News @ M-Media

Blog

  • သမ္မတဟောင်းထရမ့်ကို ထောက်လှမ်းရေးသတင်းများ မပေးတော့ဟု ဘိုင်ဒန်ပြော

    သမ္မတဟောင်းထရမ့်ကို ထောက်လှမ်းရေးသတင်းများ မပေးတော့ဟု ဘိုင်ဒန်ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၂၁
    M-Media

    -‘မယုံကြည်ရတဲ့’ အပြုအမူအ​အပြောအဆိုတွေကြောင့် သမ္မတဟောင်းတွေကို ထောက်လှမ်းရေးသတင်းအကျဉ်းချုပ် ပုံမှန်တင်ပြလေ့ရှိတဲ့ အစီအစဉ်မှာ ဒေါ်နယ်ထရမ့်ကို မထည့်သွင်းသင့်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ သမ္မတဘ၀မှာကတည်းက နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ထုတ်ပြောတာမျိုး ရှိခဲ့သူပါ။

    “သူ့ကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေပေးဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီသတင်းတွေပေးလိုက်လို့လည်း သူက ဘာတန်ဖိုးထားမှာလဲ။ ဒါတွေကို လျှောက်ပြီးပြောလိုက်ရင် မခက်ဘူးလား” လို့ မနေ့က CBS Evening News နဲ့ အင်တာဗျူးမှာ ဘိုင်ဒန်က ပြောပါတယ်။

    ၂၀၁၇ ခုနှစ် အိမ်ဖြူတော်အစည်းအဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်သံအမတ်တို့ကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ဖို့စီစဉ်နေတယ်ဆိုတဲ့ ထိပ်တန်းထောက်လှမ်းရေး သတင်းကို ထရမ့်က ထုတ်ပြောခဲ့ဖူးပါတယ်။

    ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်မှုရှိလားဆိုတာကို အထူးအရာရှိ ရောဘတ်မူလာက စုံစမ်းစစ်ဆေးမှုအတွင်း တစ်ချို့အချက်ကို ထရမ့်က ထုတ်ပြောတဲ့အတွက် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီဟာ ရုရှားမှာရှိနေတဲ့ သူလျှိုကို ပြန်ခေါ်ခဲ့ရပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်မှုကာလမှာ ပြိုင်ဘက်နိုင်ငံရေးသမားတွေကို တိုက်ခိုက်ဖို့အတွက် ထရမ့်အစိုးရ တာဝန်ရှိသူတစ်ချို့ဟာ လျှို့ဝှက်အချက်အလက်တွေကို ဖွင့်ချခဲ့ပါတယ်။

    ဘိုင်ဒန်က ထရမ့်ဟာ အရင်ကတည်း သမ္မတဖြစ်ဖို့ အရည်အချင်းပြည့်မီသူမဟုတ်ဘဲ၊ မယုံကြည်ရသူတစ်ဦး ဖြစ်တယ်လို့ မနေ့က အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်ရဲ့ ထောက်လှမ်းရေးသတင်းတွေ ထရမ့်ကို ပေးမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးမည်ဟု အင်မရန်းခန်း ကတိပြု

    ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးမည်ဟု အင်မရန်းခန်း ကတိပြု

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -ကက်ရှ်မီးယားဒေသ ပါကစ္စတန်နဲ့ပေါင်းမယ်ဆိုရင် သီးခြားလွတ်လပ်တဲ့ဒေသ ဖြစ်ခွင့်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ၁၉၄၇ ခုနှစ် ဗြိတိန်ထံကနေ လွတ်လပ်ရေးရပြီးကတည်းက ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် ပါကစ္စတန်နဲ့ အိန္ဒိယတို့ အခြေအတင်ဖြစ်ခဲ့ကြပြီး ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာ ကက်ရှ်မီးယားဒေသတစ်ဝက်ကို အိန္ဒိယက ထိန်းချုပ်ထားပြီး ကျန်တစ်ဝက်ကို ပါကစ္စတန်က ထိန်းချုပ်ထားပါတယ်။ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ ကက်ရှ်မီးယားပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံ ပေါင်းချင်လဲဆိုတာ လူထုဆန္ဒခံယူရမယ်လို့ ဖော်ပြထားပေမယ့် လွတ်လပ်တဲ့ဒေသအဖြစ် နေဖို့တော့ မပါဝင်ပါဘူး။

    ဒီကနေ့ ကက်ရှ်မီးယားညီညွတ်ရေး ချီတက်ဆန္ဒပြပွဲမှာ အင်မရန်းခန်းက ကက်ရှ်မီးယားပြည်သူတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်တဲ့အခါ ပါကစ္စတန်ကို ရွေးချယ်ခဲ့မယ်ဆိုရင် လွတ်လပ်တဲ့ဒေသအဖြစ်နေချင်သလား၊ ပါကစ္စတန်ရဲ့အစိတ်အပိုင်းဖြစ်ချင်လားဆိုတာ ဆုံးဖြတ်ဖို့ ကက်ရှ်မီးယားပြည်သူတွေကို ပါကစ္စတန်က အခွင့်အရေးပေးမယ်လို့ ပြောချင်ပါတယ်”

