News @ M-Media
Blog
  • တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်မှ မြို့ခံ မွတ်စလင် ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ကြမ်းတမ်းစွာ ပြောဆို
    ဧပြီ-၁၅-၂၀၁၃
    M-Media
    ( သစ္စာချို )
    DSCN3979
    ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၁ ရက်၊ ညဥ့်ဖက်တွင် အစ္စလာမ်လူထုအကျိုး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးထံ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်များနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးလိုကြောင်း ဖုန်းဆက် ခေါ်ယူခဲ့သည်။
    နောက်တစ်နေ့ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၂ ရက်တွင် တိုင်းအိုလမာရုံးခန်း၌ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အပါအ၀င် မန္တလေးရှိ အဖွဲ့ အုပ်စု ကိုယ်စားလှယ်များ တွေ့ဆုံကြသည်။ မည်သည့် အကြောင်းဖြင့် ခေါ်ဆိုသည်ကို သက်ဆိုင်ရာသို့မေးမြန်းရာ ၀န်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူသည်ကို
    လာရောက်တွေ့ဆုံရန်သာ အကြောင်းပြန်သဖြင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၁၀ ဦးသည် သောကြာဝတ်တက်အပြီးတွင် မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးခန်းသို့ သွားရောက်ခဲ့သည်။ ယင်းတွေ့ဆုံမှု၌ အစိုးရဖက်မှ ဌာနဆိုင်ရာ အရာရှိနှင့် ၀န်ကြီးအချို့အပါအ၀င် ၁၀ ဦးလည်း တက်ရောက်ကြသည်။ ဆွေးနွေးမှုကို ညနေ ၃း၁၀ နာရီတွင် စတင်ခဲ့သည်။
    အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနက် အသက် ၇၀-၈၀ အရွယ် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ ပါဝင်နေပါသော်လည်း ၊ ယင်းသို့ပြောဆိုရာ၌ တိုင်ပင်ဆွေးနွေးခြင်း၊ အမှာစကားပြောခြင်းကဲ့သို့ မဟုတ်ဘဲ လက်အောက်ငယ်သားများကို ခေါ်ယူကြိမ်းမောင်းသည့်နှယ် ဖြစ်ခဲ့သည်။
    လွန်ခဲ့သော မဆလ ခေတ်ကတည်းက ယနေ့တိုင်အောင် အုပ်ချုပ်သူအာဏာပိုင်များသည် အစ္စလာမ်နှင့်ပတ်သက်ပြီး ခေါ်ယူပြောကြားသည့်အခါတိုင်း စာနှင့်ပေနှင့် တရားဝင်ခေါ်ယူမှု ဟူ၍ ဟုတ်တိပတ်တိ မရှိခဲ့ဖူးကြောင်း၊ ယခုကိစ္စသည်လည်း နိုင်ငံတော်၏ ခံယူလမ်းညွှန်ချက်နှင့် ကိုက်ညီမှု မရှိပါကြောင်း၊ တိုင်းဒေသကြီးတစ်ခု၏ ၀န်ကြီးချုပ်သည် မိမိဒေသဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း၊ မိမိ၏တာဝန်ရှိမှုကို ဖုံးကွယ်ရန် မွတ်စ်လင်မ်တို့အား ခေါ်ယူကာ တစ်ဖက်သတ်အပြစ်ပုံချလိုက်ခြင်းဟု ထင်မြင်ယူဆရပါကြောင်း၊ ဤကိစ္စအပေါ် မိမိတို့သည် ဘာသာရေးအဖွဲ့အစည်းများနှင့် တိုင်ပင်၍ နိုင်ငံတော်သမ္မတအထိ ဥပဒေဘောင်အတွင်းမှသာ အဆင့်ဆင့်တင်ပြ အရေးဆိုသွားမည် ဖြစ်ကြောင်း – ၄င်းပြင် ပွင့်လင်းမြင်သာစွာပြုလုပ်ဖော်ဆောင်နေခြင်း ဟူသော နိုင်ငံတော်၏ ကမ္ဘာသိစကားရပ်နှင့်အညီ ဤသို့သော မဖွယ်ရာမှုဖြစ်စဉ် အမှန်တို့ကို  သိရှိရန်လိုအပ်နေပါကြောင်း တက်ရောက်ခဲ့သူ မွတ်စ်လင်မ်ခေါင်းဆောင် တစ်ဦးမှ M-Media သို့ ကိုယ်တိုင်ကိုယ်ကျ ပြောပြလိုက်ပါသည်။
  • တိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    တိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    ဧပြီ ၁၅၊ ၂၀၁၃
    M-Media
    KK
    အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့ဆုံမှုအပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
    မန္တလေး ။           ။         မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
    Q – မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့တယ်။ အဲဒီ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြားသိရပါတယ်။ ဒါကြောင့် အဲဒီ တွေ့ဆုံမှုအကြောင်းကို ဦးသိန်းဝင်းအောင်အနေနဲ့ ပြောပြပေးလို့ ရမလားခင်ဗျာ။
    A – ပြောပြလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁၂-ရက်နေ့ သောကြာနေ့ နေ့လည် ၁၂-နာရီလောက်မှာ အိုလမာအဖွဲ့ရုံးကနေ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို နေ့လည် ၃-နာရီမှာ တွေ့မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့လည်း တွေ့ချင်နေတဲ့အချိန်ဆိုတော့ ကောင်းတယ် တွေ့လိုက်ကြမယ်ဆိုပြီး တွေ့ဖို့ ပြင်ဆင်လိုက်ကြတယ်။ အဲဒီနေ့က သောကြာနေ့လည်းဖြစ်တော့ ကျွန်တော်လည်း နေ့လည်ဝတ်ပြုပြီး အိုလမာ ရုံးခန်းကို ရောက်သွားတယ်။ ၀န်ကြီးချုပ်နဲ့တွေ့ရင် ပြောသင့်တာလေးတွေကို တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ဘာသာရေး အဖွဲ့ကြီးတွေရယ် ကျွန်တော်တို့ တွရီကာရယ်က အားလုံးစုစုပေါင်း (၁၀)ယောက် သွားတွေ့ကြပါတယ်။
