News @ M-Media

Blog

  • စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဘိုင်ဒန်အစိုးရ လုပ်ဆောင်ရမည့် အချက် ၅ ချက်ကို ကန်သံတမန်ဟောင်းတစ်ဦးချပြ

    စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဘိုင်ဒန်အစိုးရ လုပ်ဆောင်ရမည့် အချက် ၅ ချက်ကို ကန်သံတမန်ဟောင်းတစ်ဦးချပြ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပပျောက်ပြီး ပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် အမေရိကန်က လက်ရှိနေအထားထက်ပိုပြီး တုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချက်ဆန်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အစိုးရအဖွဲ့နဲ့ ရွေးကောက်ခံလွှတ်တော်အမတ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီကိစ္စကို အလျင်အမြန် တုန့်ပြန်ခဲ့ပါတယ်။ အာဏာချက်ခြင်းစွန့်လွှတ်ဖို့ စစ်တပ်ကို တောင်းဆိုခဲ့သလို၊ အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေကိုလည်း ချက်ခြင်းဆိုသလို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာအစိုးရအပေါ် ပေးပို့နေတဲ့ အကူအညီတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ အမေရိကန်လွှတ်တော်က ထုတ်ပြန်ခဲ့ပြီး၊ အာဏာသိမ်းအစိုးရကို ဖိအားပေးနိုင်ရေး မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံမတ်ဟောင်း၊ နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်းဖြစ်တဲ့ ဘီလ်ရစ်ချက်ဆန်က ဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ပိုထိရောက်တဲ့ဆောင်ရွက်မှုမျိုး လုပ်ဖို့လိုတယ်လို့ Asia Times က ဆောင်းပါးမှာ ထောက်ပြထားပြီး၊ နည်းလမ်း ၅ ခုကို ချပြခဲ့ပါတယ်။

    တရုတ်နဲ့ ထိပ်သီးအစည်းအဝေး

    မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် ဘိုင်ဒန်အစိုးရဟာ တရုတ်နဲ့ ထိပ်သီးအစည်းအဝေး လုပ်သင့်ပြီး၊ ဒါဟာ အာဏာသိမ်းမှုကို အင်အားကြီးနှစ်နိုင်ငံက ပူးပေါင်းဆန့်ကျင်တယ်၊ စစ်တပ်အနေနဲ့ ရှေ့ဆက်တိုးဖို့ လမ်းကြောင်းသိပ်မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသရာရောက်လိမ့်မယ်လို့ ရစ်ချက်ဆန်က ပြောပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် လုံခြုံရေးကောင်စီရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်ကို တရုတ်က သဘောတူခဲ့တာကို သူက ထောက်ပြခဲ့ပြီး ထိပ်သီးအစည်းအဝေးအတွက် အခြေခံကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့အရေးမှာ တရုတ်က အပြုသဘောဆောင်တဲ့ဖက်ကနေ ပါဝင်ဆောင်ရွက်ပါ့မလားဆိုတဲ့ သံသဖြစ်စရာအချက်ကိုလည်း သူက ထောက်ပြပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာရတဲ့သူတိုင်းနဲ့ပေါင်းဖို့ တရုတ်ရဲ့ဆောင်ရွက်မှုဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာ အမေရိကန်က တရုတ်ကို ရှင်းရှင်းလင်းလင်းပြောထားရမယ်လို့ ရစ်ချက်ဆန်က အကြံပြုပါတယ်။

    ရန်ကုန်က တရုတ်သံရုံးရှေ့မှာ မြန်မာပြည်သူတွေ ဆန္ဒသွားပြတာမျိုး ရှိပြီး တရုတ်အနေနဲ့ ပြည်သူလူထုဖက်ကမရပ်ဘဲ ဗိုလ်ချုပ်ကြီးတွေဖက်က ရပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံအဆောက်အဦးတွေအပေါ် ရန်လိုတိုက်ခိုက်တာမျိုး အလွယ်တကူ ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

