News @ M-Media

Blog

  • ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ

    မေ ၂- ၂၀၁၃

    Myanmar Embassy in jakarta

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။

    မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်မ်များအား ဆက်ဆံမှုအတွက် တုန့်ပြန် လက်စားခြေသည့်အနေဖြင့် သံသယရှိသူ အမျိုးသားသုံးဦး အမျိုးသမီး တစ်ဦးသည် သံရုံးအဆောက်အဦးအား လက်လုပ် ဗုံးများ ၅လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် Boy Rafli ကပြောကြားသွားသည်ဟု ABC News သတင်းဌာနမှ ကြေညာထားသည်။

    ထို့နောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့သည် ဂျကာတာတောင်ပိုင်းရှိ ဖောက်ခွဲရေးစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ထပ်မံဖမ်းဆီးရခဲ့ကြောင်း ABC News သတင်းဌာနက တင်ပြထားသည်။

    အကြမ်းဖက်သမားတို့သည် အဖွဲ့အစည်း ကွန်ယက်ကြီးတစ်ခုခု၏ တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ကြောင်း ABC News သတင်းဌာနက ကြေညာသွားပါသည်။

    The Washington Times
    By Jessica Chasmar
    (ငြိမ်းအေး ဘာသာပြန်သည်။)

  • ပုလင်းထဲက ယင်ကောင်များ (M-Media စာအုပ်အညွှန်းကဏ္ဍ)

    မေ-၂-၂၀၁၃
    M-Media
    သစ္စာချို

    Yin kg

    ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ကို ညွှန်းပါရစေ။

    ဒီစာအုပ်ဟာ Intellectual Person တွေအကြား စတင်လှုပ်ခတ်လာတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။

    သမိုင်းနဲ့ဒဿနိကပညာကို အထူးစိတ်ဝင်စားသူ အောက်စ်ဖို့ဒ်၊ ဟားဗတ်တက္ကသိုလ်ဆင်း အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုး စာရေးဆရာ Ved Mehta က ဘာထရန်ရပ်ဆဲလ်(ဒဿန)၊ အာနိုးတွိုင်ဘီ(သမိုင်း) စတဲ့ ကမ္ဘာကျော်ပညာရှင်တစ်ချို့နဲ့ တွေ့ဆုံမေးမြန်းစုစည်းလိုက်ရာမှ ထွက်ပေါ်လာခဲ့တဲ့ စာအုပ်ဖြစ်ပြီး Fly and the Fly-Bottle လို့အမည်ရပါတယ်။

    ဆရာသန်းစိုးနိုင်က “ ပုလင်းထဲက ယင်ကောင်များ” အမည်နဲ့လှလှပပ ပြန်ဆိုရေးသားထားတာ တွေ့ရပါလိမ့်မယ်။ ဒဿနပညာများနဲ့ငြင်းခုံခြင်း၊ သမိုင်းနှင့်ငြင်းခုံခြင်း ဆိုပြီးအပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။

    စတိအမြည်းသဘောအနေနဲ့ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ ရှုထောင့်အမြင် အသစ်နဲ့အဟောင်း အားပြိုင်ချက်တွေကို ခံစားရကြပါလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည် – “ အန်ကယ်လ်တို့လွတ်လပ်ရေးရခါစက လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတာ မစုတော့ လုံးဝမှားတယ်လို့ထင်တာပဲ။ ”
    ဆရာလေထီးဗိုလ်အုန်းမောင် – “ မစုရယ်၊ အဲ့ဒီအချိန်က မစုလည်း အရွယ်မရောက်သေး၊ ငယ်သေးလို့ဖြစ်မှာပါ။ အဲ့ဒီခေတ်ကာလအခြေအနေကို အဲ့ဒီတုန်းကရှိနေတဲ့ သမိုင်းရေးဝန်းကျင်၊ သမိုင်းကြောင်းအချက်အလက်တွေနဲ့ နှိုင်းယှဉ်ခံစားပါဝင်ကြည့်မှ သိနိုင်၊ နားလည်နိုင်ပါလိမ့်မယ်။ ဒီနေ့ခေတ်အနေအထားကနေလှမ်းကြည့်ပြီး အဆုံးအဖြတ်ပေးဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ” (ဘာသာပြန်သူ၏အမှာစာမှ)

