News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

    ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

    ဧပြီ ၈၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။          ။        နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

    ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ်ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။

    အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်းသွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစောစီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန်ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။

    ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ်လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ်နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက်ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

    ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာရပ်ခံပန်ကြားကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

    မိမိတို့ ဆွေးနွေးလိုကြသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ပြဿနာများရေရှည်မှာ မဖြစ်အောင်ဆိုသည့်အချက်ပေါ် မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀-ခန့်ကတည်းက ပြောလိုသည်မပြောရ၊ လုပ်လိုသည်မလုပ်ရဖြင့် နေလာခဲ့ပြီးမှ ရုတ်တရက် လွန်မြောက်လာသောအခါ အသီးသီးမှာ ခံစားချက်တွေ ရှိလာခဲ့ကြပြီး၊ အမှောင်တွင်းမှ အလင်းထဲသို့ ရုတ်တရက်ရောက်ရှိလာချိန်တွင် မိမိညီနောင် အချင်းချင်း တစိမ်းပြင်ပြင် နေမိလာကြကြောင်း၊ နိုင်ငံတော်၏ သမိုင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း၊ နိုင်ငံမှာ အများစုက ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မေတ္တာ တရားကြီးများစွာဖြင့် စောင့်ရှောက်ခဲ့ကြကြောင်း၊ ဘုရားကျောင်းကန်များရှိခဲ့သည့်နည်းတူ ဗလီများတည်ရှိခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပေးခဲ့ကြကြောင်းပြောပါသည်။ ဆက်လက်ပြီး နိုင်ငံတော်တွင် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း ၁၉၃၀-ခုနှစ်ခန့်ကက ဘာသာရေးအဓိကရုဏ်းစဖြစ်ခဲ့ကြောင်း၊ ရှေ့မြန်မာမင်းများလက်ထက်တွင် ဘာသာရေး အဓိကရုဏ်းဆိုသည် မကြားဖူးခဲ့ကြောင်း၊ ၁၉၃၈-ခန့်ကနောက်တစ်ကြိမ်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းသည်လည်း ၁၉၃၁-ခုနှစ်ခန့်က ထုတ်ထားသည့် မော်လ၀ီ-ယောဂီစာအုပ်ကို ပြန်ထုတ်ပြီး လှုံ့ဆော်ခဲ့ကြကြောင်း၊ ယင်းအချိန်ကာလသည် မြန်မာ့သမိုင်းတွင် နိုင်ငံရေးဒီရေအတက်ဆုံး အချိန်ဖြစ်သည့်အတွက် အရေးကြီးဆုံး အချိန်တွင် နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးချက်ဟု မိမိတို့အနေနှင့် သုံးသပ်ရရှိထားကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာအသီးသီးအပေါ်၌ စာနာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာမွတ်စလင်မ်များသည် ၀န်ကြီးအဆင့်ထိ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲတွင်လည်း မွတ်စလင်မ်တွေ ကျရာတာဝန်ထမ်းရွက်ခဲ့ကြကြောင်း၊ ၁၉၆၁-ခုနှစ်တွင်လည်း မြောက်ဥက္ကလာ အရေးအခင်းဖြစ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော ကာလတွင် ဒီမိုကရေစီအစိုးရဖြစ်သည့် အစိုးရက ဘက်မလိုက်ပဲ ဖြေရှင်းပေးခဲ့ကြောင်း၊

    ၁၉၆၂-ခုနှစ်တွင် လူထုဆန္ဒအား မလေးမထားပဲ လူတစ်စုဆန္ဒသာ အလေးထားသည့်စနစ်ပေါ်ပေါက်လာပြီးနောက် လူတစ်စုမှ မိမိအာဏာ တည်မြဲရေးအတွက် နိုင်ငံသားချင်းသွေးကွဲစေရန် ကိစ္စများ စတင်ဆောင်ရွက် လာကြောင်း၊ နိုင်ငံအစိုးရက နိုင်ငံရေးအရ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး သြဇာအာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ချက်များကို ရိုးရိုးသားသားတင်ပြရပါက ငယ်စဉ် ကျောင်းနေစဉ်ကပင် ကျောင်း၌ မှတ်ပုံတင်ပြုလုပ်သောအခါ မှတ်ပုံတင် မရှိသည့်ကလေးတွေ မတ်တပ်ရပ်သည့်ဆိုသည့် အတွက် မတ်တပ်ရပ်သည့်အခါ မွတ်စလင်မ်ကလေးတွေ မပါဘူး ပြန်ထိုင်ဟု ပြောကြောင်း၊ ပြန်ထိုင်ရပြီးသည့်အခါ ဘေးတွင်အတူယှဉ်တွဲထိုင်ခဲ့သည့် ညီနောင် သူငယ်ချင်းတွေရဲ့စိတ်ဓါတ် မတူကွဲပြားခြားနားခြင်းဆိုသည့်အသိကို အဲ့ဒီမှာပဲ စပေးပါကြောင်း၊ မွတ်စလင်မ်တွေမှာလည်း အားငယ်စိတ်ကို စတင်ဝင်လာခဲ့ကြောင်း တင်ပြပါသည်။

