News @ M-Media

Blog

  • မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မေလ-၁၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မိတ္ထီလာ ။        ။  အကြမ်းဖက်ခံရမှု ၂-လပြည့်ကာလတွင် မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သတင်းများ ပေါ်ထွက်နေကြောင်းသိရသည်။

    မတ်လနှောင်းပိုင်းမှာ စတင်အကြမ်းဖက်ခံခဲ့ရတဲ့ မိတ္ထီလာမြို့ဟာ အခုဆိုရင် ၂-လ တာကာလပြည့်မြောက်တော့မှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ဒုက္ခသည် တော်တော်များများဟာ မိမိနေအိမ်များသို့ ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ ပေါ်ပေါ်ထင်ထင် အုပ်စုလိုက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို ယခုအချိန်ထိ ဖော်ထုတ်ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဘုန်းကြီးတစ်ပါး သေဆုံးခဲ့မှုကြောင့် သံသယရှိသူများအဖြစ် မွတ်စလင်မ် ၇-ယောက်ကို ဖမ်းဆီးတရားစွဲဆို ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ၁၆-နှစ်အောက် ကလေးတစ်ဦးကိုတော့ ကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ၆-ဦးအား သံသယရှိသူများအနေဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသူတို့မှာ ဘုန်းကြီးသေဆုံးမှုတွင် ပါဝင်ပတ်သက်နေသူများမဟုတ်ပဲ သံသယရှိသူအနေနှင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းသာဖြစ်ပါတယ်။

    ဘုန်းကြီးသေမှုနှင့်ပတ်သက်ပြီး တရားခံအဖြစ် ၀န်ခံလာစေရန် ဖိအားပေးမှုများလည်းရှိခဲ့ကြောင်း သိရပါတယ်။ ယခုအခါ လာမယ့် မေလ ၂၁-ရက်နေ့မှာ အဆိုပါ ၆-ဦးအား တရားရုံးတော်မှ အမိန့်ချမှာဖြစ်ပါတယ်။ ယင်းအမိန့်ချမည့်ရက် နီးကပ်လာသည့်အချိန်တွင် မိတ္ထီလာမြို့ပေါ်၌ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ ယင်း ၆-ဦးအား တရားရုံးတော်မှ သေဒဏ်မချမှတ်ပါက မိတ္ထီလာမြို့ပေါ်ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု မိတ္ထီလာမြို့ရှိ အကြမ်းဖက်သမားများက ခြိမ်းခြောက်နေကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    အဆိုပါ ခြိမ်းခြောက်မှုကြောင့် မိတ္ထီလာရှိ အချို့သော မွတ်စလင်မ်များဟာ မိတ္ထီလာမြို့ကို စွန့်ခွာထွက်သွားကြပြီး၊ တချို့သော မွတ်စလင်မ်များကတော့ ပထမအကြိမ်ကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံပြုလုပ်ခံရမည်ကို လွန်စွာစိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှု ထပ်မံမဖြစ်ပွားစေရန်အတွက် တာဝန်ရှိသူများအနေနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးပါရန်လည်း မိတ္ထီလာမြို့ခံက M-Media ကို ပြောပြလာပါတယ်။

  • ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့

    မေ-၁၈၊၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-ဘုန်းမင်းခန့်

    smt01 (19)

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)ကို ၂၀၁၃ခုနှစ် မေလ(၇)ရက်နေ့နှင့်(၈)ရက်နေ့တို့တွင် တောင်ကြီးမြို့၊ သီတာအေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါတယ်။

    ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပပြုလုပ်သော တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁)သို့ တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ်နှင့် ဘာသာရေးခေါင်းဆောင်များ၊ ရတနာမြေလူမှု ဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လူကြီးမင်းများနှင့် အခြား ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

    အခမ်းအနားတွင် တောင်ကြီးမြို့၊ အေးစေတီကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေး တရားကိုဟောကြားပြီး “ဘာသာတစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင် ကိုယ်ကျင့် တရားကောင်းမွန်ဖို့နဲ့  သည်းခံတတ်ဖို့ လိုအပ်ကြောင်း” သြ၀ါဒ မိန့်ကြား ချီးမြှင့်ခဲ့ပါတယ်။