    ​ကုလရဲ့ ပြည်သူဆန္ဒခံယူဖို့ ဆုံးဖြတ်ချက်ကို အိန္ဒိယက လက်မခံဘဲ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ဒေသကို ပြန်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ သူတို့ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို အရင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ဒီအုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကက်ရှ်မီးယားပြည်သူတွေက ဒီကိစ္စကို ကန့်ကွက်ခဲ့ကြပါတယ်။

    အိန္ဒိယအနေနဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်ပေးရင် အငြင်းပွားမှုအတွက် ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • ယီမင်စစ်ပွဲ ဆော်ဒီကို ပံ့ပိုးပေးမှု အမေရိကန် ရပ်ဆိုင်းမည်

    ယီမင်စစ်ပွဲ ဆော်ဒီကို ပံ့ပိုးပေးမှု အမေရိကန် ရပ်ဆိုင်းမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ ဆော်ဒီဦးဆောင်တဲ့အဖွဲ့ကို ထောက်ပံ့မှု ရပ်ဆိုင်းတော့မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေငြာလိုက်ပြီး စစ်ပွဲအဆုံးသတ်ရေး ပိုပြီးထဲထဲဝင်ဝင် ပါဝင်သွားမယ်လို့ ဆိုပါတယ်။

    အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က ယီမင်အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပြည်တွင်းစစ်စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ရောက်တဲ့အခါ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဖြုတ်ချခံရတဲ့ အစိုးရဘက်ကနေ ဝင်တိုက်ပေးခဲ့ပါတယ်။ စစ်ပွဲကြောင့် လူသောင်းချီသေဆုံးခဲ့ရသလို၊ စားနပ်ရိက္ခာပြဿနာ၊ ကျန်းမာရေးပြဿနာတွေလည်း ယီမင်မှာ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    ဘိုင်ဒန်က လက်နက်ရောင်းချမှုအပါအ၀င် ယီမင်စစ်ပွဲမှာ ပံ့ပိုးပေးနေမှု ပုံစံအားလုံးကို ရပ်ဆိုင်းသွားမယ်လို့ မနေ့က နိုင်ငံခြားရေးဆိုင်ရာ အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဆော်ဒီရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

    “တစ်ချိန်တည်းမှာပဲ နိုင်ငံပေါင်းစုံမှာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေ၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ဆော်ဒီက ခံနေရတယ်။ ဆော်ဒီရဲ့အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနဲ့ ပြည်သူတွေကို ကျွန်တော်တို့က ဆက်လက် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်”

    ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ်-ဆာအွဒ်က ဒေသတွင်းပြဿနာတွေဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ဘိုင်ဒန်ရဲ့ပြောကြားချက်ကို ကြိုဆိုခဲ့ပြီး ယီမင်စစ်ပွဲမှာ ဆော်ဒီကို မကူညီတော့ဘူးဆိုတဲ့ကိစ္စအတွက် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

    ယီမင်မှာ ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်က ကူညီမပေးတော့ပေမယ့် ယီမင်မှာအခြေစိုက်တဲ့ အာရေဗျကျွန်းဆွယ်ဆိုင်ရာ အလ်-ကိုင်းဒါးအဖွဲ့ကို တိုက်ဖျက်ရာမှာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဘိုင်ဒန်ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ကြေငြာချက်တစ်စောင်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

    ဒါပေမယ့် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့အချက် ကြေငြာချက်မှာ ပါမလာပါဘူး။

    ဗြိတိန်က တင်သွင်းတဲ့ ဒီကြေငြာချက်ကို မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အင်္ဂါနေ့မှာ မထုတ်ပြန်နိုင်ခဲ့ပေမယ့် ဆက်လက်ဆွေးနွေးပြီးတဲ့နောက် မနေ့ကအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံစလုံးက ထောက်ခံခဲ့ပါတယ်။

    ဒီမိုကရေစီလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသင်းအဖွဲ့တွေကို ပြန်လည် ခိုင်မာအောင်ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတွေကို အလေးထားပြီး အကြမ်းဖက်မှုကို ရှောင်ရှားဖို့ ဒီကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    ​ကြေငြာချက်မူကြမ်းမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားပေမယ့် နောက်ဆုံးထွက်လာတဲ့ ကြေငြာချက်မှာတော့ အာဏာသိမ်းမှုကို ရှုတ်ချတာမပါဝင်တော့သလို၊ စကားလုံးအသုံးအနှုန်းတွေကလည်း ပျော့ပြောင်းသွားပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ သဘောတူညီချက်ရဖို့အတွက် ဒီလို ပြင်ဆင်လိုက်ရတာလည်း ဖြစ်ပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ်က ကြေငြာချက်ကပေးချင်တဲ့ အဓိကသတင်းစကားကို မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံး သတိပြုမိပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခု ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ခြေလှမ်းစလှမ်း

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဖြေရှင်းရေး မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမိုကရေစီမှာ ပြည်သူတွေရဲ့ဆန္ဒကို အင်အားသုံးပြီး အဓမ္မလွှမ်းမိုးလို့မရဘူး၊ ခိုင်မာတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားလို့မရဘူးဆိုတာက သိပ်ရှင်းပါတယ်”