    ဆက်လက်ပြီး ဘာသာရေးအဖွဲ့ကြီးမှ တင်ပြသည်မှာ – ကျောင်းတက်သည်မှ လွန်မြောက်ပြီး တက္ကသိုလ်တက်သည့်အခါတွင်းလည်း တချို့သော ဆရာ/ဆရာမများသည် ရင်ဝယ်သားပမာ ဆက်ဆံသော်လည်း အချို့မှာ ခွဲခြားဆက်ဆံမှုအပေါ် အမြစ်တွယ်လာပြီး ကုလားကလေးဟု ခွဲခြားခံရမှုများရှိကြောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

    ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးသည်မှာ – တရားဥပဒေစိုးမိုးရေးကော်မတီအနေနှင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်းအားလည်း တတ်နိုင်သမျှ ဆော်သြမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲလုပ်ဆောင်မည်ကို လုံးဝလက်မခံကြောင်း၊ အခြေအနေတစ်ခုကို ပြောင်းလဲစဉ် အကြမ်းဖက်နည်းကို သုံးစွဲသည်မှာ ယဉ်ကျေးသည့်လူများ၏ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း၊ လူရိုင်းများသည်သာ အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာအား ဖြေရှင်းကြောင်း၊ ယဉ်ကျေးသည့်သူများသည် ဦးနှောက်နှင့် နှလုံးသားအားအသုံးပြုပြီး ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ ချို့တဲ့နေသူများ၏စိတ်ဓါတ်တွင် ခံစားမှုတွေ ပြင်းထန်စွာ ရှိတတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရန်လိုကြောင်း များကို ပြန်လည် ဆွေးနွေးပြောကြားဆွေးနွေးခဲ့ပြီး ၁၂း၄၀ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်းသိရပါသည်။

    ဆွေးနွေးမှုအသေးစိတ်အား ထပ်မံဖော်ပြပါမည်။

  • မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ဖို့ဝိန်းရောက် မြန်မာမွတ်စလင်များ ရှုံချ ဆန္ဒပြ

    ဧပြီ-၇-၂၀၁၃
    M-Media
    သတင်း- နေစိုင်း

    DSC_0104 - copy

    အမေရိကန်ပြည်ထောင်စု ဖို့ဝိုန်းမြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၇) ရက်နေ့မှာ ဖို့ဝိုန်းမြို့ တရားရုံးရှေ့တွင် စုဝေးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
    ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေရများအား ကူညီမှုကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ ပျက်ဆီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ပေးရေးနဲ့ အနာဂါတ်မှာ ထပ်မံမဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ပြီး တောင်းဆိုချက်များကိုလည်း မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့မှာဖြစ်ကြောင်းလည်း သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်မှ စတင်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ-ရခိုင် ပဋိပက္ခတွေဟာ အစ္စလာမ်ဘာသာဝင်များအပေါ် တစ်ဖက်သတ် အကြမ်းဖက်မှုတွေအဖြစ် မြန်မာနိုင်ငံအနှံ့ ပြန့်ပွားကူးဆက်ခဲ့တာကို ဆန့်ကျင် ခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးရွာလာခဲ့တာဖြစ်တယ်လို့ ဦးအယွတ်ခန်းကပြောပါတယ်။

    ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုအေးမင်းကလည်း မြန်မာမွတ်စလင်ညီနှောင်တွေ မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်ခံ သတ်ဖြတ်ခံနေရတာကို ကမ္ဘာကသိစေချင်ကြောင်း၊ အဖြစ်မှန်တွေကို မြန်မာပြည်သူတွေသိဖို့ လိုအပ်ကြောင်း၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်း ပြောပါတယ်။

    “အစ္စလာမ်ဆန်ကျင်ရေး၊ မုန်းတီးရေး လုပ်ရပ်တွေ ထင်ထင်ပေါ်ပေါ် လုပ်လာနေကတည်းက ဒီလို အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုတာ သိသာနေတာဘဲ။ ဒါပေမယ့်ဗျာ…အစိုးရအနေနဲ့ ဖြစ်လာမယ်ဆိုတာ သိလျက်နဲ့ ကြိုတင်ထိန်းသိမ်းထားခဲ့သင့်တယ်။ ဖြစ်ပျက်နေတဲ့အချိန်မှ ချက်ချင်း ကိုင်တွယ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်ဗျ။” ဟု ဦးအယွတ်ခန်းကပြောပါတယ်။
    DSC_0092 - copy
    မော်လဝီဂျလားကလည်း မြန်မာမွတ်စလင်တွေဟာ အမိမြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ နေထိုင်လာခဲ့ကြောင်း၊ ခေတ်အဆက်ဆက်မှာ အမိမြန်မာပြည်အတွက် အကျိုးပြုခဲ့ကြကြောင်း၊ အခုလိုအကြမ်းဖက်မှုလုပ်ရပ်ကြီးကတော့ မြန်မာနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲအောင် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်များက အကြံအစည်ရှိရှိ လုပ်ကိုင်ကြတာဖြစ်ကြောင်း၊ ဘာသာတရားတစ်ခုလုံး၊ လူမျိုးတစ်မျိုးလုံးကို အပြစ်တင်၍မရကြောင်း ဆန္ဒပြသူတွေကိုပြောကြားခဲ့ပါတယ်။

