News @ M-Media

Blog

  • သစ်လွင် မွတ်စလင်များအား ဂုဏ်ပြုသည့် အခမ်းအနား ဟော်လန်တွင် ကျင်းပပြုလုပ်

    ဧပြီ ၁ ၊ ၂၀၁၃

    M-Media

    Muslim Converts Meet in Amsterdam

    အမ်စတာဒမ်။ ။ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်လာသည့် မွတ်စလင်သစ်လွင်များအား ဂုဏ်ပြုသည့် အခမ်အနားတစ်ခုကို ဟော်လန်မွတ်စလင်များက မတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ထင်ရှားသော အစ္စလာမ့်ပညာရှင်များနှင့် အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဒခ်ျလူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။

    “ဒီနေ့ ကျနော်အရမ်းပျော်ပါတယ်။ (အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ဖို့) ကျနော့်ရဲ့သား၊ ချွေးမနဲ့ မြေးသုံးယောက်က ကျနော့်ကို လွှမ်းမိုးခဲ့တာပါ။ ” ဟု အသက် ၇၂ နှစ်ရှိသူ ဒခ်ျလူမျိုး ဟန့်စ်(Hans) က ကူဝိတ်နယူးစ်(KUNA) အေဂျင်စီ သို့ပြောကြားခဲ့သည်။ အဆိုပါ စကားမှာ အမ်စတာဒမ်မြို့ အပြာရောင်ဗလီ (Blue Mosque) တွင်ပြုလုပ်သော National Converts Day of Dutch Muslims အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ၎င်းမှာ အစ္စလာမ်သာသနာကို သက်ဝင်သော ဒခ်ျလူမျိုး မွတ်စလင်သစ်လွင်ကိုးဦးတွင် ပါဝင်ခဲ့သည်။ သားဖြစ်သူမိသားစု၏ ငြိမ်းချမ်သောဘ၀ကို တွေ့မြင်ရပြီးနောက်၊ အစ္စလာမ်သာသနာက သူ့အား ဆွဲဆောင်ခဲ့သည်ဟု သူက ဆိုသည်။

    “ကျနော့်သားနဲ့ ကျနော့်ချွေးမရဲ့ ၀တ်ပြုမှု၊ အေးအေးဆေးဆေး ပြောဆိုဆက်ဆံမှု၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ပြဿနာတွေကို အဖြေရှာနိုင်မှု၊ ဒါတွေကို ကျနော်တွေ့မြင်ရတဲ့အခါ တော်တော်သဘောကျခဲ့ပါတယ်။ အခု ကျနော် အစ္စလာမ်ကို ပိုပြီးနားလည်အောင် ကြိုးစားမယ်၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း လေ့လာမယ်၊ ပြီးတော့ ဓမ္မဟောပြောပွဲတွေကိုလည်း တက်ပါမယ်။” ဟု ဟန့်စ် က ပြောကြားခဲ့သည်။

    ၎င်း၏သားဖြစ်သူမှာ လွန်ခဲ့သည့် ၈ နှစ်အရင်ကပင် အစ္စလာမ်သာသနာသို့ သက်ဝင်လာခဲ့ပြီး၊ တူနီးရှားလူမျိုး ဇနီးဖြစ်သူက အစ္စလာမ်ကို စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

    ၆ ကြိမ်မြောက် National Converts Day ကို Discover Islam Foundation နှင့် ဟော်လန်ရှိ National Platform for New Muslims တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ လူပေါင်း ၁၀၀၀ ကျော် လာရောက်ကြပြီး၊ အမေရိကန်မွတ်စလင် တရားဟောဆရာ ယူစွဖ်အီစ်(Yusuf Estes)၊ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဂရိလူမျိုး ဟမ်ဇာ တီဇော့ဇစ်(Hamza Tzortzis) နှင့် ၂၀၀၈ ခုနှစ်က ဧ၀ရတ်တောင်ထိပ်သို့ တက်နိုင်ခဲ့သည့် ပထမဦးဆုံးဆော်ဒီနိုင်ငံသား အလ် ဇူမာန်(Al Zouman)တို့လည်း တက်ရောက်ခဲ့ကြသည်။

    ဒခ်ျလူမျိုးများ အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်လာမှုမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပြီး လူဦးရေ ၁၂၀၀၀ မှ ၁၅၀၀၀ အထိရှိလာခဲ့သည်ဟု ထိုအခမ်းအနား၏ ပြောရေးဆိုခွင့်ရှိသူ ဂျာကော့ဗ် ဗွန် ဒါ ဘလွမ်(Jacob von der Blom) က ဆိုသည်။

