News @ M-Media

Blog

  • ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်းမြို့ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင်သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ခေါ်ပြော

    ဧပြီ ၃၊ ၂၀၁၃
    M-Media
    သတင်း – ထွန်းတောက်

    Kan Gyi, Ma Naw Hari Street, Yamethin, Mandalay Region

    ရမည်းသင်း ။ ။ ချိတ်ပိတ်ခံထားရသည့် ရမည်းသင်းမြို့ရှိ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင် သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ယမန်နေ့(၂-၄-၂၀၁၃) နေ့လည် (၂)နာရီအချိန်တွင် ခရိုင် သာသနာရေးမှူး ရုံးခန်း၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

    ရမည်းသင်းမြို့ ကံကြီးဗလီဂေါပက အဖွဲ့အား ရမည်းသင်းခရိုင် သာသနာရေးဦးစီးမှူး ဦးစိန်ညွန့်မှ ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ ကံကြီးဗလီအား မွတ်စလင်မ်များမှ ဖျက်ပေးရန်၊ မဖျက်ပေးပါက အာဏာပိုင်အဖွဲ့မှ ဖျက်မည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များ ကိုယ်တိုင် ဖျက်လျှင် လုံခြုံရေး အပြည့်ပေးမည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များမှ ဖျက်လျှင် ဗလီ၏ မည်သည့် အပျက်အစီး တစ်စုံတစ်ရာကိုမှ ယူဆောင်ရန် ခွင့်မပြုကြောင်း၊ အာဏာပိုင်မှ ဖျက်လျှင်လည်း မည်သည့် မွတ်စလင်မ်မှ လာရောက်ကြည့်ရှုခွင့် မပြုပဲ လာကြည့်သည့် မွတ်စလင်မ်အားလည်း ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ၂၀၀၇-ခုနှစ်ကတည်းက အမိန့်ကျပြီးပြီဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာကိုမှ ပြမည် မဟုတ်ကြောင်း၊ အကယ်၍ မဖျက်ပေးပါက ရပ်ကွက်နေ မွတ်စလင်မ်များ စိတ်မချမ်းသာရဘူး၊ လုံခြုံမှု စိတ်မချရဘူးဟု ပြောဆိုခဲ့ကြောင်း၊ ဗလီဂေါပကအနေနဲ့ လာမယ့် ၅-၄-၂၀၁၃ (သောကြာနေ့)နောက်ဆုံးထားပြီး ခရိုင် သာသနာရေးမှူးသို့ အကြောင်းပြန်ပေးရန် ခေါ်ယူ ပြောကြားခဲ့ကြောင်း သိရသည်။

    “အခုလို မိတ္ထီလာမှာ ဆူပူရမ်းကားတဲ့ အမှုဖြစ်နေတဲ့ အချိန် ကျွန်တော်တို့ ရမည်းသင်းရဲ့ ၅-မိုင်အကွာက ရွာတန်းမှာလည်း ဗလီ ၁-လုံး၊ မွတ်စလင်မ်အိမ်ခြေ ၄၅-လုံး၊ ဗုဒ္ဓဘာသာ ၃-လုံးဖျက်ခံရတယ်၊ ဈေးဆိုင်ခန်းတွေ ဖျက်ခံရတယ်။ ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေကာလမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ဒီလို အမိန့်ပေးပြီးတော့ ကျွန်တော်တို့အတွက်ကို ဘယ်လို အကာအကွယ်မှ မပေးနိုင်ပဲ၊ တဘက်သတ် လုပ်ခိုင်းတယ်ဆိုတာ သဘာဝမကျဘူး။ ကျွန်တော်တို့အနေနဲ့ တရား ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော် သမ္မတဆီထိ စာတင်သွားပါမယ်။ ကျွန်တော်တို့ လုပ်နိုင်သလောက်ကိုတော့ တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်သွားမှာပါ”လို့ ဗလီဂေါပကမှ ပြန်လည်ခေါ်ယူဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ရမည်းသင်းမြို့ခံ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ညက ရမည်းသင်းမြို့မှာ ဦးဝီရသူမှ မွတ်စလင်မ်မုန်းတီးရေးနှင့် ဗလီတွေအားလုံးဟာ တရားမ၀င်ဆောက် လုပ်ထားတာဖြစ်ကြောင်းနဲ့ ပိတ်ဆို့ဟန့်တားမှုတွေ လုပ်ရမယ်လို့ တရားဟောကြားခဲ့ပြီးနောက် နောက်တစ်ရက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက်မှာပဲ ဦးဝီရသူဦးဆောင်ပြီး ဘုရား ဂေါပကအဖွဲ့ရယ် NLD ပါတီဝင်တချို့ရယ်က ရွှေစည်းခုံဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ ချိတ်ပိတ် သော့ခတ်ထားတဲ့ ကံကြီးဗလီကို သော့ဖျက်ပြီး ၀င်ကြည့်ပါတယ်။ ပြီးတော့ ရွှေစည်းခုံဝင်းထဲမှာ ဗလီရှိနေတာဟာ မြို့နယ်အုပ်ချုပ်ရေးရဲ့ လိုအပ်ချက်ကြောင့်လို့ပြောပြီး ဘာသာရေး အကြမ်းဖက်သွေးထိုး လှုံ့ဆော်မှု စကားတွေပြောခဲ့တာရှိခဲ့ပါတယ်။ ယခုကဲ့သို့ ဗလီကို ဖျက်ခိုင်းသည်မှာ ယင်းသွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်နေမည်လားဟု သံသယဖြစ်ဖွယ် တွေ့ရှိရပါတယ်။

