News @ M-Media

Blog

  • ဒီမိုကရေစီ အမြန်ပြန်ကျင့်သုံးရန် အဏာသိမ်းစစ်ကောင်စီကို အာရှနေတိုးအဖွဲ့ တိုက်တွန်း

    ဒီမိုကရေစီ အမြန်ပြန်ကျင့်သုံးရန် အဏာသိမ်းစစ်ကောင်စီကို အာရှနေတိုးအဖွဲ့ တိုက်တွန်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ပြန်ကျင့်သုံးဖို့ အာရှနေတိုးလို့ တင်စားခံရတဲ့ Quad အဖွဲ့က မနေ့မှာ တိုက်တွန်းလိုက်ပြီး စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောကြားလိုက်ပါတယ်။

    Quad အဖွဲ့ကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတေးလျတို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး မနေ့က နိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံအကြောင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အလျင်အမြန် ပြန်ကျင့်သုံးဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သဘောတူခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ပြောပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာမျိုး လုံး၀မလုပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်လွှတ်ပေးဖို့လည်း မိုတီဂီက စစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

    Quad အဖွဲ့ဟာ ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ အင်ဒို-ပစိတ်ဖတ် ပိုင်နက်အငြင်းပွားနေမှုပြဿနာ၊ ရေကြောင်းသွားလာရေးပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီအဖွဲ့ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာယမ် ဂျိုင်ရှန်ကာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေကို လုပ်ဆောင်ဖို့ အလေးထား ပြောကြားခဲ့ပါတယ်။

    Quad အဖွဲ့ကို ဦးဆောင်တဲ့ အမေရိကန်က အာဏာသိမ်းမှုအပြီးမှာပဲ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှု ချက်ခြင်းလုပ်ဆောင်ခဲ့သလို၊ အာရှက မဟာမိတ်တွေနဲ့ပေါင်းပြီး မြန်မာ့အရေးဖြေရှင်းဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မနေ့က Quad အဖွဲ့ရဲ့ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ အာရှနိုင်ငံတစ်ချို့ တရုတ်နဲ့ဖြစ်နေတဲ့ ပိုင်နက်အငြင်းပွားမှုပြဿနာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Reuters, Business Times

  • လက်ရှိပြဿနာကို အာဏာသိမ်းစစ်တပ်နှင့် ညှိနှိုင်းအဖြေရှာရန် တရုတ်တိုက်တွန်း

    လက်ရှိပြဿနာကို အာဏာသိမ်းစစ်တပ်နှင့် ညှိနှိုင်းအဖြေရှာရန် တရုတ်တိုက်တွန်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁
    M-Media

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က

    -လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုမှာ တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်း၊ အင်တာနက်ကန့်သန်ရေး ပစ္စည်းကိရိယာ၊ ပညာရှင်တွေ ထောက်ပံ့နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။

    ဟွာချွမ်ယင်က ဒီသတင်းတွေဟာ ကောလဟာလတွေသာဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကျည်ရေးကို ပျက်ဆီးစေလိုတဲ့အတွက် ဖြန့်တာမျိုးဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မြန်မာပြည်သူလုထုရဲ့အကျိုးကို ဦးထိပ်ထားပြီး ပါဝင်ပတ်သက်သူအားလုံး အခြေခံဥပဒေအောင်၊ ပြဌာန်းဥပဒေအောက်မှာ ညှိနှိုင်းအဖြေရှာသွားဖို့၊ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်အေးချမ်းမှုိကို ထိန်းသိမ်းသွားဖို့ မျှော်လင့်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကိစ္စ တရုတ်နိုင်ငံတဲ့ပတ်သက်တယ်ဆိုတဲ့သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ဟွာချွမ်ယင်က NLD အစိုးရ၊ မြန်မာစစ်တပ် နှစ်ဖွဲ့စလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မမြင်ချင်ဘူးလို့ ဆိုပါတယ်။ လက်ရှိအခြေအနေက မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်ကုမ္ပဏီတွေ၊ တရုတ်နိုင်ငံသားတွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနေလဲဆိုတာ ဆန်းစစ်ဖို့ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စ တရုတ်နိုင်ငံနဲ့ ဆက်စပ်ပြောဆိုမှုတွေဟာ အနောက်နိုင်ငံတွေရဲ့ လီဆယ်လုပ်ကြံမှုလို့လည်း ဟွာချွမ်ယင်က ဆိုပါတယ်။