    “ အချင်းချင်းဆွေးနွေးငြင်းခုံနေကြတဲ့ ဒဿနပညာရှင်တွေဆိုတာကလည်း ပုလင်းထဲက ယင်ကောင်တွေလိုပါပဲ။ ပုလင်းထဲက ထွက်ခွင့်ရဖို့ အတွက် ဖောက်ထွင်းမြင်နေရတာကို ပုလင်း နံရံမှန်းမသိဘဲ အတင်း တိုးဝှေ့ရုန်းကန်နေကြတာပါ။ တကယ်က ဒီပုလင်းမှာ အဖုံးမရှိဘူး ဆိုတာကို
    သူတို့ မသိခဲ့ကြရှာပါဘူး။ ” ဒဿနပါရမီရှင်ကြီး Ludwig Wittgenstein (1889-1951)

    “ ကိုယ့်တိုင်းပြည်အင်အား ကြီးထွားတောင့်တင်းစေလိုတဲ့ ဂျာမန်တွေအနေနဲ့ဟစ်တလာလို ယုတ်မာရက်စက်တဲ့လူမျိုးကို ဘာဖြစ်လို့ ခေါင်းဆောင်တင်ခဲ့ကြတာလဲ? ”

    “ အတိတ်ကဖြစ်ရပ်တွေကို အကဲဖြတ်ရာမှာ အဲ့ဒီအချိန်ကတည်ရှိနေတဲ့ အမြင်သဘောထားကျင့်ဝတ်တွေအရပဲ ကျွန်တော်အကဲဖြတ်တယ်။ ကျွန်တော့်အမြင်သဘောထားတွေနဲ့ အကဲဖြတ်ဖို့ မကြိုးစားဘူး။ ” A.J.P. Taylor (1906-1990)

    “ သမိုင်းဆရာရဲ့ အဓိကနဲ့အရေးအကြီးဆုံးတာဝန်ဟာ သမိုင်းဖက်က ရပ်တည်ဖို့၊ သစ္စာရှိဖို့ဖြစ်ပြီး အောင်မြင်သူတွေကို သစ္စာရှိဖို့၊ ရပ်တည်ဖို့မဟုတ်ဘူး။ ” Isaiah Berlin (1909-1997)

    “ လူ့အဖွဲ့အစည်းနှစ်ရပ်ကြားမှာ ခုနှစ်သက္ကရာဇ်တွေ အာကာသ လောက် ကျယ်ပြောကွာလှမ်းခဲ့ကြပေမယ့် လူတွေရဲ့စဉ်းစားတွေးခေါ်ပုံတွေ၊ ကြုံဆုံရတဲ့ ဒုက္ခသုခတွေက မျဉ်းပြိုင်ဆွဲလို့ရအောင် ၊ နှိုင်းယှဉ်လို့ရအောင် တူညီမှုတွေ ရှိကြတယ်။ ” Arnold J. Toybee (1889-1975)

    “ သမိုင်းဆိုတာ စီးဆင်းနေတဲ့မြစ်တစ်စင်းနဲ့တူတယ်။ နှစ်ကြိမ် ဆင်းလို့မရဘူးဆိုတဲ့စကားဟာ သမိုင်းမှာလည်း မှန်တယ်။ ” E.H. Carr (1892-1982)

    ( သစ္စာချို )

  • “လူထဲက…လူ” (M-Media Blog ကဏ္ဍ- ကဗျာ)

    မေ-၂-၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    Lu

     
    လူ…ဆိုတာ
    လူ…ကို
    ကာကွယ်…ရမယ်။

    တကယ်ဆို
    “လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
    လူဟာ…အဖြူအမည်း ခွဲခြားစရာမလိုဘူး
    လူဟာ…ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
    လူဟာ…မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။

    ခုတော့ကွယ်…
    လူ့မျက်နှာပျောက်နေတဲ့…..လူ
    လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့…လူ
    လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့…လူ
    အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
    အခြား…လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
    နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။

