News @ M-Media
Blog
  • ဝါဒဖြန့် သတင်းမှားအား ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး)မှ ကြေငြာချက် ထုတ်ဖြေရှင်း
    ဧပြီ ၁၁ ၊ ၂၀၁၃
    M-Media
    533294_134608600058510_883053694_n
    ဆိုရှယ်မီဒီယာများတွင် မန္တလေးမြို့မှ ကီးမားတင်ဝင်း အား လုပ်ကြံဝါဒဖြန့်နေသည့် သတင်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး) မှ သတင်းအမှားဖြစ်ကြောင်း တစုံတရာ ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေစွဲဖြင့် သတင်းထုတ်ပြန်လိုက်ပါသည်။
    ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဝဘ်ဆိုဒ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်အတူ ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များကို နည်းလမ်းပေါင်းစုံဖြင့် ပစ်မှတ်ထား လုပ်ကြံဝါဒဖြန်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာမှုကို တွေ့ရှိရပါသည်။
    ကြေငြာချက်ကို ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
  • ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို
    ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို
    ဧပြီ ၁၁ ၊ ၂၀၁၃
    ရေးသူ-O’Laie Manzu
    ဘာသာရေးအကြမ်းဖက်မှုများပေါ်ပေါက်လာစေရန်အတွက် တိုက်တွန်းနှိုးဆော်နေသော ဦးဝီရသူအား အတုအယောင် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်းသုံးသပ်မှုများ ယခုရက်ပိုင်းများအတွင်း ထင်ထင်ပေါ်ပေါ်ထွက်ပေါ်လာခဲ့ပါသည်။ ဦးဝီရသူလျှောက်လမ်းနေသည့် လမ်းကြောင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့်အပြင် ဗုဒ္ဓဘာသာ၏ သာသနာရေးအရှိုင်အဝါအားလည်း ငြိုးမှိန်စေပါသည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် သွေဖီနေသောကြောင့် ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများအား အခြေခံသည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှုများအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီကြောင်း ကွဲကွဲပြားပြား ခွဲခြားရှု့မြင်ရပါလိမ့်မည်။ နှိုင်းယှဉ်၍ပင်မရနိုင်။
    ဦးဝီရသူသည် လူမျိုးရေးအစွန်းရောက် လမ်းမှားပေါ်သို့ရောက်ရှိနေသည့်အတွက် ၎င်း၏ လုပ်ရပ်အားအခြေခံ၍ ဗုဒ္ဓဘာသာတစ်ရပ်လုံးအား အပြစ်တင် လက်ညိုးထိုး၍မရနိုင်ပေ။ ၎င်းသည်ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင်နေသည့် ခေါင်းဆောင်မဟုတ်ကြောင်းလည်း သတိပြုသင့်သည်။ မမှန်မကန်ဟောပြောချက်များ၊ လုပ်ကြံဝါဒဖြန့်မှုများ၊ ပုံကြီးချဲ့မှုများမှာ မုသာဝါဒဖြစ်ပြီး သံဃာကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထို့ကြောင့် ဦးဝီရသူအား ဗုဒ္ဓဘာသာဝင်အများစုမှ လက်မခံကြပေ။
    ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအား ပိုမိုထွန်းကားစေချင်ကြသည်။ ပြန့်ပွားလာစေချင်ကြသည်။ နှောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ရောက်စေလိုသည့် စိတ်ရင်းစေတနာအပြည့်ရှိကြသည်။ ထို့ကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ ကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာလွန်ကဲ၍ အကုသိုလ်ပွားလာတက်ကြသည်။ မိမိနှင့် ယုံကြည်ချက်ချင်းမတူသူများအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြသည်။ ဘာသာရေးခေါင်းဆောင်များအနက် အချို့သောအမြင်ကျဉ်းမြောင်းသူများသည် ဘာသာတရား၏ဆုံးမမှုများနှင့် မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်များ ပေါင်းစပ်ကြသည်။ လူအများ၏ ကြည်ညိုမှုများရရှိလာပြီးနောက်ပိုင်း ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောနှင့် ဘာသာတရား၏ အနှစ်သာရအား ဦးဆောင်ဖျက်ဆီးသူများဖြစ်လာကြသည်။ ယင်းကဲ့သို့သော ခေါင်းဆောင်များ ဘာသာတိုင်းတွင် ရှိတက်ကြသည်။
    ဦးဝီရသူသည် ဗုဒ္ဓဘာသာ၏ သာသနာနှစ် နှစ်ထောင်ငါးရာကျော်အတွင်း အစွန်းရောက်ဆုံးသော ဘာသာရေးခေါင်းဆောင်အဖြစ် စံချိန်တင်လောက်ပေသည်။ သင်္ဃန်းခြုံထား၍သာ ဘာသာရေးခေါင်းဆောင်ဟု ရည်ညွန်းရခြင်းဖြစ်သည်။ ဘာသာရေးလုပ်နေခြင်းမဟုတ်သောကြောင့် တချို့မှာ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ၎င်းဟောပြောချက်များမှာ ငြိမ်းချမ်းရေးတရားမဟုတ်… အမုန်းပွား ရန်ငြိုးထားရန် လှုပ်ဆော်နေခြင်းသာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက်များကြောင့် နားယောင်ကာ အမုန်းပွားမှုများ၊ အကြမ်းဖက်မှုဖြစ်ပေါ်လာခဲ့သည်ကို သာဓကနေဖြင့်မှတ်ယူကာ ဦးဝီရသူကဲ့သို့ အစွန်းရောက်သည့် ခေါင်းဆောင်များ မည်သည့်ဘာသာအတွင်းမှ မပေါ်ပေါက်လာစေရန် ထိန်းသိမ်းကြရမည်။
    အခြားနိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသများတွင် ဖြစ်ပွားနေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခများအား လက်ညိုးထိုးကာ မိမိပတ်ဝန်းကျင်တွင်လည်း အလားသဏ္ဍာန်တူသည့် ပဋိပက္ခများဖန်တီးနေကြမယ်ဆိုလျင် ငြိမ်းချမ်းမှုဟူ၍ရှိလိမ့်မည်မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့်အနေဖြင့် ဘာသာတရားတစ်ရပ်လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိစေရန် သတိပြုကြရမည်။ လူသားတိုင်းသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေရမည်ဖြစ်သော်လည်း အခြားဘာသာအား စော်ကားခြင်းမှာ အခွင့်အရေးတစ်ရပ်မဟုတ်။ လုပ်ပိုင်ခွင့်လည်းမရှိ။
    လူသားတို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုကို မခံချင်ကြ။ မိမိကိုယ်၌လည်း အခြားသူများ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုများမပြုလုပ်သင့်။ ဘာသာတရားသည် လူသားတို့အဖို့ အပြင်းထန်ဆုံးသော ယုံကြည်ချက်ဖြစ်သည်။ အခြားဘာသာများအား ဆန့်ကျင်စော်ကားမှသာလျှင် မိမိကိုးကွယ်ယုံကြည်သည့် ဘာသာတရား ပိုမိုထွန်းကားပြန့်ပွားမည် မဟုတ်ကြောင်း အမြဲသတိပြုသင့်သည်။
    ဘာသာတရားများအား ဆန့်ကျင်စော်ကားကြလျှင်လည်း မည်သည့်ဘာသာမျှ ဤကမ္ဘာမြေပေါ်မှ ပပျောက်သွားမည်မဟုတ်။ ကမ္ဘာတစ်သက် ဘာသာတရားတစ်ခုတည်းအား လူသားတိုင်းအကြွင်းမဲ့လက်ခံသည့် ဘာသာတရား ဟူ၍လည်း ဖြစ်ပေါ်လာမည်မဟုတ်။ အပြန်အလှန်တိုက်ခိုက်နေကြလျှင် ဘာသာတရားများအပေါ် အမည်းစက်များ  စွန်းထင်းကာ သွေးစွန်းနေသည့်ဘာသာများအား နှောင်မျိုးဆက်သစ်များ စွန့်ပယ်လာကြလိမ့်မည်။ တစ်ခဏတာအသက်ရှင်နေထိုင်ကြရသည့် ဤလူ့လောကကြီးအား နိဗ္ဗာန်အကျိုးမျှော်ကိုး၍ ငရဲပြည်အသွင် ဖန်တီးနေကြသော ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဘာသာတရားများအား ရွံ့ရှာမုန်းတီးလာကြလိမ့်မည်ကို သတိပြုသင့်ပေသည်။
  • Pray For Myanmar ၏ ငြိမ်းချမ်းရေး အနုပညာပြပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ
    ဧပြီလ ၁၁၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်
    P7080097
    Pray For Myanmar  ၏ ငြိမ်းချမ်းရေး အနုပညာ ပြပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Crystal Jade စားသောက်ဆိုင်တွင် ဧပြီလ ၁၀ ရက်နေ့က နေ့လည် (၁)နာရီမှ ညနေ (၅)နာရီထိ  ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ ဘာသာပေါင်းစုံမှ လူငယ်များ ကျင်းပသော အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အတွင်းရှိ မိတ္ထီလာမြို့နှင့် ပြည်ပမှ အင်ဒိုနီးရှား စသော နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် ဆုံးရူံးနစ်နာခဲ့သော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ် ငြိမ်သက်ခဲ့သည်။
    ထိုပွဲတွင် ဆရာသစ္စာနီ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပေးပို့သော ငြိမ်းချမ်းရေး ကဗျာတို့ ရွတ်ဆိုပြီးနောက် ဆရာဆောင်းခ၊ ဆရာမိုးမျှော်၊ ဆရာနွေရိပ်၊ ဆရာကိုနိုင်၊ ဆရာဇောက်ထိုး၊ ဆရာခေါင်ညှိမင်း တို့မှ ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဆိုခဲ့သည်။
