News @ M-Media

Blog

  • တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    မတ်လ ၃၀၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    Community Dialogue for Social Harmony & Stability in Myanmar
    Photo-DVB

    ရန်ကုန် ။      ။   မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ Myanmar Peace Center ၌ ယနေ့ မတ်လ ၃၀-ရက်၊ နေ့လည်(၂)နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ထိုဆွေးနွေးပွဲ၌ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် မငြိမ်သက်မှုများအား အေးချမ်းစွာ အဖြေရှာနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    မိတ္ထီလာအရေးကိစ္စအပါအ၀င် အခြားသောနေရာများ၌ ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့များအားလုံးမှ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်းလည်း သိရသည်။

    “မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ”မှ ကြေညာချက် –

    ၂၀၁၃-ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းကို လေးလေးနက်နက် ထောက်ခံအပ်ပါသည်။

    အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့် “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်း ရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် လာမှုတွေကို ပပျောက်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပေဒများနှင့် အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို ထောက်ခံ ကြိုဆိုပါသည်။

    (၁)  ကျွန်ုပ်တို့မြန်မာနိုင်ငံအား“မတူကွဲပြားသည့်လူမျိုးဘာသာအမျိုးမျိုးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ဒီမိုကရေစီအခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး” ဖြစ်အောင် ဆောင်ရွက်သွားရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။

    (၂) မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံတို့ သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်သည့် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတော်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းတွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသကဲ့သို့အယူဝါဒကွဲပြားသည့် ဘာသာဝင်များသည်လည်းအချင်းချင်းစာနာထောက်ထားလေးစားရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပါသည်။

    (၃) ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်တွင် မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံသားတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ရန်ရှာမှုများ၊ လူမျိုးဘာသာအပေါ်အခြေခံ၍ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ အားလုံးကိုဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏  အတားအဆီးများ အဖြစ်ကန့်ကွက် ဆန့်ကျင်သည်။

    (၄) လက်ရှိဖြစ်ပွားနေသောအဓိကရုဏ်းများပျံ့ပွားခြင်းကိုဟန့်တားနိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်များသာမက ဘာသာရေး ခေါင်းဆောင်များ၊ လူထု အဖွဲ့အစည်းများ၊ ဒေသခံလူထုများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တာဝန်ရှိပါသည်။ ယခုတက်ရောက်လာသော ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ထိုသို့ပူးပေါင်းဆောင်ရွက်ရန် ကတိပြုပါသည်။

    (၅) နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်ဖြစ်သည့် “ဥပဒေမဲ့ အကြမ်းဖက်ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမည်” ဟူသည့်ကတိ ကို အပြည့်အဝ တာဝန်ယူ အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်။

    (၆) ယခုလက်ရှိအခြေအနေတွင် အဓိကရုဏ်းများမပျံ့နှံ့အောင် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ရန် အလွန် အရေးကြီးပါသည်။ သို့အတွက် ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း များက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပါသည်။

    (၇) ဖြစ်ပွားခဲ့သောအကြမ်းဖက်အဓိကရုဏ်းများကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက် နစ်နာမှုများ ရှိခဲ့ပြီးယင်းတို့မှတဆင့် ပေါ်ပေါက်လာခဲ့သော သံသယများ၊ မယုံကြည်မှုများနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုပြန်လည်ကုစားနိုင်ရန်အတွက်“မတူညီသော အသိုက်အဝန်းများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေး” တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

    (၈) မတူညီသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးအတွက် ရေရှည်တည်တံ့မည့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်နိုင်ရေး တို့ကို အကောင်အထည် ဖော်ရာတွင် လူမှုလူတန်းစားအလွှာပေါင်းစုံအကြားပွင့်လင်းမြင်သာသည့် ဆွေးနွေး မှုများ (Community Dialogue) ဖြစ်ပေါ်လာရေးကို ယနေ့တက်ရောက်လာသော ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း အားလုံးမှ ပူးပေါင်း လုပ်ဆောင်သွားမည်။

    (၉) ပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးကြသူများသည် ပြည်သူလူထုအကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို ပျံ့နှံ့လက်ခံအောင် စည်းရုံး လုပ်ဆောင်သွားရန် သဘောတူသည်။

