News @ M-Media

Blog

  • စာပေလောကမှ မွတ်စလင် စာရေးဆရာများအား လူမျိုးရေး ပုတ်ခတ် လှုံဆော်မှုများ ပြုလုပ်လာ

    မေလ-၁၃၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    “နာမည်ရလာတဲ့ စာပေလောကမှ မွတ်စလင် စာရေးဆရာများအား လူမျိုးရေး ပုတ်ခတ် လှုံဆော်မှုများ ပြုလုပ်လာ”  (ဧရာဝတီတိုင်းဒေသကြီး သတင်းစာ ဆရာအသင်း အမှုဆောင်  ကဗျာဆရာ ထက်ဝေး နှင့်အင်တာဗျူး)

    Htet Way
    အင်တာနက် စာမျက်နှာများတွင် ဘာသာရေး ပဋိပက္ခအသွင်ဆောင်တဲ့ စာတွေ၊ အကြမ်းဖက်မူကို လှုံ့ဆော် တဲ့စာတွေ အများအပြားပေါ်ထွက်လာနေပါတယ်။ ယခု ဆိုရင် အင်တာနက် စာမျက်နှာတွေမှာပါ နာမည်ရလာတဲ့ စာပေလောကက မြန်မာမွတ်စလင်  စာရေးဆရာတွေကိုပါ ပုတ်ခတ်ပြီး ကုလားလို့ သုံနှုန်းတိုက်ခိုက်တာတွေကို တွေ့လာရပါတယ်။ ယခုချိန်မှာ ခေတ်စားနေတဲ့ ဘာသာရေး အကြမ်းဖက်မူတွေကို ခုတုံးလုပ်ပြီး မသမာသူများမှ ကုလားဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်သုံးပြီး စာပေသမားများကို တိုက်ခိုက်တာ၊ အင်တာနက် စာမျက်နှာများတွင် ရေးသား တိုက်ခိုက် နေမူတွေနှင့် ပတ်သက်၍ လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်းအစုံတွင် စာရေးနေသော ဧရာဝတီတိုင်းဒေသကြီး သတင်းစာ ဆရာအသင်း အမှုဆောင်  ကဗျာဆရာ ထက်ဝေးအား M-Media မှတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

    M-Media – အင်တာနက် စာမျက်နှာတွေမှာ ဆရာကို ‘ကုလား’လို့ သုံးနှုန်းပြီး တိုက်ခိုက်တာကို ဆရာအနေ့နဲ့ သိရှိတာများရှိပါသလား။ နည်းနည်းလောက် ပြောပြပေးပါဆရာ။

    ဖြေ – (Mandalay Gazette Myanmar)မှာ ရေးသားထားတာကို ဖတ်ရပါတယ်။  ဒါကလည်း လူတချို့က မလိုလို့ စွပ်စွဲ ရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော် အိမ်မဲမြို့နယ် မဂ္ဂဇင်းလုပ်တဲ့ အခါမှာ တစ်ကြိမ်တစ်ခါမှ မထွက်ဖူးတဲ့ မြို့နယ် မဂ္ဂဇင်း ဖြစ်တဲ့အတွက် စာပေစိတ်ဓာတ်နဲ့ စာပေလုပ်ရှားမှုလည်း ဖြစ်အောင်၊ မြို့နယ်မှာလည်း မှတ်တမ်းလေးတစ်ခု ဖြစ်အောင် စိတ်ကူးခဲ့ပါတယ်။ နောက်မြို့နယ်က စာပေစိတ်ဝင်စားတဲ့ လူတွေလည်း ကလောင်သွေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါကို ကုလားမဂ္ဂဇင်းလို့ ခေါင်းစဉ်တပ်ပြီး ရေးတာပါ။ ကျွန်တော်တို့ မဂ္ဂဇင်းကို မြို့နယ်က ကော်မတီ သေချာဖွဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှုးက တာဝန်ပေးအပ်တာပါ၊ ဒီတာဝန်ကို စာရေးဆရာ အသင်းကို ထမ်းဆောင်စေချင်ခဲ့တာပါ ဒါပေမယ့် စာရေးဆရာ အသင်းကရော၊ မြို့နယ် မဂ္ဂဇင်းကရော၊ ကျွန်တော့်ကို တာဝန်ပေးပါတယ်၊ စာရေးဆရာ အသင်းထဲမှာ ကျွန်တော်ပါခဲ့ပါတယ်၊ ဒီတာဝန်ကို ထမ်းဆောင်ရင် ကိုယ့်အလုပ်တွေ အများကြီး ပျက်မယ်ဆိုလည်း သိပါတယ်။ ဒါပေမယ့် တာဝန်ယူမယ့်သူ မရှိတဲ့အတွက် ကျွန်တော်ပဲ ယူလိုက်တာပါ။ ဒါကို အုပ်ချုပ်ရေးမှုး နားကပ်နေတဲ့ လူ၊ ကုလားမဂ္ဂဇင်း စသဖြင့် စွပ်စွဲပြောဆိုနေကြတာကို ဖတ်ရပါတယ်။ နောက်တစ်ခုက မြို့ပေါ်ကလူအားလုံး လက်ခံသော်လည်းပဲ နှစ်ဦး၊သုံးဦးရဲ့ သဘောထားနဲ့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ အင်တာနက်မှာ ရေးသားနေကြတာပါ။

    ဒါပေမယ့် ခုချိန်မှာ အင်တာနက် စာမျက်နှာတွေမှာ ထိုးနှက်ပြီးရေးသားတာတွေဟာ တစ်မြို့လုံးရဲ့သဘောထား မဟုတ်ဘဲ၊ လူတစ်ဦး နှစ်ဦးရဲ့ သဘောထား ဆိုတာကိုလည်း ကွဲကွဲပြားပြား သိပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာလည်း ခန့်မှန်းလို့ရပါတယ်၊ အခု ခေတ်စားနေတဲ့ ဘာသာရေး အကြမ်းဖက်မူတွေမှာ ကုလားဆိုတဲ့ အသုံးအနှုန်းကို သုံးပြီးတော့ ပြောဆိုရေးသားနေတာကို Mandalay Gazette Myanmar ၀က်ဆိုက်ဒ်မှာ ကိုယ့်ကို ခင်မင်တဲ့ ကိုလေးစားတဲ့ သူတွေရဲ့ လေးစား ခင်မင်မူပျက်အောင် တမင်ရည်ရွယ်ပြီး ထိုးနှက်နေတာဖြစ်တယ်။ အိမ်မဲမှာ စာရေးဆရာ တစ်ယောက်ရှိတယ်၊ အဲဒီလူက ကုလားကြီးကွာ မင်းတို့ လက်မခံကြနဲ့ လို့စည်းရုံးရေး သဘောဆောင်သလို၊ နောက်တစ်ခုက သူ့ စာဖတ်ပရိသတ်၊ သူ့နဲ့ခင်မင်သူတွေက သူ့ကို မုန်းသွားအောင်၊ ဒီလူရဲ့ စာပေအနုပညာကို လက်မခံတော့အောင်ဆိုတဲ့ အဆိုးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက သူ့ရဲ့စာမကောင်းဘူးဆိုရင် စာပေ ဝေဖန်ရေး သဘောမျိုး ရေးစေချင်ပါတယ်။ သတင်းစာ ဆရာတစ်ယောက် အနေနဲ့ ဆိုရင်လည်း ဒီလူဟာ သတင်းစာသမားတစ်ယောက်အနေနဲ့ ရပ်တည်တာ အဂတိ လိုက်စားတယ်၊ ကျင့်ဝတ်ချိုးဖောက်တယ် စသဖြင့် တိတိပပ ဂျာနယ်တွေမှာ တရားဝင် ရေးစေချင်ပါတယ်။ အခုဟာက ဘယ်သူက ရေးမှန်းမသိ၊ ဘာအကြောင်းဆိုတာလည်း အကြောင်းအရာ ခိုင်ခိုင်လုံလုံ မရှိ၊ သူပြောချင်တာက ကဗျာဆရာ ထက်ဝေးက ကုလားဖြစ်နေတယ် ဆိုတာကိုပဲ သူပြောချင်နေတာကို တွေ့ရပါတယ်။

