News @ M-Media
Blog
  • ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၃၊၂၀၁၃
    M-Media
    လူမျိုးရေး ခွဲခြားမှုဖြင့် ပြင်သစ် နိုင်ငံရေးပါတီ ခေါင်းဆောင် ရာထူးမှဖယ်ရှား၊ တရားစွဲဆိုခြင်းခံရမည်။
    မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။မရီးန်လီပန်သည် ပြင်သစ် National Front ပါတီ၏ ဦးဆောင်သူဖြစ်ပြီး၊ ပြင်သစ်ရှိ မွတ်စလင်မ်အသိုင်းအ၀ိုင်းအား ဦးတည်၍ လူမျိုးခွဲခြား ဝေဖန်မှုကြောင့် အရေးယူခံ ရဖွယ်ရှိကြောင်း သိရသည်။
    Read More=>
    တရုတ်နိုင်ငံ အသားစားကြက်ခြံ မီးလောင်    (Reuters)
    ယနေ့ မနက်အစောပိုင်း တရုတ်နိုင်ငံ Dehuiမြို့  Jilin တိုင်းဒေသကြီးတွင် လောင်ခဲ့သောမိကြောင့် အလုပ်သမားများပိတ်မိပြီး အနည်းဆုံး ၁၁၉ဦးသေဆုံးခဲ့ပြီး ၅၄ဦးခန့် ဒါဏ်ရာရခဲ့သည်။
    Read More=>
    ဥရောပအလယ်ပိုင်း မိုးကြီး၍ ရေလွှမ်းမိုး
    ဥရောပ အလယ်ပိုင်းနိုင်ငံများ ဖြစ်သော ချက်၊ ဩစထြီးယား၊ ပိုလန်၊ဆလိုဗက်ကီးယာ၊ ဟန်ဂေရီ နှင့် ဂျာမဏီ နိုင်ငံများတွင် ရေလွှမ်းမိုးခဲ့သည်။
    Read More=>
    တူရကီနိုင်ငံဆန္ဒပြမှု ဖြစ်ပေါ်
    ငြိမ်သက်သွားပြီဟုယူဆရသော ဆန္ဒပြမှုများ ယနေ့ ပြန်လည်ဖြစ်ပေါ်လာသည်။
    Read More=>
    မင်းသမီးAngelina Jolie ခွဲစိတ်မှုအပြီး ပရိသတ်နှင့် တွေ့ဆုံ
    ရင်သားကင်ဆာ မျိုးရိုးဗီဇကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် ရင်သားနှစ်ဘက်ကို ခွဲစိတ်ဖြတ်တောက်ခဲ့ပြီး ပရိသတ်၏ အားပေးစကားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    Read More=>
    Apple ကွန်ပြူတာ ကုမ္ပဏီ အင်တာနတ် ရေဒီယို လွှင့်ထုတ်မည်
    အင်တာနတ် ရေဒီယို လွှင့်ထုတ်မှုကို နောက်တစ်ပါတ်အကြာတွင် စတင်မည်ဟုကြေငြာလိုက်သည်။
    Read More=>
    ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပိတ်ပင်ခံရ
    ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Hanoi) မြို့တော်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတခု ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာကို ရဲတွေက အမြန်ဆုံး လူစုခွဲခဲ့ပါတယ်။ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ ရေပိုင်နက်ထဲမှာ ဗီယက်နမ် ငါးဖမ်းလှေကို တရုတ် ရေတပ်ရေယာဉ်တွေက အတင်းဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို မကျေနပ်ကြတဲ့အတွက် မြို့လယ်မှာ လူ ၁၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
    Read More=>
    အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း သေကြောင်းကြံဖို့ ကြိုးစား
    ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
    Read More=>
    ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ
    ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။
    Read More=>
  • ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ
    ဇွန် ၃၊ ၂၀၁၃
    M-Media
    သန့်သန့်