    (၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။

    ကိုးကား – နိုင်ငံသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ် ( FB မှ)

  • ဆူပူအကြမ်းဖက်မှုများကို ကိုင်တွယ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ သမ္မတဖွဲ့စည်း

    ဆူပူအကြမ်းဖက်မှုများကို ကိုင်တွယ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ သမ္မတဖွဲ့စည်း

    မတ်လ၊ ၃၀၊ ၂၀၁၃

    M-Media

    လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် ” အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ” ကို သမ္မတဦးသိန်းစိန်မှ အဖွဲ့ဝင် (၁၀) ဥိးဖြင့်  ဒီကနေ့ဖွဲ့စည်းပေးလိုက်ကြောင်းကို သမ္မတရုံး ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး
    အမိန့်ကြော်ငြာစာ
    အမှတ် ၊ ၃၄ /၂၀၁၃
    ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
    (၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
    အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း

    ၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် ” အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ” ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-

    (က) ဒုတိယဗိုလ်ချုပ်ကြီးကိုကို
    ပြည်ထောင်စုဝန်ကြီး
    ပြည်ထဲရေးဝန်ကြီးဌာန
    ဥက္ကဋ္ဌ

    (ခ) ဦးအောင်မင်း
    ပြည်ထောင်စုဝန်ကြီး
    သမ္မတရုံးဝန်ကြီးဌာန (၄)
    ဒုတိယဥက္ကဋ္ဌ

    (ဂ)ဦးအုန်းမြင့်
    ပြည်ထောင်စုဝန်ကြီး
    မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
    အဖွဲ့ဝင်

    (ဃ) ဦးခင်ရီ
    ပြည်ထောင်စုဝန်ကြီး
    လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
    အဖွဲ့ဝင်

    (င) ဦးဝင်းမြင့်
    ပြည်ထောင်စုဝန်ကြီး
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
    အဖွဲ့ဝင်

    (စ) ဗိုလ်မှူးချုပ်အောင်သော်
    ဒုတိယဝန်ကြီး
    ကာကွယ်ရေးဝန်ကြီးဌာန
    အဖွဲ့ဝင်

    (ဆ) ဗိုလ်ချုပ်ဇော်ဝင်း
    ဒုတိယဝန်ကြီး
    နယ်စပ်ရေးရာဝန်ကြီးဌာန
    အဖွဲ့ဝင်

    (ဇ) ဦးရဲထွဋ်
    ဒုတိယဝန်ကြီး
    ပြန်ကြားရေးဝန်ကြီးဌာန
    အဖွဲ့ဝင်

    (ဈ) ဦးဘုန်းဆွေ
    ဒုတိယဝန်ကြီး
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန
    အဖွဲ့ဝင်

    (ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
    ဒုတိယဝန်ကြီး
    ပြည်ထဲရေးဝန်ကြီးဌာန
    အတွင်းရေးမှူး

    ၂။     အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် –

    (က)  အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။

    (ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန်  သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်။

    (ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။

    (ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်။

    (င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။

    (စ)လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။

    ၃။     တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

    ပုံ (သိန်းစိန်)
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

  • လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    M-Media
    မတ်လ ၃၀ ရက်၊ ၂၀၁၃
    [Editorial]

    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။

    သို့သော် မြန်မာပြည်တွင်း အခြေဆိုက် မီဒီယာကြီးတွေကတော့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အဓိကရုဏ်းကြီးကို ဖြစ်ရပ်မှန် အတိုင်း ခေါင်းစဉ်တပ်ဖို့ ရာ တော်တော်လေး ရွံ့နေပုံရပါတယ်။ ထိုနည်းတူ ပြန်ကြားရေး ဒုဝန်ကြီး  ဦးရဲထွဋ်ကလည်း အမေရိကန် သံအမတ်ကြီး  ဒီရက်မစ်ချဲလ်ရဲ့ “violence against Muslim communities” ၊ “မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း” ဆိုတဲ့ အသုံးအနှုံးကို နားလည်မှု လွဲမှားခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