    ဟို တလောကလည်း လူထုအော်သံမှာ သတင်းစာဆရာကြီး ဆိုပြီးတော့ အမျိုးမျိုး ရေးသားတာ တွေ့ရတယ်၊ အဲဒါကတော့ ရေးသားသူရဲ့ ဆန္ဒနဲ့ မညီညွှတ်တဲ့ အခါ ဒီလိုရေးသားတာပါပဲ၊ ဥပမာ လူတစ်ယောက်က သူဖြစ်ချင်တဲ့ ဆန္ဒကို သတင်းစာထဲ ထည့်ပေးပါ၊ ဂျာနယ်ထဲ ထည့်ပေးပါလို့ လာပြောတယ်၊ ဒါပေမယ့် သူဖြစ်စေချင်တဲ့ ဆန္ဒက အများလက်ခံနိုင်တဲ့ အကြောင်းအရာ မဟုတ်ဘူး၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီဘူး၊ ဒါကို မလုပ်ပေးတဲ့ အပေါ်မှာ အပြစ်တင်ပြီးတော့ ရေးသားတယ်၊ လူမျိုး ဘာသာကို ထိခိုက်ပြီးတော့ ဒီလူ အညွန့်တုံးပါစေ၊ ဒီလူ့ကို လူတွေ အခင်အမင် ပျက်ပါစေ ဆိုတဲ့ မကောင်းတဲ့ စိတ်စေတနာနဲ့ ရေးသားဖော်ပြနေတာကို တွေ့ပါတယ်၊ သို့သော် သည်းခံပါတယ်၊ ဥပက္ခာပြုထားပါတယ်၊ ကျွန်တော်ရဲ့ အနုပညာ ပန်းတိုင်ကို ရောက်အောင်ပဲသွားနေပါတယ်၊ ကိုယ်စိတ်ဝင်စားရာ၊ ကိုယ်ဝါသနာပါရာ၊ ကိုယ်ပျော်မွေ့ရာဖြစ်တဲ့ စာပေအနုပညာကို ဆက်လက်ရေးသားနေမှာ ဖြစ်ပါတယ်၊ နောက်ကျွန်တော်က အိမ်မဲမြို့ပေါ်မှာလည်းပဲ ဘာသာရေး အသင်းအဖွဲ့ရှိတယ်၊ တကယ့် မြန်မာလူမျိုးကို ချစ်တဲ့၊ မြန်မာဝတ်စားဆင်ယင်မူကို မြတ်နိုးတဲ့ မြန်မာဆန်ဆန်နေတဲ့ မြန်မာမွတ်စလင် လူငယ်များ ဘာသာရေး အဖွဲ့မှာလည်း ကျွန်တော် ဥက္ကဌ တာဝန် ယူထားပါတယ်။

    M-Media – ဆရာက မြန်မာစာ ကျူရှင်ဆရာ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါ။