    Q – ဟုတ်ကဲ့။ ၀န်ကြီးချုပ်က ဘယ်အကြောင်းအရာအတွက် ခေါ်ယူတာပါလဲ။
    A – ခေါ်ယူတဲ့ ခေါင်းစဉ်က မရှိပါဘူး။ ဒီအတိုင်း နှုတ်မိန့်နဲ့ တွေ့ဖို့ခေါ်တာပါ။ တွေ့ဆုံမှုကို တခြား ဌာနဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
    Q – ဘယ်နေရာမှာ ခေါ်ယူတွေ့ဆုံတာပါလဲ။
    A – မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံတာပါ။ ၁၂-ရက်နေ့ နေ့လည် ၃-နာရီမှာ ဆုံတာပါ။
    Q – ဟုတ်ကဲ့ပါ။ ဒါဆို တွေ့ဆုံတဲ့အချိန်မှာ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ပါသလဲ။
    A – စစတွေ့တွေ့ချင်းပဲ ၀န်ကြီးချုပ်က တစ်ခြားဘာမှ မပြောပဲ အခု မိတ္ထီလာ ကိစ္စဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စပြောတယ်။ မိတ္ထီလာကိစ္စက မွတ်စလင်မ်တွေဘက်က စပြီး ဖန်တီးခဲ့တာဖြစ်တယ်။ ရွှေဆိုင်ပြဿနာကအစပြုခဲ့တယ်။ ပြီးတော့ ဘုန်းကြီးကို သတ်တယ်။ နောက်ပြီးတော့ ကျောင်းဝင်းထဲကနေ ကလေးတွေက အော်ကြတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးနဲ့ဆေးမယ်လို့ အော်ကြလို့ ပြဿနာတွေ ပိုမိုကြီးထွားကုန်တယ်။ မွတ်စလင်မ်တွေဟာ အစွန်းရောက်နေကြကြောင်း၊ အသေခံဗုံးခွဲတယ်၊ မွတ်စလင်မ်တွေက မဟုတ်မမှန်သတင်းတွေ ပြောဆိုကြတယ် ဆိုတာတွေပြောတယ်။  ပြီးတော့ သူပြောပုံတွေက ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မွတ်စလင်မ်တွေက အပြစ်မြင်နေတာတွေကို ရပ်တန့်စေဖို့ မွတ်စလင်မ်တွေကို အပြစ်ပုံချပြီး  ပြောတယ်။ နောက် အခု မိတ္ထီလာဖြစ်ရပ်အတွက် စားနပ်ရိက္ခာအတွက် ကူညီပံ့ပိုးမှုတွေကို ၀န်ကြီးချုပ်က အားလုံးစီစဉ်ပေးထားတယ် ဆိုတာကို ပြောတယ်။ မိတ္ထီလာကိစ္စအတွက် ၀န်ကြီးချုပ်အနေနဲ့ ကူညီမှုတွေ စီစဉ်ပေးတာ အခုအချိန်ထိ မရှိပါဘူး။ အဲဒါကို ၀န်ကြီးချူပ်က သူစီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
    ကျွန်တော်တို့ ထင်ထားတာက အခုဖြစ်ပွားသွားတဲ့ မိတ္ထီလာကိစ္စအတွက် စေ့စပ်ညှိနှိုင်းမှုတွေ၊ ပြန်လည်ပြင်ဆင်ရေးအတွက် ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ခေါ်ယူတွေ့ဆုံပြောဆိုမယ်လို့ ထင်ထားခဲ့ကြတာပါ။ ၀န်ကြီးချုပ်က အဲဒါတွေ မပြောပဲ မွတ်စလင်မ်တွေဘက်ကို ဖိပြီး ပြောလိုက်တော့ တော်တော်လေး အံ့သြသွားတယ်။
    Q – ၀န်ကြီးချုပ်က အခုလို ပြောလိုမှုအပေါ် အဖွဲ့ကြီးက ခေါင်းဆောင်တွေအနေနဲ့ ဘာတွေများ ပြန်ပြီး ဆွေးနွေးခဲ့ကြပါသလဲ။
    A – ၀န်ကြီးချုပ်က အဲလိုပြောလိုက်တော့ ကျွန်တော်လည်း ၀န်ကြီးချုပ်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ အစွန်းရောက်တွေ မဟုတ်ဘူးဆိုတာရယ်၊ ကျောင်းဝင်းထဲက ကလေးတွေအော်တာဟာလည်း ဘုရားသခင် နာမကို တသပြီး ကြောက်ရွံ့အော်ဟစ်တာဖြစ်တယ်ဆိုတာရယ်၊ မွတ်စလင်မ်တွေအနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက်လည်း အထူးကြိုးပမ်း ဆောင်ရွက်နေတယ်။ သံဃာတော်တွေကို အပြစ်မြင်နေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ မန္တလေးမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားလုပ်တော့ သံဃာတော်တွေအတွက် သင်္ကန်းတွေကို ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ ၀ယ်ယူလှူဒါန်းပါတယ်။ မော်လ၀ီတွေအတွက် ပုဆိုးလှူပါတယ်။ ဒါမျိုးတွေ လုပ်ခဲ့ကြတာပါ။ အကြမ်းဖက်မှုကို မြန်မာနိုင်ငံက မွတ်စလင်မ်တွေလုပ်မှာ မဟုတ်ဘူးဆိုတာ ပြောတယ်။ ပြီးတော့ အခုဆို ယှအ်ဗာန်လ ရမသွာန်လ(ဥပုသ်လ)ကို ရောက်တော့မယ်။ ဒါကြောင့် မွတ်စလင်မ်တွေအတွက် ဗလီတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အဲဒါတွေကို ပြောပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကျွန်တော့်ကို ငေါက်ငမ်းပါတယ်။ ခင်ဗျားကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြောသင့်တာကို ထပ်ပြောပြပါတယ်။
    Q – ဒီတော့ ၀န်ကြီးချုပ်က ဘာပြောပါသလဲ။
    A – ၀န်ကြီးချုပ်က ကျွန်တော့်ကို ခင်ဗျားတို့ဘာကို ရည်ရွယ်နေတယ်ဆိုတာသိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ သိတယ်။ အခု ခင်ဗျားပြောနေတာ တစ်ခုခုဖြစ်လာရင် ခင်ဗျားတရားခံပဲ။ ဖြစ်လာတာနဲ့ ခင်ဗျားကို အရင်ဖမ်းချုပ်မယ် ဆိုပြီး ကြိမ်းဝါးတယ်။