    အိမ်ရှင်/ဧည့်သည်ဆိုတဲ့ မှတ်ချက်အချို့ကြောင့်လည်း ပြည်တွင်းက native မြန်မာမွတ်စလင်မ်တွေ သာမက ချင်း၊ ကရင်၊ လီဆူး၊ ကချင်နဲ့ လားဟူ စတဲ့ တိုင်းရင်းသားတွေအတွက်ပါ အနည်းနဲ့ အများစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရသလို အချို့သော ရဟန်းသံဃာတော်တွေရဲ့ အပြု သဘောဆောင် မှတ်ချက်တွေ၊ လူသားချင်းစာနာစွာ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ကျေနပ်ပီတိဖြစ်စရာတွေ ရှိခဲ့ပါတယ်။

    ပြည်ပ မီဒီယာ ပယောဂ

    ပြည်ပမီဒီယာတွေအနေနဲ့ လက်တံခြေတံရှည်တဲ့ အဖွဲ့ကြီးတွေဆီကနေ ရတဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး၊ အဖြစ်အပျက် အပေါ်မှာ ဂဃနဏနားမလည်ဘဲ ရေးသားတာတွေ၊ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ မှတ်ချက်ပေးမှုမျိုး ရှိခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ အဓိကရုဏ်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ မှတ်ချက်နဲ့ ကွဲပြားနေပါတယ်။ အဓိကရုဏ်းတားဆီးရေးနဲ့ ဓားစာခံပြစ်မှတ်တွေကို ဘယ်သို့ဘယ်ပုံ ကာကွယ်မလဲ၊ ကူညီမလဲဆိုတာတွေက သာပြီး အဓိကကျနေတဲ့ အချိန်မှာ ဒါမျိုးမှတ်ချက်က စိတ်ပျက်ဖွယ်ပါပဲ။

    ဘာကြောင့် လဲဆိုတော့ အဲဒီလို ပြည်ပအခြေဆိုက်မီဒီယာတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု တလျောက် ကူညီပံ့ပိုးခဲ့ကြတဲ့ မီဒီယာတွေ ပါနေသလို လက်ရှိမှာလည်း မြန်မာပြည်အရေး ကျွမ်းကျင်တဲ့ expert တွေကို ဖိတ်ခေါ်ဆွေးနွေး တင်ပြနေကြတဲ့ မီဒီယာတွေလည်း ပါဝင်နေလို့ပါပဲ။

    မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ မျက်မြင်သက်သေ နိုင်ငံခြားသားများ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာပြည်ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မှတ်ချက်က သေချာပြီး စိတ်ခံစားချက် မပါတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေနဲ့ပတ်သတ်ရင် ခက်ထန်တင်းမာတဲ့ ရဟန်းအချို့ရဲ့ ဟောပြောချက်တွေကို ဗုဒ္ဓဘာသာဝင်အချို့က မျက်စိမှိတ်ယုံလေ့ရှိတယ်၊ အဲဒီသူတွေထဲမှာ ထူးဆန်းစွာနဲ့ပဲ ပညာတတ် အသိုင်းအ၀န်းကလူတွေပါ ပါဝင်နေတယ်ဆိုတာကို သူတို့တွေရဲ့ မှတ်ချက်တွေမှာ တွေ့ရှိရပါတယ်။

    က) ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အမုန်းတရားများစေမယ့် Hate Speech တွေကို နားရည်ဝနေတာကြောင့်၊ မိတ္ထီလာမြို့ဖြစ်စဉ်မှာ မွတ်စလင်မ် လူတန်းကြီးကို ခေါ်ထုတ်လာတုန်း ဘေးကနေ ရိုက်ရိုက်၊ သတ်ပြစ်လို့ အော်နေကြတဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ခ) အစ္စလာမ်ဘာသာဝင် ကိုတင်ဝင်း အကြောင်းနဲ့ အဆုံးသတ်ပြီး အတွေးများစွာ မွေးထုတ်ပေးတဲ့ ဆောင်းပါးတစ်ပုဒ် ကို မြန်မာ့အရေး ကျွမ်းကျင်သူ ANU ပရော ဖက်ဆာနှစ်ဦးဖြစ်တဲ့ Dr Andrew Walker နဲ့ Dr Nicholas Farrelly တို့ ဦးစီးတဲ့ New Mandala မှာ ဖတ်ရှုရပြန်ပါတယ်။