    ဖြေ – ဆရာက တက္ကသိုလ်ဝင်တန်း (၁၀တန်း) ကို ၁၃-နှစ်တိတိ မြန်မာစာ ကျူရှင်သင်ခဲ့ပါတယ်၊ ဆရာမကြီး လူထုဒေါ်အမာက ဆရာမောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်) ကိုပြောသလို “ကိုးကွယ်ရာ ဘာသာသာ ခြားနားတာ၊ လူမျိုးအနေနဲ့ ခြားနားတာမဟုတ်” ဆိုတဲ့ ခံယူချက်အတိုင်း မြန်မာစာကို ချစ်ပြီး ကျူရှင်ဆရာ အဖြစ် ၁၃-နှစ် လုပ်ခဲ့တယ်၊ မြန်မာစာသင်ရင် ကျောင်းသားအင်အားနည်းမယ်၊ ဆင်းရဲမယ် ဆိုတာ သိတယ်၊ သို့သော်ကျွန်တော်က ကဗျာ၊ စာပေတွေကို ၀ါသနာပါတဲ့သူ ဖြစ်တယ်၊ မြန်မာစာကို ချစ်တဲ့ အတွက် မြန်မာစာ ကျူရှင်ဆရာ လုပ်ခဲ့ပါတယ်၊ ဒီလို မြန်မာစာပေကို ချစ်မြတ်နိုးပြီး စာပေလှုပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်၊ စာပေဟောပြောပွဲတွေ အိမ်မဲမှာ လုပ်ခဲ့တယ်၊ အခု မြို့နယ် မဂ္ဂဇင်းမှာလည်း အပင်ပန်းခံပြီးတော့ စာမူတွေ စုတယ်၊ အပင်ပန်းခံပြီးတော့ ကျွန်တော်တို့ အိမ်မဲမြို့မှာ ထွက်ရှိခဲ့တဲ့ မဂ္ဂဇင်းကို မဂ္ဂဇင်းကောင်းတစ်အုပ် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

    M-Media – ဆရာ စာပေတွေ ရေးသားဖြစ်တဲ့ အကြောင်းလေးနဲ့ စာရေးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦး။

    ဖြေ  –  ကျွန်တော် စာပေရေးသားရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထု အားလုံးအတွက်ပါ၊ ကလောင်နာမည် ထက်ဝေးနဲ့ ရသစာပေတွေရေးတယ်၊ ကဗျာတွေရေးတယ်၊ ၀တ္ထုတွေ ရေးတယ်၊ ဆောင်းပါးတွေ ရေးတယ်၊ မန္တလေးအလင်း သတင်းဂျာနယ်မှာလည်း ညီမလေးဖတ်ဖို့ ဆိုတဲ့ ဆောင်းပါးကို ပင်တိုင်ရေးခဲ့ပါတယ်၊ ဂျာနယ်တော်တော်များများမှာလည်း ရေးပါတယ်၊ နယ်မှာနေတာ ဖြစ်တဲ့ အတွက် လောလောဆယ်တော့ ပုံမှန်တော့ မပါဘူး။ သို့သော်လည်းပဲ တော်တော်များများ စုံအောင် ရေးပါတယ်။

    M-Media –  ဟုတ်ကဲ့ပါဆရာ။ ဆရာ့အနေနဲ့ M-Media ကတဆင့် စာဖတ်သူတွေကို ဘာများ ဖြည့်စွက်ပြောပြချင်ပါသေးသလဲ။

    ဖြေ – ကျွန်တော် စာပေရေးသားရတဲ့ ရည်ရွယ်ချက် ကတော့ ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ အကြောင်းအရာ ခံစားချက်လေးတွေကို ဖော်ကျူးသလို သုတပိုင်းဆိုင်ရာမှာ အများသူဌာတွေမှာ အလင်းရစေချင်လို့၊ သိစေချင်လို့ သဘောနဲ့ ရေးသာပါ။ သုတ၊ ရသ အစုံ ရေးတာက ပြည်သူတွေ အကျိုးအတွက်ပါပဲ၊ ဘာသာလူမျိုး မခွဲခြားဘူး၊ အားလုံးအတွက်ပါ၊ ကိုယ်သိတာလေးတွေ၊ ကိုယ်တတ်တာလေးတွေကို တင်ပြပေးတယ်၊ တစ်ထောင့်တစ်နေရာကနေ အစက်ပြောက်လေး တစ်ခုပဲ ဖြစ်ပါစေ စာပေအပေါ်မှာ တာဝန်ကျေအောင် ထမ်းရွက်တာပါ။ သတင်းနဲ့ ပတ်သက်လို့လည်း ကလောင်ခွဲတွေနဲ့ ရေးပါတယ်၊ ကြေးမုံ သတင်းစာမှာ ဇော်ထက်(အိမ်မဲ) အမည်နဲ့ သတင်းတွေ ရေးတာဟာ ပြည်သူတွေ အတွက်ပါပဲ၊ ပြည်သူတွေ သိအောင်၊ ပြည်သူတွေ မြင်အောင် သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ကြီးကြီးနဲ့ သတင်းစာကျင့်ဝတ်နဲ့ ညီအောင် ကြိုးစား ရေးပါတယ်၊ ဂျာနယ်တွေမှာလည်း ရေးပါတယ်၊ ကျွန်တော်ရေးတဲ့ သတင်းတွေဟာ ပြည်သူတွေ အမှန်တကယ် သိသင့် သိထိုက်တဲ့၊ သိဖို့လိုအပ်တဲ့ သတင်းတွေကို ရေးပေးပါတယ်။