    “ကျနော်တို့က ဘယ်ဘာသာကိုမှလည်း မစော်ကားဘူး။ ကျနော့်တို့ကိုစော်ကားတာကိုလည်း မကြိုက်ဘူး။ ဒီကိစ္စက ဘာသာတရားအကြားမှာဖြစ်ပျက်တဲ့ကိစ္စလည်းမဟုတ်ဘူး။ ဗုဒ္ဓဘာသာအမည်ခံ အချို့အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအနောက်မှာ နိုင်ငံရေးသမားတွေလည်းပါတယ်။ ဒါကို နိုင်ငံခေါင်းဆောင်တွေကလည်း သိသိရဲ့နဲ့ မလွန်ဆန်နိုင်တဲ့ သဘောမှာရှိတာကို တွေ့ရတယ်။” ဟု မော်လဝီဂျလားမှ ရှင်းပြပါတယ်။

    ဆန္ဒပြသူတွေဟာ “ဘယ်ဘာသာဘဲဖြစ်ဖြစ် သတ်ဖြတ်တာကို လက်ခံဘူး”၊ “တရားမျှတမှုကိုလိုလာတယ်”၊ “မွတ်စလင်တွေကိုသတ်တာ… ဗလီတွေဖြတ်တာ ချက်ချင်းရပ်” အစရှိတဲ့ ဆိုင်းပုဒ် ပိုစတာများဆွဲကိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
    အင်ဒီယားနာပြည်နယ် ဖို့ဝန်းမြို့မှာနေထိုင်ကြတဲ့ မြန်မာမွတ်စလင်မိသားစုတွေ စုပေါင်းပြီး အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေကြသူတွေကို အလှူဒါနပြုကြဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။

  • ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပမည်

    ဧပြီ ၇၊ ၂၀၁၃
    M-Media
    နေမင်း
    2
    ပုသိမ် ။           ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ဘာသာပေါင်းစုံအလှူပွဲကို ဧပြီလ ၈-ရက် (တနင်္လာနေ့)တွင် နံနက် (၁၀)နာရီမှ နေ့လည် (၁၂း၃၀)နာရီထိ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ယင်းဘာသာပေါင်းစုံအလှူပွဲကို ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေရေးကွန်ရက်၏ ကြီးကြပ်မှုဖြင့် သာသာပေါင်းစုံမှ လူမျိုးများ အတူတကွတွေ့ဆုံ၍ ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး တရားဒေသနာ အဆုံးအမများကို နာယူပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

