News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြားချက်

    ဧပြီ-၁၈ -၂၀၁၃
    ရိုက်တာ

    Myanmar's pro-democracy leader Suu Kyi delivers a speech during a meeting with a group of Myanmar citizens residing in Japan, in Tokyo

    မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။

    လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

    ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။

    “ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

    မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။

    “ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေတယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ် ” ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

    တိုကျိုတက္ကသိုလ်၌ ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ် – မိမိသည် မှော်ဆရာတစ်ဦး မဟုတ်သဖြင့် ကာလကြာရှည် အငြင်းပွားနေရသော လူမျိုးရေးကိစ္စကို ဖြေရှင်းပေးရန် မလွယ်ကူသေးဟု ဒေါ်စုကြည်မှ ပြန်လည်ဖြေဆိုခဲ့သည်။

    “ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့က အရေးအကြီးဆုံးပါဘဲလို့ ကျွန်မ (အမြဲ) ပြောနေခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း – ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ် ”

    “ လူတွေကြားထဲမှာရှိနေတဲ့ ဒီကွဲလွဲမှုတွေကို ဘယ်လိုပျောက်အောင် လုပ်မလဲလို့ သူတို့က ကျွန်မကိုပြောစေချင်တယ်။ ကျွန်မက မှော်ဆရာ မျက်လှည့်ဆရာ မဟုတ်ဘူးလေ။ ဟုတ်ခဲ့ယင်တော့ ပျောက်စေလို့ ပြောမိမှာပါဘဲ။ ခြားနားကွဲပြားမှုတွေကို အဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီထဲမှာ အမြင်မတူသူတွေ အတူတကွ ထိုင်လို့ အယူအဆချင်း ဖလှယ်နိုင်ရပါမယ်။ ပြီးတော့ ကျွန်မတို့အကြား တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်းသားတို့အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ှSource: Reuters

  • နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

    နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

    ဧပြီ -၁၈ ၊၂၀၁၃
    M-Media
    သတင်း-နေမင်း

    ၁၃၇၅ ခု နှစ်ဆန်းတစ်ရက်နေ့ (၁၇.၄.၂၀၁၃) ဗုဒ္ဓဟူးနေ့ ညနေ (၅း၀၀)နာရီအချိန်တွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဌောဘုရား အင်္ဂါထောင့်၌ နှစ်ဦးမင်္ဂလာ ကမ္ဘာသူကမ္ဘာသားများအတွက် မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရှိ လူ့အခွင့်အရေး ချစ်မြတ်နိုးသူများအဖွဲ့မှ ဘာသာပေါင်းစုံ စုပေါင်း၍ နှစ်ဦးဆုတောင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ကြွရောက်လာကြသူများမှ ဆုတောင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အခုလို ပြောကြားသွားခဲ့ကြပါသည်။

    ” ကျွန်တော်တို့အခု ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရခြင်းရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေကြတဲ့ အားလုံး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး အခုနှစ်ဦးအစ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာပြည်အေးချမ်းစေချင်တယ်၊ ၀ပြောစေချင်တယ် အားလုံး ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့ (၇)ရက်သားသမီးတွေနေထိုင်တဲ့ ဒီတိုင်းပြည်ကြီး အေးချမ်းစေချင်တယ်။ ဘာသာမရွေးအားလုံး ညီအစ်ကိုမောင်နှမတွေ တစည်း တစ်လုံးတည်း နေစေချင်တဲ့ သဘောနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တို့ရဲ့ အားကိုးရာကတော့ တို့မြန်မာလူမျိုးများမှာတော့ ဘုရား၊ တရား၊ သံဃာသာလျှင် အားကိုးဖွယ်ရာရှိပါတယ်။ ဒါကြောင့် အားကိုးရာဖြစ်တဲ့ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးရဲ့ထံမှာ အခုဒီရွှေမုဓောစေတီတော်မြတ်ကြီးရဲ့ အင်္ဂါထောင့်မှာ လာရောက်ပြီးတော့ ဆုတောင်းပွဲကျင်းပတာဖြစ်ပါတယ်။” လာရောက်ဆုတောင်းခဲ့တဲ့ ဗုဒ်ဓဘာသာဝင် တယောက်မှ ပြောကြားခဲ့တာဖြစ်ပါသည်။

    “၁၃၇၄ ခုနှစ်မှ ၁၃၇၅ ခုနှစ်သို့ ကူးပြောင်းတဲ့ ဒီနှစ်သစ်မှာ တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူများဟာ မိမိတို့ ကိုးကွယ်သည့် ဘာသာ အလျောက် မြတ်သောမင်္ဂလာ အကျင့်အကြံများနဲ့ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာအကျိုးတို့ကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော်တို့ လူအခွင့်အရေး မြတ်နိုးသူများအဖွဲ့မှ ဆုတောင်းလိုက်ပါတယ်။”

    ” ဒီနေ့ နှစ်သစ်မင်္ဂလာနေ့မှာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဟာ အငြိုး၊ အမုန်း၊ အာဃာတများကိုမထားပဲ နှစ်ဆန်းမှာ ညီအစ်ကိုမောင်နှမရင်း သဖွယ် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”

    ” ကျွန်တော်ကတော့ နိုင်ငံအတွင်းမှာရှိကြတဲ့သူများဟာ အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ် ထားကြဖို့ပဲလိုပါတယ်။ ပြဿနာဖြစ်လာတဲ့အခါ အချင်းချင်းပဲ ဖြေရှင်းကြတာကောင်းပါတယ်။ အပြင်က ၀င်လာတာမကောင်းပါဘူး။ ဒါကြောင့် ပြဿနာဆိုတာ အချင်းချင်းမဖြစ်ကြရင် အကောင်းဆုံးပါပဲ။”

    ” ကျွန်တော်တို့အခုလုပ်တဲ့ပွဲဟာ နိုင်ငံအတွင်းမှာရှိကြတဲ့ ဘာသာပေါင်းစုံများ ညီညီညွတ်ညွတ် နေထိုင်နိုင်ကြဖို့ ကျွန်တော်တို့ လူအခွင့်အရေးမြတ်နိုး သူများအဖွဲ့မှ ပေါင်းစုပြီး ဆုတောင်းကြတာဖြစ်ပါတယ်။”