    သြော်…
    လူ…လူ့ …လူး တွေကြောင့်
    လူး..လွန့်…လွန်း…နေရတဲ့…လူ့ ဘဝတွေများကွယ်။

  • ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံရ

    မေလ-၂၊ ၂၀၁၃
    M-Media
    သုတ

    Hpakant, Kachin
    ကချင်ပြည်နယ် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။

    မွတ်စလင်များ၏ အိမ်နှင့် ဆိုင်များ တွဲနေသည့် အိမ် ၃-အိမ်အတွင်း ၀င်ရောက်၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ဖျက်ဆီးမှုကြောင့် ဆိုင်ခန်းများ၊ အိမ်များအတွင်းရှိ ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။ ယင်းကဲ့သို့ အကြမ်းဖက်ခံရမှုကို ဆိုင်းတောင်မြို့ခံမှ မြစ်ကြီးနားသို့ ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်းတောင်နှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့မှ သတင်းပေးပို့လာပါတယ်။

    ဤဆိုင်းတောင်ဗလီသည် ယမန်နှစ် ၂၀၁၂-ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံနိုင်ငံအတွင်းရှိ ဗလီများကို ဖျက်ဆီးစဉ်က စတင်ဖျက်ဆီးခံရသော ဗလီလည်းဖြစ်သည်။

    ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း

    ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

    “ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။ မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀ လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။ သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊ တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ် ၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့ ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊ နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ မိနစ် ၂၀-လောက် လုပ်သွားကြတာ။

    နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့ တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့ ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ် အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။ သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက် မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။ အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။ ခဏနေတော့ ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့ ၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့ ၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။

    ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား ၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ ဘုန်းကြီးတွေ ပြန်သွားတယ်။

    အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊ မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ် အိမ်နဲ့တွဲလျက်ရှိတာပါ။

    လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့ သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့ တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ် သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့ လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

    ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို ဗလီလို့ခေါ်ကြတာပါ။

    အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့ ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့ မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။” ဆိုင်းတောင်မှ ဒေသခံမှ M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်။

  • စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    မေ- ၂-၂၀၁၃
    ရေးသူ- အောင်တင်

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း (သို့မဟုတ်) ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

    ဘင်္ဂါလီလူမျိုးများမှာ ရခိုင်လူမျိုးများထံတွင် အစေခံ၊ အလုပ်သမား၊ အခစားသမားအဖြစ်သာ နေခဲ့ကြရသည်မှာ အစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ထိုအချိန်အထိ လူမျိုးစုအလိုက် ကြီးမားသော မည်သည့်ပဋိပက္ခမှ ဖြစ်ပွါးခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂.၃)

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ စာမျက်နှာ(၇)မှာရှိတဲ့ အထက်ပါစာကြောင်းကို ဖတ်မိလိုက်တာနဲ့ မျက်လုံးက ရှေ့ဆက်ဖတ်ဖို့ မရွေ့တော့ဘူးဖြစ်သွားတယ်။ ရင်ထဲမှာ နာကြင်မှုတစ်ရပ်ကိုလည်း စူးစူးနစ်နစ် ခံစားမိတယ်။ သြော် ဘယ်လို အသဲနှလုံးမျိုး၊

    ဘယ်လိုပညာတတ် ဆင်ခြင်တုန်တရားနဲ့ အခုလို ရေးရက်လိုက်သလဲ။ မကြောက်တတ်ပါဘူး ဆိုရင်တောင် မရှက်တတ်ကြဘူးလားဗျာ။

    အာဖရိကလူမဲတွေက ဥရောပတိုက်သား လူဖြူတွေကို အလုပ်အကျွေးပြုဖို့ ကျေးကျွန်အဖြစ် ဘုရားသခင် ဖန်ဆင်းထားတဲ့အတွက် ဒါဟာ လူသားတိုင်းလိုက်နာရမဲ့ လောကပါလ တရားဖြစ်တယ်လို့  ဘိုင်ဘယ်ကျမ်းကို ကိုးကားပြီး လူလူချင်း ကျွန်လုပ်နေခဲ့တာကို သတိရမိတယ်။