    ရန်ကုန် ။             ။        ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်၏ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ၏ အကြိုစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နေ့လည် (၁)နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6030001
    အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ အဖြူရောင်တွဲလက်များမှ ကိုဖိုးသား၊ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ကိုအောင်မင်းနိုင်တို့မှ ရှင်းလင်းပြောပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော မီဒီယာများမှ မေးမြန်းကြသည်များကို ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ ကိုဖိုးသားနှင့် ကိုအောင်မင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။  အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ မီဒီယာများနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူများထဲမှ တချို့နှင့် စုစုပေါင်း (၄၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပါသည်။
    ကချင်ဒေသတွင် တစ်ကျော့ပြန်စစ် ပြန်လည်ဖြစ်ပွားခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် စစ်အတွင်းထိခိုက်သေဆုံး ခဲ့ရသော မိသားစုများစွာတို့အတွက် ဘာသာပေါင်းစုံ အောက်မေ့ သတိရဆုတောင်းခြင်းနှင့် “စစ်ပွဲ၏နောက် ကွယ်မှ မျှော်လင့်ချက်များ” ဗွီဒီယိုမှတ်တမ်းတိုအား ပြသခြင်းအပါအဝင် ငြိမ်းချမ်းရေးခေါ်ဖိတ်သော ဂီတ၊ ပန်းချီ၊ ကဗျာ၊ ဓါတ်ပုံ၊ အနုပညာပြခန်းများ ခင်းကျင်းပြသခြင်းကို စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကိုလိုလားသော အရပ်ဘက်လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ ကြီးမှူး၍အစီအစဉ်များအတိုင်း (၃) ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
    သံတမန်များနှင့် အလှူရှင်များကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ရှိအနေအထားကို ရှင်းလင်းတင်ပြခြင်း အစီအစဉ်(၁)ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၇) ရက်၊ သောကြာနေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ပြုလုပ်မည်ဖြစ်ပြီး၊ အစီအစဉ်(၂)မှာ နှစ်နှစ်တာကာလ စစ်အတွင်းထိခိုက်သေဆုံးခဲ့ရသော နှစ်ဘက်စစ်သည်များနှင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူ များအားလုံးတို့အတွက် ကြေကွဲလွမ်းဆွတ် အောက်မေ့သတိရ အသိအမှတ်ပြုသောအားဖြင့် အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချများကို ရန်ကုန်အခြေစိုက် အသင်းအဖွဲ့ပါင်းစုံတို့မု ဆူးလေမဟာဗန္ဓုလပန်းခြံတွင်းမှ လွတ်လပ် ရေးကျောက်တိုင်ရှေ့သို့ သယ်ယူလာခြင်းကို ဇွန်လ (၉)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အစီအစဉ်(၃)အရ ဇွန်လ (၉)ရက်နေ့တွင် လွမ်းသူ့ပန်းခွေများကို လမ်းလျှောက်အဖွဲ့မှ အလုံပိုးကရင်ခြံသို့ သယ်ဆောင်လာပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပမည့် အစီအစဉ်ဖြစ်သော်လည်း အာဏာပိုင်များမှ လာရောက်ဖိအားပေးမှုကြောင့် အလုံပိုးကရင်ခြံတွင် ပြုလုပ်နိုင်ခွင့်မရတော့ပဲ နေရာပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်နေရကြောင်းလည်း သိရပါသည်။