    ဂ) ဧရာဝတီမှာ မိတ္ထီလာက ကိုယ်တွေ့ဖြစ်ရပ်ကလေးကို တင်ပြပေးခဲ့တဲ့ Geoffrey-hiller ရဲ့ ဆောင်းပါး ကလည်း ငြိမ်းချမ်းနေတဲ့ မြို့ကလေးကို သာမာန်စကားအခြေအတင်များရာကနေ ပြာကျသွားတဲ့ ဖြစ်ရပ်က ဘာကြောင့်များပါလဲ ဆိုတာ လှလှပပ ပုံဖော်ပြထားပြန်ပါတယ်။

    နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ကိုယ်တိုင် ဖော်ပြပါဆောင်းပါးတွေမှာ ဗုဒ္ဓဘာသာ ရဟန်းအချို့ရဲ့ မုန်းတီးရေးအခြေခံ အစ္စလာမ်ဆန့်ကျင်ရေး တရားတွေကို မီးမောင်းထိုး ထောက်ပြနေကြပါတယ်။

    အရင်းအမြစ်ကို မထိုးဆွရဲတာ ဘာကြောင့်လဲ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူများရဲ့ မှတ်ချက်တွေပေါ်အခြေခံတဲ့ နိုင်ငံခြားမီဒီယာတွေကို မဝေဖန်ခင်၊ မြန်မာပြည်မှာ သူတို့ထောက်ပြတဲ့ ရဟန်းဟော hate speech တွေ ရှိနေသလားဆိုတာကို တိုက်ရိုက် ထောက်ပြ ပြောဆိုကြရပါမယ်။

    ဒါကို ယနေ့ထိ မြန်မာပြည်က တာဝန်ရှိသူတွေရော၊ တခြားအဖွဲ့အစည်းတွေပါ မပြုလုပ်ကြသေးပါ။ ဒီလိုမျိုး လမ်းဘေး က အမုန်းတရားဖြန့်ချိရေး တရားပွဲတွေ၊ စာတမ်းဖြန့်ဝေမှု၊ စီဒီဖြန့်ဝေမှုတွေ၊ စာအုပ်စာတမ်းဖြန့်ဝေမှုတွေ ဟာ မိတ္ထီလာအဓိကရုဏ်းကြီးမစတင်မီ အမှန်တကယ်ရှိခဲ့လို့လည်း ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့အနေနဲ့ ဒီလိုမျိုး အဓိ ကရုဏ်းကြီးဖြစ်လာမယ်ဆိုတာ ကြိုတင် ခံစားမိနေတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

    ဒါ့ပြင် နိုင်ငံတကာ မီဒီယာကို အရှိန်မြင့်ပေးလိုက်တဲ့ အဖြစ်အပျက်က သတင်းထောက်တွေကို အကြမ်းဖက်သမားတွေက ရန်မူကြခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အလဲဗင်း မီဒီယာကလည်း ဘာသာရေး အဆောက်အဦကို ဖျက်ဆီးနေချိန် မှာ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။

    အဲဒီလိုမျိုး အမုန်းတရားပြန့်ပွားဖို့ လုပ်ဆောင်နေတဲ့ လူတစ်စုကို တားဆီးဖို့၊ တိုက်ရိုက်ပြစ်တင်ပြောဆိုဖို့ ဘာကြောင့် ပျက်ကွက်နေကြတာပါလဲ။

    ကုလ ကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ ရဲ၊ စစ်တပ်နဲ့ တခြားသော အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် ရပ်ကြည့်နေတာကြောင့် အကြမ်းဖက်မှုနောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း အချို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

    ဒီအချက်ကို မြန်မာအစိုးရက ငြင်းဆိုပေမယ့် ကျိုးကြောင်းပြရာမှာတော့ အားနည်းချက်တွေ၊ သံသယ ပွားစရာတွေ ရှိနေသလို နိုင်ငံတကာကလည်း ဒီအဓိကရုဏ်းကြီးက ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အာရုံခံနေကြတဲ့ အချိန် အရင်းအမြစ်ကို ချပြထားတာမျိုး မရှိသေးပါ။ မြေပြင်အခြေ အနေကို တိုက်ရိုက်မြင်တွေ့ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ NLD အမတ် ဦးဝင်းထိန်တို့ရဲ့ မှတ်ချက်ကလည်း ကင်းတားနားအဆိုကို ထောက်ခံနေတယ်ဆိုတာ သတိချပ်ရမှာပါ။