    ပြီးနောက် Pray For Myanmar အဖွဲ့မှ မိန်းကလေးတစ်ဦးမှ ဘာသာပေါင်းစုံ အမှတ်သင်္ကတများဖြင့် သရုပ်ဖော် တင်ဆက်မှုတခု တင်ဆက်ခြင်း၊ အဖွဲ့ဝင်များက  ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း တို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် ဆရာနေဘုန်းလတ်မှ “မကြာမှီ မြန်မာနိုင်ငံသား အားလုံးရဲ့ အမှတ်လက္ခဏ ဖြစ်တဲ့ လူမျိုး ဘာသာ မရွေးတဲ့ နေရာဒေသ မရွေးတဲ့ သင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မှာပါ။ တကယ် ငြိမ်းချမ်းတဲ့ သင်္ကြန်ဖြစ်ဖို့ အတွက် ပထမခြေလှမ်းကို စလှမ်းတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ငြိမ်းချမ်းအောင် သန့်စင်နေအောင် သင်္ကြန်ရေ မလောင်းခံရခင်လေးမှာ နှလုံးသားတွေကို ဆေးကြောကြပါလို့ ဒီနေရာကနေ တိုက်တွန်းချင်တယ်။ အားလုံး သန့်စင်တဲ့ ငြိမ်းချမ်းတဲ့ နှလုံးသားတွေနဲ့ သင်္ကြန်ထဲကို ၀င်ကြပြီ ဆိုရင် ဒီသင်္ကြန်ကြီးက တကယ့် ငြိမ်းချမ်းရေး သင်္ကြန်ကြီး ဖြစ်လာမှာပါ။ ကျွန်တော် တကယ်ပဲ စိုးရိမ်ပါတယ်၊ တကယ်လှပခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အမှတ်လက္ခဏာ တစ်ခု ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကြီးဟာ မလိုတမာ သူတွေရဲ့ သွေးထိုး လှုံဆော်မူတွေကြောင့်၊ အကြမ်းဖက်သမားတွေရဲ့ ရန်ကြောင့် တစ်ခါတုန်းကလည်း သွေးစွန်းခဲ့ပြီးပါပြီ။ အခု တစ်ခါ ထပ်ပြီး  သွေးစွန်းမခံချင်ပါဘူး။ သင်္ကြန်ကို ဆင်နွဲကြမယ့် သူတွေ အားလုံး သင်္ကြန်ကို ပုံဖော်ကြမယ့် သူတွေ အားလုံး သန့်စင်မွန်မြတ်တဲ့ နှလုံးသားတွေနဲ့ ၀င်မယ်ဆိုရင် အခု လာမယ့် သင်္ကြန်ဟာ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ငြိမ်းချမ်းခြင်း သင်္ကြန်ဖြစ်မှာပါ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပန်းချီဆရာ ကောင်းဆက်မင်း မှ  “ကျွန်တော် ဒီပန်းချီကားကို ရေးဆွဲတဲ့ နေရာမှာ ဘာသာမတူတဲ့ လူငယ် လေးငါးယောက်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဘာသာမတူတဲ့သူတွေရဲ့ အားလုံးကိုယ်စားပြု ရေးဆွဲမှာ ဖြစ်ပါတယ်။ ဒီဘာသာကြီး လေးခုကို ကိုးကွယ်နေတဲ့ သူတွေဟာလည်း လူတွေထဲက လူတွေပါပဲ၊ ဒါကြောင့် အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး ခရီးကို ဆက်လျှောက်သွားကြမယ်လို့ ခံယူချက်နဲ့ ကျွန်တော်ဆွဲထားခြင်းပါ” ဟု ပန်းချီကား ရေးဆွဲ ပုံဖော်ထားခြင်းနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
    P7080067
    နောက်ဆက်လက်၍ Pray For Myanmar သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းချက် ဖြစ်သော အွန်လိုင်းပေါ်မှ ပြောနေ ရေးနေ ကြသည့် ဒီအဖွဲ့တွင် နောက်ကွယ်က ကြိုးကိုင်နေသည့် အဖွဲ့ (သို့) လူတစ်ဦး ရှိမရှိ နှင့် ထွက်ပေါ်နေသည့်ကောလဟာလများနှင့် ပတ်သက်၍ မေးမြန်းချက်ကို ကိုနိုင်ဦးမှ  “ကျွန်တော်တို့လည်း အင်တာနက် စာမျက်နှာ ပေါ်က ကောလဟာလ တွေနဲ့ ပတ်သပ်ပြီး အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ ဘာလို့များ အဲလို ရေးရက် ပြောရက်ကြတာလည်း ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ဟာ လူမူရေး အဖွဲ့အစည်း အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေပါ၊ လူငယ်တွေပါလို့ လှအောင်ပြောနေပေမယ့် အရမ်းငယ်တဲ့ သူတွေ မပါပါဘူ၊ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ ရှိတဲ့ ဖန်ငွေတွေ ပေါင်းလိုက်ရင် ဒီလိုပွဲမျိုးလေးတွေ လုပ်ဖို့ လုံလောက်ပါတယ်၊ ဒါတင် မကပါဘူး၊ မိထ္တီလာ ကယ်ဆယ်ရေး စခန်းကို သွားရောက်ဖို့ သဘာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး သွားလှူဖို့ ရှိပါသေးတယ်” ဟုဖြေကြားခဲ့သည်။
    တဆက်တည်း ကိုဇော်မင်းလတ်မှလည်း “ကျွန်တော်တို့နောက်မှာ ကျွန်တော်တို့ကို ထောက်ပံ့တဲ့ မည်သည့် အဖွဲ့အစည်းမှ မရှိပါဘူး၊ နိုင်ငံရေး ပါတီလည်း မရှိပါဘူး၊ပြည်ပ နိုင်ငံရဲ့ ထောက်ပံ့မူလည်း မရှိပါဘူး၊ ပန်းပျိုးလက်က လူငယ်တွေ မဇ္ချိမက လူငယ်တွေက စတဲ့ လူငယ် အဖွဲ့ အစည်း အသီးသီးက သူတို့ရဲ့ မုန့်ဖိုးလေးတွေ စုပါတယ် ပြီးတော့ အားလုံး ဒီမှာ စုပေါင်းပါတယ်၊ လူငယ်တွေထဲမှာလည်း လုပ်ငန်းရှင်တွေ ပါပါတယ်၊အခုချိန်မှာ စားသောက်ဆိုင် တစ်ဆိုင် သွားထိုင်ရင် အနည်းဆုံး ကျပ်တစ်သိန်း ကုန်ပါတယ်၊ကျွန်တော်တို့တွေက အဲလို မစားသောက်ကြပါဘူး၊ KTV တို့၊ အနှိပ်ခန်းတို့ မသွားပါဘူး၊ အဲဒီမှာ သုံးဖြုန်းမယ် မုန့်ဖိုး ပိုက်ဆံတွေ အားလုံးကို ကျွန်တော်တို့ ဒီနေရာတွေမှာ သုံးခြင်းဖြစ်ပါတယ်” ဟု ထည့်သွင်း ရှင်းလင်း ခဲ့ကြသည်။
    IMG_20130410_152316
    ကိုသန့်စင်ထွေး (မဇ္ချိမ) က “ကျွန်တော်တို့  မဇ္ချိမ အဖွဲ့ဟာ ဆိုရင်လည်း အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာတ် လုပ်ခဲ့တဲ့ ပုံစံမျိုး လုပ်မှာပါ၊ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေကြီးပဲ ကောင်းစားဖို့ ဖွဲ့တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊ဆရာကြီးဦးရာဇတ် လုပ်ခဲ့တဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ ကောင်းစားဖို့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်တွဲခဲ့တယ်၊ နောက်ဆုံး အသက်ပါ ပေးခဲ့တယ်၊ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံကြီး ကောင်းစားဖို့ အတွက် ၊ မြန်မာနိုင်ငံကြီးး တိုးတက်ဖို့ အတွက်ပဲ ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာကို ၁၀၀ရာခိုင်နှုန်း ချစ်ပါတယ်၊ အဲလိုပဲ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံသား အားလုံးကိုလည်း ကျွန်တော့် သာသနာကို ချစ်တာထက် တစ်စက်မှ မလျော့တဲ့ အချစ်မျိုးနဲ့ ချစ်ပါတယ် ၊အဲလိုပဲ ခံယူထားတဲ့ အတွက် မြန်မာနိုင်ငံကြီး ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ ရှေ့ဆက်နိုင်ဖို့ အတွက် ကျွန်တော်တို့ တက်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဘယ်သူရဲ့ နောက်ကွယ်က ပံ့ပိုးမူ၊ ထောက်ပံ့မူ၊ ခိုင်းစေမူ၊ ညွှန်ကြားမူ တစ်စုံတစ်ရာ မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ ဆန္ဒ သဘောထားနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်မ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့အကြမ်းဖက်မှာ ပါဝင်နေကြတဲ့  ဗုဒ္ဓဘာသာဝင်တွေကို မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်မတို့ ဘုရားဟောခဲ့ပါတယ်၊ ဘုရားက မေတ္တာကို အခြေခံပြီး ဟောခဲ့ပါတယ်၊ ဘုရားဟောတဲ့ သာသနာကို ချစ်တယ် ဆိုလို့ ရှိရင်လည်းမေတ္တာတရားကို အခြေခံပြီး သွားရမှာပေါ့၊  ဘုရားဟောခဲ့တဲ့ အလယ်အလတ် လမ်းစဉ်ဟာ ဘယ်တော့မှ အစွန်းမရောက်ပါဘူး၊ လူတိုင်းကို ချစ်ခြင်း မေတ္တာကို အခြေခံတာပါ၊ နောက်တစ်ခုက ငါ ဆိုတဲ့ အတ္တကို အခြေမခံဘဲ ငါ သာဆိုရင်  ကျွန်မတို့ရဲ့မိဘ သာဆိုရင်  ကျွန်မတို့ရဲ့ အကိုသာ ဆိုရင် ဆိုတဲ့ အတွေး  လူတိုင်းကသာ အဲလို တွေးလို့ ရှိရင် ပဋိပက္ခတွေက လွတ်မြောက် ပြီးတော့ ငြိမ်းချမ်းခြင်းကို ရမှာပါလို့ ကျွန်မ ယုံကြည်ပါတယ်” မဆုမြတ်မွန် ဟု ထည့်သွင်းပြောကြားခဲ့သည်။
      IMG_20130410_163023
    ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် NGO Fair ကော်မတီမှ ဥက္ကဌ ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင်  “လူငယ်တွေက သမိုင်းခေတ် အဆက်ဆက် ကမ္ဘာအရပ်ရပ်မှာ လူငယ်တွေရဲ့ အခန်းဏ္ဍက ထွန်းတောက်တယ်၊ ရှေ့ဆောင်တယ်၊ လူငယ်တွေဟာ မဟုတ်ရင် မခံချင်ဘူး၊ နိုးကြားတယ်၊ တက်ကြွတယ်၊သွက်လက်တယ်၊ဖြတ်လက်တယ်၊ ပြတ်သားတယ် တွေရဲ့ နောက်မှာ စီမံခန့်ခွဲမူကောင်းတာတွေ၊ ကိုယ်ကျိုးစွန့်လွှတ်တာတွေ၊ သူများ အကျိုးကို ဆောင်ချင်တာတွေပါ တွဲပါလာပြီ ဆိုရင် ဒီလူသည်နိုင်ငံအတွက် အဖိုး မဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်၊ ဒီလူငယ်တွေရဲ့ စွမ်းဆောင်ချက်တွေကို အင်မတန် ကျေနပ်တယ်၊ ၀မ်းသာတယ်၊ နိုင်ငံတော်ရဲ့ အနာဂတ်အတွက်လည်း အားရှိတယ်၊ ဒီလို ကလေးလေးတွေနဲ့ နောက်ထပ် ကလေးတွေရဲ့ မြောက်များစွာသော လှုပ်ရှားမူတွေကို ကြိုဆိုတယ်၊ အရေးကြီးဆုံး အနေနဲ့ နိုင်ငံတစ်နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်မူတွေ အတွက် ယုံကြည်ချက်တွေ လိုတယ်၊ စည်းလုံးညီညွှတ်မူတွေ လိုတယ်၊ တွေ့ဆုံ ညှိနှိုင်းမူတွေ လိုတယ်၊ ပွင့်လင်း မြင်သာမူတွေ လိုတယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး ပြီးမှ ဖွံ့ဖြိုးတိုးတက်မူရှိမယ် အဲလိုရှိတဲ့ အထဲမှာ အခုလို ငြိမ်းချမ်းရေးကို အားသွန် ခွန်စိုက် နဲ့ စိတ်ပါဝင်စားစွာ လုပ်နေတာကို အန်တီဝိုင်း က ရာနှုန်းပြည့် ချီးကျူး ဂုဏ်ယူပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    တက်ရောက်လာသူများထဲမှ ကျူရှင်ဆရာ တစ်ဦးဖြစ်သော ဆရာဦးစိုးအောင်မှ “ဒီပွဲလေးဟာ ခုချိန်မှာ အင်မတန်မှ လိုအပ်ပြီး ကောင်းပါတယ်၊ ဒီလိုပွဲမျိုးလေးတွေ မြို့နယ်တိုင်း မြို့နယ်တိုင်း လုပ်ပေးသင့်ပါတယ်၊ အဲလို လုပ်ပေးခြင်း အားဖြင့် ဘာသာဝင် အချင်းချင်း ပွင့်လင်းလာပြီး ရင်းနှီးလာပြီး တစ်ဦးနှင့် တစ်ဦး အချင်းချင်း ခစ်ခြင်း မေတ္တာ ပွားလာလိမ့်မယ်၊ ရင်းနှီးမူ ပေါ်မှာ ချစ်ခင်လာမယ်၊ ချစ်ခင်မူပေါ်မှာ ငြိမ်းချမ်းမူဆိုတာ ပေါ်ပေါက်လာမယ်၊ ဒါကြောင့် ဒီလို ပွဲတွေကို ခဏခဏ နိုင်ငံနဲ့ တ၀ှမ်း ကျင်းပ သင့်တယ်လို့ မြင်ပါတယ်၊
    IMG_20130410_155732
    ဘာသာအသီးသီးရဲ့ တရားအားလုံးက ငြိမ်းချမ်းရေးကိုပဲ ဟောပါတယ်၊ မေတ္တာ တရားကို အခြေခံပြီးတော့ ဟောကြတာပဲ ဖြစ်တယ်၊ အခု ဖြစ်တာတွေက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာ ဖြစ်တာ မဟုတ်ပါဘူး၊ ဘာသာဝင် အချင်းချင်း ဖြစ်ကြတာ မဟုတ်ပဲ အကြမ်းဖက် လူတစ်စုက ပြည်သူတွေကို တိုက်ခိုက်တာလို့ ယူဆပါတယ်၊ တရားဥပဒေကို လေးစား လိုက်နာတဲ့ သူတွေဟာ တရားဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းနိုင်ဖို့ အတွက် အဲလိုမျိုး လှုံဆော်တဲ့ သူတွေ၊ သွေးထိုးတဲ့ သူတွေကို လက်မခံပဲနဲ့ သက်ဆိုင်ရာ အာဏာပိုင် အသီးသီးကို ဆင့်ကဲ ဆင့်ကဲ သတင်းပေး တိုင်တန်းပြီးတော့  အမြန်ဆုံး တရား ဥပဒေ စိုးမိုးမူ ရှိအောင် နှိမ်နင်းသင့်တယ်လို့ ကျွန်တော်အနေနဲ့ အကြံပြု ပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။
    ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သော အဖွဲ့ခေါင်းဆောင် ကိုသက်ဆွေဝင်း မှ “ကျွန်တော် အနေနဲ့ ပြောရမယ် ဆိုရင် ဒီအစ္စလာမ် ဘာသာက ရောက်ရှိလာတာဟာလည်း နှစ်ပေါင်း မနည်းတော့ဘူး။ကျွန်တော်တို့တွေ ငြိမ်းငြိမ်း ချမ်းချမ်းနေထိုင် လာခဲ့တဲ့ သက်တမ်းကလည်း မနည်းဘူး၊ ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပေမယ့်လည်း ဒီလောက် ကြီးကြီးမားမားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သက်တမ်းမှာ တစ်ခါမှ မကြုံဖူးဘူး၊ ဒါမျိုး လူမဆန်စွာ သတ်ဖြတ်ခြင်းကို ကျွန်တော် တကယ်ပဲ တုန်လှုပ်တယ်၊ ဒီလိုမျိုး ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့ ဒီအဖွဲ့လေးလုပ်ဖြစ်တာ ဖြစ်တယ်၊ လူတစ်ယောက်ကို လူတစ်ယောက်က သတ်ဖြတ်နေခြင်းက အဖြေ မဟုတ်ဘူး၊ လူသတ်တာ မဟုတ်တဲ့ သွေးမစွန်းတဲ့ အဖြေတစ်ခုကို ရှာဖို့ လိုတယ်၊ကြားထဲမှာ လိုအပ်နေတာက တစ်ဦးနဲ့တစ်ဦးနားလည်မူ၊ ပွင့်လင်း မြင်သာမူ၊ စိတ်ရှည် သည်းခံမူ အဲဒါတွေကနေပြီးတော့ တဆင့်ပြီး တဆင့် လူတွေရဲ့ ရေချိန် စံနှုန်းလည်း တက်လာမယ်လို့ မြင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
    ဓါတ်ပုံများ ကြည့်ရန်။
  • မွတ်စလင်များ သတ်ဖြတ်ခံရမှု နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍ (Special Report-ဘာသာပြန်)
    ဧပြီလ ၈ ရက်
    ရိုက်တာသတင်းဌာန
    ဘာသာပြန်- သာကီထက်ကောင်း
    မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင်း၌ မီးကွင်းများ၊ ဓားရှည်များကိုင်ဆောင်ထားသော ဗုဒ္ဓဘာသာဝင် လူရမ်းကားများသည် မွတ်စ်လင်မ် ၁၀၀ ခန့် လိုက်လံသုတ်သင်ပြီးနောက် ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးမှ မွတ်စ်လင်မ် မိန်းကလေးငယ်လေးတစ်ဦးကို ဖမ်းချုပ်၍ သူမ၏ လည်မျိုအား ဓားဖြင့်ထောက်ကာ “ မင်း ငါတို့နောက်လိုက်ယင် ငါ သူ့ကို သတ်ပစ်ရလိမ့်မယ် ” ဟု ရဲတပ်သားကို ကြိမ်းမောင်းပြောဆိုခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောဆိုသည်။
    မြန်မာနိုင်ငံ စစ်အုပ်ချုပ်မှုအောက်၌ လွန်ခဲ့သော ၄၉ နှစ်တာကာလ ကတည်းကပင် လူမျိုးရေး အမုန်းတရားများကို ဇက်လွှတ်ပေးထားခဲ့သည်။ စစ်အုပ်ချုပ်မှုကာလမှ ၂၀၁၁ ခုနှစ် မတ်လတွင် အဆုံးသတ်ခဲ့သော်လည်း ၄င်းလူမျိုးရေး မုန်းတီးမှုသည် ပိုမိုကျယ်ပြန့်လာပြီး၊ နိုင်ငံ၏သမိုင်းဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အန္တရာယ် ဖြစ်လာပေသည်။ မျိုးဖြုတ်သုတ်သင်ခြင်း လက္ခဏာမှာ ပေါ်လွင်ထင်ရှားလာကာ ထိုသို့ မျိုးတုန်းသတ်ဖြတ်မှုများကိုလည်း မည်သည့်အရေးယူခြင်း မရှိချေ။
    နေပြည်တော်၏မြောက်ဖက် မိုင် ၈၀ မျှသာကွာဝေးသော မြို့တွင် ၄ ရက်တာအတွင်း လူပေါင်း ၄၃ ဦးသေကြေပျက်စီးခဲ့ရသည်။ မွတ်စ်လင်မ် အများစုပါဝင်သည့် လူပေါင်း တစ်သောင်းသုံးထောင်ခန့်မှာ အိုးမဲ့အိမ်မဲ့ လုပ်ငန်းလက်မဲ့ဘ၀ ရောက်သွားရသည်။ ဤသွေးချောင်းစီးမှုသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တစ်လျှောက်ရှိ ရွာပေါင်း ၁၄ ရွာနှင့်အထက်သို့ ဆက်လက်ရွေ့လျားသွားခဲ့သည်။ ဤဖြစ်စဉ်သည် အာရှတိုက်တွင် မွတ်စ်လင်မ်လူနည်းစုတို့ကို ခွဲခြားနှိမ့်ချ ပ,ထုတ်မှု အကြီးမားဆုံး စာရင်းဝင် ဖြစ်ခဲ့သည်။
    မိတ္ထီလာရှိ မွတ်စ်လင်မ် ၂၅ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူများမှာ ဗုဒ္ဓဘာသာဝင်သံဃာများဖြစ်ကြောင်း၊ ၄င်းတို့သည် မြန်မာ့ဒီမိုကရေစီအရေး၌ ပါဝင်လေ့ရှိသူများဖြစ်ကြောင်း မျက်မြင်သက်သေ ၃၀ ကျော်နှင့် တွေ့ဆုံမေးမြန်းချက်ရလဒ်မှ သိရသည်။ သတ်ဖြတ်မှုကြီးသည် ရဲဝန်ထမ်းများ၏ ရှေ့မှောက်၌ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ပြီး၊ ဒေသခံအာဏာပိုင်မှလည်းကောင်း ဗဟိုအစိုးရမှလည်းကောင်း ကြားဝင်ဖျန်ဖြေတားဆီးခြင်း အလျဉ်း မရှိခဲ့ချေ။ နံရံတစ်ခုပေါ်တွင် “ မွတ်စ်လင်မ် မျိုးဖြုတ်ရေး ” ဟု လူရမ်းကားတို့မှ မသဲမကွဲ ရေးခြစ်ဖော်ပြထားကြောင်း တွေ့ခဲ့ကြရသည်။
    မတည်ငြိမ်မှုသည် အခြားမြို့များသို့လည်းကောင်း၊ ရန်ကုန်မြို့လယ်ခေါင်မှ နာရီပိုင်းမျှ မောင်းနှင်ရသည့် နေရာဒေသများသို့လည်းကောင်း ဆက်၍ဖြစ်ပေါ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က မျက်နှာလွှဲခဲပစ် ပြုခဲ့ကြသည်။ မတ်လ ၂၁ ရက် သတ်ဖြတ်မှုကြီး၏နောက် သာသနာရေး ၀န်ကြီးသည် ၃ ရက်ကျော်ကြာညောင်းသော အကြမ်းဖက်မှုအား ရပ်တန့်အောင် ဆောင်ရွက်ရာတွင် မဆိုစလောက်မျှသာ ပြုလုပ်နိုင်ခဲ့သည်။ အစွန်းရောက်သံဃာများမှ မီးကွင်းပစ်ခြင်း၊ ကယ်ဆယ်ရေးလုပ်သားတို့အား ခြိမ်းခြောက်ခြင်း နှင့် တစ်စမကျန်အောင် သောင်းကျန်းဖျက်ဆီးခြင်းတို့ကိုသာ ထိရောက်စွာ ဟန့်တားနိုင်ခဲ့သည်။
    ဗုဒ္ဓဘာသာဝင်အပေါင်းမှာ အကြမ်းဖက်ကျူးလွန်သူများ မဟုတ်ကြ။ မွတ်စ်လင်မ်တို့ကြောင့် သံဃာတော်တစ်ပါး စတင်သေဆုံးရသည်ဟု စွပ်စွဲသော်လည်း စတင် သောင်းကျန်း ဖျက်ဆီးကြသည်မှာ မွတ်စ်လင်မ်များ မဟုတ်ကြပေ။