    ယင်းကဲ့သို့ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားများကိုကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ –
    ၁။ ကချင်ဒေသတွင် နှစ်နှစ်ပြည့်သည်တိုင်အောင် အဆုံးမသတ်နိုင်သေးသော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ထိခိုက်ဆုံးရှုံးရမှုများကို အများပြည်သူသိအောင် ဖော်ပြပြီး စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအရဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားပြည်သူတစ် ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ပိုမိုရရှိနိုင်ရန်။
    ၂။ နှစ်နှစ်ပြည့်သည်အထိ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ခြင်းမရှိသေးသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း များမှ စစ်ဘေးသင့်ပြည်သူများ၏ အဓိကကျသော အခြေခံလိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင် ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များမှတစ်ဆင့် အားယူရန်။
    ၃။ ကချင်ဒေသငြိမ်းချမ်းရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သည်နှင့်အညီ လတ်တလောပြုလုပ်နေသော ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးတွင် ရန်ကုန်မြို.နေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအသီးသီးတို့မှလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ညီညွတ်စွာ တစ်သားတည်းရှိပါ ကြောင်း အားပေးမေတ္တာပြနိုင်ရန်ဖြစ်ကြောင်းကို ကချင်ငြိမ်းချမ်းရေးကွန်ရက်သတင်းထုတ်ပြန်ချက်မှသိရသည်။
    အဆိုပါ အခမ်းအနားအစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုလျှင် ကိုဂျော်ဂွန်း – ၀၉ ၇၃၁၄၀၇၂၈၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။
    More Photo
  • ခိုးဝင်သည့် လှေနစ်မြှုပ်၊ မြန်မာ ၁၂ ဦး အလောင်း ထိုင်းပင်လယ်ကမ်းခြေ၌ တွေ့၊ ၃၈ ယောက် ကယ်ဆယ်ထားနိုင်
    ဇွန်-၃၊၂၀၁၃
    M-Media
    ထိုင်းနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသရှိ ရနောင်းမြို့ အနီး ကျွန်းများတွင် မြန်မာပြည်မှ လှေဖြင့် ခိုးဝင်လာရာမှ ရာသီဥတု ဆိုးရွားမှုကြောင့် လှေနစ်ပြီး သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းခန့် တွေ့ရှိခဲ့သည်။
    ranong
    စနေ့နေ့မနက်ပိုင်းက လှေနှစ်မြုပ်ခဲ့ပြီးနောက်၊ တနင်္လာနေ့တွင် ရနောင်းမြို့ အနီးရှိ ကျွန်းများတွင် အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦးတို့၏ အလောင်းများ ဖြစ်ကြောင်း၊ ရဲချုပ်ကြီး တာဝီပွန် ချူရင်(Taweeporn Churin) မှပြောကြားခဲ့သည်။
    ယင်းမတိုင်မီ စနေနေ့က ရေတပ်ရဲတပ်ဖွဲ့မှ အမျိုးသမီးအလောင်း ၃ လောင်းအား တွေ့ရှိခဲ့သည် ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    တာဝီပွန်၏ ပြောပြချက်အရ အသက်ရှင်ကျန်ရစ်သူ ၃၈ ယောက် အားလည်း ရဲတပ်ဖွဲ့မှ ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။
    ရနောင်းသည် ဘန်ကောက် နှင့် မြန်မာပြည် နယ်နိမိတ် ၏ တောင်ပိုင်းတွင်ရှိပြီး ၄၆၀ ကီလိုမီတာ ကွာဝေးကြောင်း၊ ရဲများ၏ ပြောပြချက်အရ မြန်မာပြည်ဘက်မှ ခိုးဝင်လာသော အလုပ်သမားများသည် ၄င်းကဲ့သို့ပဲ လှေများနှင့်လာကြကာ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကျကြောင်း ပြောကြားခဲ့သည်။