  •ဲမြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲမှ အသံများ

    ဧပြီ ၆၊ ၂၀၁၃
    M-Media
    သတင်း – ပသီဆောင်းနှင်းမှုံ

    OLYMPUS DIGITAL CAMERA

    သဘာပတိ ဦးခင်မောင်ချိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ အခု ဒီပွဲက အမှန်တကယ်တော့ လူငယ်တွေက စခဲတဲ့ ပွဲပါ။ မွတ်စလင် လူငယ်ကွန်ယက် ၂၀ကျော်က ပါဝင်ပါတယ်။ ဘာသာရေး အသင်းအဖွဲ့တွေ အားလုံးစုပေါင်းပြီး ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ကိစ္စများကို အားလုံး တိုင်ပင်ကြတဲ့ သဘောပါ။ ဒီလူငယ်တွေဟာ ခေါင်းစဉ်တွေကို ရွေးကြတာ တော်တော်လေး လေးနက်ပါတယ်။ ခေါင်းစဉ်တွေက တရားဥပဒေ စိုးမိုးရေး၊ အခြေခံ ဥပဒေနဲ့ ပတ်သပ်တဲ့ ကိစ္စ၊ အမုန်းတရား ရပ်ဆိုင်းရေး ကိစ္စ အဲဒီကနေ ဆက်ပြီးတော့ မြန်မာမွတ်လင် တစ်ပြည်လုံး အတိုင်းအတာနဲ့ ညီလာခံ တစ်ရပ် ခေါ်ဖို့အထိ ရှိပါတယ်။ တရားဥပဒေ စိုးမိုးမှု့နဲ့ ပတ်သပ်ပြီး ကြည့်လိုက်မယ် ဆိုရင် အားလုံးတွေ့ကြုံ ခံစားခဲ့ရတဲ့ အခြေအနေတွေက တိုင်းတစ်ပါးကနေ ကျွန်တော်တို့ကို စစ်ကျူးကျော် တိုက်ခိုက်နေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး၊ ပြည်တွင်းစစ် ဖြစ်နေတာလည်း မဟုတ်ပါဘူး၊ သူပုန်ထလို့ ဒီလို ဖြစ်တာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ လွှတ်တော်တွေလည်း ရှိတယ်၊ အစိုးရလည်း ရှိတယ်၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းရှိတယ်၊ ဒီလို အခြေနေမှာ အင်မတန် ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုကို ကြုံတွေ့ရတယ်၊ ဒါနဲ့ပတ်သက်ပြီး လူငယ်တွေဟာ သူတို့သိထားတဲ့ လေ့လာထားတဲ့ဟာတွေ အားလုံးကို တင်ပြမှာဖြစ်ပါတယ်၊ စနစ်တကျ ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော်ကို တင်ပြပြီးတော့ ကောင်းမွန်တဲ့ အခြေအနေကို ဖြစ်အောင် ဒီလိုကြိုးပမ်းကြတဲ့ သဘောပါ၊ တရားဥပဒေစိုးမိုးရေး ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသားတွေဆိုတာ ခွဲခြားမှု မရှိပါဘူး၊ ၂၀၀၈ခုနှစ် အခြေခံဖွဲ့စည်းပုံ ဥပဒေမှာ ပုဒ်မ၂၁(က)မှာ နိုင်ငံသားတွေအားလုံးဟာ အတူတူပဲ လွတ်လပ်မှုမှာလည်းအတူတူပဲ၊ တန်းတူညီမျှးမှု မှာလဲအတူတူပဲ၊ တရားမျှတမှုမှာလည်း အတူတူပဲ၊ အဲဒါ ပုဒ်မ ၂၁(က) မှာပြဌာန်းထားပါတယ်၊ ၂၁(က) ဆိုတာအလွန်လေးနက်ပါတယ်၊ ဒါဟာ အခြေခံမူထဲက ပုဒ်မတစ်ခုပါ၊ ၂၁(က) အရ နိုင်ငံသားတိုင်းမှာ ညီမျှတဲ့ တရားမျှတမှု ရှိဖို့လိုပါတယ်၊ အခု ဂျာနယ်တွေမှာ ရေးနေကြပြီ နောက်ကွယ်မှာ အဖွဲ့အစည်း တစ်ခုရှိတယ်၊ ဒါဟာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်တာ ကျွန်တော်တို့ဟာ ခုတုံးလုပ်ခံရတဲ့ ဘ၀မျိုးရောက်နေပါတယ်၊ ဒါတွေလည်းပဲ ဆက်လက်ပြီး စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ဖို့လိုပါတယ်၊ ပုဒ်မ ၄၀၇ ၇(က) မှာ ဘာသာရေးကို နိုင်ငံရေးကိစ္စ အတွက် အလွဲသုံးစား မလုပ်ရဘူး အဲဒါအခြေခံ ဥပဒေမှာပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တက်ရောက်လာသူ ဧည်သည်တော်များမှ မန္တလေးမှ တက်ရောက်လာသူတစ်ဦးဖြစ်သော ဦးအောင်ဇော်ဝင်း မှ အမှတ်တရ အမှာစကားပြောကြားရာတွင် “အားလုံးကို ကျွန်တော်စကား ၃ခွန်းပြောချင်ပါတယ်၊ နံပါတ်တစ် အနေနဲ့ ကျွန်တော်တို့ အခုရောက်နေကြတဲ့ အကြောင်းအရင်း ကိစ္စ ရင်ထဲမှာ အားလုံးကိုယ်စီ ရှိပါတယ်၊ ဒီကိစ္စတွေဟာ ၁၉၉၇ခုနှစ်ကတည်းက စခဲ့တာပါ၊ မှတ်တမ်းမှတ်ရာတွေမှာ ကျွန်တော်တို့တွေဟာ အားနည်းချက်ရှိပါတယ်၊ ပြန်ပြောတဲ့ အခါမှာ ဟိုလူဒီလူဆိုတဲ့ မရေမရာပဲ ပြောနိုင်ပါတယ်၊ နမူနာယူစရာက ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်သက် အနိုင်ကျင့်ခံရတဲ့ ဂျူးလူမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အရေးပါသော အခရာ ကျသော စစ်ရာဇ၀တ်ကောင် အသီးသီးကို တိကျစွာ အရေးယူနိုင်ခဲ့သလို သူတို့ကို လိုက်လံရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်တွေနဲ့ကို နာမည်ကြီးပါတယ်၊ အဲတော့ ကျွန်တော်တို့အနေနဲ့ ဘာပြန်ပြောရမယ် ဆိုရင် မှတ်တမ်းအားနည်းပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မှတ်တမ်းလုပ်ကြရအောင်ဗျာ မှတ်တမ်းလုပ်ချင်ပါတယ်၊ ထိခိုက်မှုတွေ၊ ကြေကွဲစရာတွေ၊ အစော်ကားခံရမှုတွေ အများကြီး ကြုံပါတယ်၊ ဒါပေမယ့် ဘယ်သူလို့ ကျွန်တော်တို့ပြောနိုင်မလဲ၊ ဘယ်သူကလုပ်တာပါလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မသိကြလို့ပါ၊ ကျွန်တော်တို့ကို ဂျူတွေလောက်တောင် ဆိုးရွားတဲ့ ခွဲခြားမှုတွေ ကြုံရအောင် ကျွန်တော်တို့အပေါ်မှာ  ဖိအားပေးနေတဲ့သူတွေ ဘယ်သူပါလို့ ကျွန်တော်တို့ပြောနိုင်လဲ၊ အလွန်ဆုံး ကျွန်တော်တို့ပြောနိုင်လို့ရှိရင် သာသနာမှတ်တမ်းကိုင်ထားသူ တစ်ယောက်ကိုပဲ နာမည်တပ်ပြီး ပြောနိုင်တယ်၊ ဒါပေမယ့် သူအဓိက တရားခံ ဟုတ်မဟုတ် ကျွန်တော်တို့ မသိဘူး၊ သူ့နောက်မှာ ဘယ်သူရှိလဲမသိဘူး၊ သူဘယ်တုန်းက စလဲကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ သတင်းသိရှိမှု အလွန်အားနည်းတာသည် သတင်းထောက်လှမ်းမှုများ စနစ်တကျ လုပ်ကြရအောင်ဗျာ၊ ကျွန်တော်ပြောချင်တဲ့ အချက်သုံးချက်ကို ပြန်ပြောရင်  နံပါတ်တစ် မှတ်တမ်းလုပ်ကြရအောင်ဗျာ၊ နံပါတ်နှစ် သတင်းထောက်လှမ်းမှု လည်းစနစ်တကျ လုပ်ကြရအောင်ဗျာ၊ နံပါတ်သုံးအချက်က ကျွန်တော်တို့အပေါ်မှာ ကျူးလွန်စော်ကားသူ အကုန်လုံးနဲ့ အမှားအယွင်းက ဘာလဲဆိုတော့ အမုန်းအာဃာတကို ရင်ဝယ်ပိုက်ထားတဲ့ အမှားအယွင်းပါ၊ အရှင်မြတ်မနှစ်သက်သော အပြုအမှုပါ၊ ကျွန်တော်တို့ကလည်း အဲဒီအမှားမျိုး ပြန်မမှားအောင်လို့ ခုနက မှတ်တမ်းတွေမှတ်မယ်၊ သတင်းတွေစုံစမ်းမယ် ဆိုတာတွေဟာ အမုန်းအာဃာတတွေနဲ့ မဟုတ်ရပါဘူး၊ အမှန်တရားကို ချစ်မြတ်နိုးမှု သက်သက်ပဲ၊ အရှင်မြတ်အတွက်ပဲ သက်သက်ရည်ရွယ်ချက်၊ ရည်စူးချက် ဖြစ်သင့်ပါတယ်၊ အမုန်းကင်းရှင်းအောင် စောင့်ထိန်းကြရအောင်ဗျာ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တက်ရောက်လာသူများထဲမှ ဆရာကိုသီလမှ “အဓိက ကတော့ ဒီပွဲလေး ကျင်းပလိုက်ခြင်းအားဖြင့် အစ္စလာမ့်ကွန်ယက်တွေရဲ့ စုစည်းမူတွေ ရရှိသွားတယ်၊ အားလုံးစုစည်းလို့ ရလာမယ့် အကျိုးရလာဒ်က အင်မတန်များပါတယ်။လောလောဆယ် အခြေအနေ အရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း အိမ်မှာ ညအိပ်လို့ မရဘူး၊ အမြဲတမ်း ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာဖြစ်မလဲလို့ ပူနေရတယ်၊ ကိုယ့်ရပ်ကွက်ထဲမှာ ဘယ်အချိန် ဆူပူမူတွေ ရောက်လာမလဲလို့ စိတ်ပူနေရတဲ့ အနေအထား ဖြစ်တယ်။ဒီလို အနေအထားမျိုးကနေ ငြိမ်းချမ်းသွားဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေးရဲ့ အာဏာ အရှိဆုံးက နိုင်ငံတော်ပဲ၊ နိုင်ငံတော်ကနေပြီးတော့ ဒါတွေကို ထိန်းသိမ်းလိုက်မယ်ဆိုရင် ချက်ချင်း ငြိမ်းချမ်းသွားမှာပါ၊ မွတ်စလင်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ဘာသာတရားက ပြဌါန်းထားတဲ့ တနေ့တာမှာ လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာတွေ၊ အခြားသော သူတွေနဲ့ ဆက်ဆံရာမှာ ထားရှိရမယ့် စိတ်ထားတွေ၊ထားရှိရမယ့် ၊မှန်ကန်မူတွေ၊ သစ္စာတရားတွေပေါ့၊ အစ္စလာမ်ဆိုတာ ဒါပဲဟေ့လို့ ပြသနိုင်ရမယ်၊ ကျွန်တော်တို့ နမာဇ်၅ကြိမ် ဖတ်တာတို့၊ ကုရ်အာန် ကျမ်းတော်မြတ်ဖတ်တာတို့ ဆိုတာကို ဘာသာခြားတွေမသိပါဘူး၊ တကယ်တမ်း ဘာသာခြားတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အချိန်မှာ မှန်ကန်မှုတွေ၊ သမာဓိရှိမှုတွေ၊ သစ္စာရှိမှုတွေကို သူတို့တွေက နားလည်လက်ခံနိုင်တယ်။ သူတို့နားလည် လက်ခံပေးနိုင်တဲ့ အရာတွေမှာ ကိုယ်တွေက မှန်မှန်ကန်ကန် သမာသမတ်ကျကျ ရှိနေတယ်ဆိုတာကို သူတို့သိနေဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ အဲအရာတွေ ပျောက်ဆုံးနေခဲ့တာကြာပါပြီ၊ ဘယ်လောက်ပဲ သူတို့တွေက မုန်းတီးရေးဝါဒတွေ ဖြန့်ဖြန့် မွတ်စလင်တွေနဲ့ လက်တွေ့ဆက်ဆံနေသူတွေက ငါတို့တွေ့တဲ့ မွတ်စလင်တွေက မင်းတို့ပြောသလို မဟုတ်ဘူးကွလို့ ပြောလိုက်တယ်ဆိုရင် ဒါပြီးပါတယ်၊ ကြော်ငြာဘယ်လောက် ကောင်းကောင်း လက်တွေ့သုံးဖူးတဲ့ လူတစ်ယောက်က ဒါကောင်းတယ်ဆိုရင် အဲစကားတစ်ခွန်းက ပိုပြီးတန်ဖိုးရှိပါတယ် အဲဒီ သဘောပါပဲ၊ မွတ်စလင်ဆိုတာ ဘာလဲလို့ ကြည့်ဆိုလို့ရှိရင် မွတ်စလင်ဆိုတာ ကျွန်တော်ပါပဲဗျာ ခင်ဗျားကျွန်တော့်ကို ကြည့်လို့ရပါတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။ မွတ်စလင်တိုင်းဟာ စံပြအနေနဲ့ ဖြစ်သွားမယ်ဆိုရင် ဘယ်သူကပဲ ဘယ်လောက် သွေးထိုးလှုံ့ဆော်ပါစေ လူထုကနေပဲ လူထုကို ပြန်ပြီး ထိန်းကြောင်းသွားပါတယ် အဲလိုပဲယူဆတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    တက်ရောက်လာသူများထဲမှ ဦးအောင်ဇော်မြင့်က “ဒီလိုပွဲမျိုးတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်စေတယ်လို့ ယူဆတယ်၊ အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အဓိက ဦးစားပေးပြီး လုပ်စေချင်တယ်၊ နောက် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုတယ်၊ ဘာလို့ငြိမ်းချမ်းရေးစကားတွေ ကြီးပဲ ပြောရတာလဲဆိုရင် ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ကို သွားနိုင်မှာမဟုတ်ပါဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။