    Q – ဟုတ်ကဲ့။ ဒါဆိုရင် အဲဒီ တွေ့ဆုံမှုရဲ့ နောက်ဆုံး အချုပ်က ဘယ်လို အဆုံးသတ်ခဲ့ပါသလဲ။
    A – နောက်တော့ သူဆက်ပြောတယ် အခု သင်္ကြန်ကာလရောက်တော့မှာ သင်္ကြန်ကာလမှာ အက်ဆစ်နဲ့ပက်မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် အဲလိုတွေ သတင်းထွက်နေတယ်။ အဲဒါတွေကို မွတ်စလင်မ်တွေက ထိန်းပေးဖို့ ပြောတယ်။ နောက်ဆုံး အချုပ်ကတော့ အဲဒါပါပဲ။
    Q – ၀န်ကြီးချုပ်က အခုလို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုကြိမ်းမောင်းခဲ့တာတွေ၊ မျှတမှုမရှိပဲ ဘက်လိုက်ပြီး တဘက်သတ်ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတကို စာတင်မယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုများ လုပ်ဆောင်နေပါသလဲ။
    A – ၀န်ကြီးချုပ်ရဲ့ အခုခေါ်ယူတွေ့ဆုံမှုက သက်သက်မဲ့ ကြိမ်းမောင်းခြိမ်းခြောက်မှု ပုံစံပါပဲ။ ၀န်ကြီးတစ်ဦးအနေနဲ့ မလုပ်သင့်တာကို လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သမ္မတဆီရော ပြည်သူ့လွှတ်တော်ဥက္ကဌဆီရော တရားဝင် တိုင်ကြားသွားမှာပါ။ အဖွဲ့ကြီးတွေ အနေနဲ့ အဲဒါကို စီစဉ်နေပါပြီ။
    Q – အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်အပေါ်မှာ ဦးသိန်းဝင်းအောင် အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။
    A – အခုထွက်ပေါ်လာတဲ့ သတင်းတွေက မွတ်စလင်မ်တွေဘက်က ထုတ်တဲ့သတင်းမဟုတ်ပဲ တခြားက သူတို့ဘာသာသူတို့ ကောလဟလ သတင်းထုတ်၊ ပြီးရင် မွတ်စလင်မ်တွေဘက် လှည့်ပြောတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ အဲဒါအတွက်ဆို ပွင့်ပွင့်လင်းလင်းသာပြော လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ကင်းစောင့်ပေးရမလား စောင့်မယ်။
    Q – ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    A – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။
  • M-Media NewsLetter Vol-1 No-8
    M-Media NewsLetter Vol-1 No-8
    ဧပြီ ၁၄ ၊ ၂၀၁၃
    M-Media
    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများအတွက် personal print ထုတ်ဖတ်နိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို  ကန့် သတ်အနေဖြင့် စုစည်းပေးထားတဲ့ M-Media ရဲ့  Newsletter ဖြစ်ပါတယ်။
    M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့်  ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။
    DownLink
    =>DropBox
    => Google Doc
    M MediaNewsLetterVol 1No 8
    ယခင် အပတ်များမှ M-Media NewsLetter ဖတ်လိုလျှင်
  • ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ (၂)
    ဧပြီ ၁၃-၂၀၁၃
    ရည်လေးဆွေ
    ကျွန်မတို့ယူဆောင်လာတဲ့ ပစ္စည်းတွေကို ဘောလုံးကွင်း ဒုက္ခသည်စခန်းမှာ ပေးပြီးတဲ့နောက် အဲဒီကနေ ကျွန်မတို့ ပြန်ထွက်လာခဲ့တယ်။ ဘောလုံးကွင်းက ထွက်လာပြီးတဲ့နောက် မိတ္ထီလာစက်မှုဇုံမှာရှိတဲ့ ရေသန့်စက်ရုံကို သွားလိုက်တယ်။ လှူဒါန်းမယ့် ရေသန့်တွေကို အဲဒီ ရေသန့်စက်ရုံကနေ မှာယူထားပြီး ရေသန့်စက်ရုံကနေ ဒုက္ခသည်စခန်းတွေကို နေ့စဉ် ပို့ဆောင်ပေးနေပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ရေသန့်စက်ရုံကိုသွားပြီး ရေသန့်တွေကို ကားပေါ်တင် ပါတယ်။ ပြီးတော့ အ.ထ.က(၃) ဒုက္ခသည်စခန်းကို ပြန်ထွက်လာလိုက်တယ်။
    13a
    အ.ထ.က(၃)လည်း ရောက်ရော ၀င်ပေါက်မှာ ကားရပ်ပြီး ကားပေါ်က ဆင်းပြီးပြောတော့ လုံခြုံရေးက မေးမြန်းပါတယ်။ ကျွန်မတို့လည်း ဒုက္ခသည်တွေအတွက် ရေသန့်လာလှူတာ ပြောပြတော့ ခုနက ဘောလုံးကွင်းစခန်းလိုပဲ တစ်ယောက်ပဲ ၀င်ရမယ်။ ရေသန့်ဆိုတော့ ကားနဲ့မောင်းဝင်သွားမှဖြစ်မှာဆိုတော့ ကားမောင်းသူရယ် နောက်တစ်ယောက် (အလှူရှင်)ရယ်ပဲ ၀င်ရမယ်ဆိုတော့ ဦးဆောင်တဲ့ အန်ကယ်လ်ကပဲ ကျွန်မလိုက်သွားပါဆိုပြီး ကားမောင်းသူကိုလည်း တစ်ခြားတစ်ယောက်ကို တလှည့်မောင်းစေလိုက်တာကြောင့် ကျွန်မတို့ နှစ်ယောက် စခန်းထဲကို ရောက်ခဲ့ရပြန်ပါတယ်။  စခန်းထဲက လက်ခံဌာနမှာ ပေးရမယ့် စာရွက်စာတမ်းကို ကျွန်မတို့ယူပြီး ၀င်လာလိုက်တယ်။ စခန်းထဲကို ကားမောင်းဝင်လာတယ်ဆိုရင်ပဲ ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ကျွန်မ အခါတိုင်းအချိန်တွေမျိုးမှာဆိုရင် ဓါတ်ပုံကို တဖြတ်ဖြတ်ရိုက်မိမှာ အမှန်ပဲ။ အထက(၃) ကျောင်းဝင်းရဲ့ တည်နေရာပုံစံက ကျောင်းနဲ့တောင် မတူပဲ အပန်းဖြေစခန်းပုံစံမျိုးနဲ့ တော်တော်လေး စိတ်ချမ်းသာစရာနေရာလေးပါ။ ကျွန်မတို့လည်း ကားမောင်းဝင်လာတော့ လက်ခံဌာနနေရာက ဘယ်နေရာမှန်း မသိဘူး။ စခန်းထဲမှာ ရောက်နေကြသူတွေကလည်း ကိုယ့်အစုလေးတွေနဲ့ကိုယ် စုစုပြီးထိုင်နေ၊ စကားပြောနေကြတယ်။