    M-Media –  ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့ရဲ့ ရှိတဲ့အချိန်ထဲကနေ အခုလို မအားမလပ်ကြားထဲက ဖြေကြားပေးတာအတွက်ကို ပိုပြီးကျေးဇူးတင်ပါတယ်။
    ဖြေ –  အခုလို မေးမြန်းပေးတဲ့ အတွက် ကျွန်တော်ကလည်း M-Media ကို ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား။

    * ဆရာထက်ဝေး ရန်ကုန်ကိုရောက်ရှိပြီး အိမ်မဲသို့ ပြန်ခါနီးအခိုက်အတန့် ရသလောက်အချိန်အတိုင်းအတာအတွင်းမှာ မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ မအားတဲ့ကြားကနေ စိတ်ရှည်ရှည်ဖြေကြားပေးတဲ့ ဆရာထက်ဝေးကို M-Media မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

  • မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    မေ-၁၇ ၊၂၀၁၃
    M-Media

    holy_mosque

    မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများ အတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    တက္ကသိုလ်မှ တရားဓမ္မ ဘာသာပြန်ဆိုချက်များအား ကြပ်မတ်မည်ဖြစ်ကြောင်းနှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး Sheikh Abdul Rahman Al-Sudais နှင့် IMIU ၏ ပါမောက္ခချုပ် Suleiman bin Abdullah Aba Al-Khail တို့ စာချုပ်အား သဘောတူချုပ်ဆိုခဲ့ကြပြီး၊ IMIU ရှိ ဘာသာရပ် နှင့် ဘာသာပြန်ဆိုမှု ဌာန (Dean of Languages and Translation) မှ ယခုလက်ရှိအချိန်အထိ ဘာသာရေးဟောကြားချက် ၇၆ ခု၊ စုစုပေါင်း စာမျက်နှာ ၁,၀၂၇ ရွက်အား ဘာသာပြန်ပြီးကြောင်းသိရသည်။

    အလ်ဆောလ်ဒ်စ် (Al-Sudais) မှ ဆော်ဒီနိုင်ငံခေါင်းဆောင်များနှင့် တက္ကသိုလ်အား အစ္စလာမ် သာသနာ့ အဆုံးအမများအား ကမ္ဘာတဝှမ်း ပြန့်ပွားစေမည့် စီမံချက်အား အထောက်ကူပေးခဲ့သဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော် မုဟမ္မဒ် ဗလီဝတ်ကျောင်းတော်တို့ကို ကမ္ဘာ့အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များအဖြစ် အစ္စလာမ်ဘာသာဝင်တို့က သတ်မှတ်ယုံကြည်ထားကြသည်။

  • လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)

    လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)