    နိုင်ငံတကာ အဖွဲ့တစ်ခု

    ရစ်ချက်ဆန်ချပြတဲ့ ဒုတိယအချက်က အမေရိကန်ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ပါ။ သံတမန်ဆက်ဆံရေး ပြန်လည်ခိုင်မြဲဖို့ဆိုတဲ့ ကတိကဝတ်တွေကို အမေရိကန်က လက်တွေ့လုပ်ဆောင်ဖို့နဲ့ နည်းလမ်းပေါင်းစုံက ချဉ်းကပ်အဖြေရှာဖို့အတွက် ဖြစ်ပါတယ်။

    ဒီအဖွဲ့ဟာ မြန်မာပြည်သူတွေရဲ့အသံနဲ့ အကျိုးစီးပွားကို အခြေခံထားရမှာဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ အာဆီယံအဖွဲ့၊ အိန္ဒိယ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ကုလအတွင်းရေးမှူးတို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တိုင်းပြည်တွေက ကိုယ်စားလှယ်တွေ ပါဝင်ဖို့ လိုပါတယ်။

    ချက်ခြင်းလက်ငင်း ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ဖြေရှင်းရေး၊ စစ်ခေါင်းဆောင်တွေ စစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေကို သီးသန့် ပိတ်ဆို့အရေးယူရေး၊ ဂျပန်နဲ့ စင်ကာပူတို့လို နိုင်ငံတွေက စစ်တပ်အပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိနိုင်မယ့် သံခင်းတမန်ခင်းနည်းလမ်းနဲ့ သေသေချာချာ ချဉ်းကပ်ဆောင်ရွက်ရေး စတာတွေကို ဒီအဖွဲ့က ဆောင်ရွက်သွားရမယ်လို့ ရစ်ချက်ဆန်က ဆောင်းပါးမှာ ပြောထားပါတယ်။

    ပြည်သူ့ဆန္ဒကို အားပေးရမည်

    ဆောင်းပါးမှာ ကုလသံအမတ်ဟောင်း ထောက်ပြထားတဲ့ တတိယအချက်က အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးသာမကဘဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာရေးဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒ​အတိုင်း တစ်ထပ်တည်း ရပ်တည်တယ်ဆိုတာကို ပေါ်လွင်အောင် အမေရိကန်နဲ့ နိုင်ငံတကာအဖွဲ့က ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးတွေ အာဏာစွန့်ပြီး လွှတ်တော်ပြန်တက်လာတဲ့အခါ လွှတ်တော်အစည်းအဝေးမှာပဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းသွားဖို့၊ ဆန့်ကျင်သူတစ်ချို့ရှိနိုင်ပေမယ့် မြန်မာပြည်သူအများစုက ထောက်ခံအားပေးတဲ့ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ လုပ်ဆောင်ရလိမ့်မယ်လို့ ရစ်ချက်ဆန်က ထောက်ပြပါတယ်။

    ဗိုလ်ချုပ်တွေကို နိုင်ငံရေးမှာ မပါဝင်ဖို့ လွှတ်တော်ရဲ့ကြိုးပမ်းမှုကို အမေရိကန်နဲ့ မဟာမိတ်တွေက မဖြစ်မနေ ကူညီပေးရမှာဖြစ်ပြီး၊ တစ်ခြား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာ၊ လေ့ကျင့်သင်ကြားပေးမှုတွေကနေတစ်ဆင့် အောက်ခြေစစ်သားတွေဘ၀ လွယ်ကူအောင် လုပ်ပေးရမယ်လို့ သူက ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အလွန် ခေါင်းဆောင်မှု

    ရစ်ချက်ဆန်ထောက်ပြထားတဲ့ နောက်တစ်ချက်က စစ်ခေါင်းဆောင်တွေ အာဏာစွန့်လွှတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်အလွန် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို အမေရိကန်က ထောက်ပံ့ ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို မရင်ဆိုင်ခဲ့တာ၊ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အလိုတူအလိုပါသဘောမျိုးဖြစ်ခဲ့တာတွေအပါအဝင် တစ်ချို့အားနည်းချက်တွေ ရှိပေမယ့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ လူထု အကြည်ညိုဆုံးခေါင်းဆောင်ဖြစ်နေပြီး၊ လွတ်မြောက်လာရင်လည်း တိုင်းပြည်ကို ပြန်လည်ဦးဆောင်နိုင်လိမ့်မယ်လို့ ရစ်ချက်ဆန်က သုံးသပ်ပါတယ်။