    14
    ကျွန်မတို့က တချို့ကိုမေးတယ်။ ရေသန့်လာလှူတာ ဘယ်မှာ ပေးရမလဲဆိုတော့ တချို့က ဟိုဘက်မှာ လက်ခံဌာနရှိတယ်တဲ့။ တချို့ကလည်း ဒီရေကန်တွေထဲ ထည့်ရမှာဆိုပြီး Water Tank တွေကို ညွှန်ပြတယ်။ Water Tank တွေက Unicef တံဆိပ်တွေနဲ့ဆိုတော့ Unicef က လှူထားတာဖြစ်မယ်လို့ပဲ ထင်လိုက်မိတယ်။ Water Tank တစ်ခုကို ရေ ဂါလံ ၄၀၀ ဆန့်တယ်ဆိုတာလည်း ရေးထားတာတွေ့လိုက်တယ်။ အထက(၃)ထဲမှာတော့ Water Tank ၄-ခုလောက်ကို တွေ့လိုက်တယ်။ ကျွန်မတို့လည်း ရောက်ရော တာဝန်ခံတစ်ယောက်က ရောက်လာပြီး ဒီရေကန်တွေထဲကို မျှပြီးထည့်မယ်လို့ ပြောတယ်။ လုံခြုံရေးတာဝန်ယူထားတဲ့ထဲက ၂-ယောက်က ကျွန်မတို့အနားရောက်လာပြီး လာမေးပါတယ်။
    DSCN3979
    ပြီးတော့ ‘ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ’ဆိုတဲ့ စာတမ်းပါတဲ့ စတစ်ကာအပြာရောင်လေး ၂-ခုကို ကျွန်မတို့ကို ပေးပါတယ်။ ကျွန်မနဲ့အတူ ၀င်လာတဲ့ ကားမောင်းတဲ့တစ်ယောက်က လုံခြုံရေးကို စာရွက်စာတမ်းပြပြီး စကားပြောနေစဉ်မှာပဲ ကျွန်မလည်း ဒုက္ခသည်တချို့နဲ့ စကားပြောဖြစ်တယ်။
    21
    “ဒီထဲမှာ လူဦးရေစုစုပေါင်း ၁၃၇၄-ယောက်ရှိတယ်။ အိမ်ထောင်စုက ၃၇၅-စုရှိတယ်။ ဒီမှာက ရပ်ကွက် (၇)ခုက လူပေါင်းစုံတယ်။ အားလုံးက မွတ်စလင်မ်တွေပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာ အိမ်ထောင်စု ၁-ခုတော့ရှိတယ်။ သူတို့ကလည်း မပြန်ချင်လို့ မပြန်ကြဘူး။ ကျွန်တော်တို့ ဒီမှာနေရတာ စားသောက်ရေးက ပြည့်စုံနေပါတယ်။ ဒါပေမယ့် အခုလိုမျိုးပဲ နေနေရတာတော့ မနေချင်တော့ဘူး။ အိမ်ပြန်ချင်တယ်။ အိမ်ကိုလည်း သွားပြန်ကြည့်ချင်သေးတယ်။ ဒီမှာက တစ်နေကုန် ဘာမှလည်း မလုပ်ရ။ ဘယ်မှလည်း မသွားရ။ တစ်နေ့တစ်နေ့ ဒီထဲမှာပဲ နေနေရတာ။ မနေချင်တော့ဘူး။”လို့  ပြောပြတယ်။
    ကားမောင်းတဲ့တစ်ယောက်လည်း လုံခြုံရေးနဲ့ စကားပြောပြီးတဲ့အခါမှာ တာဝန်ခံက အော်လန်နဲ့ အော်ပါတယ်။ အခန်းနံပါတ် ဘယ်လောက်ကနေ ဘယ်လောက်ထိ ယောက်ျားလေးတွေ ရေသန့်ဗူးတွေ လာသယ်ကြပါ ဆိုတော့ ယောက်ျားလေး လူငယ်တချို့ ရောက်လာကြပြီး ကားပေါ်က ရေသန့်ဗူးတွေကို ကူသယ်ပြီး ချပါတယ်။ ကျွန်မတို့လည်း ပါလာတဲ့ ရေသန့်ဗူး ၅၀-ကို Water Tank ၃-ခုမှာ မျှပြီးချပေးပါတယ်။ လူငယ်တွေလည်း ရေသန့်ဗူးတွေထဲက ရေတွေကို Tank ထဲ ပြောင်းထည့်ကြပါတယ်။ ကျွန်မတို့ ရေထည့်ပေးနေစဉ်မှာပဲ တချို့ကရောက်လာပြီး ရေသန့်တွေ လာယူကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးရင်း အငြင်းပွားဖွယ် စကားလေးတွေ ပြောလာကြတော့ တာဝန်ခံကနေ တန်းစီပြီယူကြဖို့၊ မတွန်းကြဖို့၊ အကုန်လုံး ရေရမယ့်အကြောင်းပြောရင်း ၀င်ထိန်းပေးနေပါတယ်။
    ကျွန်မလည်း အဲဒီနားကနေ ခဏထွက်လာရင်း အိမ်ထောင်စု တစ်စုတည်းရှိတဲ့ ဗုဒ္ဓဘာသာမိသားစုနဲ့ စကားပြောဖြစ်ပါတယ်။ “ကျွန်မတို့လည်း မွတ်စလင်မ်တွေနဲ့အတူတူ ပြေးလွှားရင်း ဒီကို ရောက်လာတာပါ။ ကျွန်မတို့က ၀န်ဇင်းရပ်ကွက်ကပါ။ တစ်ခြားကို ပြောင်းရွှေ့ဖို့လည်း လာခေါ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဒီမှာနေရတာလည်း အဆင်ပြေနေတာပါ။ ဒါကြောင့် ဒီကနေ မပြောင်းပဲနဲ့ နေနေတာပါ။”
    ကျွန်မလည်း ဒုက္ခသည်စခန်းထဲက တစ်ပတ် ပတ်ကြည့်လိုက်တယ်။ တချို့လည်း သစ်ပင်အရိပ်အောက်မှာ စုထိုင်ပြီးစကားပြောနေကြတယ်။ တချို့လည်း အစုလိုက် ထိုင်ပြီး အပျော်တမ်း ကျားကွက်ကစားနေတာတွေလည်း တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်ခံရစဉ် ထွက်ပြေးလာကြတဲ့ ကားတွေကိုလည်းတစ်နေရာထဲမှာ စုပြီးရပ်ထားတာလည်း တွေ့ခဲ့ရတယ်။
