News @ M-Media

Blog

  • ဇွန် ၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၅၊ ၂၀၁၃
    M-Media

    လျှို့ဝှက်သတင်း ဖွင့်ချမှုဖြင့် အမေရိကန် စစ်သည် တစ်ဦးအား ခုံရုံးတင် စစ်ဆေးနေ

    လွန်ခဲ့သော သုံးနှစ်အတွင်း WikiLeaks  websites မှတဆင့်မှ သတင်းများ ခိုးယူပြီး ထိပ်တန်းလျှို့ဝှက်သတင်းပေါက်ကြားစေသည်ဟု စွပ်စွဲခံရသူ အမေရိကန် စစ်သားအား တနင်္လာနေ့တွင် တဖက်သက် ခုံရုံးတင်စစ်ဆေးသွားမည်ဟု အမေရိကန် စစ်အာဏာပိုင်များက ပြောကြားခဲ့သည်။

    Read More

    ကနေဒါတွင် ပြုလုပ်သော ဟလာလ် ထုတ်ကုန် ဈေးပွဲတော်

    ကနေဒါနိုင်ငံတွင် ပထမဆုံးပြုလုပ်သော ဟလာလ် အစားအသောက် ပွဲတော်သည် စံချိန်တင်လောက်အောင် လူအမြောက်အများ လာရောက်ကြပြီး၊ မြောက်အမေရိကရှိ အဓိကမြို့တော်မှ ထူးခြားသော ဈေးကွက်တစ်ခုဖြစ်ခဲ့၏။

    Read More

    ဘင်္ဂလားဒေ့ရှ် အထည်စက်ရုံ လုပ်သားတွေ သောက်ရေမသန့်လို့ ဒုက္ခရောက်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ရုံမှာ မသန့်ရှင်းတဲ့ရေ သောက်သုံးမိတဲ့  ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ဆေးရုံပို့ပေးခဲ့ရပါတယ်။   ဆွယ်တာစက်ရုံမှာ အနည်းဆုံး အလုပ်သမား ၄၀၀ လောက် ဖျားနာကြတယ်လို့ ရဲက ခန့်မှန်းပါတယ်။

    Read More

    Nawaz Sharif ပါကစ္စတန် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို

    ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ် သက်တမ်း ၃ ကြိမ်မြောက် တာဝန်ထမ်းဆောင်မယ့် ၀န်ကြီးချုပ်အဖြစ် Nawaz Sharif ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ အစ္စလာမ်မာဘတ်မြို့တော် သမ္မတနန်းတော်က ကျမ်းကျိန်ပွဲ အခမ်းအနားကိုတော့ သမ္မတ Asif Ali Zardari က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်အရာရှိတွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

    Read More

    ကုလသံအမတ် Rice ကို အမျိုးသားလုံခြုံရေး အကြံပေး ခန့်အပ်မည်

    သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တွန် ဒွန်နလွန် (Tom Donilon) ရာထူးက နှုတ်ထွက်တော့မှာဖြစ်ပြီး၊ သူ့ရဲ့နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးခန့်ထားမှာ ဖြစ်ပါတယ်။

    Read More

    ကူဆဲ မြို့ကို ဆီးရီးယား စစ်တပ် ပြန်သိမ်း

    ဆီးရီးယား နိုင်ငံမှာ အစိုးရ တပ်ဖွဲ့တွေက သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကူဆဲ မြို့ကို နှစ်ပတ်ကျော်ကြာ ဝိုင်းရံ ထားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူး နေ့က သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။သူပုန်တွေ ကတော့ ပြီးခဲ့တဲ့ ညက သူတို့ ဆုတ်ခွာ ခဲ့တယ်လို့ ပြောပါတယ်။

    Read More

  • မကောင်းဆိုးဝါးမွှေတဲ့ ဒုက္ခ (The Straits Times မှ ဘာသာပြန် ဆောင်းပါး)

    ဇွန် ၅ ၊ ၂၀၁၃
    M-Media
    ဘာသာပြန်-ကိုလေး

    ယခင်အစိုးရဟောင်းအုပ်စုများထဲက မြေတောင်မြှောက်ပေးခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်ဂိုဏ်းက ဒီမိုကရေစီကို ဖြိုလဲပျက်ပြားစေဖို့လုပ်ဆောင်နေတယ်လို့ တချို့ကပြောနေကြတယ်။

    Old monsters stirring up trouble

    အေးဆေးငြိမ်းချမ်းတဲ့ ရှမ်းပြည်နယ် လားရှိုးမှာ လွန်ခဲ့တဲ့ သီတင်းပတ်က (၂)ရက်ကြာ အကြမ်းဖက်မှုကြောင့် လူ ၈-ယောက်သေဆုံးခဲ့ပေမယ့် အစိုးရသတင်းက ၂-ယောက်သာ သေသည်ဟု သတင်းထုတ်ပြန်ခဲ့တယ်။ ဒီလို  ယခင်နဲ့ပုံစံတူ တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေတဲ့ နောက်ထပ်သွေးမြေကျမှု ပုံရိပ်များဟာ မြန်မာနိုင်ငံရဲ့ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်လူအုပ်စုဟာ မြို့ထဲဝင်ရောက်လာပြီး မွတ်စလင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