    ” အစ်ကိုက ဘိုးတော်ဝင်းနိုင်ပါ။ ဒီအင်္ဂါထောင့်ဟာ အစ်ကိုတို့ လူအခွင့်အရေးမြတ်နိုးကြသူများအဖွဲ့ရဲ့ အမြဲတမ်း ၀တ်ပြုဆုတောင်းနေကြနေရာလေးပါ။ အမေစုရဲ့မွေးနေ့အမှတ်တရ ဒီနေရာလေးမှာ အမြဲတမ်း လုပ်ဖြစ်တာပါ။ ဆုတောင်းရတဲ့အကြောင်းအရင်းကတော့ ကိုယ့်နောင်တော်တွေပြောသွားသလိုပဲ တို့နိုင်ငံမှာ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲဖြစ်စေချင်ပါတယ်။ ကဗျာဆရာကြီးအန်ကယ်ပွင့်ပြောသလို လက်နက်သံမကြား လို့ ငြိမ်းချမ်းတယ်လို့ ထင်နေကြတယ်။ လက်နက်သံကြားမှ မငြိမ်းချမ်းတဲ့နေရာလို့ထင်ကြတယ်။ အစ်ကိုတို့ ဒီပုသိမ်မြို့မှာလည်း လက်နက်သံမကြားပေမယ့် ငြိမ်းချမ်းတယ်လို့ မထင်ပါနဲ့။ လူတိုင်းလူတိုင်းဟာ တော်တော် လေးကို အခက်အခဲတွေဖြစ်နေကြတယ်။ လယ်သမားတွေဆို တော်တော်လေးကိုအခက်အခဲရှိတယ်။ ဒီလယ်သမားတွေကြောင့် အစ်ကိုတို့ ရှင်သန်နေကြရတယ်။ အမျိုးဘာသာထွန်းကားအောင်လုပ်တယ်ဆိုတာ ငွေရေးကြေးရေးတွေလိုကြတယ်။ အခု လယ်သမားတွေ လယ်တွေအသိမ်းခံထားကြရတယ်။ အစိုးရကလည်း သိမ်းသလို အစိုးရနဲ့ပူးပေါင်းပြီး သိမ်းထားတာတွေလည်းရှိတယ်။ အာဏာရှင်နဲ့ ဓနရှင် ပူးပေါင်းသိမ်းတာပေါ့။ အစ်ကိုတို့ အခုဆို ငပုတောမြို့နယ်ထဲမှာဆိုရင် ကြိမ်ချောင်းတို့၊ သဲချောင်းတို့ စသည်အားဖြင့် အစ်ကိုတို့ လယ်သမားတွေ အတွက် ဆောင်ရွက်ပေးနေရတာတွေရှိတယ်။ ဒါကြောင့် အခုလိုအစ်ကိုတို့ပေါင်းစုပြီး ဘာသာပေါင်းစုံ စုံစုံညီညီနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြတာဖြစ်ပါတယ်

  • မြောင်းမြရွှေလောင်းရွာတွင် အစ္စလာမ် မုန်းတီးရေး စာများဖြန့်ဝေ ဝါဒဖြန့် ၊ ယနေ့ညနေ ၉၆၉ တရားပွဲ ပြုလုပ်ရန်ရှိ

    ဧပြီလ ၁၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    Shwelaung, Myaungmya, Ayeyarwady, Burma
    ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ရွှေလောင်းကျေးရွာတွင် ဧပြီလ(၁၈)ရက်နေ့၊ ည(၇)နာရီ (၃၀) မိနစ်တွင် “ငါတို့ အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည် ” ခေါင်းစဉ်ဖြင့် ၉၆၉ တရားပွဲ ကျင်းပပြူလုပ်မည် ဖြစ်ကြောင်းနှင့် ထိုတရားပွဲ မတိုင်မီ ရက်များက တရွာတည်းနေ ပြည်သူများ သွေးကွဲစေမည့်၊ အမြင်စောင်း စေမည့် လုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း ၎င်းကျေးရွာနေ ပြည်သူတစ်ဦးထံမှ သတင်းရရှိသည်။

    အဆိုပါ တရားပွဲ ကို မော်လမြိုင်မြို့မှ ဆရာတော်များ အပါအ၀င် သံဃာတော်အပါး ၅ ပါးမှ ဟောကြားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းကျေးရွာရှိ ငွေကြေး ပြေလည်သော လူအချို့မှ  ဦးဆောင်၍ ၉၆၉ အဖွဲ့ကို မတ်လအတွင်းက စတင် အစည်းအဝေး အကြိမ် ကြိမ် ပြုလုပ်ကာ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ တရားပွဲမှာ ယခု ပထမဆုံး ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ၊ကျေးရွာရှိ ပညာတံခွန် ကျောင်းတိုက်လည်း ပါဝင် ဆောင်ရွက်ကြောင်း သိရသည်။

    “ တနေ့က လေးထပ်ကျောင်းက သံဃာတော်များ နေ့ခင်း ၂နာရီလောက်က ဆွမ်းခံထွက်ပါတယ်။ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ချိုးတူးဆိုတဲ့ အစ္စလာမ် ဘာသာဝင်လူငယ်တစ်ယောက်က ပုလင်းနဲ့ ပေါက်ပါတယ် ဆိုပြီး ၀ါဒဖြန့်တယ်။ အဲဒီ့ မဟုတ်မဟတ် သတင်းကို လုပ်ကြံပြောပြီး ၀ါဒဖြန့်တာက ကိုကျော်စိုး၊ ကိုစိုးသိန်း(၂လုံး၊၃လုံး ချဲရောင်းသူ၊ ထောင်ကျဖူး) တို့က လျှောက်ပြီး ၀ါဒ ဖြန့်ကြတယ်။တဆက်တည်း သူတို့တွေက မိထ္ထီလာမှာ ဖြစ်တာတွေက ကုလားတွေက ဗလီတွေကို တစ်ထပ်ကနေ နှစ်ထပ် သုံးထပ် ဆောက်ချင်လို့ ကိုယ့်ပါကိုယ် မီးရို့ပြီး ထွက်ပြေးကြတာ၊ မြောက်ကိုးရီးယား နဲ့ တောင်ကိုးရီးယား ချတာ ကြည့်မကောင်းဘူး၊ မြန်မာနဲ့ ကုလား ချတာမှ ကြည့်လို့ကောင်းတာ လို့ ပြောကြတယ်

    ရွာထဲက လ္ဘက်ရည်ဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အစ္စလာမ် ကောင်လေး တစ်ယောက် ရှိတယ်။ သူ့ကို သူ့ဆိုင်ရှင်က ဒီနေ့ မှာလိုက်တယ်တဲ့။ မနက်ဖြန် ကို ညနေ ၆နာရီကျော်ရင် အိမ်ထဲကနေ အိမ်ပြင် မထွက်နဲ့တဲ့၊ မင်းအတွက် ပြောတာလို့ ပြောတယ်တဲ့ ။ ဧပြီလ ၁၅ရက်နေ့တုန်းကလည်း တစ်ဘာသာနဲ့ တစ်ဘာသာ ချစ်ခင် လေးစားမူကို ပျက်ပြားစေတဲ့ စာတွေ ဝေပါတယ်။ အဲဒီ စာတွေဝေတဲ့ ကမ်းတဲ့ အထဲမှာ ကျွန်တော်တို့ ရွာက မဟုတ်တဲ့ ဘုန်းကြီးတွေ ၊ လူတွေ လည်း ပါပါတယ်။ အခုဆို အရင်က တစ်ရွာတည်းနေ တစ်ရေထဲ သောက်ပြီး ညီနောင်တွေလို ချစ်ခင်စွာ နေနေရာကနေ အခုတော့ သူစိမ်းတွေလို ကျွန်တော်တို့ကို ပြောင်းလဲ ဆက်ဆံလာကြပါတယ် ခင်ဗျား ” ဟု ကျေးရွာနေ ပြည်သူတစ်ဦးမှ M-Media သို့ ပြောသည်။

    ရွှေလောင်းကျေးရွာတွင် ဗုဒ္ဓဘာသာ အိမ်ခြေ (၁၂၆၆) အိမ်၊ အစ္စလာမ်ဘာသာဝင် အိမ်ခြေ (၁၀၀) နီးပါးတို့ ချစ်ချစ်ခင်ခင် ရင်းနှီးစွာ အတူယှဉ်တွဲ၍ နေထိုင်ကြကြောင်း သိရသည်။အဆိုပါ ကျေးရွာတွင် ရွှေလောင်းဈေးထိပ် အနီးတွင် ဗလီဝတ်ကျောင်း တစ်လုံး ရှိကြောင်း သိရသည်။

  • မမေးလည်းဖြေ ၁၇- အစ္စလာမ်က အိမ်ထောင်ပြုပြီး သားဖောက် သာသနာပြုခိုင်း ထားတယ်တဲ့လား?