    ယမန်နှစ် မြန်မာ အနောက်ခြမ်း ပြဿနာများမှသည် ယခု မိတ္ထီလာဖြစ်ရပ်ဆိုးကြီးအထိ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ ခြေရာလက်ရာဖြစ်ကြောင်း၊ အာဏာပိုင်များမှ အရေးယူ ဆောင်ရွက်မှုမရှိကြောင်း ရိုက်တာသတင်းမှ တင်ပြခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဗျူဟာမြောက်ဒေသ၌ ယခုကဲ့သို့ သွေးချောင်းစီးမှုဖြစ်ပေါ်လာသောအခါ – ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သမိုင်းဝင်အပြောင်းအလဲအား စတင်ဖော်ဆောင်သူ ဟုဆိုသည့် သမ္မတဦးသိန်းစိန်မှာ တပ်မတော်ကိုကိုင်တွယ် ထိန်းချုပ်ခွင့် အပြည့်အ၀ ရှိမှရှိပါ၏လော ဟူ၍ မေးခွန်းများ ထွက်ရှိလာပါသည်။
    ဗုဒ္ဓဘာသာဝင်အများစုရှိပြီး နာမည်ကြီး စေတီပုထိုးများကြောင့် “ ရွှေနိုင်ငံ ” အဖြစ် ကျော်ကြားသောတိုင်းပြည်၏ မတည်ငြိမ်မှု၌  ထိမ်ချန်ဖုံးကွယ်ထားသော အမှန်တရားတစ်ခု ရှိနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကပင် မွတ်စ်လင်မ်ဆန့်ကျင်ရေးဂယက်၌ ဘုန်းတော်ကြီးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပတ်သက်နေသည့်လူ ၄၂ ယောက်ကိုဖမ်းဆီးထားသည်ဟုဆိုပါသော်လည်း၊  ဘုန်းတော်ကြီးများမှာမူ ၉၆၉ ဟု ကျော်ကြားသည့် ဗုဒ္ဓဘာသာဝင်လူမျိုးကြီးဝါဒတရား များကို ပိုမို အရှိန်မြှင့်တင်ဟောပြောနေခြင်းက မီးလောင်ရာလေပင့်နေခြင်းပင်။
    စီးပွားရေးသာမဟုတ် ဘာသာရေးပြဿနာလည်း ပါဝင်သည်ဟု ဆန်းစစ်မှုများက ဆိုသည်။ အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုတွင် (မိတ္ထီလာအပါအ၀င်အခြားဒေသမှ) မွတ်စ်လင်မ်တို့သည် ၄င်းတို့ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များထက် ယေဘူယျအားဖြင့် စီးပွားဖြစ်ထွန်းကြသည်။ မွတ်စ်လင်မ်တို့သည် မြန်မာတစ်နိုင်ငံလုံး၌ ၅% မျှသာရှိသော်လည်း မိတ္ထီလာ၏လူဦးရေ၌  သုံးပုံတစ်ပုံထိ ရှိသည်ဟု ဆိုကြသည်။ ၄င်းတို့သည် အခြေခံစီးပွားများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အထည်အလိပ်ထွက်ကုန်၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်အရောင်းပြခန်းများ စသဖြင့် ပိုင်ဆိုင်ကြပြီး – လုပ်သားများ၊ ပျံကျဈေးသည်များအဖြစ် အသက်မွေးကြသည့် မြို့ခံဗုဒ္ဓဘာသာဝင်အများစုထက် ၀င်ငွေကောင်းခဲ့ကြသည်။
    ဘားမားဟု အသိများကြသည့် ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေးလက်အောက်ရှိ မြန်မာနိုင်ငံသည် အာရှတိုက်နောက်ဆုံးဈေးကွက်၏ ထိပ်တန်းနေရာတွင် ရှိနေရာ စီးပွားရေးအကျိုးအမြတ်မျှော်လင့်ချက် ကြီးမားလှသည်။ နှစ်ပရိစ္ဆေဒများစွာ မှီတင်းနေထိုင်လာကြသော မွတ်စ်လင်မ်လူ့အသိုက်အ၀န်းအား အမြစ်လှန်လိုသည့် လတ်တစ်လောအကြမ်းဖက်ခြင်း နှင့် တည်ငြိမ်မှုပျက်ပြားစေခြင်းတို့မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလအတွက် အကြီးစားထိုးနှက်ချက်တစ်မျိုးဖြစ်ကြောင်း သုံးသပ်ရပေသည်။
    ပါလီမန်တွင် အတိုက်အခံခေါင်းဆောင်ဖြစ်သူ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ ဤတင်းမာမှုအပေါ် ပြေလျော့အောင် မဆောင်ရွက်ခဲ့မှုကြောင့် သူမ၏စိတ်ဓာတ်ပုံရိပ်အား အရိပ်မည်းစွန်းထင်းသွားစေနိုင်သည်။ ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် ဒေါ်စုကြည်သည် တရားဥပဒေစိုးမိုးရေးအတွက် ပြင်းပြင်းထန်ထန်သတိမပေးဘဲ မဆိုစလောက်မျှသာ တုန့်ပြန်နေပါက အကြမ်းဖက်မှု ဆက်လက်ကျယ်ပြန့်လာတော့မည် ဖြစ်၏။ ဤဖြစ်ရပ်အတွက် ဒေါ်စုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လိုပေဦးမည်။
    ရွှေဆံညှပ်၏ သာမန်ပြဿနာမှ စတင်သော မီးပွား
    မိမိနေထိုင်ရာ ပြုံးကောက်ရွာရှိ ဘုန်းတော်ကြီးများကို ကျွေးမွေးလှူဒါန်းလိုသော ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဒေါ်အေးအေးနိုင်(၄၅ နှစ်)သည် ဖြစ်စဉ်အကြိုနေ့ မတ်လ ၂၀ ရက်၊ နံနက် ၉ နာရီခန့်တွင် မိမိ၏ရွှေဆံညှပ်/ဆံထိုးအား မြို့တက်ရောင်းချခဲ့သည်။ ၄င်းမှ တစ်သိန်းလေးသောင်းကျပ်(၁၆၀ဒေါ်လာဝန်းကျင်) ဖြင့်ဝယ်ထားသော ယင်းရွှေထည်ကို မွတ်စ်လင်မ်တစ်ဦးပိုင်ဆိုင်သည့် နယူး ၀ိန့်စိန်ရွှေဆိုင်သို့ ၄င်း၏ခင်ပွန်း၊ ညီမနှင့်အတူ သွားရောက်ရောင်းချရာ ဆိုင်ရှင်မှ တစ်သိန်းရှစ်ထောင်ကျပ် ဈေးပေးခဲ့သော်လည်း သူမက အနည်းဆုံး တစ်သိန်း တစ်သောင်းကျပ် လိုချင်ခဲ့သည်ဟု ဆိုသည်။
    assk-kawhmu-closeup-b305
    ပြဿနာစတင်ဖြစ်ပွားရာ ရွှေဆိုင်ကို အကြမ်းဖက်ဖျက်ဆီးနေစဉ်
    သူမ၏အဆိုအရ ဆိုင်လုပ်သားများက ရွှေထည်အားစစ်ဆေးရာ၌ ပျက်စီးမှုဖြစ်ပြီး တန်ဖိုး ကျဆင်းမှုကြောင့်အချင်းများခဲ့ကြသည်။ ဒေါ်အေးအေးနိုင်၏ အမျိုးသားမှ ဟစ်အော်သောင်းကျန်းသည်၌ ဆိုင်လုပ်သားသုံးဦးဖြင့် ၄င်းတို့အား ဆိုင်ပြင်ဆွဲထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ယင်းလင်မယားနှင့် သက်သေနှစ်ဦးက ပြောဆိုသည်။
    လူအများ ၀ိုင်းအုံကြည့်ရှုလာကြပြီး ရဲတပ်ဖွဲ့ရောက်လာသည့်နောက် ဒေါ်အေးအေးနိုင် နှင့် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအား ထိန်းသိမ်းလိုက်သည်။ မျက်မြင်သက်သေများစွာ၏ အဆိုအရ ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်၍ ဆိုင်တံခါးများကို ချိုးဖျက်ပြီး စတင်အကြမ်းဖက်ခဲ့သည်။ မည်သူမျှ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း မရှိခဲ့ပါ။ သို့သော် မွတ်စ်လင်မ်ပိုင်ရွှေဆိုင် အဆောက်အဦနှင့် အခြားဆိုင်ခန်းများစွာ ဖျက်ဆီးခံခဲ့ရသည်။
    လမ်းတစ်ဖက်ခြမ်းမှ အကြမ်းဖက်မှုအား စောင့်ကြည့်နေခဲ့သူ မခင်စန်းက “ ဒီဆိုင်က အနီးတ၀ိုက်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေပါတယ်။ သူတို့ဆိုင်ရှေ့မှာ ကားရပ်နားတာ ခွင့်မပြုဘူး။ မကြာခဏ အချင်းများလေ့ရှိတဲ့အတွက် လူတွေက အငြိုးထားမုန်းတီးနေကြပါတယ် ” ဟု ပြောပြခဲ့သည်။
    ထိုကိစ္စမတိုင်မီ ရက်သတ္တပတ် အနည်းငယ်ခန့်တွင် ” သောကရှင် ဗုဒ္ဓဘာသာဝင်များ ” ဟု မိမိဖာသာကင်ပွန်းတပ်ထားသော အုပ်စုတစ်စု၏ လက်မှတ်ထိုး ထုတ်ပြန်စာတမ်းတစ်စောင် ဖြန့်ဝေခြင်းက ယင်းအငြိုးအာဃာတအား ပို၍ ကြီးမားသွားစေခဲ့သည်။ ထိုဖြန့်ချိစာ၌ မိတ္ထီလာမှမွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များအပေါ် မကောင်းကြံစည်လေ့ရှိကြောင်း၊ ဆော်ဒီအာရေဗျထံမှ ငွေကြေးအထောက်အပံ့ ရရှိခံစားနေကြောင်း၊ ဗလီဝတ်ကျောင်းတော်များအတွင်း၌ မရိုးသားသည့်ဆွေးနွေးစီစဉ်မှုများ ရှိနေကြောင်း ရေးသားဖော်ပြထားပြီး နယ်ခံသံဃာတော်များကို လှုံ့ဆော်ထားခြင်း ဖြစ်သည်။
    Soe Thein, a Buddhist mechanic, talks to Reuters reporters in Meikhtila
    ဗုဒ်ဓဘာသာဝင် တဦးဖြစ်သူ ကိုစိုးသိန်း
    ကိုယ်တိုင်တွေ့မြင်ရသူဟုဆိုသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စိုးသိန်းမှ ဖော်ပြပါကဲ့သို့ ပြောပြခဲ့သည်။ တင်းမာမှုပြင်းထန်လာသည်နှင့်အမျှ ညနေ ၅း၃၀ နာရီတွင် မွတ်စ်လင်မ်အမျိုးသား ၄ ဦး သည် လမ်းဆုံလမ်းခွတစ်နေရာ၌ အသင့်စောင့်ဆိုင်းနေကြသည်။ ဘုန်းကြီးတစ်ပါးကို တင်ဆောင်လာသော ဆိုင်ကယ်အား ၄င်းတို့မှ တိုက်ခိုက်ကြရာ မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဘုန်းတော်ကြီးသည် ဦးခေါင်းနောက်တွင် ဓားဒဏ်ရာ ရရှိခဲ့သည်။ ၄င်းတို့အနက်တစ်ဦးက ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့သည်။ ဘုန်းတော်ကြီးမှာ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ထိုအခါ စိုးသိန်းမှ ဈေးသို့ ပြေး၍ ဘုန်းတော်ကြီးတစ်ပါးကို သတ်လိုက်ကြပြီ ဟု ဟစ်အော်ခဲ့သည်။ သူပြန်လှည့်ပြေးလာရာတွင် လူတစ်စုမှ လိုက်ပါလာကြပြီးသည့်နောက် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားတော့သည်။ မွတ်စ်လင်မ်တို့၏ အိမ်ခြေနှင့် ဈေးဆိုင်များကို မီးတင်ရှို့ခဲ့ကြသည်။ စိုးသိန်းမှ ယင်းတိုက်ခိုက်သူများကို အမည်နှင့်တစ်ကွ ဖော်ပြခဲ့သည်။ ဘုန်းတော်ကြီးအား သတ်ဖြတ်ပြီးနောက် ရွာထဲ၌ ထိုသူများကို တွေ့ရကြောင်း ပြောဆိုခဲ့၏။ မိတ္ထီလာအကြမ်းဖက်မှုနှင့် ဆက်နွှယ်သောလူ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးရာတွင် ၄င်းတို့အနက် ၄င်းသူတို့ပါမပါကို ရဲတပ်ဖွဲ့မှ ဖြေကြားလိုခြင်း မရှိချေ။