    တက်ရောက်လာတဲ့ ကွန်ယက်များမှ အသီးသီး မိတ်ဆက်စကားပြောကြားခဲ့သည်။

  • မမေးလည်းဖြေ (၃) – အစ္စလာမ်က ဘာသာမတူရင် သတ်ခိုင်းလား

    မေ ၂၅ ၊၂၀၁၂

    ဆောင်းပါးရှင်-နေမျိုး

     

    ကုရ်အာန်ကျမ်း အပိုဒ် ၂း ၁၉၁ မှာ ဒီလိုမိန့် ထားပါတယ်။

     ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့… (စာရေးသူမှတ်ချက် – [သူ] စကားလုံးသည် ဘာသာမတူသူများဟု ရည်ညွန်းဘာသာပြန်လေ့သည်။ သို့ သော် ရန်သူဟု ယေဘုယျ ရည်ညွန်းသင့်သည်ဟု ယူဆ သည်။)

    ဆက်ပြီး မတင်ပြခင် မေးခွန်းတစ်ခုမေးလိုပါတယ်။ အကြောင်းအရာတခုကို ဖတ်တဲ့အချိန်မှာ စာကြောင်းတစ် ကြောင်းတည်းကိုရွေးဖတ်ရုံ၊ အရှေ့ က စာကြောင်းနဲ့  သူ့ နောက်က စာကြောင်းကို မဖတ်ပဲ လိုချင်တဲ့ တစ် ကြောင်းတည်းကိုပဲ ရွေးဖတ်လို့ ရသလား။ စာကြောင်းတစ်ကြောင်းတည်းဖတ်ရုံနဲ့ အဲ့ဒီ အကြောင်းအရာရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါ့မလား။

    အရင်က ကုရ်အာန်ကျမ်းမှာ ဘာရေးထားလည်းဆိုတာ တလုံးတပါဒမှမသိတဲ့ကျနော် အစ္စလာမ်ဘာသာအပေါ် အထင်မှားအောင်  စွပ်စွဲနေတဲ့ အင်တာ နက်စာမျက်နှာတွေက “အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်း တယ်” ဆိုတဲ့ ထိုးနှက်မှုတွေကြောင့် ကုရ်အာန်ကျမ်းစာကို ကိုယ်တိုင် လေ့လာ ဖြစ်တယ်။

    လေ့လာဖြစ်မှ အစ္စလာမ်ဘာသာကို ထိုးနှက်နေသူတွေဟာ အမှန်တရားကို အများပြည်သူနားလည်ဖို့ ရည်ရွယ်တာမဟုတ်ပဲ တမင်သက်သက် လူမုန်း လူကြောက်များအောင် ရည်ရွယ်ချက်ရှိရှိနဲ့  ကိုယ်စွပ်စွဲချင်တဲ့ အချက်မိတဲ့ စာကြောင်းတစ်ကြောင်းတည်းကိုသာ တမင် ရွေးပြီး ကျန်တဲ့ စာကြောင်းတွေ ကို လုံးဝ ဥသုန် ချန်လှပ်ခဲ့တယ်ဆိုတာတွေ့ ရတယ်။ ကျမ်းစာရဲ့  စာပုဒ် ၂း၁၉၁ တပုဒ်ထဲမှာတင် သူတို့  စွပ်စွဲချင်တိုင်း စွပ်စွဲလို့  (လုံးဝ လုံးဝ) မဖြစ် နိုင် လို့  စာကြောင်း ၆ ကြောင်းလုံးကိုတောင် မဖော်ပြနိုင်ပဲ ဆောင်းပါးစစချင်းမှာ ဖော်ပြထားတဲ့ အတိုဆုံးစာ ကြောင်းတစ်ကြောင်း တ၀က်တပျက်တည်းကိုပဲ ကွက်ပြီးယူသွားတာကို တွေ့ လိုက်ရတယ်။

    သူတို့ ချန်ထားတဲ့ စာပုဒ် ၂း ၁၉၁ အပြည့်အစုံကို ဖတ်ကြည့်ပါ။

    ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။

    Highlight လုပ်ထားတဲ့ စာကြောင်းတွေကို တချက်စီ သေချာ စဉ်းစားကြည့်ပါ။ ကိုယ်က စပြီး တိုက်ခိုက်ဖို့  ပြောထားတာ လုံးဝ (လုံးဝ) မဟုတ်ပဲ ကိုယ့် ကို တိုက်ခိုက်ရင် ပြန်ခုခံဖို့ သာပြောထားတာဖြစ်တယ်။ စစ်ပွဲအခြေအနေမှာဆိုရင်တောင် ကျူးကျော်စစ်မဟုတ်ဘဲ ခုခံစစ်ပဲဖြစ်တယ်။ Torture လို့ ခေါ်တဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခြင်းကိုလည်း အတိအလင်း တားမြစ်ထားတယ်။

    ဒီတပုဒ်ရှေ့ က အပုဒ် ၂း ၁၉၀ မှာ ဘာပြောထားသေးလဲ?

    ‪ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။

    စာပုဒ် ၂း ၁၉၂ ကိုဆက်ဖတ်ပါ။

    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။

    ဒါဆိုရင် အပုဒ် ၁၉၀၊ ၁၉၁၊ ၁၉၂ ကို ခြုံပြီးဖတ်ကြည့်ပါ။ ဒီအချက်တွေကို ကွက် ကွက်ကွင်းကွင်း တွေ့ ရမယ်။

    (၁) ကိုယ်က စတင် တိုက်ခိုက်တာကို အတိအလင်း တားမြစ်ထားတယ်။

    (၂) ကိုယ့်ကို တိုက်ခိုက်ပြီဆိုရင် ပြန်ခုခံရမယ်။

    (၃) ကိုယ်က ကျူးလွန် စော်ကားမှု မလုပ်ရဘူး။ တဖက်က ရပ်စဲပြီဆိုရင် ကိုယ့်ဖက်ကလဲ ရပ်စဲရမယ်။ သူတို့ ကို ကျူးလွန်ခွင့် နှိပ်စက်ညှင်းပမ်းခွင့်၊ ဆက်လက်တိုက်ခိုက်ခွင့်မရှိဘူး။

    ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။ (2:190)

    ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။ (2:191)

    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသ တည်း။ (2:192)

    စစ်ပွဲကာလအတွင်းမှာဆိုရင် တဖက်က ရပ်သွားရင် (သို့ ) လက်နက်ချရင် (သို့ ) ဖမ်းမိရင် သူတို့ ကို ဆက်တိုက် ခွင့်၊ နှိပ်စက်ခွင့် ကျူးလွန်ခွင့် မရှိဖို့  တားဆီး ပိတ်ပင်ထားတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်က စစ်သုံ့ ပမ်းကို မနှိပ်စက်ဖို့  ဂျီနီဗာကွန်ဗင်းရှင်းပြဌာန်းတာ ၁၉၄၈ မှသာဖြစ်ပြီး ကုရ်အာန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ကတည်းက ပြဌာန်းထားပြီးဖြစ် တယ်လို့ မှတ်ချက်ပေးတယ်။

    အရေးကြီးတဲ့ အချက်ကို ထောက်ပြချင်ပါတယ်။ တိုက်ခိုက်ဖို့  ရည်ညွန်းတာ ဘာသာမတူတဲ့ လူတွေကို ရည်ညွန်းသလို ဖြစ်နေပေမဲ့ အမှန်မှာက ကိုယ့်ကို စတင်တိုက်ခိုက်တဲ့ ရန်သူသာဖြစ်တယ်။ ဘာသာမတူတဲ့လူကို တမင်ရည်ညွန်းထားတာမဟုတ်ပါ။ တနည်းပြော ရရင် “ရန်သူ” ကို ခုခံခိုင်းတာ၊ “ဘာသာခြား” ကို ဘာသာမတူလို့ ဆိုပြီး တိုက်ခိုင်းတာမဟုတ်ပါ။

    ဒီအချက်တွေက အစ္စလာမ်ဘာသာကို တမင် အပုတ်ချတဲ့ လူတွေ စွပ်စွဲသလို ဘာသာမတူရင် သတ် ဆိုပြီး ပြော ထားတာ မဟုတ်ပါဘူး။ ကိုယ်က ကောင်းအောင်နေပြီး ကိုယ့်ကိုလာရောက်ကျူးကျော် တိုက်ခိုက်ရင် ပြန်ခုခံဖို့ ၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  မိန့် ကြားထားတာဖြစ်တယ်။ အစ္စလာမ်ဘာသာ ဟာ ရန်မလိုတဲ့ဘာသာ၊ ကိုယ့်ကို မတိုက်ရင် ကိုယ်က မတိုက်တဲ့ ဘာသာဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့ ရပါမယ်။

    ဒီလိုဆိုရင် မေးချင်တဲ့လူကမေးမယ်။ သီးခံရမဲ့အစား ပြန်တိုက်ခိုက်ခိုင်းတာ ဘယ်လို ဘာသာရေးမျိုးလဲပေါ့။ အစ္စလာမ်မှာ သီးခံခြင်းတရား၊ ခွင့်လွှတ်ခြင်း တရားကို လက်ကိုင်ထားဖို့  မိန့် ထားတာတွေရှိတယ် (နောက်ပိုင်းတွေမှာ ဆွေးနွေးပါမယ်)။ အဲ့ဒီလိုပဲ အကန့် တွေခွဲပြီး သူ့ အခြေအနေ သူ့ အနေရာဒေသ အလိုက် လက်တွေ့ ဖြစ်စဉ် တွေ အပေါ် ခုခံတန် ခုခံဖို့  မိန့် ထားတယ် (စတင်ကျူးကျော် တိုက်ခိုက်ခွင့် ဘယ်နေရာမှာမှမရှိ)။ လက်တွေ့ ကျကျ စဉ်းစား ကြည့်မယ်။

