တည်ငြိမ်၊ ငြိမ်းချမ်းမှုအားဖြင့် အရှေ့တောင်အာရှ ၉ နိုင်ငံတွင် နောက်ဆုံးအဆင့် ၌ ရောက်ရှိလျက် ရှိကြောင်း ဖော်ပြထားသည်။

    စင်ကာပူနိုင်ငံမှာမူ နံပါတ် ၁ တွင် ဦးဆောင်လျက်ရှိသလို မလေးရှားနိုင်ငံမှာ ထပ်ချပ်မကွာလိုက်လျက် နံပါတ် ၂ တွင် ဦးဆောင်လျက်ရှိသည်။ စင်ကာပူ ၏ ကမ္ဘာလုံးဆိုင်ရာ GPI မှာ နံပါတ်စဉ် ၁၆ တွင်ရှိပြီး အာရှတွင် ဂျပန်ပြီးနောက် ဒုတိယ အငြိမ်းချမ်းဆုံး အဆင့်ရပ်တည်လျက်ရှိသည်။

    မြန်မာအာဏာပိုင်များက စင်ကာပူနှင့် တူညီရန်ကြိုးပမ်းအားထုတ်နေပါသည်ဟု ကြေညာထားသော်လည်း အမှန်တကယ်တွင်မူ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် တည်ငြိမ်ငြိမ်းချမ်းမှု အနည်းဆုံးစာရင်းဝင် ဖြစ်နေကြောင်း တွေ့ရှိရပါသည်။

    Global Peace Index – GPI ၏ ဖော်ပြချက်အရ ကမ္ဘာကြီးမှာ လူအချင်းချင်းသတ်ဖြတ်မှုပိုမိုများပြားလာကြောင်း၊ ၂၀၀၈ ခုနှစ်နှင့် ယှဉ်ပါက ၅ ရာခိုင်နှုန်းပိုမို၍ ငြိမ်းချမ်းမှု နည်းပါးလာကြောင်း၊ ဥရောပမှာ အငြိမ်းချမ်းဆုံး ဒေသစာရင်းဝင်ဖြစ်ခဲ့ပြီး GPI ထိပ်ဆုံး နိုင်ငံပေါင်း ၂၀ တွင် ၁၃ နိုင်ငံမှာ ဥရောပမှဖြစ်ကြောင်း၊ အာဖဂန်မှာ အနိမ့်ဆုံးစာရင်းဝင် နိုင်ငံဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ GPI အဆင့် ၂၀ နှင့် အရှေ့တောင်အာရှ GPI ၊ ၉ ဆင့်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    Top 20 most peaceful countries

    1. Iceland

    2. Denmark

    3. New Zealand

    4. Austria

    5. Switzerland

    6. Japan

    7. Finland

    8. Canada

    9. Sweden

    10. Belgium

    11. Norway

    12. Ireland

    13. Slovenia

    14. Czech Republic

    15. Germany

    16. Australia and Singapore

    18. Portugal

    19. Qatar

    20. Bhutan

    Asean countries

    1. Singapore

    2. Malaysia

    3. Laos

    4. Vietnam

    5. Indonesia

    6. Cambodia

    7. Philippines

    8. Thailand

    9. Myanmar

    (Brunei not included in index)

    ကိုးကား – www.visionofhumanity.org