    မြန်မာပြည်ရဲ့အလားအလာ

    တစ်နှစ်အတွင်းမှာတင် အဓိကရုဏ်းတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ မြန်မာပြည်ထဲ ဘယ်သူတွေက ရင်းနှီးမြှပ်နှံဖို့ စွန့်စားရဲပါ့မလဲ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ၀င်လာမယ့်အပေါ်မှာ ၉၆၉ ဆိုတဲ့ အဟန့်အတားကို ဘယ်သူက တာဝန်ယူပေးမလဲ။ စတဲ့မေးခွန်းတွေ စီရရီထွက်ပေါ်လာပါပြီ။ အလားအလာမကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ကြမှာဖြစ်သလို နိုင်ငံခြားရောက် မြန်မာပြည်သား အသိပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း နိုင်ငံတွင်း ပြန်လာဖို့ စဉ်းစားစရာ ဖြစ်နေပါပြီ။

    နောက်ဆုံးအဖြေ

    အမ်-မီဒီယာအနေနဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာမက အချို့သော ဗုဒ္ဓဘာသာဝင်များရဲ့ လူသားချင်း စာနာမှု၊ မေတ္တာ ကရုဏာရှေ့ထားပြီး ဆောင်ရွက်ကြတဲ့ စေတနာ့ဝန်ထမ်း အမှုများကို ၀မ်းမြောက်ဂုဏ် ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။

    ထို့အတူ ဒီလိုအရေးအခင်းကြီးမျိုး နောက်ထပ် မဖြစ်စေဖို့ အမ်-မီဒီယာက ရှုထောင့်ကဏ္ဍ တစ်ခုကနေ တင်ပြချင်တဲ့ အဖြေများ သို့မဟုတ် တောင်းဆိုမှုများကတော့ –

    ၁) အကြမ်းဖက်မှုမှာ ဘာသာသာသနာမရှိပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေ သဘောထားထုတ်ပြန်ခဲ့ သလိုပါပဲ၊ အရေခြုံသံဃာ အချို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုကို အခြေတည်ပြီး ဘာသာသာသနာတစ်ခုကို ယိုးမယ်ဖွဲ့ဖို့ မဖြစ်နိုင်ပါ။ သို့သော် လူမျိုးဘာ သာပေါင်းစုံ ပါဝင်နေတဲ့ မြန်မာပြည်သူလူထုကြီးထဲက အုပ်စုတစ်စုကိုတော့ဖြင့် ငါးပိတုန်းကျီးချီသလို တတိတတိနဲ့ မျိုးမတုန်းသွားဖို့ရာ သဘောထား တင်းမာသူတွေ၊ သင်္ကန်းခြုံပြီး မူတစ်မျိုးထွင် နေကြတဲ့အုပ်စုတွေ၊ စတာတွေသာမက အချိန်ကိုက် ၀ါဒဖြန့်မှိုင်းတိုက် သူတွေကိုပါ ဖော်ထုတ် အရေးယူရပါမယ်။

    ၂) ဘာသာသာသနာအချင်းအချင်း သဘောပေါက်နားလည်မှုမြင့် တက်စေဖို့ ၉၆၉ တရားပွဲတွေနေရာမှာ အမေရိကန် သံအမတ်ကြီး အဆိုပြုတဲ့ interfaith dialogue တွေ၊ ဖိုရမ်တွေ၊ ဒါ့အပြင် အခြေခံပညာကျောင်းများမှာပါ ကလေးများ အကြား အမြင်မကြည်လင်မှုတွေကိုကုစားပေးမယ့် အစီအစဉ်တွေနဲ့ အစားထိုးရပါမယ်။