    အထက(၃) ဒုက္ခသည်စခန်းက ဘောလုံးကွင်း စခန်းထက်ကို အကျယ်ချုပ်ပုံစံပိုဆန်ပြီး အထီးကျန်ဆန်နေတယ်လို့ ကျွန်မ မြင်တွေ့ခံစားရတယ်။ ဘောလုံးကွင်းမှာ အပြင်က လာတွေ့သူ၊ အပြင်ကို လှမ်းမြင်နေရလို့ သွားလာနေတာတွေကိုမြင်ရပေမယ့် ဒီ အထက(၃) ဒုက္ခသည်စခန်းကတော့ ပြင်ပကိုတွေ့မြင်ဖို့ မလွယ်ကူတာကြောင့် ပိုပြီး အထီးကျန်ဆန်မှုကို ခံစားရပါတယ်။ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေအတွက် အခုအချိန်မှာ စားသောက်စရာက ဖူလုံပြည့်စုံနေပါတယ်။ ဒါပေမယ့် ကျွန်မ ပထမပိုင်းမှာ ပြောခဲ့သလိုပဲ သူတို့ လိုအပ်နေတာက အားပေးစကား၊ ဖေးမမှု နဲ့ မိမိအိမ်ကို ပြန်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေတယ်။ အဲဒါတွေ ပြည့်ဝစေဖို့ အထူးလိုအပ်နေပါတယ်။ အဓိက စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ သူတို့ခံစားချက် ရင်ဖွင့်တာတွေကို နားထောင်ပေးသင့်တယ်။ ပြင်ပက လူတွေနဲ့ များများပေးတွေ့သင့်တယ်လို့ထင်ပါတယ်။ ဒီလို အလုံပိတ်တွေ့ခွင့်မပေးတာက ဒုက္ခသည်တွေရဲ့ စိတ်ပိုင်း ဆိုင်ရာတွေကို ပိုပြီးနှိပ်စက်ညှဉ်းပန်းရာ ရောက်နေပါတယ်။ ဒုက္ခသည်တွေရဲ့လုံခြုံရေးကြောင့်ဆိုပြီး အခုလိုပဲ စခန်းထဲမှာ အလုံပိတ်ထားတာ ထက်စာရင် ရပ်ကွက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကို နိုင်နင်းစွာလုပ်ဆောင်ပြီး ဒုက္ခသည်တွေကို အိမ်တွေမှာ ပြန်လည်နေထိုင်ခွင့် ပေးစေသင့်ပါတယ်။
    ဒါကတော့ ကျွန်မတို့ ရောက်ခဲ့တဲ့ အထက(၃) ဒုက္ခသည်စခန်းက တွေ့မြင်ခဲ့ရတာလေးပါ။ အဲဒီကနေ ကျွန်မတို့ ပြန်ထွက်လာပြီးတော့ မိတ္ထီလာမြို့ထဲကို ကားနဲ့တစ်ပတ်လှည့်လည်ကြည့်ခဲ့ပါတယ်။ ကားရပ်ပြီး ဓါတ်ပုံရိုက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဒါကြောင့် မောင်းနေတဲ့ ကားပေါ်ကနေလှမ်းပြီး ရသလောက် ဓါတ်ပုံလေးတွေလည်း ရိုက်ဖြစ်လိုက်တယ်။
    33
    32
    မိတ္ထီလာမြို့ကို လွန်ခဲ့တဲ့ ၃-နှစ်လောက်က ကျွန်မ တစ်ခေါက် အလည်ရောက်ခဲ့ဖူးတယ်။ ညနေ နေ၀င်ချိန်မှာ မိတ္ထီလာကန်ဘောင်မှာရှိတဲ့ အကြော်ဆိုင်မှာ အကြော်ထိုင်စားရင်း မိတ္ထီလာမြို့ရဲ့ညချမ်းအလှကို ခံစားခဲ့ပြီး ရေလည်ဘုရားထိကို တံတားလေးပေါ်ကနေ လမ်းလျှောက်ဖူးတယ်။ နေ့ခင်းဘက်မှာ မိတ္ထီလာမြို့တစ်ပတ်ပတ်ရင်း မရောက်ဖူးတဲ့နေရာတော်တော်များများကို လည်ခဲ့ဖူးတယ်။ အရင်က စည်ကားလှတဲ့ သာယာလှပခဲ့တဲ့ မိတ္ထီလာမြို့ဟာ အခုတစ်ခေါက် ရောက်ရှိချိန်မှာတော့ မြို့ပျက် မြို့ဟောင်းကြီးတစ်ခုလိုပဲ ခြောက်သွေ့နေတယ်လို့ ခံစားရတယ်။ ကန်ဘောင်မှာ လုံခြုံရေးတွေ ချထားတယ်။ ထိုင်ခဲ့ဖူးတဲ့ အကြော်ဆိုင်လေးလည်း မတွေ့မိတော့ဘူး။ မြို့ထဲမှာလည်း ဗုဒ္ဓဘာသာဆိုင်တွေပဲ ဖွင့်ထားကြတယ်။ မွတ်စလင်မ်ဆိုင်ဖွင့်ထားတာတော့ မတွေ့မိခဲ့ဘူး။
    30
    အဝေးကိုရောက်နေတဲ့ မွတ်စလင်မ်တချို့က ကိုယ့်အိမ်ကို ပြန်ပြီးလာကြည့်ရင်တောင် လုံခြုံရေးအကြောင်းပြချက်နဲ့ မောင်းထုတ်ခံနေရတယ်ဆိုတာကိုလည်း ကျွန်မကြားသိခဲ့ရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။
    မီးရှို့ခံ/ဖျက်ဆီးခံထားရတဲ့ မွတ်စလင်မ်ပိုင်အိမ်တွေ၊ ဆိုင်တွေကတော့ အခုထိ ပြန်လည်ဖွင့်တာ မရှိသေးပါဘူး။ ပြန်ဖွင့်တာ မရှိသေး သလို ပြန်လည် ပြင်ဆင်ခွင့် ဆိုတာလည်း မရှိသေးပါဘူး။ မွတ်စလင်မ်ပိုင်တွေကို ဖျက်ဆီးရင်း ပျက်စီးမှုဒဏ် ကူးစက်ခံရတဲ့ ဗုဒ္ဓဘာသာပိုင် အိမ်/ဆိုင်တွေကတော့ ပြန်လည် ဖွင့်လှစ်ထားတာ တွေ့ရတယ်။ ဗုဒ္ဓဘာသာ အိမ်တချို့ဆိုရင် သာသနာ့အလံထောင်ပြီး အိမ်ကို ပြန်လည် ပြုပြင်နေတယ်။ အစောပိုင်းက စိတ်မှာ ဘယ်လိုမှ ခံစားချက် မဖြစ်ပေါ်မိပေမယ့် … အခုလို မြင်တွေ့လိုက်ရတော့ ခွဲခြားမှု ထပ်မံပြုလုပ်ခံနေပြီလားဆိုတဲ့ ခံစားချက်ဝင်မိတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှည့်ကွက်နဲ့ အခြားအကြောင်းပြချက်တွေ ရှိလာတိုင်း ကြားကနေ ဓါးစားခံဖြစ်ခဲ့ကြရတာ မွတ်စလင်မ်တွေပါ။ မိတ္ထီလာရဲ့ မြင်ကွင်းကိုမြင်ရတော့ နောက်များမှာ ဒီလို ဓါးစားခံအဖြစ်နဲ့ ခံစားကြရတဲ့ ဒုက္ခတွေကနေ ကင်းလွတ်ကြပါစေလို့သာ တောင်းဆုပြုမိတယ်။
    မိတ္ထီလာ အကြမ်းဖက်မှုဖြစ်ပွားကတည်းက ဒုက္ခသည်ဖြစ်ခဲ့ရသူတွေကို စားရေရိက္ခာထောက်ပံ့ ကူညီနေကြတာတွေကလည်း အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေသာဖြစ်ပါတယ်။
    စေတနာထက်သန်ကြတဲ့ အလှူရှင်တွေကို ကျွန်မအနေနဲ့ အကြံပေးလိုတာ တစ်ခု တွေ့ရှိလာပါတယ်။ လှူဒါန်းမှုတွေ ပြုလုပ်တာလည်း အလွန်ကို ကောင်းမွန်ပါတယ်။ ဒုက္ခသည်တွေအတွက် လတ်တလော အခက်အခဲတွေကို ပြေလည်စေပါတယ်။ အခုအချိန်မှာ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေလည်း လုံလောက်သင့်သလောက် လုံလောက်နေပါတယ်။ မကြာခင် အချိန်မှာတော့ လိုအပ်မှုတွေ ထပ်မံရှိလာနိုင်ပါတယ်။ အဲလို လိုအပ်လာချိန်မှ ထပ်မံ လှူဒါန်းတာမျိုးလုပ်ကြရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အခုလို စားနပ်ရိက္ခာ ထောက်ပံ့ပေးကြသည့် နည်းတူ ဒုက္ခသည်တွေ အိမ်ယာပြန်လည် ထူထောင်ပြီဆိုရင်လည်း ကူညီထောက်ပံ့မှုတွေ လိုအပ်နေဦးမယ်ဆိုတာလည်း မြင်တွေ့လာခဲ့ရပါတယ်။ ဒါကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက်လည်း ပါဝင်ပေးကြဖို့ကို အကြံပြုလိုပါတယ်။
