News @ M-Media

Blog

  • တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်စစ်သမီးတွေ တာဝန်ချိန်မှာ ပုဝါဆောင်းနိုင်ဖို့အတွက် ယူနီဖောင်းပေါ်လစီကို ပြင်ဆင်ခဲ့တယ်လို့ တောင်အာဖရိကစစ်တပ်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

    ဖာတီမာ အိုက်ဇက်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီး ဗိုလ်မှူးတစ်ဦး တာဝန်ချိန် ပုဝါဆောင်းတဲ့အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တရားစွဲဆိုခံပြီးတဲ့နောက် အခုလို ပြင်ဆင်ပြောင်းလဲမှု ဖြစ်ပေါ်လာတာပါ။

    စစ်တပ်ရဲ့ ယူနီဖောင်းမူဝါဒမှာ တာဝန်ထမ်းဆောင်စဉ် ပုဝါဆောင်းခွင့်ရှိတယ်လို့ မပါတဲ့အတွက် ဖာတီမာဟာ စစ်ခုံရုံးမှာ စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမယ့် သူမအပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စစ်ခုံရုံးက ရုပ်သိမ်းခဲ့ပြီး နာရွက်မအုပ်စေဘဲ ပုဝါဆောင်းခွင့်လည်း ဖာတီမာကို ပေးခဲ့ပါတယ်။

    ဖာတီမာဟာ ဒီကိစ္စကို တောင်အာဖရိက တန်းတူညီမျှရေးဆိုင်ရာ တရားရုံးကို တင်ပြခဲ့ပြီး၊ တရားရုံးကလည်း စစ်တပ်ရဲ့ ဒီလိုတားဆီးပိတ်ပင်မှုဟာ အခြေခံဥပဒေက အာမခံထားတဲ့ ဘာသာရေးတန်းတူညီမျှမှုကို ဖောက်ဖျက်တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့ကြောင့် စစ်တပ်တာဝန်ရှိသူတွေဟာ ယူနီဖောင်းဆိုင်ရာ သတ်မှတ်ချက်ကို အခုတစ်ပတ်မှာ ပြင်ဆင်ခဲ့ပြီး မွတ်စလင်စစ်သမီးတွေအားလုံး တာဝန်ထမ်းဆောင်ချိန်မှာ အနက်ရောင် တူညီပုဝါ ဆောင်းခွင့်ရှိတယ်လို့ ထည့်သွင်းခဲ့ပါတယ်။

    “ယူနီဖောင်း စည်းမျဉ်းမှာ သတ်မှတ်ထားတဲ့အတိုင်း မွတ်စလင်စစ်သမီးတွေ ပု၀ါဆောင်းနိုင်ဖို့ တောင်အာဖရိကာကွယ်ရေးတပ်ဖွဲ့ရဲ့ တူညီဝတ်စုံဥပဒေကို ထပ်တိုးပြင်ဆင်ခဲ့ပါတယ်” လို့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဖီ အမ်ဂိုဘိုဇီက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေ ဆံပင်ကို ဖုံးအုပ်တာဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ခုလို့ အစ္စလာမ်ဘာသာဝင်တွေက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၁
    M-Media

    -ရာထူးသက်တမ်း ပြီးဆုံးသွားပြီဖြစ်တဲ့ အမေရိကန်ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်ဟာ အတည်တကျ နေစရာအိမ် မရှိဘဲဖြစ်နေတယ်လို့ သိရပါတယ်။

    သမ္မတသစ်ကျမ်းကျိန်တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မိုက်စ်ပန့်စ်ရဲ့ ဒုတိယသမ္မတသက်တမ်းကုန်ဆုံးသွားတာပါ။ ဝါရှင်တန် ရေတပ်စခန်းက ဒုတိယသမ္မတ အိမ်တော်ကနေ ထွက်ခွာလာပြီးနောက် မိုက်ပန့်စ်ဟာ လက်ရှိမှာ နေစရာမရှိသေးပါဘူး။

    ဇာတိ အင်ဒီယားနားပြည်နယ်ကအိမ်မှာ နေထိုင်မယ်လို့ နောက်ဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပေမယ့် မှတ်တမ်းတွေအရ လွန်ခဲ့ ၈ နှစ်အတွင်း မိုက်ပန့်စ်တစ်ယောက် အင်ဒီယားနားပြည်နယ်မှာ နေအိမ်ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။

    အင်ဒီးယားနား အုပ်ချုပ်ရေးမှူး အဲရစ် ဟိုလ်ကွန့်ဘ် ခေတ္တတည်းခိုရာအဖြစ် အသုံးပြုတဲ့ အိမ်ငယ်လေးတစ်လုံးမှာ မိုက်ပန့်စ်တို့ဇနီးမောင်နှံ လက်ရှိ နေထိုင်နေရတယ်လို့ သတင်းထွက်နေသလို၊ သူနဲ့နီးစပ်တဲ့ ရီပက်ဘလစ်ကန် ပါတီဝင်နှစ်ဦးက မိုက်ပန့်စ်တစ်ယောက် ကိုလံဘတ်စ်မြို့က ညီဖြစ်သူရဲ့အိမ်မှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

    ဒုတိယသမ္မတဟောင်း လက်ရှိ​ ဘယ်မှာနေထိုင်လဲဆိုတဲ့သတင်း အတိအကျ မထွက်လာတာဟာ လုံခြုံရေးအခြေအနေအရ ဖြစ်ပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းချိန် သမ္မတဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို အတည်ပြုတဲ့ ပန့်စ်နဲ့ လွှတ်တော်ဥက္ကဌ နန်စီပီလိုစီတို့ကို သတ်ဖြတ်ဖို့အထိ စီးနင်းသူတွေက စီစဉ်ခဲ့တာပါ။

    လက်ရှိအချိန်အထိ သူ့ရဲ့လုံခြုံရေးကို စိုးရိမ်နေရဆဲဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးက အနည်းဆုံး နောက်ထပ် ၆ လအထိ ကာကွယ်ပေးမှာဖြစ်ပါတယ်။

    Ref: The Independent

  • မွတ်စလင်များကို အကြမ်းဖက်ရန် လူငယ်တစ်ဦး၏ ကြံစည်မှုအား စင်ကာပူ ခရစ်ယာန်ခေါင်းဆောင်များ ရှုတ်ချ

    ဇန်နဝါရီ ၂၈၊ ၂၀၂၁
    M-Media

    -ဗလီနှစ်လုံးမှာ အစ္စလာမ်ဘာသာဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ထားတဲ့ ခရစ်ယာန်လူငယ်ရဲ့ လုပ်ရပ်ကို စင်ကာပူက ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ရှုတ်ချလိုက်ပါတယ်။

    အိန္ဒိယလူမျိုး အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ မတ်လရောက်ရင် ဓားကောက်နဲ့ အစ္စလာမ်ဘာသာဝင်တွေကို သတ်ဖြတ်ဖို့ အသေးစိတ် စီစဉ်ထားတာ ဖြစ်ပါတယ်။ စင်ကာပူရဲတပ်ဖွဲ့က နိုဝင်ဘာလမှာ ဒီကိစ္စကို ခြေရာခံ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒီဇင်ဘာမှာတော့ တရားစွဲဆိုခဲ့ပါတယ်။

    ဒီကိစ္စအသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီလူငယ်ဟာ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက် ဘရန်ဒန် တားရန့်ကို အားကျကာ ဒီလိုအကြမ်းဖက်ဖို့ ကြံစည်တာကို စစ်ဆေးမှုမှာ တွေ့ရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေက ဒီနေ့ Yusof Ishak ဗလီမှာတွေ့ဆုံကာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ခဲ့ကြပြီး အကြမ်းဖက်တိုက်ခိုက်မယ့်လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။ Yusof Ishak ဗလီဟာ ခရစ်ယာန်လူငယ် တိုက်ခိုက်ဖို့ ရွေးချယ်ထားတဲ့ ဗလီနှစ်ခုထဲက တစ်လုံးဖြစ်ပါတယ်။ နောက် ဗလီတစ်ခုကတော့ Assyafaah ဗလီပါ။

    စင်ကာပူ ခရစ်ယာန်ဘုရားကျောင်းများကောင်စီ NCCS က ခေါင်းတွေနဲ့ စင်ကာပူ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ နဇီရွတ်ဒင်း မိုဟာမက် နာဆီရ်၊ စင်ကာပူအစ္စလာမ် သာသနာရေးကောင်စီ Muis အကြီးအကဲ မစ္စတာ အီဆာ မာဆွဒ်တို့ တွေ့ဆုံခဲ့ကြပါတယ်။ Muis ဟာ စင်ကာပူက အစ္စလာမ်ဘာသာရေးကိစ္စ အ၀၀ကို စီမံခန့်ခွဲနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Yusof Ishak ဗလီနဲ့ Assyafaah ဗလီဥက္ကဌတွေ၊ ပြည်ထဲရေးဝန်ကြီး ​ကေ ရှမ်မူဂမ်၊ အိုးအိမ်နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဖိုက်ဆယ် အီဘရာဟင်တို့လည်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။

    NCCS ဥက္က​ဌ သိက္ခာတော်ရဆရာတော် ကိသ်လိုင်က ကြောက်စရာကောင်းတဲ့ ဒီအစီအစဉ်အတွက် ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုလုံး နာကျင်ဝမ်းနည်းရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ တုန်လှုပ်မိသလို ဒါမျိုးဖြစ်လာမယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ အထူးသဖြင့် အသက် ၁၆ နှစ်အရွယ်က ဒါမျိုးလုပ်တာကိုပါ။ ဒီလူငယ်ရဲ့ အစီအစဉ်ဟာ မေတ္တာထားဖို့၊ သည်းခံဖို့ဆိုတဲ့ သမ္မာကျမ်းစာရဲ့ သွန်သင်မှုနဲ့ ဆန့်ကျင်နေပါတယ်”

    လူငယ်တွေကို ကူညီဖေးမပြီး လမ်းကြောင်းမှန်ပေါ်​ရောက်အောင် မိမိတို့က ဆောင်ရွက်ပေးရမယ်ဆိုတာ ခရစ်ယာန်လူ့အဖွဲ့အစည်းအတွက်သာမကဘဲ တစ်နိုင်ငံလုံးကို ဒီအဖြစ်အပျက်က မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့လည်း ဆရာတော်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘယ်ခရစ်ယာန်ကမှ မွတ်စလင်တွေအပေါ် ထိခိုက်နစ်နာစေလိုတဲ့စိတ်ဓာတ်မျိုး၊ မုန်းတီးတဲ့စိတ်ဓာတ်မျိုး မထားဘူးဆိုတဲ့ ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ပြောကြားမှုအတွက် ကျေးဇူးတင်တယ်လို့ ဒေါက်တာ နဇီရွတ်ဒင်းက ပြောပါတယ်။

    “အစ္စလာမ်သာသနာရဲ့ သွန်သင်မှုအစစ်အမှန်က ဘာလဲဆိုတာ ကျွန်​တော်တို့ မွတ်စလင်လူ့အဖွဲ့အစည်းကလည်း မကြာမကြာ ရှင်းပြဖို့လိုပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်က ဘာသာတရားထိခိုက်စေမယ့် ကိစ္စတွေ လုပ်ဆောင်ဖို့ ဆောင်ရွက်မှုကြောင့် ဆရာတော်တို့ တုန်လှုပ်၊ ဝမ်းနည်းမှုကို ကျွန်တော်တို့ စာနာနားလည်ပါတယ်”

    ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအကြား နားလည်မှု ပိုမိုနက်ရှိုင်းရေး ဆောင်ရွက်ရမယ့် အချက်တွေကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာ နဇီရွဒ်ဒင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ အစွန်းရောက်အတွေးအခေါ်အယူအဆတွေ လူငယ်တွေအပေါ် လွှမ်းမိုးမှု တိုက်ဖျက်ရေးကိစ္စတွေကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

    “ဒီလူငယ်က ပရိုတက်စတင့်ခရစ်ယာန် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် သူ့ရဲ့ မုန်းတီးမှု၊ အွန်လိုင်းမှာ ပြန့်နေတဲ့ လက်ယာစွန်းရောက် အတွေးအခေါ်ကနေ ရလာတဲ့ ဒေါသတွေ၊ အကြမ်းဖက်လိုတဲ့စိတ်၊ ဘာသာရေးနားလည်မှုလွဲတာတွေပေါင်းပြီး ဒါမျိုးဖြစ်သွားတာပါ” လို့ ဒေါက်တာ နဇီရွတ်ဒင်းက ပြောပါတယ်။

    ဘာသာစုံလူမျိုးစုံရှိတဲ့ စင်ကာပူမှာ လူ့အဖွဲ့အစည်းတွေအကြား မတူကွဲပြားမှုကို လေးစားရေး၊ သဟဇာတရှိတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရေး စတာတွေအတွက် ခေါင်းဆောင်တွေ ပိုမိုဆောင်ရွက်ဖို့ လိုအပ်လာပြီဆိုတာ ဒီအဖြစ်အပျက်က မီးမောင်းထိုးပြနေတယ်ဆိုတာကို ခရစ်ယာန်နဲ့ အစ္စလာမ်ခေါင်းဆောင်တွေက ဆွေးနွေးပွဲမှာ သဘောတူ လက်ခံခဲ့ကြပါတယ်။

    ဒေါက်တာ နဇီရွတ်ဒင်းက ကြောက်ရွံ့မှု၊ စိုးရိမ်စိတ်နဲ့ အွန်လိုင်းမှာ ပြန့်နေတဲ့ သတင်းအချက်အလက် အမှားတွေကနေ အစွန်းရောက်အတွေးအခေါ်တွေ ပေါ်ပေါက်လာပြီး၊ လူငယ်တွေအပါအဝင် လူရည်မလည်သေးတဲ့သူတွေက ဒီအတွေးအခေါ်တွေရဲ့သားကောင် ဖြစ်လာကြောင်း၊ မြင့်တက်လာတဲ့ ဒီခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

    သိက္ခာတော်ရဆရာတော် ကိသ်လိုင်က သားသမီးတွေ၊ လူငယ်တွေရဲ့ စိတ်ခံစားမှု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နားလည်ဖို့၊ အစွန်းရောက်တွေရဲ့ အွန်လိုင်းက သိမ်းသွင်းမှုကို တိုက်ဖျက်ဟာ မိဘတွေနဲ့ လူ့အဖွဲ့အစည်းရဲ့တာဝန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်သလိုနေပြီး အစိုးရကို လွှဲချလို့မရတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘလူ့အဖွဲ့အစည်းမှာ
    ဘာသာရေးအဖွဲ့အစည်းတွေက အလွန်ရေးပါပြီး လူငယ်တွေကို လမ်းမှန်ပြဖို့လည်း သေသေချာချာ ဆောင်ရွက်ပေးရပါမယ်”

    အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုဟာ လူငယ်ရဲ့ သီးသန့် အတွေးအခေါ်ဖြစ်ပြီး ခရစ်ယာန်သာသနာ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘာမှ မသက်ဆိုင်၊ မပတ်သက်ဘူးဆိုတာ မိမိတို့ နားလည်လက်ခံတယ်လို့ မွတ်စလင်ခေါင်းတွေက ခရစ်ယာန်ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား မလိုမုန်းထားမှုတွေ မပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်ဘာသာရေးခေါင်းဆောင်တွေက ဒီနေ့ဆွေးနွေးပွဲမှာ သဘောတူခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုတင်တားဆီးဟန့်တားနိုင်ခဲ့တဲ့ စင်ကာပူရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း ဒေါက်တာ နဇီရွတ်ဒင်းက ပြောကြားခဲ့ပြီး၊ ဒီလိုပြဿနာတွေကို စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “လက်ရှိ ကပ်ရောဂါကာလမှာ ကမ္ဘာတစ်ဝှမ်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့နေရတယ်။ လူသားဝါဒ၊ ဂုဏ်ပေးလေးစားမှု၊ လူ့အသက်တွေက ဒီလိုအချိန်မှာ အရေးအကြီးဆုံးပါ။ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး စည်းစည်းလုံးလုံးနဲ့ တစ်ဦးကိုတစ်ဦး ဖေးမကူညီဖို့ ကျွန်တော်တို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်”

    Ref: The Starits Times

  • မွတ်စလင်များကို အကြမ်းဖက်ရန်ကြံစည်သည့် နိုင်ငံသားတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    မွတ်စလင်များကို အကြမ်းဖက်ရန်ကြံစည်သည့် နိုင်ငံသားတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    ဇန်နဝါရီ ၂၇၊ ၂၀၂၀
    M-Media

    အကြမ်းဖက်တိုက်ခိုက်ရန် ရွေးထားသည့် ဗလီနှစ်လုံး

    -အထင်ကရ ဗလီနှစ်လုံးမှာ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ စင်ကာပူက ဒီနေ့ ထုတ်ပြန်ပါတယ်။

    အိန္ဒိယလူမျို ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အဲဒီလူငယ်ဟာ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး တိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည် မတ်လ ၁၅ ရက်နေ့ စင်ကာပူက Assyafaah ဗလီနဲ့ Yusof Ishak ဗလီတွေမှာ မွတ်စလင်တွေကို ဓားကောက်နဲ့ လိုက်ခုတ်ဖို့ စီစဉ်ထားတာပါ။

    ကျောင်းသားတစ်ဦးဖြစ်တဲ့ ဒီလူငယ်ကို ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာန (ISD) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ စင်ကာပူမှာ လက်ယာအစွန်းရောက် အယူဝါဒကြောင့် ပထမဆုံး ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ လူငယ်ရဲ့အမည်ကို ISD က ထုတ်မပြောပါဘူး။

    ၂၀၁၉ ခုနှစ်က လူ ၅၀ သေဆုံးခဲ့တဲ့ ခရိုက်ချက်ဗလီ အကြမ်းဖက်မှုကို ဒီလူငယ်က အလွန်အားကျခဲ့တယ်လို့လည်း ISD က ဆိုပါတယ်။

    “အစ္စလာမ်ကို မုန်းတီးမှု၊ တိုက်ခိုက်သတ်ဖြတ်မှုကို ပျော်မွေ့တဲ့စိတ်တွေကြောင့် အစွန်းရောက်သွားတာပါ။ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က အကြမ်းဖက်တိုက်ခိုက်မှု တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုကို သူကြည့်ခဲ့တယ်။ အကြမ်းဖက်သမား ဘရန်ဒန် တားရန့်ရဲ့ ကြေငြာချက်ကိုလည်း သူက ဖတ်ရှုခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်ဗီဒီယိုကို ဒီလူငယ်က ကြည့်ခဲ့ပြီး အစ္စလာမ်က ဘာသာမတူသူတွေကို သတ်ခိုင်းလို့ IS က လိုက်သတ်နေတာလို့ သူက မှားယွင်းစွာ ကောက်ချက်ချခဲ့ပါတယ်”

    ဗလီနှစ်လုံးမှာ တိုက်ခိုက်မှုလုပ်ဖို့ အသေးစိတ်အစီအစဉ်ကိုလည်း ဒီလူငယ်က ရေးဆွဲထားပြီး တားရန့်ရဲ့လုပ်ရပ်နဲ့ ခံဝန်ချက်တွေက သူ့အပေါ် လွှမ်းမိုးတယ်ဆိုတာ ထင်ရှားတယ်လို့ ISD က ဆိုပါတယ်။

    Assyafaah ဗလီနဲ့ Yusof Ishak ဗလီတို့ကို ရွေးချယ်တာဟာ သူ့ရဲ့အိမ်နဲ့ နီးလို့ဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် ဗလီအနေအအထားနဲ့ လမ်းကြောင်းကို Google Map အသုံးပြုကာ လေ့လာခဲ့ကြောင်း၊ အရင်က An-Nur ဗလီကို ရွေးခဲ့ပေမယ့် နောက်ပိုင်း Yusof Ishak ဗလီကို ပြောင်းလဲရွေးချယ်ခဲ့ကြောင်း၊ ဘယ်လိုသွားရမလဲ၊ အထဲကို ဘယ်လိုဝင်ရမလဲဆိုတာနဲ့၊ ကားဘယ်နေရာမှာ ရပ်ရမလဲဆိုတဲ့ အစီအစဉ်တွေကိုပါ ရေးဆွဲထားပြီးဖြစ်ကြောင်း ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ လူငယ်ဟာ မွတ်စလင်တွေရဲ့ ရင်ဘတ်နဲ့ လည်ပင်းကို ဓားနဲ့လှီးနိုင်ဖို့ YouTube က ဗီဒီယိုတွေကို ကြည့်ရှုလေ့လာခဲ့သလို၊ လက်နက်အတွက် စင်ကာပူဒေါ်လာ ၁၉၀ တန် Smith & Wesson တံဆိပ် ဓားကောက်ကို ဝယ်ဖို့ ရွေးထားပြီး ပိုက်ဆံဆုနေကာ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင် ဝယ်ယူနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

    တိုက်ခိုက်မယ့်အစီအစဉ်

    ဝယ်ယူရန် စီစဉ်ထားသည့် ဓားကောက်

    ဖခင်ဖြစ်သူရဲ့ အကြွေးဝယ်ကဒ်ကို ခိုးယူပြီး ကားအငှားဝန်ဆောင်မှုတစ်ခုဆီကနေ BlueSG ကားငှားဖို့ သူက စီစဉ်ထားသလို လိုင်စင်မရှိပေမယ့် လုပ်နိုင်မယ်လို့ သူက ယုံကြည်နေကြောင်း၊ တိုက်ခိုက်မှုကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် ဗလီနှစ်လုံးအလယ်မှာ ကားရပ်နိုင်မယ့်နေရာကို ရွေးထားကြောင်း ISD က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နယူးဇီလန်က လူဖြူအစွန်းရောက် ဘရန်ဒန်တားရန့် အသုံးပြုတဲ့ ချေမှုန်းရေးရိုင်ဖယ်သုံးဖို့ ဒီလူငယ်က အစပိုင်းမှာ စီစဉ်ခဲ့တာပါ။ Telegram မှာ သေနတ်ရောင်းသူတစ်ဦးနဲ့ အဆက်အသွယ်ရပေမယ့် Bitcoin နဲ့ ငွေလွှဲခိုင်းတာကြောင့် လိမ်ရောင်းတာလို့ သံသယရှိတဲ့အတွက် သေနတ်မဝယ်ဖြစ်ခဲ့ပါဘူး။

    လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သတ်မှတ်ချက်တွေကို သူက​ လေ့လာခဲ့သလို စင်ကာပူ ရိုင်ဖယ်အသင်းကို ဝင်ရောက်ဖို့လည်း စီစဉ်ခဲ့ပါတယ်။

    အွန်လိုင်းမှာ သေနတ်တွေရှာခဲ့ပေမယ့် စက်ကာပူရဲ့ တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပ​ဒေကြောင့် လူငယ်က ဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့တယ်လို့ ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    TATP ဗုံးလုပ်နည်းကို သူက အွန်လိုင်းမှာ ရှာဖွေခဲ့သလို၊ ဗလီတွေကို ဓာတ်ဆီဗုံးနဲ့ မီးရှို့ဖို့လည်း ဒီလူငယ်က စဉ်းစားခဲ့ပါတယ်။ ဒါဟာ တားရန့်ရဲ့ အကြံဉာဏ်တစ်ခုပါ။ ဗုံးရဖို့ခက်ခဲတာ၊ မိမိအန္တရာယ်ကင်းရေး စိုးရိမ်တာတွေကြောင့် ဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့တယ်လို့ ISD က ပြောပါတယ်။

    လူဖြူအစွန်းရောက်တွေရဲ့စတိုင်ကို ပုံတူကူးနိုင်ဖို့အတွက် တိုက်ခိုက်ရေးဝတ်စုံတစ်ခုကို နိုဝင်ဘာလတုန်းက ဝယ်ခဲ့ပြီး တိုက်ခိုက်မှုကို တိုက်ရိုက် Live လွှင့်နိုင်ရေး ဖုန်းတပ်လို့ရအောင် ဝတ်စုံကို ပြင်ဆင်ခဲ့ပါသေးတယ်။

    အစွန်းရောက်အယူအဆ ပြန့်နှံစေချင်

    ဝယ်ထားသည့် တိုက်ခိုက်ရေးဝတ်စုံ

    တိုက်ခိုက်မှုမလုပ်ခင် အွန်လိုင်းမှာလွှင့်တင်ဖို့အတွက် စာရွက်နှစ်ရွက်ကို ဒီလူငယ်က ပြင်ဆင်ခဲ့တယ်လို ISD က ပြောပါတယ်။

    တစ်ရွက်က ပြင်သစ်ပြည်သူတွေကို ရည်ညွှန်းတဲ့စာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ နိုက်စ်မြို့မှာ ခရစ်ယာန်တစ်ချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရေးခဲ့တာပါ။ ပြင်သစ်ပြည်သူတွေအနေနဲ့ ‘ကိုယ်မှန်တယ်ထင်တဲ့ဖက်မှာ ရပ်တည်ကြဖို့’ နဲ့ ‘သူတို့ (မွတ်စလင်တွေ) ပုန်းအောင်းပြီး အချိန်ကောင်းစောင့် တိုက်ခိုက်တာမျိုးကို ခွင့်ပြုထားလို့ မရတော့ဘူး’ လို့ ဒီစာမှာ ရေးသားထားပါတယ်။

    ဖမ်းဆီးခဲ့ချိန်မှာ ဒုတိယစာကို ရေးနေဆဲဖြစ်ပြီး အဲဒီစာထဲမှာ အစ္စလာမ်ကို ဘယ်လောက်မုန်းတီးကြောင်းရေးသားထားကာ၊ နယူးဇီလန်က လူဖြူအစွန်းရောက် တားရန့်ကို ‘သူတော်စဉ်’ လို့ ရည်ညွှန်းထားကြောင်း၊ ဒါဟာ တားရန့်ရဲ့ ကြေငြာချက် လွှမ်းမိုးနေတယ်ဆိုတာ သိသာကြောင်း ISD က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “ဒီအစီအစဉ်အတွက် ရလဒ်နှစ်ခုဖြစ်လာမယ်ဆိုတာကို သူက တွက်ဆထားကြောင်း စစ်ကြောရေးမှာ သူက ဝန်ခံပါတယ်။ တစ်ခုက တိုက်ခိုက်မှုမလုပ်ခင် ဖမ်းဆီးခံရနိုင်တာနဲ့ နောက်တစ်ခုက တိုက်ခိုက်မှုလုပ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ အသေပစ်ခံဖမ်းဆီးမှုကို ခံရနိုင်တာပါ”

    စင်ကာပူပြည်ထဲရေးဝန်ကြီး ကေရှန်မူဂမ်က ဒီလူငယ်ရဲ့ ထွက်ဆိုချက်တွေဟာ ‘သိပ်ကို တုန်လှုပ်စရာကောင်းတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို သူတစ်ယောက်တည်းက ဆောင်ရွက်မှာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးခိုင်းစေမှုမှ မပါဝင်ဘူးဆိုတာကို စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    “တိုက်ခိုက်ဖို့ စီစဉ်ထားမှုနဲ့ အစ္စလာမ်အပေါ် သူ့ရဲ့ မုန်းတီးမှုတွေကို သူ့ရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေ ဘယ်သူမှ သတိမထားမိပါဘူး” လို့ ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စင်ကာပူမှာ မွတ်စလင်တွေကို တိုက်ခိုက်ဖို့ အရင်က ကြံစည်ခဲ့သူတစ်ယောက်ထံကနေ ဒီလူငယ်ရဲ့သတင်းကို စင်ကပူရဲတပ်ဖွဲ့က ရရှိခဲ့ပြီး နိုဝင်ဘာ ၂၆ နေ့က ဖမ်းဆီးကာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တရားစွဲခဲ့ပါတယ်။

    “သူ့ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ကျွန်တော်တို့က ရှုမြင်ပါတယ်” လို့ ISD က ဆိုပါတယ်။

    ပြည်ထဲရေးဝန်ကြီး ရှမ်မူဂမ်က ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးခဲ့ရတဲ့ အသက် ၂၀ အောက်လူငယ် ၇ ဦးရှိပြီး အခုလူငယ်မတိုင်ခင် IS ကို ထောက်ခံမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်က အငယ်ဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီ

    -ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ပုံပြောင်းတတ်တဲ့ သဘာ၀ကြောင့် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီက ပြောပါတယ်။

    လူထုအခြေပြု အကူအညီပေးရေးအဖွဲ့ MBAF နဲ့ ယူအေအီး ပြည်သူ့ကျန်းမာရေးစင်တာ (ADPHC) တို့ရဲ့ မနေ့က အလွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ဖရီဒါက အခုလို ပြောလိုက်တာပါ။

    ကိုဗစ်ရောဂါ စတင်ပြန့်နှံ့ကတည်းက ဗိုင်းရပ်စ်ပုံပြောင်းမှု အကြိမ်ရေထောင်ချီ ဖြစ်ခဲ့ပြီး လက်ရှိ ယူ​ကေ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တဲ့ ပုံပြောင်းကိုဗစ်တစ်မျိုး ပြန့်နှံ့နေပါတယ်။

    ဖရီဒါက ဒီလိုပုံပြောင်းမှုတွေ ဆက်ဖြစ်နေရင် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်လောက် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ယူအေအီးမှာ အသက် ၁၆ နှစ်​အရွယ် လူငယ်တွေကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို စမ်းသပ်နေတယ်လို့ သူမက ဆိုပါတယ်။

    ကိုဗစ်ကူးစက်သူ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရောဂါလက္ခဏာ မပြတာကို သူမက ထောက်ပြခဲ့ပါတယ်။

    “ဒါ့ကြောင့် လူကြီးတွေကို ဦးစားပေးထိုးပေးဖို့ ကျွန်မတို့ အဓိက လုပ်နေတယ်။ လူကြီးတွေ၊​ တစ်ခြားရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကူးစက်တာကို ကြိုသိလေလေ၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အခွင့်အရေး များလေလေပါပဲ”

    ယူအေအီးဟာ တရုတ်ထုတ် Sinopharm၊ အမေရိကန်ထုတ် Pfizer နဲ့ ရုရှားထုတ် Sputnik ကိုဗစ်ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ကို ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Khaleej Times