    ထို့နောက်ဆွေးနွေးပွဲကို တက်ရောက်လာသော ဘာသာရေးခေါင်းဆောင် အသီးသီးမှ ဟိန္ဒူဘာသာနှင့် ငြိမ်းချမ်းရေးတရား၊ အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းရေးတရားနှင့် ခရစ်ယာန်ဘာသာနှင့် ငြိမ်းချမ်းရေးတရားများကို ဟောပြောခဲ့ကြပါတယ်။

    ထို့နောက် အခမ်းအနားအစီစဉ်အရ  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် တက်ရောက်လာသော သာသနာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည် တင်ပြခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်မှုကြောင့် နိုင်ငံနှင့်ပြည်သူများ အပေါ် မည်သို့သော ထိခိုက်နစ်နာမှုများရှိသည်ကို အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဘာသာပေါင်းစုံ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ နာယက သံဃာတော် ဆရာတော်များမှ ဦးဆောင်၍ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ ထို့အပြင် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း အတွက်လည်း ဆွေးနွေးခဲ့ကျပါတယ်။

    တောင်ကြီးမြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာဒေါ်နှင်းအေးကိုမှ- “လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ ဘာသာတရားနဲ့ စပ်လျဉ်းပြီး တစ်ဦးနဲ့တစ်ဦး ထားရှိတဲ့သံသယတွေ အမြင်မကြည်လင်မှုတွေကို လျော့ချပပျောက်သွားစေရန်နဲ့ ဘာသာမတူသူများအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်”ဟု ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

    ထို့နောက် တောင်ကြီးမြို့ ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တောင်ကြီးမြို့ရှိ မြို့ဦး အစ္စလာမ် ဗလီဝတ်ကျောင်းတော်၊ ပထမတိုင်းရင်းသားပေါင်းစုံနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း နှင့် စူဌာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကျကြောင်း၊ ယခုကဲ့သို့ ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တောင်ကြီး၊ ကလော၊ အောင်ပန်း-ဟဲဟိုးမြို့များတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အခြားမြို့ကြီးများတွင်လည်း ဆက်လက် ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

    ဓါတ်ပုံများ ကြည့်ရန်။

  • မ.မ.လ ဋ္ဌာနချုပ်၏ (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီး ကျင်းပမည်

    မေလ ၁၈၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    blood donation
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ  ဋ္ဌာနချုပ်မှ ကြီးမှူးကျင်းပမြဲ ဖြစ်သော အစဉ်အလာမပျက် (၄)လတစ်ကြိမ် စုပေါင်းသွေးလှူဒါန်း ပွဲကြီးကို မေလ ၂၆ရက်နေ့တွင် နံနက် (၈း၀၀)နာရီမှ စတင်၍ ရန်ကုန်မြို့ အမျိုးသားသွေးလှူဌါနတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ သွေးလှူဒါန်းပွဲ အတွက် မ.မ.လ ဋ္ဌာနချုပ်၏ ဆောင်ပုဒ်ဖြစ်သော “ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ် တရားမှန် ဖြစ်သည်” ကို အကောင်အထည်ဖော်၍ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေးရှုလျက် လူမျိုး ဘာသာ မရွေးပါဝင်လှူဒါန်းကြပါရန် တိုက်တွန်း နှိုးဆော် ထားကြောင်း သိရသည်။

    “မ.မ.လ ဋ္ဌာနချုပ်မှ လှူဒါန်းခဲ့သော သွေးစာရင်းများ”