    ဘုရားသခင်က ချမှတ်ထားတဲ့ ဒီသဘာဝတရားကြီးဟာ ကျေးကျွန်တွေရဲ့ အကျိုးစီးပွါးအတွက်လည်းဖြစ်တာမို့ ဆန့်ကျင်ရင် သဘာဝလောကကြီး ဖေါက်လွှဲဖေါက်ပြန်ဖြစ်ပြီး ကပ်ဆိုးတွေ ကျနိုင်တယ်လို့လည်း ဆိုခဲ့ကြတယ်။ ဟိန္ဒူတွေရဲ့ လူတွေကို အမျိုးအနွယ် ဇာတ်အရ အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ အဆင့်အတန်း ခွဲခြားထားခြင်းစနစ်နဲ့လည်း ထပ်တူဖြစ်ပါတယ်။

    “Slaves, obey your earthly masters with fear and trembling” (Ephesians 6:5). “Tell slaves to be submissive to their masters and to give satisfaction in every respect” (Titus 2:9).

    According to Robert Dabney (1820-1898), it was part of God’s natural order in a fallen world that ‘superior’ races should enslave ‘inferior’ races for their own spiritual, moral and material good, and for the social stability of everybody else.

    ကျွန်ဟာ ကျွန်နေရာမှာနေရင် လောကကြီးက တည်ငြိမ်မယ်။ ပဋိပက္ခတွေကို ရှောင်ကြဉ်နိုင်မယ်ဆိုတာကို တိုက်ရိုက်ဘဲဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဘဲဖြစ်ဖြစ် ယနေ့ ကမ္ဘာပေါ်မှာ ယဉ်ကျေးတဲ့ မည်သည့်လူသားကမှ မပြောကြတော့ပါဘူး။ သို့သော် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က ရိုဟင်ဂျာတွေက ကိုယ့်နေရာမှန် အခစား၊ အစေခံ၊ ကျွန်က ကျွန်နေရာမှာ မနေလို့ အခုလို သတ်ပွဲ၊ သေပွဲတွေဖြစ်ရတယ်လို့ အဓိပ္ပါယ်ကောက်ယူရင် ကောက်ယူလို့ရနိုင်တဲ့ စကားမျိုးကို ဘာဖြစ်လို့ ရေးသားလိုက်ရသလဲဆိုတာကို ကော်မရှင်အဖွဲ့ဝင်များ အဖြေပေးဖို့လိုပါမယ်။ ဒီအချက်ကို ဘာရည်ရွယ်ချက်နဲ့ ထည့်သွင်းရေးသားခဲ့ရတာလဲ။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာရဲ့ ဘယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ထင်လို့ ဒီအချက်ကို ဖေါ်ပြခဲ့ရတာလဲ။ ဒီလိုရေးသားမှုမျိုးဟာ ပဋိပက္ခတွေဖြစ်နေတဲ့ လူမျိုးနွယ်နှစ်စု ပြန်လည်သဟဇာတဖြစ်ရေးကို ဘယ်လိုအထောက်အကူပြုနိုင်တယ်လို့ မဟာညာဏ်ကြီးရှင် ကော်မရှင်အဖွဲ့ဝင်လူကြီးများက ယုံကြည်ပြီး ထည့်သွင်းခဲ့ရတာလဲ။

    ဒေါက်တာမျိုးမြင့်၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးကိုကိုကြီးအပါအဝင် ကော်မရှင်လူကြီးမင်းများကို “လူကို လူအဖြစ် မမြင်နိုင်ဘူးဆိုရင် လူအဖြစ်ကို တစ်ကယ် ဆုံးရှုံးသွားတာက ဘယ်သူလဲ”လို့ မေးမြန်းချင်လှပါတယ်။ ကိုယ်ဖေါ်တဲ့ဆေး၊ ကိုယ်မစားရဲဘူးဆိုရင် သမိုင်းဆိုတဲ့ တရားသူကြီးက ဘက်မလိုက်ဘူး၊ လာဘ်ထိုး လို့ မရဘူး၊ မညှာတတ်ဘူး ဆိုတာကိုတော့ သတိပေးလိုက်ချင်ပါတယ်။