    Ref : Rebublic World

  • နာမည်ဆိုးထွက်သည့်တပ်ရင်း မြို့ပေါ်တွင်ချထားမှု စိုးရိမ်စရာဟု ကုလကိုယ်စားလှယ်ပြော

    နာမည်ဆိုးထွက်သည့်တပ်ရင်း မြို့ပေါ်တွင်ချထားမှု စိုးရိမ်စရာဟု ကုလကိုယ်စားလှယ်ပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁
    M-Media

    -နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်ဖွဲ့ကို နယ်စပ်ဒေသကနေ ဆန္ဒပြမှုဖြစ်ပွားရာ မြို့ပေါ်ကို ရွှေ့လိုက်တဲ့အတွက် သွေးချောင်းစီးတော့မယ်၊ အသက်တွေဆုံးရှုံးတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက AP သတင်းဌာနနဲ့ မနေ့က အင်တာဗျူးလုပ်ခဲ့တာပါ။

    ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားအပါအဝင် နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြင့်လာသလို၊ ရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နှင်းမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။

    ဒါ့အပြင် စစ်တပ်တွေလည်း တိုးမြှင့်ချထားလာတာကို တွေ့ရပါတယ်။

    တွမ်အန်ဒရူးက ရခိုင်မှာ သတ်ဖြတ်မီးရှို့မှုတွေ အများအပြား ကျူးလွန်တယ်လို့ သတင်းထွက်တဲ့ တပ်ရင်းကို မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ အတည်ပြုနိုင်တဲ့ သတင်း​တွေကို ကြားသိရတယ်လို့ ဆိုပါတယ်။

    “စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးတွေက ဘာလုပ်နိုင်လဲဆိုတာ ပြည်သူတွေက သိပါတယ်။ စစ်သားတွေချထားမှု မြင့်တက်လာတာနဲ့ ဒီစစ်တပ်တွေ ဘယ်ကလာလဲဆိုတာကို သိရတဲ့အတွက် ကျွန်တော် အလွန်အမင်း စိုးရိမ်သောက ဖြစ်မိပါတယ်”

    အရင်က စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို သိရှိပေမယ့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆန္ဒပြမှုတွေ၊ အကြမ်းမဖက်တဲ့ ဆန့်ကျင်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေရဲ့ အံ့ချီးဖွယ် သတ္တိဗျတ္တိကို အားကျမိတယ်လို့ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တင်းမာမှုတွေက တအားကိုမြင့်တက်နေတယ်။ မြန်မာပြည်သူလူထုဟာ ပြင်းပြင်းထန်ထန်ကို တုန့်ပြန်လာပြီး၊ ရလဒ်ကိုလည်း သူတို့ မြင်ချင်နေကြပါပြီ”

    ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက ထိရောက်ပြီး၊ ပုဂ္ဂလိကဘဏ်တွေအားလုံးလည်း ပိတ်ထားရကြောင်း၊ ပြည်သူတွေရဲ့ ဒီလှုပ်ရှားမှုဟာ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိသလို၊ လက်ရှိမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှုကို မြန်မာပြည်သူတွေက မျှော်လင့်နေကြတယ်လို့လည်း အန်ဒရူးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်ပြီး မဟာမိတ်လည်းဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဒီကိစ္စမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