    ကံကြီးဗလီဟာ နှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ ဗလီဖြစ်ကြောင်း၊၊ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ရှိတာမဟုတ်ဘဲ ဘုရားနဲ့ ကပ်ရပ်မှာတည်ရှိတာ ဖြစ်ကြောင်း၊ ဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ မွတ်စလင်မ်အိမ် (၄၄)အိမ်ကိုလည်း ၁၉၉၄-ခုနှစ်ကတည်းကိုလ်ချုပ်ခင်ညွန့် တူမ မနွယ်နီအောင်ရဲ့ ခင်ပွန်း ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂) တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်းက ဖယ်ခိုင်းခဲ့ကြောင်း၊ အဆိုပါ ဘုရားနဲ့ကပ်ရပ်က မွတ်စလင်မ်အိမ်တွေက ကျူးကျော်အိမ်တွေ မဟုတ်ဘဲ  ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ကြောင်း၊ အဲဒီအချိန် မွတ်စလင်မ် အိမ်များကို  ဖယ်ခိုင်းခဲ့တဲ့အချိန်က ကံကြီးဗလီကိုတော့ ကျူးကျော်လို မသတ်မှတ်ခဲ့ကြောင်း၊၊ ဗလီမှာ ဟိုးအရင်က အုတ်တံတိုင်းရှိခဲ့ပြီး ၂၀၀၆-ခုနှစ်မှာ ခြံစည်းရိုးကို ၀ိုင်းပြီး ဖျက်ကြတဲ့အကြောင်း တိုင်ကြားခဲ့တဲ့ ဗလီဂေါပက ဥက္ကဌ ဦးမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဦးခင်မောင်တို့ကို ထောင် ၆-လ ချခံလိုက်ရကြောင်း၊  ဗလီအုတ် တံတိုင်းက တောင်ဘက်နဲ့ အနောက်ဘက်က ဖျက်ခံလိုက်ရတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်မှာတော့ ရှိသေးကြောင်းနှင့် ၂၀၀၇-ခုနှစ်မှာတော့ တိုင်းမှူးရဲ့ နှုတ်မိန့်ဆိုပြီး မ.ယ.က က ဗလီကို ပိတ်ခဲ့တာ အခုထိ ဖွင့်ခွင့် မရတော့ကြောင်းကို မတ်လ ၁ ရက်နေ့က M-Media မှ ဆက်သွယ်မေးမြန်းစဉ် မြိုခံ မှ ပြောပြခဲ့ပါသည်။

    ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်း ကံကြီးဗလီကို ဦးဝီရသူ သော့ဖျက်ပြီး ဝင်ကြည့် သတင်းဖတ်လိုလျင်

  • သစ်လွင် မွတ်စလင်များအား ဂုဏ်ပြုသည့် အခမ်းအနား ဟော်လန်တွင် ကျင်းပပြုလုပ်

    ဧပြီ ၁ ၊ ၂၀၁၃

    M-Media

    Muslim Converts Meet in Amsterdam

    အမ်စတာဒမ်။ ။ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်လာသည့် မွတ်စလင်သစ်လွင်များအား ဂုဏ်ပြုသည့် အခမ်အနားတစ်ခုကို ဟော်လန်မွတ်စလင်များက မတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ထင်ရှားသော အစ္စလာမ့်ပညာရှင်များနှင့် အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဒခ်ျလူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။

