News @ M-Media

Blog

  • ဖလိုရီဒါ တွင် ၄ နှစ်သား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ် ကလေးသေဆုံး

    မေ-၁၆၊၂၀၁၃
    M-Media

    မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ၄ နှစ်အရွယ် ကလေးငယ်သေနတ်ဖြစ် ပစ်ခတ်မှုကြောင့်  ၁၁ နှစ်ရွယ်ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

    amin20130515172855317
    An American little girl shoots with a gun. (file photo)

    ၁၁ နှစ်အရွယ် ကလေးငယ် ဂျာဗန် ဂျက်ဆန်မ်(Jarvan Jackson) သည် အင်္ဂါနေ့က ဖလိုရီဒါပြည်နယ် ဂိန်းစ်ဗဒ်လ် (Gainesville) မြို့ တက္ကသိုလ် ဧရိယာ အတွင်းရှိ ဆေးရုံတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည် ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြခဲ့သည်။

    သေဆုံးသွားသည့် ကလေးငယ်သည် တနင်္ဂနွေနေ့က လိက်စီးတီး(Lake City) တွင်ရှိသော စီဒါ ပါ့ခ် တိုက်ခန်း (Cedar Park Apartment) တွင် မတော်တဆ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲများက ကလေးငယ်သည် အိမ်တွင် အုပ်ထိန်းသူ၏ ကြပ်မတ်ကြည့်ရှုမှု အောက်တွင် ရှိ/မရှိနှင့် ကလေးလက်ဝယ်သို့ သေနတ်ရောက်ရှိခဲ့ပုံကို စုံစမ်းစစ်ဆေးရေး စတင်နေပြီဟု သိရသည်။

    မေလ ၄ ရက်နေ့တွင်၊ အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ဆယ်ကျော်သက်အစ်ကို ၏ သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ်သည် ရင်ဘတ်သို့သေနတ်မှန်ကာ သေဆုံးခဲ့ရသည်။

    ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။

    ၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကွန်နက်တစ်ကက်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွက် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။

    အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။

    ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် ပျမ်းမျှ လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၃ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။

    အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။

    သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။

    GMA/KA

  • အနုပညာလက်ရာ တစ်ထောင်၂၀၁၃ မဒီနဟ် အစ္စလာမ့် ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်ပြသ

    မေ-၁၆၊၂၀၁၃
    M-Media

    ကျောင်းသားများရဲ့အနုပညာလက်ရာတစ်ထောင်ပါ ပြကွက်စင်၂၀၁၃ မဒီနဟ် အစ္စလာမ့်ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်

    1368611812960020500

    Taibah University ရဲ့ အနုပညာဘာသာရပ် ကျောင်းသားများက မိမိတို့လုပ်ဆောင်ထားတဲ့လက်ရာများကို အနုပညာပြပွဲတစ်ခုမှာ ခင်းကျင်းပြသခဲ့ပါတယ်။ မဒီနဟ်မြို့ကို “ ၂၀၁၃ အစ္စလာမ့်ယဉ်ကျေးမှုမြို့တော် ”အဖြစ် ဖွင့်လှစ်ထားတဲ့ နှစ်လုံးပေါက်အခမ်းအနားအတွက် တက္ကသိုလ်ရဲ့ပါဝင်ဆောင်ရွက်ချက် တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဒါရိုက်တာ  Adnan bin Abdullah Al-Mazroua က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြပွဲအတွင်း ခင်းကျင်းပြသဖို့ ပါဝင်စေခဲ့ပါတယ်။

    အဲ့ဒီမှာ ကျောင်းသားတွေရဲ့ အနုပညာလက်ရာ တစ်ထောင်တိတိ ပါဝင်ပြီး မဒီနဟ်မြို့ရဲ့ထူးခြားထင်ရှားမှုကို ဇောင်းပေးဖော်ကျူးထားချက်တွေဖြစ်ပါတယ်။

    ကျောင်းသူကျောင်းသားတွေရဲ့ အနုပညာဖန်တီးချက်များဟာ မဒီနဟ်ကိုဂုဏ်တက်စေရေးအတွက် ရည်ရွယ်တာလို့ သွိုင်ဗာဟ်တက္ကသိုလ် အနုပညာဌာနမှူး Waleed Al-Qeen က ဆော်ဒီသတင်းဌာနကို ပြောကြားပါတယ်။ ကုဗာဟ်ဗလီအနီး ယဉ်ကျေးမှုပြခန်းထဲမှာ ဒီလက်ရာတွေအားလုံးကို ထည့်သွင်းပြသထားမှာဖြစ်ပြီး၊ ဒီပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ ရှိုးကေ့စ် ပြကွက်စင် ဟာ မီတာ ၁၅၀၀ ခန့်အထိ နေရာယူရမှာဖြစ်တယ်။ အဲ့ဒီပြသမှုကို လာမယ့်တနင်္လာနေ့အထိ ခင်းကျင်းသွားမှာဖြစ်ပြီး ယနေ့မှာ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးထားမယ်လို့ သူက ဆိုပါတယ်။