    ထိုညနေတွင် မွတ်စ်လင်မ် အများစုနေထိုင်သော မိတ္ထီလာအရှေ့ပိုင်း မင်္ဂလာဇေယုံရပ်ကွက်ကို မီးတင်ရှို့ခဲ့ကြသည်။ ဗလီတစ်လုံး၊ မိဘမဲ့ကလေးငယ်တစ်ဦးနှင့် အိမ်ခြေများစွာ မီးထဲပါသွားသည်။ ရာပေါင်းများစွာ ထွက်ပြေးကြသည်။ မျက်မြင်သက်သေများက ဗုဒ္ဓဘာသာဝင်တို့၏အိမ်များကိုလည်း မီးရှို့ခဲ့ကြောင်း ဆိုကြ၏။ အိမ်ခြေ ၁၀၀ ခန့် ပြာကျခဲ့သည်။
    ငါတို့လိုချင်တာ မွတ်စ်လင်မ်
    အကြမ်းဖက်အုပ်စုကြီးထွားလာရာတွင် ဒေါ်စုကြည်၏ NLD ပါတီမှ လွှတ်အမတ် ဦးဝင်းထိန်က လူအုပ်ကြီးအား ထိန်းသိမ်းဖို့ကြိုးစားသော်လည်း ဆွဲထုတ်ခြင်း ခံရသည်။      “ တစ်စုံတစ်ယောက်က ကျွန်တော့် လက်ကိုဖမ်းဆွဲလိုက်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်သာ ဂရုစိုက်ပါ။ နို့မဟုတ်ယင် ခင်ဗျားပါ ဒုက္ခရောက်သွားမယ် လို့ ကျွန်တော့်ကိုပြောပါတယ် ” ဟု ပြန်လည်ပြောပြခဲ့သည်။ ၄င်းပြင် လူစုကွဲသော ညဥ့်သန်းခေါင်မတိုင်မီအထိ ရဲအရာရှိများက အကြမ်းဖက်မှုကို မလှမ်းမကမ်းမှ ရပ်ကြည့်နေခဲ့ကြသည်ဟုလည်း ဆိုသည်။
    နံနက် ၄ နာရီခန့်တွင် မောင်မောင်၏အိမ်တွင်းရှိ မွတ်စ်လင်မ် အမျိုးသားတို့သည် ပြင်ပ၌ ၀ိုင်းရံထားသော ဗုဒ္ဓဘာသာဝင်လူဦးရေ တစ်ထောင်နီးပါးခန့်ကို ရင်ဆိုင်ရန် အရဗီဘာသာ စကားဖြင့် ကြွေးကြော်ခဲ့ကြသည်။
    နံနက် ၆ နာရီခန့် အရုဏ်တက်ချိန်တွင် အနီးအနား၌ ရဲအရာရှိ ၁၀ ဦးမျှသာ ကျန်ရှိတော့သည်။ ၄င်းတို့သည် တဖြည်းဖြည်းနောက်ဆုတ်သွားပြီး လူအုပ်ကြီးကို ရှေ့ပို့ တိုက်ခိုက်စေလိုက်သည်ဟု အိမ်နီးချင်းဗုဒ္ဓဘာသာဝင် အမျိုးသား ဦးလှသိန်း(၄၈ နှစ်)မှ ပြောပြသည်။
    မွတ်စ်လင်မ်တို့သည် အိမ်ဘေးမှ ထွက်ပြေးကြရာ လူတို့က ဓားများ၊ ဒုတ်များ၊ သံတုတ်များ၊ မီးကွင်းများဖြင့် လိုက်ကြသည်။ အချို့မှာ အနီးရှိ မြောင်းအတွင်း၌ ခုတ်ထစ်ခံရသည်ဟု ဦးလှသိန်းအပါအ၀င် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ် အခြားမျက်မြင်သက်သေ ၄ ဦးမှ ပြန်ပြောင်းပြောကြားသည်။
    NLD ဦးဝင်းထိန်က “ ယုန်လေးတွေကို အမဲလိုက်နေကြတဲ့အတိုင်း အကြမ်းဖက်ခဲ့ကြတာပါ ” ဟု တောင်ကုန်းပေါ်တက်ပြေးစဉ် ခုတ်ပိုင်းခံရသူများနှင့်ပတ်သက်၍ ဆိုခဲ့သည်။
    578268_132582523590948_661147998_n
    အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော မွတ်စ်လင်မ် ၄၇ ဦးကို ရဲတပ်ဖွဲ့ဝင်များက မိမိတို့၏ဒိုင်းလွှားများဖြင့် ၀န်းရံကာကွယ်ပြီး ကယ်ထုတ်ပေးခဲ့ကြောင်း၊ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဦးလှသိန်းက ဆိုသည်။ ရဲဝန်ထမ်းတစ်ဦး၏အဆိုအရ သံဃာတစ်ဦးမှ “ ငါတို့က မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး။ ငါတို့ မွတ်စ်လင်မ်တွေကိုဘဲ (တိုက်ခိုက်ဖို့) အလိုရှိတယ် ” ဟု ရဲတပ်ဖွဲ့ဝင်တို့အား ဟစ်အော်ပြောဆိုကြောင်း သိရ၏။
    မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ၄င်းနေ့တွင်ဖြစ်ပွားသောအခြေအနေကို ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။ စင်စစ်မှာမူ အခြေအနေက ပို၍ဆိုးဝါးသွားခဲ့ကြောင်း၊ လက်နက်ကိုင်စွဲထားကြသည့် သံဃာများနှင့် ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် လမ်းမများပေါ်တွင် နောက်ထပ် ၃ ရက်တိုင်တိုင် အကြမ်းဖက်နေခဲ့ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။
    581688_4783004134582_729859989_n
    မီးလောင်ကျွမ်းနေသော ဗလီတစ်လုံးအား မီးငြိမ်းသတ်ရန်ကြိုးစားနေသည့် မီးသတ်တပ်ဖွဲ့ဝင် ကိုသိန်းဇော်ကို သံဃာတစ်ဦးက “ မင်း မီးငြိမ်းရဲယင် ငြိမ်းကြည့်၊ မင်းကိုပါ သတ်ပစ်မယ် ” ဟု ကြိမ်းမောင်းခဲ့သည်။ သံဃာ ၃၀ ခန့်ပါဝင်သောလူအုပ်သည် မီးသတ်ပေါ်ချိတ်ဆွဲထားသော တံဆိပ်အား ရိုက်ချိုးဖျက်ဆီးကာ မီးသတ်ကားအား ၀ိုင်းရံခဲ့ကြသည်။ သူ့အား ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက် မောင်းထုတ်ခဲ့ကြသဖြင့် မျက်လုံးအောက်ဖက်တွင် ထိခိုက်သွားရကြောင်း သူ၏ဒဏ်ရာကိုပြသလျက် ပြောပြခဲ့သည်။
    အလားတူစွာပင် ကိုသိန်းဇော်ကဲ့သို့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အငယ်တန်း မီးသတ်သမား ကိုကျော်ရဲအောင်ကလည်း “ သံဃာတစ်ဦးက ကျွန်တော့်ကို ဓားတစ်ချောင်းနဲ့ ရမ်းခဲ့သေးတယ်ဗျ ” ဟု ပြောပြသည်။
    သုံးရက်လွန်သော် မွတ်စ်လင်မ်တို့၏ ရုပ်အလောင်းများကို မီးရှို့ခဲ့သော ကုန်းစောင်းပေါ်၌ လူကြီး၊ ကလေးငယ်တို့၏ ခန္ဓာအပိုင်းအစ အကြွင်းအကျန်များစွာ တွေ့ခဲ့ရသည်ဟု ၄င်းသူက ဆိုသည်။ ၄င်းနောက် စည်ပင်ထရပ်ကားများဖြင့် ရုပ်ကြွင်းများကို  မီးသင်္ဂြိုလ်စက်နံဘေးရှိ ကွင်းပြင်ထဲ ရွှေ့ပြောင်းလိုက်ကြပြီး တာယာဟောင်းများသုံး၍ မီးရှို့လိုက်ကြသည်။
    နိုင်ငံရေး၏ ပယောဂ မကင်းနိုင်
    ဓားတရမ်းရမ်း သောင်းကျန်းခဲ့ကြသော ဘုန်းတော်ကြီးတို့က ပစိဖိတ်ဒေသတွင်း ကောင်းသတင်းဖြင့် ကျော်ကြားလှသည့် ဗုဒ္ဓ၀ါဒ ပုံရိပ်ကို ယိမ်းယိုင်သွားစေသည်။
    အသိတရားပြည့်ဝရေး၊ အကြမ်းမဖက်ရေး၊ မိမိကိုယ်ကိုပြုပြင်ရေး နှင့် အတ္တပယ်ဖျောက်ရေး အပေါ်အခြေခံထားသော ဗုဒ္ဓ၀ါဒမှာ ဘာသာရေးဆိုင်ရာ စစ်ပွဲများကို ရှောင်ကြဉ်ရ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ၀န်းကျင်က ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များကို ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်း၊ မြော်မြင်ဥာဏ်ကြီးမားခြင်းအားဖြင့် အစဉ်အလာအရ လက်ခံထားကြသည်။
    မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော တိုင်းပြည်တစ်ခုဖြစ်သည်။ နိုင်ငံ့လူဦးရေ သန်း ၆၀ ၏ ၉၀ % မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် သံဃာတော် များသည် လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီကြိုးပမ်းမှုအတွက် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံ ရှေ့တန်းမှ ပါဝင်ခဲ့ကြကုန်၏။
    File picture showing a sticker of the "969 movement" at a shop in Minhla
    သံဃာတုသံဃာယောင်များဖြင့် လူထုအတွင်း အသိအမြင်မှားယွင်းအောင် လွယ်လင့်တကူ သပ်လျှိုသွေးထိုးနိုင်ခဲ့ခြင်းက လက်ရှိနှစ်များအတွင်းဖြစ်ပျက်နေသော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတို့၏ အဓိကအခန်းကဏ္ဍပင်ဖြစ်ကြောင်း မြန်မာလူမျိုး အများအပြားမှ ယုံကြည်နေကြသည်။
    ဒေသတွင်း နာမည်ကြီးဘုန်းကြီးကျောင်းမှ သံဃာများကို မိတ္ထီလာလမ်းများပေါ်၌ တွေ့ခဲ့ကြရသည်။ နိုင်ငံ၏ဒုတိယမြို့တော် မြန်မာ့ယဉ်ကျေးမှု၏ဗဟိုဌာနီ မန္တလေးမြို့မှ သံဃာများရောက်လာကြခြင်းကိုလည်း ကြုံဆုံခဲ့ကြသည်။ ၄င်းတို့အနက် အမျိုးသားရေးဝါဒီ ဘုန်းကြီးဖြစ်သူ ဦးဝီရသူလည်း အပါအ၀င်ဖြစ်၏။
    စစ်အုပ်ချုပ်ရေးခေတ်လွန် မြန်မာနိုင်ငံ၏ အကောင်းဆုံးပြောင်းလဲမှုအဖြစ် ချီးကျူးခံရသည့် နိုင်ငံရေးအကျဉ်းသားများစွာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဦးဝီရသူသည် ကိုးနှစ်တာ အကျဉ်းစံနေရာမှ လွတ်မြောက်လာခဲ့သည်။ သူသည် ၂၀၀၃ ခုနှစ် မွတ်စ်လင်မ်ဆန့်ကျင်မှု လုပ်ရပ်ဆိုးစွဲချက်ဖြင့် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
    with Khin Nyunt
    အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ဝန်ကြီးချူပ်ဟောင်း ဦးခင်ညွှန့်မှ ဦးဝီရသူနှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်း