    ဒီလို တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတာကို အမျိုးမျိုးထင်ကြေးပေးနေကြသော်လည်း၊ ဒီလိုဖြစ်ရပ်တွေဟာ အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေကို စိန်ခေါ်နေပါတယ်။ အရေးအကြီးဆုံးက လူမျိုး၊ ဘာသာ ပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီဖြစ်ရပ်ဆိုးတွေနဲ့ တွေ့ကြုံစမ်းသပ်ခံနေရပါတယ်။

    ရှေ့အပတ် နေပြည်တော်မှာ ကမ္ဘာ့စီးပွားရေး forum ကို စဖို့ရှိတဲ့အတွက် ယခုအခါ လားရှိုးမြို့မှာ တည်ငြိမ်အောင် စစ်တပ်ချထားရပါတယ်။

    ဒီလိုဖြစ်ရပ်တွေ ဆက်လက်ဖြစ်ပေါ်နေခြင်းဟာ အစိုးရက အကြိမ်ကြိမ်ပေးထားတဲ့ ဥပဒေစိုးမိုးရေးဆောင်ရွက်နေတယ် ဆိုတဲ့ ကတိတွေ၊ ခွဲခြားမှုမရှိပါဘူးဆိုတဲ့အပြောတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။  ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ စောင့်ကြည့်လေ့လာနေသူတွေက ဆယ်စုနှစ်များစွာ စစ်တပ်နှင့်လက်နက်ကိုင် တိုင်းရင်းသားတွေအကြား -စစ်တပ်နဲ့အစိုးရအကြားမှာ တစ်နည်းမဟုတ်တစ်နည်း ရှုပ်ထွေးပွေလီကွဲပြဲနေတဲ့ မြန်မာနိုင်ငံကို ဘယ်လိုမှ နားမလည်နိုင်အောင် ရှိနေပါတယ်။

    လားရှိုးမှာ ဗုဒ္ဓဘာသာဝင် ရှမ်းလူမျိုးနဲ့ မွတ်စလင်မ်ကြားမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ယခင်အပတ်က တိုက်ခိုက်ခံရတဲ့ မွတ်စလင်မ်တွေကို ရှမ်းဘုန်းကြီးများက သူတို့ရဲ့ ဘုန်းကြီးကျောင်းမှာ ကာကွယ်ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။

    ရှမ်းဘုန်းကြီးအုပ်စုတစ်စုက ဒီလို စတင်အကြမ်းဖက်တာ ဗမာတွေကလုပ်တာ၊ ရှမ်းတွေကလုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီပြဿနာကို စဖြစ်စေတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးကို မီးရှို့တဲ့ မွတ်စလင်မ်ဆိုသူဟာ လားရှိုးမြို့က မဟုတ်ပါဘူးလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ ဘယ်ကလာမှန်းမသိတဲ့ အပြင်လူတွေ ရုတ်တရက်ပေါ်လာပြီး ဗလီတစ်လုံး၊ မိဘမဲ့ကလေးကျောင်း နဲ့ မွတ်စလင်မ်အိမ်တွေကို စတင်ဖျက်ဆီးခဲ့ကြတာလို့ပြောကြတယ်။

    လူ ၄၀ ကျော် သတ်ဖြတ်ခံရတဲ့ မိတ္ထီလာက မွတ်စလင်မ်တွကို အကြမ်းဖက်မှု၊ ပဲခူးမြို့က ဖျက်ဆီးမှုလုပ်ရပ်တွေဟာလည်း မြို့ပြင်ပမှ လူတွေ ပြုလုပ်ခဲ့တယ်ဟု မြို့ခံများက ပြောပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တချို့ဆီက ကြားသိချက်အရ အကြမ်းဖက်အုပ်စုတွေဟာ အဓိကအားဖြင့် စွမ်းအားရှင်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စွမ်းအားရှင်ဆိုတာ ယခင် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းဖို့ စနစ်တကျ သင်ကြားပေးထားတဲ့ လက်ရဲဇက်ရဲ လူမိုက်လူယုတ်တွေ၊ ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေ၊ ကြံရာပါတွေနဲ့ ပါဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုတာ အာဏာရှိသူ၊ အစွမ်းရှိသူ လို့ အဓိပ္ပါယ်ရတယ်။

    ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို  ဒီပဲယင်းမှာ တိုက်ခိုက်လုပ်ကြံခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ဖြိုခွင်းခဲ့တာလည်း ဒီစွမ်းအားရှင်တွေထဲကပဲလို့ အများက ယုံကြည်နေကြတယ်။

    လွတ်လပ်သောအာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာ “ ဒီအုပ်စုရဲ့တည်ရှိမှုနဲ့လှုပ်ရှားမှုတွေကို အများသိပြီးဖြစ်တယ်။  တရားဝင် အသိအမှတ်ပြု အဖွဲ့အစည်းမဟုတ်သလို ပြည်တွင်းသတင်းမီဒီယာများကလည်း ဖော်ပြလေ့မရှိပါဘူး။ လူသိလည်း မခံတတ်ကြဘူး ” လို့ ဖော်ပြထားပါတယ်။

    စွမ်းအားရှင်ဟာ ယခင် စစ်အစိုးရကို ထောက်ခံခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(USDA)ရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တယ်။ အဲဒီအသင်းကတဆင့် (USDP)ပါတီ အဖြစ်ပြောင်းလဲပြီး လက်ရှိအာဏာရပါတီဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ စွမ်းအားရှင်အုပ်စုနဲ့ ပတ်သက်မှု မရှိကြောင်း မျက်စေ့မှိတ်ငြင်းဆိုခဲ့ပါတယ်။

    Taung Tha (တောင်သာ)လို့ခေါ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်ပြည်သူ့စစ်အဖွဲ့သစ်လည်း ပေါ်ပေါက်လာတယ်ဆိုပြီး နီးစပ်သူများထံက သတင်းတွေလဲ ထွက်ပေါ်လာတယ်။  တောင်သာမြို့ဟာ အလွန်အင်မတန် သဘောထားဆိုးတယ်လို့ လူသိများတဲ့ ဦးအောင်သောင်းရဲ့ မြို့ဖြစ်နေပါတယ်။ ဦးအောင်သောင်းဟာ ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး၊ လက်ရှိအာဏာရပါတီ (USDP) ရဲ့ အရေးပါတဲ့ ရာထူးရှင်လဲ ဖြစ်ပါတယ်။

    မိတ္ထီလာနဲ့ လားရှိုးက အကြမ်းဖက် တိုက်ခိုက်မှုတွေကို စံနစ်တကျ စီစဉ်ထားပြီး ပြီပြီပြင်ပြင် အကောင်အထည်ဖော်သွားခဲ့ပါတယ်။ လားရှိုးအကြမ်းဖက်မှုမဖြစ်ခင် ၂ ရက်အလိုက ဗုဒ္ဓဘုန်းကြီး ဦးဝီရသူဟာ လားရှိုးမြို့က ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ မြို့တစ်မြို့မှာ သူရဲ့ဝသီအတိုင်း မွတ်စလင်မ် ဆန့်ကျင်ရေး တရားဟောခဲ့ပါတယ်။ စွမ်းအားရှင် နဲ့ ၀ီရသူဦးဆောင်တဲ့ ၉၆၉ တွေဟာ အပြန်အလှန် မှီခို ပူးပေါင်းဆောင်ရွက်နေကြတဲ့အဖွဲ့လို့ မြန်မာ့အရေးသုံးသပ်သူတွေက တင်ပြတယ်။

    စွမ်းအားရှင်တွေက ပညာမတတ်တဲ့ တောင်သူလယ်သမားတွေကို မမှန်သတင်းများနဲ့ အမုန်းပွား ဒေါသထွက်အောင် လှုံ့ဆော်စည်းရုံးအင်အားစုခဲ့ပြီး၊ ပြဿနာကို  မီးခွက်ထွန်းရှာနေခဲ့ကြတယ်။ စဖြစ်တာနဲ့ အရှိန်မြှင့်တင် ထိုးသွင်းလိုက်ကြတယ်။

    မွတ်စလင်မ်တွေကို တိုက်ခိုက်ဖို့ ဓါးရှည်၊ မြက်ခုတ်လွှဓါး၊ ဆယ်ပေါင်တူ စတဲ့ လက်နက်များကို တပ်ဆင်ထားတဲ့ အကြမ်းဖက်သမားများကို ကားများနဲ့ စနစ်တကျ သယ်ယူပို့ဆောင်ပေးတာဖြစ်တယ်။

    သူတို့ တိုက်ခိုက်မှုပုံစံဟာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရန်သူကို အချိန်ကိုက်နည်းစံနစ်နဲ့ စစ်ဆင်နေသလိုပါဘဲ။ တစ်စုံတစ်ရာ အရေးယူဖွယ်မရှိကြောင်း ကြိုတင်သိထားပုံရတယ်။  အပြစ်မဲ့သူကို ရန်သူအဖြစ် ဖန်တီးလိုက်ပြီး  သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်အောင်ဖန်တီးပြီး တိုက်ခိုက်ကြမယ်။ အဲ့ဒီအခါ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့အောင် လမ်းကြောင်းပေးတတ်ကြပါတယ်။