    မမေးလည်းဖြေ ၁၇- အစ္စလာမ်က အိမ်ထောင်ပြုပြီး သားဖောက် သာသနာပြုခိုင်း ထားတယ်တဲ့လား?

    ဧပြီ ၁၇ ၊ ၂၀၁၃
    သဲတပွင့်
    M-Media

    အစ္စလာမ်သာသနာနှင့်စပ်လျဉ်း၍ မှိုင်းတိုက်ဝါဒဖြန့်ကြသည့် စွပ်စွဲချက်တစ်ရပ်မှာမွတ်စလင်မ်များက ၇၈၆ ကိန်းဂဏန်းအား အသုံးပြုကြခြင်းသည် ၂၁ရာစုတွင် အစ္စလာမ်သာသနာ မြန်မာတွင်လွှမ်းမိုးရန်ဖြစ်ပြီးထိုသို့ဖြစ်လာစေရန် အကောင်အထည်ဖော်သည့်အနေဖြင့် ဘာသာခြား တိုင်းရင်းသူတို့အား သိမ်းသွင်းဖြားယောင်း လက်ထပ်ကြကာ မယားအများအပြားယူလျက် သားဖောက်သာသနာပြုကြရန် အစ္စလာမ်သာသနာက ညွှန်ကြားထားကြောင်း၊လက်တွေ့ အကောင် အထည်ဖော်ကြသူများအား တိုင်းရင်းသူ အမျိုးသမီး၏ အဆင့်အတန်းအလိုက် ထောက်ပံ့ဆုကြေးများကို ဗလီများမှတဆင့် ချီးမြှင့်ကြကြောင်း အစရှိသည့် အိမ်ထောင်ရေးနှင့် ပတ်သက်သောစွပ်စွဲချက်ဖြစ်သည်။ တရားဟောစင်မြင့်ထက်မှ အသံချဲ့စက်သုံးကာ ကျယ်ကျယ်ပြန့်ပြန့် မတရား ဟောခြင်းဖြင့် လည်းကောင်း၊ DVDခွေများ ဖြန့်ဝေရောင်းချဖွင့်ကြခြင်းဖြင့်လည်းကောင်း၊ စာအုပ်စာတမ်းများ ယခင်ကလက်သိပ်ထိုးအဆင့်မှ ယခုအခါ ပေါ်ပေါ် ထင်ထင်ဖြန့်ဝေခြင်းဖြင့်လည်းကောင်း၊ အင်တာနက် စာမျက်နှာများမှလည်းကောင်း၊ တစ်ဆင့်စကားတစ်ဆင့်နား၊ သက်ကြီးစကား သက်ငယ်ကြား ကြရခြင်းဖြင့် လည်းကောင်းနေရာမျိုးစုံ ကဏ္ဍစုံမှ ဝေဝေဆာဆာ ဝါဒမှိုင်းတိုက်ကြလျက်ရှိရာ ထိုစွပ်စွဲချက်ကို စူးစမ်းဆင်ခြင်ခြင်း မပြုကြတော့ဘဲအမှန်ဟု ထင်မြင်မှတ် ယူထားကြသူများတွင် အသိတရားရှိသူ ခေတ်ပညာတတ်များ၊ စီးပွားရေးလူမှုရေး ဦးစီးဦးဆောင်ပြုနေကြသူများပင် အမြောက်အမြား ပါဝင်နေသည်ကို လက်တွေ့ကြားသိရတော့ သိပ်မထူးဆန်းမိတော့။ ဗမာပြည်သူပြည်သားများက ယုံလွယ်သည်ကို အခွင့်ကောင်းယူလျက် ကြိမ်ဖန်များစွာ ကြားရစေခြင်းဖြင့်နှလုံးသားထဲ အသိတရားထဲ နက်နက်နဲနဲတိုင်အောင် လိုသလို ပုံသွင်းခံခဲ့ကြရရှာလေပြီ။ ဘာသာခြားနှင့်လက်ထပ်သူ မွတ်စလင်မ် အနည်းငယ် တွေ့ကြုံကြားသိရတော့လည်း ထိုသူတို့၏မှိုင်းတိုက်မှုကို သံသယ ပါးပါးလေးပင်မဝင်မိတော့ဘဲဤအတိုင်းသာ ရာနှုန်းပြည့် အမှန်ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်လိုက်ကြသည်။ ထို့အတွက် အစ္စလာမ်က လမ်းညွှန်ထားသော အိမ်ထောင်ရေးအကြောင်းကိုရှင်းပြလိုပါသည်။

    (“၇၈၆” အကြောင်းတော့ အခြားနေရာများတွင် အသေးစိတ် ရှင်းလင်းထားကြပြီးဖြစ်ရာထပ်မံမပြောလိုတော့။ မသိသေးသူ ဖတ်နိုင်ရန်အတွက်ရည်ရွယ်လျက် အောက်ခြေတွင် link ပေးထားပါမည်။)

    အစ္စလာမ့်ဘဝတည်ဆောက်မှုလမ်းစဉ်၏ သွန်သင်ချက်အရထိမ်းမြားလက်ထပ်ခြင်းသည် မလုပ်မနေရတာဝန်တစ်ရပ် မဟုတ်သော်လည်း လူ့အဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ်ရှုမြင်ပါသည်။ လက်ထပ်ထိမ်းမြားမှုမှတဆင့် တည်ငြိမ်အေးချမ်းခြင်း၊ အပြန်အလှန် တာဝန်ယူမှုနှင့်ကာကွယ်မှု ရယူပေးဝေနိုင်စေခြင်း၊ ရောင့်ရဲနှစ်သိမ့်တတ်ခြင်း၊ စိတ်နှင့်ဝိဥာဉ်အတွက် အင်အား၏အရင်းအမြစ်တစ်ရပ်ရစေခြင်း၊ သန့်စင်သောမျိုဆက် တည်ထောင်နိုင်ခြင်း စသည့် ကောင်းကျိုးများရနိုင်စေသည်ဟုရှုမြင်ပါသည်။ ထို့အတွက်ကြောင့် အရွယ်ရောက်ပြီးသူတိုင်း စိတ်ပိုင်းဆိုင်ရာ ပြည့်ဝသူတို့အားလူပျိုအပျိုများကိုသာမက အိမ်ထောင်ကွဲများ၊ မုဆိုးဖိုမုဆိုးမများကိုပင် အိမ်ထောင်သစ်ပြုကြရန်တိုက်တွန်းထားပါသည်။ (ကျမ်းမြတ်ကုရ်အာန် ၂း၁၈၇၊ ၄း၂၄-၂၅၊ ၇း၁၈၉၊ ၃၀း၂၁၊ ၄း၃၊ ၂၄း၃၂)

    အစ္စလာမ်တွင် ဘုန်းကြီးစနစ်မရှိသောကြောင့်လူသားတိုင်း အိမ်ထောင်ပြုခွင့်ရှိပြီး မဟာလူသား ပုဂ္ဂိုလ်ကြီးများ အားလုံးသည်လည်း မိခင်ဝမ်းကြာတိုက်မှတစ်ဆင့်ပွင့်ပေါ်ရောက်ရှိခဲ့ရသည့်အတွက် သားအိမ်ရှင်မိခင်တို့၏ အဆင့်အတန်းနှင့် အိမ်ထောင်ပြုခြင်း၏အကျိုးဆက်ကိုတန်ဖိုးထားပါသည်။