  • ဘေးကင်းရာရွှေ့ ပြောင်းပေးခြင်း မရှိက မြန်မာအာဏာပိုင်များ၏ တာဝန်ဖြစ်ကြောင်း HRW မှပြောကြား

    မေ-၁၆-၂၀၁၃
    M-Media

    253284_10151430505894067_1886853046_n

    ကမ်းခြေအနိမ့်ပိုင်းရှိ စခန်းများ၌ ယမန်နှစ်ကတည်းက ရှိနေကြသော ရခိုင်ပြည်နယ်မှ ဒုက္ခသည်ထောင်ပေါင်းများစွာတို့မှာ လုံခြုံဘေးကင်းသည့်နေရာသို့ ရွှေ့ပြောင်းခံရခြင်းအစား မုန်တိုင်းကို ရင်ဆိုင်စေသည့်အဖြစ်မျိုး ကြုံနေရသည်။

    ကျရောက်လာတော့မည့် မုန်တိုင်းအန္တရာယ်မှကင်းဝေးအောင် ရွှေ့ပြောင်းပေးမည့် မြန်မာအာဏာပိုင်များ၏ အဆိုကို မြောက်များစွာသော ရိုဟင်ဂျာတို့က အယုံအကြည် မရှိသဖြင့် လက်ရှိစခန်းများမှာ ရွှေ့ပြောင်းထွက်ခွာရန် ငြင်းဆိုကြသည်။ လက်ရှိနေရာနှင့်အခြေအနေသည် ၄င်းတို့ရွှေ့ပြောင်းခိုင်းသည့်နေရာများထက် ပိုမိုလုံခြုံနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

    “ ကျွန်တော်တို့ဟာ ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဒီစခန်းထဲရောက်အောင် သူတို့ဘဲ အတင်းအဓမ္မပို့ခဲ့တာဘဲ။ အခုကျတော့ မုန်တိုင်းရှိတယ်ဆိုပြီး ရွှေ့ခိုင်းနေပြန်ပြီ။ (လုံခြုံတဲ့နေရာ စီစဉ်ပေးထားတာမျိုး မဟုတ်လို့) ကျွန်တော်တို့ ငြင်းဆန်နေရခြင်းဖြစ်တယ်။ တကယ်လို့ သူတို့က သေနတ်နဲ့ချိန်ပြီး ခိုင်းလာပြီဆိုယင်တော့ ရွှေ့ရတော့မှာပေါ့ဗျာ ” ဟု အမျိုးသားကြီးတစ်ခုမှ ဆိုပါသည်။

    သမ္မတရုံးဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မုန်တိုင်းကယ်ဆယ်ရေး ပြင်ဆင်ထားပုံများကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို အာမခံချက်ပေးပါတယ်။

    “သူတို့ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိပါတယ်။ လုံခြုံမှု ရှိရဲ့လား။ နံပါတ်နှစ်အချက်က ဒီနေရာကို ပြန်ပြီးတော့ ပြန်မှရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး အာမခံထားတဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံးဝ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေး မှာ ဖြစ်ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။”
    ယင်းကမ်းခြေဒေသများထံ မဟာဆင်း မုန်တိုင်းသည် ၁၆.၅.၂၀၁၃ တွင် စတင်ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယသမုဒ္ဒရာမှဖြတ်ကျော်ဝင်ရောက်လာမည့် မဟာဆင်းဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများမှ လူပေါင်း ၈.၂ သန်းကျော်အတွက် အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။

    ယမန်နေ့မုန်တိုင်းအရှိန်ကြောင့် သီရိလင်္ကာတွင် မိုးကြီးရေလျှံပြီး လူ ၈ ဦးသေဆုံးခဲ့သည်။ ၄င်းနောက် မုန်တိုင်းမှာ အဆင့် ၁ အရေးပေါ်အနေအထားသို့ စတင်ပြောင်းလဲလာနေပြီဖြစ်သည်။

    မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအဖို့ ပို၍စိုးရိမ်စရာအခြေအနေ၌ ရောက်နေသည်။