    ပြုံးစေ့စေ့ဖြင့် ဇ ရှိသော ဦးဝီရသူ (၄၅ နှစ်)မှာ ယခုသော် မန္တလေး မစိုးရိမ်တိုက်သစ်၏ ကျောင်းထိုင်ဘုန်းကြီး ဖြစ်နေလေပြီ။ သူ၏ကျောင်းတိုက်၌ သံဃာအပါး ၆၀ ရှိပြီး ၊ထိုဝန်းကျင်မှ နေထိုင်သူ ၂၅၀၀ ခန့်အပေါ် သြဇာညောင်းလျက်ရှိသည်။ ယင်းအင်အားကို အခြေပြုလျက် –  မွတ်စ်လင်မ်တို့နှင့်စီးပွား လူမှုဆက်ဆံရေး မပြုရန် ဗုဒ္ဓဘာသာဝင်များအား တိုက်တွန်းနေသော ၉၆၉ အမည်ရှိ လှုပ်ရှားမှုကို အချိန်တိုတိုအတွင်း ကြီးမားလာအောင် ဦးဆောင်နေသူ ဖြစ်သည်။
    “ ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် ၉၆၉ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးဇင်းတို့ အသုံးပြုတယ် ” ဟု ဦးဝီရသူက သူ၏ကျောင်းတိုက်၌ ပြောဆိုခဲ့သည်။ ခရီးသွားခြင်း၊ စားသောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဗုဒ္ဓဘာသာဝင်နှင့်သာ ပြုလုပ်ဆောင်ရွက်ရန် ဟူသည့် ဆိုလိုချက်ဖြစ်သည်။ သူ၏အစွန်းရောက်မှု ဂုဏ်သတင်းကြောင့် သူ့အား “ မြန်မာ ဘင်လာဒင် ”ဟု ကင်ပွန်းတပ်လာခဲ့ကြသည်။
    ပြီးခဲ့သည့်လေးလတာကာလအတွင်း သူသည် ၉၆၉ တရားပွဲများကို တစ်သီတစ်တန်း ဆက်တိုက်ပြုလုပ်ခဲ့သည်။ “ ဒီလုပ်ငန်းစဉ်ပြန့်ပွားဖို့က ဦးဇင်းရဲ့အလုပ်ဘဲ ” ဟု သူကဆိုခဲ့၏။ သူဆိုလေသည့်အတိုင်း ၉၆၉ စတစ်ကာနှင့်အမှတ်သင်္ကေတများမှာ ပလူပျံလျက်ပြန့်နှံ့သွားသည်။ ရံဖန်ရံခါ အတင်းအဓမ္မ သွတ်သွင်းမှုများ ဖြစ်ခဲ့သည်။
    မိတ္ထီလာဖျက်ဆီးမှုများအပေါ် အကြမ်းဖက်သမားများက ၉၆၉ ဟု မှုတ်ဆေးဖြင့် ရေးသားခဲ့ကြသည်။ ရန်ကုန်နှင့်အလှမ်းမဝေးလှသော ပဲခူးတိုင်းတွင်လည်း ၉၆၉ တရားပွဲများ ပြုလုပ်ပြီးသည့်နောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်အုပ်စုများ ပေါ်ပေါက်လာကြသည်။ ၉၆၉ နံပါတ်စ တစ်ကာများသည်လည်း လမ်းဘေးဆိုင်များ၊ ဆိုင်ကယ်များ၊ ပိုစတာများ၊ ကားများပေါ်တွင် ထင်ထင်ရှားရှား ကပ်ခြင်းများ အလွန်အကျွံ ဖြစ်လာခဲ့သည်။
    ရန်ကုန်မှ နာရီအနည်းငယ်ခရီးသာ ကွာဝေးသော လူဦးရေ တစ်သိန်းခန့်နေထိုင်သည့် မင်းလှမြို့တွင် မွန်ပြည်နယ်ကျောင်းထိုင် ဆရာတော် ဦးဝိမလဘိဝံသ မှ ဖေဖော်ဝါရီ ၂၆၊ ၂၇ ရက်က တရားပွဲပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဦးရေ ၂၀၀၀ ခန့်တက်ရောက်သော ယင်း တရားပွဲ၌ မိမိ၏ပြည်နယ်အတွင်းရှိ ရဟန်းသံဃာတို့သည်  ၉၆၉ ကို အသုံးပြုကာ မွတ်စ်လင်မ်ပိုင် နာမည်ကြီး ခရီးသည်တင် ဘတ်စ်ကားကုမ္ပဏီအား မည်သို့မည်ပုံ ဆန့်ကျင်နေကြောင်း ရှင်းလင်းဟောပြောသွားခဲ့သည်ဟု ထိုဓမ္မာရုံဂေါပကဥက္ကဌ ဦးဝင်းမြင့်ထံမှ သိရသည်။
    969-1
    ဓါတ်ပုံ- ဧရာဝတီ
    ယင်းတရားပွဲပြီးသည့်နောက် မင်းလှမြို့တွင် ဆိုးဆိုးဝါးဝါး အခြေအနေပြောင်းလဲသွားကြောင်း၊ မွတ်စ်လင်မ်များမှာ စော်ကားပြောဆိုမှုခံလာရကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စ်လင်မ်လူငယ်တစ်ဦးက ပြောပြခဲ့သည်။ တစ်လကြာမြင့်ပြီးသောအခါ သတ္ထုပိုက်များ၊ သံတူများ စွဲကိုင်ထားကြသည့် ဗုဒ္ဓဘာသာဝင် ၈၀၀ ခန့်က ဗလီသုံးလုံး၊ မွတ်စ်လင်မ်တို့၏အိမ်ခြေ ၁၇ လုံးနှင့်လုပ်ငန်းများကို  ဖျက်ဆီးခဲ့ကြကြောင်း၊ လူအသေအပျောက် မရှိခဲ့သော်လည်း မင်းလှမြို့ရှိ မွတ်စ်လင်မ် သုံးပုံနှစ်ပုံခန့်မှာ လွတ်ရာကျွတ်ရာသို့ထွက်ခွာသွားပြီး ပြန်မလာတော့ကြောင်း ရဲတပ်ဖွဲ့ထံမှ ကြားသိရသည်။
    သံဃာတော်များအား တိုက်ခိုက်မှုများမလုပ်ကြရန် မိတ္ထီလာသို့သွားရောက်တိုက်တွန်းခြင်း ဖြစ်ကြောင်း ဦးဝီရသူက ပြောဆိုခဲ့သည်။ တစ်နေရာတွင် သူသည် ကားခေါင်မိုးပေါ်မှ မိန့်ခွန်းလည်းပြောခဲ့သေး၏။ သို့ရာတွင် သူ့ပြောကြားမှုမှာ လက်ခံနိုင်စရာ မရှိခဲ့ပေ။
    သူသည် ၉၆၉ ဖြန့်ချိမှုကို အသိအမှတ်ပြုအားပေးခဲ့သည်သာမက ၊ မွတ်စ်လင်မ်တို့သည် မြန်မာပြည်ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းမှေးမှိန်အောင်ပြုလုပ်နေသည် ဟု တပ်လှန့်ခဲ့သည်။ သူ၏ဟောပြောမှုများ၊ သူ၏ဆိုရှယ်မီဒီယာ နှင့် လတ်တစ်လော ရက်သတ္တပတ်များအတွင်း သူ၏ဆက်သွယ်မှုတို့၌ ထပ်ပြန်တလဲလဲ အပ်ကြောင်းထပ်နေသည့် ကောက်ချက်ချမှုတစ်ရပ်မှာ အောက်ပါကဲ့သို့ဖြစ်၏။
    “ သူတို့(မွတ်စ်လင်မ်)တွေဟာ ငွေကိုခင်းပြီး ကြွယ်ဝချမ်းသာနေကြတယ်၊ မြန်မာအမျိုးသမီးတွေကို ငွေခင်းရယူပြီး အစ္စလာမ်ဘာသာထဲ သွတ်သွင်းကြတယ်။ သူတို့ စီးပွားရေးက အားကောင်းသထက်ကောင်းလာပြီး အိမ်တွေ၊ မြေတွေကို ၀ယ်ပြီးရင်းဝယ်ကြတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ နည်းပါးလာစေတဲ့သဘောပဲ။ ပြီးတော့ သူတို့ချမ်းသာလာကြတဲ့အခါ ဦးဇင်းတို့ ဘုရားကျောင်းဂန်တွေလို ပွင့်လင်းမြင်သာစွာမျိုး မဟုတ်ဘဲ ဗလီတွေကို (ပုန်းလျှိုးကွယ်လျှိုး/တရားးမ၀င်) ဆောက်လုပ်ကြတယ်။ အဲ့ဒါတွေဟာ ဦးဇင်းတို့အတွက် ရန်သူ့အခြေစိုက်စစ်စခန်းတွေ ဖြစ်တယ်။ ဗလီတွေများပြားလာလေလေ ရန်သူအခြေစိုက်စခန်းတွေများပြားလာလေလေလို့ ဆိုရမှာဘဲ။ ဒါကြောင့်မို့ ဒီကိစ္စကို ဦးဇင်းတို့ မဖြစ်မနေ ကာကွယ်တားဆီးကြရမယ် ”။
    ၁၃ ရာစုအတွင်း အစ္စလာမ်ရောက်လာပြီးနောက် ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံမှ လိုက်ပါသွားမည်ကို ဦးဝီရသူမှ စိုးကြောက်နေခဲ့သည်။ ၁၆ ရာစုအကုန်တွင် အင်ဒိုနီးရှား၏အဓိကရကျွန်းဒေသများ၌ ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒနေရာဝယ် အစ္စလာမ်က အစားထိုးလွှမ်းမိုးလာခဲ့သောကြောင့် ဖြစ်သည်။
    ဦးဝီရသူသည် ၂၀၀၁ ခုနှစ်တွင် ယခု ၉၆၉ တရားနှင့်ဆင်တူသောစကားမျိုးကို စတင် ဟောပြောခဲ့ရာ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထင်ထင်ရှားရှား များပြားလာသည်။ ၄င်းနှစ် မတ်လတွင် အာဖဂန်နစ္စတာန်နိုင်ငံ၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန် တို့မှ ဖျက်ဆီးခဲ့ခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌ အလ်ကိုင်ဒါ၏တိုက်ခိုက်မှု – ဖြစ်ရပ်များက မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် လောင်စာများ ဖြစ်သွားခဲ့သည်။ ယင်းသူသည် ၂၀၀၃ ခုနှစ် ထိန်းသိမ်းဖမ်းဆီးခံရသည်အထိ လှုပ်ရှားနေခဲ့ပြီး၊ မိတ္ထီလာအနီး သူ့ဇာတိ ကျောက်ဆည်မြို့ အဓိကရုဏ်းဖြစ်ပေါ်အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။ ကျောက်ဆည်မြို့၌ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု U.S. State Department မှ ဖော်ပြခဲ့သည်။
    မိမိ၏ရွှေဆံထိုးကို ရောင်းချရန်ကြိုးစားသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကြောင့် ဖြစ်ပေါ်လာခဲ့သော မိတ္ထီလာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဦးဝီရသူက “ ဒီအမျိုးသမီးဟာ မွတ်စ်လင်မ်နဲ့အရောင်းအ၀ယ်သွားလုပ်ခဲ့လို့ ဒီလိုဖြစ်ရတာပါ ” ဟု လျှပ်တစ်ပြက် အဖြေပေးခဲ့လေသည်။
    အာဏာပိုင်များ၏ ပါဝင်ပတ်သက်မှု ရှိနေသလော ?
    ဒီမိုကရေစီအရေးအတွက် ၂၀၀၇ ခုနှစ်၊ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ က “ ဦးဝီရသူကို ဖမ်းဆီးအရေးယူသင့်ပါတယ်။ သူ့ဟောပြောမှုတွေဟာ ဗုဒ္ဓအဆုံးအမများနဲ့ လွဲချော်နေပါတယ်။ သူဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်နေတဲ့အတွက် သူ့အန္တရာယ် ကြီးမားပါတယ်။ သူဟာ တစ်နေ့တစ်ခြား အကြင်နာကင်းပြီး ပိုမို ကောက်ကျစ်လာပါတယ် ” ဟု ပြောလိုက်သည်။ မွတ်စ်လင်မ် ဆန့်ကျင်ရေးအမြင်ကို တားဆီးနိုင်သည်မှာ နိုင်ငံတော် အစိုးရသာဖြစ်ကြောင်း ဦးဂမ္ဘီရမှ ထပ်လောင်းပြောဆိုခဲ့သည်။
    “ အယင်တုန်းက အစိုးရဟာ ဘုန်းတော်ကြီးတွေကို ဒီမိုကရေစီနဲ့နိုင်ငံရေးအကြောင်း မဟောပြောဖို့ ပိတ်ပင်တားဆီးခဲ့တယ်။ အခုကျတော့ ဒီလို အတို့အထောင် ဟောပြောမှုတွေကို မတားမြစ်တဲ့အခါ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ ၂၅၀၀ ၀န်းကျင် အင်အားရှိနေတဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်နေလို့ ဘယ်သူမှ သူ့ကို မကောင်းမပြောရဲဘူးဖြစ်နေတယ်လေ။ နိုင်ငံတော်အစိုးရ အနေနဲ့ သူ့ကို အရေးယူဖို့ လိုအပ်နေပါပြီ ”။