    ထို့အတွက်ကြောင့် အိမ်ထောင်ပြုခြင်းသည်လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးဖြစ်ရာ မိသားစုများ ပူးပေါင်း၍ လောကကို အလှဆင်ကြစေရန်အတွက် ထိမ်းမြားလက်ထပ်မှုကြောင့်ဆွေမျိုးတော်စပ်မှုကို သွေးသားအရ ဆွေမျိုးတော်စပ်မှုကဲ့သို့ပင် အလေးထားရန် ညွှန်ကြားထားပါသည်။(ကျမ်းမြတ်ကုရ်အာန် ၂၅း၅၄)

    (ကိုးကား – နိကာဟ် အစ္စလာမ့်ထိမ်းမြားခြင်း – အလ်ဟာဂ်ျမုဖ်သီ ဒေါက်တာ မြင့်သိန်း)

    ဆိုလိုသည်ကား အိမ်ထောင်ပြုခြင်းသည်သက်ဆိုင်သူ နှစ်ဦးနှစ်ယောက်တည်းအရေးမဟုတ်ဘဲ ဆွေမျိုးသားခြင်းလူ့အဖွဲ့အစည်းနှစ်ရပ်ပူးပေါင်းသည့်အရေးဟု ရှုမြင်ပါသည်။ ထို့အတွက် ဆွေမျိုးစုနှစ်စု တစ်စည်းတစ်ပေါင်းတည်းစုပေါင်းနိုင်ရေး အခြေခံလမ်းညွှန်များ ချမှတ်ပေးထားပါသည်။

    အစ္စလာမ့်သွန်သင်ချက်အရ အိမ်ထောင်ပြုခြင်း မင်္ဂလာအထမြောက်ရန်

    ၁)ကမ်းလှမ်းခြင်း၊ သဘောတူလက်ခံခြင်းရှိရပါမည်။

    ၂)ခင်ပွန်းမှ ဇနီးသည်သို့ မင်္ဂလာဦးလက်ဆောင် ပေးရပါမည်။

    ၃)အသိသက်သေ အနည်းဆုံးနှစ်ဦး ရှိရပါမည်။

    ထို့ကြောင့်

    ၁)ကာယကံရှင်ဆန္ဒမပါဘဲ အဓမ္မ လက်ထပ်ခွင့်မရှိပါ။

    ၂)မိမိဇနီးသည်အား တန်ဖိုးထားရာရောက်ပါသည်။

    ၃) နှစ်ဦးသဘောတူ ကြည်ဖြူရုံ သက်သက်ဖြင့် လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်းမရှိဘဲတိတ်တဆိတ်ပေါင်းသင်းခွင့်မရှိပါ။ အမျိုးသမီးတို့အတွက် အခွင့်အရေးများ ဖြစ်ပါသည်။

    မယားလေးယောက် ကိစ္စ

    လူပြောများသည့် အချက်တစ်ချက်မှာ အစ္စလာမ်ကမယားလေးယောက် ယူခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ဖြစ်သည်။ ပထမဆုံးအနေဖြင့် ထိုသည်နှင့် သက်ဆိုင်သောကျမ်းမြတ်ကုရ်အာန်လာ သွန်သင်ချက်ကို ဖော်ပြပါမည်။

    “အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့်စပ်လျဉ်း၍ တရားမျှတမှုမရှိမည်ကို စိုးရိမ်ကြသော် မိမိတို့နှစ်သက်ရာ အမျိုးသမီးများအနက် နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေ၊လေးဦးဖြစ်စေ ထိမ်းမြားကြလေကုန်။ ထိုသို့ထိမ်းမြားရာတွင် တရားမျှတမှု ပြုနိုင်ကြမည်မဟုတ်ဟုစိုးရိမ်မကင်းသော် တစ်ဦးတည်းကိုသာ လက်ထပ်ကြကုန်” (ကျမ်းမြတ်ကုရ်အာန် ၄း၃)

    ဤသွန်သင်ချက်၏ အလိုသဘောမှာ မလုပ်မနေရ တိုက်တွန်းထားခြင်းမဟုတ်ဘဲအခြေအနေအရ လိုအပ်ပါက လေးဦးအထိ အများဆုံး အိမ်ထောင်ပြုပိုင်ခွင့်အား ခွင့်ပြုပေးထားခြင်းသာဖြစ်ပါသည်။

    အစ္စလာမ်သာသနာ စတင်ထွန်းကားစဉ်က မွတ်စလင်မ်တို့အားကျန်အာရဗ်များက နည်းမျိုးစုံဖြင့် နှိပ်စက်စော်ကားသည်ဖြစ်ရာ နောက်ဆုံး မတတ်သာသည့် အဆုံးတွင် ကျူးကျော် တိုက်ခိုက်လာသူများအား ပြန်လည်ခုခံသည့် ခံစစ် ဆင်နွှဲခဲ့ရလေရာ စစ်ပွဲတို့၏ထုံးစံအတိုင်း စစ်သည်များ အသေအပျောက် ရှိခဲ့ပါသည်။ ထိုကွယ်လွန်သူ စစ်သည်တို့၏ ကျန်ရစ်သူသမီးများ၊မုဆိုးမဇနီးများ၏ အနာဂတ်လုံခြုံရေးအတွက် မွတ်စလင်မ်အမျိုးသားများက ကာကွယ်စောင့်ရှောက်နိုင်စေရေး အတွက် ချွင်းချက်အနေဖြင့် ဇနီးလေးဦးအထိ လက်ထပ်ပိုင်ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ ထိုအခြေအနေတွင်ပင် တရားမျှတမှုကို ရှေ့တန်းတင်ရပါမည်။ နောက်ထပ်လည်း အောက်ပါအတိုင်း သွန်သင်ထားပါသေးသည်။

    ထိုမှတစ်ပါးတုံအသင်တို့သည် မည်မျှပင် ဆန္ဒထားရှိကြကုန်သော်လည်း ဇနီးမိန်းမတို့၏စပ်ကြားဝယ် အဖက်ဖက်မှတရား မျှတအောင် ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ (ဇနီးမိန်းမတို့အနက်) တစ်ဦးတစ်ယောက်ထဲဘက်သို့ လုံးဝတစ်ဘက်သတ် မယိမ်းယိုင်ကြကုန်လင့်။
    (ကျမ်းမြတ်ကုရ်အာန် ၄း၁၂၉)

    ထို့အတွက်ကြောင့် ဇနီးလေးယောက်အထိ ယူခွင့်ပြုထားခြင်းသည်
    (က)မယူမနေရတာဝန်ပေးထားခြင်းမဟုတ်ဘဲ အခြေအနေတစ်ရပ်အရလိုအပ်ပါက ယူပိုင်ခွင့် ပြုထားခြင်းသာဖြစ်သည်။အချိန်တိုင်းအတွက်မဟုတ်ပါ။ “အကယ်၍”ဟူသည်နှင့်အစချီသည့် conditional approval သာ ဖြစ်ပါသည်။

    (ခ)အစ္စလာမ့်သွန်သင်ချက်အရ လိုအပ်လွန်းသည့်အခြေအနေတွင်တောင် မယား လေးယောက်အထိသာ အများဆုံးယူပိုင်ခွင့်maximum upper limit ရှိပါသည်။ အစ္စလာမ်က ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုသည်မျိုးကိုလုံးဝ ခွင့်မပြုထားပါ။ နှစ်ဦးနှစ်ဖက် ကြည်ဖြူပါသည်ဆိုလျင်တောင် ကန့်သတ်မှုထက် ပိုပိုင်ခွင့်မရှိပါ။တိတ်တိတ်ပုံး အမြောင်မယားလည်း ထားခွင့်မပြုပါ။ ဤလေးဦးအထိခွင့်ပြုချက်ကို ဝေဖန်သူတို့အား မေးခွန်းတစ်ခုထုတ်လိုပါသည်။ အစ္စလာမ်မှလွဲ၍ကျန် ဘာသာ သာသနာများတွင် ဇနီးမယား အများဆုံးယူပိုင်ခွင့်အရေအတွက် ကန့်သတ်မှု ရှိပါသလား။