    ဒီလိုနည်းဗျူဟာကို အသုံးချခြင်းအားဖြင့် ပြည်သူ့လွှတ်တော်က လက်လှမ်းမမီတဲ့ မကိုင်တွယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေသယောင် လုပ်ထားပါတယ်။ အကယ်၍ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီဟာ ဖရိုဖရဲဖြစ်သွားမယ်ဆိုရင် (ဒါမှမဟုတ်)  တစ်ချိန်က သူတို့ကို ချမ်းသာကြွယ်ဝစေတဲ့ အာဏာဆုပ်ကိုင်ထားမှု ဆုံးရှုံးသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်လာမယ်ဆိုရင် ဒီလိုနည်းလမ်းတွေကို အမာခံပေါ်လစီတစ်ရပ်လို  ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နိုင်ဖို့ဖြစ်တယ်။

    လားရှိုးအကြမ်းဖက်မှုအပေါ် အစိုးရဘက်က တုန့်ပြန်မှုကတော့ မိတ္ထီလာထက်မြန်ဆန်ပါတယ်။ အနောက်နိုင်ငံက လူ့အခွင့်အရေးအုပ်စုတွေနဲ့ ဒီမိုကရေစီထောက်ခံအားပေး လှုပ်ရှားသူတွေဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချဖို့တောင်းဆိုနေချိန်မှာ စစ်တပ်ကသာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့အမြင်ရောက်အောင် စစ်တပ်က လမ်းပေါ်ကို ပြန်တက် ရောက်ရှိလာပါတယ်။

    ဗမာမျက်ကန်းမျိုးချစ်အမျိုးသားရေးဝါး နိုးကြားလာပြီး သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မြင်အောင်၊ ဒါ့အပြင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု လမ်းလွဲသွားအောင်  နိုင်ငံရေးကစားကွက်ကြီးလုပ်ရာမှာ မွတ်စလင်မ်တွေဟာ ထိုးကျွေးခံရတဲ့ နယ်ရုပ်လေးတွေဖြစ်နေပါတယ်လို့ မွတ်စလင်မ်တွေ ခံစားနေကြရပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်ပြည်အတွက်အရေးကြီးကြောင်းကိုလည်း တစ်ဖက်လှည့်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်။

    သမ္မတဦးသိန်းစိန်ကတော့ ဒီလို ဒီမိုကရေစီအပြောင်းအလဲကာလမှာ ဒီလို အစွန်းရောက် နှောက်ယှက်ဖျက်ဆီးမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့သတိပေးလိုက်ပေမယ့် ၊ မြန်မာ့နိုင်ငံရေးနဲ့အာဏာရေးမှာ  ရက်စက်ကြမ်းကြုတ်မှုက ထာဝစဉ်ရှိနေပါတယ်။

    ဒီကြောက်စရာကောင်းတဲ့ (old monsters) လက်ဟောင်းမကောင်းဆိုးဝါးတွေကို မထိန်းချုပ်နိုင်ရင် သမ္မတရဲ့အခန်းကဏ္ဍဟာ တဖြေးဖြေး မှေးမှိန်ချည့်နဲ့သွားမယ်လို့ သုတေသီများက သုံးသပ်ပြထားပါတယ်။

    **၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက် နေ့ The Straits Times သတင်းစာပါ “Old monsters stirring up trouble” ဆောင်းပါးကို ကိုလေး  ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်။

    ဇွန်လ ၅၊ ၂၀၁၃
    M-Media
    ဆူးထက်

    BUDDHISM & NON-VIOLENCE
    ရန်ကုန် ။ ။ BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့ နံနက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဟောပြောပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာနိုင်ရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

  • အကြမ်းဖက်မှု အန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ

    Popular Myanmar News Journal

    ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)