    “ကန့်လန့်ကာနောက်ကွယ်က တရုတ်ရဲ့ဖိအားပေးမှုဟာ သိပ်ကို အသုံးဝင်မှာပါ။ အကူအညီဖြစ်စေတဲ့ ကြေငြာချက်မျိုး တရုတ်ကထုတ်ထားတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကိစ္စမှာ တရုတ်ဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ သူမအပေါ်စွဲထားတဲ့ စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ စစ်ခေါင်းဆောင်တွေဟာ မျှတတဲ့ တရားစီရင်မှုမျိုးကို ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်လောက်အောင် အာဏာငမ်းနေကြတတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

    စစ်တပ်ဟာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေ ကိုယ်တိုင်ချိုးဖောက်တာကိုလည်း အန်ဒရူးက ထောက်ပြပါတယ်။

    “အံ့ဩစရာကောင်းတာက သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်တာပါ။ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အာဏာတည်ဆောက်မှုပုံစံ၊ အခြေခံဥပဒေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်ပစ်လိုက်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ”

    လက်ရှိ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့ ဘယ်လောက်အထိ ကြာနိုင်လဲဆိုတာ ပြောမရဘူးလို့ အန်ဒရူးက ဆိုပါတယ်။

    အရင်တုန်းကအခြေအနေမျိုး ပြန်သွားလို့ မရတော့ဘူးဆိုတဲ့အချက်ကို စစ်တပ်ဖက်က သတိပြုမိရင် သွေးထွက်သံယိုဖြစ်တာကို ရှောင်ရှားနိုင်မှာဖြစ်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ဖိအားပေးမယ်ဆိုရင် ပြဿနာကို အဖြေရှာနိုင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စစ်တပ်က လုပ်ဖို့ကြိုးစားနေတာတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး ပြည်သူလူထုက ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်လုပ်ဆောင်နေတယ်ဆိုတာ တပ်မတော်က နားလည်လက်ခံဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် နားလည်လက်ခံလာလေလေ၊ အဖြေမြန်မြန်ထွက်လေပါပဲ”

    Ref: AP

  • မြန်မာ့အရေး အာဆီယံအဖွဲ့က အပြုသဘောဖက်မှ ချဥ်းကပ်ဖြေရှင်းရန် အင်ဒိုစည်းရုံးနေ

    မြန်မာ့အရေး အာဆီယံအဖွဲ့က အပြုသဘောဖက်မှ ချဥ်းကပ်ဖြေရှင်းရန် အင်ဒိုစည်းရုံးနေ

    ဖေဖော်၀ါရီ ၁၇၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာ့အရေးကို အာဆီယံအဖွဲ့က အပြုသဘောဆောင်တဲ့ဖက်ကနေ ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားက အဖွဲ့၀င်နိုင်ငံတွေကို ဦးဆောင်စည်းရုံးနေပါတယ်။

    အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီဟာ ဒီကနေ့ မနက်ပိုင်းက ဘရူနိုင်းနိုင်ငံကို သွားရောက်ပြီး ဘုရင် ဆူလ်တန် ဟာဆန်နဲလ် ဘိုကိုင်းယားနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘရူနိုင်းဟာ လက်ရှိ အာဆီယံဥက္ကဌပါ။

    ဘုရင် ဘိုကိုင်းယားဟာ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ မိသားစုသဖွယ် တွေ့ဆုံပြီး မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးဖို့ အရေးကြီးကြောင်း ပြောကြားလိုက်တယ်လို့ မာဆူဒီက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အစိုးရအဖွဲ့၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းမှုမှာ အာဆီယံအဖွဲ့က ထိထိရောက်ရောက် တုန့်ပြန်ဆောက်ရွက်တာ မရှိဘူးလို့ ၀ေဖန်ခံနေရတာပါ။

    မလေးရှား၀န်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုတို့က မြန်မာနိုင်ငံအရေး အာဆီယံ အရေးပေါ်အစည်းအ၀ေးပြုလုပ်ဖို့ နိုင်ငံခြားရေး၀န်ကြီးတွေကို အခုလအစောပိုင်းက ညွှန်ကြားခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ ဒီကြိုးပမ်းမှု ပေါ်ပေါက်လာတာပါ။