    (ဂ)ကမ္ဘာ့လူဦးရေအချိုးအစားအရ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် အနည်းငယ်ပိုသော်လည်းမည်သည့်လူ့အစုအဝေးတွင်မှ ကျားမအချိုး ၁း ၄ ရှိမနေပါ။ လေးဦးစီအထိယူချင်ကြပါသည်ဆိုဦးတော့ လက်တွေ့အားဖြင့် ယူ၍မရသည်ကို ဦးနှောက်နည်းနည်းသုံးရုံဖြင့်သိနိုင်ပါသည်။

    (ဃ)မိမိတို့ဝန်းကျင်ရှိ အစ္စလာမ်ဘာသာဝင်များ အများစုအား လေ့လာကြည့်ပါ။ ဇနီးတစ်ဦးထက် ပိုယူထားသောသူမည်မျှရှိပါသနည်း စာရင်းကောက်ကြည့်ပါ။ ချွင်းချက်အားဖြင် အနည်းငယ် ရှိနိုင်သော်လည်းအများစုသည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည်ဆိုသည်ကို စာရှုသူ လက်တွေ့ တွေ့ရပါလိမ့်မည်။မြန်မာပြည်တွင် သာမက ကမ္ဘာတစ်လွှားတွင်လည်း အများစုက ဇနီးတစ်ဦးသာ ယူထားကြပါသည်။ Exceptions do not make rules! ချွင်းချက်များကိုကြည့်ကာ ကောက်ချက်မချသင့်ပါ။ အခြားဘာသာဝင်တွင်လည်းမယားတစ်ဦးထက် ပိုယူထားသူ၊ တိတ်တိတ်ပုန်း ကီပင်ထားသူ ရှိပါသည်။ ထိုသူတို့ကိုကြည့်ကာထိုသူတို့ ကိုးကွယ်သည့်သာသနာကို ကောက်ချက်ချ၍ မရပါ။

    အထက်ပါအချက်များအရ မွတ်စလင်မ်တို့သည် မယားအများအပြားယူ၊ သားသမီး တစ်ြပုံတစ်ခေါင်းမွေးကာ သားဖောက် သာသနာပြုကြသည်ဆိုခြင်းမှာ အခြေအမြစ်လုံးဝမရှိသည့်စွပ်စွဲချက်သက်သက်သာ ဖြစ်ပါသည်။

    ဘာသာမတူသူနှင့် အိမ်ထောင်ပြုခြင်း

    ဒုတိယအချက်မှာ မွတ်စလင်မ်အမျိုးသားများကဘာသာမတူသူ အမျိုးသမီးများအား သွေးဆောင်လက်ထပ်ကာ အစ္စလာမ်ဘာသာဝင်အဖြစ် သွတ်သွင်းနေကြသည်ဆိုသည့်စွပ်စွဲချက်ဖြစ်သည်။ တကယ်တမ်းကျတော့ အစ္စလာမ့်သွန်သင်ချက်အရ ဘာသာမတူလျင် ပေါင်းဖက်ခွင့်လုံးဝမရှိပါ။

    “မွတ်ရှ်ရစ်က်(အခြားကိုးကွယ်ရာ၊ အခြားသာသနာကိုကိုးကွယ်သူ) ဘာသာခြား အမျိုးသမီးတို့သည် အစ္စလာမ်ကိုလက်ခံယုံကြည်ခြင်း မရှိသမျှကာလပတ်လုံး အသင်တို့သည် ထိုအမျိုးသမီးများနှင့် လက်မထပ်ကြကုန်လင့်။ထိုဘာသာခြား အမျိုးသမီးသည် သင်တို့အထင်တွင် နှစ်သက်ဖွယ် ဖြစ်ငြားသော်လည်း ထိုအမျိုးသမီးထက်စာလျင်အစ္စလာမ်ကို ယုံကြည်သော ကျွန်အမျိုးသမီးက မုချ သာပိုကောင်းမွန် သင့်တော်ပေသည်။ ထိုနည်းတူစွာပင်ဘာသာခြား အမျိုးသားတို့သည် အစ္စလာမ်ကို လက်ခံယုံကြည်ခြင်း မရှိသမျှကာလပတ်လုံး အသင်တို့သည်ထိုသူများနှင့် မွတ်စလင်မ်အမျိုးသမီးများကို လက်ထပ်ထိမ်းမြား မပေးကြကုန်လင့်။ ထိုဘာသာခြားအမျိုးသားသည် သင်တို့အထင်တွင် နှစ်သက်ဖွယ် ဖြစ်ငြားသော်လည်း ထိုအမျိုးသားထက်စာလျင်အစ္စလာမ်ကို ယုံကြည်သော ကျွန်အမျိုးသားက မုချ သာပိုကောင်းမွန် သင့်တော်ပေသည်။” (ကျမ်းမြတ်ကုရ်အာန် ၄း၁၂၉)

    အထက်ပါဆုံမသြဝါဒတော်အရ မွတ်စလင်မ်တို့အိမ်ထောင်ပြုရန်အတွက်ဘာသာတူ ကျွန်ကပင် ပိုမိုသင့်လျော်ကြောင်း သွန်သင်ထားပြီး ဘာသာမတူက လက်ထပ်ခွင့် မရှိပါ။ဤသြဝါဒတော်လာ သာလွန်မှုဟူသည် မြင့်မြတ်ကောင်းမွန်မှုကိုမဟုတ်ဘဲအိမ်ထောင်ဘက်အဖြစ် ပိုမိုသင့်လျော်မှုကို ရည်ညွှန်းပါသည်။ အစ္စလာမ့်သွန်သင်ချက်အရ လူသားအားလုံးသည်တစ်မိတစ်ဖတည်းမှ ဆင်းသက်လာပြီး အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမြင့်မြတ်ဆုံးလူသားမှာမျိုးနွယ်၊ အသားအရာင်၊ ဇာတိတို့ကို အခြေမခံဘဲ သက္ကဝါခေါ် ကိုယ်ကျင့်စာရိတ္တ အမြတ်ဆုံးလူသာဖြစ်ပါသည်။ (ကျမ်းမြတ်ကုရ်အာန်၄၉း၁၃)

    အကယ်၍ အဆိုပါ ဘာသာခြားပုဂ္ဂိုလ်သည် တစ်စုံတစ်ရာသွေးဆောင်မှုကြောင့်မဟုတ်ဘဲ မိမိ စိတိဆန္ဒအလျောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင် လက်ခံယုံကြည်လာခြင်းမှအပ ထိုသူနှင့်မွတ်စလင်မ်တစ်ဦးလက်ဆက်ပိုင်ခွင့်မရှိပါ။

    အစ္စလာမ်သာသနာသို့ ဘာသာပြောင်းခြင်းဆိုသည်ကလည်းနှလုံးသားမှထဲထဲဝင်ဝင် နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကာ လက်ခံခြင်းဖြစ်ရပါမည်၊ အိမ်ထောင်ပြုနိုင်ရန်ရည်ရွယ်ချက်ဖြင့် မဖြစ်ရပါ။