    “ဒီနေ့ ကျနော်အရမ်းပျော်ပါတယ်။ (အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ဖို့) ကျနော့်ရဲ့သား၊ ချွေးမနဲ့ မြေးသုံးယောက်က ကျနော့်ကို လွှမ်းမိုးခဲ့တာပါ။ ” ဟု အသက် ၇၂ နှစ်ရှိသူ ဒခ်ျလူမျိုး ဟန့်စ်(Hans) က ကူဝိတ်နယူးစ်(KUNA) အေဂျင်စီ သို့ပြောကြားခဲ့သည်။ အဆိုပါ စကားမှာ အမ်စတာဒမ်မြို့ အပြာရောင်ဗလီ (Blue Mosque) တွင်ပြုလုပ်သော National Converts Day of Dutch Muslims အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ၎င်းမှာ အစ္စလာမ်သာသနာကို သက်ဝင်သော ဒခ်ျလူမျိုး မွတ်စလင်သစ်လွင်ကိုးဦးတွင် ပါဝင်ခဲ့သည်။ သားဖြစ်သူမိသားစု၏ ငြိမ်းချမ်သောဘ၀ကို တွေ့မြင်ရပြီးနောက်၊ အစ္စလာမ်သာသနာက သူ့အား ဆွဲဆောင်ခဲ့သည်ဟု သူက ဆိုသည်။

    “ကျနော့်သားနဲ့ ကျနော့်ချွေးမရဲ့ ၀တ်ပြုမှု၊ အေးအေးဆေးဆေး ပြောဆိုဆက်ဆံမှု၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ပြဿနာတွေကို အဖြေရှာနိုင်မှု၊ ဒါတွေကို ကျနော်တွေ့မြင်ရတဲ့အခါ တော်တော်သဘောကျခဲ့ပါတယ်။ အခု ကျနော် အစ္စလာမ်ကို ပိုပြီးနားလည်အောင် ကြိုးစားမယ်၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း လေ့လာမယ်၊ ပြီးတော့ ဓမ္မဟောပြောပွဲတွေကိုလည်း တက်ပါမယ်။” ဟု ဟန့်စ် က ပြောကြားခဲ့သည်။

    ၎င်း၏သားဖြစ်သူမှာ လွန်ခဲ့သည့် ၈ နှစ်အရင်ကပင် အစ္စလာမ်သာသနာသို့ သက်ဝင်လာခဲ့ပြီး၊ တူနီးရှားလူမျိုး ဇနီးဖြစ်သူက အစ္စလာမ်ကို စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

    ၆ ကြိမ်မြောက် National Converts Day ကို Discover Islam Foundation နှင့် ဟော်လန်ရှိ National Platform for New Muslims တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ လူပေါင်း ၁၀၀၀ ကျော် လာရောက်ကြပြီး၊ အမေရိကန်မွတ်စလင် တရားဟောဆရာ ယူစွဖ်အီစ်(Yusuf Estes)၊ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဂရိလူမျိုး ဟမ်ဇာ တီဇော့ဇစ်(Hamza Tzortzis) နှင့် ၂၀၀၈ ခုနှစ်က ဧ၀ရတ်တောင်ထိပ်သို့ တက်နိုင်ခဲ့သည့် ပထမဦးဆုံးဆော်ဒီနိုင်ငံသား အလ် ဇူမာန်(Al Zouman)တို့လည်း တက်ရောက်ခဲ့ကြသည်။

    ဒခ်ျလူမျိုးများ အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်လာမှုမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပြီး လူဦးရေ ၁၂၀၀၀ မှ ၁၅၀၀၀ အထိရှိလာခဲ့သည်ဟု ထိုအခမ်းအနား၏ ပြောရေးဆိုခွင့်ရှိသူ ဂျာကော့ဗ် ဗွန် ဒါ ဘလွမ်(Jacob von der Blom) က ဆိုသည်။