    စစ်အစိုးရအဆက်ဆက်တွေက ရိုဟင်ဂျာတွေကို အဖိုးအဖွား၊ အဖေအမေနဲ့ သားသမီး၊ မြေးမြစ်တိုင်အေင် အိမ်ထောင်စုစာရင်း တမင်ခွဲမပေးဘဲ တစ်ခုတည်းထားပြီး လူဦးရေပေါက်ဖွားနှုံးများတယ်လို့ လည်ဆယ် စွပ်စွဲခဲ့ကြတယ်။ မြန်မာပြည်မှာ ကြိုက်တဲ့လူမျိုးကို အခုရိုဟင်ဂျာတွေလို မိသားစုလေးဆက်လောက် အိမ်ထောင်စုစာရင်း တစ်ခုတည်းထားပေးရင် ဒီလိုဖြစ်နေမှာဘဲဆိုတာကို စာနာတရားထားပြီး စဉ်းစားနိုင်တဲ့ စွမ်းရည်လည်း ကော်မရှင်မှာ ရှိဟန်မတူဘူး။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ ရခိုင်ကော်မရှင်က အစီရင်ခံစာထဲမှာ မြေနိမ့်ရာ လှံစိုက်ပြီး ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုံးများလွန်းတယ်လို့ စစ်အစိုးရလေအတိုင်း သံယောင်လိုက် အပြစ်တင်စွပ်စွဲလိုက်ခြင်း ဖြစ်ဟန်တူပါတယ်။ မိသားစု စီမံကိန်း သဘောမျိုးနဲ့ ပညာပေးတာမျိုးကို ကျနော်တို့ လက်ခံပါတယ်။ သို့သော် လူကို လူအဖြစ်မြင်ဖို့လိုပါတယ်။

    နှိမ့်ချအထင်သေးတဲ့အမြင်(Stereotype)နဲ့ မချဉ်းကပ်သင့်ဘူး။ ရိုဟင်ဂျာတွေကို လူ့မျိုးဆက်တစ်ဆက် (One Generation)ကျော် အသက်၁၈နှစ်ပြည့် တာတောင် လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် မရှိ။ လက်ထပ်လိုရင် လျှောက်လွှာတင်ရတာ၊ လာဘ်ထိုးရတာ၊ လက်ထပ်ခွင့် မရှိဘဲ လက်ထပ်သူတွေကို ထောင်ချပစ်တာ၊ မိသားစုတစ်ခုကို ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတာတွေနဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြားက ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုန်း များတယ်လို့ ပြောချင်သေးရင် မူလက လူဦးရေ ဘယ်လောက်ရှိခဲ့တယ်။ အခု ဘယ်လောက်ရှိပြီမို့ လူဦးရေ တိုးပွါးနှုန်း ဘယ်လောက်ဖြစ်နေတယ် ဆိုတာကို ကိန်းဂဏန်းတွေနှင့် ဖေါ်ပြဖို့ လိုအပ်တယ်ဆိုတာလောက်တောင် မသိဆိုးရွားနိုင်လှတဲ့ သနားစရာ အသုံးချခံ ခပ်ချာချာ ပညာတတ် ရခိုင်ကော်မရှင်ဟာ အရပ်ထဲ ရွာရိုးလျှောက် ထင်ရာမြင်ရာ အတင်းလိုက်တုတ်တဲ့ အမယ်အိုကြီးအဆင့်ဘဲရှိနေတာကို မြင်ရတာ စိတ်မကောင်းစရာပါ။

    လူရာချီ အသတ်ခံရ၊ သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ရိုဟင်ဂျာတွေကို မျိုးရိုးနဲ့ချီ၊ သမိုင်းနဲ့ချီပြီး ခိုးဝင်လာသူတွေ၊ အောက်တန်းစားတွေ၊ အကြမ်းဖက်လို သူတွေ၊ ကော်မရှင်ကို လိမ်သူတွေအဖြစ် အခွင့်ရတိုင်း မညှာမတာ အတုံးလိုက် အတစ်လိုက် ထိုးနှက်ထားတာက အစီရင်ခံစာတစ်ခုလုံးမှာ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ဗလပွ ပွစာကြဲနေပါတယ်။ ရခိုင်တွေဘက်ကျတော့ အစွန်းရောက်အုပ်စု ကွက်ကွက်ကလေးကိုတောင် ယောက္ခမနို့ သမက် မစို့ဝန့်သလို ရွှေဖေါ့ရိုးနဲ့ မဝံ့မရဲ ရွယ်ထားတာလောက်ကိုပင် သန်းရှာသလို အတော်လေး ဖြဲရဲရှာယူရတယ်။ ဒါတောင် ကော်မရှင်က မျှမျှတတဝေ ဖန်ထားပါတယ်ဆိုတာကို သက်သေပြနိုင်အောင် မကောင်းတတ်လွန်းလို့ ဘုရားစူးလွတ်၊ မိုးကြိုးပစ်လွတ် ထည့်ပေးလိုက်ရဟန်တူပါတယ်။