    မည်သည့်ဘာသာ သာသနာတွင်မဆို သာသနာပြုဖိတ်ခေါ်ဖြန့်ချိခြင်း ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း တောင်တန်းသာသနာပြုစီမံကိန်းထင်ရှားပါသည်။ ထို့အတွက် မည်သူမဆို မိမိယုံကြည်ရာ၊ မိမိကမှန်သည်ထင်ရာကိုကျန်သူတို့ထံဖိတ်ခေါ်ဖြန့်ချိပိုင်ခွင့် ရှိရမည်ဟု ယုံကြည်ပါသည်။ ထိုသို့ ဖိတ်ခေါ်ဖြန့်ချိရန် အစ္စလာမ်ကချမှတ်ထားသောနည်းစနစ်ရှိပါသည်။

    “အသိပညာဥာဏ်အလိမ္မာ၊ သာယာလှပသော ဆုံးမစကားဖြင့် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောသာသနာသို့ဖိတ်ခေါ်ပါလေ။” (ကျမ်းမြတ်ကုရ်အာန် ၁၆း၁၂၅)

    အထက်ပါညွှန်ကြားချက်နှင့်အညီ ဖိတ်ခေါ်ခြင်းမှအပ၊အစ္စလာမ်အကြောင်း ရှင်းလင်းတင်ပြ ကျင့်သုံးဆောက်တည်ပြခြင်းမှတစ်ပါး အခြား အောက်လမ်းနည်းသုံးကာပိုင်းလုံးလုပ်လျက် သာသနာပြုရန် လုံးဝအကြောင်းမရှိပါ။

    အစ္စလာမ်သာသနာတွင် အဓမ္မစနစ်ကို လုံးဝခွင့်မပြုပါ။

    “ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ်နှင့် ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိနေပြီဖြစ်ရာသာသနာရေးတွင် အနိုင့်အထက် အလျဉ်းမပြုရ” (ကျမ်းမြတ်ကုရ်အာန် ၂း၂၅၆)

    ထို့အတွက်ကြောင့် အစ္စလာမ်၏ မည်သည့်နေရာတွင်မှဘာသာမတူသူကို လက်ထပ်ကာ ဘာသာကူးပြောင်းစေရန် ညွှန်ကြားခိုင်းစေထားရန် မဆိုထားဘိ ထိုသို့လုပ်ရန်ကိုပင်လုံးဝ ခွင့်မပြုပါ။ နှလုံးသားမှမပါဘဲ အပေါ်ယံကူးပြောင်းလာမည့် အယောင်ဆောင်လည်း အလိုမရှိပါ။သူတို့ထံမှလည်း အစ္စလာမ့်အတွက် တစ်စုံတစ်ရာ ကောင်းကျိုးမဖြစ်နိုင်ပါ။ နှစ်နှစ်ကာကာ ကူးပြောင်းသက်ဝင်ယုံကြည်သူဆိုလျင်မူ လှိုက်လှဲစွာ ကြိုဆိုပါသည်။

    ထို့အတွက်ကြောင့် မျိုးဖောက်သာသနာပြုရန်ဘာသာတရားက ခိုင်းစေထားပါသည်ဆိုကာ အမုန်းမီးပွားစေရန် ဝါဒမှိုင်းတိုက်သည်ကို မှားယွင်းကြောင်းပြတ်ပြတ်သားသား ဆန့်ကျင်ပါသည်။ အစ္စလာမ်က ထိုသို့ လုံးဝ မသွန်သင်ထားပါ။

    သို့သော် …… သို့သော် …..။

    ဝါဒနှင့်ဝါဒီကို ခွဲခြား ရှုမြင်စေလိုပါသည်။သာသနာက ခွင့်မပြုပါ ဆိုထားပါလျက်နှင့် ပိုးဖလံမျိုး မီးကို တိုးကြသူများလည်း အဟုတ်အမှန်ရှိပါသည်။

    အိမ်ထောင်ရေး၏ အစသည် နီးစပ်မှုသံယောဇာဉ်တွယ်ငြိမှုဖြစ်ရာ အမြဲအတူ ထိတွေ့ဆက်ဆံနေကြရသူ အသိုင်းအဝိုင်းများအတွင်း ဘာသာရေးအရ ခွင့်ပြုချက်မရှိသော်လည်းမိမိတို့ကိုယ်ကျိုးဆန္ဒနောက်ကိုလိုက်လျက် ဘာသာမတူသူနှင့် လက်ထပ်ကြသူ မွတ်စလင်မ်များလည်းရှိခဲ့ပါသည် …… ရှိနေပါသည်။ မဖြစ်ခင်က ကြိုတင်သိရှိသောကြောင့်ရှေ့မဆက်ကြရန် မွတ်စလင်မ် အသိုင်းအဝိုင်းက နည်းမျိုးစုံနှင့် တားမြစ်ကြသော်လည်း မိမိတို့ဆန္ဒနောက်ကို လိုက်ကြသူများလည်းရှိပါသည်။ နောက်ကျပြီးမှ သိလိုက်ကြရသည်တို့လည်း ရှိပါသည်။ ထိုအခြေအနေတွင် မိဘနှစ်ဖက်အသိုင်းအဝိုင်းကကြည်ဖြူလက်ခံလိုလှ၍ မဟုတ်သော်လည်းအကြောင်းကြောင်းကြောင့် လက်ခံပေးလိုက်ရသည်လည်း ရှိပါသည်။ ထိုနေရာတွင် မွတ်စလင်မ်တစ်ချို့က“ဖြစ်သွားပြီးတဲ့နောက် နိကဟ် (အစ္စလာမ့်နည်းကျ ထိမ်းမြားမှု) လုပ်ပေးလိုက်ကြတာပေါ့ …မွတ်စလင်မ်လို လိုက်နေရမယ်” ဟု ဆိုလာခြင်းမှာလည်း ကျွန်တော့်အမြင်အရမူ ဖိနပ်နှင့်မတော်သောကြောင့်ခြေထောက်ဖြတ်သကဲ့သို့သာ ဆိုချင်ပါသည်။ သို့သော် လွန်ခဲ့ပြီးသော ကိစ္စရပ်အတွက် ရေရှည်စိတ်ဆင်းရဲကြရခြင်းမှလွဲ၍အဖြေမရှိပါ။

    သေချာပါသည်။ မည်သည့်မွတ်စလင်မ် မိဘဆွေမျိုး၊ဘာသာရေးအသင်းအဖွဲ့ကမှ ထိုသို့သော မွတ်စလင်မ်မဟုတ်သူနှင့် လက်ထပ်ခြင်းကို အားပေးအားမြှောက်မပြုပါ။ဘာသာမတူသူ တိုင်းရင်းသူအမျိုးသမီး၏ အဆင့်အတန်းအလိုက် ထောက်ပံ့ဆုကြေးများကို ဗလီများမှတဆင့်ချီးမြှင့်သည် ဆိုလာခြင်းကိုမူ ပျက်လုံးတစ်ခုအနေဖြင့်သာ ရယ်လိုက်ချင်ပါတော့သည်။ သက်သေပြပါဟုသာပြန်မေးချင်ပါသည်။ မြန်မာပြည်ရှိ အစ္စလာမ့် အဖွဲ့အစည်းများ၊ ဗလီများတွင် ထိုမျှလောက်ငွေပိုလည်း ရှိမနေပါ။ ဘာသာခြားနှင့ိမ်ထောင်ပြုထားပြီး မွဲတေနေသူမွတ်စလင်မ်တို့ကိုလည်းမြင်နေရပါသည်။ ဝါဒဖြန့်စာစဉ်များတွင် ပါသည့် မွတ်စလင်မ်တို့၏ လျှို့ဝှက်ဖြန့်ဝေစာ ဆိုသည်မှာလည်းအမှန်တကယ်မရှိသည့်၊ မွတ်စလင်မ်စစ်စစ်တို့က ရေးသားခြင်းမဟုတ်သည့် လုပ်ကြံစာသာ ဖြစ်ပါသည်။ အစ္စလာမ်သာသနာကို ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော် မုဟမ္မဒ်၏ စစ်မှန်ခိုင်လုံသော သြဝါဒတော်များကသာ ကိုယ်စားပြုပါသည်။ ထိုသည်တို့တွင်အဆိုပါ ညွှန်ကြားချက်မျိုး အရိပ်အငွေ့ပင် မပါရှိပါ။