    ရခိုင်ပြည်နယ်တွင်းရှိ လူပေါင်း ၃၈၀၀၀ အတွက် ပြန်လည်နေရာချထားရေးကို စီစဉ်ထားပြီးဖြစ်ကြောင်း မြန်မာအစိုးရမှ ပြောဆိုသော်လည်း မည်ရွေ့မည်မျှအထိ နေရာချထားပြီးခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရသေးဟု ကုလသမဂ္ဂမှ ဆိုသည်။

    ယင်းသို့ပြန်လည်နေရာချထားရေးကိစ္စမှာ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတို့၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်၌ ပိုမိုရှုပ်ထွေးခဲ့ရသည်။

    “ တကယ်လို့ အစိုးရအနေနဲ့ ဒီလူတွေကို (အမှန်တကယ် ဘေးကင်းလုံခြုံတဲ့ နေရာဖက်) ရွှေ့ပြောင်းနေရာချထား မပေးဘူးဆိုယင် ဖြစ်လာတဲ့ဒုက္ခ အကျိုးဆက်မှန်သမျှဟာ သဘာဝအန္တရာယ်ကြောင့် မဟုတ်ဘူး။ သူတို့(အစိုးရ)ကိုယ်တိုင် ဖန်တီးလိုက်တဲ့ ကိစ္စသာဖြစ်ပါတယ် ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့မှ Brad Adams က ပြောဆိုလိုက်ပါသည်။

    Ref: South China Morning  & VOA- May 16, 2013
    (  သစ္စာချို  )

  • ဘာသာပေါင်းစုံ အရပ်ဘက်အဖွဲ့များ၏ သောက်သုံးရေ အလှူ

    မေလ ၁၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    သောက်သုံးရေပြတ်လတ်နေသည့်  ဒေသများသို့ ဘာသာပေါင်းစုံ အရပ်ဖက်အဖွဲ့အစည်းများ သွားရောက်လှူဒါန်း

    P8120075

    ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ၊ ခရမ်းမြို့နှင့် ၁၀မိုင်ခန့်အကွာတွင် တည်ရှိသော သောက်သုံးရေ ပြတ်လက်လျက် ရှိနေသာ ရေကျော်ရွာသို့ သွေးမေတ္တာကွန်ယက်၊ လူမူကူညီရေး (ရန်ကုန်)၊ ကုရ်အာန်အသိပညာ ပြန့်ပွားရေး အဖွဲ့ အစ္စလာမ်ဝတ်ကျောင်းတော်၊ ဘဟာအီသာသနာ နေရှင်နယ်အဖွဲ့ချုပ်( မြန်မာပြည်) တို့မှ မေလ ၁၅ရက်နေ့ နံနက် ၁၂နာရီက ရေသန့်ဗုးပေါင်း (၈၀၀)ကျော် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ခရမ်းမြို့နယ် ၁၀မိုင်ခန့်အကွာ ရေကျော်ရွာ အပါအ၀င် ရွာပေါင်း ၉ရွာသည် မေလ ၁ရက်နေ့မှ စတင်၍ သောက်သုံးရေ ပြတ်လက်ခဲ့ကြောင်း သိရသည်။ မေလ ၂ရက်နေ့မှစတင်၍ သောက်သုံးရေ ပြတ်လပ်ကုန်သော  စခန်းကြီး၊ ရေကျော်၊ အောင်သာယာ၊ စည်ပင်၊ ညောင်ပင်ကြီး၊ ရေကျော် ဘုန်းကြီးကျောင်း၊ ကျုံကန်၊ ကံကောင်းရွာသစ်၊ ကံကောင်း ဆင်မင်းဘိုင်၊ ညောင်ပင်ကြီးတဲစု၊ ကျွဲဒလင်၊ ပျဉ်မကန်ကျေးရွာ များသို့ နေ့စဉ် ခရမ်းမြို့ အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်လှူဒါန်းမူ၊ ကူညီမူများ ပြုလုပ်ပေးလျှက် ရှိကြောင်း သိရသည်။

    ယင်းလှုဒါန်းမူ ပြုလုပ်လျှက်ရှိသော ခရမ်းမြို့ပေါ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်မူရယူကာ သွေးမေတ္တာကွန်ယက်ပေါင်းစုံမှ အခြေအနေဆိုးဝါးလျှက်ရှိသော ရေကျော်ရွာသို့ ၂၀လီတာရှိ ရေသန့်ဗူးပေါင်း (၈၀၀)ကျော် လှူဒါန်းမူ ပြုလုပ်ခဲ့ကြသည်။