    တိုင်းပြည်အတွက် လူထုကြိုက်မယ့် မျှော်မှန်းချက်မျိုး ချပြဖို့၊ တိုင်းရင်းသားအားလုံး ပါဝင်နိုင်ပြီး ထိခိုက်ခံစားရမှုတွေကို ကုစားပေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ဖို၊ မြန်မာနိုင်ငံက ပြည်သူလူထုအားလုံးရဲ့ လူ့အခွင့်အရေးကို အလေးထားကာကွယ်ပေးဖို့ စွမ်းအားမျိုးရှိတဲ့ တစ်ဦးတည်းသောခေါင်းဆောင် ဖြစ်ပေမယ့် သူမဟာ သူမရဲ့လုပ်နိုင်စွမ်းကို အပြည့်အ၀ အသုံးမချခဲ့ဘဲ၊ ပြန်လွတ်လာရင်လည်း အသုံးချဖို့ မရှိဘူးလို့ ရစ်ချက်ဆန်က သုံးသပ်ပါတယ်။

    အာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းကို ထောက်ခံအားပေးတာထက်၊ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတာကို လုပ်ပေးမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး အမှန်တကယ်ရှိတ​ဲ့ ကျယ်ပြန်တဲ့ ခေါင်းဆောင်မှု အစုအဖွဲ့တစ်ခုကို အားပေးကူညီနိုင်မယ့် ရတောင့်ရခဲအခွင့်အလမ်းမျိုး ရရှိခဲ့တယ်လို့ ရစ်ချက်ဆန်က ဆိုပါတယ်။

    စစ်တပ်၏ သွေးခွဲအုပ်ချုပ်မှုကို တိုက်ဖျက်ရန်

    နောက်ဆုံးတစ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလူနည်းစုတွေ၊ နယ်စပ်တစ်လျှောက် ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးရေး အမေရိကန်က ကမကထပြု ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲအုပ်ချုပ်မှုကို တစ်ကျော့ပြန်ကျင့်သုံးလာနိုင်တာကြောင့် အကြမ်းဖက်မှုတွေကို လုံး၀ သည်းခံမှာမဟုတ်ဘူးဆိုတာ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြသဖို့၊ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြန်လည်ခွင့်ပြုရေး ဖိအားပေးဖို့၊ အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ပေါ်ထွက်လာတဲ့ လူထုအကြား စည်းလုံးညီညွတ်မှုကို အခြေခံပြီး ရိုဟင်ဂျာတွေအပါ၀င် လူမျိုးစုအားလုံးဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ သာတူညီမျှဖြစ်ရမယ့် လူမျိုးစုတွေဖြစ်တယ်ဆိုတာ အလေးထားမှတ်ယူလာအောင် ဆောင်ရွက်ဖို့လည်း ရစ်ချက်ဆန်က တိုက်တွန်းခဲ့ပါတယ်။

    မြန်မာပြည်သူတွေကို အမှောင်ကာလက စောင့်ကြို​နေပေမယ့် အမေရိကန်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာရဲ့ စုပေါင်းဆောင်ရွက်မှုတွေကြောင့် ရောင်နီသစ် ပေါ်ထွန်းလာလိမ့်မယ်လို့ ရစ်ချက်ဆန်က ဆောင်းပါးကို နိဂုံးချုပ်ခဲ့ပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Bold US response to Myanmar coup needed ဆောင်းပါးကို လေးမောင်က ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • မြန်မာနိုင်ငံ၏ အခြေအနေမှာ မိမိတို့ မြင်ချင်သည့်အခြေအနေ မဟုတ်ဟု တရုတ်ပြော

    မြန်မာနိုင်ငံ၏ အခြေအနေမှာ မိမိတို့ မြင်ချင်သည့်အခြေအနေ မဟုတ်ဟု တရုတ်ပြော

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာဟာ တရုတ်နိုင်ငံက မြင်ချင်တဲ့ အခြေအနေမျိုး လုံး၀ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဒီကနေ့ ပြောကြားလိုက်ပြီး ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းမှုမှာ ပါ၀င်တယ်ဆိုတဲ့ သတင်းတွေကလည်း အဓိပ္ပါယ်မရှိတဲ့ သတင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်တွင်းမီဒီယာတစ်ခုနဲ့ပြုလုပ်ပြီး တရုတ်သံရုံးရဲ့ Facebook စာမျက်နှာ တင်ထားတဲ့ အင်တာဗျူးမှာ သံအမတ် ချန်ဟိုင်က ဒီလိုပြောလိုက်တာပါ။ စစ်တပ်၊ အရင် အရပ်သားအစိုးရဟောင်းနဲ့ မိတ်ဖက်ဆက်ဆံရေးကို တရုတ်နိုင်ငံ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ်။