    dsc_0477-copy
    ဘာသာရေးပဋိပက္ခတွေ မငြိမ်း သေးတာ ငြိမ်အောင်မလုပ်လို့ မငြိမ် တာ။ တည့်တည့်ပြောရရင် ငြိမ်အောင် လုပ်ရင် သိပ်ပြီးတော့ ငြိမ်ပါတယ်။ ၈၈ အရေးတော်ပုံမှာ တစ်တိုင်းပြည်လုံး ဆန္ဒပြနေတာ။ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်း ငြိမ်သွားတာပဲဗျာ။ ပြဿနာဖြစ်တာနဲ့ ချက်ချင်း ရဲက ဝိုင်းမယ် ဖမ်းဆီးမယ်။ ဒီလောက်ပုံတူ လေးတွေ ဖြစ်နေတာကိုမှ ပြဿနာ ဖန်တီးတဲ့သူတွေကို မိအောင်မဖမ်းနိုင် ဘူးဆိုတော့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ဘူးဆိုရင် အဲဒီလို မလုပ်သေး သရွေ့ ဒီပြဿနာ ငြိမ်းသွားမှာ မဟုတ်ပါဘူး။ အဓိက တာဝန်အရှိဆုံးကတော့ အုပ်ချုပ်ရေး ဌာနပဲ။ ပြည်ထဲရေးဝန်ကြီး ဌာနက တာဝန်အရှိဆုံးပဲဗျ။ ဥက္ကံဆိုရင် လည်း တော်တော်အရေးယူတာ များ လာတယ်။ ဥက္ကံမှာ ချက်ချင်းထိန်း တယ်။ ပြီးတာနဲ့ အရေးယူတယ်။ တော်တော်ကို ဖမ်းတယ်ဆီးတယ်။ရုံးဘယ်နှယောက်တင်တယ်တော့ မသိ ပါဘူး။ အခု လားရှိုးဆိုရင်လည်း ချက်ချင်းထိန်း တယ်။ သာသနာရေး ဝန်ကြီးက အန္တရာယ်တွေကြားထဲမှာ စပီကာနဲ့ လိုက်အော်နေတယ်ဆိုတာ တော်တော်လေးစားဖို့ ကောင်းတယ်။ တကယ် တမ်း အဲဒီအလုပ်က ပြည်ထဲ ရေးကလုပ်ရမှာ။

    ဆူပူတာ၊ သောင်း ကျန်းတာ အကြမ်းဖက်တာ၊ လူသတ် တာ၊ မီးရှို့တာ၊ လုတာတွေက ကြီးလေး တဲ့ ပြစ်ဒဏ်တွေပါ။ ဒါမရှိစေချင်ရင် လွယ်လွယ်လေးပါ။ နံပါတ် ၁ ကြို တင်ပြီးတော့ သတင်းထောက်လှမ်းပြီး ဆူပူအောင် လှုံ့ဆော်နေသူတွေကို ဖမ်း မယ်။ အဲဒါကို မီဒီယာကနေ ဘယ်နေရာ မှာ ဆူပူအောင် လုပ်လို့ဖမ်းဆီးအရေး ယူလိုက်ပါတယ်လို့ ကြိုတင်လုပ်ရမယ်။ ဒုတိယအဆင့် က ဖြစ် ပြီဆိုတဲ့အချိန်မှာ ထိထိရောက်ရောက် အရေးယူရမယ်။ ဥပမာ ရာဘာကျည်နဲ့ ပစ်တယ်ဆိုပါ တော့။ ရော်ဘာကျည်ဆန်နဲ့မှ မရရင် ကျည်ဆန် အစစ်နဲ့ ပစ်ရမယ်။ အိမ်မီးရှို့ တဲ့အခါမျိုးပေါ့။ အဲဒီလို လုပ်တဲ့အခါ လုပ်တဲ့သူတွေဟာ မရဘူးဟ ဒီလိုမျိုး လုပ်ရင် ပစ်တာပဲကွဆိုပြီး သိသွားရင် ရှဲသွားကြမျာပါ။

    နောက် တတိယအဆင့် က ပြဿနာဖြစ်ပြီးရင် ပြဿနာလုပ်တဲ့ နေရာမှာ ပါတဲ့သူအားလုံးကို ထိထိရောက်ရောက် အရေးယူရ မယ်။ ဒီနေ ရာမှာ ကုလား-ဗမာ မလိုချင်ဘူး။ အားလုံးကို အရေးယူပေးရမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်မယ် ဆိုရင် ဒီပြဿနာဟာ ပြီးသွားပြီပေါ့။ ဒီပြဿနာရပ် တန့်သွားပြီဆိုမှ ပြန်လည် သင့်မြတ်ရေးကို လုပ်ရမှာပါ။ ပြန်လည်သင့်မြတ်ရေးဆိုတာမှာ ရှင်းရှင်း ပြော ရရင် ချစ်ပြီး သားဗျ။ တကယ့် တကယ် ပြဿနာပေါ်ရင် ကာကွယ်ပေးနေတာ ဗုဒ္ဓဘာသာတွေပဲ။ သူတို့မှ မကာကွယ် ရင်ရော ဒီလူနည်းစုက ဘယ်သွားမလဲ ဗျာ။ ဖြစ်ချင်တဲ့သူ ရှိတယ်။ မဖြစ်ချင်တဲ့ သူရှိတယ်။ နည်းနည်းပါးပါးအထင် လွဲတာလေးတွေကို ရှင်းပြရင် ပြီးပါ တယ်။ မှိုင်းမိတဲ့သူတွေပေါ့ဗျာ။ ခုလုပ် ရမှာက စောစောကပြောတဲ့ အချက် သုံးခု၊ သိကြပါတယ်။ အားလုံးက ကြောက်တတ်ပါတယ်။ အရေးမယူတာ သိရင်တော့ ဆော်မှာပေါ့ဗျာ။ ဘာဖြစ် လို့လဲဆိုတော့ ပစ္စည်းလုရတာက တော် တော်ကို အရသာရှိတာကိုးဗျ။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ပြီဆိုရင် သူများ ရှာဖွေ ထားတဲ့ဟာကို အသာလေး ကောက် ယူသွားကြဆိုတော့ အဓိက ကတော့ အုပ်ချုပ်ရေးက ထိရောက်ရင် ပြီးသွား မယ့်ကိစ္စပါ။

    ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နီးစပ် တဲ့နေရာတွေမှာ ဖြစ်တယ် ဆိုတာ မှာကျွန်တော်တို့က တရုတ်ကို မကြိုက် ရင် တည့်တည့်ဆန္ဒပြပေါ့။ ဓာတ်ငွေ့ ပိုက်လိုင်းကို မကျေနပ်ရင် ပိုက် လိုင်းကို လုပ်လို့ရတယ်ဗျ။ လူသတ်တာ၊ အဆောက်အအုံတွေ မီးရှို့တာတွေမှာ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဟိုဘက် သည်ဘက် အကုန်တွေးမှာပဲ။

    =======================================================
    ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
    dwyebu

    ဒါကပြောဖို့ ခက်ပါတယ်။ တကယ် ပဲ ဘာသာရေး အသွင်ဆောင်တာလား။ နိုင်ငံရေးအကျိုးအမြတ် တစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်တာ လား ဆို တာကို အဓိကလေ့လာဖို့ လိုအပ်ပါ တယ် ။အရင် အစိုးရခေတ်ကဆို ဗုဒ္ဓ ဘာသာကလွဲပြီးတခြားဘာသာတွေကို တော်တော်လေး အခွင့် အရေး မပေးခဲ့ ဘူးလေ။ အဲ့ဒီတုန်းက ဒီလိုမျိုး ပြဿ နာတွေ သိပ်မရှိခဲ့ဘူးလေ။ ကျွန်မတို့ ခရစ်ယာန်ဆိုလည်း တော်တော်လေး လှိမ့်ခံရတာပဲလေ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်မှ မဖြစ်ခဲ့တာပဲ။

    အခု ကျွန်မ အမြင်တော့ ဘာသာ ရေးမဟုတ်ဘူးလို့ မြင်တာပဲ။ နိုင်ငံရေး အကျိုးအမြတ်တစ်ခုအတွက် ဘာသာ ရေးအကြောင်းပြပြီး ဝင်အကြမ်း ဖက် တယ်လို့ပဲ မြင်ပါတယ်။ ဗုဒ္ဓဘာသာက လည်း သည်းခံခြင်းတရားနဲ့ပဲ၊ မွတ်ဆ လင်ရော၊ ကျွန်မတို့ ခရစ်ယာန်တွေရော အကုန်လုံး သည်း ခံခြင်းတရား အဆုံး အမနဲ့ နေလာခဲ့တာပဲ။

    မဖြစ်ခင်ကတည်းက ကြိုတင် ဖော်ထုတ် အရေးယူတဲ့အပိုင်းမှာ အ ရမ်းအားနည်းပါတယ်။ အခုလိုမျိုး ပဋိ ပက္ခတွေဖြစ်၊ မီးလောင်ဆုံးရှုံးမှုဖြစ် ပြီးမှ ဖမ်းဆီး အပြစ်ပေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်ရင် ပြည်သူတွေ အတွက် ပိုကောင်းတာပေါ့။ တရား ဥပဒေစိုးမိုးမှု ပိုရှိလာတယ်လို့ ပြော လို့ရ မှာပေါ့။ ကျွန်မအမြင်ကတော့ ရဲ ထောက်လှမ်းရေးတို့၊ြှ တို့လိုမျိုးဟာ တွေဟာ တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲ့ဒီဘက်မှာ အင်အား လည်း တိုးသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ အညီဖြစ်အောင် သင်တန်းတွေ၊ နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက် လဲ သိရအောင် ပညာသင်တွေလည်း အများကြီးလွှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ကာကွယ်နိုင်မှာ ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။

    အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းတွေမှာ အကြမ်းဖက်မှုေ တွ တောက်လျှောက် ဖြစ်နေတာဟာ နိုင်ငံ ရဲ့ အပြောင်းအလဲဖြစ်စဉ်ကို ထိခိုက် လာနိုင်တာ သတိထားရပါမယ်။ ပြီး တော့ ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ နေရာအနီးတစ်ဝိုက်မှာ ဖြစ်တဲ့ကိစ္စ အပေါ်လည်း ဂရုစိုက်သင့်တယ်။ ပဋိ ပက္ခဖန်တီးလိုတဲ့သူတွေဟာ အဲ့ဒါတွေ ကို သွားထိလိုက်ရင် ဆုံးရှုံးမှု အရမ်း ကြီးမှာဆိုတော့လေ။ ကျွန်မတို့နိုင်ငံက လည်း အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ပိုက် လိုင်းနဲ့ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ် ခဲ့ရင်ဘယ်လို ကာကွယ်မလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။ ပြည်သူတွေမှာလည်း တာဝ န်ရှိ တယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို တားဆီးကာကွယ်ဖို့ဆိုတာ အစိုးရမှာ တင် မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက အသိစိတ်အပြည့်နဲ့ တာဝန် ယူစေချင် တယ်။

    ဒီလို ပဋိပက္ခတွေ လုံးဝရပ်ဆိုင်း သွားဖို့က အချင်းချင်း ချစ်ခြင်းမေတ္တာ ထားဖို့ပဲ။ ဒို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းကြောင်းကိုလည်း အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခ ဆိုတာကတော့ တကယ့် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာတောင် လုံးဝ ချုပ်ငြိမ်းတယ်မှ မရှိတာ။ အားလုံး စုစည်းထိန်းသိမ်းရမှာပါ။ လုံးဝချုပ်ငြိမ်း သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းပါ တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆို တော့လေ။

    Popular Myanmar News Journal မှ ကူးယူဖော်ပြပါသည်။
    အပြည့်အစုံဖတ်လိုလျှင် http://popularmyanmar.com/mpaper/?p=70620

  • ယနေ့ ဖြစ်ပွားခဲ့သော မန္တလေးမှ ကောလဟလများနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

    ဇွန် ၅၊ ၂၀၁၃
    M-Media
    သုတ

    မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ကောလဟလများနှင့် ပတ်သက်၍ ကျောင်းသားမိဘတချို့နှင့် ဆက်သွယ်မေးမြန်းချက်

    မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက ပေါ်ထွက်ခဲ့သော ကျောင်းတချို့တွင် မီးရှို့နေသည်၊ ကျောင်းသားများကို သတ်ပြစ်နေသည်ဆိုသော ကောလဟလများနှင့် ပတ်သက်၍ အဆိုပါကျောင်းများတွင် စာသင်ကြားနေသော ကလေးငယ်များ၊ ကျောင်းသား မိဘတချို့နှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

    mdy
    Photo Credit t- Irrawaddy

    “မနက်က ၁၀-နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ အမှတ်(၃) အထက်တန်းကျောင်းအနီး ၃၆-လမ်းအနား မှာ ဆိုင်ကယ်နဲ့ လူတစ်စုက လာအော်တယ်။ ဘုန်းကြီးတွေလာနေပြီ။ မီးရှို့တော့မယ်ဆိုပြီးအော်တယ်။ အဲလို လာအော်လိုက်တော့ ရပ်ကွက်ထဲက လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ပြီးတော့ အနားဝန်းကျင်က ကျောင်းသား မိဘတွေကလည်း ကျောင်းကိုပြေးပြီး ကျောင်းရှေ့မှာ စုပြုံသွားကြတယ်။ ကျွန်တော်လည်း ကျွန်တော့်သားသမီးတွေရှိတဲ့ ကျောင်းရှေ့ရောက်သွားတယ်။ ဒါပေမယ့် ကျောင်းမှာ ဘာမှမဖြစ်ဘူး။ ရဲတွေလည်း ရောက်လာပြီး ကျောင်းရှေ့မှာ စောင့်ပေးနေကြတယ်။ ရဲက ၃၀-လောက်ရှိပါတယ်။ ကျောင်းက ချက်ချင်းဆင်းပေးလိုက်တာမဟုတ်ပါဘူး။ ထမင်းစားကျောင်းဆင်းချိန်မှ ဆင်းပေးလိုက်တာပါ။ ကျောင်းကိုလည်း ပိတ်လိုက်တာမဟုတ်ပါဘူး။ ကလေးတွေ လာချင်လည်း လာလို့ရတယ်။ ဖွင့်ပါတယ်။ ဒါပေမယ့် မိဘတွေက စိတ်ပူပြီး ကလေးတွေကို ကျောင်းကို ပြန်မလွှတ်တော့ဘူး။ ကျောင်းလည်းဘာမှ မဖြစ်ဘူး။ ကလေးတွေလည်း ဘာမှ မဖြစ်ပါဘူး။ တမင် ပဋိပက္ခတွေဖြစ်အောင် ကောလဟာလတွေ လွှင့်ပြီး ဖန်တီးနေကြတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အပြစ်မဲ့တဲ့ ကလေးတွေ စာသင်ကြားနေတဲ့အချိန်ကာလမှာတော့ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ ကျောင်းသားမိဘအနေနဲ့ ကျွန်တော်လည်း ကလေးတွေအတွက် စိုးရိမ်ပါတယ်။” လို့ ကျောင်းသား မိဘတစ်ဦးမှ ပြောပြပါတယ်။