    မဇ္ဈိမတွင် ဖော်ပြထားသော သတင်းတပုဒ်အရ သေဆုံးသူများ၏ ကိုယ်ပေါ်မှ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားများ တွေ့ရှိခဲ့ရကြောင်းနှင့် အသက်မသေကယ်ဆယ်နိုင်သူ ၃၈ ယောက်ကို ရနောင်းအချူပ်မှာ ချူပ်နှောင်ထားကြောင်းသိရပါသည်။
    Ref: aljazeera
  • လူမျိုးရေး ခွဲခြားမှုဖြင့် ပြင်သစ် နိုင်ငံရေးပါတီ ခေါင်းဆောင် ရာထူးမှဖယ်ရှား၊ တရားစွဲဆိုခြင်းခံရမည်။
    ဇွန်လ-၂၊၂၀၁၃
    M-Media
    မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။
    Marine Le Pen
    မရီးန်လီပန်သည် ပြင်သစ် National Front ပါတီ၏ ဦးဆောင်သူဖြစ်ပြီး၊ ပြင်သစ်ရှိ မွတ်စလင်မ်အသိုင်းအ၀ိုင်းအား ဦးတည်၍ လူမျိုးခွဲခြား ဝေဖန်မှုကြောင့် အရေးယူခံ ရဖွယ်ရှိကြောင်း သိရသည်။
    မွတ်စလင်မ်တို့၏ ၀တ်ပြုဆုတောင်းခြင်းကို နာဇီများ၏ ကျူးကျော်မှုနှင့်တူညီသည် ဆိုသော လီပန်၏ ဝေဖန်ချက် အတွက် ပြင်သစ်နိုင်ငံ အာဏာပိုင်များက သူမအား တရားစွဲ ဆိုမည် ဖြစ်သောကြောင့် ယခုရက်သတ္တပတ် အစောပိုင်းက ဥရောပ ပါလီမန်သည် လီပန်၏ လုပ်ပိုင်ခွင့်အားပယ်ဖျက်ရန် မဲဆန္ဒခွဲဆုံးဖြတ်ခဲ့ကြောင်း ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က စနေနေ့တွင်ပြောကြားခဲ့သည်။
    ပြောရေးဆိုခွင့်ရှိသူ ဂျောင်မီဒွတ်ခ်ျ (JaumeDuch) ၏ အဆိုအရ တရားစီရင်ရေး ကော်မတီသည် ပါလီမန် ဆုံးဖြတ်ချက်အား ထောက်ခံချက်ပေးရန် လျှို့ဝှက် မဲခွဲမှုပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်မည်ဟု သိရသည်။
    ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်တွင်ပြုလုပ်ခဲ့သောဟောပြောပွဲမှ သူမ၏ဝေဖန်ချက်အပေါ် သူမအား တရားစွဲဆိုရေးအတွက် ပြင်သစ် အာဏာပိုင်များက ဥရောပ ပါလီမန်သို့ လီပန်၏  နိုင်ငံရေးသမား အဖြစ်လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ပေးရန် နိုဝင်ဘာလက တောင်းဆိုခဲ့ကြောင်း သိရသည်။
    သူမ၏ဟောပြောမှုတွင် လီပန်သည် လမ်းမပေါ် မွတ်စလင်မ်များ ဘုရားဝတ်ပြုခြင်းကို ဝေဖန်ရှုတ်ချခဲ့သည်။
    “ ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်ပြီး – ကျူးကျော်ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီး – ပြောဆိုလိုသူတွေအဖို့ ယခုအခါမှာ ကျွန်မတို့ ရဲ့ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာမှုကို ကျွန်မတို့ ပြောဆိုဆွေးနွေးရတော့မှာ ဖြစ်တယ် ”
    “ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေတော့ မရှိဘူး၊ စစ်သည်တွေတော့ မရှိဘူး၊ ဒါပေမယ့် ဒါဟာလည်း လူထုအပေါ် ကျူးကျော်မှုလုပ်တာနဲ့ အတူတူပါပဲ ” ဟု လီပန်က ပြောဆိုခဲ့သည်။
    အမှန်တရားကို ထွက်ဆိုကြခြင်း
    လူမျိုးရေးခွဲခြားမှုဆန့်ကျင်သောအဖွဲ့အစည်းတစ်ခု၏ တိုင်ကြားမှုကြောင့် လီယွန် (Lyon) ရှိ အစိုးရရှေ့နေများက ၄င်း ဟောပြောပွဲပြုလုပ်ခဲ့သောနေရာတွင် လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများ ဇန်န၀ါရီလ ၂၀၁၁ က ပြုလုပ်ခဲ့ရာ လူမျိုးရေးခွဲခြားမှုဝါဒအား လှုံ့ဆော်ပြောဆိုခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။