    ၁။ ပထမအကြိမ်        ၈.၃.၂၀၀၉              ၁၁၆  ဦး
    ၂။ ဒုတိယအကြိမ်     ၂၆.၇.၂၀၀၉        ၁၄၂   ဦး
    ၃။ တတိယအကြိမ်     ၁၇.၁.၂၀၁၀       ၁၉၃   ဦး
    ၄။ စတုတ္ထအကြိမ်      ၁၈.၇.၂၀၁၀       ၂၄၀   ဦး
    ၅။ ပဉ္စမအကြိမ်        ၂၈.၁၁.၂၀၁၀      ၂၈၀  ဦး
    ၆။ ဆဋ္ဌမအကြိမ်      ၂၇.၃.၂၀၁၁         ၂၅၇  ဦး
    ၇။ သတ္တမအကြိမ်     ၂၄.၇.၂၀၁၁        ၂၃၂   ဦး
    ၈။ အဋ္ဌမအကြိမ်       ၈.၁.၂၀၁၂          ၁၈၅  ဦး
    ၉။ နဝမအကြိမ်       ၁၃.၅.၂၀၁၂           ၂၅၁  ဦး
    ၁၀။ ဒဿမအကြိမ်      ၂၃.၉.၂၀၁၂       ၃၂၁   ဦး
    ၁၁။ (၁၁)ကြိမ်မြောက်  ၂၇.၁.၂၀၁၃           ၃၁၈   ဦး
    စုစုပေါင်း  = (၂၅၃၅)ဦး ရှိပြီ ဖြစ်ကြောင်း မ.မ.လ  ဋ္ဌာနချုပ်၏ သတင်းထုတ်ပြန် ကြေညာချက် စရင်းအရ သိရှိရသည်။

        “သွေး”
    ဘာသာ၊ သာသနာ
    အယူဝါဒ မတူကြလည်း
    အာဒမ်နွယ်ဖွား ကမ္ဘာလူသားတို့
    ကိုယ်ချင်းစာနာ၊ ဒို့သွေးရင်းခြာတို့
    ကြည်ဖြူပေးလှူ၊ “သွေး”အလှူ
    သွေးလှူဒါန်းလိုသူ သွေးအလှူရှင်များ အနေဖြင့် အမှတ် ၁၉၄၊ ၁၉၆၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း၊ ၀၁ ၂၄၁၂၁၂၊ ၀၁ ၂၅၂၇၉၉ သို့ ဆက်သွယ် စရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

  • မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး

    မေ-၁၇၊၂၀၁၃
    M-Media
    ဝေဇင် စုစည်းတင်ပြသည်။

    ငယ်ဘဝ

    1

    မုဟမ္မဒ်အလီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဖြစ်သည်။ ငယ်နာမည်မှာ ကက်စီးယက်စ် မာဆဲလ်လက်စ် ကလေး(Cassius Marcellus Clay) ဖြစ်သည်။ ကလေး ကို လက်ဝှေ့ထိုးရန် ပထမဦးဆုံးညွှန်ကြားသူမှာ လူဝီဗေးလ် မြို့ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ၏ လက်ဦးဆရာလည်းဖြစ်သည်။ ထိုအချိန်က ကလေးမှာ အသက် ၁၂ အရွယ်သာရှိသေးသည်။ ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။

    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ

    2

    ပရော်ဖက်ရှယ်နယ်ဘ၀ ပထမဦးဆုံးပွဲကို ၁၉၆၀ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျွန်နေ ဟန်စကာ(Tunney Hunsaker) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကလေး က အနိုင်ရရှိခဲ့သည်။ ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ ၁၉ ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ချေ။ ၁၅ ပွဲတွင် ပြိုင်ဘက်များကို အလဲထိုး၍ အနိုင်ယူခဲ့လေသည်။

    ဟဲဗီးဝိတ်ချန်ပီယံ

    ali_liston_1024x768

    ကလေး၏ ရလဒ်ကောင်းများကြောင့် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ ကလေးနှင့် လစ်စတန်တို့၏ပွဲကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ မထိုးသတ်မီ တစ်ရက်အလို ကိုယ်အလေးချိန် စစ်ဆေးသောနေ့တွင် ကလေးက သူသည် လစ်စတန်အား “လိပ်ပြာကဲ့သို့ မျောလွင့်၍ ပျားကဲ့သို့ တုပ်မည်” (float like a butterfly and sting like a bee) ဟု သူ၏ ထိုးသတ်မည့်နည်းစနစ်ကို တင်စားခဲ့ပြီး သူ၏ နာမည်ကျော် နည်းစနစ်လည်းဖြစ်ခဲ့သည်။ ကလေးနှင့် လစ်စတန်တို့ထိုးသတ်ရာတွင် စတုတ္ထအချီမှလွဲ၍ အချီတိုင်းတွင် ကလေးက အသာရခဲ့သည်။ ၇ ချီမြောက်တွင် ပြိုင်ဘက် လစ်စတန်က ဘယ်ဘက်ပခုံးဒဏ်ရာရရှိ၍ ထပ်မံထိုးသတ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကလေးမှာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ ထိုစဉ်က ကလေးမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။