    အာဏာသိမ်းတာကို စွန့်လွှတ်ဖို့တိုက်တွန်းပြီး လက်မခံရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်ဖို့ သတိပေးမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကန်လွှတ်တော်မှာ အတည်ပြုသွားမယ်လို့ ဒီမိုကရက်တစ်နဲ့ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဘန်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သီးသန့်ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါက ဘယ်လောက်အထိ ထိရောက်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ အမေရိကန်က ပိတ်ဆို့မှုကြောင့် ထိခိုက်နိုင်မယ့် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံရပ်ခြားမှာ အနည်းငယ်သာ ရှိနေပါတယ်။

    Ref: Reuters

  • အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

    အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

    ဖေဖော်ဝါရီ ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ကြေငြာချက် မထုတ်နိုင်ခဲ့ပါဘူး။

    အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒီအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့၊ ဒီမိုကရေစီကို အပြည့်အ၀ထောက်ခံကြောင်း ကြေငြာချက်တစ်စောင်ကို ယူကေက တင်သွင်းခဲ့ပါတယ်။

    “စစ်တပ်ရဲ့ လတ်တလောဆောင်ရွက်ချက်တွေကို ကျွန်မအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာနိုင်ငံမှာဒီမိုကရေစီထွန်းကားရေးကိုသာ ထောက်ခံတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း သတင်းစကားပေးဖို့ အားလုံးကို တိုက်တွန်းပါတယ်” လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ် ခရစ္စတင်း ရှရာနာ ဘာဂီနာက ပြောပါတယ်။

    နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြိုအနိုင်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောချင်ပြီး ရွေးကောက်ပွဲ​ ပြန်ကျင်းပဖို့ဆိုတဲ့ စစ်တပ်ရဲ့ ပြောကြားမှုကို စိတ်ပျက်မိတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူကေရဲ့ ဒီကြေငြာချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဖော်ပြထားပြီး၊ တည်ဆဲဥ​ပဒေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ တရားမဲ့ ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့၊ အရေးပေါ်ခြေအနေ ကြေငြာထားတာကို ရုပ်သိမ်းဖို့ စစ်တပ်ကို တောင်းဆိုထားသလို၊ သက်ဆိုင်သူတွေအားလုံး ဒီမိုကရေစီ စံချိန်စံညွှန်းတွေအတိုင်း လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

    ဒါပေမယ့် တရုတ်နဲ့ရုရှားတို့က ကန့်ကွက်ခဲ့တာကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောမတူတဲ့အတွက် ကြေငြာချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က အာဏာသိမ်းစစ်တပ်ကို အချိန်ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    အာဏာသိမ်းစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့တော့ ဒီကြေငြာချက်မှာ မပါဝင်ပါဘူး။

    မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန် မတုန့်ပြန်နိုင်မှုအတွက် လူ့အခွင့်အရေးအဖွဲ့တွေက လုံခြုံရေးကောင်စီကို ရှုတ်ချခဲ့ပါတယ်။

    “နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတစ်ခုက မျက်နှာပြောင်တိုက် စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင်တောင် မထုတ်နိုင်တာကို ဘယ်သူမှ သိပ်မအံ့ဩတော့ပါဘူး” လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Global Justice Center ရဲ့ ဥက္ကဌ အကီလာ ရာဒါခရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။

    စီးပွားရေးပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းချမှုတားမြစ်တာ၊ ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်တာတွေနဲ့ အာဏာသိမ်းစစ်တပ်ကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ဖို့လည်း ခရစ်ရှ်နန်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    မနေ့က အစည်းအဝေးမှာ ကြေငြာချက်တစ်စောင် မထုတ်ပြန်နိုင်ခဲ့ပေမယ့် ဆွေးနွေးမှုတွေ ထပ်လုပ်သွားမယ်လို့ တက်ရောက်ခဲ့ကြတဲ့ သံတမန်တွေက ပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ်က ယူကေရဲ့ကြေငြာချက်ကို မီဒီယာတွေ ကြိုသိနေတဲ့အတွက် အံ့ဩမိပြီး ဒီအချက်က အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူဖို့ ခက်ခဲသွားစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လုံခြုံရေးကောင်စီက ဘယ်လိုအရေးယူမှုမျိုးမဆို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှု၊ ငြိမ်ချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူဖြစ်စေဖို့၊ တင်းမာမှု ပိုမြင့်လာတာ၊ အခြေအနေကို ပိုရှုပ်ထွေးသွားစေတာမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ရှုမြင်တယ်”

    ကုလဆိုင်ရာ ရုရှားဒုတိယသံအမတ် ဒီမီထရီ ပိုလီယန်စကီးက မြန်မာနိုင်ငံက အခြေအနေဟာ ရှုပ်ထွေးတဲ့အတွက် လုံခြုံရေးကောင်စီက ထုတ်ပြန်မယ့်ကြေငြာချက်နဲ့ပတ်သက်ပြီး အစိုးရထံကနေ ညွှန်ကြားချက် ရယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters