မတ်လ ၂၇ ၊ ၂၀၁၃
M-Media
မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့ကြောင်းသိရပါသည်။
မတ်လ ၂၇၊ ၂၀၁၃
M-Media
ထွန်းတောက်
ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။
“ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်”ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
မတ်လ ၂၇၊ ၂၀၁၃
M-Media
KK
ပဲခူးတိုင်း၊ နတ္တလင်းမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များ အကြမ်းဖက်ဖျက်ဆီး လုယက်ခံရမှု နောက်ဆက်တွဲသတင်း
ပဲခူးတိုင်း ။ ။ ပဲခူးတိုင်း နတ္တလင်းမြို့တွင် ဗလီနှင့် မွတ်လင်မ်အိမ်များ အား အကြမ်းဖက်ဖျက်ဆီးခံရမှုအား မနေ့ညပိုင်းမှပင် သတင်းရရှိခဲ့ပြီးဖြစ်ပါသည်။
ယခုထပ်မံသိရှိရသည်မှာ မနေ့ည ၁၁-နာရီခန့်မှ စတင်ဖျက်ဆီးခံရကြောင်း၊ ဗလီ(၁)လုံး၊ ဘာသာရေးစာသင်ကျောင်း(၁)ကျောင်း၊ မွတ်စလင်မ်ပိုင်ဆိုင်များဖြစ်သည့် တာပွန်လမ်းရှိ ဆန်စက်၊ အာရှကားဂိတ်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ စပီကာနှင့်ဘောက်ဆိုင်၊ ရေခဲစက်၊ ဂိုထောင်၊ အိမ်ဆိုင်(၂)ဆိုင်၊ ကြက်ဆိုင်(၂)ဆိုင်၊ စခန်မှူး(အငြိမ်းစား)အိမ်ကို ၉၆၉ အကြမ်းဖက်သမားများမှ ဖျက်ဆီးခဲ့ကြကြောင်း၊ ၎င်း အငြိမ်းစားစခန်းမှူးမှာ မွတ်စလင်မ်ဖြစ်ကြောင်း၊ ယင်း ၉၆၉ အကြမ်းဖက်သမားများသည် ကိုင်ဆောင်လာသောလက်နက်များမှာ တုတ်၊ ဓါး၊ ၁၀-ပေါင်တူ၊ အော်တိုလွှာစက်၊ လေးခွနှင့် ကားဘောစသည့် လက်နက်များကိုင်ဆောင်ထားကြပြီး မျက်နှာတွင်လည်း ပုဆိုးများဖြင့် ဖုံးကွယ်ထားပြီး မျက်နှာဖုံးများစွပ်ထားကြောင်းသိရသည်။
ယမန်နေညက သတင်းဖတ်ရန်။ http://www.m-mediagroup.com/news/12188
မတ်လ ၂၇၊ ၂၀၁၃
M-Media
KK
ဇီးကုန်း ။ ။ ပဲခူးတိုင်း ဇီးကုန်းရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ ၂-နာရီဝန်းကျင်က လာရောက်ဖျက်ဆီးနေကြောင်းသတင်းရရှိသည်။
ဇီးကုန်းရှိ မွတ်စလင်မ်အိမ်များနှင့် တစ်လုံးတည်ရှိသော ဗလီအား အကြမ်းဖက်သမားများမှ ဖျက်ဆီးနေကြောင်း၊ ဗလီအားဖျက်ဆီးရာတွင် ကြံ့ခိုင်ရေးအဖွဲ့သားများ ပါဝင်နေကြောင်း၊ ဗလီအား ဘူဒိုဇာဖြင့်တိုက်ဖျက်လိုက်ခြင်းကြောင့် ဗလီပျက်ဆီးသွားပြီဖြစ်ကြောင်း၊ မွတ်စလင်မ်အိမ် တော်တော်များများလည်း ပျက်စီးသွားပြီဖြစ်ကြောင်း၊ အိမ်များအား ဆက်လက်ဖျက်ဆီးနေကြကြောင်း၊ လာရောက်ဖျက်ဆီးနေကြသော အကြမ်းဖက်သမားများမှာ ၅၀၀ ခန့်ရှိသည်ဟု သိရသည်
မတ်လ ၂၇၊ ၂၀၁၃
M-Media
ဇာဏီ
မင်းလှမြို့ ။ ။ မင်းလှမြို့ရှိ မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ နေ့လည် ၂း၃၀ နာရီခွဲခန့်မှ စတင် ၀င်ရောက်ဖျက်ဆီးနေသည်ဟု သတင်းရရှိသည်။
“စစ်ကွင်းမှာ ဒီနေ့ မနက်ကတည်းက တစ်ခါထပ်ပြီး ဖျက်ဆီးမှုတွေ လုပ်နေတယ်။ ဆိုင်ကယ် အစီး(၃၀)လောက်နဲ့ဝင်လာတယ်လို့ စစ်ကွင်းကပြောတယ်။ အဲဒီကနေ အခု မင်းလှကို ကူးလာနေပြီလို့ပြောတယ်။ မင်းလှမှာလည်း အားလုံးကို တပ်လှန့်နေတယ်။ စစ်တပ်နဲ့ ရဲကတော့ လှုံ့ဆော်နေတဲ့သူတွေနောက်ကို နောက်လိုက်တယ်။ အခုပြောနေတဲ့အချိန်မှာပဲ မြောက်ဘက်မြို့သစ်က အိမ်တစ်အိမ်ကို ဖျက်နေပြီ။”လို့ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
ယခုအချိန်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ်၊ ၄-လမ်းမှ မွတ်စလင်မ်အိမ်တစ်အိမ်နှင့်၊ ဇေယျဝတီရပ်ကွက်မှ မွတ်စလင်မ်အိမ်တစ်အိမ် စုစုပေါင်း (၂)အိမ် ဖျက်ခံလိုက်ရပြီဖြစ်ကြောင်း၊ မင်းလှမြို့၏ နာမည်ကြီးဗလီဖြစ်သည့် တိုင်ရာကျော်ဗလီကို ဖျက်ဆီးမည်ဆိုသည်ကြောင့် လုံခြုံရေးချလိုက်ရာ ဖျက်ဆီးမည့် လူစုလူဝေးမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
မင်းလှမြို့တွင် ရှေးယခင်ကတည်းမှ ဗလီ(၃)လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ (၁၀၀)နီးပါး ရှိသည်ဟု သိရသည်။
နောက်ဆုံးရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား(၃၀၀)ကျော်လာပြီ၊ ဗလီတံခါးဖွင့်ပြီး တိုင်ရာကျော်ဗလီကိုဖျက်ဆီးနေကြကြောင်း လုံခြုံရေးလည်း မထိန်းနိုင်တော့ကြောင်းသတင်းရရှိပါသည်။