    ပြီးခဲ့သည့်လကလည်း ရှေးရိုးစွဲ နိုင်ငံရေးသမား Geert Wilders ၏ပါတီကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ အာနော့ဒ် ဗန် ဒေါန်(Arnoud Van Doorn) သည် အစ္စလာမ်ဘာသာနှင့် မွတ်စလင်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပြီးနောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့လေသည်။ ဟော်လန်နိုင်ငံတွင် လူဦးရေ ၁၆ သန်းရှိပြီး၊ လူဦးရေ တစ်သန်းမှာ အစ္စလာမ်သာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

  • ရန်ကုန်မြို့ရှိ (ဆွာဒီကီယာ) အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှု စာသင်ကျောင်းသား ကလေး(၁၃)ယောက် သေဆုံး

    ဧပြီ ၂၊ ၂၀၁၃
    M-Media
    သုတ

    ဓါတ်ပုံ Eleven
    ဓါတ်ပုံ Eleven

    ရန်ကုန် ။ ။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးပြီး ၄-ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

    ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် ဗိုလ်တထောင်မြို့နယ်၊ ၄၈-လမ်း အပေါ်လမ်း အမှတ်(၁၈၁)တွင် ရှိပြီး ဗလီနှင့်ကပ်လျက်ရှိသော စာသင်ကျောင်းဖြစ်သည်။ အဆိုပါကျောင်းသည် ဟာဖိဇ်(ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် သင်ကြားသော)ကျောင်းဖြစ်ပြီး ကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ၁၀၀-ကျော် ရောက်ရှိ ပညာသင်ကြားနေလျက်ရှိသည်။ ယခုအခါ ကျောင်းခဏပိတ်သောကာလဖြစ်၍ မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်း၌ ကျောင်းသား ၇၀-ကျော်ရှိနေပြီး ၅၁-ယောက်မှာ မီးလောင်မှုမှ ထွက်ပြေးလာနိုင်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကလေး(၁၃)ယောက် သေဆုံးသွားကြာင်းသိရသည်။ အဆိုပါ သေဆုံးကျောင်းသား(၁၃)ယောက်မှာ အသက်(၁၃)နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း သိရသည်။

    ဧပြီလ ၂-ရက် မနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှန်းသိ၍ ပြေးဆင်းလာသော ကလေးများမှာ အောက်ထပ်တွင် ဆီများကိုတက်နင်းမိ၍ ချော်လဲကြကြောင်း၊ ဓါတ်ဆီနံ့များလည်းရကြောင်း၊ စာသင်ကျောင်းသည် ၂-ထပ်ကျောင်းဆောင်ဖြစ်ပြီး အပြင်ဘက်တွင် လုံးဝ မီးမလောင်ပဲ အတွင်းဘက်တွင်သာ မီးလောင်ကျွမ်းမှု ပုံစံမျိုးရှိကြောင်းလည်းသိရသည်။

    အဆိုပါကျောင်းတွင်စာသင်နေသော ကျောင်းသား ၂-ဦးအား မေးမြန်းရာ “သားတို့ကျောင်းက ၂-ထပ်ကျောင်းဆောင်ပါ။ မီးစစလောင်ချင်းတော့ သားတို့မသိဘူး။ သားတို့သိတဲ့အချိန် မီးက တော်တော်လေးလောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်းလာကြတယ်။ အောက်ထပ်မှာ ဆီတွေပြန့်ကျဲနေတယ်။ အဲဒီဆီတွေကိုတက်နင်းမိပြီး သားတို့ချော်လဲကြတယ်။ သားတို့ကျောင်းမှာ ကျောင်းသားက လက်ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ သားတို့ကျောင်းမှာ ဆီတွေဘာတွေ လှောင်ထားတာလည်းမရှိပါဘူး။ ဖိနပ်ထားတဲ့ ဖိနပ်စင်နေရာကနေ စလောင်တာ။ အခုထိ အင်္ကျီမှာ ဓါတ်ဆီနံ့တွေ နံနေသေးတယ်။”လို့ အသက် ၁၅-နှစ်အရွယ် ကျောင်းသားလေး ၂-ဦးမှ M-Media ကို ပြောပြလာပါတယ်။