    ဦးကိုကိုကြီးက ကျနော်တို့ မျှမျှတတ ဘက်ပေါင်းစုံက ထည့်သွင်းထားပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ၁၈၆၁မှာ ဖြစ်ခဲ့တဲ့ ကျွန်တွေ လွတ်မြောက်ရေး အမေရိကန်ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Abraham Lincoln က My concern is not whether God is on our side. My greatest concern is to be on God’s side. ပြောခဲ့တယ်။ ဦးကိုကိုကြီးတို့ ကော်မရှင်အဖွဲ့ဝင် လူကြီးမင်းများအနေနှင့် အမေရိကန်သမ္မတကြီး အဗရာဟင်လင်ကွန်းနဲ့ ပြောင်းပြန်ဖြစ်တဲ့ မှန်တဲ့ဘက်မှာ မှန်တဲ့အတိုင်း ရပ်တည်ရဲဖို့ထက် ကိုယ်လုပ်ခဲ့တာကို မှန်ကြောင်းသက်သေပြဖို့ ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း ကြိုးစားနေတာကို တွေ့နေရတဲ့အတွက် သနားစရာတောင် ကောင်းနေပြန်ပါတယ်။ ဘယ်သူမပြု မိမိမှုပါ ဦးကိုကိုကြီး။ ကိုယ်စိုက်တဲ့အပင်ပဲ ကိုယ်ရိပ်ရမှာပါ။ လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ်ရေးရပါတယ်။

    အတ္တာဟိ အတ္တနော နာထော။

    မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ခလေးငယ်တွေအပါအဝင်၊ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုတွေမှာ အစိုးရ အုပ်ချုပ်ရေးအဆင့်ဆင့်တွေ၊ နစက၊ လုံထိန်းတွေရဲ့ ပါဝင် ကျူးလွန်မှုတွေကို ဗီဒီယိုကင်မရာ အထောက်အထားတွေ အရကော၊ မျက်မြင်သက်သေများအရပါ အထင်အရှားရှိနေခဲ့တာကို ကော်မရှင်က စုံစမ်းဖေါ်ထုတ်ခဲ့ပါသလား။ အထိကရုန်းဖြစ်စဉ်မှာ တာဝန်ရှိတဲ့ စစ်ဖက်၊ နယ်ဖက်အရာရှိတွေကို စုံစမ်းရေးကော်မရှင်က မစစ်ဆေးနိုင်အောင် ဦးသိန်းစိန်အစိုးရက နယ်ပြောင်းပစ်တာကိုကော ကန့်ကွက်ဘူးပါသလား။ RNDP အပါအဝင် ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လူမျိုးရေး မုန်းတီးမှုတွေ ပြန့်ပွါးအောင် လူသိရှင်ကြား မိန့်ခွန်းတွေပြော၊ စာရွက်စာတန်းတွေထုတ် လှုံ့ဆော်ခဲ့ကြတာကိုကော  ထိထိရောက်ရောက် အရေးယူပေးဖို့လိုအပ်တယ်လို့ အစိုးရကို ထောက်ခံတင်ပြခဲ့ပါသလား။ နိုင်ငံတကာ သတင်းထောက်တွေက အထောက်အထားနဲ့ ထောက်ပြထားတဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး မြှုပ်နှံထားတဲ့ကျင်းတွေကို ပြန်လည်တူးဖေါ်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ဘူးပါသလား။   ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အုပ်ချုပ်ရေးစတဲ့ မြန်မာ့လူ့အဖွဲ့အစည်းက ရှိရှိသမျှ ကဏ္ဍအသီးသီးမှာ ရာစုနှစ်တစ်ဝက်ကျော်လောက် ရက်ရက်စက်စက် အချိုးနှိမ်၊ အပစ်ပယ်ခံထားရလို့ အဖက်ဖက်က အောက်ကျနောက်ကျဖြစ်နေရတဲ့  လူ့မျက်နှာမွဲ ရိုဟင်ဂျာတွေကို လူလိမ်၊ လူညစ်၊ အကြမ်းဖက်သမား၊ လူရိုင်းတွေအဖြစ် မညှာမတာ ရက်ရက်ရောရော ပုံဖေါ်နေခဲ့တဲ့ ခြင်္သေ့အတုကော်မရှင်က ခြင်္သေ့ အစစ်နဲ့တွေ့တဲ့အခါ ယုန်ကလေးဖြစ်သွားပြီး နှာစေး သွားဟန်တူပါတယ်။ စုံစမ်းရေးကော်မရှင် တစ်ရပ်ရဲ့ အင်္ဂါရပ်နှင့် ညီညွတ်အောင် မလုပ်ဆောင်နိုင်ဘဲ ငြိမ်းချမ်းရေးစင်တာမှာ ခပ်တည်တည် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဝင် လူကြီးတွေဟာ ပြည်တွင်းမှာ အစိုးရအားကိုးနဲ့ အိမ်ကျယ်လုပ်နိုင်ပေမဲ့ နိုင်ငံတကာ မျက်နှာစာမှာ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ဆင်မြန်းထားတဲ့ ပြည့်ရှင်မင်းလို လဇင်းကျွတ်ကြီး ငေါင်းတောင်းတောင်း ဖြစ်နေတာကိုလည်း သတိထားမိကြဟန် မတူဘူး။