    အဆိုပါကျောင်းတွင် စာသင်ကြားနေသည့် ဆဌမတန်း ကျောင်းသားတစ်ဦးအား မေးမြန်းရာ “သားတို့ ဘာမှ မသိလိုက်ဘူး။ ဆရာမက စာသင်နေတာ။ ခါတိုင်းလိုပဲ ထမင်းစားကျောင်းဆင်းတော့ ခါတိုင်းလိုပဲ အိမ်ပြန်မလို့ ထွက်လာတော့ ကျောင်းပေါက်ဝမှာ လူတွေ အများကြီးဖြစ်ပြီး သားတို့အဖေလည်း သားတို့ကို လာကြိုနေတာ တွေ့လိုက်ရတာ။ ကျောင်းဝင်းထဲမှာလည်း ဘာမှ ဖြစ်တာ မရှိပါဘူး။ အခုတော့ အဖေနဲ့အမေက စိတ်ပူလို့ဆိုပြီး သားတို့ကို ကျောင်းပြန်မလွှတ်တော့ဘူး။ ဟုတ်ကဲ့ ဒီနေ့တော့ နေ့ခင်းကို သား ကျောင်းပြန်မတက်တော့ပါဘူး။ နောက်ရက်ကျရင်တော့ ကျောင်းပြန်တက်မှာပါ”လို့ ဖြေကြားသွားပါတယ်။

    အခြားသော ကျောင်းသားမိဘတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ဟုတ်ပါတယ်။ ဒီမနက်က ဖြစ်သွားတဲ့ ကောလဟလပါ။ တမင်သက်သက်ကို လုပ်ကြံနေကြတာပါ။ မန္တလေးမြို့တွင်းက ကျောင်းတော်တော်များများ ပိတ်လိုက်တယ်။ ကလေးတွေကို သတ်နေပြီ၊ ကလေးတွေကို သတ်တော့မယ် ဆိုတဲ့သတင်းကြောင့်ပါ။ ကျောင်းတော်တော် များများဆိုတာ အမှတ်(၃)အထက အပါအ၀င်၊ စိန်ပန်းဘက်ကကျောင်း၊ နောက် ၄၁-လမ်းဘက်ကကျောင်းနဲ့ တခြားကျောင်းတွေလည်း ပိတ်လိုက်ပါတယ်။ ပြီးတော့ မြို့သစ်ဘက်က ကျောင်းတချို့လည်း ပိတ်လိုက်ပါတယ်။ မြို့သစ်ဘက်က တွဲဘက်အလယ်တန်းကျောင်းတစ်ခုမှာဆို ကလေးတွေကို လာသတ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ကျောင်းသားမိဘအများစုက တုတ်တွေ၊ ဓါးတွေကိုင်ပြီး ကျောင်းပတ်ပတ်လည်ကို လာစောင့်နေတဲ့အထိဖြစ်သွားတယ်။ ဒါကြောင့် ကျောင်းဆင်းပေး လိုက်ရတယ်။ နောက် စက်မှုမြို့သစ်ဘက်က ကျောင်းတချို့လည်း ပိတ်လိုက်ပါတယ်။ ကောလဟလကြောင့်သာ ပိတ်လိုက်တာပါ။ တစ်ခြား ဘာမှ ဖြစ်ပွားခဲ့တာ မရှိပါဘူး။”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

    မန္တလေးမြို့အား ဆူပူမှုဖြစ်စေရန် ဘက်ပေါင်းစုံမှ သွေးထိုးလှုံ့ဆော်မှုများရှိနေသည့်အတွက် မန္တလေးမြို့ခံများအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ရပါတယ်။ မန္တလေးမြို့တွင် အကြမ်းဖက် ကိစ္စရပ်များ မပေါ်ပေါက်လာစေရေးအတွက် မြို့ခံများအနေနှင့်လည်း ၀ိုင်းဝန်းထိန်းသိမ်းနေကြပါတယ်။ ကောလဟလများကို စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်အတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပါဝင်သော ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ(မန္တလေး)မှလည်း လိုက်လံဖြေရှင်း ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

    ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ၏ နာယကဆရာတော် ရေတော်တိုက်ဆရာတော် ဦးဝိသုတထံ ဆက်သွယ်မေးမြန်းလျှောက်ထားပါသော်လည်း တယ်လီဖုန်းလိုင်း ဆက်သွယ်မှုမရရှိသေးသဖြင့် ရရှိပါက ဆရာတော်၏ သြ၀ါဒမြွက်ကြားချက်ကို ထပ်မံဖော်ပြပေးပါမည်။