    စစ်အာဏာသိမ်းမှုကို အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပေမယ့် တရုတ်က လူသိရှင်ကြား ကန့်ကွက်မှု မရှိသလို လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ရှုတ်ချရေး ကြေငြာချက်ကိုလည်း အစောပိုင်းမှာ ကန့်ကွက်ခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုဟာ တရုတ်အစိုးရလက်ချက် မကင်းဘူးလို့ ပြောဆိုမှုတွေရှိနေပြီး ဆန္ဒပြလူအုပ်ကလည်း ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတာတွေ လုပ်ဆောင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်-ကူမင်း လေကြောင်းခရီးစဥ်တွေ ရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကို တရုတ်အစိုးရက နည်းပညာပစ္စည်းတွေ၊ စစ်သားတွေ ပို့ပေးတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    သံအမတ်ချန်ဟိုင်းက ဒီသတင်းတွေဟာ လုံး၀ အခြေအမြစ်မရှိတဲ့ သတင်းတွေဖြစ်ပြီး လေကြောင်းခရီးဟာ ပင်လယ်စာလို ကုန်စည်တွေပို့တဲ့ ကုန်တင်လေယာဥ်တွေသာဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေ အာဏာသိမ်းမှာကို မိမိတို့ ကြိုမသိခဲ့လို၊ အခြေအနေတွေ အေးအေးဆေးဆေးပြီးသွားပြီး မတည်မငြိမ် ၀ရုန်းသုန်းကားမဖြစ်ဖို့ မျှော်လင့်တယ်လို့ သံအမတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “နိုင်ငံတော်တော်များများမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရင် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရပြီး ကိုယ့်အခြေအနေနဲ့သင့်လျော်မယ့် တိုးတက်မှုလမ်းကြောင်းကို ရှာဖွေရစမြဲပါ”

    Ref: The Strait Times

  • အဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု စင်ကာပူ မထောက်ခံ

    အဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု စင်ကာပူ မထောက်ခံ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်

    -အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်တာကို မထောက်ခံဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပြီး ဒီလိုပိတ်ဆို့မှုတွေလုပ်ရင် သာမန်ပြည်သူတွေသာ ထိခိုက်လိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကနေ့ စင်ကာပူလွှတ်တော်ရဲ့ဆွေးနွေးမှုမှာ ကရစ်ရှ်နန်က အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

    မြန်မာပြည်သူလူထုရဲ့ ၄ ပုံ ၁ ပုံလောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာနေထိုင်​နေရပြီး ကိုဗစ်ကပ်ရောဂါကြောင့် သူတို့ရဲ့အခြေအနေ ပိုဆိုးရွားလာတယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုကို ဝန်ကြီးက ထောက်ပြပါတယ်။

    “ဒါ့ကြောင့် ကျွန်တော့်ရဲ့ဆွေးနွေးမှု၊ ဖုန်းပြောဆိုမှုတွေ အားလုံးမှာ မြန်မာနိုင်ငံအပေါ် သိမ်းကျုံး ပိတ်ဆို့မှုတွေ အများအပြား မလုပ်ဆောင်သင့်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီအတွက် ခံစားရမယ့်သူတွေက သာမန်ပြည်သူတွေ ဖြစ်နေမှာကြောင့်ပါ”

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူက အများဆုံးဖြစ်ပြီး၊ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေကလည်း စင်ကာပူက လုပ်ငန်းတွေ၊ ဘဏ်တွေမှာ ဒေါ်လာသန်းချီ ထည့်ထားတာတွေရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    မြန်မာနိုင်ငံက ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့အဖြေရှာမှု၊ အမျိုးသားရင်ကြားစေ့ရေး စတာတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကရစ်ရှ်နန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခြေအနေတွေက ပိုပြီး တင်းမာ​လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ အာဆီယံဒေသအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ”