    ၀န်ကြီးမာဆူဒီက အာဏာသိမ်းလိုက်ကတည်းကစပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဘရူးနိုင်းဘုရင်နဲ့တွေ့ဆုံပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အာဆီယံအဖွဲ့က မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲလို့ မေးမြန်းရာမှာတော့ အာဆီယံ သဘောတူညီချက် အပိုဒ် ၁ (၇) မှာ ဖော်ပြထားတဲ့အတိုင်း ဒီမိုကရေစီခိုင်မြဲရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကာကွယ်ရေး သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အလေထား ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ရဆိုတဲ့မူကို စွဲကိုင်ပြီး မြန်မာပြည်သူတွေ အန္တရာယ်ကင်းဖို့နဲ့ သာယာ၀ပြောဖို့ အပြုသဘောဆောင်တဲ့ ဆက်သွယ်ဆောင်ရွက်မှုမျိုးသာ လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မာဆူဒီဟာ စင်ကာပူအပါအ၀င် တစ်ခြား အာဆီယံနိုင်ငံတွေကို သွားရောက်ပြီး မြန်မာ့အရေး အစည်းအ၀ေးတစ်ရပ်ကျင်းပဖို့ စည်းရုံးမှာ ဖြစ်ပါတယ်။

    Ref: CNA

  • စစ်ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ စီစဉ်နေ

    စစ်ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ စီစဉ်နေ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း မြန်မာစစ်ခေါင်း​ဆောင်တွေအပေါ် သီးသန့်ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အတွက် ဥရောပသမဂ္ဂက စီစဉ်နေပါတယ်။

    ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

    မနေ့က အဖွဲ့ဝင် သံတမန်တွေရဲ့ ဆွေးနွေးမှုမှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေအ​ပေါ် ပိတ်ဆို့အရေးယူရေး ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာအကြီးအကဲကို တိုက်တွန်းမယ့် အဆိုတစ်ခုကို အဖွဲ့၀င်နိုင်ငံ သံတမန်တွေက အတည်ပြုခဲ့ပါတယ်။

    “စစ်အာဏာသိမ်းမှုကို တုန့်ပြန်တဲ့အနေနဲ့ အဲဒီအာဏာသိမ်းမှုမှာ ပါဝင်တဲ့ အဓိက တာဝန်ရှိသူတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ကန့်သတ်အရေးယူမှုတွေလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂက အဆင်သင့် ဖြစ်နေပါပြီ”

    ဒီအရေးယူမှုမှာ မြန်မာပြည်သူလူထုကို ထိခိုက်စေမယ့် ကုန်သွယ်ရေးပိတ်ဆို့မှုတွေ ပါဝင်မှာမဟုတ်ဘူးလို့ အဖွဲ့ဝင်သံတမန်တွေက ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်းမှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂဟာ မြန်မာစစ်ခေါင်းဆောင် ၁၄ ဦးကို ဗီဇာပိတ်တာ၊ ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ လုပ်ဆောင်ထားပါတယ်။

    အာဏာသိမ်းမှုမှာ ပါဝင်တဲ့သူတွေအပေါ်လည်း ဒီလိုပိတ်ဆို့မှုမျိုးကိုသာ ဦးစားပေး ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် အဖြေရှာဖို့ ဥရောပသမဂ္ဂက လိုလားပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်တယ်လို့ အဆိုမူကြမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒေါ်အောင်းဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့၊ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးကို လေးစားဖို့၊ အကြမ်းဖက် ဖိနှိပ်မှုမလုပ်ဖို့လည်း အဆိုမှာ တိုက်တွန်းထားပါတယ်။

    “ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအပေါ် စစ်တပ်နဲ့ရဲတို့က ဖိနှိပ်ညှမ်းပမ်းတာကို ဥရောပသမဂ္ဂက ရှုတ်ချပါတယ်။ အာဏာပိုင်တွေက အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ပါဝင်ပတ်သက်သူအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်”

    ဒီအဆိုမူကြမ်းကို တနင်္လာနေ့ပြုလုပ်မယ့် ဥရောပသမဂ္ဂအစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

    Ref: Euro Observer