    မည်သို့ပင်ဖြစ်စေကာမူ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ကို အလုပ်အကျွေးပြုမဲ့ ပညာတတ်အုပ်စုဆိုတာကို အရင်ကလည်း အမြဲတမ်း လွယ်လွယ်ကူကူ ရှာဖွေ အသုံးချနိုင်ခဲ့သလို အခုလည်း အရင်အတိုင်း အလျှံပယ်ရနေတာပါဘဲဆိုတာကို ရခိုင်ကော်မရှင်က သက်သေပြလိုက်တာပါဘဲ။

    ကော်မရှင်ရဲ့ ယေဘုယျ တင်ပြချက်တွေ၊ အကြံပြုချက်တွေမှာ ကောင်းမွန်တာတွေရှိပေမဲ့ အစီရင်ခံစာတစ်ခုလုံးက (၁) ဦးသိန်းစိန်အစိုးရကို အကာအကွယ်ပေးရန်
    (၂) ရခိုင်အစွန်းရောက်အုပ်စုကို မထိခိုက်စေရန်
    (၃) ရိုဟင်ဂျာများကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန် ဆိုတဲ့

    ဒို့တာဝန်အရေးသုံးပါးကိုတော့ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တာကို အထင်အရှား တွေ့ရတယ်။

    တစ်ကယ်တော့ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဦးသိန်းစိန်ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေအားလုံးအတွက် မသာခေါင်းကို နောက်ဆုံးရိုက်သွင်းလိုက်တဲ့ သံတစ်ချောင်းနဲ့လည်း အလားသဏ္ဍန်တူပါတယ်။ ဒီလိုပုံမျိုးနဲ့ဆို ဦးသိန်းစိန်အစိုးရက နောင်အနာဂတ်မှာ ကော်မရှင်ဆိုတာများဖွဲ့ရင် မျက်နှာပြောင်တိုက် ပါဝင်ရဲသူများဟာ အာဂယောင်္ကျားများသာ ဖြစ်ပေလိမ့်မယ်။

    သို့သော် ဒို့နိုင်ငံမှာက အာဂယောင်္ကျားတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများလှတာမို့ – ကိုလွှမ်းမိုးရေ – ကျနော်တို့တွေ အမျိုးအတွက် ငိုနေရတာတွေက တာရှည်အုံးမှာပါဗျာ။

    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။