    တိုင်းပြည်ရဲ့အနာဂတ်ကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို စင်ကာပူက အမြဲတမ်းထောက်ခံပြီး၊ အာဆီယံအဖွဲ့ကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူကို လက်ကိုင်ထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၂၄ ဘီလီယံဖိုးရှိပါတယ်။ ဒီအထဲက အများစုဟာ NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက ဝင်ရောက်လာခဲ့တာပါ။

    မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ကုမ္ပဏီတွေနဲ့ အလုပ်လုပ်နေတဲ့ စင်ကာပူလုပ်ငန်းတွေ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုမှာ ကြားညပ်နိုင်ပြီး အဲဒီအတွက် အစိုးရက အကြံပေးတာ ကူညီတာမျိုး ရှိလားဆိုပြီး အမတ်တစ်ယောက်က မေးမြန်းရာ လက်ရှိအချိန်အထိ သီးသန့် အကြံပေးတာမျိုး မရှိသေးပေမယ့် ရသမျှသတင်းအချက်အလက်အားလုံးကို ဒီလွှတ်တော်မှာ တင်ပြသွားမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မိမိတို့ကိုယ်တိုင် ချမှတ်နိုင်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: CNA

  • ဆန္ဒပြသူများကို အကြမ်းမဖက်ရန် စစ်ကောင်စီ ဒုတိယအကြီးအကဲကို ကုလက တိုက်ရိုက်သတိပေး

    ဆန္ဒပြသူများကို အကြမ်းမဖက်ရန် စစ်ကောင်စီ ဒုတိယအကြီးအကဲကို ကုလက တိုက်ရိုက်သတိပေး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေကိုအပေါ် အကြမ်းဖက်မယ်ဆိုရင် ‘ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ’ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအကြီးအကဲ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို သတိ​ပေးလိုက်ပါတယ်။

    အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂီနာနဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ဟာ မနေ့က အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ကြေငြာခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ ပြောကြားမှုကိုသာ ဖော်ပြခဲ့ပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ဆွေးနွေးမှုအတွင်း ဘာဂီနာဟာ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ သတိပေးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    “ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားဖို့၊ ဆန္ဒပြသူတွေကို အညှိုးထား လက်တုန့်မပြန်ဖို့ မစ် ဘာဂီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးက အနီးကပ်စောင့်ကြည့်နေပြီး အင်အားသုံးတုန့်ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားရမယ်ဆိုတာလည်း သူမက သတင်းစကားပါးခဲ့ပါတယ်”

    အာဏာသိမ်းစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီအဖွဲ့အစည်းတွေကို အလေးထားဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့သလို၊ အင်တာနက်ဖြတ်တောက်မှုဟာ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ထိခိုက်စေတာဖြစ်တဲ့အတွက် မလုပ်ဆောင်ဖို့လည်း သတိပေးခဲ့ပါတယ်။

    ဘာဂီနာနဲ့ အဏာသိမ်းစစ်ကောင်စီတို့ဟာ အာဏာသိမ်းပြီး ၂ ရက်အကြာမှာ ပထမဆုံးအကြိမ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

    Ref: The Strait Times

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံက အန္တရာယ်ဖြစ်လာပြီဟု ကျွမ်းကျင်သူများ သတိပေး

    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံက အန္တရာယ်ဖြစ်လာပြီဟု ကျွမ်းကျင်သူများ သတိပေး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -​ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်မှုဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်လာပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ GDP ရဲ့ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျဆင်းသွားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာတော့ GDP ရဲ့ ၁.၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက သူတို့အတွက် အာမခံချက် ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    Curtin တက္ကသိုလ်ရဲ့ နိုင်ငံတကာစီးပွားရေးဆိုင်ရာ လက်ထောက်ပရော်ဖက်ဆာ ဒေါ်ထွေးထွေးသိန်းက အာဏာသိမ်းမှုဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးမားဆုံး အိပ်မက်ဆိုး ဖြစ်လာတယ်လို့ ပြောပါတယ်။