    (၁) မြန်မာပြည်ကို ထိုင်းနိုင်ငံက စစ်လာတိုက်မယ်ဆိုရင် ပုတီးထိုင်စိတ်ပြီး အရုံးပေးလိုက်မလား။ စစ်ဒဏ်သင့်မဲ့ သင့်မိသားစု၊ ဆွေမျိုး၊ အပေါင်းအ သင်းတွေကို သင်မကာကွယ်သင့်ဘူးလား။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပုတီး ထိုင်စိတ်ပြီး အင်္ဂလိပ်တွေ ဂျပန်တွေကို မေတ္ထာမျှမနေခဲ့သလို ခုလက်ရှိ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေက မတရားမှုကို တုံ့ ပြန်နေတုန်းပဲ မဟုတ်ပါလား။

    (၂) အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်းတယ်ဆိုရင် သင့်အသိ အစ္စလာမ်ဘာသာဝင်တယောက် ယောက်က သင့်ကို သတ်ဖို့  ကြံစည်တာ ခံရဖူးသလား။

    တချို့ ပြောကြပါတယ်။ ဒါဆိုရင် အာဖဂ္ဂန်တို့  ပါလက်စတိုင်းတို့ မှာ ဘာကြောင့်သတ်တာလဲ။ ကုရ်အာန်တဖက် သေနတ် တဖက်နဲ့  ဘယ်လိုဖြစ်တာလဲဆို တာ မေးချင်တဲ့လူရှိပါမယ်။ နောက်ဆောင်းပါးတွေမှာ တင်ပြပါမယ်။ အကျဉ်းချုန်းအနေနဲ့  လတ်တလော ပြောရရင် ပထ၀ီနိုင်ငံရေး၊ ဘာသာရေးနဲ့  သမိုင်းကို မရောထွေးလိုက် ပါနဲ့ ။ ဘာသာမတူလို့ ဆိုပြီး သတ်တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အ ချိန်ကတည်းက ဖြစ်လာတဲ့ခဲ့ ကမ္ဘာ့ပထ၀ီနိုင်ငံရေးပြသ နာ ကြားက အစ္စရေးနဲ့  ပါလက်စတိုင်း နယ်မြေလုမှု ကြောင့်၊ သွေးအေး စစ်ပွဲအတွင်း အာဖဂန်မှာ အမေရိကန်နဲ့  ရုရှတို့  အင်အားပြိုင်ပြီး သူ့ လူကိုယ့် လူမွေးရာမှာ ဘာသာရေးတွေ အယူဝါဒတွေ အမျိုးသားရေး စတဲ့ ၀ါဒပေါင်းစုံကို လိုသလို အသုံးချခဲ့လို့  နိုင်ငံရေးအရ အပြန်အလှန် သတ်နေ ကြ ခြင်းဖြစ်တယ်။ သူတို့ က နိုင်ငံရေးနဲ့  လူမျိုးရေး ဘာသာရေး ရောပြွန်းခဲ့လို့  သူတို့ စီမှာ သွေးချောင်းစီးနေတယ်။

    နယ်မြေကြောင့်၊ နိုင်ငံရေးကြောင့် သတ်နေကြတာကို ကျမ်းစာ ကြောင့် သတ် တယ်လို့  ဘာသာပြန်ရင် သူတို့ မှားတဲ့  မဟာအမှားနဲ့  ပြသနာကို ကျနော်တို့  မြန်မာပြည်ကို တင်သွင်းတာသာမက တမြေတည်းနေ တရေတည်းသောက် မြန်မာအချင်း ချင်း အမုန်းပွားပြီး ကမ္ဘာနဲ့ ချီ ရင်ဆိုင် ယှဉ်ပြိုင်ရမဲ့ ဖွံ့ ဖြိုးရေး ကိစ္စတွေကို စုပေါင်းလုပ်ဆောင်ရမဲ့ စည်းလုံးရေးကို ထိပါးစေတာသာ ဖြစ်ပါတယ်။

    အမုန်းတရားကင်းပါစေ။ လိမ်ညာလှည့်ဖျားပြီး အမုန်းတရားပွားစေလိုသူများ ရန်လိုသူများ ဘေးမှ ကင်းပါစေ။

    ရည်ညွန်း – ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်။ [http://www.quraninburmese.com/Books/Holy%20Quran.pdf]

    မှတ်ချက် –

    (1)    အတိုးချုံးဖို့ အတွက် အချို့ စာကြောင်းများကို […] ခံ၍ ချန်ထားသည်။ စာသားအပြောင်းအလဲ ကို [ ] ခံ၍ မြန်မာ စာဖတ်များအတွက် ပြောင်းလဲ (သို့  )  ထပ်ဖြည့်ထားသည်။ ဘာသာပြန်မူရင်းကို အထက်ပါ ရည်ညွန်းတွင်ဖတ်ရန်။

    (2)    ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်။