    မေ-၁၈၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကူးအပြောင်းကာလကို တစ်နှစ်ခွဲကျော်အထိ သိသိသာသာ ဖြတ်သန်းလာခဲ့ပြီးဖြစ်၏။ သို့တစေ နိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများအား ဆန့်ကျင်တိုက်ခိုက်နေမှု ကျယ်ပြန့်လာနေခြင်းအပေါ် ထိရောက်သောတုန့်ပြန်ဆောင်ရွက်မှု မရှိသေး။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ အနက် အကြဉ်ခံရသော ရိုဟင်ဂျာ လူမျိုးများ အပါအ၀င် မွတ်စ်လင်မ်တို့မှာ ပမာဏအားဖြင့် ၅ % သာ ရှိနေ၏။ အန္တရာယ်ကြီးလှသည့် ထိုပြဿနာနှင့် စပ်လျဉ်း၍ လက်ရှိအစိုးရမှ ကြပ်မတ် အရေးယူနိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။

    မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံပါ လက်မခံနိုင်ဘဲ နိုင်ငံမဲ့လူနည်းစုဖြစ်နေရသည့် ရိုဟင်ဂျာများနှင့် ရောထွေးဖော်ပြခံနေရသည်။ ရိုဟင်ဂျာတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများဟု မြန်မာအစိုးရက စွပ်စွဲထားသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူဦးရေ သန်း ၁၀၀ ခန့်ရှိနေသော မိမိတို့နိုင်ငံအတွင်း၌ ထိုသူများကို မိမိတို့၏လူနည်းစုဝင်အုပ်စုတစ်ခုအဖြစ် အခြေချစေရန် လက်ခံပေးဖွယ် (တစ်နည်း) နေရာပေးနိုင်ဖွယ် မရှိဟု ဆို၍ပယ်ချထားသည်။ ယင်းအခြေအနေက ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ဖယ်ကြဉ်မှုကိုခံကြရပြီး ဗုဒ္ဓဘာသာဝင်တို့ ဖန်တီးသော ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံခဲ့ရ၏။

    မကြာသေးမီက BBC ၏ သတင်းမှတ်တမ်း၌ ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်သူများ၊ သံဃာများမှ ရခိုင်နှင့်မိတ္ထီလာရှိ လူမျိုးစုံ မွတ်စ်လင်မ်တို့အား တိုက်ခိုက်နေသည်ကို ဥပဒေဘက်တော်သားများက ဘာဆိုဘာမှမလုပ်ဘဲ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက်မှုများမှာ ရှေ့ဆက်လျော့ပါးဦးမည် မဟုတ်ချေ။

    EU နှင့် နိုင်ငံအများအပြားမှ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရာတွင် မြန်မာနိုင်ငံသည် ဤအနေအထားကို မည်မျှအထိ တိတိကျကျကိုင်တွယ်မည်ကို သတိပြုရန် အရေးကြီး၏။ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဤအရေးကိုရည်ညွှန်းလျက် လူများစုဗုဒ္ဓဘာသာဝင်အကြား ရိုဟင်ဂျာများအပေါ် သဟဇာတ ဖြစ်အောင် ဆက်ဆံသင့်သည်၊ စည်းလုံးညီညွတ်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်ဟု  ပြေလည်ရေးလမ်းကြောင်းဖြင့် ချဉ်းကပ်သော်ငြား – မွတ်စ်လင်မ်တို့သည် အကြမ်းဖက်မှုများ၏ အရင်းအမြစ်ဟု ဆင်ခြေပြု၍ ၄င်းတို့အား ဖယ်ရှားရန် လှုံ့ဆော်နေသော အစွန်းရောက် ဗုဒ္ဓဘုန်းတော်ကြီး ဦးဝီရသူကြောင့် လူ့ဘောင် ညီညွတ်ရေးအတွက် ပိုမိုခက်ခဲနေရပေသည်။