    by Sithu Lwin 2
    မိတ္ထီလာဖြစ်ရပ်ဆိုး၏ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးလှသိန်းက အကြမ်းဖက်မှုကို အာဏာပိုင်များမှ တော်ရိရော်ရိတားမြစ်ပုံမှာ မယုံနိုင်စရာကောင်းလှကြောင်း ပြောခဲ့သည်။
    “ သူတို့ဟာ ဘယ်တော့မှ မပေးတော့တဲ့ အမိန့်တစ်ခုကို စောင့်စားနေသလိုမျိုး ဖြစ်နေတယ်ဗျ ”။
    မိမိသည် အကြမ်းဖက်အုပ်စုအား အင်အားသုံး ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်မည်ဟု မျှော်လင့်ခဲ့သော်လည်း နံပါတ်တုတ်ကိုပင် အသုံးမပြုရဟု မှာကြားခံရကြောင်း ၀ါရင့် ရဲဝန်ထမ်းတစ်ဦးမှ ထုတ်ဖော်ခဲ့သည်။
    စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ နိုင်ငံရေးအကျဉ်းစံဖြစ်ခဲ့သူ NLD မှ ဦးဝင်းထိန် က တိုင်းမှူးဖြစ်သူ အောင်ကျော်မိုးသည် ပြတ်သားသောအမိန့်အနည်းငယ်ပေး လိုက်ယုံဖြင့် ယခု သွေးချောင်းစီးအကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်သွားနိုင်ကြောင်း၊ မိတ္ထီလာနှင့် အနီးဝန်းကျင်၌ ရှိနေကြသည့် ထောင်ပေါင်းများစွာသော တပ်မတော်သားများကို ယာယီအသုံးပြုယုံမျှဖြင့် တားဆီးနိုင်ကြောင်း ပြောကြားသွားသည်။
    သို့ရာတွင် “ အဲ့ဒါက စစ်ပွဲတစ်ခုနဲ့သွားတူနေပါတယ်။ စတင်ဖြစ်ပွားချိန်မှာ လူအင်အား ဘယ်လောက်အသုံးပြုမယ်၊ ဘယ်လောက်ကြီးထွားလာမယ်လို့ ဘယ်လိုမှ မှန်းဆလို့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံရေးတော့ ပေးခဲ့ပါတယ် ” ဟူ၍ အာဏာပိုင်များဖက်က တာဝန်ကျေကြောင်း ချေပပြောဆိုခဲ့သည်။
    ဒေါ်စုကြည်နှင့်မတိမ်းမယိမ်း နှစ်များစွာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့သူ မင်းကိုနိုင်သည် အကြမ်းဖက်မှုစတင်ကာစ၌ မိတ္ထီလာသို့ ရောက်ရှိသွားသည်။ အကြမ်းဖက် လူစုသည် စံနစ်တကျလေ့ကျင့်ပြင်ဆင်ထားပုံရကြောင်း၊ ဆဲလ်ဖုန်းကိုင်ထားကြသော ဘုန်းကြီးများသည် မြို့ပြင်ထွက်သည့် ကားများကို စစ်ဆေးမှုများ ပြုခဲ့ကြကြောင်း၊ အဆောက်အဦအချို့ကို ဖြိုဖျက်ရာတွင် ဘူလ်ဒိုဇာတစ်စင်းကိုလည်း အသုံးပြုခဲ့သည်ကို တွေ့ရကြောင်း၊ သာမန်လူတို့သည် ဘူလ်ဒိုဇာအား မည်သို့မောင်းနှင်အသုံးချရမည်ကို မသိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် က ဤအကြမ်းဖက်မှု၌ အာဏာပိုင်များ၏ပါဝင်ပတ်သက်နေမှုအချက်အလက်များ ရထားသည်ဟုဆို၏။ စစ်သားနှင့် ရဲတို့သည် မိမိတို့မျက်စေ့ရှေ့မှောက်၌ ကြမ်းကြုတ်ရက်စက်မှုများ တွေ့မြင်နေရပါလျက် ရပ်ကြည်နေလေ့သာရှိခဲ့ကြောင်း၊ ဤသည်မှာ အာဏာပိုင်တစ်ချို့၏ ပါဝင်ပတ်သက်မှု သို့တည်းမဟုတ် ယင်းမတရားသောလုပ်ရပ်များကို တိတ်တဆိတ်အားပေးကူညီမှု ဖြစ်နိုင်ကြောင်း မစ္စတာကင်တားနားမှ သုံးသပ်ပြောဆိုသည်။
    နိုင်ငံတော်သမ္မတရုံး၏ပြန်ကြားရေးအရာရှိနှင့် ပြန်ကြားရေးဌာနဒုဝန်ကြီးဖြစ်သူ ဦးရဲထွဋ် ကမူ ၄င်း၌ စစ်တပ်နှင့်အစိုးရမှ ပါဝင်ခဲ့ခြင်း မရှိဟုဆိုကာ ယင်းပြောဆိုချက်မှာ အခြေအမြစ်မဲ့စွပ်စွဲချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အကြမ်းဖက်မှုတတိယမြောက်နေ့ မတ်လ ၂၂ ရက်၊ နေ့လည်ချိန်တွင် အာဏာပိုင်များမှ မာရှယ်လော ထုတ်ပြန်ခဲ့သည်။ ထိုအချိန်အထိ လက်နက်ကိုင်ဆောင်မှုဖြင့် လူ ၃ ဦးမျှသာ ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။ အကယ်၍ စလျှင်စချင်း ပိုမိုဖမ်းဆီးအရေးယူခဲ့ပါက နောက်တစ်နေ့၌မှာပင် မတည်ငြိမ်မှု အဆုံးသတ်သွားမည်ဖြစ်၏။ စုစုပေါင်းအဆောက်အဦ ၁၅၉၄ လုံး ဖျက်ဆီးခံရသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။
    နောက်တစ်နေ့အလွန်တွင် နေပြည်တော်အစွန်အဖျားရှိ တပ်ကုန်းမြို့တွင် ဖြစ်ပွားပြန်သည်။ ၄င်းနောက် အကြမ်းဖက်မှုများသည် ပဲခူးတောင်ဖက် – ရန်ကုန်မြောက်ဖက် အဝေးပြေးလမ်းကြောတစ်လျှောက် ကူးစက်သွားခဲ့သည်။ ၂၉ ရက်နေ့အထိ မြန်မာပြည် အလယ်ပိုင်းရှိ မြို့နှင့်ရွာ ၁၅ ခု၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ ကြုံတွေ့လိုက်ရသည်။ ရန်ကုန်တွင်လည်း မွတ်စ်လင်မ်အချို့သည် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်မှုများမှ ကင်းဝေးစေရန် ဈေးဆိုင်များကိုပိတ်သိမ်းလျက် ဆွေမျိုးသားချင်းများ ရှိရာ၌ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
    ဧပြီလ ၂ ရက်တွင် ရန်ကုန်မြို့ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်း မွတ်စ်လင်မ် ကလေးငယ် ၁၃ ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ထိခိုက်ကြေကွဲနေသော ၄င်းတို့၏ မိသားစုများက ၄င်းသည် ရှို့မီးသာဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ကိုယ်တွေ့ကြုံဆုံရသူများက မီးတောက်လောက်စဉ် ဆီအိုင်နေသောကြမ်းပြင်ကြောင့် ချော်လဲခဲ့ရကြောင်း ဆိုကြသည်။ သို့သော် ရန်ကုန်အာဏာပိုင်များကမူ ၄င်းသည် လျှပ်စစ်ပိုင်းဆိုင်ရာ မတော်တဆမှုသာဖြစ်ကြောင်း ပြောကြားနေသည်။
    အကြမ်းဖက်မှုကြီးမှာ ပြုပြင်တည်ဆောက်ရေးသမားတို့ကို နောက်ကြောင်းပြန်လှည့်စေရန် စံနစ်ဟောင်းအင်အားစုများမှ ဖန်တီးချက်ဖြစ်ဖွယ်ရှိသည်ဟု အချို့က အမြင်ရှိကြသည်။ သို့တည်းမဟုတ် ခေတ်ဟောင်းအာဏာရှင်များနှင့်ချိတ်ဆက်နေသော ခရိုနီများက မွတ်စ်လင်မ်လုပ်ငန်းရှင်တို့ကို ကန်ထုတ်၍ မိမိတို့စိတ်ကြိုက်စီးပွားခွင်ကို ဖန်တီးလိုမှုလည်း ဖြစ်နိုင်သည်။ အောင်မြင်သည့် မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးမှ “ ဒီကိစ္စမှာ ဘာသာရေး အငြိုးအတေး နဲ့ စီးပွားရေး နှစ်မျိုးလုံး ပါဝင်နေတယ် ” ဟု ယူဆသုံးသပ်ခဲ့သည်။ ထိုသူကဲ့သို့ပင် မွတ်စ်လင်မ်များစွာတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်မျိုးဆက်များကို ပြောပြနိုင်ကြသည်။ အခြားသူများအတိုင်း သူသည်လည်း အောင်မြင်ဖြစ်ထွန်းသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မိတ်ဆွေများစွာရှိရာ ၄င်းတို့အနက် သူ့အား အကြမ်းဖက်မှုမှလွတ်မြောက်အောင် ကူညီခဲ့ကြပေသည်။
    ဒုက္ခသည်စခန်းများ မြင်ကွင်း
    လူ ၂၀၀၀ ခန့်မှာ နှစ်ထပ်ဆောင်အထက်တန်းကျောင်းတစ်ကျောင်း၌လည်းကောင်း၊ မွတ်စ်လင်မ် တစ်သောင်းတစ်ထောင်ခန့်မှာ ဒုက္ခသည်များ ယာယီတဲများ၌လည်းကောင်း နေထိုင်နေကြရသည်။ အနီးအနားရှိ အားကစားကွင်း၌ ၄င်းထက်ပိုသည့်ဦးရေဖြင့် ပြည့်နှက်နေသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုအဖွဲ့၏အဆိုအရ သိရသည်။
    7
    Photo-Eleven
    လုပ်ငန်းများဖျက်ဆီးခံရသည့်မွတ်စ်လင်မ်တို့အတွက် အရင်းအနှီးများ ပြန်လည်ထူထောင် ဖေးမှုပြုမပြုကိုမူ ရှင်းလင်းစွာ မသိရှိရချေ။ ဦးရဲမြင့်က ၄င်းတို့ကို နယ်မြေသစ်များထံ ပို့ဆောင်မည်၊ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးပြီးဆိုလျှင် ၄င်းတို့အား ပြန်လည် နေရာချထားပေးမည်ဟု ဆိုသည်။ ၄င်းမှာ အပြန်အလှန်ခွဲခြားမှုကို ထပ်မံဖြစ်ပွားစေခဲ့သည့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးခဲ့သော ခွဲခြားမှုပေါ်လစီတစ်ခုသာ ဖြစ်သည်။
    အထက်တန်းကျောင်းမှာ အကျဉ်းထောင်သဖွယ်ဖြစ်နေသည်။ ကျောင်းထဲမှ မွတ်စ်လင်မ်တို့မှာ ပြင်ပသို့ထွက်ချင်တိုင်း ထွက်ခွင့်မရပေ။ ၄င်းတို့၏ မိတ်ဆွေများ၊ သားချင်းများသည် ပြင်ပ၌သာ စောင့်နေရသည်။ ဂျာနယ်လစ်များအား မွတ်စ်လင်မ်တို့နှင့် ဂိတ်တံခါးမှတဆင့် စကားပြောဆိုခွင့်ကိုပင်လျှင် ရဲများက ပိတ်ပင်ထားကြသည်။
    မိမိ၏ဆွေမျိုးဆယ်ဦးကိုစောင့်မျှော်နေသော ကျော်စိုးမြင့်သည် အစောင့်မှ ခြောက်လှန့် မောင်းမသွင်းမှီ “ ညညဆိုယင် ကျွန်တော် အိပ်မပျော်ဘူး။ နောက်ထပ် တိုက်ခိုက်ခံရဦးမလားလို့ စဉ်းစားနေမိတယ်။ ကျွန်တော်တို့မှာ စိုးထိတ်မှုနဲ့ နေနေရတာ ” ဟု ပြောပြသွားခဲ့သည်။
    ဖမ်းဆီးထိန်းသိမ်းထားသူတို့၏အချက်အလက်များကိုလည်း ရှင်းလင်းစွာ မသိကြရ။ ထိန်းသိမ်းခံထားရသူတို့အနက် ရွှေဆိုင်ပိုင်ရှင်လည်း ပါဝင်သည်ဟု ရဲဌာနက ပြောကြားသည်။