    အစ္စလာမ်သာသနာသို

    Muhammad Ali Boxer

    Muhammad-Ali-Converted-to-Islam-Religion

    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း ကြေညာခဲ့ပြီး သူ၏ အမည်ကိုလည်း မုဟမ္မဒ်အလီ အဖြစ် ပြောင်းလဲခဲ့သည်။ လူမည်း မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် နေးရှင်းအော့ဖ် အစ္စလာမ်(Nation of Islam) အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။

    ချန်ပီယံဘွဲ့ ကာကွယ်

    ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသည့် လစ်စတန်က အလီအား ပြန်လည်စိန်ခေါ်ခဲ့ပြီး မေလတွင် ယှဉ်ပြိုင်ထိုးသတ်ရန် သတ်မှတ်ခဲ့သည်။ ထိုပွဲတွင် အလီက ပထမအချီ ၁ မိနစ်နှင့် ၅၂ စက္ကန့်မှာပင် လစ်စတန်အား အလဲထိုး အနိုင်ယူခဲ့သည်။

    အလီသည် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲကို ဖလွိုက်ပတ်တာဆန်နှင့် ထိုးသတ်ခဲ့ပြီး အလီ ကပင် အနိုင်ရရှိခဲ့သည်။

    WBA  ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ အာနီတယ်ရယ် (Ernie Terrell) နှင့် ၁၉၆၆ မတ်လ ၂၉ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲနှင့် ပက်သက်သည့် အလီ၏ မှတ်ချက်ကြောင့် အီလီနွိုက်စ်ပြည်နယ် အားကစားကော်မရှင်က ပြိုင်ပွဲကျင်းပရန် ခွင့်မပြုခဲ့ပေ။

    ထို့ကြောင့် အလီသည် အမေရိကန်ပြင်ပသို့ ထွက်ခဲ့ပြီး ဂျော့ဂ်ျ ချူဗလို(George Chuvalo)နှင့် ကနေဒါတွင်လည်းကောင်း၊ ဟင်နရီကူးပါး(Henry Cooper)၊ ဘရိုင်ယန် လန်ဒန်(Brian London) တို့နှင့် လန်ဒန်တွင်လည်းကောင်း၊ ကားလ် မိုင်လ်ဒန်ဘာဂါ(Karl Mildenberger)နှင့် ဖရန့်ဖတ်တွင်လည်းကောင်း အသီးသီး ထိုးသတ်ခဲ့ပြီး အလီကပင်အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။

    ထို့နောက် အမေရိကန်သို့ပြန်လာခဲ့ပြီး တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကလီဗ်လန်ဒ် ၀ီလီယံ(Cleveland Williams) နှင့်ထိုးသတ်ခဲ့ပြီး သုံးချီအတွင်း အလီက အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

    ထို့နောက် ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အာနီတယ်ရယ်နှင့်ထိုးသတ်ခဲ့သည်။ တစ်လကြာပြီးနောက် ဇိုရာဖော်လီ(Zora Folley) နှင့်ထိုးသတ်ခဲ့ပြီး အလီကပင် အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ အလီ၏ ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲ၏ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။

    တစ်ကျော့ပြန် လက်ဝှေ့သမားဘဝ

    ၁၉၇၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အတ္တလန်တာပြည်နယ် အားကစားကော်မရှင်က အလီအား လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ကို ပြန်လည် ထုတ်ပေးခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ပြန်ရပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဂျယ်ရီ ကွာရီ(Jerry Quarry) နှင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလီမှ အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက် လက်ဝှေ့ကော်မရှင်ကလည်း အလီအား လက်ဝှေ့ပြန်လည်ထိုးသတ်ခွင့် ပြုခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အော်စကာ ဘိုနာဗီနာ(Oscar Bonavena) နှင့် ထိုးသတ်ခဲ့သည်။ ၁၅ ချီအထိ ထိုးသတ်ပြီးနောက် အလီကပင် အနိုင်ရရှိကာ ထိုစဉ်က ဟဲဗီးဝိတ်ချိန်ပီယံ ဂျိုးဖရေဇာ(Joe Frazier)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။