    မည်သည့်အစိုးရထံ၌မဆို အဓိကတာဝန်မှာ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်  ဖြစ်သည်။ မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းမှ ပျက်ကွက်သော် လူ့ဘောင် အစိပ်စိပ် အမြွာမြွာပြိုကွဲမှု၊ အကြမ်းဖက်သောင်းကျန်းမှု၊ နားလည်မှုပျက်ပြားခြင်းများ တိုးပွားစေရန်အတွက် လမ်းဖွင့်ပေးနေခြင်းသာဖြစ်သည်။ တစ်စုံတစ်ရာ တင်းမာမှုဖြစ်လေတိုင်း အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာလေ့ရှိသည်သာမက တစ်ဖက်စောင်းနင်း သတင်းကိုသာ ကြားနေရပေ၏။ ၅ % မျှသာရှိသော မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များ အပါအ၀င် အခြားဒေသရှိလူနည်းစု မွတ်စ်လင်မ်များမှာ ယင်းသို့ပင် ကြုံတွေ့နေကြရ၏။

    မြန်မာနိုင်ငံသည် ရှေ့လျှောက်ရင်ဆိုင်ရမည့် စိန်ခေါ်ချက် အများအပြား ရှိနေသေး၏။ ဤအကြမ်းဖက်မှုကိစ္စကို အဆုံးသတ်စေပြီး လူနည်းစုနှင့်လူမျိုးစုအသီးသီးအား စုစည်း ညီညွတ်စေမှသာ ယနေ့တိုင်အောင် သြဇာလွှမ်းမိုးနေသော စစ်အုပ်ချုပ်ရေးမှ ဖောက်ထွက်နိုင်မည်၊ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်း ချောမွေ့လာနိုင်ပါလိမ့်မည်။ လူနည်းစုများ အပေါ် ပြဿနာရှာခြင်းဖြင့် အဖြေမထွက်နိုင်ပါ။ ကာလအကန့်အသတ် တစ်ခုအတွင်း ၄င်းတို့၏အကျိုးစီးပွားနှင့်တစ်ကွ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိနေပေပြီ။

    Shehab Chowdhury ၏ If Myanmar Wants a Democracy, It Must Integrate Its Muslim Minority  ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

  • မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မေလ-၁၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မိတ္ထီလာ ။        ။  အကြမ်းဖက်ခံရမှု ၂-လပြည့်ကာလတွင် မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သတင်းများ ပေါ်ထွက်နေကြောင်းသိရသည်။

    မတ်လနှောင်းပိုင်းမှာ စတင်အကြမ်းဖက်ခံခဲ့ရတဲ့ မိတ္ထီလာမြို့ဟာ အခုဆိုရင် ၂-လ တာကာလပြည့်မြောက်တော့မှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ဒုက္ခသည် တော်တော်များများဟာ မိမိနေအိမ်များသို့ ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ ပေါ်ပေါ်ထင်ထင် အုပ်စုလိုက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို ယခုအချိန်ထိ ဖော်ထုတ်ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဘုန်းကြီးတစ်ပါး သေဆုံးခဲ့မှုကြောင့် သံသယရှိသူများအဖြစ် မွတ်စလင်မ် ၇-ယောက်ကို ဖမ်းဆီးတရားစွဲဆို ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ၁၆-နှစ်အောက် ကလေးတစ်ဦးကိုတော့ ကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ၆-ဦးအား သံသယရှိသူများအနေဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသူတို့မှာ ဘုန်းကြီးသေဆုံးမှုတွင် ပါဝင်ပတ်သက်နေသူများမဟုတ်ပဲ သံသယရှိသူအနေနှင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းသာဖြစ်ပါတယ်။