    “ ဒီရွာတွေဘက်မှာ သောက်သုံးရေ အခက်အခဲဖြစ်နေလို့ လာရောက်လှူဒါန်းတာပါ။ အခု အိမ်ခြေ (၈၀၀)လောက်ရှိတဲ့ ရေကျော်ရွာကို ၄၊၅ ရက်စာ အပြီး ချဖြစ်ဖို့များပါတယ်။ကျွန်တော်တို့ ရွာကိုရောက်ဖို့ ၃မိုင်လောက်လိုပါသေးတယ်  မနေ့ညက မိုးရွာတော့  လမ်းတွေပျက်သွားပြီ၊ ဒါကြောင့် ကျွန်တော်တို့ ထော်လာဂျီဌါးပြီး ရေသန့်ဗူးတွေ ဆက်ပို့ရမှာပါ ” ဟုသွေးမေတ္တာကွန်ယက် ဒုဥက္ကဌကိုဝေဠုကျော်မှ M-Media သို့ပြောသည်။

    P8120021
    P8120089

    ဒေသမြို့ခံ အုပ်ချုပ်ရေးမှူး “အခု သွေးမေတ္တာကွန်ယက်က လာလှူမယ်ဆိုတော့ လက်ရှိလှူနေတဲ့ အဖွဲ့က လာပြီး ကျွန်တော်တို့က ကူညီတာပါ၊ ကျွန်တော်တို့ ရွာ ၇ ရွာကို လှူပြီးပါပြီ၊ ဒီကြာကန်ရွာကနေ ၃မိုင်လောက်ဝေးပါသေးတယ်။ အဓိကက သောက်သုံးရေ ပြတ်တာပါ၊ သုံးရေကတော့ အဝေစီတွင်းလုပ်ပေးတော့ သုံးရေလောက်တော့ရပါတယ်၊ ရေလိုလို့ ကျွန်တော်တို့ စရင်းပြုထားတာက ရွာ ၉ရွာပါ။ ညက မိုးရွာတော့ ရှေ့က မြေသားလမ်း ဖြစ်နေတဲ့ အတွက် ဒီကနေ သွားဖို့လာဖို့ ခက်ခဲသွားတယ်၊ အများအကျိုးအတွက် အခုလို ၀ိုင်းကူလုပ်ပေးတဲ့ အရမ်းဝမ်းသာပါတယ်၊ ကျေးဇူးလည်း အရမ်းတင်ပါတယ်၊ ကျွန်တော်တို့ မြို့ပေါ် (၁၂)ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေက အားလုံးပေါင်းစည်းပြီးတော့ ဒေသရဲ့ လိုအပ်ချက်တွေကို ၀ိုင်းပြီး ကူညီပေးနေပါတယ်၊ ဒီသွေးမေတ္တာကွန်ယက်က ဘာသာပေါင်းစုံပေါင်းစည်းပြီး လှူတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်အတွက် ကောင်းတာပေါ့၊ ဘာသာ လူမျိုးခွဲခြားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့၊ အဓိကကတော့ လူကို လူလို့ မြင်တတ်ဖို့ပါ၊ ကျွန်တော်တို့ ဒီရွာတွေမှာ ဗုဒ္ဓဘာသာ အများစုပါ” ဟု M-Media သို့ပြောသည်။

    ကုရန်အာန်အသိပညာ ပြန့်ပွားရေး အဖွဲ့ အစ္စလာမ်ဝတ်ကျောင်းတော်မှ “ ကျွန်တော်တို့ရဲ့ မူဝါဒက ဘာသာရေးလမ်းစဉ် တစ်ခုတည်း မဟုတ်ဘဲ လူမူရေး ကွန်ယက်တွေနဲ့ ချိပ်ပြီး လူ့အဖွဲ့အစည်း သာယာဝပြောရေးအတွက် တစ်ဒေါင့် တစ်နေရာကနေပါဝင်ခြင်းဖြစ်ပါတယ်၊ တကယ်လိုအပ်နေတဲ့ လူတွေကို ဘာသာ လူမျိုးမခွဲခြားဘဲ အခုလို လှူဒါန်းခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာပီတီ ဖြစ်ရပါတယ်၊ မြန်မာမွတ်စလင်တွေအနေနဲ့လည်း ဘာသာပေါင်းစုံက လူမူရေးကွန်ယက်တွေနဲ့ ချိပ်ဆက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါတယ်၊ အဲဒီအခါ တစ်ဦးနှင့် တစ်ဦးမစိမ်းတော့ဘဲ ရင်းနှီးချစ်ခင်မူကို ရလာပါတယ် ” ဟု M-Media သို့ပြောသည်။

    More Photo

  •ဲငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကလောတွင်ပြုလုပ်

    မေ-၁၆၊၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်

    “ကလောမြို့နယ် ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲနှင့် ဘာသာပေါင်းစုံ ကူညီ စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းခြင်း”