    “စီးပွားရေးဆိုတာ တည်ငြိမ်ဖို့၊ အာမခံချက်ရှိဖို့ လိုပါတယ်။ အခုအချိန်က ဘာမဆိုဖြစ်သွားနိုင်တော့ ယုံကြည်မှုကလည်း ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံ ဖြစ်နေတုန်းပဲဆိုတာ ဒီအဖြစ်အပျက်တွေက သက်သေပြနေပါတယ်”

    ကုန်ထုတ်လုပ်မှုတွေလျော့ကျကာ မြန်မာနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း နိုင်ငံတကာကဝယ်ယူမှု နည်းသွားမယ်လို့ သူမက ထည့်သွင်း သုံးသပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကြောင့် စက်မှုဇုန်တွေ၊ အထူးစီးပွားရေးဇုန်တွေ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဒီကဏ္ဍတွေမှာ တရုတ်နဲ့ ဂျပန်တို့က အများစု ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    ဂျပန်နဲ့ စင်ကာပူက လုပ်ငန်းတစ်ချို့ အာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဆက်သွယ်မှု ရပ်ဆိုင်းခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ပိုပြီးအခြေခိုင်အောင် ဆောင်ရွက်ဖို့ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    “တရုတ်က ဒေသတွင်းမှာ ရေရှည်လွှမ်းမိုးနိုင်မယ့်သူ ပိုပြီး ဖြစ်ချင်တယ်။ တိုက်ရိုက်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့၊ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ်။ အဲဒီအထဲမှာ မြန်မာလည်း ပါပါတယ်။ ဒါ့ကြောင့် မြန်မာအပေါ် တရုတ်ခေါင်းဆောင်တွေရဲ့ စိတ်ဝင်စားမှုက လျော့ကျသွားမှာ မဟုတ်ပါဘူး” လို့ NUS စီးပွားရေးတက္ကသိုလ်က မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာ ပါမောက္ခ အန်ဒရူး ဒီလီယို့စ်က ပြောပါတယ်။

    တရုတ်ဟာ သူ့ရဲ့ Belt and Road စီမံကိန်းဆိုင်ရာတွေကို မြန်မာနိုင်ငံမှာ ဦးစားပေး လုပ်ဆောင်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

    Fitch Solutions အဖွဲ့က နိုင်ငံတွေရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အကြီးတန်းလေ့လာသုံးသပ်သူ ဂျာဆန်ယက်က တရုတ်ဟာ စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ရဲ့စီမံကိန်းတွေကို တွန်းအားပေးလုပ်ဆောင်သွားနိုင်ပေမယ့် တိုးတက်မှု နှေးကွေးနိုင်တယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၁.၅ ဘီလီယံလောက်ရှိနေပြီး စင်ကာပူပြီးရင် ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းခဲ့ပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

    “စစ်အစိုးရတက်လာတာနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးတက်မှုအကြောင်း ပြောကြတာတွေ ရှိပါတယ်။ တကယ်တော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်ရိုက်ဆက်စက်နေတာမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းသီးသန့်က ပြဿနာမဟုတ်ပါဘူး။ အာဏာရှင်အစိုးရပုံစံ သွားနေပေမယ့် မှန်ကန်တဲ့ပေါ်လစီတွေ ချနိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ပိုကောင်းမှာပါ” လို့ INSEAD က နိုင်ငံတကာစီးပွားရေး မဟာဗျူဟာဆိုင်ရာ ပရော်ဖက်ဆာ မီခေးလ်ဝစ်က ပြောပါတယ်။

    ပြုပြင်ပြောင်းလဲမှုနှေးကွေးတာ၊ အဓိကစီးပွားရေးလုပ်ငန်းတွေကို ဖွင့်ပေးဖို့ တွန့်ဆုတ်နေတာ၊ အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးယန္တရား အား​နည်းနေတာတွေကလည်း စီးပွားရေးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

    “ဒီကိစ္စတွေက စစ်တပ်နဲ့ သိပ်တော့မဆိုင်ဘူးဗျ။ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အုပ်ချုပ်ရေးယန္တရား မရှိတာ​ကြောင့်လို့ ပြောလို့ရတယ်။ ဒီကဏ္ဍ​မှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲဖို့အတွက် ကျွမ်းကျင်မှုနဲ့ ငွေကြေးလည်း လုံလုံလောက်လောက် ရှိပါဘူး”

    Ref: CNA