    တကယ်တမ်း လေ့လာကြည့်ပါက ဘာသာခြားနှင့်အိမ်ထောင်ပြုသွားသူများတွင် မွတ်စလင်မ်အမျိုးသားများနည်းတူ မွတ်စလင်မ်အမျိုးသမီးများလည်းအမြောက်အများ ပါ ပါသည်။ စာရှုသူလည်း တွေ့ဖူးပါလိမ့်မည်။ စိုးရိမ်နေကြရသည့်သူများတွင်မွတ်စလင်မ်မိဘများကလည်း ထိပ်ဆုံးက ရှိနေရပါသည်။ ဘာသာခြားနှင့် အိမ်ထောင်ကျကာ နောက်ဆုံးတွင်ထိုဘာသာဘက်သို့ ကူးပြောင်းသွားကြသော မွတ်စလင်မ်များလည်း တစ်ပုံတစ်ပင်ပါ။ သို့သော် သူတို့နှင့်စပ်လျဉ်းလျင်မူဝါဒမှိုင်းတိုက်ဆရာတို့ မသိချင်ယောင် ဆောင်နေကြပါသည်လား။

    မည်သို့ပင် ဆိုစေကာမူ အများစုသော မွတ်စလင်မ်တို့သည်ကားဘာသာတူသူ အချင်းချင်းသာ လက်ထပ်ကြသည်ကိုလည်း မိတ်ဆွေတို့ လက်တစ်ကမ်းရှိသူများကို လေ့လာရုံနှင့်ပင်တွေ့ပါလိမ့်မည်။ ပမာဏနည်းလှသော လူအချို့ကို မီးမောင်းထိုး highlight လုပ်ကာ လိုရာ ခြောက်လှန့်ဝါဒဖြန့်ကြလျက် အမုန်းတရား ပုံဖော်နေကြခြင်းသာဖြစ်ပါသည်။

    နိဂုံးချုပ်ပါမည်။

    အိမ်ထောင်ရေးတွင် ခုရှုပ်မှ နောင်ရှင်းလုံးဝမဟုတ်ပါ …. ခုရှင်းမှသာ နောင်ရှင်းပါမည်။ ဘာသာမတူသော အသိုင်းအဝိုင်းနှစ်ခုသည်မိတ်ဆွေအဖြစ် လက်တွဲနိုင်သော်လည်း “အသွင်မတူ အိမ်သူမဖြစ်” လေရာ ရာသက်ပန် ရိုးမြေကျဆွေမျိုးအသိုင်းအဝိုင်းများကပါ ပါဝင်သည့် ဘဝလက်တွဲဖော်အဖြစ်ကတော့ လက်တွေ့မဖြစ်နိုင်ပါ။ထို့အတွက်ကြောင့် မည်သည့်ဘာသာ သာသနာအနေနှင့်မဆို မိမိတို့ သာသနာဝင်များအား ဘာသာမတူသူနှင့်လက်ထပ်ခြင်း မပြုကြရန် တိုက်တွန်းကြခြင်းအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ဘာသာတိုင်းအနေဖြင့်ယခုထက်ပင် အရှိန်အဟုန်ဖြင့် တိုက်တွန်းကြရန် မရှိမဖြစ်လိုအပ်သည်ဟုလည်း ယုံကြည်ပါသည်။

    သို့သော် ဤအကြောင်းချင်းရာကို ဆုံးမသွန်သင်ရာတွင် ဘာသာခြားနှင့် လက်ဆက်ခြင်းကြောင့်ရေရှည် အဆင်မပြေ ဖြစ်နိုင်ကြောင်းကို အဓိက မပြောဘဲ အခြားဘာသာတရားတစ်ခုအား အခြေမမြစ်မရှိပုတ်ခတ်စွပ်စွဲ အမုန်းပွား အထင်အမြင်လွဲစေမည့် အကြောင်းချင်းရာများကိုမူ ရှောင်ရှားအပ်ပါကြောင်းယုံကြည်ပါသည်။

    ယခုနှစ်သစ်ခါသမယမှစတင်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော၊ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးကြသော ပဋိပက္ခကင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် မြင်ချင်လှပါသည်။ လက်တွေ့ဖြစ်လာစေရန် ကျွန်တော်တို့တွင် တာဝန်ရှိပါသည်။ နောင်မျိုးဆက်တွင်အမုန်းတရားများ မကျန်စေလိုတော့ပါ။ အုတ်တစ်ချပ် သဲတစ်ပွင့် ကြိုးပမ်းကြပါဦးစို့။

  • အမေရိကန် မွတ်စလင်မ်များမှ ဘော်စတွန်တိုက်ခိုက်မှုအား ရှုံ့ချ

    ဧပြီ ၁၆-၂၀၁၃
    M-Media

    ကိုင်ရို- အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို ပစ်မှတ်ထားတိုက်ခိုက်သော ဗုံးခွဲတိုက်ခိုက်မှုများကို အမေရိကန်မွတ်စလင်မ်များမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချခဲ့ပြီး ယင်းသူရဲဘောင်ကြောင် တိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် ဆုတောင်းဝတ်ပြုပေးကြရန်နှင့် အကူအညီများပေးအပ်ရန် နှိုးဆော်လိုက်ပါသည်။

    ap-boston-marathon-explosion

    “အမေရိကန်မွတ်စလင်မ်တွေဟာ အခြားအမေရိကန်လူ့အသိုင်းအဝန်းတွေလိုပဲ ဘော်စတွန်မာရသွန် ပြိုင်ပွဲဝင်တွေနဲ့ ပရိသတ်တွေကို တိုက်ခိုက်တဲ့ ဒီနေ့ သူရဲဘောကြောင်ဗုံးခွဲမှုကို အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြပါတယ်”ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီ၏  နိုင်ငံ့အမှုဆောင် ဒါရိုက်တာ Nihad Awad က OnIslamမှ ဧပြီ ၁၆ရက် အင်္ဂါနေ့တွင် ရရှိသော ကြေငြာချက်တွင် ပြောကြားထားသည်။

    “ကျွန်တော်တို့ ဘာသာတရားပေါင်းစုံက လူတွေကို ထိခိုက်နစ်နာသူတွေ၊ သူတို့ ချစ်တဲ့သူတွေအတွက်နဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာလာဖို့အတွက် ဆုမွန်ကောင်းတောင်းကြဖို့ တိုက်တွန်းထားပါတယ်။”

    “ ကျူးလွန်တဲ့သူတွေကို အမြန်ဖော်ထုတ်ဖမ်းဆီးရေးနဲ့ အပြစ်ဒဏ်ပေးရေးအတွက်လည်း ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု Awad က ပြောပြသည်။

    တနင်္လာနေ့တွင် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းတိုင်စည်းအနီးတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူသုံးဦးသေဆုံးကာ ၁၄၀ ဒဏ်ရာ ရရှိခဲ့သည်။