    ၃) ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ လုံခြုံမှုပေးဖို့ဆိုတာ မိန့်ခွန်းပြောကြားယုံနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်တွေ့အကောင် အထည်ဖော်မှုတွေသာမက နောက်ကွယ်ကြိုးကိုင်လှုပ်ရှားသူတွေကိုပါ ပြည်သူ့ရှေ့ ချပြဖို့ လိုအပ်ပါတယ်။

    ၄) ဒါ့ကြောင့် မိတ္ထီလာ အဓိကရုဏ်းစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာက အဓိကအချက်အလက်များကို တိုက်ရိုက်ပြောဆို တင်ပြတာမျိုး ဖြစ်နေပြီး နိုင်ငံတကာရဲ့ သို့လောသို့လောအခြေအနေများသာမက ပြည်သူလူထုရဲ့ ကျီးလန့်စာ စားနေရတဲ့အဖြစ်များကိုပါ ပပျောက်သွားစေမယ်လို့ မျှော်လင့်ပါတယ်။

    ၅) အခြေခံဥပဒေမှာ အတိအလင်းပါရှိတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ဆောင်ပြောဆိုချက်ကို မဆို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်နိုင်မယ့် တရားရေးမဏ္ဍိုင် အားကောင်းမှန်ကန်ဖို့ ဆောင် ရွက်ပေးစေ လိုပါတယ်။

    ၆) ယခင် အာဏာရှင် လက်ထက်မှာ “အမျိုးပျောက်မှာ စိုးကြောက်စရာ” လိုမျိုး အပုတ်ချအမြတ်ထုတ် ၀ါဒဖြန့်တဲ့ စာအုပ်စာတမ်းတွေ လက်သိပ် ထိုးဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီစာအုပ်ပါ အကြောင်းအရာမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဟောပြော တင်ပြနေတာတွေ၊ အခွေများ၊ စာအုပ် များဖြန့်ချိနေတာတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် အုပ်စုနှစ်ခုအကြား အမုန်းတရား ပွားများခြင်းမျိုးမရှိဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅(က) အား လက်တွေ့ အသက်ဝင်လာစေ ဖို့ ဆောင်ရွက်ပေးစေ လိုပါတယ်။

    အေးချမ်းသာယာသော လူမျိုးသာသနာပေါင်းစုံ စုစည်းရာ ဒီမိုကရေစီပြည်ထောင်စုကြီးကို လိုလားလျက် –

  • မောင်ငံဗလီတွင် လက်နက်များ ရှိသည့်သတင်း လုပ်ကြံဝါဒဖြန့်မှုမူ ဖြစ်ကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်

    မော်လမြိုင်၊ ၂၉-၃-၁၃

    mlm
    မတ်လ ၂၃ ရက်နေ့က မော်လမြိုင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကြိုတင်ကာကွယ်ရန် ဘာသာပေါင်းစုံ တွေ့ဆုံခဲ့စဉ်က
    ဓါတ်ပုံ Credit-Kyaw Khant FB

    အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊ မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊ မောင်ငံ လမ်းဆုံရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ်၊ မွန်ပြည်နယ် အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အဆိုပါထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမော်လ၀ီများအဖွဲ့ချုပ် (မွန်ပြည်နယ်အဖွဲ့ခွဲ) ဥက္ကဌဖြစ်သူ မော်လ၀ီ အဗ္ဗဒူရှကူးမှ မောင်ငံဗလီသို့ အဆိုပါကောလဟာလများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များမှ လာရောက်ကြည်ရှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် မဟုတ်မှန်သတင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    ထို့နောက် မော်လ၀ီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးစိုးပိုင်မှ အများပြည်သူများ အထိတ်တလန့်ဖြစ်စေသော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မဟုတ်မှန်ဟု အတည်ပြုပြီးဖြစ်ကြောင်း၊ ဈေးရှေ့တွင် မိသားစု ထမင်းဆိုင်ရှိခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ မွန်ပြည်နယ်မီဒီယာမှ မှုခင်းသတင်းထောက် ကိုအောင်သူ ဆိုသူမှာလည်း မရှိဟုပြောကြားကြောင်း၊ မောင်ငံဗလီသည် မောင်ငံ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ရှိပြီး ထိုအုပ်ချုပ်ရေးမှူး ရုံးတွင်လည်း ညလုံးပေါက် လုံခြုံရေးများရှိကြောင်း စသည်များကို ရှင်းလင်းပြောဆိုခဲ့သည်။