    အခြားနိုင်ငံများရှိပါလီမန်များအတိုင်း  ဥရောပပါလီမန်အဖွဲ့ဝင်များသည် ၄င်းတို့၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ရာဇ၀တ်မှု နှင့် ပြည်သူ့ရေးရာအမှုအခင်းများမှ ကင်းရှင်းနေရမည်ဖြစ်သည်။ သို့သော်လည်း လွှတ်တော်၏မဲဆန္ဒဖြင့် ၄င်း၏လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း သိရသည်။
    ပါတီ၏ ဒုတိယဥက္ကဌ ဖလိုရီရန် ဖလီပ်ပေါ့ (Florian Philippot) မှ – သူသည် ပါလီမန် အဖွဲ့ဝင်အားလုံး၏ မဲအဆုံးအဖြတ်ကို စောင့်မည်ဖြစ်ကြောင်း၊ ပြင်သစ်လူထုသည် အမှန်တရားကို ဖုံးကွယ်ပြောဆိုခြင်းကို မနှစ်မြို့ကြကြောင်း၊ လီပန်၏ လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ခဲ့ပါလျှင် ယခုတိုင်ရှိနေသော လမ်းမပေါ် မွတ်စလင်မ်များ ဘုရားဝတ်ပြုနေခြင်း ကိစ္စမှာ ကြားရတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
    လီပန်သည် National Front ပါတီခေါင်းဆောင် နေရာအား ပါတီကိုတည်ထောင်ခဲ့သော ဖခင်ဖြစ်သူ ဂျီန်-မာရီလီပန် (Jean-Marie Le Pen) ထံမှ လက်လွှဲရယူခဲ့ခြင်းဖြစ်ပြီး သူမသည် လူမျိုးရေးခွဲခြားမှု နှင့် ဂျူးဆန့်ကျင်ရေးဆိုင်ရာ ပြစ်မှု အမြောက်အများ ကျူးလွန်းထားသူဖြစ်သည်။
    မရီးန်လီပန်သည် ၂၀၀၄ ခုနှစ်တွင် ဥရောပပါလီမန် နေရာအတွက် ဦးစွာရွေးချယ်ခြင်းခံခဲ့ရပြီး၊ ၂၀၁၂ ဧပြီလတွင်ပြုလုပ်ခဲ့သော ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အကျော့တွင် မဲ ၁၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ ယင်းကိစ္စသည် ပါတီအတွက် တစ်ခုတည်းသော အမြင့်ဆုံး စွမ်းဆောင်ချက်ဖြစ်ခဲ့သည်။
    Ref:aljazeera
  • တရားဥပဒေ စိုးမိုးရေးအတွက် ပုသိမ်မြို့တွင် ဆန္ဒ ထုတ်ဖော်
    ဇွန် ၃၊ ၂၀၁၃
    M-Media
    နေပိုင်
    ပုသိမ် ။           ။   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ယနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
    ဆန္ဒထုတ်ဖော်ပြသရခြင်းမှာ ဘာသာပေါင်းစုံအတူ ယှဉ်တွဲနေထိုင်ရေး၊လယ်ယာမြေ မတရားအသိမ်းခံထားရမှုများနှင့် တရားဥပဒေစိုးမိုးရေး နှင့် မောင်ကျော်မျိုးလှိုင်နှင့်မအေးအေးမွန်တို့ လင်မယားအား ချမ်းမြေ့အေးကြို/ပို့ ယာဉ်ဖြင့်တိုက်မိပြီး နောက် တစ်နှစ်ကြာသည့် အထိ တာဝန်ယူမှု ကင်းမဲ့ခဲ့သော ချမ်းမြေ့အေး ယာဉ်လိုင်းအား ဆန္ဒပြခြင်း တို့အတွက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    IMG_20130603_075818
    ၂၀၁၃-ခုနှစ်၊ ဇွန်လ(၃)ရက်၊ ၁၃၇၅-ခုနှစ်၊ ကဆုန်လဆုတ်(၁၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်ပြုလုပ်ခဲ့သော ဆန္ဒ ထုတ်ဖော်ပွဲတွင် မယ်သီလကျေးရွာ၊ဖိုး ကြာအိုင်ကျေးရွာ၊ ကုလားမတောင်၊ ဘုန်းကလေး၊ ကွင်းချောင်းလေး၊ ရေကျော်ကြီး၊ ဆိတ်ကြီး စသည့် ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။ပန်းတနော်မြို့နယ်မှ လယ်သမားအစည်းအရုံးမှလည်း ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