    မိတ္ထီလာမြို့ကို ရောက်ပြီးတဲ့အခါ မြင်တွေ့ရတာက အကြမ်းဖက်ခံရမှုက ဒုက္ခသည်တွေ မိမိနေအိမ်တွေမှာ အမြန်ဆုံး ပြန်နေနိုင်ခွင့်ရအောင် စီစဉ်ပေးသင့်တယ်လို့ ခံယူပါတယ်။ အခုလို ဒုက္ခသည်အဖြစ်နဲ့ ဆက်ပြီးနေနေရ ဦးမယ်ဆိုရင် ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပိုမိုထိခိုက်လာပြီး စိတ်ဒဏ်ရာတွေ ပိုမိုဖိစီးသွားနိုင်ပါတယ်။
    ‘ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ’ဆိုတဲ့ စတစ်ကာလေးတွေကို ဆိုင်ကယ်တချို့၊ ကားတချို့မှာ ကပ်ထားတာတွေ့လိုက်တယ်။ တကယ်ရော ခွင့်တူညီမျှပြီး ၀ါဒဖြူစင်တဲ့မြေ ဖြစ်ပြီလား။ ဒါဆိုရင်တော့ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာ သွားလာနိုင်တဲ့ နယ်မြေတစ်ခုကို ဖန်တီးနိုင်ရပါမယ်။ ဘာသာတစ်ခုကိုတော့ လွတ်လပ်ခွင့်အပြည့်အ၀ပေးထားပြီး အခြားဘာသာတစ်ခုကိုတော့ လုံခြုံရေးကြောင့်ဆိုတဲ့ အကြောင်းပြချက်ထားထားတာကိုတော့ ကျွန်မအနေနဲ့ ခွင့်တူညီမျှတယ်လို့ မခံစားနိုင်သေးပါဘူး။ ဒါကြောင့် တကယ့်ကို “ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” အေးချမ်းတည်ငြိမ်တဲ့ မိတ္ထီလာနယ်မြေ ဖြစ်လာဖို့ နိုင်ငံတော်မှ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ကြိးစား အကောင်ထည်ဖော်ဆောင်ပေးသင့်ပါတယ်။
    ဒုက္ခသည် မွတ်စလင်မ်တွေအတွက် အားကိုးအားထားပြုနိုင်ဖို့ တာဝန်ရှိသူတွေ (အမည်နာမ မတပ်လိုတော့ပါ။) အနေနဲ့လည်း နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အတတ်နိုင်ဆုံး ကြိုးစားနေမှုတွေကိုလည်း အများမြင်သာတဲ့ ပွင့်လင်းမြင်သာမှုမျိုးနဲ့ ကြိုးပမ်းပေးရင်း စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
    * * ဒီဆောင်းပါးလေးဟာ ကျွန်မအနေနဲ့ မည်သူ့ကိုမျှ မည်သည်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း အလျင်းမရှိပါ။ ကျွန်မ မိတ္ထီလာရောက်စဉ် တွေ့မြင်ခဲ့ရတာတွေကို ပြန်လည် မျှဝေခြင်းသက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် … ဒီဆောင်းပါးကို ဖတ်ရှုပြီး အမျက်ဒေါသဖြစ်မယ့်အစား အကောင်းဆုံးအခြေအနေတစ်ခု ဖြစ်လာအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ စုစည်းညီညွတ်မှု(Unity)ကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါတယ်။
    ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ (၁) ဖတ်ရန်။
  • အစွန်းရောက်သူများ (သို့) ကလေးဆိုးကြီးများ အုပ်ချုပ်သော နိုင်ငံတော်
    ဧပြီ ၁၃ ၊ ၂၀၁၃
    ဆောင်းပါးရှင်- မောင်သမာဓိ
    163373_574346642594645_1258211420_n
    မြန်မာနိုင်ငံတွင် ၁၉၇၄ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပါတီမူဝါဒ သဘော တရားများဖြစ်သော လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည (အင်ညမင်ည) နှင့် မဇ္ဇိမ ပဋ္ဋိပတာ နည်း လမ်းတို့ကို တက္ကသိုလ်နှင့် ကောလိပ်တို့တွင် မသင်မနေရ ပြဌာန်းကာ ၁၅ နှစ်ခန့် သင်ကြားစေခဲ့ သော် လည်း လက်တွေ့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည် ကဏ္ဍအသီးသီးတို့၌ အလယ်အလတ် လမ်းစဉ်ကို မကျင့်သုံးနှိုင်ဘဲ အစွန်းတဖက်ဖက်သို့ အလွန်အမင်း ရောက်နေသည် များကိုသာ ယနေ့တိုင် အံ့သြဘွယ် တွေ့ရှိနေရပါသည်။
    မဆလ ပါတီ သဘောတရားများသည် ဗုဒ္ဓဝါဒနှင့် ဆိုရှယ်လစ်ဝါဒ တို့ကို ရောသမထားခြင်းသာ ဖြစ်၍ မြန်မာပြည်သူများ အတွက် အထူးအဆန်း မဟုတ်သော်လည်း လက်တွေ့တွင် မအောင်မြင်ခြင်း မှာ အုပ်ချုပ်သူ လူတန်းစားများ၏ အာဏာသုံးရပ် စလုံးကို အပိုင်ကိုင်ထားသော အာဏာရှင်ကို အလွန် အမင်း ကြောက်ရွံ့ရမှုနှင့် မှားသည်မှန်သည် မချင့် ချိန်နှိုင်ဘဲ အမိန့်အရ နိုင်ငံနှင့် ပြည်သူအပေါ် အမှား ကျူးလွန်မှုများကြောင့်၎င်း၊ ပြည်သူပြည်သားတို့၏ ယုံကြည်မှုကို မရနိုင် လောက်အောင် အစိုးရ၏ သိက္ခာမဲ့သော အစွန်းရောက် လုပ်ဆောင်ချက်၊ ရပ်တည်ချက် များကြောင့် ၎င်း၊ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ တနည်းအားဖြင့် တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးရန် စနစ်ထက် လူသားသိက္ခာက ပိုမိုအရေး ကြီးကြောင်း   မြန်မာသမိုင်းက လက်တွေ့ပြသနေပါသည်။