    ရွှေဆံထိုးပိုင်ရှင် ဒေါ်အေးအေးနိုင်မှာ အကြမ်းဖက်မှုကြောင့် အကြောက်မပြေသေး။
    “ သတ်ဖြတ်ခံလိုက်ရတဲ့ မွတ်စ်လင်မ်တွေအတွက် ကျွန်မ ထိခိုက်ခံစားရပါတယ်။ လူသား အားလုံးဟာ အတူတူပါဘဲ။ အသားအရောင်ကွာခြားတာလေးဘဲ ရှိပါတယ်။ ကျွန်မတို့မှာလည်း မွတ်စ်လင်မ်မိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မရဲ့ဆံထိုးတစ်ခုကြောင့် ဘာတွေဖြစ်ကုန်မှန်း မသိတော့ပါဘူးရှင် ” ဟု သူမက ပြောပါသည်။
    ( Special Report: Buddhist monks incite Muslim killings in Myanmar – ရိုက်တာသတင်းဌာန၏ အထူးသတင်းဆောင်းပါးကို M-Media မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည် )
    http://www.reuters.com/article/2013/04/08/us-myanmar-violence-specialreport-idUSBRE9370AP20130408
  • ငါဘယ်တော့မှ မသိမ်ငယ်ဘူး (M-Media Blog ကဏ္ဍ)
    ဧပြီ ၉ ၊ ၂၀၁၃
    M-Media
    ရေးသူ-Julia
    Never_Give_Up
    စင်္ကာပူ အလည်ရောက်တုန်း သူငယ်ချင်း တစ်ယောက်က ဒီလိုပြောဖူးတယ် “ငါတော့ ဒီမှာ မြန်မာလို့ပြောရမှာရှက်လို့ မြန်မာလိုမပြောဘူးဟယ်.. အင်္ဂလိပ်လိုပဲပြောရအောင်။” အဲဒီတုန်းကသူ့ကို “ဟဲ့.. ငါတို့မြန်မာပြည်ကလူတိုင်း စုတ်ပြတ်နေတာ မဟုတ်ဘူး၊ ငါတို့လို ရုပ်ချော စာတော်ပြီး ချမ်းသာတဲ့ မြန်မာတွေလဲ ရှိတယ်ဆိုတာ သူတို့သိရအောင် ငါတို့က မြန်မာလိုပိုပြောရမှာဟဲ့” ဆိုပြီးတောင် ရယ်မောရင်းသူ့ကိုအားပေးခဲ့ပါတယ်။ နောက်သူ မြန်မာပြည်ပြန်လာတုန်း တွေ့ကြတော့ “ဟိုမှာစာလာသင်တဲ့ Indian လေးတွေ Pakistan လေးတွေ အရမ်းချောတာပဲ.. ထောင်ထောင်မောင်းမောင်းနဲ့  သန့်ပြန့်နေတာပဲ၊ ဒီမှာလဲ နင့်အသိထဲမှာ အဲလိုမျိုးရှိရင် မိတ်ဆက်ပေးပါဟယ်” တဲ့။ သူ့စကားကို အတည်ယူလို့လဲ ရှာမပေးခဲ့ပါဘူး။
    အခု မြန်မာလို့ပြောရမှာ ၀န်လေးတဲ့ အဲဒီမိန်းကလေးက Onlineမှာ ကုလားမုန်းတီးရေး စာတွေ အားရပါးရ Click နှိပ်ပြီး Share နေလေရဲ့။ အဲလိုတွေမြင်ရတော့ ပြောချင်တဲ့ စကားတွေ ရင်ထဲကရော ခေါင်းထဲကပါ တန်းစီပြီး ပေါ်လာပါတယ်။ ကိုယ့်အမျိုးဘာသာကို ချစ်တတ်ရင် ကိုယ့်အမျိုးဂုဏ် ကိုယ်ဖော်ပါ။ သူများအမျိုးကို မစော်ကားပါနဲ့၊ သူများလေးစားတဲ့ ဘာသာကို သိသရောင် နဲ့ သွားမပုတ်ခတ်ပါနဲ့။ သူများလူမျိုး၊ ဘာသာကို စော်ကားပြောဆိုလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ့်ဘက်ကိုဘယ်လောက် ကြီးမားတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာနိုင်တယ်ဆိုတာ မသိရင်တော့ တော်တော့်ကို သနားစရာကောင်းတဲ့ အဖြစ်ပါပဲ။ ဒါမှမဟုတ်ရင်လည်း ခုနမိန်းကလေးလို ကိုယ့်အမျိုးတောင် မချစ်တတ်ဘဲ သံယောင်လိုက်နေသူသာ ဖြစ်ပါလိမ့်မယ်။
    မြန်မာဆိုပြီးပြောရမှာ ရှက်လို့ အချင်းချင်းတောင် မြန်မာလို မပြောရဲဘဲ ခုကျမှ မျိုးချစ်စိတ်ဓာတ်ဆိုပြီး လူသတ်မှုကိုအားပေးနေ သူတို့ရေ… ငါဟာလဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကို လာဘ်တစ်ကျပ်မထိုးဘဲ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားတဲ့ မြန်မာပြည်မှာ မွေးတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါပဲ။ တိုင်းပြည်ဆင်းရဲတာ မတိုးတက်တာ ငါတို့အပြစ် မဟုတ်ဘူး.. မြန်မာပြည်သူ (ဘာသာပေါင်းစုံ)တို့ဟာ စစ်ဖိနပ်အောက်မှာ နှစ်၄၀ကျော် သနားစရာကောင်းတဲ့ အဖိနှိပ်ခံတွေဖြစ်ခဲ့တယ်ဆိုတာ အများသိပါတယ်။ ငါကတော့ ဘယ်နေရာရောက်ရောက် ငါဟာ မြန်မာနိုင်ငံသားပါလို့ ပြောဖို့မရှက်ပါဘူး။ ဆင်းရဲ စုတ်ပြတ်တဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိကြတဲ့ တိုင်းပြည်မှာ မွေးလာလို့ဆိုပြီး အမေ့ကိုလည်း အပြစ်မတင်ဖူးပါဘူး။ ဒီတိုင်းပြည်မှာ မွေးဖွားလာတာ ဘုရားပေးတဲ့ ငါ့ရဲ့ ကံကြမ္မာပါပဲ။ ဒီအတွက်ငါကျေနပ်ပါတယ်။ ငါ့လူမျိုးကိုရော သိချင်ပါသေးလား… ငါကတော့ ဘိုးဘွားလက်ထက်ထဲက သွေးနှောလာခဲ့ပါတယ်၊ မိဘလက်ထက်မှာလဲ သွေးနှောပါတယ်.. ငါ့သွေးကို ငါဂုဏ်ယူတယ်.. ငါချစ်တဲ့ ငါ့ဘိုးဘွားတွေရဲ့သွေးကိုး။ သူတို့ဘာလူမျိုးတွေ ဖြစ်တယ်ဆိုတာထက် သူတို့ဟာဘယ်လိုစိတ်သဘောရှိတယ်ဆိုတာပဲ ငါစိတ်ဝင်စားတယ်။ ငါ့ကိုယ်ငါ ဘာလူမျိုးဆိုတာထက်.. ငါ့ကိုယ်ငါ “လူ” လို့ပဲ သတ်မှတ်ပါတယ်။ ဒီစာဖတ်နေတဲ့ လူတွေထဲမှာရော သွေးတစက်တလေမှ မနှောဖူးဘူးကွ ဆိုတဲ့လူရှိပါသလား။ ဘာလူမျိုးဆိုတာကြီးကို လက်ကိုင်ထားပြီး လူ့အကျိုးမပြုတဲ့ လူ့ဘီလူးတွေထက်စာရင် ‘ငါဟာလူသားပါ’ လို့ခံယူပြီး လူအချင်းချင်းစာနာတတ်သူတွေဟာ လူဖြစ်ရကျိုးနပ်ပါတယ်။
    ငါဟာမြန်မာနိုင်ငံသား၊ လူအများထဲက လူသားတစ်ဦးဖြစ်ပြီး ကိုးကွယ်ရာ ဘာသာကတော့ ဦးနှောက်နဲ့ ရော နှလုံးသားနဲ့ပါ ရွေးချယ်ထားတဲ့ အစ္စလာမ်ဘာသာပါပဲ။ ငါ့မွေးရပ်ဟာ ဘာသာခြားတွေ များလွန်းတဲ့တိုင်းပြည်မို့ ငါ့နိုင်ငံသားကို ပြောင်းလဲပစ်နိုင်တဲ့ အင်အားလဲ ငါ့မှာရှိပါတယ်.. ဥာဏ်စွမ်းလဲ ရှိပါတယ်။ ဘယ်နိုင်ငံမဆို ငါကြိုက်တဲ့အချိန် သွားနိုင်ပါတယ်..  ဒါပေမဲ့ဘယ်တော့မှ ငါ့မွေးရပ်ကို မစွန့်ခွာဘူး.. ဘိုးဘွားမိဘတွေရဲ့ အမှတ်တရတွေ ရှိတဲ့ ဒီတိုင်းပြည်ကို ချစ်တယ်။ ထင်တိုင်းကြဲနေတဲ့လူတစ်စုကလွဲလို့ ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးကို ငါချစ်တယ်.. သူငယ်ချင်းတွေကိုချစ်တယ်.. သစ်ပင်တွေ ရေမြေတောတောင်တွေ နဲ့ မိုးတွင်းမှာ ရေလျှံနေတဲ့ ရန်ကုန်မြို့ကလမ်းတွေကိုတောင် ငါချစ်တယ်။ ရန်ကုန်နေပူ ခြစ်ခြစ်တောက်မှာ ယိမ်းဝှေ့နေတဲ့ သစ်ပင်တွေကို ငါချစ်တယ်။ မသမာသူတွေ ငါတို့အပေါ်မသမာစိတ်ထားလို့ ငါတို့ လိုက်မထားဘူး။ စစ်အာဏာရှင်တွေကို ကယ်ပါယူပါ ဆိုပြီးငါတို့ မတောင့်တခဲ့ဘူး.. တစ်တိုင်းပြည်လုံး ခွေးဇာတ်ပြန်ခင်းမှာကိုသာ ငါတို့စိုးရိမ်ခဲ့တယ်။ တိုင်းပြည်အနာဂတ်အတွက် ရင်လေးခဲ့တယ်။ လူနည်းစုဖြစ်တဲ့ ငါတို့ဟာ ကြုံလာအမျှကို အံကြိတ် ခံခဲ့တယ်။ ငါတို့ဟာသစ္စာတရားကို နားလည်တယ်။ ဒါဟာငါတို့ရဲ့ ‘ယုံကြည်မှု’ ကသင်ပြပေးခဲ့တာပဲ။
    အစ္စလာမ်ဘာလဲဆိုတာ သိချင်ရင် online မှာ အစ္စလာမ်ကျမ်းစာကို Photoshop တွေနဲ့ပြင်ထားတဲ့ စာသား အတုအယောင်တွေသာ ဖတ်မနေပဲ ကျမ်းအစစ် ဘာသာပြန်တွေ ရှိပါတယ် လေ့လာပါ။ လေ့လာဖို့ အချိန်မရှိပါဘူး ဆိုတဲ့ လူတွေအတွက်တော့ အစ္စလာမ်ဆိုတာ ကိုးကွယ်ယုံကြည်ရာအရှင်  တစ်ပါးတည်းသာရှိပြီး ငြိမ်းချမ်းမှုကိုဖော်ဆောင်တဲ့ ဘာသာလို့ ပြောချင်ပါတယ်။ ဟုတ်ပါတယ်… ဘာသာရေး ခုတုံးလုပ်သူတွေ၊ မသိနားမလည်ပဲ သွားပုပ်လေလွင့် ပြောဆိုတတ်သူတွေကြောင့် အစ္စလာမ်ဟာ သတင်း မမွှေးခဲ့တဲ့အခါများလည်းရှိပါတယ်။ ဒါပေမဲ့ “ပါးစပ်တစ်ရာ ကပြောတိုင်းလဲ အမှန်မဟုတ်” ဆိုတာကို ငါတို့သာသိတယ်။ ငါတို့ရဲ့စစ်မှန်တဲ့ ယုံကြည်မှုက ပျောက်ပျက်မသွားပါဘူး။
    ငါကိုးကွယ်တဲ့ ဘာသာဟာ “ငါ့ရွေးချယ်မှု” ဖြစ်တယ်။ အဲဒီအတွက်ငါအမြဲတမ်း ဂုဏ်ယူတယ်။ လူမျိုးဆိုတာ မွေးရာပါ ကံကြမ္မာ ဖြစ်ပြီး ဘာသာက ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတယ်။ ဘာသာအားလုံးဟာ ကောင်းမွန်တဲ့အဆုံးအမတွေသာ ဖြစ်တယ်။ ငါကတော့ ငါ့ရဲ့ဖြစ်တည်မှု၊ ငါ့ရဲ့ရွေးချယ်မှု၊ အားလုံးအတွက် ဂုဏ်ယူတယ်။ ငါဘယ်တော့မှ မသိမ်ငယ်ဘူး။ တကယ်လို့ငါ့မှာ ယုံကြည်မှု နဲ့ အသက် ဒီနှစ်ခုထဲက တစ်ခုပဲ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် နောက်ဆုံး ထွက်သက်အထိ ငါ့ရဲ့ယုံကြည်မှုကိုထွေးပိုက်သွားမယ်။ ငါတို့ဟာ တစ်ခါပဲရှင်သန်ပြီး တစ်ခါပဲသေဆုံးရတဲ့ လူတွေပါ။ ဒါပေမဲ့.. ငါတို့ရဲ့ ယုံကြည်မှုက ထာဝရရှင်သန်နေမယ်….။
    -Julia
    ** M-Media စာဖတ်ပရိတ်သတ် တဦးပေးပို့လာတဲ့ ဆောင်းပါးဖြစ်ပါတယ်။ M-Media ကို သတင်း၊ ဆောင်းပါး၊ ကာတွန်း၊ ဝတ္ထုတို အခြားသုတ၊ ရသ ကဏ္ဍ အစုံအတွက် ပေးဖို့နိုင်ပါတယ်။ [email protected] သို့ အီးမေးလ်ပေးနိုင်ပါတယ်။ စိစစ်ပြီးတော့ဖော်ပြပေးသွားပါမယ်။