    အနည်းဆုံး လူ ၁၇ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာများတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်ခြင်းများ ပါဝင်သည်။

    သေဆုံးသူတစ်ဦးမှာ ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်ဟု အမေရိကန် မီဒီယာမှ ပြောကြားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူတို့ရှိပြီး မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့သည်နှင့်ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မရရှိသေးပါ။
    .
    “ဒီနေ့လည်က ဘော်စတွန် မာရသွန်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကြားရတာ မြောက်အမေရိကား အစ္စလာမ်မစ် ဆိုဆိုက်တီ အနေနဲ့ ဝမ်းနည်းကြေကွဲရပြီး တုန့်လှုပ်မိပါတယ်”ဟု မြောက်အမေရိကား အစ္စလာမ်မစ် ဆိုဆိုက်တီအဖွဲ့ကြီးမှ ပြောကြားခဲ့ကြောင်း OnIslamမှ ရရှိသော သတင်းပေးပို့ချက်တစ်ရပ်တွင် ဖော်ပြပါရှိပါသည်။

    “ကျွန်တော်တို့ရဲ့ တောင်းဆုတွေက ထိခိုက်သူတွေနဲ့ သူတို့ချစ်တဲ့သူတွေနဲ့ အတူရှိမှာပါ။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာ သေချာမသိရသေးချိန်မှာ ကျွန်တော်တို့ရဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ခံတွေက ကျူးလွန်သူတွေကို အမြန်ဆုံး ရှာဖွေဖမ်းဆီးနိုင်ဖို့နဲ့ သူတို့ကို တရားဥပဒဆီ ပို့ဆောင်နိုင်ဖို့ကို ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်။”

    ညီညွတ်သော Maryland မွတ်စလင်မ်ကောင်စီ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ Syed Wasimul Haque ကလည်း အရှက်မဲ့သော အကြမ်းဖက်မှုကို ရှုံ့ချလိုက်ပါသည်။

    “ Maryland မွတ်စလင်မ်တို့မှ မာရသွန်ပြိုင်ပွဲကျင်းပနေစဉ်အတွင်း လူနှစ်ယောက်သေဆုံးစေပြီး ပွဲကြည့်သူအမြောက်အမြား ဒဏ်ရာရရှိစေခဲ့သော ဘော်စတွန်မှ အကြမ်းဖက်မှုကို ကန့်ကွက်ရှုံ့ချကြပါတယ်”ဟု သူက ကြေငြာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

    “ ကျွန်တော်တို့ နိုင်ငံအတွင်းကရော နိုင်ငံတကာကပါ ပါဝင်သူတွေကြားမှာ ညီနောင်ရင်းနဲ့ ရင်းနှီးချစ်ကြည်မှုကို ဖော်ဆောင်တဲ့ ဒီပွဲမှာ အပြစ်မဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဒီအရှက်မဲ့ အကြမ်းဖက်မှုဟာ တကယ်ကိုပဲ မွတ်စလင်မ်များကိုရော ကျန်တိုင်းတစ်တိုင်းပြည်လုံးကိုပါ ကြေကွဲဝမ်းနည်းစေပြီး ထိခိုက်စေပါတယ်။”

    မွတ်စလင်များ ဝတ်ပြုဆုတောင်းပေး

    မွတ်စလင်မ်ခေါင်းဆောင်များမှ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းပွဲများနှင့် သွေးလှူဒါန်းရေးလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် နှိုးဆော်လိုက်ပါသည်။

    “နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွေက သူတို့တွေရဲ့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားနာကျင်မှုတွေကို သက်သာအောင် ဆောက်ရွက်နေစဉ်မှာ ဗုံးကြောင့် ဒဏ်ရာရသူတွေကို တညီတညွတ်တည်း စာနာအားပေးတဲ့အနေနဲ့ကြက်ခြေနီအဖွဲ့မှတဆင့် သွေးလှူဒါန်းကြဖို့ကိုလည်း ကျွန်တော်တို့က ဘော်စတွန်ဒေသက မွတ်စလင်မ်တွေရော ကျန်သူများကိုပါ နှိုးဆော်တိုက်တွန်းလိုက်တာပါ။” ဟု Awadက ပြောပြပါသည်။

    “မာရသွန်မှာ ပါဝင်ပြိုင်ပွဲဝင်သူတွေ ဒါမှမဟုတ် သွားရောက်ကြည့်ရှုသူတွေအနေနဲ့ သူတို့ တွေ့ထားသိထားနိုင်တဲ့ ဘယ်မျက်မြင် သက်သေ အချက်အလက်တွေကိုမဆို ပေးဖို့ သက်ဆိုင်ရာကို ဆက်သွယ်သင့်တယ်။”

    Marylandတွင်လည်း မွတ်စလင်အသိုင်းအဝန်းမှ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီများပေးရန် နှိုးဆော်လိုက်ပါသည်။

    “ကျွန်တော်တို့ နိုင်ငံ အခုလို ကြုံတွေနေရတဲ့ အရေးပေါ်အချိန်များမှာ မွတ်စလင်မ်များဟာ အမြဲတမ်း အပြည့်အဝ ကူညီကြပါတယ်။ နောက်လည်း ဒီလိုပဲ ရပ်တည်သွားမှာပါ။ ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း ဆန့်ကျင်သွားကြမယ်”ဟု Fredericသမားတော်တစ်ဦးဖြစ်သူ Haqueက ပြောပါသည်။

    “ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက ဒီလိုအရှက်မဲ့လုပ်ရပ်တွေကို ပြန်တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာသွားစေတာကလွဲလို့ ဘာမှ မလုပ်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးအနေနဲ့ ပိုပြီး ညီညွတ်သွားတယ်။”

    “ကျွန်တော်တို့ရဲ့ ဆုတောင်းဝတ်ပြုမှုတွေက နစ်နာသွားတဲ့သူတွေနဲ့ ဘော်စတွန်မြို့အတွက်ပါ။ ထိခိုက်သူတွေရဲ့ မိသားစုတွေ ဒီအခက်အခဲအတွက် ကျော်ဖြတ်နိုင်အားတွေရှိကြပါစေ။ ဒဏ်ရာရသူတွေလည်း အလျင်အမြန် သက်သာလာကြပါစေ။”

    “ဒီဆိုးရွားတဲ့ အမှုကို ကျူးလွန်တဲ့သူ ဒါမှမဟုတ် ကျူးလွန်တဲ့သူတွေကို မကြာမီမှာ ဖမ်းဆီးမိနိုင်ဖို့နဲ့ တရားမျှတမှုအရောက် ခေါ်ဆောာင်လာပြီး ကျွန်တော်တို့တိုင်းပြည်ရဲ့ ဥပဒေများအရ အကြီးမားဆုံးအတိုင်းအတာအထိ အပြစ်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဆုလည်းတောင်းကြပါတယ်။”

    တရားဝင် ခန့်မှန်းထုတ်ပြန်ချက်များမရှိသော်လည်း အမေရိကန်နိုင်ငံသည် ၇-၈သန်းရှိသော မွတ်စလင်မ်များအတွက် အမိမြေဖြစ်သည်။

    အစောပိုင်း စစ်တမ်းကောက်ယူမှုတစ်ခုအရ အမေရိကန်မွတ်စလင်မ်အများစုကြီသည် တိုင်းပြည်အပေါ်သစ္စာစောင့်သိကြပြီး အမေရိကန်တွင် သူတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်သူများ ဖြစ်ကြသည်။

    Ref:OnIslam