    အလီနှင့် ဖရေဇာတို့၏ပွဲကို ၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး “ရာစုနှစ်၏အကောင်းဆုံးပွဲ” (Fight of the Century) ဟု အမည်တပ်ခြင်းခံရသည်။ ၁၅ ချီအပြည့်ထိုးသတ်အပြီးတွင် ဖရေဇာက မိုဟာမက်အလီအား အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မုဟမ္မဒ်အလီ၏ ဖရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးရှုံးပွဲဖြစ်သည်။ အလီသည်၁၉၇၃ ခု မတ်လ၌ ကင်နော်တန်(Ken Norton) နှင့် ထိုးသတ်သောပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့လေသည်။ သို့ရာတွင် စက်တင်ဘာ ၁၀ရက်နေ့တွင် နော်တန်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခဲ့ရာ အလီက အနိုင်ရရှိခဲ့သည်။ သူ့အား အနိုင်ယူခဲ့သည့် ဖရေဇာနှင့် ၁၉၇၄ ခု ဇန်န၀ါရီလတွင် မကြေပွဲထိုးသတ်ခဲ့ကာ အလီကပင် အနိုင်ရရှိခဲ့သည်။

     

    တကျော့ပြန် ဟဲဗီးဝိတ်ချန်ပီယံ

     GeorgeForeman_MuhammadAli_boxe_30101974_1_600

    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman) နှင့်ထိုး သတ်ရန် စီစဉ်ခဲ့ပြီး အလီအား အစဉ်တစိုက်အားပေးခဲ့သူ ဟောင်းဝဒ် ကောစဲလ် (Howard Cosell) အပါအ၀င် မည်သူကမျှ ထိုပွဲတွင် အလီနိုင်လိမ့်မည်ဟု မထင်မှတ်ကြပေ။ အလီမှာ လက်ဝှေ့ကျော် ဂျိုးဖရေဇာနှင့် ကင်နော်တန်တို့ကို အကြိတ်အနယ် ထိုးသတ်ခဲ့ရပြီး ဖိုမန်ကမူ ဒုတိယအချီတွင်ပင် နှစ်ဦးစလုံးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

    ထိုပွဲတွင် ဒုတိယအချီမှစ၍ အလီသည် ဖိုမန်၏ တရစပ်ထိုးသတ်ခြင်းကိုခံခဲ့ရသော်လည်း ၈ ချီမြောက်တွင် အလီက ဖိုမန်အား ပြင်းထန်သည့် လက်သီးချက်ဖြင့် အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။

    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။

    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။

    ဂုဏ်ပြုခံ အလီ

    ali

    မုဟမ္မဒ်အလီသည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

  • အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    မေ-၁၆၊၂၀၁၃
    M-Media

    အမေရိကန်နိုင်ငံ ရဲ၏ လူမဆန်သောလုပ်ရပ် ဗီဒီယိုသည် အွန်လိုင်း နှင့် လူမှုကွန်ရက် စာမျက်နှာ များသို့ ပြန့်နှံ့သွားပြီး၊ လူအများအား တုန်လှုပ်စေခဲ့သည် ဟုသိရသည်။

    ဗုဒ္ဓဟူးနေ့က အွန်လိုင်းသတင်းများတွင် တင်ပြခဲ့သည်မှာ ဗီဒီယိုတွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ  ကိုတတီ(Cotati) မြို့ငယ်လေး အတွင်းရှိ အိမ်တစ်လုံးအတွင်းသို့ ရဲအရာရှိများ ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ အိမ်ရှင်၏ ရှာဖွေရေး ၀ရမ်းတောင်းဆိုမှုအား လျစ်လျူရှုကာ၊ အိမ်ရှင် လင်မယားအား လျှပ်စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

    ထိုသို့မဖြစ်ပျက်မှီ၊ အိမ်တွင်ရှိသော ပြတင်းပေါက်ကြီးမှတစ်ဆင့် ရဲအရာရှိများသည် အိမ်ရှင်အား သူတို့သည် အိမ်နီးနားခြင်း၏ တိုင်ကြားမှုကြောင့် ၄င်းအိမ်ထဲတွင် ဆူညံ့စွာပြသနာ ဖြစ်ပျက်နေသည်ကို စစ်ဆေးရန်ရောက်ရှိလာကြောင်းပြောကြားခဲ့သည်။