    ယနေ့အချိန်အခါတွင် အလားတူ အစွန်းရောက်ရပ်တည်ချက်များကြောင့် တိုး တက်ဖွံ့ဖြိုး၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး မကျရှုံးစေရန် အတွက် ဥာဏ်မှီသမျှ ထောက်ပြ ဝေဖန် အကြံပေးလိုပါသည်။
    ဘက်လိုက် အစွန်းရောက် ပြည်တွင်းမူဝါဒ။
    မြန်မာနိုင်ငံသည် အာဏာရှင် ဦးနေဝင်းခေတ်မှသည် ယနေ့တိုင် နိုင်ငံတကာ ခေါင်းဆောင်များ နှင့် တွေ့ဆုံသည့် အခါတိုင်း မြန်မာ့ခေါင်းဆောင်များ ဂုဏ်ယူ၍ ပြောသော လက်သုံးစကားမှာ လွတ် လပ်၍ တက်ကြွသော ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်ဟူ၏။
    ပြည်တွင်းမူဝါဒတွင် တဖက်စွန်းရောက်အောင် ဘက်လိုက်သည်ကို အထင်အရှား တွေ့နိုင် ပါ သည်။ တောင်ကုတ် ခရီးသွား ၁၀ ဦးကို အုပ်စုဖွဲ့သတ်ဖြတ်သော တရားခံများကို၎င်း၊ ရခိုင်၊ မိတ္ထီလာ နှင့် ပဲခူးတိုင်း အနောက်ခြမ်း ဘာသာရေး၊ လူမျိုးရေး အထိကရုံးများကို လှုံဆော်သူများနှင့် ကျူးလွန် သူ ဘာသာရေး အစွန်းရောက်များကို၎င်း၊ ယ္ခုတိုင် မဖေါ်ထုတ်ဘဲ ခုခံသူ မွတ်ဆလင်များကို တဖက်သတ် ဘက်လိုက်၍ ထောင် သွင်း အကျဉ်းချနေခြင်းတို့သည် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိဘဲ အစွန်းရောက်နေသည်ကို မီးမောင်းထိုးပြသနေပါသည်။
    ဥပဒေ မစိုးမိုး၍ နိုင်ငံရေး မတည်ငြိမ်သော တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပါ။
    အစွန်း နှစ်ဖက်ကို တလှည့်စီ ရောက်နေသော ပြန်ကြားရေးဝန်ကြီးဌာန။
    အောက်စ်ဖို့ တက္ကသိုလ် အမည်ကို တည်းဖြတ် ပိတ်ပင်ခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာနသည် ၂၀၀၈ ဖွဲ့ စည်းပုံနှင့် ဆန့်ကျင်သော လူမျိုးရေး ဘာသာရေး အထိကရုံးဖြစ်စေရန် လှုံ့ဆော် သော စာ ရွက်စာတမ်း၊ CD နှင့် VCD များကိုသာမက လူမျိုးရေး လှုံ့ဆော်သော ဂျာနယ်များကိုပင် လွတ်လပ်စွာ ဖြန့်ဝေ ခွင့် ပြုထားသောကြောင့် အစွန်း ၂ ဖက်ကို ရောက်လွန်းသည်။ ထို့ကြောင့် မြန်မာပြည်နိုင်ငံရေး သည် တည်ငြိမ်နိုင်စရာ အကြောင်းမရှိသည့်အပြင် လူမျိုးရေး၊ ဘာသာရေး ပဋ္ဋိပက္ခများ ဆက်လက် ဖြစ်ပေါ် နေဦးမည်သာ ဖြစ် သည်။
    အဆုံးစွန် ငြင်းဆိုပြီး လိုအပ်လျှင် ပွဲထုတ်သော အစိုးရ အဖွဲ့။
    မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝမရှိပါဟု နိုင်ငံတကာလှည့်ကာ ဇွတ်တရွတ် ဘူးကွယ်သော မြန်မာ အစိုးရ သည် နောက်ဆုံး နိုင်ငံရေး အကျဉ်းသားကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရန် ကော်မတီ ဖွဲ့ပေးလိုက်ရုံမက ၈၈ မျိုး ဆက် ကျောင်းသား အဖွဲ့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင် အသီးသီးတွင် အရာသွင်း ပွဲထုတ်လာသည် အထိ အရေးပေးလာကြ၏။
    အိုင်ဒီယာချင်းတူသော ဇာဘုရင်၏ မိဖုရားနှင့် မြန်မာ သမ္မတ အကြံပေး။
    ဇာဘုရင်၏ မိဖုရားက ပေါင်မုံ့စားရန်မရှိသော ပြည်သူများကို ကိတ်မုံ့စားရန် တိုက်တွန်း၏။
    ၂၄ နာရီ မီးလင်းရေး ဖယောင်းတိုင် ထွန်းကာ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲတွင် ပါဝင် သူများ သည် ဖယောင်းတိုင်များကို ဆန္ဒပြရာတွင်ထွန်းမည့်အစား မိမိတို့အိမ်တွင် လျှပ်စစ်မီးပြတ်ချိန် တွင် ထိုဖယောင်းတိုင်များကို အသုံးပြုထွန်းညှိခြင်းဖြင့် မီးမလာသည့် ပြသနာကို ဖြေရှင်းနိုင်ကြောင်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ကမ္ဘာကျော် အကြံကိုပေး၏။ ထိုဖယောင်း တိုင်ဖြင့် ရေတင်လို့မရ၊ ထမင်း ချက်လို့မရသည်ကိုတော့ သမ္မတအကြံပေး တွက်ချက်မိပုံမပေါ်ပါ။
    မြန်မာနိုင်ငံအနာဂတ် အတွက် အလွန်အရေးပါသော မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ရေး အတွက် သမ္မတကို အကြံပေး ရန်အတွက်ကိုမူ သမ္မတ အကြံပေးအဖွဲ့သည် လုံးဝ နှုပ်ဆိပ်နေကြ၏။
    ဆင်းရဲမွဲတေမှု ပပျောက်ရေး ဝိုင်းဝန်းအငတ်ခံပေး။
    ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် မူဝါဒများချမှတ်နေသော အစိုးရတရပ်၏ လယ်/ဆည် ဝန်ကြီး က တောင်သူလယ်သမားများကို အချိန်ကာလနှင့် ရက်အရေအတွက် သတ်မှတ်ချက် မပါသော ထမင်း တနပ် အငတ်ခံရန် တိုက်တွန်းအကြံပြု၏။ ပြည်သူလူထု ကြွယ်ဝစေရမည်ဟု  အာမခံသည်နှင့် တပြိုင် နက် အငတ်ခံခိုင်း၏။
    အစွန်းရောက်၊ အငြင်းသန် ရခိုင်မျိုးချစ်ခေါင်းဆောင်များ။
    (က) ရခိုင်ဒေသကို မတည်ငြိမ်သော အရှေ့အလယ်ပိုင်း ပါလက်စတိုင်း ဒေသကဲ့သို့ မဖြစ် စေလိုသည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါ်စောခင်တင့်၏ ဟီလာရီ ကလင်ထံ ပေးစာ ကြောင့် နိုင်ငံတကာ အလယ်တွင် ရခိုင်လူမျိုးများကို နာဇီလက်သစ် အသွင် မြင်စေမည့် လူမျိုးပြုန်း သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုများ ကို ရခိုင်ဒေသတွင် ဖြစ်ပေါ်စေခဲ့ပါသည်။