    ယခု ဆန္ဒထုတ်ဖော်ပွဲမှာ အမှန်တရား ဖော်ထုတ်ရှင်းလင်းပွဲသာကြောင်းကွန်ရက်ပေါင်းစုံနှင့် လယ်သမားများ၊ အလုပ်သမားများ၊ ပြည်သူများ စုပေါင်း၍ အမှုမှန်ပေါ်ပေါက်ရေး၊ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လယ်ယာမြေများပြန်လည်ရရှိ ထွန်ယက် စိုက်ပျိုးနိုင်ရေးတို့အတွက် စုစည်းဆောင်ရွက်ကြခြင်း ဖြစ်သည်။တရားမျှတသော တရားဥပဒေစိုးမိုးရေးကို ရည်ရွယ်ပါကြောင်းကို ဆန္ဒပြပွဲ ဦးဆောင်သူများ ပြောပြသည်။
    အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်ရေးကွန်ရက်မှ ပြည်သူများသို့ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။ ယင်းပန်ကြားချက်အပြည့်အစုံမှာ –
    ၁။    မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့်နိုင်ငံသားမှန်လျှင်လူမျိုး၊ဘာသာ၊အယူဝါဒ၊ယုံကြည်ချက်၊ ခံယူချက်မည်သို့ပင် မတူကွဲပြားစေကာမူ တို့မြန်မာနိုင်ငံသားဟူသော စိတ်ဓာတ်ဖြင့်အပြန်အလှန် လေးစားလိုက်နာသည်းခံ ခွင့်လွှတ်ငြိမ်းချမ်း ချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ကြ၍ နိုင်ငံတော်ကိုသစ္စာထားရမည်။
    ၂။    အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးစိတ်သည်မိမိလူမျိုး ဘာသာတွင်သာမကသူတစ်ပါး လူမျိုးတွင်လည်းရှိကြပေသည်။ မိမိသဒ္ဒါစိတ်ထက်သန် လွန်ကဲ အစွန်းရောက်မှုဖြင့် သူတစ်ပါးအမျိုး၊ ဘာသာ၊ သာသနာကိုထိပါးစော်ကားရာရောက်မည့် အပြုအမူ၊အပြောအဆို၊ အကြံအစည်မှန်သမျှကို ဆင်ခြင်စဉ်းစားသိနားလည်ကြစေလိုပါသည်။
    ၃။     မိမိနေထိုင်ရာတိုင်းဒေသကြီး၊မြို့နယ်၊ ရပ်ကွက်ကျေးရွာအတွင်းတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်စေရန်သွေးထိုး၊ လှုံ့ဆော် စည်းရုံး သိမ်းသွင်းမှုများကို တွေ့မြင် သိရှိရပါကခံစားမှုကိုရှေ့တန်းတင်၍ ကိုယ်တိုင်ပါဝင်ကျူးလွန်မှုမရှိစေရန် အထူးဂရုပြုရပါမည်။
    ၄။ ထိုသို့သောသွေးထိုးလှုံ့ဆော်စည်းရုံး သိမ်းသွင်းမှုများကိုတွေ့မြင်သိရှိရသည့် အတိုင်းသက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းထံသို့လည်းကောင်း၊ ကျွန်ုပ်တို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး ကွန်ရက်သို့လည်းကောင်း အသိပေးအကြောင်းကြားစေလိုပါသည်။ သက်သေခံအထောက်အထားရရှိပါကလည်းပေးအပ်စေလိုပါသည်။
    ၅။    မိမိနေထိုင်ရာတိုင်းဒေသကြီး၊ရပ်ကွက်၊ကျေးရွာအတွင်းတွင်လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေမည့် ပြစ်မှုများ ဖြစ်ပွားနေပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းထံသို့လည်းကောင်း ကျွန်ုပ်တို့ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ကွန်ရက်သို့လည်းကောင်း အသိပေး အကြောင်းကြးစေလိုပါသည်။ ကျွန်ုပ်တို့နှင့်ပူးပေါင်းကာ အမှန်တရားပေါ်ပေါက်ရေးကိုသာ ဦးတည်ညှိနှိုင်း ရှင်းလင်းစေလိုပါသည်။
    ၆။     ကျွန်ုပ်တို့ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကွန်ရက်(ယာယီ) ရုံးသို့အောက်ပါ ဖုန်းနံပါတ်များဖြင့် ဆက်သွယ်သတင်းပေးပို့၍ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါသည်။
    ဖုန်း-၀၉၅၂၀၃၀၄၇၊ ၀၄၂၂၂၀၁၇၊ ၀၉၅၀၆၉၀၂၆ သို့ ဆက်သွယ်နိုင်ပါသည်။
    IMG_20130603_071336 IMG_20130603_080625 IMG_20130603_080701 IMG_20130603_081031 IMG_20130603_082732