    သို့သော် အိမ်ရှင်လင်မယားသည် အိမ်အတွင်း မည်သည့်ပြသနာမှဖြစ်ပွားမှု မရှိကြောင်း၊ ရှာဖွေရန် ၀ရမ်း မပြသနိုင်ပါက အိမ်ထဲသို့ ၀င်ခွင့်မပြုနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ရဲအရာရှိတစ်ဦးက “ခင်ဗျားတို့ အိမ်အပြင်ဘက်သို့ ဘာကြောင့်ထွက်မလာလဲ?” ဟုမေးကြောင်း။

    ယောင်္ကျားဖြစ်သူက “ကျွန်တော်တို့သည် ရဲများကြီးကြပ်နေသော ဒေသတွင်နေထိုင်နေသည် မဟုတ်ပါ၊ ဒီဒေသတွင် စစ်တပ်မှ အမိန့်ထုတ်ပြန်ထားခြင်းလည်းမရှိပါ” ဟုပြန်လည်ပြောကြားခဲ့သည်။

    ရဲအရာရှိများသည် သေနတ်များကိုင်ဆောင်လျက် တံခါးအား ဖျက်ဆီး ၀င်ရောက်လာခဲ့ကာ၊ အိမ်ရှင်လင်မယားအား ကြမ်းပေါ်တွင် ၀ပ်နေစေရန်အမိန့်ပေးခဲ့ကြောင်း။ လင်မယားမှ ရဲအရာရှိများ၏ အမိန့်ကို ဆန့်ကျင်ကာ “ခင်ဗျားတို့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိ” ဟု အမိန့်အားငြင်းဆိုခဲ့သဖြင့်၊ မိန်းမဖြစ်သူအား ဦးဆောင်သူ ရဲအရာရှိမှ လျှပ်စစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ယောင်္ကျားဖြစ်သူအား ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်သည် မှတ်တမ်းအရ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ကြောင်း၊ ကိုတတီမြို့ ရဲဌာနမှ ရဲမှုးကြီး မစ်ရှလ် ပါရစ်ရှ်(Michael Parish) မှ မှတ်တမ်းအား လေ့လာရာတွင် သူ၏ ရဲဌာနသို့ ညနေ ၃.၄၅ မိနစ်တွင် အိမ်နီးချင်း၏ “သူ၏ဘေးအိမ်အတွင်းမှ ပြသနာ အကြီးကျယ်ဖြစ်ပျက်နေသည်ကို ကြားရှိကြောင်း”  တိုင်ကြားသည့် ဖုန်းကို လက်ခံရရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက် တစ်ခုတွင် ကယ်လီဖိုးနီးယားနိုင်ငံ ရဲအရာရှိများပါဝင်ပြီး၊ ကလေး ၄ ယောက်၏ ဖခင်ဖြစ်သူသည် လမ်းထောင့်တွင် မူးပြီးအိပ်ပျော်နေသည်ကို တွေ့ရှိ၍ ဖမ်းဆီးကာ သေသည်အထိ ရိုက်နှက်ခဲ့ကြောင်း၊ ထိုလူသေဆုံးပြီးနောက်တွင် ကာန် ကောင်တီ(Kern County) ရဲဌာနသည် မီးလောင်ခဲ့ကြောင်း သိရသည်။

    ထိုအဖြစ်အပျက်အပြီးနောက်၊ ရဲအရာရှိများသည် ၄င်းရိုက်နှက်မှုကို ဖုန်းများနှင့် စက်စ္စည်းများဖြင့် မှတ်တမ်းတင်ထားသော ထိုပတ်ဝန်းကျင်တွင်နေထိုင်သူများအား ဖမ်းဆီးခဲ့သည် ဟုသိရသည်။

    သတင်းထောက်များထံသို့ မျက်မြင်တွေ့သူများက တူညီစွာပြောကြားခဲ့သည်မှာ၊ ဒေးဗစ် ဆလ် ဆလ်ဗာ(David Sal Silva) ဆိုသူသည် သူ၏အသက်ချမ်းသာပေးရန်တောင်းပန်နေသည်ကို လျှစ်လျူရှု၍ ရဲအရာရှိများက လက်ကိုင်တုတ်များဖြင့်ခေါင်းကို မသေမခြင်းရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

    MFB/MFB