    သတင်းစာရှင်းလင်းပွဲအဆုံးသတ်တွင် ပြည်သူများကြားတွင် ဖြစ်ပွားနေသော မဟုတ်မမှန်သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများမှ မယုံကြည်ကြရန်နှင့် တည်ငြိမ်အေးချမ်းရေး အတွက် မိမိတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    မော်လမြိုင်မြို့တွင် မဟုတ်မမှန် သတင်းများ ကောလဟာဟများ နှင့်ပတ်သက်ပြီး

    • ဟိတဓရဆရာတော်(မဟာမြိုင်ကျောင်း)-၀၉၄၉၂၄၄၂၄၁
    • ဦးဝိဇ္ဖာနန္ဒ(မြစေတီစာသင်တိုက်)-၀၉၄၂၂၅၂၇၀၂၃
    • ဦးနရိန္ဒ(ကျောက်ဆည်)မြစေတီစာသင်တိုက်-၀၉၄၉၈၀၀၈၃၀
    • ဦးပဏ္ဍတ(ရွှေပရိယတ္တိစာသင်တိုက်)-၀၉၇၃၇၆၀၂၁၄
    • ဦးပညာသာမိ(ဆင်ဖြူစာသင်တိုက်)-၀၉၇၃၇၉၀၃၂၂
    • ဦးဥတ္တမ(စိန်မမပါဋ္ဌိတက္ကသိုလ်စာသင်တိုက်)-၀၉၄၂၅၃၁၆၁၉၅
    • အယ်ဟဂ်ျ ဆရာဦးအုန်းသောင်း-၀၅၇ ၃၀၄၆၅/၀၉-၄၉၂၃၆၇၈၆
    • ပြည်နယ်အစ္စလာမ်ကောင်စီ ဥက္ကဌ ဦးစိုးလွင်-၀၅၇-၂၆၃၃၈
    • မွန်ပြည်နယ်(မအဖ)ဥက္ကဌ ဟာဂျီဦးတင်ဦး-၀၉၇၃၀၄၃၂၈၂
    • မွန်ပြည်နယ်(မအဖ)အတွင်းရေးမှူးဦးခင်မောင်မြင့်(တရားလွှတ်တော်ရှေ့နေ)-၀၉၈၇၀၀၇၄၉
    • ဦးစိုးပိုင်(မော်လ၀ီများအဖွဲ့)တွဲဖက်အတွင်းရေးမှူး-၀၉၄၉၈၀၀၇၃၀
    • ပြည်နယ်(မမလ)အဖွဲ့ ဥက္ကဌ ဦးတင်အောင် -၀၉၈၇၀၁၄၅၆
    • ပြည်နယ်(မမလ)အဖွဲ့ အတွင်းရေးမှူးဦးဘ၀င်း-၀၉၄၂၅၃၂၉၁၁၈
    • ဟာဂျီဦးမောင်အေးငွေဇင်ယော်မြို့မိ/မြို့ဖ-၀၉၄၄၉၂၄၉၃၂၀
    • ဦးစိန်တင်-၀၉၈၇၀၁၉၄၄
    • ဦးတင်ဦး-၀၉၇၃၀၄၃၂၈၂ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

    Than Lwin Times နှင့် မော်လမြိုင် FB စာမျက်နှာ

    မော်လမြိုင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကြိုတင်ကာကွယ်ရန် ဘာသာပေါင်းစုံ တွေ့ဆုံခဲ့သည့် သတင်းဖတ်ရန်

  • မိတ္ထီလာ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ နေအိမ်များမှ ပစ္စည်းများ ယခုထိ လုယက်ခံနေရ

    မတ်လ ၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ

    03
    အကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ ရွှေဆိုင်များဖျက်ဆီးခံထားရသည့်ပုံ

    မိတ္ထီလာ ။ ။ မိတ္ထီလာမြို့တွင် အကြမ်းဖက်ခံရသော မွတ်စလင်မ်များ၏ ကျန်ရှိသောပစ္စည်းများကို ယခုတက်တိုင် လုယက် ယူဆောင်နေကြကြောင်း သတင်းရရှိသည်။