    ပြီးခဲ့သည့်လကလည်း ရှေးရိုးစွဲ နိုင်ငံရေးသမား Geert Wilders ၏ပါတီကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ အာနော့ဒ် ဗန် ဒေါန်(Arnoud Van Doorn) သည် အစ္စလာမ်ဘာသာနှင့် မွတ်စလင်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပြီးနောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့လေသည်။ ဟော်လန်နိုင်ငံတွင် လူဦးရေ ၁၆ သန်းရှိပြီး၊ လူဦးရေ တစ်သန်းမှာ အစ္စလာမ်သာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

  • ရန်ကုန်မြို့ရှိ (ဆွာဒီကီယာ) အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှု စာသင်ကျောင်းသား ကလေး(၁၃)ယောက် သေဆုံး

    ဧပြီ ၂၊ ၂၀၁၃
    M-Media
    သုတ

    ဓါတ်ပုံ Eleven
    ဓါတ်ပုံ Eleven

    ရန်ကုန် ။ ။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးပြီး ၄-ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

    ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် ဗိုလ်တထောင်မြို့နယ်၊ ၄၈-လမ်း အပေါ်လမ်း အမှတ်(၁၈၁)တွင် ရှိပြီး ဗလီနှင့်ကပ်လျက်ရှိသော စာသင်ကျောင်းဖြစ်သည်။ အဆိုပါကျောင်းသည် ဟာဖိဇ်(ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် သင်ကြားသော)ကျောင်းဖြစ်ပြီး ကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ၁၀၀-ကျော် ရောက်ရှိ ပညာသင်ကြားနေလျက်ရှိသည်။ ယခုအခါ ကျောင်းခဏပိတ်သောကာလဖြစ်၍ မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်း၌ ကျောင်းသား ၇၀-ကျော်ရှိနေပြီး ၅၁-ယောက်မှာ မီးလောင်မှုမှ ထွက်ပြေးလာနိုင်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကလေး(၁၃)ယောက် သေဆုံးသွားကြာင်းသိရသည်။ အဆိုပါ သေဆုံးကျောင်းသား(၁၃)ယောက်မှာ အသက်(၁၃)နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း သိရသည်။

    ဧပြီလ ၂-ရက် မနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှန်းသိ၍ ပြေးဆင်းလာသော ကလေးများမှာ အောက်ထပ်တွင် ဆီများကိုတက်နင်းမိ၍ ချော်လဲကြကြောင်း၊ ဓါတ်ဆီနံ့များလည်းရကြောင်း၊ စာသင်ကျောင်းသည် ၂-ထပ်ကျောင်းဆောင်ဖြစ်ပြီး အပြင်ဘက်တွင် လုံးဝ မီးမလောင်ပဲ အတွင်းဘက်တွင်သာ မီးလောင်ကျွမ်းမှု ပုံစံမျိုးရှိကြောင်းလည်းသိရသည်။

    အဆိုပါကျောင်းတွင်စာသင်နေသော ကျောင်းသား ၂-ဦးအား မေးမြန်းရာ “သားတို့ကျောင်းက ၂-ထပ်ကျောင်းဆောင်ပါ။ မီးစစလောင်ချင်းတော့ သားတို့မသိဘူး။ သားတို့သိတဲ့အချိန် မီးက တော်တော်လေးလောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်းလာကြတယ်။ အောက်ထပ်မှာ ဆီတွေပြန့်ကျဲနေတယ်။ အဲဒီဆီတွေကိုတက်နင်းမိပြီး သားတို့ချော်လဲကြတယ်။ သားတို့ကျောင်းမှာ ကျောင်းသားက လက်ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ သားတို့ကျောင်းမှာ ဆီတွေဘာတွေ လှောင်ထားတာလည်းမရှိပါဘူး။ ဖိနပ်ထားတဲ့ ဖိနပ်စင်နေရာကနေ စလောင်တာ။ အခုထိ အင်္ကျီမှာ ဓါတ်ဆီနံ့တွေ နံနေသေးတယ်။”လို့ အသက် ၁၅-နှစ်အရွယ် ကျောင်းသားလေး ၂-ဦးမှ M-Media ကို ပြောပြလာပါတယ်။