    ရခိုင်ခေါင်းဆောင်များပြောသော ရခိုင်အမျိုးသားရေး လှုပ်ရှားမှုများသည် လက်တွေ့တွင် ရခိုင်ပြည်၏ စီးပွားရေးဘဝများကို ပျက်စီးစေရုံမက ရခိုင် အမျိုးသားများကို ဆင်းရဲတွင်း နက်စေ ခဲ့သည်။
    (ခ) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိပါဟု ဇွတ်ငြင်းသော အစွန်းရောက် RNDP ဒေါက်တာ အေးမောင်နှင့် သမိုင်းဆရာ ဒေါက်တာအေးချမ်းတို့သည် ဘူချနမ် သမိုင်းစာအုပ်တွင် ရေးသားထား သည့် ကိုယ်ပိုင်စာပေရှိသော မဟာမေဒင် ဘာသာဝင် ရိုဟင်ဂျာလူမျိုး အမည်သည် ဗုဒ္ဓ ဘာသာဝင် ရခိုင်များကို ခေါ်ခြင်းဖြစ်သည်ဟု အတင်းအဓမ္မ အရှက်မရှိ ပြောနေကြပါပြီ။ တနည်းအားဖြင့် ညောင် မြစ်တူးလို့ ပုတ်သင်ဥပေါ်ဆိုသလို သမိုင်းအထောက်အထား အခိုင်အမာဖြစ်လာသော ရိုဟင်ဂျာတို့၏  (Identity) ကို ရခိုင်တို့ လုယူနေကြပြီ။
    သို့ဆိုလျှင် ၎င်းတို့နှစ်ဦး သည် များမကြာမှီ မိုဟာမက် အေးမောင်နှင့် မိုဟာမက် အေးချမ်းဟု နာမည်ပြောင်းရန် အလားအလာရှိ၍ ဘက်မလိုက်မီဒီယာများ စောင့်ကြည့်ရန် အထူးလိုအပ်ပါသည်။
    လက်ဝဲရော လင်္ကျာပါ ယိမ်းသည့် လဝက ဝန်ကြီး ဦးခင်ရီ၊
    ရိုဟင်ဂျာများသည် တရားမဝင် ခိုးဝင်သူများဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သော လ.ဝ.က ဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးမည့် အစီအစဉ်ကို ဟန့်တားလိုသောအခါ ရခိုင်နှင့် ရိုဟင်ဂျာ ပဋ္ဋိက္ခသည် နှစ်ပေါင်းကြာရှည်စွာ တအိမ်တည်း အတူနေသော ညီအစ်ကိုများ၏ ရန်ပွဲသာဖြစ်သည်ဟု ပြောပြန်ပါသည်။
    သွေးနှင့်ဆုံးဖြတ်သည်ဆိုသော ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ အရ ရခိုင်တို့နှင့် ညီအစ်ကို တော်သော ရိုဟင်ဂျာတို့သည် အလိုအလျှောက် နိုင်ငံသား ဖြစ်ရန်သာရှိ၏။
    အစွန်း ၂ ဖက်သို့ရောက်လွန်းသော နိုင်ငံတော်သမ္မတ၏ စီမံခန့်ခွဲမှု။
    (က) မုံရွာ လက်ပံတောင်းတောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လက်နက်မဲ့ ရဟန်း သံဃာများကို မီးလောင်ဒဏ်ရာများ ရစေသည်အထိ မြို့ပြအုပ်ချုပ်ရေးကို အသုံးပြု ဖြိုခွင်းစေခဲ့သော သမ္မတသည် မိတ္ထီလာမြို့ တွင် ၃ ရက်တိုင်တိုင် အကြမ်းဖက်၊ လူသတ်၊ လုယက်၊ မီးရှို့နေသူများကို ဖြစ်ထွန်းစ ဒီမိုကရစီ ပျက်သုန်းသွားမှာ စိုးသောကြောင့် အင်အားသုံး၍ မဖြိုခွဲခြင်းဖြစ်သည်ဟု နိုင်ငံ အခြေပြ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားဝန့်၏။
    (ခ) ရိုဟင်ဂျာများကို ခြံခတ်ထားပြီး တတိယနိုင်ငံသို့ပိုရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့သော သမ္မတသည် ဧပြီလ ၉ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင် အထည် ဖေါ်ဆောင်ရေး ကော်မတီ အစည်းအဝေး တွင် နှစ်ပေါင်း ရှည်ကြာစွာအတူ နေထိုင်လာခဲ့ကြသူများ ဖြစ် သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုးကြည့်ရှုပြီးအေးချမ်း တည်ငြိမ် စွာ နေထိုင်သွား ကြရန်လိုကြောင်း၊ ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်များ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက်  လက်တွေ့ အကောင် အထည်ဖေါ် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း   ပြောပြန်ပါသည်။
    နိုင်ငံနှင့် ပြည်သူအတွက် အမှားလုပ်မိသူများ တာဝန်သိသိနှုတ်ထွက်ပါ။
    မြန်မာနိုင်ငံတွင် အားကိုးစရာဆိုလို့ သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသော ပြည်သူများနှင့် ၎င်းတို့ ပိုင်ဆိုင်သော လုပ်ပိုင်ခွင့် အာဏာ (Mandate) ပေးနိုင်သည့် ထောက်ခံမဲ များသာကျန်ပါသည်။
    ကိုယ့်လုပ်ရပ်နှင့် ကိုယ့်နှုပ်ထွက်စကားများကို တာဝန်ယူရဲသော တင်းပြည့်ကျပ်ပြည့်၊ ဂုဏ် သရည်ရှိ၊ သိက္ခာရှိ လူကြီး လူကောင်းများကို ခေါင်းဆောင်အဖြစ် ရွေးချယ်မဲပေးခြင်းဖြင့်သာ အစွန်း တရားများမှ ရှောင်ရှား နိုင်ပြီး တိုင်းပြည်ကို အမှန်တကယ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူ များအနေဖြင့် ဆောင်ကျဉ်း နိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။
    မှတ်ချက်။     ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကလေးဆိုးကြီးများကို မဲမပေးမိစေရန် ဆန္ဒပြုလျှက်
    ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။