    လွန်ခဲ့သောရက်အတွင်းက မိတ္တီလာမြို့တွင် အကြမ်းဖက် သတ်ဖြတ် မီးရှို့ ဖျက်ဆီးခံရသည့် မွတ်စလင်မ်များမှာ ယခုအခါ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေထိုင်နေရသည်။ တချို့မှာ မိတ္ထီလာမြို့ပေါ်မှ ဒုက္ခသည်စခန်းများတွင် ရှိပြီး တချို့မှာ မိတ္ထီလာအနီးတ၀ိုက်မှ ရွာများတွင် ရောက်ရှိနေထိုင်နေကြသည်။ မိတ္ထီလာတွင် အကြမ်းဖက်မှုရပ်တန့်နေသော ယခုအချိန်တွင် မိမိတို့ အိုးအိမ်များ၏ အခြေအနေများကို သိရှိရန် ပြန်သွားချင်ကြသော်လည်း ပြန်လည်နေထိုင်ခွင့်မရသေးကြောင်း၊ ယင်းကြောင့် မိမိအိမ်၏အခြေအနေအား သိရရန် ခဏပြန်လည်သွားရောက်ကြည့်ရှုကြောင်းသိရသည်။ ထိုကဲ့သို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒုက္ခသည်တစ်ဦးမှ သူမြင်တွေ့ခဲ့ရသည် လတ်တလော အခြေအနေကို ပြောပြလာပါတယ်။

    “ကျွန်တော်က ဒုက္ခသည်စခန်းမှာရောက်နေတာပါ။ ဒီမနက် ၉-နာရီလောက်မှာ မိတ္ထီလာက ကျွန်တော့်အိမ်ကို ကျွန်တော် ခဏ သွားပြန်ကြည့်တယ်။ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာပါ ကျွန်တော့်အိမ်က။ အဲဒီမှာ ကျွန်တော်တွေ့ရတာက အိမ်က ပစ္စည်းတွေကို တစ်ခြားသူတွေက မွှေနှောက်ရှာဖွေယူနေတယ်ဗျာ။ တစ်ခြား အိမ်တွေက ပစ္စည်းတွေလည်း အဲလိုပဲယူနေကြတာ။ လူတွေကတော့ မျက်နှာစိမ်းတွေပါပဲ။ အနီးအနားရွာတွေက ပဲဖြစ်မယ်။ တချို့ကလည်း မီးလောင်ပြီး မီးကျွမ်းနေတာတွေ၊ တချို့ကလည်း ဒီအတိုင်း မီးမလောင်ပဲ ကျန်နေတာတဲ့ ပစ္စည်းတွေပါ။ ကားပစ္စည်းတွေဆိုရင် ဥပမာ – ကားကရောင်းတွေဆို မီးလောင်ထားရင်လည်း ပြန်သုံးလို့ရတယ်။ အဲဒါမျိုးတွေကအစ သယ်နေကြတာ။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ သယ်နေကြတာ။ ဟုတ်ကဲ့ လုံခြုံရေးတွေ ရှိပါတယ်။ သူတို့က ပေတရာ(လမ်းမ)ပေါ်မှာ ရှိနေတာ။ အခုသယ်နေတာတွေက သူတို့တွေနဲ့မဝေးဘူး။ ဒီအတိုင်းကြည့်နေကြတယ်။ သယ်နေတဲ့သူတွေကို လုံခြုံရေးက ဘာမှ မပြောဘူး။ ကျွန်တော်လည်း မပြောရဲပါဘူးခင်ဗျ။ အခု အချိန်မှာ ကျွန်တော်တို့တွေက ကြားညှပ်နေပါတယ်။ ကျီးလန့်စာစား ဘ၀မျိုးကို ရောက်နေတယ်။ ကျွန်တော့်အိမ်က ပစ္စည်းတွေ သယ်ယူနေကြတာကို ကြည့်ပြီး ကျွန်တော် ဘာမှလည်း မပြောရဲတော့ ဒီအတိုင်းပဲ ပြန်လာလိုက်တာပါ။ ဒါကြောင့် တာဝန်ရှိသူတွေမှတဆင့် သိအောင် ပြောပြတာပါ”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။