    “ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။ အခုကျောင်းဆောင်ကလည်း အတွင်းပိုင်းမှာ လောင်ထားတာ။ မီးလောင်တော့ မီးသတ်ကား(၃)စီးရောက်လာတယ်။ (၁)စီးကတော့ ရေဖြန်းတယ်။ (၂)စီးက ရေမဖြန်းလို့ ၀ိုင်းပြောတော့မှ ရေဖြန်းတယ်။ အခုတော့ မီးလောင်ပြီးသေဆုံးသွားတဲ့ ကလေးတွေက တစ်နေရာတည်းမှာ တစ်စုတည်း သေနေကြတယ်။ အံ့သြစရာ ထူးဆန်းတာက တစ်ယောက်ဆို မီးလုံးဝ မကျွမ်းဘူး။ အခုမီးလောင်တာကို ၀ါယာရှော့ခ်ဖြစ်တယ်ပဲ ပြောနေကြတယ်။ ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ဘူး။ ကျွန်တော် အခု ဒီလမ်းထဲမှာနေတဲ့ ၂-ယောက်နဲ့ ကျွန်တော်မေးကြည့်တာ သူတို့ကပြောတယ်။ မီးမလောင်ခင် ၂-နာရီကျော်ကျော်လောက်က ၀ုန်းဝုန်းဆိုပြီး အသံကြားရတယ်။ သူတို့လည်း သေချာသတိမထားလိုက်မိဘူး။ နောက် ခဏနေတော့ အဲဒီကျောင်းဘက်ကနေ မီးရောင်မြင်လိုက်ရတယ်။ သူတို့လည်း ကျောင်းက မီးထွန်းတာလို့ထင်လိုက်တာ။ ခဏနေတော့မှ မီးတွေလောာင်နေတာ မြင်လိုက်ရတယ်ဆိုပြီး သူတို့မြင်တာကို ကျွန်တော့်ကို ပြောပြတယ်။ အခုတော့ ကလေးတွေရဲ့ အလောင်းတွေကို ဆေးရုံကို သယ်သွားကြပြီ။ တချို့ကလေးတွေကိုတော့ ကယ်ဆယ်ရေးစခန်းဘက် ခေါ်သွားလိုက်ကြတယ်။ မီးလောင်တာက ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ပါဘူး။ တမင်သက်သက် မီးရှို့တာ သေချာပါတယ်”လို့ မီးစလောင်ကတည်းက မီးလောင်ရာနေရာမှာရောက်ရှိနေသူတစ်ဦးမှ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

    ယခုအချိန်တွင် ပျောက်ဆုံးနေသော ကလေး(၄)ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရပါသည်။

  • သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    ဧပြီ ၁၊ ၂၀၁၃
    M-Media
    သုတ

    ရန်ကုန် ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင်း ရောက်ရှိလာသော မျက်နှာစိမ်း လူ(၃)ယောက်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ ယခုမနက်အစောပိုင်း ၂-နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ – သင်္ကန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အတွင်းတွင် ယမန်နေ့ မတ်လ ၃၁-ရက်ညပိုင်းက လူစိမ်း (၅)ယောက်ခန့် ၀င်ရောက်လာကြောင်းသိရ၍ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း၊ ဧပြီလ ၁-ရက်နေ့ မနက်အစောကြီး ၂-နာရီခန့်တွင် သင်္ကန်းကျွန်းဘူတာနှင့် နှင်းဆီကုန်း ဘူတာအကြားတွင် လူ(၃)ယောက်ကိုရဲများမှ ဖမ်းဆီးပြီးစစ်ဆေးရော လက်ဆွဲအိတ်တစ်လုံးနှင့် အတွင်းမှ ဓါးတိုတစ်ချောင်း၊ ဂတ်စ်မီးခြစ် (၃)ခုတွင်ပူးတွဲချည်ထားသော ဖယောင်းတိုင်တစ်တိုင်နှင့် ပုဆိုးတစ်ထည်တို့ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် ဘူတာနှစ်ခုကြားသည် လူသွားလူသာ သိပ်မရှိသောနေရာဖြစ်ပြီး၊ ညပိုင်းအချိန်တွင် မသင်္ကာဖွယ်တွေ့ရှိရ၍ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

  • မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    ဧပြီ ၁၊ ၂၀၁၃၊
    M-Media
    ပြည့်ပြည့်

    ဧပြီလ ၁-ရက်နေ့ ည(၁-နာရီ ၁၅-မိနစ်)အချိန်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄x၇၅ လမ်းကြားတွင် လူတစ်စုသည် ရပ်ထားသော ကားမှန်များရိုက်ခွဲပြီး ဆူပူရမ်းကားခဲ့သောကြောင့် ရဲစခန်းမှ ဖမ်းဆီးထားပြီး ဥပဒေအရ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