    ဘုန်းကြီးသေမှုနှင့်ပတ်သက်ပြီး တရားခံအဖြစ် ၀န်ခံလာစေရန် ဖိအားပေးမှုများလည်းရှိခဲ့ကြောင်း သိရပါတယ်။ ယခုအခါ လာမယ့် မေလ ၂၁-ရက်နေ့မှာ အဆိုပါ ၆-ဦးအား တရားရုံးတော်မှ အမိန့်ချမှာဖြစ်ပါတယ်။ ယင်းအမိန့်ချမည့်ရက် နီးကပ်လာသည့်အချိန်တွင် မိတ္ထီလာမြို့ပေါ်၌ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ ယင်း ၆-ဦးအား တရားရုံးတော်မှ သေဒဏ်မချမှတ်ပါက မိတ္ထီလာမြို့ပေါ်ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု မိတ္ထီလာမြို့ရှိ အကြမ်းဖက်သမားများက ခြိမ်းခြောက်နေကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    အဆိုပါ ခြိမ်းခြောက်မှုကြောင့် မိတ္ထီလာရှိ အချို့သော မွတ်စလင်မ်များဟာ မိတ္ထီလာမြို့ကို စွန့်ခွာထွက်သွားကြပြီး၊ တချို့သော မွတ်စလင်မ်များကတော့ ပထမအကြိမ်ကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံပြုလုပ်ခံရမည်ကို လွန်စွာစိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှု ထပ်မံမဖြစ်ပွားစေရန်အတွက် တာဝန်ရှိသူများအနေနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးပါရန်လည်း မိတ္ထီလာမြို့ခံက M-Media ကို ပြောပြလာပါတယ်။

  • ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့

    မေ-၁၈၊၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်

    smt01 (19)

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)ကို ၂၀၁၃ခုနှစ် မေလ(၇)ရက်နေ့နှင့်(၈)ရက်နေ့တို့တွင် တောင်ကြီးမြို့၊ သီတာအေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါတယ်။

    ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သော တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)သို့ တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ်နှင့် ဘာသာရေးခေါင်းဆောင်များ၊ ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လူကြီးမင်းများနှင့် အခြား ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

    အခမ်းအနားတွင် တောင်ကြီးမြို့၊ အေးစေတီကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေး တရားကိုဟောကြားပြီး “ဘာသာတစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင် ကိုယ်ကျင့် တရားကောင်းမွန်ဖို့နဲ့  သည်းခံတတ်ဖို့ လိုအပ်ကြောင်း” သြ၀ါဒ မိန့်ကြား ချီးမြှင့်ခဲ့ပါတယ်။

    ထို့နောက်ဆွေးနွေးပွဲကို တက်ရောက်လာသော ဘာသာရေးခေါင်းဆောင် အသီးသီးမှ ဟိန္ဒူဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းရေးတရားနှင့် ခရစ်ယာန်ဘာသာနှင့် ငြိမ်းချမ်းရေးတရားများကို ဟောပြောခဲ့ကြပါတယ်။

    ထို့နောက် အခမ်းအနားအစီစဉ်အရ  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် တက်ရောက်လာသော သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည် တင်ပြခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်မှုကြောင့် နိုင်ငံနှင့်ပြည်သူများ အပေါ် မည်သို့သော ထိခိုက်နစ်နာမှုများရှိသည်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဘာသာပေါင်းစုံ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ နာယက သံဃာတော် ဆရာတော်များမှ ဦးဆောင်၍ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ ထို့အပြင် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း အတွက်လည်း ဆွေးနွေးခဲ့ကျပါတယ်။

    တောင်ကြီးမြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဒေါ်နှင်းအေးကိုမှ- “လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ ဘာသာတရားနဲ့ စပ်လျဉ်းပြီး တစ်ဦးနဲ့တစ်ဦး ထားရှိတဲ့သံသယတွေ အမြင်မကြည်လင်မှုတွေကို လျော့ချပပျောက်သွားစေရန်နဲ့ ဘာသာမတူသူများအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်”ဟု ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တောင်ကြီးမြို့ရှိ မြို့ဦး အစ္စလာမ် ဗလီဝတ်ကျောင်းတော်၊ ပထမတိုင်းရင်းသားပေါင်းစုံနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း နှင့် စူဌာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကျကြောင်း၊ ယခုကဲ့သို့ ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တောင်ကြီး၊ ကလော၊ အောင်ပန်း-ဟဲဟိုးမြို့များတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အခြားမြို့ကြီးများတွင်လည်း ဆက်လက် ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

    ဓါတ်ပုံများ ကြည့်ရန်။