    “ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။ အခုကျောင်းဆောင်ကလည်း အတွင်းပိုင်းမှာ လောင်ထားတာ။ မီးလောင်တော့ မီးသတ်ကား(၃)စီးရောက်လာတယ်။ (၁)စီးကတော့ ရေဖြန်းတယ်။ (၂)စီးက ရေမဖြန်းလို့ ၀ိုင်းပြောတော့မှ ရေဖြန်းတယ်။ အခုတော့ မီးလောင်ပြီးသေဆုံးသွားတဲ့ ကလေးတွေက တစ်နေရာတည်းမှာ တစ်စုတည်း သေနေကြတယ်။ အံ့သြစရာ ထူးဆန်းတာက တစ်ယောက်ဆို မီးလုံးဝ မကျွမ်းဘူး။ အခုမီးလောင်တာကို ၀ါယာရှော့ခ်ဖြစ်တယ်ပဲ ပြောနေကြတယ်။ ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ဘူး။ ကျွန်တော် အခု ဒီလမ်းထဲမှာနေတဲ့ ၂-ယောက်နဲ့ ကျွန်တော်မေးကြည့်တာ သူတို့ကပြောတယ်။ မီးမလောင်ခင် ၂-နာရီကျော်ကျော်လောက်က ၀ုန်းဝုန်းဆိုပြီး အသံကြားရတယ်။ သူတို့လည်း သေချာသတိမထားလိုက်မိဘူး။ နောက် ခဏနေတော့ အဲဒီကျောင်းဘက်ကနေ မီးရောင်မြင်လိုက်ရတယ်။ သူတို့လည်း ကျောင်းက မီးထွန်းတာလို့ထင်လိုက်တာ။ ခဏနေတော့မှ မီးတွေလောာင်နေတာ မြင်လိုက်ရတယ်ဆိုပြီး သူတို့မြင်တာကို ကျွန်တော့်ကို ပြောပြတယ်။ အခုတော့ ကလေးတွေရဲ့ အလောင်းတွေကို ဆေးရုံကို သယ်သွားကြပြီ။ တချို့ကလေးတွေကိုတော့ ကယ်ဆယ်ရေးစခန်းဘက် ခေါ်သွားလိုက်ကြတယ်။ မီးလောင်တာက ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ပါဘူး။ တမင်သက်သက် မီးရှို့တာ သေချာပါတယ်”လို့ မီးစလောင်ကတည်းက မီးလောင်ရာနေရာမှာရောက်ရှိနေသူတစ်ဦးမှ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

    ယခုအချိန်တွင် ပျောက်ဆုံးနေသော ကလေး(၄)ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရပါသည်။

  • သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    ဧပြီ ၁၊ ၂၀၁၃
    M-Media
    သုတ

    ရန်ကုန် ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင်း ရောက်ရှိလာသော မျက်နှာစိမ်း လူ(၃)ယောက်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ ယခုမနက်အစောပိုင်း ၂-နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ – သင်္ကန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အတွင်းတွင် ယမန်နေ့ မတ်လ ၃၁-ရက်ညပိုင်းက လူစိမ်း (၅)ယောက်ခန့် ၀င်ရောက်လာကြောင်းသိရ၍ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း၊ ဧပြီလ ၁-ရက်နေ့ မနက်အစောကြီး ၂-နာရီခန့်တွင် သင်္ကန်းကျွန်းဘူတာနှင့် နှင်းဆီကုန်း ဘူတာအကြားတွင် လူ(၃)ယောက်ကိုရဲများမှ ဖမ်းဆီးပြီးစစ်ဆေးရော လက်ဆွဲအိတ်တစ်လုံးနှင့် အတွင်းမှ ဓါးတိုတစ်ချောင်း၊ ဂတ်စ်မီးခြစ် (၃)ခုတွင်ပူးတွဲချည်ထားသော ဖယောင်းတိုင်တစ်တိုင်နှင့် ပုဆိုးတစ်ထည်တို့ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် ဘူတာနှစ်ခုကြားသည် လူသွားလူသာ သိပ်မရှိသောနေရာဖြစ်ပြီး၊ ညပိုင်းအချိန်တွင် မသင်္ကာဖွယ်တွေ့ရှိရ၍ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

  • မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    ဧပြီ ၁၊ ၂၀၁၃၊
    M-Media
    ပြည့်ပြည့်

    ဧပြီလ ၁-ရက်နေ့ ည(၁-နာရီ ၁၅-မိနစ်)အချိန်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄x၇၅ လမ်းကြားတွင် လူတစ်စုသည် ရပ်ထားသော ကားမှန်များရိုက်ခွဲပြီး ဆူပူရမ်းကားခဲ့သောကြောင့် ရဲစခန်းမှ ဖမ်းဆီးထားပြီး ဥပဒေအရ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

    မနေ့ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ မူးရစ်သောက်စားရမ်းကားရာမှ ဆူပူမှုဖြစ်သောကြောင့်၊ ယခုအခါ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းနှင့် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)ရဲစခန်းတို့မှ တိုင်ချက်ဖွင့်ကာ အရေးယူပြီး အမှတ်(၉)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ မူးရစ်ရမ်းကားသော လူစုသည် (၁၀)ယောက်အဖွဲ့ဖြစ်ပြီး မနေ့ညဖြစ်ပွားစဉ်တွင် (၅)ဦးကို ချက်ချင်းဖမ်းမိပြီး ယနေ့မနက်ပိုင်းတွင် (၃)ဦးကို ထပ်မံဖမ်းဆီးထားကြောင်း၊ ယင်း မူးရစ်ရမ်းကားသူ (၈)ဦးတွင် အမှတ်(၉)ရဲစခန်းမှ ရဲတပ်သားတစ်ဦးလည်း အပါအ၀င်ဖြစ်ကြောင်း၊ ယခုအခါ ယင်းသူတို့အား ပုဒ်မ ၂၉၄၊ ၄၂၇၊ ၅၀၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

    ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ နီးစပ်သူတစ်ဦးအား ဆက်သွယ်စုံစမ်းရာ “မနေ့ညက ဖြစ်သွားတာက မူးဆူမှုပါ။ သူတို့က အရက်သောက်ပြီး မူးရစ်ရမ်းကားကြတာပါ။ သူတို့ စဖြစ်လာတာက မန္တလေး ကန်တော်ကြီးဘက်မှာ စဖြစ်လာပါ။ သူတို့အဖွဲ့ (၁၀)ယောက်လောက်ရှိတယ်။ ဘုရားကြီး ၄၅-တာထောင့်မှာ ကင်းတာဝန်ချနေတဲ့ ကင်းသမားကိုရိုက်လိက်တာ ခေါင်းသမားလည်း ခေါင်းကွဲသွားတယ်။ အဲဒီကနေပြီး ၃၇-လမ်း၊ ၇၄x၇၅ လမ်းကြားထဲလည်းရောက်ရော ကားမှန်ကို ရိုက်ခွဲတယ်။ အဲဒီမှာ ရပ်ကွက်ကနေ ၀ိုင်းဖမ်းလိုက်တာ။ ရပ်ကွက်က ချက်ချင်း ဖမ်းမိတာ(၅)ယောက်၊ အဲဒီ ၅-ယောက်မှာ အမှတ်(၉)ရဲစခန်းက ရဲသားတစ်ယောက်လည်းပါနေတယ်။ အခုမနက်မှ ထပ်ပြီးဖမ်းမိတာက (၃)ယောက် စုစုပေါင်း (၈)ယောက်တော့ ဖမ်းမိထားပြီ။ ၄၅-တာ ထောင့်မှာဖြစ်ခဲ့တာက ချမ်းမြသာစည်အပိုင်ဆိုတော့ အမှတ်(၁၀)ရဲစခန်းက အမှုဖွင့်တယ်၊ ဒီ ၃၇-လမ်းမှာဖြစ်တာက မဟာအောင်မြေအပိုင်ဆိုတော့ အမှတ်(၉)ရဲစခန်းက အမှုဖွင့်တယ်။ ဖမ်းထားတာတော့ အမှတ်(၉)ရဲစခန်းမှာ ဖမ်းထားတယ်။ ဒီလူတွေက တမင် မီးရှို့ဖို့လုပ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သက်သက်မဲ့ မူးပြီး ရမ်းကားတာပါ။ ညက ဖမ်းမိတော့ ရပ်ကွက်က စိုးရိမ်ကြတယ်။ ရဲသားတစ်ယောက်ပါနေတယ်ဆိုတော့ အဲဒီအမှုကို လျော်ပစ်လိုက်တာမျိုးဖြစ်သွားမှာ၊ မသိချင်ယောင်ဆောင်လိုက်မှာကို စိုးနေတာ။ ဒါပေမယ့် အခုတော့ ဥပဒေအတိုင်း ဆက်လုပ်နေတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။

  • မမေးလည်းဖြေ(၁၅)- ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအောင်…

    ဧပြီ ၁ ၊ ၂၀၁၃

    Translated by Shaheen Ansari

     

    halal

    ဘိုဘို – သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?

    မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်** က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
    **ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။

    ဘိုဘို – ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?

    မောင်မောင် – ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

    ဘိုဘို – အေး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။

    မောင်မောင် – ဒါပေမဲ့ လူခန္ဓာကိုယ်မှာ အဲဒီ အက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

    မောင်မောင် – ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများ သွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။

    ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

    မောင်မောင် – ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

    ဘိုဘို – ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

    မောင်မောင် – ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

    ၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့ EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

    ၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

    ၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

    ၄)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord)
    အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

    ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

    မောင်မောင် -ငါသူုငယ်ချင်းကိုပြောပြဖို့ တစ်ခုမေ့ကျန်ခဲ့တယ်။ အဲဒါက သားကောင်ရဲ့ လည်ပင်းက သွေးကြော Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

    ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

    မောင်မောင် – ဟုတ်တယ် သူငယ်ချင်း။ အခြားသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ ဒီလိုကြောင့် အသားထဲကို ယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေတယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

    ဘိုဘို – အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်က သွေးကိုလုံးဝစီးထွက်စေပြီး အခြာအစိတ်အပိုင်းတွေကို မညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအတွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။

    Reference

    Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
    English Translated by Dr. Sahib M. Bleher,Dip Trans MIL.

    Burmese Translated by Shaheen Ansari