    မနေ့ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ မူးရစ်သောက်စားရမ်းကားရာမှ ဆူပူမှုဖြစ်သောကြောင့်၊ ယခုအခါ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းနှင့် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)ရဲစခန်းတို့မှ တိုင်ချက်ဖွင့်ကာ အရေးယူပြီး အမှတ်(၉)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ မူးရစ်ရမ်းကားသော လူစုသည် (၁၀)ယောက်အဖွဲ့ဖြစ်ပြီး မနေ့ညဖြစ်ပွားစဉ်တွင် (၅)ဦးကို ချက်ချင်းဖမ်းမိပြီး ယနေ့မနက်ပိုင်းတွင် (၃)ဦးကို ထပ်မံဖမ်းဆီးထားကြောင်း၊ ယင်း မူးရစ်ရမ်းကားသူ (၈)ဦးတွင် အမှတ်(၉)ရဲစခန်းမှ ရဲတပ်သားတစ်ဦးလည်း အပါအ၀င်ဖြစ်ကြောင်း၊ ယခုအခါ ယင်းသူတို့အား ပုဒ်မ ၂၉၄၊ ၄၂၇၊ ၅၀၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

    ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ နီးစပ်သူတစ်ဦးအား ဆက်သွယ်စုံစမ်းရာ “မနေ့ညက ဖြစ်သွားတာက မူးဆူမှုပါ။ သူတို့က အရက်သောက်ပြီး မူးရစ်ရမ်းကားကြတာပါ။ သူတို့ စဖြစ်လာတာက မန္တလေး ကန်တော်ကြီးဘက်မှာ စဖြစ်လာပါ။ သူတို့အဖွဲ့ (၁၀)ယောက်လောက်ရှိတယ်။ ဘုရားကြီး ၄၅-တာထောင့်မှာ ကင်းတာဝန်ချနေတဲ့ ကင်းသမားကိုရိုက်လိက်တာ ခေါင်းသမားလည်း ခေါင်းကွဲသွားတယ်။ အဲဒီကနေပြီး ၃၇-လမ်း၊ ၇၄x၇၅ လမ်းကြားထဲလည်းရောက်ရော ကားမှန်ကို ရိုက်ခွဲတယ်။ အဲဒီမှာ ရပ်ကွက်ကနေ ၀ိုင်းဖမ်းလိုက်တာ။ ရပ်ကွက်က ချက်ချင်း ဖမ်းမိတာ(၅)ယောက်၊ အဲဒီ ၅-ယောက်မှာ အမှတ်(၉)ရဲစခန်းက ရဲသားတစ်ယောက်လည်းပါနေတယ်။ အခုမနက်မှ ထပ်ပြီးဖမ်းမိတာက (၃)ယောက် စုစုပေါင်း (၈)ယောက်တော့ ဖမ်းမိထားပြီ။ ၄၅-တာ ထောင့်မှာဖြစ်ခဲ့တာက ချမ်းမြသာစည်အပိုင်ဆိုတော့ အမှတ်(၁၀)ရဲစခန်းက အမှုဖွင့်တယ်၊ ဒီ ၃၇-လမ်းမှာဖြစ်တာက မဟာအောင်မြေအပိုင်ဆိုတော့ အမှတ်(၉)ရဲစခန်းက အမှုဖွင့်တယ်။ ဖမ်းထားတာတော့ အမှတ်(၉)ရဲစခန်းမှာ ဖမ်းထားတယ်။ ဒီလူတွေက တမင် မီးရှို့ဖို့လုပ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သက်သက်မဲ့ မူးပြီး ရမ်းကားတာပါ။ ညက ဖမ်းမိတော့ ရပ်ကွက်က စိုးရိမ်ကြတယ်။ ရဲသားတစ်ယောက်ပါနေတယ်ဆိုတော့ အဲဒီအမှုကို လျော်ပစ်လိုက်တာမျိုးဖြစ်သွားမှာ၊ မသိချင်ယောင်ဆောင်လိုက်မှာကို စိုးနေတာ။ ဒါပေမယ့် အခုတော့ ဥပဒေအတိုင်း ဆက်လုပ်နေတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။