News @ M-Media

Blog

  • အီရန်ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ပုံပြောင်းဗိုင်းရပ်စ်အတွက် သုံးနိုင်

    အီရန်ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ပုံပြောင်းဗိုင်းရပ်စ်အတွက် သုံးနိုင်

    ဇန်နဝါရီ ၃၁၊ ၂၀၂၀၁
    M-Media

    -ပြည်တွင်းမှာထုတ်လုပ်ပြီး လက်ရှိ စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ယူကေမှာ ပြန့်နှံ့နေတဲ့ ပုံပြောင်းဗိုင်းရပ်စ် ကာကွယ်ရေးမှာ ထိရောက်မှုရှိတယ်ဆိုတာ တွေ့ရကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    COVIran Barekat လို့ အမည်ပေးထားတဲ့ အဲဒီကာကွယ်ဆေးကို အဓိပတိ အယာတိုလာ ခါမေနီ တိုက်ရိုက်ကွပ်ကဲတဲ့ Setad အဖွဲ့က ထုတ်လုပ်​နေတာဖြစ်ပါတယ်။

    “ဒီကာကွယ်ဆေးထိုးထားသူရဲ့ သွေးရည်ကြည်ဟာ အင်္ဂလန်က ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ် ကို အပြည့်အ၀ ဆန့်ကျင် တိုက်ဖျက်နိုင်တယ်ဆိုတာ ​လူသားနဲ့စမ်းသပ်မှုမှာ တွေ့ရပါတယ်” လို့ အီရန် ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာ အကြီးအကဲ ဟာဆန် ဂျာလီလီက ပြောပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့က တာဝန်ရှိသူ မီနို မိုဟ်ရက်ဇ်ကလည်း ဒီသတင်းကို အတည်ပြုပါတယ်။

    “ကူးစက်မှု ၇၀ ရာခိုင်နှုန်းမြန်တဲ့ အင်္ဂလိပ်ပုံပြောင်းဗိုင်းရပ်စ် နမူနာကို ကျန်းမာရေးဝန်ကြီးဌာနက Setad သုတေသနပညာရှင်တွေကို ပေးပါတယ်။ COVIran Barekat ဆေး ပထမဆုံးထိုးထားတဲ့ လူ ၃ ဦးရဲ့ သွေးရည်ကြည်မှာ စမ်းသပ်လိုက်တဲ့အခါ ​ဗိုင်းရပ်စ်ကို လုံး၀ ဆန့်ကျင်တိုက်ဖျက်နိုင်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်”

    ယူကေမှာ ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် ကူးစက်ထားမှု အီရန်မှာတွေ့တာ ၇ ဦး ရှိနေပါပြီ။

    COVIran Barekat ကိုဗစ် လူသားတွေမှာ စမ်းသပ်ထိုးနှံမှုကို ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်ခဲ့ပြီး အနည်းဆုံး လူ ၃၂ ဦး ပထမတစ်ကြိမ် ထိုးနှံထားပြီး ဖြစ်ပါတယ်။ ဒီဆေးဟာ နှစ်ကြိမ်ထိုးရတာပါ။ ဖေဖော်ဝါရီနှောင်းပိုင်းမှာလည်း နောက်ထပ် ၅၆ ဦးကို ထိုးနှံပေးဖို့ ရှိနေပါတယ်။ ဒီဆေးကို ရိုးရိုး ကိုဗစ်ဗိုင်းရပ်စ်အတွက်လည်း သုံးလို့ရပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုပါတယ်။

    မတ်လမကုန်ခင် COVIran Barekat ကာကွယ်ဆေး ၂ သန်း ထုတ်လုပ်ဖို့ အီရန်က စီစဉ်ထားပြီး နောက်ထပ် ၂ လနေရင် ၁၀ သန်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အီရန်ပြည်တွင်းမှာထုတ်လုပ်တဲ့ အခြား ကိုဗစ်ကာကွယ်ဆေးတစ်ချို့လည်း ရှိနေပြီး လူသားတွေမှာ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၁၊ ၂၀၂၁
    M-Media

    လူသားဝါဒ အဆိုးဆုံးအနေအထားကို ရောက်နေပြီဟု ရက်ရှ်ဖို့ဒ်ပြော

    လူသားဝါဒနဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပုံစံဟာ အဆိုးဆုံးအနေအထားကို ရောက်နေပြီလို့ လူမျိုးရေးခွဲခြားခံရတဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောကြားလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် ရက်ရှ်ဖို့ဟာ မနေ့က အာဆင်နယ်နဲ့ ဂိုးမရှိသရေကျတဲ့ပွဲအပြီး Instagram စာမျက်နှာမှာ လူမျိုးရေးခွဲခြားမှု မက်ဆေ့ချ်တွေ အများအပြားရခဲ့တာပါ။

    လူမည်းတစ်ယောက်ဆိုတဲ့ မိမိရဲ့ဖြစ်တည်မှုကို ဂုဏ်ယူသလို ဒီလိုခွဲခြားတဲ့ မက်ဆေ့တွေအတွက် ဘယ်လိုမှ မခံစားရဘူးလို့ ရက်ရှ်ဖို့ဒ်က Instagram မှာ ရေးခဲ့ပါတယ်။ မိမိကို ထောက်ခံအားပေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။

    ဘောလုံးဝေဖန်သုံးသပ်သူတွေ၊ နည်းပြတွေနဲ့ ကစားသမားတွေက ဒီကိစ္စကို ရှုတ်ချခဲ့ပါတယ်။ အခုတစ်ပတ်အတွင်း ပရီးမီးယားလိဂ်မှာ လူမည်းကစားသမားတစ်ချို့ လူမျိုးရေးခွဲခြားစော်ကားမှုတွေ တောက်လျှောက်ခံလာရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်​ဆောင်နေပါတယ်။

    အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က လူမျိုးရေးခွဲခြားစော်ကားမှု ပုံစံအားလုံးကို တိုက်ဖျက်သွားမယ်လို့ မနေ့က မနက်ပိုင်း ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သားရဲများကဲ့သို့ ကစားခဲ့သည့် အသင်းသားများကို ဂွါဒီယိုလာ ကျေးဇူးတင်

    ရှက်ဖီးယူနိုက်တက်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ကစားသမားတွေဟာ သားရဲတွေလို မဆုတ်မနစ်ဇွဲလုံ့လနဲ့ ကစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။

    ဒီအနိုင်ကြောင့် သမိုင်းတစ်လျှောက် ပြိုင်ပွဲပေါင်းစုံ ၁၂ ပွဲဆက်တိုက်နိုင်တဲ့စံချိန်ကို ရခဲ့သလို ဒုတိယနေရာကမန်ယူကို တစ်ပွဲလျော့ ၃ မှတ်အသာနဲ့ ဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ဒီလို တည်ငြိမ်တဲ့ခြေစွမ်းမျိုးရတာဟာ ထူးခြားမှုဖြစ်ပြီး အသင်းဟာ ဘက်ပေါင်းစုံ ကောင်းမွန်လာတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

    လာမယ့်ပွဲတွေဟာ အမှတ်ဆုံးရှုံးနိုင်ချေရှိတာကြောင့် ဒီအခြေအနေကို အကောင်းဆုံး တုန့်ပြန်သွားနိုင်ရေး မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။

    မာဆေးလ်အသင်းကွင်းအနီး တိုက်ခိုက်မှုဖြစ်

    ပြင်သစ်လိဂ်ဝမ်းကလပ် မာဆေးလ်အသင်းရဲ့ လေ့ကျင့်ကွင်းမှာ မနေ့က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် ဒီနေ့ ရန်နက်စ်အသင်းနဲ့ကစားမယ့် ပွဲစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

    အသင်းရဲ့ ကွင်းတွင်းကွင်းပြင် အခြေအနေတွေကို မကျေနပ်တာကြောင့် ပရိတ်သတ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဆန္ဒပြမှု ခပ်စိပ်စိပ် ပြုလုပ်လာတာပါ။ မနေ့က ဆန္ဒပြမှုမှာတော့ လေ့ကျင့်ကွင်းထဲ ချိုးဖျက်ဝင်ရောက်မှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အင်အားသုံး တားဆီးခဲ့ရပါတယ်။

    ဆန္ဒပြသူအနည်းဆုံး ၂၅ ဦးကို ဖမ်းဆီးခံခဲ့ရသလို၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကို လုံး၀ လက်မခံနိုင်ကြောင်း၊ ကျူးလွန်သူတွေဟာ တာဝန်မဲ့သူတွေဖြစ်ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီအဖြစ်အပျက်ကြောင့် ပျက်ဆီးမှုဟာ ယူရိုသိန်းချီ ပမာဏအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    Ref: BBC

  • အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -နှစ် ၅၀ ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ရေးနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ မတ်လ ဒါကာခရီးစဉ်အတွက် ပြင်ဆင်ရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ပါကစ္စတန်ကနေခွဲထွက်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အိန္ဒိယက အဓိက ကူညီပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း အနီးကပ် မိတ်ဖက်နိုင်ငံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နှစ်ပေါင်း ၅၀ အတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေက တိုးတက်အောင်မြင်မှုတွေကို သုံးသပ်ခဲ့ကြပြီး၊ ကိုဗစ်တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွဒ် ဘင် မိုမန် အိန္ဒိယကို ၃ ရက်ကြာခရီးစဉ်အဖြစ် ကြာသာပတေးနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ အွန်လိုင်းတွေ့ဆုံဆေွးနွေးမှုအတွင်း မိမိတို့ရဲ့ ‘အိမ်နီးချင်းသာပထမ’ ပေါ်လစီမှာ ဘင်္ဂလားဒေ့ရှ်ဟာ အဓိကဒေါက်တိုင်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်ပေါင်း ၅၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ မတ်လမှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ရှိနေပြီး ဒီကိစ္စအတွက် ပြင်ဆင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက စီစဉ်ခဲ့ပါတယ်။

    “ပြည်ထဲရေးဝန်ကြီးအဆင့်၊ ကုန်သွယ်ရေးဝန်ကြီးအဆင့်၊ မြစ်ချောင်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်အဆင့် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” လို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Standard

  • ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -ယူကေ၊ တောင်အာဖရိကနဲ့ နိုင်ငံတစ်ချို့မှာ ပြန့်နှံနေတဲ့ ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြလို့ရမယ့် ကာကွယ်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာပါတယ်။

    တစ်မျိုးက အမေရိကန်ထုတ် Novavax ဆေးဖြစ်ပြီး ယူကေမှာပြုလုပ်နေတဲ့ တတိယအဆင့် စမ်းသပ်အသုံးပြုမှုတွေအရ ရိုးရိုးကိုဗစ်ပိုးကို ကာကွယ်ရာမှာ ၈၉ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

    ပုံပြောင်းကိုဗစ်အတွက်ဆိုရင် ၈၆ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို တောင်အာဖရိကမှာလည်း စမ်းသပ်နေပါတယ်။

    Novavax ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ စတန် အီရက်က ယူကေစမ်းသပ်မှုရလဒ်တွေဟာ အားရစရာကောင်းပြီး မျှော်လင့်ထားသလို ဖြစ်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ကာကွယ်ဆေးတစ်မျိုးက အမေရိကန်ကုမ္ပဏီ Johnson & Johnson ပိုင် ဘလ်ဂျီယံဆေးဝါးလုပ်ငန်း Janssen က ထုတ်လုပ်တဲ့ ကာကွယ်ဆေးပါ။ တစ်ကြိမ်တည်းထိုးရတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ရောဂါကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး၊ ဒီဆေးထိုးထားရင် ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တာ၊ သေဆုံးတာမျိုး လုံး၀ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

    Janssen ဆေးဟာ ပုံပြောင်းကိုဗစ်ကိုတော့ Novavax လောက် ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ၂ ကြိမ်ထိုးရင် ထိရောက်မှုပိုရှိလားဆိုတာကို စမ်းသပ်နေတယ်လို့ Janssen ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

    ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက အသုံးပြုခွင့် ထုတ်ပေးမှ ဒီကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ဒီဆေးတွေကို ကြိုတင်မှာယူထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဆေးတွေ စတင် ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဓိက အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ မျိုးရှိပြီး အမေရိကန်-ဂျာမန်ထုတ် Pfizer and BioNTech၊ ယူကေထုတ် AstraZeneca နဲ့ အမေရိကန်ထုတ် Moderna တို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ထုတ်နဲ့ ရုရှားထုတ် ကိုဗစ်ကာကွယ်​ဆေးတွေကိုလည်း တစ်ချို့နိုင်ငံတွေမှာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

    Ref: BBC

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    နယူးကာဆယ်တိုက်စစ်မှူး ဂျိုလင်တန်

    ဆံပင်ညှပ်သည့် နယူးကာဆယ်တိုက်စစ်မှူး အရေးယူခံရဖွယ်ရှိနေ

    ကိုဗစ်စည်းကမ်းဖောက်ကာ ဆံပင်ညှပ်တဲ့ တိုက်စစ်မှူး ဂျိုလင်တန်ရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ နယူးကာဆယ်အသင်းက ထုတ်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် အင်္ဂလန်မှာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားပြီး အလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေလည်း ပိတ်ထားတာပါ။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး ဂျိုလင်တန်က သူဆံပင်ညှပ်ခဲ့တဲ့ပုံကို မနေ့က Instagram စာမျက်နှာမှာ တင်ခဲ့ပြီး ဝေဖန်မှုတွေကြောင့် နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။

    နယူးကာဆယ်အသင်းက ဒီလုပ်ရပ်အတွက် စိတ်ပျက်ရပြီး ဂျိုလင်တန်ကို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ်စည်းကမ်း လိုက်နာရေး အသင်းသားတွေကို အသိပညာပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ခံလူ လူမျိုးရေးခွဲခြားခံရမှုကို ချယ်ဆီး ရှုတ်ချ

    နောက်ခံလူ ရီစီဂျိမ်းစ်ကို လူမျိုးရေးစော်ကားပြောဆိုတာဟာ စက်ဆုပ်ဖွယ်ရာကိစ္စဖြစ်တယ်လို့ ချယ်ဆီးအသင်းက ပြောကြားလိုက်ပါတယ်။

    Instagram ကနေ လူမျိုးရေးခွဲခြားစော်ကားတဲ့ မက်ဆေ့ချ်တွေကို ဂျိမ်းစ်က သောကြာနေ့မှာ တင်ခဲ့ပြီး ‘ပြောင်း​လဲဖို့ လိုအပ်နေတဲ့ ကိစ္စ’ လို့ ရေးသားခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေဟာ လုံး၀ လက်မခံနိုင်ဖွယ်ရာဖြစ်ပြီး ဒါကို ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

    အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ကစားသမားတစ်ချို့ လူမျိုးရေးခွဲခြားခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကွင်းလယ်လူ ရိုမိုင်နီ ဆော်ယာ လူမျိုးရေးစော်ကားခံရတဲ့ကိစ္စ ရဲတပ်ဖွဲ့ကိုတိုင်ထားတယ်လို့ အသင်းက ထုတ်ပြန်ခဲ့သလို၊ မန်ယူကစားသမားတွေဖြစ်တဲ့ တူအန်ဇီဘီ၊ အန်တိုနီယိုမာရှယ်တို့လည်း ရှက်ဖီးနဲ့ပွဲအပြီး ဆိုရှယ်မီဒီယာမှာ လူမျိုးရေးစော်ကားခံခဲ့ရပါတယ်။

    ယူရိုပါလိဂ်ကို ကြားကွင်းတွင်ကစားရန် အာဆင်နယ်နှင့် ဘင်ဖီကာတို့ ညှိနှိုင်းနေ

    ကိုဗစ်နောက်ဆက်တွဲ ဝင်ခွင့်တွေပိတ်ထားတဲ့ကိစ္စကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို ကြားကွင်းမှာကစားဖို့ အာဆင်နယ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့က UEFA နဲ့ ညှိနှိုင်းနေပါတယ်။

    ၃၂ သင်းအဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပေါ်တူဂီမှာကစားမှာဖြစ်ပြီး ၂၅ ရက်နေ့ကျရင် အင်္ဂလန်မှာ ဒုတိယအကျော့ ကစားမှာပါ။

    ပေါ်တူဂီဟာ ယူကေရဲ့ ကိုဗစ်အန္တရာယ်ရှိစာရင်းထဲမှာ ပါတဲ့အတွက် ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ပြန်လာပြီးရင် ၁၀ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒုတိယအကျော့ကို စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပါဘူး။

    ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ စံသတ်မှတ်ချက်တွေနဲ့ညီတဲ့ ကြားကွင်းတစ်ခု ရှာဖွေဖို့ ၂ သင်းစလုံး လက်ရှိမှာ ကြိုးစားနေပါတယ်။ အာဆင်နယ်အသင်းက ဒီကိစ္စအတွက် ယူကေအစိုးရနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: BBC