    3

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဘာသာပေါင်းစုံစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံပွဲကို ၂၀၁၃ခုနှစ် မေလ (၁၀)ရက်နေ့နှင့်(၁၁)ရက်နေ့တို့တွင် ကလောမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

    ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သော ကလောမြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ကလောမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ် နှင့်ဘာသာရေးခေါင်းဆောင်များ၊ ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြားဧည့်သည်တော်များ၊ ငြိမ်းချမ်းစွာအတူနေထိုင်ရေးကို စိတ်အားထက်သန်သူများ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဒေါ်နှင်းအေးကိုမှ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားရေး စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

    1

    ထို့နောက် ကလောမြို့နယ်၊ ဗောဓိကုန်းဆရာတော်မှ ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေးတရားကို ဟောကြား သြ၀ါဒပေးရာတွင် “ သမဂ္ဂါနံ တပေါ သုခေါ – ဟူသည်နှင့်အညီ ညီညွတ်မှ ငြိမ်းချမ်းနိုင်ပါတယ်။ တစ်ဦးနှင့် တစ်ဦး နားမလည်နိုင်ခြင်းသည် သံသယစိတ် အမြင်မကြည်လင်မှုကို ပေါ်ပေါက်စေပါတယ်။ သံသယစိတ်သည် ညီညွတ်မှုကို ပျက်ပြားစေပြီး သွေးစည်းချစ်ခင်မှုကိုပါ လျော့ပါးစေပါတယ်။ သံသယစိတ်ကြောင့် အထင်လွဲများခြင်း၊ သဘောထားကွဲလွဲခြင်း၊ ရန်သတ္တရုပြုခြင်းစသော မကောင်းသော အပြစ်များစွာကို ဖြစ်ပေါ်စေနိုင်ပါသဖြင့် ထိုသံသယစိတ်သည် အလွန်တရာမှ ဆိုးဝါးလှပါတယ်။ သံသယများသောသူသည် ပဋိပက္ခကို လမ်းကမ်းကြိုဆိုနေသူတွေလို ဖြစ်တတ်ပါတယ်။ သံသယကင်းမှ အသိအမြင်ရှင်းပြီး နားလည်မှုအားကောင်းလာမှာဖြစ်ပါတယ်။ နားလည်နိုင်မှု ဟူသည်မှာ အရာရာကို ဝေဖန်ပိုင်းခြား ခွဲခြားစိတ်ဖြာတတ်သေ အသိဥာဏ်ပညာရှိမှုကို ဆိုလိုပါတယ်။ အသိဥာဏ်ပညာဟာ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ပြီး သံသယပျောက်မှ အမှန်ဘ၀သို့လည်း ရောက်ရပါတယ်။ သည်းခံခွင့်လွှတ်မှု နည်းပါးခြင်းသည်လည်း ပဋိပက္ခကို ဦးတည်နေပါတယ်။ သည်းခံခွင့်လွှတ်ပေးနိုင်မှုသည် ပြဿနာကို ကျေအေးစေနိုင်ပါသည်။

    ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်  “ ခန္တီ ပရမံ တပေါ တိတိက္ခာ” ဟူ၍ သည်းခံခြင်းသည် အမွန်မြတ်ဆုံး ကျင့်စဉ်နည်းဖြစ်ကြောင်း ဟောကြားခဲ့တော်မူခဲ့ပါတယ်။ လူပျော့လူညံ့များသည် သည်းခံခွင့်လွှတ်နိုင်စွမ်းရည် အားနည်းကြပြီး သည်းခံခွင့်လွှတ်ခြင်းသည် မြင့်မြတ်သော စိတ်ထားရှိကြကုန်သော လူကောင်းလူတော် လူရည်မွန် လူရည်ချွန်တို့၏ လုပ်ရပ်သာဖြစ်ပါတယ်။ ရန်ကို ရန်နှင့် တုံ့ပြန်ခြင်းဖြင့် ဘယ်သောအခါမှ မငြိမ်းအေးနိုင်ပါ။ ရန်ကိုရန်ခြင်း မတုံ့ပြန်ပဲ မေတ္တာဖြင့် တုံ့ပြန်မှသာလျှင်
    ငြိမ်းအေးနိုင်ပါကြောင်း  နားလည်မှု ဥာဏ်ပညာတရားနှင့် သည်းခံခွင့်လွှတ်နိုင်မှု ခန္တီတရားတို့သည် ပဋိပက္ခ အဓိကရုဏ်း ပြဿနာများကို မဖြစ်ပေါ်စေပဲ ငြိမ်းအေးစေပြီး အေးချမ်းမှုဆီသို့ လျှောက်လှမ်းရာ၌ အရေးကြီးဆုံးသောအကြောင်းအရာများဟု ဆိုနိုင်ပါကြောင်းဖြင့်” ငြိမ်းချမ်းရေးလမ်းစဉ်ကို မိန့်တော်မူခဲ့ပါသည်။

    ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ အမှုဆောင်အတွင်းရေးမှူး ဆရာတော်ဦးစောဂျော့ရှေမှ

    “ပြဿနာတစ်ရပ်၏ရင်းမြစ်ကို အမှန်ခွဲခြားသိရန် အရေးကြီးပြီး၊ လက်တွေ့ကျသော အဖြေကိုရှာပေးနိုင်သည့် ရှင်းလင်းသော အတွေးအခေါ်ရှိရန်လည်း လိုအပ်ကြောင်း၊ လူ့နှလုံးသားတွင် ငြိမ်းအေးခြင်းရှိမည်ဆိုပါက ဌင်းလူသား၏ ဘ၀တစ်သက်တာတွင် လှပသောအကျင့်စာရိတ္တရှိမည်။ ထိုလူ၏ အကျင့်စာရိတ္တလှပပါက သူ၏ မိသားစုအတွင်း ညီညွတ်မှုတရားရှိမည်။ မိသားစုညီညွတ်မှုရှိပါက နိုင်ငံတော်အတွင်း သင့်မြတ်ခြင်းရှိမည်။ နိုင်ငံတွင် သင့်မြတ်ခြင်းရှိပါက ကမ္ဘာလောကတစ်ခုလုံး ငြိမ်သက်အေးချမ်းခြင်းရှိမည်” ဟူ၍
    ခရစ်ယာန်ဘာသာနှင့်ငြိမ်းချမ်းရေးတရားကို တင်ပြခဲ့ပါတယ်။

    အခမ်းအနားအစီစဉ်အရ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အတွင်းရေးမှူး ဆရာဦးအောင်နိုင်မှ ဟိန္ဒူဘာသာနှင့်ငြိမ်းချမ်းရေးတရားကိုဟောကြားရာတွင်
    “ မိမိ၏သိက္ခာ၊ မိဘ၊ ဆရာနှင့် လူသားထု၏သိက္ခာကို မည်သည့်အခါမျှ မထိခိုက်မိစေရန် နှလုံးသွင်းထားရပါမယ်။ သူတစ်ပါးအား ထိခိုက်စေသော လုပ်ရပ်ကို မည်သည့်အခါမျှ မလုပ်မိစေရန် ရှောင်ကျဉ်ရပါမယ်။ ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်ဆိုင်ရာများ အကျင့်စာရိတ္တဆိုင်ရာ စည်းမျဉ်းများကို စံပြ အဓိဌာန်တစ်ရပ်အနေဖြင့်ထားပြီး၊ နေ့စဉ်ဘ၀၌ ကိုယ်ကျင့်သိက္ခာကို အကျိုးရှိရှိသုံးစွဲတတ်ရန် အထူးကြိုးစားမှုနှင့် ၀ိရိယရှိရန်လည်း အဓိကကျသလို၊ ခန္တီပါရမီ သည်းခံနိုင်မှုရှိရန် ပညာပါရမီဥာဏ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ အကောင်းမြင်တတ် ကြည့်တတ်တဲ့ စေတနာထားပြီး သူတစ်ပါးအား ကောင်းမှုပြုနိုင်တဲ့ သတ္တိကိုမွေးဖွားရန်လည်း မဖြစ်မနေလိုအပ်ပါတယ်။ သီလ သိက္ခာ သမာဓိ ရှိ၍ ယုံကြည်မှု သဒ္ဒါတည်မြဲစေရန် စောင့်ထိန်းပြီး ကရုဏာနှင့် အကြင်နာတရားထားရှိကာ ငြိမ်းချမ်းသော လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုမှ တဆင့် ငြိမ်းအေးသာယာ တိုးတက်သော နိုင်ငံတော် အဖြစ်သို့ လျှောက်လှမ်းရမည်ဖြစ်ကြောင်း” ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တရားဟောကြားခဲ့ပါသည်။

    ထို့နောက် မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဓမ္မသတ်မှူး ဆရာဦးမြင့်နိုင်မှ အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းရေးတရားကို တင်ပြရာတွင်
    “  လူဟူသည် အစုအဝေး အသိုင်းအ၀ိုင်းနှင့်ကင်းကွာ၍မရသလို လူသားအားလုံးတို့ဟာလူ့အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ညီနောင်များဖြစ်ပြီး ‘လူသားတို့အားလုံးအနက် အမြတ်ဆုံးသောသူမှာ ကိုယ်ကျင့်သီလ အမွန်မြတ်ဆုံးသူဖြစ်သည်’ ဟူ၍ ကျမ်းမြတ်တွင် အမိန့်လာရှိထားပြီး – ‘ အလ္လာဟ်အရှင်မြတ်သည် လောကအလှဆင်သူ ကောင်းကျိုးပြုသူ ကုသိုလ်တရားပွားများသူများကို နှစ်သက်တော်မူသည်’ ဟူ၍လည်း ကုရ်အာန်ကျမ်းမြတ်တွင် မိန့်ဆိုထားပါတယ်။ အစ္စလာမ့်အမြင်အရ လူကို တန်ဖိုးသတ်မှတ်ရာတွင် ဥစ္စာဓန၊ ရုပ်ရည်ရူပကာ၊ ရာထူးဌာနတို့ဖြင့် တန်ဖိုးမဖြတ်ပါ။ လူ၏အကျင့်သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာကိုသာ အရင်းခံထား၍ တန်ဖိုးထား၍ တန်ဖိုးသတ်မှတ်ပါတယ်။

    အစ္စလာမ့်တရားတော်လာ တမန်တော်မြတ်သခင်၏ သြ၀ါဒတော်များတွင်လည်း  ‘လူသားတို့အား ကြင်နာသနားမှု မထားရှိသူကို အလ္လာဟ်အရှင်မြတ်မှလည်း သနားကြင်နာတော်မူမည် မဟုတ်’ ဟူ၍လည်းကောင်း ‘ငယ်သူကို မသနား၊ ကြီးသူကို မရိုသေ၊ ကောင်းမူကို မညွှန်ကြား၊ မကောင်းရာကို မတားမြစ်သူသည် ငါတမန်တော်၏ အုပ်စုဝင်မဟုတ်’ ဟူ၍လည်းကောင်း ဆုံးမထားပါတယ်။

    အစ္စလာမ်သာသနာဟူသည်မှာ ငြိမ်းချမ်းခြင်း အမိန့်နာခံခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်ပြီး နိစ္စထာဝရတည်ရှိတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် နောက်ဆုံးတမန်တော်မိုဟမ္မဒ်သခင်၏ စံနာမူနာတော်များကို လူ့ဘ၀တည်ဆောက်ရေးလမ်းညွှန်အဖြစ် နာခံကျင့်သုံး လိုက်နာခြင်းဖြင့် အမိန့်နာခံကာ ငြိမ်းချမ်းမှုကိုရရှိနိုင်စေခြင်း၊ ငြိမ်းချမ်းမှုကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ထိုအသိတရားကို အစ္စလာမ်သာသနာက အမိန့်နာခံခြင်းနှင့်ငြိမ်းခြမ်းမှုကိုဆောင်ရွက်ခြင်းဖြင့်
    ဆုံးမထားပြီးဖြစ်ပါတယ်။ သာသနာဟူသည်မှာ အဆုံးအမပင်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တိုင်းသည် ကျမ်းမြတ်ကုရ်အာန်က ညွှန်ကြားဆုံးမ ပြသပေးထားသောတရား၏ အသိပညာဖြင့် မိမိ၏ စိတ်အလိုကို မလိုက်ပဲ ဘ၀ပြဿနာများ၊ အမှားများ၊ မကောင်းမှုများကိုတွန်းလှန်ကာ အေးအတူ ပူအမျှ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုရရှိအောင် အခြားသူများနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်သလို အစ္စလာမ်ဘာသာဝင်တိုင်းသည် မိမိနေထိုင်ရာ ဇာတိ၊ တိုင်းပြည်၊ နိုင်ငံနှင့်လူသားအားလုံးတို့ အမှီပြုရာ မြေကမ္ဘာ စိုပြည်သာယာ ငြိမ်းချမ်းအောင် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဘာသာတရား၏ လမ်းညွှန်ဆုံးမမှုများအတိုင်း   ကြိုးပမ်းဆောင်ရွက် လိုက်နာရန် အထူးတာဝန်ရှိပါတယ်။” ဟူ၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို တင်ပြပေးခဲ့ပါသည်။

    ထို့နောက် အခမ်းအနားအစီစဉ်များအရ ဌာနဆိုင်ရာ ကိုယ်စားလှယ်များအနက် တာဝန်ရှိသူတစ်ဦးမှ ကလောမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ထားရှိမှုများကိုတင်ပြဆွေးနွေးခဲ့ပါသည်။

    2

    ထို့နောက် တက်ရောက်လာသော ကလောမြို့ ဘာသာပေါင်းစုံမှ သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ –
    – ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊
    – အဓိကရုဏ်းဖြစ်ပေါ်မှုကြောင့် နိုင်ငံနှင့်ပြည်သူများအပေါ် မည်သို့သော ထိခိုက်နစ်နာမှုများရှိသည်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊
    – ချစ်ကြည်ရင်းနှီးစွာ နေ့လည်စာမိတ်ဆုံစားပွဲပြုလုပ်ခြင်း၊
    – ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဘာသာပေါင်းစုံကူညီ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

    ထို့နောက်
    –       ကောလဟာလသတင်းမှားများကို ခြေဖျက်ပြီး သတင်းမှန်များဖော်ထုတ်ဖြေရှင်းရန်၊
    –       ဆူပူလှုံ့ဆော်မှုများကို သတိပြုစောင့်ကြည်ရန်၊
    –       အကြမ်းဖက်မှုမဖြစ်ပွားစေရန် ဖန်တီးမှုများကို အချိန်မှီထိန်းသိမ်းနိုင်ရန်၊
    –       ပဋိပက္ခများကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် စသည်တို့အတွက်
    ကလောမြို့ ဘာသာပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ကို နာယကသံဃာတော်ဆရာတော်များမှ ဦးဆောင်၍ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

    ထို့အပြင် ကလောမြို့ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

    4

    ထို့နောက် ကလောမြို့ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ချစ်ကြည်ရေးခရီးအဖြစ် ကလောမြို့ အစ္စလာမ်ဗလီဝတ်ကျောင်းတော်၊ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း စေတီတော်နှင့်ကျောင်းတိုက်များသို့ သွားရောက်လေ့လာလည်ပတ်ကြည့်ရှုခဲ့ကျပါသည်။

    ထိုသို့ ကလောမြို့ရှိ ဘာသာရေးအဆောက်အအုံများကို ချစ်ကြည်ရေးခရီးကြွရောက်ပြီးနောက် ချစ်ကြည်ရေးခရီးစဉ်အတွင်း လေ့လာခဲ့မှုများနှင့်ပတ်သက်၍ ကလောမြို့ ဂုဏ်ထူးဆောင်တိုက်သစ် ဆရာတော်အား လျှောက်ထား မေးမြန်းရာတွင် “ ကလောမြို့ရှိ အစ္စလာမ်ဂျာမေ့ဗလီဝတ်ကျောင်းနှင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတို့ကို ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်ကာ လေ့လာခွင့်ရတဲ့အတွက် တစ်ဦးနှင့်တစ်ဦးပို၍ ခင်မင်ရင်းနှီးမှုရရှိလာပါတယ်။ ဘာသာရေးခေါင်းဆောင်များ၏ စိတ်အသီးသီးတွင် သံသယကင်းပြီး ပြုံးပျော်ကြည်နူးနေတဲ့မျက်နှာတွေ၊ တက်ကြွလန်းဆန်းနေတဲ့အမူအယာတွေကို မြင်တွေ့ရသည်မှာ ကွဲကွာနေတဲ့ ညီတော်နောင်တော်များ ပြန်လည် ဆုံတွေ့ရသကဲ့သို့ ၀မ်းသာပီတီဖြစ်ရပါတယ်။ ငြိမ်းချမ်းရေးပန်းတိုင်၏ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်” ဟူ၍ မိန့်ကြားတော်မူသည်။

    5

    ဆရာတော်မှ ကလောမြို့ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေး နှင့် စည်းလုံးညီညွှတ်ရေးအတွက် အောက်ဖော်ပြပါ လင်္ကာကဗျာလေးအား ချီးမြင့်ပေးတော်မူခဲ့ပါသည်။

    ” ရင်းနှီး မေတ္တာ  ပြဿနာရှင်း ဆုံးမသွင်းကာ
    ဘာသာပေါင်းစုံ  စည်းလုံးကုန်၍
    ညီညွတ်ငြိမ်းချမ်း  ချီတက်လှမ်းဖို့
    ရတနာမြေ  ဦးဆောင်လေသော  မြို့ကလောဟု
    မည်ပြုသညာ  ခန်းမ-သာဝယ်  လမ်းပြလာသည်
    စည်းလုံးညီညာ  နေထိုင်ကြပါစို့။
    ငြိမ်းချမ်းကြည်သာ  လက်တွဲကြပါစို့။ ”

    ဘဒ္ဒန္တကောဏ္ဍာည
    (သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာကျော်)
    ဂုဏ်ထူးဆောင်တိုက်သစ်
    ကလောမြို့။
    ၁၁.၅.၂၀၁၃